Monday, June 30, 2008

Typhoid

အူယောင် ငန်းဖျား (တိုက်ဖွိုက်) ရောဂါ


တိုက်ဖွိုက်ရောဂါဟာ မြန်မာနိုင်ငံ ဒေသအချို့မှာ အဖြစ်များ ရောဂါတစ်ခု အဖြစ် ရှိနေဆဲပါပဲ .. ကျွန်တော် တာဝန်ကျ ခဲ့တဲ့ ရမ်းဗြဲကျွန်း ပေါ်က ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့ တွေမှာ အခုထိ တိုက်ဖွိုက် ရောဂါအဖြစ်များ
တုန်းပါ ... ရက်ခြား ဆိုသလို တိုက်ဖွိုက် ရောဂါကြောင့် ဖျားတဲ့သူ ... အူပေါက်တဲ့သူ အမြဲတွေ့ နေရပါတယ် ... တိုက်ဖွိုက် ရောဂါဟာ Salmonella typhi နဲ့ Salmonella paratyphi A & B ပိုးတွေ ကြောင့်ဖြစ် ရတာပါ ... Salmonella typhi ပိုးဟာ ပိုမို ပြင်းထန်ပြီး paratyphi A & B ကတော့ ပြင်းထန်မှု လျော့ပါတယ် … ... ဒီပိုး တွေဟာ လူ့အညစ်အကြေး မစင် ကနေ တစ်ဆင့် ကူးစက်တာမို့ သန့် လေးသန့် ဆိုတာကို လိုက်နာမယ် ဆိုရင် ကူးစက်ခံရမှု ကင်းဝေး ပါမယ် … တိုက်ဖွိုက် ရောဂါပိုးဟာ လူ့ခန္ဓာကိုယ်ထဲ ၀င်ပြီး ၁၀-၁၄ ရက်လောက် ကြာမှ ရောဂါ လက္ခဏာ ပြပါတယ် ... ဆေးကုသမှု ပြီးပြည့်စုံအောင် မခံယူဘူးဆိုရင် ရောဂါ ခံစားရမှု သက်သာပေမယ့် တိုက်ဖွိုက် ရောဂါပိုး နာတာရှည် သယ်ဆောင်သူ အဖြစ် စာရင်းဝင် သွားပါလိမ့်မယ် … တိုက်ဖွိုက် ရောဂါပိုး ဟာ ခန္ဓာကိုယ် သည်းခြေ အိပ်ထဲမှာ လပေါင်း နှစ်ပေါင်း ချီပြီး ခိုအောင်း နေနိုင်ပါတယ် ... အချို့မှာတော့ သည်းခြေအိပ်ဖြတ်ထုတ် ပစ်ရတဲ့အထိ ဖြစ်ပွား တတ်ပါတယ်…




ရောဂါလက္ခဏာများ


1. ပထမပတ် အတွင်းတွင်

* အပူချိန်ဟာ တဖြည်းဖြည်း လှေကားထစ်ပုံစံ ၄-၅ ရက်အတွင်း မြင့်တက်လာခြင်း၊
* ခေါင်းကိုက်ခြင်း၊ ခြေလက်ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ မအီမသာဖြစ်လာခြင်း၊
* ၀မ်းချုပ်ခြင်း၊ (အချို့ကလေးငယ်များတွင် ၀မ်းလျောပြီးအန်တတ်ပါတယ်..)
* အပူချိန်မြင့်သလောက် သွေးခုန်နှုန်းမြင့်တက်မလာခြင်း၊ (ဥပမာ - အပူချိန် ၁၀၃-၁၀၄ံF ဖြစ်နေတောင်မှ သွေးခုန်နှုန်း တစ်မိနစ် ၈၀-၉၀ ခန့်သာ ရှိနေခြင်း) (Relative Bradycardia)

2. ဒုတိယပတ် အတွင်းတွင်

* ခန္ဓာကိုယ်ပေါ်တွင် အနီအစက်ပြောက်များပေါ်လာခြင်း (Rose spots) (ပုံတွင်ကြည့်ရန်)
* ချောင်းဆိုး လာခြင်း၊ နှာခေါင်းသွေး ယိုလာခြင်း၊ ဘေလုံး ကြီးလာခြင်း၊ ဗိုက်ဖောင်း ဗိုက်ကယ် ဖြစ်လာခြင်း၊
* ဝမ်းချုပ် နေရာမှ ဝမ်းလျှော လာခြင်း၊ ဝမ်းဗိုက် ထိလျှင် နာကျင်လာခြင်း

3. ဒုတိယပတ်အကုန် တတိယပတ်အစထိ

မှန်ကန်သော ဆေးကုသမှု မခံယူရပါက လူနာ ကယောင်ကတမ်း ဖြစ်လာခြင်း၊ နောက်ဆက်တွဲ လက္ခဏာများ ပေါ်လာခြင်း၊ သတိမေ့မျော အသက်ဆုံးရှုံး သည်ထိ ဖြစ်တတ် ပါတယ် ...


ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးလက္ခဏာများ


1. အူပေါက်ခြင်း၊ အူမှသွေးထွက်လွန်ခြင်း၊

2. ရောဂါပိုးပြန့်နှံ့မှုကြောင့် အရိုးနှင့်အဆစ်တွင် ရောဂါပိုးစွဲခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ သည်းခြေအိတ်ရောင်ခြင်း၊

3. နှလုံးကြွက်သားရောင်ခြင်း၊ ကျောက်ကပ် ရောင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ် ..

ရောဂါကုသမှု


* တိုက်ဖွိုက်ရောဂါပိုးကို နှိမ်နှင်းနိုင်သော ဆေးအမျိုးပေါင်း များစွာ ရှိပါတယ် ... အရင်ကတည်းက သုံးလာခဲ့တဲ့ chloramphenicol, ampicillin ဆေးများဟာ အချို့ဒေသတွေမှာ ဆေးမတိုး ဆေးယဉ်ပါး လာတာကြောင့် အားကိုးပြီး သုံးစွဲဖို့ မသင့်တော် တော့ပါဘူး..

* Fluoroquinolones အုပ်စုဝင် Ciprofloxacin 500 mg တစ်လုံး ၁၂ နာရီခြား (တစ်နေ့ ၂ ကြိမ်) ၁၄ ရက်သောက်ရန်အတွက် ပထမဆုံး ရွေးချယ်မှု အနေနဲ့ သတ်မှတ် ထားပါတယ် ... Fluoroquinolones ဆေးတွေနဲ့ မသင့်တော်သူ များအတွက် 3rd Generation Cephalosporins, Macrolides ဆေးများကို ရွေးချယ် ဖို့ဖြစ်ပါတယ်..

* အစားအသောက်အနေဖြင့် မာသောအစာ၊ အဖတ်များကို ရှောင်ပြီး အာဟာရဖြစ်စေသောအရည်များနှင့် ဆရာဝန်ညွှန်ကြားသည်များကိုသာ စားသုံးရပါမယ်..

တိုက်ဖွိုက်ရောဂါကာကွယ်ရေး


* တိုက်ဖွိုက် ရောဂါဟာ ရေနဲ့ အစားအစာ ကနေ တစ်ဆင့် ကူးစက် တာမို့ သန့်လေးသန့်ကို လိုက်နာ ကာကွယ်ဖို့ လိုပါတယ်…

1. လက်သန့်
2. ရေသန့်
3. အစားအစာသန့်
4. အိမ်သာသန့်


* နောက် ကာကွယ်ရေး နည်းလမ်းကတော့ တိုက်ဖွိုက် ကာကွယ်ဆေး ထိုးတဲ့နည်းဖြစ်ပါတယ် … မြန်မာနိုင်ငံမှာတော့ Sanofi Pasteur မှထုတ်လုပ်ပြီး Thet Paing Soe company မှ တင်သွင်းတဲ့ (Typhim Vi ) ကာကွယ်ဆေး ရရှိနိုင်ပြီ ဖြစ်ပါတယ် ... ကာကွယ်ဆေး တစ်ကြိမ် ထိုးလျှင် (၃)နှစ် ရောဂါ ကာကွယ်နိုင်ပါတယ် ... ယခုအခါ နာဂစ် လေမုန်တိုင်းခံ ဒေသများမှ ပြည်သူများအား NGO အဖွဲ့တစ်ခုမှ တိုက်ဖွိုက်ရောဂါ ကာကွယ်ဆေး(Typhim Vi) ကို ထိုးနှံပေးလျက် ရှိကြောင်း ကြားသိရပါတယ်..


အားလုံး ဗျဿနတရားငါးပါးမှ အမြန်ဆုံးကင်းဝေးနိုင်ပါစေ…


Related Posts :



No comments: