Wednesday, March 25, 2009

Legal protection of patients with mental illness

စိတ်ရောဂါ ဝေဒနာရှင်များကို ဥပဒေဖြင့် ကာကွယ်ခြင်း

ဆေးပညာလောကမှာ ကျင့်သုံးတဲ့ သမားကျင့်ဝတ်ဝိနည်း (Medical Ethics) တွေဟာ အနောက်တိုင်း တွေးခေါ် ဒဿနပညာကို အခြေခံပြီး၊ လူနာဖက်က ရပ်တည်ပါတယ်။

အဓိက သမားကျင့်ဝတ်ဝိနည်း လေးသွယ် (Four Principles of Medical Ethics) ကတော့

၁။ လူနာ၏ ကောင်းကျိုးကို ရှေးရှုခြင်း (Beneficence/ Do good)
၂။ လူနာ၏ ဆိုးကျိုးကို ရှောင်ကြဉ်ခြင်း (Non-maleficence/ Do no harm)
၃။ လူနာရဲ့ အချုပ်အချာပိုင်မှု တစ်နည်းအားဖြင့် သူ့ဘ၀အတွက် သူဆုံးဖြတ်နိုင်မှုကို လေးစားရခြင်း
(Respect for autonomy)
၎။ လူနာတွေအပေါ် မျှတရခြင်း (Justice) တို့ ဖြစ်ပါတယ်။

တစ်ခါတရံ ဒီလေးခု အချင်းချင်း ထိပ်တိုက်တွေ့တဲ့အခါမျိုးမှာတော့ လူနာရဲ့ အချုပ်အချာပိုင်မှုကို လေးစားရခြင်း (Respect for autonomy) က ရှေ့တန်းတင်ခံရတာ များပါတယ်။ ဆရာဝန်က ဘယ်လောက် ကောင်းတယ်ထင်ထင် လူနာမှာ စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိလို့ကတော့ လူနာရဲ့ ရွေးချယ်မှုကသာ အတည်ဖြစ်ပါတယ်။ ရောဂါ ရှည်ညောင်းစေမယ့် ဆေးမျိုး၊ ကုထုံးမျိုးကို ဆရာဝန်က လူနာရဲ့ ကောင်းကျိုးကို ရှေးရှုပြီး ညွှန်းပေမယ့် လူနာက အကြောင်းကြောင်းကြောင့် (ဥပမာ ကင်ဆာဆေး chemotherapy ဆိုရင် ဆေးကြောင့်ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံစားနိုင် မခံစားချင်လို့) ငြင်းဆန်တာမျိုးပေါ့။ သေသေချာချာ (အကျိုးအပြစ် စေ့ငအောင်) ရှင်းပြဆွေးနွေးပြီးသားတော့ ဖြစ်ရပါမယ်။

လူနာရဲ့ ရွေးချယ်မှုနဲ့ ဆန့်ကျင်ပြီး ကုသခွင့် ရှိတာ စိတ်ရောဂါ ဝေဒနာသည်တွေကို ကုသတဲ့နေရာမှာပါ။ သဘောကတော့ စိတ်ရောဂါကြောင့် ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်း မရှိတဲ့ အချိန်ကာလ တစ်ခုအတွင်း (တစ်နည်းအားဖြင့် ရောဂါဖောက်နေခိုက်) ဆရာဝန်က လူနာကိုယ်စား ဆုံးဖြတ်ပြီး ကုသင့်တာကို ကုပေးတဲ့သဘောပါ။ ဒါပေမယ့် လုပ်ချင်တိုင်း အရမ်းကာရော လုပ်လို့ မရပါဘူး။ ဖြစ်ရိုးဖြစ်စဉ်နဲ့ မူကွဲနေတဲ့ လုပ်ရပ်မှာ လူနာရော၊ ဆရာဝန်ပါ vulnerable (အကာအကွယ်မဲ့၊ မလုံမခြုံ) ဖြစ်တတ်ပါတယ်။


စိတ်ရောဂါဝေဒနာရှင်တွေဟာ ယေဘုယျအားဖြင့် လူ့အသိုင်းအ၀ိုင်းရဲ့ ပယ်ခြင်း ကြဉ်ခြင်းကို ခံရပြီးသား ဖြစ်ပါတယ်။ မြေနိမ့်ရာ လှံစိုက်တာမျိုး မဖြစ်ရအောင် စိတ်ရောဂါ ဝေဒနာရှင်များကို ကာကွယ်တဲ့ ဥပဒေတွေ ရှိပါတယ်။ နိုင်ငံတိုင်းမှာတော့ မဟုတ်ပါဘူး။ ယူကေမှာဆိုရင် စကော့တလန်မှာ တစ်မျိုး၊ အင်္ဂလန်နဲ့ ဝေလနယ်မှာ တစ်မျိုး၊ မြောက်ပိုင်း အိုင်ယာလန်မှာ တစ်မျိုး နည်းနည်းစီ ကွဲပါတယ်။ ကျွန်မသိတဲ့ အင်္ဂလန်နဲ့ ဝေလနယ်က လုပ်ထုံးလုပ်နည်းကို နည်းနည်း ပြောပြချင်ပါတယ်။

Mental Health Act ရှိတဲ့အတွက် စိတ်ရောဂါ ခံစားနေရတဲ့ လူတစ်ယောက်ကို သူ့ဆန္ဒကို ဆန့်ကျင်ပြီး ဥပဒေအရ ဆေးရုံတင် ဆေးကုနိုင်တဲ့ အခွင့်အရေး ဆရာဝန်မှာ ရှိသလို၊ လူနာမှာလည်း ဒီကိစ္စအပေါ် စိန်ခေါ်အယူခံနိုင်ခွင့်ကို သူ့အခွင့်အရေးအနေနဲ့ အလိုအလျောက် ရပါတယ်။ ဥပဒေသာ မရှိခဲ့ရင် ဒီလို လုပ်ပိုင်ခွင့် ရှိတာကို လူနာတွေ သိချင်မှ သိ၊ ရချင်မှ ရမှာပေါ့။ တခြားလမ်းကြောင်းကနေ အယူခံတော့လည်း အချိန် ပိုကြာရင် ကြာမယ်။ ဒါမှမဟုတ် ဆေးရုံပေါ် မူတည်လို့၊ လူနာ မျက်နှာ ရှိ၊မရှိပေါ် မူတည်လို့ တုံ့ပြန်ရလဒ်ချင်း မတူတာမျိုးလည်း ဖြစ်ရင်ဖြစ်မယ်ပေါ့။

လူတစ်ယောက်ဟာ စိတ်ပူရလောက်အောင် စိတ်ဖောက်ပြန်လာရင် အများအားဖြင့် အဲဒီလူရဲ့ မိသားစုက မိသားစု ဆရာဝန် (General Practitioner-GP) ကို အကြောင်းကြားတတ်ပါတယ်။ မိသားစုဆရာဝန်က ပဏာမ သွားကြည့်ပြီး ဒီလူဟာ တခြားရောဂါ မဟုတ်ပဲ စိတ်ရောဂါကြောင့် ဒီလို ဖြစ်နေတယ်၊ တကယ်လည်း နောက်တစ်ဆင့် စစ်ဆေးဖို့ လိုအပ်နေပြီလို့ ထင်ရင် Mental Health Act assessment လို့ခေါ်တဲ့ အထူးစစ်ဆေးမှုအတွက် တာဝန်ကျ လူမှုဝန်ထမ်း အရာရှိ (Approved Social Worker - ASW) ကို အကြောင်းကြားပါတယ်။ များသောအားဖြင့် ဒီလိုစစ်ဆေးမှုဟာ ဒီလူ(လူနာ)ရဲ့ အိမ်မှာ ဖြစ်တတ်ပါတယ်။ လူနာက အရမ်းကြီး သောင်းကျန်းမနေဘူး၊ သူ့မိသားစုကလည်း စစ်ဆေးမယ့်အဖွဲ့ မလာမချင်း လူနာကို စောင့်ရှောက်ပေးဖို့ လိုလားစိတ်ချတယ် ဆိုရင်ပေါ့။

အဲဒီလို မဟုတ်ပဲ လူနာက ရောဂါကြောင့် အနားက မိသားစုဝင်တွေကို ရန်ပြုခြိမ်းခြောက်နေမယ် ဆိုရင်တော့ မိသားစုဆရာဝန် သို့မဟုတ် မိသားစုကိုယ်တိုင်က ရဲကို အကြောင်းကြားပါတယ်။ ရဲက “လုံခြုံစိတ်ချရရာ နေရာ” (ဥပမာ ဆေးရုံ အရေးပေါ်ဌာန သို့မဟုတ် များသောအားဖြင့် ရဲစခန်း) ကို ခေါ်သွားရပါတယ်။ ရဲစခန်းရောက်ပြီးတဲ့အခါ တာဝန်ကျ လူမှုဝန်ထမ်း အရာရှိ (ASW) ကို ခေါ်ပါတယ်။ ဒီလို မဟုတ်ပဲ လမ်းပေါ်မှာ လျှောက်ရမ်း သို့မဟုတ် အန္တရာယ် မရှောင် လျှောက်သွားနေလို့ ရဲကဖမ်းလာတဲ့လူ ဆိုရင်လည်း မှုခင်းဆရာဝန်က အရင် စစ်ဆေးပြီး စိတ်ရောဂါကြောင့် ဖြစ်နိုင်တယ်-လို့ ထင်ရင် အထက်ကလိုပဲ ASW ကို ချက်ချင်း ခေါ်ရပါတယ်။ လူနာက တစ်ယောက်တည်း နေပြီး ဘယ်သူ့ကိုမှ အတွေ့မခံ (ဥပမာ လူတွေက သူ့ကို လုပ်ကြံဖို့ နောက်ယောင်ခံနေတယ်-လို့ ရောဂါကြောင့် ယုံကြည်နေ)တာမျိုးဆိုရင် လူနာရဲ့အိမ်ကို ခွင့်ပြုချက် မပါပဲ ၀င်ဖို့ ၀ရမ်း လိုပါတယ်။ ဒီဝရမ်းရဖို့ကို ASW က တာဝန်ကျ တရားသူကြီး (Magistrate) ကို ဆက်သွယ်ပါတယ်။

ASW က Mental Health Act assessment လို့ခေါ်တဲ့ အထူးစစ်ဆေးမှုကို စီစဉ်တဲ့အခါ တစ်ဆေးရုံစီက လာတဲ့ လွတ်လပ်သော ဆရာဝန်နှစ်ဦး (two independent doctors) ကို ရှာရပါတယ်။ အကြောင်းကတော့ ပင်းထားတာ မဟုတ်တဲ့၊ မျှတတဲ့ သဘောထားအမြင်ကို လိုချင်လို့ပါပဲ။ ဒီဆရာဝန်နှစ်ယောက်မှာ အနည်းဆုံးတစ်ယောက်က အတွေ့အကြုံရှိ စိတ်ရောဂါကု ဆရာဝန် ဖြစ်ပါတယ်။ ကျန်တစ်ယောက်ကတော့ ဒီလို အထူးစစ်ဆေးမှုတွေအတွက် လေ့ကျင့်ပေးထားတဲ့ အတွေ့အကြုံရှိ (General Practitioner-GP) ဖြစ်တာ များပါတယ်။ တစ်ခါတလေတော့ အတွေ့အကြုံရှိ စိတ်ရောဂါကု ဆရာဝန် နှစ်ယောက် ဖြစ်တတ်ပါတယ်။ တစ်ဆေးရုံတည်းက မဖြစ်ရပါဘူး။

သုံးယောက်ဆုံရင် လူနာနဲ့ တွေ့ဆုံစစ်ဆေးမှု လုပ်ပါတယ်။ ရဲစခန်းမှာ ဆိုရင်တောင် လူနာကို ချုပ်နှောင်မထားပါဘူး။ Interview အခန်းထဲ ခေါ်၊ မိတ်ဆက်၊ လက်ဆွဲနှုတ်ဆက်ပြီး အေးအေးဆေးဆေး မေးမြန်းတာပါပဲ။ လူနာကလည်း များသောအားဖြင့် ကောင်းကောင်းမွန်မွန် တုံ့ပြန်တတ်ပါတယ်။ လူနာက သောင်းကျန်းနိုင်တဲ့ သာဓက ရှိရင်တော့ ရဲသားများ အခန်းဝမှာ လိုရမယ်ရ ခေါ်ထားရပါတယ်။ သိပ်သောင်းကျန်းနေရင်တော့ cell အပြင်နဲ့အတွင်း တိုတိုနဲ့ လိုရင်း အမေးအဖြေပေါ့။ ဒီလို စစ်ဆေးမှုမှာ တာဝန်ရှိသူအားလုံး ယဉ်ကျေးကြပါတယ်။

ယေဘုယျအားဖြင့် ASW ဟာ လူနာကို ကိုယ်စားပြုပြီး သူ့ရဲ့တာဝန်တစ်ခုက လူနာအတွက် အကောင်းဆုံး ဖြစ်ဖို့၊ လူနာရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ လူနာမိသားစုနဲ့ ဆက်သွယ်ပြီး သူတို့ သဘော၊ သောကတွေကို တိုက်ရိုက် နားထောင်တဲ့သူလည်း ဖြစ်ပါတယ်။ လူနာရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ဆေးရုံတင်ရတဲ့ကိစ္စ မလိုအပ်ပဲ မဖြစ်ရလေအောင် ကြိုးစားတတ်ပါတယ်။ လူနာကို နားဝင်အောင် အရှင်းအပြော ကျွမ်းကျင်ညက်ညောကြပါတယ်။ စစ်ဆေးမေးမြန်းပြီးလို့ လူနာက စိတ်ရောဂါကြောင့် မဟုတ်ပဲ အရက် သို့မဟုတ် မူးယစ်ဆေးဝါးကြောင့် ခဏ ကြောင်နေတတ်တာမျိုးဆိုရင် စိတ်ရောဂါဆေးရုံကို မတင်ပါဘူး။

စိတ်ရောဂါ ရှိတယ်လို့ သိပြီးသား လူနာဟောင်း သို့မဟုတ် စိတ်ရောဂါရှိတယ်လို့ တော်တော်လေး သေချာနေတဲ့ လူနာသစ် ဆိုရင်တော့ ဆေးရုံမှာ ကုသင့်သလား၊ နေအိမ်ထိ အရောက် လာကြည့်ပံ့ပိုးမယ့် Home Treatment/ Crisis Resolution Teams တွေနဲ့ ကုသင့်သလား ဆုံးဖြတ်ရပါတယ်။ မလိုအပ်ပဲ ဆေးရုံမတင်ပါဘူး။ ရှေးပုံစံ နှစ်ရှည်လများ လှောင်ထားတဲ့ Mental Asylums/ Institutions (မြန်မာပြည်မှာတော့ အရူးထောင်လို့ ခေါ်ကြတယ် ထင်ပါရဲ့) တွေ မရှိတော့တာ ကြာလှပါပြီ။ ရောဂါဖောက်တုံး ဆေးရုံတက်ကု၊ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန် မိသားစုနဲ့ နေနိုင်ပါတယ်။ အဲဒီလို နေနိုင်အောင် ထိထိရောက်ရောက် ပံ့ပိုးနိုင်တဲ့ ဆေးရုံပြင်ပ ကုသရေးအဖွဲ့တွေ (Home Treatment/ Crisis Resolution Teams) လည်း ရှိတာကိုး။

ဆေးရုံတက်ကုမှ ဖြစ်မယ် ဆိုရင်တော့ လူနာကို အသိပေးရပါတယ်။ သူက သဘောတူရင် ဒါဟာ “မိမိဆန္ဒအလျောက် ဆေးရုံတက်ခြင်း (voluntary admission)” ဖြစ်ပါတယ်။ လူနာက သူ့မှာ ဘာရောဂါမှ မရှိဘူး၊ ဆေးရုံတက်စရာ ဆေးသောက်စရာလည်း မလိုဘူးလို့ ယုံကြည်ပြီး ငြင်းဆန်ရင်တော့ ဥပဒေ သုံးရမလား စဉ်းစားရတော့တယ်။

လူနာဟာ သူ့ရဲ့ ခုလက်ရှိ စိတ်ရောဂါ တစ်မျိုးမျိုး ခံစားနေရတဲ့ လက္ခဏာ ရှိပြီး၊ အဲဒီ လက္ခဏာတွေက

(၁) သူကိုယ်တိုင်ရဲ့ လုံခြုံမှု
(၂) သူကိုယ်တိုင်ရဲ့ ကျန်းမာရေး
(၃) အများသူငါ လူတကာရဲ့ ကောင်းကျိုး လုံခြုံမှု- ထဲက တစ်ခုခု သို့မဟုတ် တစ်ခုထက် ပိုတဲ့ အချက်တွေကို ခြိမ်းခြောက်နေသလား ဆန်းစစ်ရပါတယ်။

ဥပမာ
(၁) စိတ်ဓာတ်ကျရောဂါ အလွန်အမင်း ဆိုးနေသူတစ်ဦးက သတ်သေဖို့ ကြိုးစားတာမျိုး
(၂) စိတ်ကစဉ့်ကလျားရောဂါသည်တစ်ယောက်က သူ သောက်နေကျ စိတ်ရောဂါဆေးတွေကို သူများက အဆိပ်ခတ်ပါတယ်လို့ ယုံပြီး ဆေးမသောက်တော့လို့ ရောဂါဆိုးလာပြီး လုံးဝ မစားမသောက် မအိပ်ပဲ စိုးရိမ်စရာ ဖြစ်လာတာမျိုး
(၃) စိတ်ကြွရောဂါ ဖောက်နေသူတစ်ယောက်ဟာ သူ့ကိုယ်သူ ဂျိမ်းစဘွန်းကဲ့သို့ အထူးသူလျှိုလို့ ယုံကြည်တဲ့အပြင် နောက်က ရန်သူ လိုက်လာတယ် ဆိုပြီး ကားကို ရမ်းကားစွာ မောင်းတာမျိုးပေါ့။

အထက်မှာ ဖော်ပြခဲ့တဲ့ သုံးချက်ထဲက အနည်းဆုံး တစ်ချက်နဲ့ ညီရင် ဥပဒေကို သုံး၊ လူနာရဲ့ဆန္ဒကို ဆန့်ကျင်ပြီး စိတ်ရောဂါကုဆေးရုံကို တင်လို့ ရပါတယ်။ ဒါကို compulsory/ formal admission လို့ ခေါ်ပါတယ်။ ဒါကလည်း အချိန်ကာလ အကန့်အသတ်နဲ့ပါ။ ပုဒ်မပေါ် မူတည်လို့ စစ်ဆေးဖို့ပဲဆိုရင် အကြာဆုံး (၂၈)ရက်၊ ဆေးပါကုဖို့ဆိုရင် အကြာဆုံး (၆)လ အထိပါပဲ။ လိုအပ်ရင်တော့ ထပ်တိုးနိုင်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ထောက်ခံမယ့် အကြောင်းအရာ ခိုင်ခိုင်လုံလုံ (အထက်က သုံးချက်ထဲက အနည်းဆုံး တစ်ခု) တော့ ရှိရတာပေါ့။ လူနာကို ဒီလို ဆုံးဖြတ်တဲ့အကြောင်း သိအောင် ချက်ချင်း ရှင်းပြရပါတယ်။

ဥပဒေ သုံးပြီး ဆေးရုံတင်တဲ့ ကိစ္စကို ဒီစစ်ဆေးမှုမှာ ပါဝင်သူ သုံးယောက်စလုံး သဘောတူရပါတယ်။ ကျိုးကြောင်းခိုင်လုံရင် ဆရာဝန်နှစ်ယောက်ကြား သဘောထား ကွဲလွဲနိုင်ပါတယ်။ (ဒါက ဖြစ်တော့ ဖြစ်ခဲပါတယ်) အဲဒီလို ကွဲလွဲပြီဆိုတာနဲ့ compulsory/ formal admission လုပ်လို့ မရတော့ပါဘူး။ ဒါဆို risk management ကို ထိရောက်အောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ မဟာပြဿနာကို ဆက်ဖြေရှင်းရပါတယ်။ ဒါဟာ ဒီခေါင်းစဉ်ရဲ့ ပြင်ပကို ရောက်သွားပြီမို့ ဆက်မရေးတော့ပါဘူး။

Compulsory/ formal admission ဟာ လူနာအတွက် လမ်းဆုံး မဟုတ်ပါဘူး။ မကျေနပ်ရင် အယူခံ ၀င်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ဒါကိုလည်း ASW က တစ်ခါတည်း အသိပေးပါတယ်။ အဲဒီအတွက် ရှေ့နေလည်း ငှားပေးပါတယ်။ ဒီအမှုတွေကို သူ့အချိန် ကန့်သတ်ချက်အတွင်းမှာ ကြားနာရပါတယ်။ နာကြားတဲ့ ခုံအဖွဲ့(Mental Health Review Tribunal) မှာ ဥပဒေ ကျွမ်းကျင်သူ တစ်ဦး၊ စိတ်ရောဂါ အထူးကု တစ်ဦး နဲ့ အရပ်သား တစ်ဦး ပေါင်းသုံးဦး ပါဝင်ပါတယ်။ ဒီအဖွဲ့ကို အယူခံချက်ဆိုင်ရာ ဗဟိုဌာနက စီစဉ်စေလွှတ်တာ ဖြစ်ပြီး၊ တခြားအရပ်ဒေသက လာတာ ဖြစ်ပါတယ်။ လွတ်လပ်မျှတစေတဲ့ သဘောပါပဲ။

ဒီအဖွဲ့က လူနာကို လက်ရှိကုနေတဲ့ စိတ်ရောဂါပါရဂူ၊ လူနာရဲ့ လက်ရှိ သူနာပြုထဲက တစ်ဦး နဲ့ လူမှုဝန်ထမ်းအရာရှိ စုစုပေါင်း သုံးဦးရဲ့ အစီရင်ခံစာ သုံးစောင်ကို ဖတ်ပါတယ်။ လူနာနဲ့လည်း တွေ့ဆုံ စကားပြောပါတယ်။ ပြီးမှ အစီရင်ခံစာတင်တဲ့ အထက်ပါ သုံးဦး၊ လူနာ၊ သူ့ရဲ့ ရှေ့နေတို့နဲ့ မျက်နှာစုံညီ ခုံရုံးထိုင်ပါတယ်။ ဆေးရုံမှာ လာလုပ်တဲ့ ခုံရုံးပေမယ့် ဥပဒေအရ လိုအပ်ချက်တွေအတိုင်း စစ်မေးတာပါ။ ဒီခုံအဖွဲ့က လူနာကို သူ့ဆန္ဒ ဆန့်ကျင်ပြီး ဆေးရုံတင်ထားတာဟာ ဥပဒေနဲ့ မညီဘူးလို့ တွေ့ရှိရင် နဂိုပုဒ်မ ပျက်ပျယ်ပြီး လူနာလည်း သူ့သဘော သူဆောင်ခွင့် ရပါတယ်။ ဆေးရုံက ဆင်းနိုင်တယ်ပေါ့။ ကိုက်ညီရင်တော့ ဆေးကုဖို့ လိုသလောက် ဆေးရုံမှာ ဆက်နေရပါတယ်။

ဆေးရုံပေါ်မှာ ဆေးကုလိုက်လို့ လူနာက သက်သာလာပြီး ဆရာဝန်နဲ့ ပြောဆိုဆွေးနွေးနိုင်တဲ့ အခြေအနေကို ပြန်ရောက်ပြီ ဆိုရင်တော့ လူနာနဲ့ ဆရာဝန် ပွင့်ပွင့်လင်းလင်း ရှေ့ကုထုံးကို ဆွေးနွေးနိုင်ပါပြီ။ လူနာရဲ့ အချုပ်အချာပိုင်မှုကို လေးစားရခြင်း (Respect for autonomy) ပြန်တည်သွားပြီပေါ့။ လူနာကလည်း သူ့ကောင်းကျိုးအတွက်မှန်း လက်ခံလာလို့ အသာတကြည်ပဲ ဆေးရုံမှာ ဆက်နေဖို့ သဘောတူတတ်ပါတယ်။ ဒါဆို ဥပဒေ သုံးပြီး ဆေးရုံတင်ထားတဲ့ ကိစ္စကို သူ့ကို ကုနေတဲ့ စိတ်ရောဂါပါရဂူကြီးက ပယ်ဖျက်ပေးနိုင်ပါတယ်။ “မိမိဆန္ဒအလျောက် ဆေးရုံတက်ခြင်း (voluntary admission)” ပြန်ဖြစ်သွားတာပေါ့။

ဒီလောက်ဆို သာမန်လူထုရဲ့ ကြဉ်ခြင်း၊ ပယ်ခြင်းကို မသိမသာရော၊ သိသိသာသာပါ ခံရတဲ့ စိတ်ရောဂါ ဝေဒနာရှင်တွေကို ဥပဒေကပေးတဲ့ အကာအကွယ်အကြောင်း တစ်စေ့တစ်စောင်းလေး စုံသလောက် ဖြစ်သွားပါပြီ။ အရမ်းကြီး ရှုပ်ထွေးမသွားဘူးလို့တော့ မျှော်လင့်ပါတယ်။ တခြားနိုင်ငံတွေက အတွေ့အကြုံတွေ ရှိရင်လည်း ကြားသိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။


(ကိုယ်ပိုင်ဘလော့ဂ်မှာ တင်ပြီးသား ပို့စ် ဖြစ်ပါတယ်။ စိတ်ဝင်စားလောက်မယ် ထင်လို့ရော၊ တုံ့ပြန်မှုကို သိလိုတာကြောင့်ရော၊ မရေးနိုင်တာ ကြာနေလို့ အားနာတာကြောင့်ရော ဒီမှာ ပြန်တင်လိုက်တာပါ။ လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်)


Related Posts :



12 comments:

နိုင်လင်း said...

ကျွန်တော့်သူငယ်ချင်းက ဒီဆောင်းပါးထဲမှာ ပါတဲ့ “စိတ်ကစဉ့်ကလျားရောဂါသည်တစ်ယောက်က သူ သောက်နေကျ စိတ်ရောဂါဆေးတွေကို သူများက အဆိပ်ခတ်ပါတယ်လို့ ယုံပြီး ဆေးမသောက်တော့လို့ “ ဆိုတဲ့အချက်နဲ့ နီးစပ်တာ တွေ့ရပါတယ်။ သူက လူတွေက သူ့ကို အောက်လမ်းနည်းတွေနဲ့ ဒုက္ခပေးတယ်၊ သူ စားတဲ့အစာတွေထဲ အောက်လမ်းနည်းနဲ့ ဆေးခတ်တယ် ထင်လေ့ရှိပါတယ်။ ဆေးရုံတက်ရရင်လဲ တိုက်တဲ့ဆေးကို မသောက်ဘဲ လျှာအောက်မှာ ငုံထားပြီး ပြန်ယူလာတတ်ပါတယ်။
ရောဂါဖြစ်သွားရတဲ့ အကြောင်းရင်း ဖြစ်နိုင်ခြေတွေကတော့ (ကျွန်တော်က ကုသဆုံးဖြတ်တဲ့ ဆရာဝန် မဟုတ်ဘဲ ဘေးမိတ်ဆွေမို့လို့ ဖြစ်နိုင်ခြေလို့ပဲ သုံးတာပါ

-အမှုအခင်းတွေဖြစ် အချုပ်ထဲရောက်ပြီး ဒုက္ခတွေ ရောက်တယ်။
-အဲဒီအချိန်မှာ ဇနီးသည်က လင်ငယ်နဲ့ လိုက်ပြေးတယ်။
-အချုပ်ထဲမှာ အမှုပေါ်အောင်ဆိုပြီး ရဲက နှိပ်စက်တာ တော်တော်ခံလိုက်ရတယ်။ အရိုက်ခံရတာ ဦးခေါင်းကို ထိခိုက်မထိခိုက်တော့ မသိရပါဘူး။
-အောက်လမ်းတွေ ဘိုးတော်တွေ၊ ဂမ္ဘီရအကျင့်တွေကို ဝါသနာ ပါသွားတယ်။
-ပြန်လွတ်လာတော့ ဇနီးသည်က လင်ငယ်နဲ့ လမ်းခွဲပြီးပြီမို့ ပြန်ပေါင်းပေမယ့် သားသမီးတွေကို စီးပွားပျက်သွားတဲ့ ဖခင်အပေါ် စော်ကားပြောဆိုဆက်ဆံဖို့ မြှောက်ပေးတာ ခံရတယ်။
-သူ့အမည်ကို အကြောင်းပြုပြီး သိန်းထောင်ချီတဲ့ ရပိုင်ခွင့်တွေ သူ စိတ်မကျန်းမာချိန်မှာ မိသားစုက ရလိုက်တယ်။
-ဒါပေမယ့် သားသမီးတွေက သူ့ကို ပြန်လည်စောင့်ရှောက်မှု မရှိဘူး။

လူတွေကို မယုံမကြည် ဖြစ်သွားစေတာကတော့ အထက်ပါ အကြောင်းတွေလို့ ထင်ပါတယ်။
ဆရာဝန်တွေနဲ့ ပြပေမယ့် သူကိုယ်တိုင်က ပညာတတ်တစ်ယောက်၊ ထူးချွန်ထက်မြက်ခဲ့သူတစ်ယောက် ဖြစ်နေတော့ ဘာမှ မသိနားမလည်သူ တစ်ယောက်ထက် နားချရ ခက်နေပါတယ်။

သူ ပြန်ကောင်းလာနိုင်ဦးမလား။ မိတ်ဆွေတွေအနေနဲ့ ဘာလုပ်ပေးလို့ ရမလဲ သိချင်ပါတယ်။ ဆရာဝန်တွေတော့ ပုံမှန် ကုသပေးနေပါတယ်။ လူနာက ခုထိ ပြန်မကောင်းလို့ ဒါဟာ မပျောက်နိုင်တော့ဘူးလား၊ ပျောက်အောင် လုပ်ပေးလို့ရလား သိချင်ပါတယ်။

Nge Naing said...

ဆရာမ နုသွဲ့
သိပ်ကောင်းတဲ့ပို့စ်လေး ဖြစ်တယ်။ ကျွန်မ Mental Health ကို သိပ်စိတ်ဝင်စားပါတယ်။ သြစတြေးလျားက ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့လို့ ထင်တယ်။ Mental Health နဲ့ ပတ်သက်တဲ့ ဆရာမတင်ပြထားတဲ့ အင်္ဂလန်က လုပ်ထုံး လုပ်နည်းတွေက နယူးဆောက်ဝေး ပြည်နယ်က ဥပဒေနဲ့ သိပ်ကိုဆင်ပါတယ်။ ဒါပေမယ့် တခြားပြည်နယ်တွေမှာတော့ ဘယ်လို ဥပဒေရှိ ရှိတယ်ဆိုတာ မသိဘူး။ Acute Care ward ကို ရောက်လာတဲ့ လူနာတွေ အကုန်လုံးကတော့ involunteer တွေဖြစ်ပြီး ပုလိပ်က ပို့လာတာနဲ့ မိသားစုတွေဆီကတဆင့် ပို့လာတာများတယ်။ နောက်ပိုင်း အခြေအနေ တိုးတက်လာတဲ့ လူနာတွေကို Rehabilitation ward တွေကို ပို့တယ်။ အဲဒီမှာ စိတ်ကို စုစည်းလို့ သိပ်မရသေးတဲ့ လူနာတွေကို life Skill ဆိုပြီး သင်တန်းတို့ လေ့ကျင့်ခန်းတို့ လုပ်ပေးတယ်။ စိတ်ကို တော်ရုံစူးစိုက်လို့ ရသွားသူတွေကို Job Skill ဆိုပြီး အလုပ်တွေ သင်ပေးတယ်။ Job Skill မှာ လုပ်နိုင်တဲ့အဆင့်ဆိုရင် တော်တော်ကို တိုးတက်နေပါပြီ။ သူတို့ ရောဂါအကြောင်းကို သူတို့ ကောင်းကောင်းပြောနိုင်ပြီး သူတို့ရဲ့ စိတ်စုစည်းနိုင်မှုအဆင့် ဘယ်အထိရှိတယ်ဆိုတာနဲ့ Mental Health နဲ့ သူတို့ရဲ့ လက်ရှိကုသမှု အခြေအနေ အကုန်လုံး သိနေသူတွေ ဖြစ်တယ်။ အဲဒီလို အခြေအနေမှာ လူနာတွေက သူတို့ကို Volunteer Patient အဖြစ် သတ်မှတ်ပေးဖို့ Tribunal မှတဆင့် လျှောက်ထားပိုင်ခွင့်ရှိတယ်။ နယူးဆောက်ဝေး ပြည်နယ်မှာ လူနာတယောက်ဟာ ၃ လကနေ ၆ လတကြိမ် လျှောက်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ တော့ သတ်မှတ်ပေးတာ မရှိဘူး။ MSE Mental Status Examination နဲ့ Job skill, life skill, personal care skill, Social skill တွေ အားလုံးကို အသေအချာ Assessment လုပ်ပြီး ဆရာဝန်နဲ့ Health Care Team တခုလုံးမှ အတည်ပြုချက် မရပဲနဲ့ Magistrate က ကြားနာလို့ပဲ ရတယ် ဆုံးဖြတ်ချက် ချလို့ မရဘူး။ Tribunal မှာတော့ ဆရာဝန်နဲ့ သူနာပြုပဲ ပါတယ် တခြား Health Care Team members တွေ မပါဘူး။ လူနာနဲ့ ဆရာဝန် အငြင်းပွားနေရင် နောက်ထပ် Tribunal တခုကို Magistrate က ရက်ချိန်း ပြန်သတ်မှတ်ပေးပြီး ဆုံးဖြတ်တယ်။ Volunteer လူနာအဖြစ် သတ်မှတ်ခံရပြီး မကြာခင်မှာ Rehab ward တွေကနေ စိတ်ချရပြီဆိုရင် Community ဒါမှမဟုတ် ကိုယ့်အိမ်ကိုယ် ပြန်နေနိုင်ဖို့ ဖြစ်မဖြစ်ကို Health Care Team တခုလုံးက လက်တွေကျကျ ပြန်ပြီး Assessment ပြန်လုပ်ပြီးမှ Volunteer Patient အဖြစ် ပြန်သတ်မှတ်ပေးတယ်။ Mental Health က သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဆရာမ ပို့စ်အတွက် ကျေးဇူးတင်ပါတယ်။

Anonymous said...

ဆရာမနုသွဲ့နဲ့ ဆရာမ ငယ်နိုင် ရေးတာတွေ ဖတ်ရင်း ထိုင်ငိုဖို့တောင် ကောင်းနေပြီ။ မြန်မာပြည်မှာရော အဲဒီလို အစီအစဉ်လေး တွေ အစိုးရကဖြစ်ဖြစ် အန်ဂျီအိုတွေကဖြစ်ဖြစ် လုပ်ပေးဖို့ ပြောပေးကြလို့ မရဘူးလား။ ဒါမျိုးက တခြားကိစ္စတွေလောက်လဲ ဘတ်ဂျက် မကုန်နိုင်ဘူးဆိုတော့ ပြောပေးကြရင် ကောင်းမှာပါ။ နယ်မှာဆို ဒီရောဂါသည်တွေက ပယောဂဆရာတို့၊ လူပြုစားကုတဲ့ဆရာတို့နဲ့ပဲ အပြခံရတာ။
သူတို့ကို တလေးတစား ဆက်ဆံတာ ဖတ်ရတာ ရောဂါမရှိတဲ့လူတောင် အားကျတယ်။ ရလိုက်တဲ့ HRနော်။

Nu Thwe said...

ကိုနိုင်လင်း ပြောတာကို ကြည့်ပြီး ပြန်ဖြေရရင် အချိန်တိုအတွင်းမှာ ပြင်းထန်တဲ့ ဒုက္ခ၊ သောကတွေ ကြုံလိုက်ရတာကြောင့် ခေတ္တ စိတ်ဖောက်ပြန်သွားတာ ဖြစ်နိုင်ပါတယ်။ အရင်က လုံးဝ ရာဇ၀င် မရှိ၊ မိဘ မျိုးရိုးလည်း မရှိဘူး ဆိုရင် ပိုသေချာတာပေါ့။ ဒါဆိုရင် လပိုင်းလောက်နဲ့ သက်သာ ပျောက်ကင်းနိုင်ပါတယ်။

ဒါပေမယ့် ရောဂါ လက္ခဏာ အသေးစိတ်နဲ့ ရောဂါ ရာဇ၀င်တွေ သိဖို့ လိုပါသေးတယ်။ သူ့ကို ကြည့်ပေးနေတဲ့ စိတ်ရောဂါ အထူးကုဆရာဝန်ကတော့ သိမှာပေါ့လေ။

ဆေးမသောက်တာက ဘာကြောင့်လဲ သိဖို့ လိုပါတယ်။ သူ့ဖာသာ သူ နေကောင်းတယ် ယုံကြည်လို့ မသောက်တာက ဖြစ်နိုင်သလို၊ အစပိုင်း ဆေးသောက်ကြည့်တုံးက side effects တွေ ခံရတာကို မကြိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကို ကုသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင် ဖြေရှင်းရပါလိမ့်မယ်။

အလွယ်ဆုံး ပြောရရင် ရောဂါရယ်လို့ သေချာရင်တော့ ဆေးသောက်မှပဲ ပျောက်ပါလိမ့်မယ်။ မသောက်ပဲ ကြာလေ နာတာရှည်လေ၊ ဆင့်ပွါးပြဿနာတွေ တိုးလေ ဖြစ်မှာပေါ့။ လောလောဆယ် အန္တရာယ် ကင်းအောင်လည်း စောင့်ရှောက်ထားရဦးမယ်။

မိတ်ဆွေတွေက ကူညီချင်တာ ကောင်းပါတယ်။ ဒါပေမယ့် တာဝန်ကြီးပါတယ်။ တစ်ယောက်တည်း နိုင်ချင်မှ နိုင်မယ်။ တစ်ရက်ကိစ္စလည်း မဟုတ်ပါဘူး။ မိသားစုရဲ့ ရန်လို ငြိုငြင်ခြင်းကိုလည်း ခံရကောင်း ခံရနိုင်ပါတယ်။ တစ်ယောက်တည်း သွားကူညီမှာထက်စာရင် စိတ်တူသဘောတူ သူ့ကောင်းကျိုးသက်သက်ကို လိုလားတဲ့၊ သူကလည်း လက်ခံနားထောင်မယ့် မိတ်ဆွေကောင်း နှစ်ယောက် သုံးယောက် ရှိရင် ပိုကောင်းမယ် ထင်ပါတယ်။

ဆရာဝန်နဲ့ တွေ့ပြီး မေးဖို့က လူနာရဲ့ ခွင့်ပြုချက် ပါမှ ကောင်းလိမ့်မယ်။ မဟုတ်ရင် သူ့ကွယ်ရာမှာ တိုင်ပင်တယ်ဆိုပြီး သံသယတွေ ပိုကြီးသွားနိုင်ပါတယ်။ ဆရာဝန်အနေနဲ့လည်း confidentiality ကို ထိန်းရမယ့် ၀တ္တရားက ရှိသေးတာ။

သူနဲ့ကိုယ် မိတ်ဆွေရင်းချာတွေ ဆိုရင် သူက ကိုယ့်ကို ယုံကြည်လို့ သူ့ရောဂါအကြောင်း ပေးသိမှာပေါ့။ အဲလိုဆိုရင် လူနာကို ကိုယ်လည်း ပွင့်ပွင့်လင်းလင်း နားချခွင့် ရတာပေါ့။ မိသားစုရဲ့ နားလည်ဖေးမမှု မရနိုင်တဲ့အခါ မိတ်ဆွေများရဲ့ ဖေးမမှုက အင်မတန်ကောင်းတဲ့ အထောက်အပံ့ပါပဲ။ အရှုပ်အရှင်းကင်းအောင်၊ အစွပ်အစွဲ လွတ်အောင်တော့ သတိထားရပါလိမ့်မယ်။ မှတ်တမ်းမှတ်ရာ သက်သေများ ရှိရင် ကောင်းပါတယ်။

ကြုံလို့ ထပ်ပြောရရင် ကျွန်မ ဒီမှာ စာရေးတာဟာ စိတ်ရောဂါနဲ့ ပတ်သက်တဲ့ အကြောင်း မြန်မာပြည်တွင်းက လူထုရဲ့ စိတ်ဝင်စားမှုနဲ့ ဗဟုသုတ တိုးဖို့ အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်အတွက် ကုထုံး မပေးပါ။ ဒါက အကြောင်းရှိပါတယ်။ လူနာကို မမြင်ပဲ ပြောရ ဆုံးဖြတ်ရတာဟာ စိတ်မချရ၊ မတရားရာ ကျလို့ပါ။ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။

ကိုနိုင်လင်းနဲ့ မိတ်ဆွေတို့ အဆင်ပြေပါစေ။

Nu Thwe said...

မငယ်နိုင် ဖြည့်စွက် ပြောပြပေးတာ ကျေးဇူး အထူးတင်ပါတယ်။ Psychiatrist တစ်ယောက်တည်း solo show run လို့ မရပါဘူး။ Multi-disciplinary Teams တွေရဲ့ အထောက်အပံ့ အင်မတန် လိုအပ်ပါတယ်။ အထူးသဖြင့် severe and enduring mental illnesses such as Schizophrenia လိုမျိုးမှာပေါ့။

Anonymous ရေ....စိတ်မညစ်ပါနဲ့။
International NGOs တွေက acute and infectious illnesses တွေကိုပဲ အာရုံစိုက်နေကြသေးပေမယ့် မကြာခင် စိတ်ကျန်းမာရေးဖက်ကိုလည်း ရောက်ကောင်း ရောက်လာနိုင်တာပါပဲ။ (သိလို့ ပြောတာတော့ မဟုတ်ပါ)
မြန်မာပြည်တွင်းက စိတ်ရောဂါ ဆရာဝန်၊ သူနာပြုများလည်း တော်ကြ၊ ကောင်းကြပါတယ်။ နောက်ထပ် လူအင်အား၊ လေ့ကျင့်ရေးအင်အား၊ ဆေးဝါး စတာတွေတော့ လိုသေးတယ်။ ဒါတွေနောက်က ငွေအင်အား လိုက်ရမှာပေါ့။
ဥပဒေ သို့မဟုတ် မူဝါဒတစ်ခု ပြောင်းလဲ သို့မဟုတ် ချမှတ်ဖို့ ဆိုတာ အုပ်ချုပ်သူများကသာ တတ်နိုင်၊ လုပ်နိုင်သော ကိစ္စ ဖြစ်ပါတယ်။ ဒါက ကျွန်မရဲ့ နယ်ပယ် မဟုတ်လို့ မပြောလိုပါ။
လူထုရဲ့ အတွေးအခေါ်နဲ့ အမူအကျင့် ပြောင်းလဲဖို့ကတော့ အသိအမြင် ကျယ်မှု၊ ဥပမာကောင်းကို မြင်တွေ့ အားကျမှု၊ မိမိတတ်နိုင်သမျှ ပြောင်းလဲလိုမှု မောင်းနှင်အားတွေပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်။ ကောင်းတဲ့ အတွေးအခေါ်၊ အမူအကျင့်တွေကို ပြန့်ပွါးစေတာဟာ လူ့အသိုင်းအ၀ိုင်းရဲ့ ကောင်းကျိုးကို ထောက်ပံ့တာ ဖြစ်လို့ ဘယ်လိုမှ အပြစ် မဖြစ်နိုင်ပါဘူး။ ကိုယ် လုပ်နိုင်တာ လုပ်ကြတာပေါ့။

tune said...

စိတ်ဓာတ်မကျပါနဲ့ anonymous ရေ။
အမေရိကန်နိုင်ငံမှာ ကျန်းမာရေးအတွက် အာမခံ မထားနိုင်တဲ့ သူ (အမေရိကန်နိုင်ငံမှာက အာမခံရှိမှ ဆေးကုနိုင်ကြတာ)က မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက လူဦးရေနီးပါးလောက် ရှိပါတယ်။
အကောင်းဆုံးတွေကို ရနေတဲ့ နေရာတွေမှာလဲ ထင်မှတ်မထားတဲ့ အဆိုးဆုံးတွေကို ကြုံနေရတဲ့သူတွေ အများကြီးပါ။

tune said...

တလေးတစား ဆက်ဆံခံရတယ်ဆိုတာလေးကိုပြန်ဖတ်မိလို့ ထပ်ရေးချင်လာတာ။
Anonymous ရေ
sicko ဆိုတဲ့ ရုပ်ရှင်လေးကို ရှာကြည့်ကြည့်ပါလားဟင်။
ကျန်းမာရေးအတွက် အာမခံ မရှိတဲ့ လူနာတွေကို ဆေးရုံတွေက ဘယ်လို ဆက်ဆံတယ်၊ ဘယ်လို စွန့်ပစ်ထားတယ်ဆိုတာ အဲဒီမှာ ပါတယ်။

Nu Thwe said...

tune ပြောတာ ဟုတ်ပါတယ် Anonymous ရေ။ ပြည့်စုံတိုးတက်လှပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် စနစ်ရဲ့ သားကောင်ဆိုတာ ရှိသေးတာပါပဲ။ ယူအက်စ်မှာ ကျန်းမာရေးအာမခံ မရှိလို့ ဆေးမကုနိုင်တဲ့ လူတွေအကြောင်း ကြားဖူးပါတယ်။

ယူကေမှာက အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု (Natioanl Health Service) စနစ်မို့ ဒီလို ဆေးကုပေးဖို့ ငြင်းဆန်ခံရတဲ့ ဒုက္ခ မရှိပါဘူး။ သို့တိုင်အောင် အလုံးစုံ ပြည့်ဝပြီးမြောက်နေတာတော့ မဟုတ်ပါဘူး။ တခြား ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတာပါ။ အကြွေးတွေလည်း ပင်လယ်ဝေလို့ရယ်။ ထားပါတော့။

ကျွန်မ ပြောပြချင်ခဲ့တာတွေထဲမှာ အဓိကက စိတ်ရောဂါ ဝေဒနာရှင်တွေကို လူသားချင်း တန်းတူထား ဆက်ဆံတာကိုပါ။ ဒီ message ကို Anonymous ကောင်းကောင်းကြီး ရသွားတယ်လို့ ကျွန်မ နားလည်ပါတယ်။ နှိုင်းစရာ ရပြီး စိတ်ဓာတ်ကျဖို့ မဟုတ်ပါဘူး။ အားကျပြီး ပြောင်းလဲမှုကို ကြံဆကြဖို့ပါ။

ပြဿနာတစ်ခု ကြုံတဲ့အခါ ဘေးဘီကို ကြည့်ပြီး တန်းညှိ normalise လုပ်တတ်တာ လူ့သဘာဝ ဖြစ်ပါတယ်။ စိတ်ကို သက်သာစေတာကိုး။ ဒါပေမယ့် ဒါနဲ့ပဲ ပြီးမလား ဆိုတာ ဆက်စဉ်းစားရပါမယ်။ ပြောင်းလဲချင်တဲ့သူဟာ သူ တတ်နိုင်သမျှ အပြောင်းအလဲလေးတွေကို တပိုင်တနိုင် လုပ်နေလို့လည်း ရတာပဲလေ။

စနစ်တစ်ခု ကောင်းတဲ့၊ ဆိုးတဲ့အခါ ခံစားရတဲ့ ကောင်းကျိုး၊ ဆိုးပြစ်တွေ ရှိပါတယ်။ ဥပဒေ ပြဌာန်းကာကွယ်တယ် ဆိုတာ macro level change ပါ။ ကျွန်မတို့လို သာမန်ပြည်သူတွေ တတ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။

ကျန်တာကတော့ Professionalism (မိမိ၏ အလုပ်နှင့် ဆက်စပ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်အတိုင်း ပြုမူခြင်း) ပေါ် အများကြီး မူတည်ပါတယ်။ ဆရာဝန်၊ သူနာပြု၊ လူမှုဝန်ထမ်း အရာရှိ၊ ရဲ စသဖြင့် ကျရာတာဝန်က လူတွေရဲ့ မိမိနဲ့ ပတ်သက်ဆက်ဆံရသူတွေအပေါ် (ကိုယ်ပိုင် ပုဂ္ဂလိက ခံယူချက် စိတ်ခံစားချက်တွေကို ဘေးချိတ်ပြီး) လူလူချင်း လေးစားမှုကို ပြတဲ့ အကျင့်ကောင်းပါ။ ဒါကိုတော့ လူတစ်ဦးတစ်ယောက်ချင်း လုပ်နိုင်၊ပြောင်းနိုင်တဲ့ micro level change လို့ မြင်တာပဲ။

ကျွန်မကပဲ စိတ်ကူးယဉ်ဆန် (out of touch with reality) နေတာလားတော့ မပြောတတ်ဘူးပေါ့လေ။ ဆက်လက် ဆွေးနွေးနိုင်ပါတယ်။

Nge Naing said...

Health Care Code of ethnic and code of conduct အရ ကျန်းမာရေး လုပ်သားတွေအနေနဲ့ ဘယ်လူနာကိုမှ ခွဲခြားဆက်ဆံပိုင်ခွင့် မရှိပါဘူး။ ဒါပေမယ့် ကျန်းမာရေးကို အစိုးရက တာဝန်မယူတဲ့ အခြေအနေကြောင့်Tune ပြောသလို ခွဲခြားဆက်ခံတာမျိုးကို တွန်းပို့ပေးသလို ဖြစ်သွားတယ်လို့ ကျွန်မထင်တယ်။ ကျန်းမာရေး စောင့်ရှေုက်မှု တနိုင်ငံနဲ့ တနိုင်ငံ မတူတာက သက်ဆိုင်ရာနိုင်ငံက အစိုးရတွေက ချမှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ ပေါ်လစီတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ လူမှုဖူလုံရေးစနစ်ကို ကျင့်သုံးမှု နည်းတဲ့နိုင်ငံတွေမှာ ကျန်းမာရေးကို အစိုးရကတာဝန်မယူဘူး။ အဓိကက လူ့အခွင့်ရေးထဲမှာ ပါဝင်တဲ့ Economic social and cultural rights ကို ဒီနိုင်ငံက လက်ခံကျင့်သုံးမှု ရှိမရှိ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကြေညာစာတမ်းမှာပါတဲ့ အချက် ၃၀ ဟာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ (Civil and political rights) တွေနဲ့ စီးပွားရေး၊လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်ရေးများ (Economic social and cultural rights) လူ့အခွင့်ရေး အမျိးအစားနှစ်ခုကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ကုသလသမဂ္ဂအဖွဲ့ ၀င်နိုင်ငံတွေအားလုံးက ကြေညာစာတမ်းကို သဘောတူကြောင်း မှုအားဖြင့် လက်ခံကြပေမယ့်။ တချို့ကျတော့ မလိုက်နာကြဘူး။ မလိုက်နာကြတော့ ကြေညာစာတမ်းပါ အချက်တွေထဲက နောက်ထပ် Protocol လေးတွေထပ်ပေါ်လာပြီး နိုင်ငံအသီးသီးက ဒါကိုလက်ခံကျင့်သုံးပါမယ်လို့ လက်မှတ်ထိုးကြရပြီး မထိုးတဲ့နိုင်ငံက ဝေဖန်တိုက်ခိုက်ခံရပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကို သိပ်ပြီးလေးစားတယ်လို့ လူတကာထင်နေတဲ့ အမေရိကန်က နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေ ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ စည်ရုံး၊ ရွေးချယ် တင်မြှောက် ဖြုတ်ချပိုင်ခွင့် စတဲ့ အခွင့်အရေးတွေကိုပဲ အပြည့်အ၀ လက်ခံတာဖြစ်ပြီး Economic social cultural rights မှာ ပါဝင်တဲ့ ကျန်းမာရေးလို၊ ပညာရေးလို အခွင့်အရေးတွေကို လုံးဝလက်မခံဘူးဆိုတာ ဗြောင်ပဲငြင်းပြီး ကျန်းမာရေးကို အစိုးရက တာဝန်မယူဘူး။ ဒီအတွက်လည်း ဒီအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး UN မှာ ဆွေးနွေးတိုင်း အမေရိကန်က အမြဲတမ်း ဝေဖန်တိုက်ခိုက်ခံနေရတယ်။ ထားလိုက်တော့ အမေရိကန်က သူလက်ခံတာကိုပဲ ကောင်းကောင်းလုပ်ပေးပြီး သူလက်မခံတာကို လက်မခံဘူးဆိုတာ ဗြောင်းပြောပြီး သူတာဝန်မယူတာ ဖြစ်တယ်။ မြန်မာနိုင်ငံအပါအ၀င် တခြား ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအတော်များများက Economic social and cultural rights ကို လက်ခံထားပါတယ်။ ဒီလိုအခွင့်အရေး အမျိုးအစားနှစ်ခုစလုံးကို လက်ခံထားတဲ့ နိုင်ငံတွေအထဲက ဥရောပနိုင်ငံ အတော်များများနဲ့ သြစတြေးလျား၊ ကနေဒါ စတဲ့နိုင်ငံတွေမှာ သူတို့လက်ခံထားတဲ့အတိုင်း ဒီအခွင့်ရေးနဲ့ဆိုင်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်လက်မဲ့နဲ့ အိုနာမသန်စွမ်းသူ ထောက်ပံ့ရေး စတာတွေကို လုပ်ပေးပြီး လူမှုဖူလှုံရေး စနစ်ကို အောင်မြင်စွာကျင့်သုံးနေပါတယ်။ မြန်မာနိုင်ငံမှာ ကျတော့ သူများလို လက်မခံနိုင်ရင်လည်း လက်မခံနိုင်ဘူး ပြောတာမဟုတ်ပဲ အကုန်လုံးကို တခုမှ မငြင်းပဲ လက်ခံထားပြီး ဘာတခုမှ မလုပ်ပေးလို့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးပညာရေး၊ လူမှုဖူလှုံရေးတွေက ဒါကိုလက်မခံထားတဲ့ နိုင်ငံတွေထက်တောင် ပိုပြီးနှိပ်ကျနေတာ ဖြစ်တယ်။ နှိပ်ကျနေတာပဲ သိပြီးမြန်မာနိုင်ငံမှာ ဘယ်လို ကျန်းမာရေးပေါ်လစီမျိုးကို ကျင့်သုံးနေတယ်ဆိုတာ ကျွန်မမသိတာ ၀န်ခံပါတယ်။ ဒီလို နှိပ့်ကျနေတာကို တိုးတက်ဖို့အတွက် အုပ်ချုပ်သူက ပေါ်လစီမချပဲနဲ့ ကျန်းမာရေးပညာရှင်တွေက ဘာမှလုပ်လို့မရဘူးဆိုတာ အမည်မဖေါ်လိုတဲ့ စာဖတ်သူ သဘောပေါက်လိမ့်မယ်ထင်ပါတယ်။

Nu Thwe said...

နောက်ထပ် ပြည့်ပြည့်စုံစုံ ဆွေးနွေးပေးထားတာ ကျေးဇူးပါ မငယ်နိုင်။ Zoom-in ရော Zoom-out ပါ မြင်ရတာပေါ့။ အင်မတန် အဖိုးတန်တဲ့ ဆွေးနွေးချက်ပါ။
ယေဘူယျအားဖြင့် မြန်မာပြည်တွင်းမှာ စိတ်ရောဂါအပေါ် အမြင်ရော ချဉ်းကပ်မှုပါ ပြောင်းလာကြတယ်လို့ ကြားသိရပါတယ်။ ဒါကို ကောင်းတယ်လို့ မြင်ပြီး ကြိုဆိုပါတယ်။ ပညာရပ်နယ်ပယ်မှာ တတ်နိုင်သလောက် လုပ်နေကြတဲ့ သာဓကလို့ ယူဆလို့ပါ။ အရှိန်အဟုန်တော့ နှေးသေးတာပေါ့လေ။
အပေါ်က ပြောင်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ရှိနေပြီးသား ပြောင်းလဲလက်စလေးတွေ ပိုအရှိန်ရ၊ စနစ်ကျ သွားမှာပေါ့။
Resource allocation ဟာ နေရာတကာမှာ ပြဿနာ ပေးတတ်တာမို့ မြန်မာပြည်ရဲ့ ကျန်းမာရေး ဘတ်ဂျက်မှာ စိတ်ကျန်းမာရေးက ဘယ်လောက် ဝေစုရမလဲ ဆိုတာပေါ်လည်း အတိုင်းအတာ တစ်ခုအထိ မူတည်လိမ့်မယ် ထင်ပါတယ်။ စေတနာရှင် အဖွဲ့အစည်းများနဲ့ စနစ်တကျ ဆောင်ရွက်လို့ရော ရနိုင်မလား ဆိုတာ ပြည်တွင်းက လူများ ပိုသိပါလိမ့်မယ်။ နောက်ထပ် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

KM said...

စိတ်ပညာပိုင်းဆိုင်ရာ လူ့ကျင့်ဝတ်နဲ့ စာနာမှုကို ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်းမှာ ပိုထွန်းကားလာအောင် လုပ်သင့်တယ် မြင်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက သနားကြင်နာတတ်ပေမယ့် စိတ်ဝေဒနာ၇ှင်နဲ့ အနာကြီးရောဂါသည်တွေအပေါ်မှာတော့ ပစ်ပယ်ပုံက ရက်စက်လွန်းသလားလို့။

အိမ်မီးလောင်လို့၊ ဒုက္ခတစ်ခုခုရောက်လို့၊ မိသားစုဝင် တစ်ယောက်ယောက် သေလို့ စတာတွေနဲ့ တဖြည်းဖြည်း စိတ်ဝေဒနာ ရသွားတဲ့ လူတွေ ကျွန်တော် တွေ့ဖူးပါတယ်။ ဖြစ်ဖြစ်ချင်း မိနစ်ပိုင်းအတွင်း စိတ်ဖောက်ပြန်သွားတဲ့လူထက် ငေးငိုင်ပြီး ပစ်စလခတ် ဖြစ်နေရာကနေ ရက်လကြာမှ တဖြည်းဖြည်းနဲ့ စိတ်ရောဂါရှင် အဆင့် ရောက်သွားရတာက ပိုများပါတယ်။

ငေးငိုင် မှိုင်တွေနေတဲ့ အဆင့်မှာ စိတ်ပညာ ဆရာဝန်တွေနဲ့ အချိန်မီပြနိုင် ဆွေးနွေး counseling လုပ်နိုင်ခဲ့ရင် သူတို့ ဒီလို အခြေအနေမဆိုးသွားလောက်ဘူး မြင်တာပဲ။

ခက်တာက အရက်ဖြတ်တဲ့ လူတွေတောင် စိတ်ရောဂါ ဆေးရုံမှာ တက်ဖြတ်ရင် ရူးသွားပြီ အပြောခံရတာ။ လူတွေက စိတ်ပညာ ဆရာဝန်တွေ ပညာရှင်တွေနဲ့ တွေ့ရ တိုင်ပင်ရမှာကို ရှက်တာ၊ စိတ်ဖိစီးမှု တစ်ခုခု ရှိရင် စိတ်ပညာရှင်ဆီ သွားပြီး ဆွေးနွေးတိုင်ပင်တတ်တဲ့ အလေ့အထ မရှိတာတွေ ပါမယ် ထင်တယ်။

Nu Thwe said...

ဝင်ရောက်ဆွေးနွေးတာ ကျေးဇူးတင်ပါတယ် KM ရှင့်။

စိတ်ရောဂါ ဝေဒနာရှင်တွေကို ပစ်ပယ်ထားရခြင်းရဲ့ အရင်းအမြစ်က စိတ်ရောဂါ အကြောင်းကို မသိနားမလည်ခြင်း ဖြစ်ပါတယ်။ မသိဘူး ဆိုတဲ့ နေရာမှာ ကုလို့ရ၊ ကုသင့်တဲ့ ရောဂါမှန်း မသိတာက စပါတယ်။ မသိတော့ မကု၊ မကုတော့ မသက်သာ၊ မသက်သာတော့ အနားကလူတွေအတွက် ပိုကြောက်စရာ၊ ရှောင်စရာ ဖြစ်နဲ့ ပိုပိုပြီး နစ်သွားတာပေါ့။

“ရူးသွားပြီ” ဆိုတာကို ပြန်လမ်းမရှိတဲ့ ဘ၀ပျက်ခြင်းလို့ နားလည်လက်ခံထားသမျှ စိတ်ဝေဒနာရှင်တွေအပေါ် ပစ်ပယ်ရှောင်ကြဉ်ခြင်း (stigma and discrimination) ကြီးမားနေမှာပဲ။

ဒါတွေကို တိုက်ဖျက်ဖို့ စိတ်ရောဂါ အမျိုးမျိုး အနုအရင့် ရှိတယ် ဆိုတာ၊ တခြားရောဂါတွေလိုပဲ ကုလို့ ရတယ် ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုတာ အများ သိပြီးသား အခြေခံအချက်ပါ။ ဒီအတွက် ငွေအား၊ လူအား၊ ကျွမ်းကျင်မှုတွေ မြှုပ်နှံရမယ်။ နောက်က အားပေးတဲ့၊ စနစ်တကျ ဆောင်ရွက်တဲ့ အဖွဲ့အစည်း လိုပါတယ်။ ဒါဟာ ဒီနေ့ဒီအချိန်မှာ ဘယ်လောက် ဖြစ်နိုင်မလဲဆိုတာ ကျွန်မလည်း မသိပါဘူး။ သိသူများ ရှိရင် အပြုသဘော ၀င်ရောက်ဆွေးနွေးဖို့ ကြိုဆိုပါတယ်။