Wednesday, December 2, 2009

ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ

ကလေးမီးဖွါးရတာ ဘယ့်လောက် အန္တရာယ်များလဲဆိုတာကို တင်စားပြောလိုက်တဲ့ စကားပါ။ အတော်ကို မှန်ပါတယ်။ တကမ္ဘာလုံး ၁ နှစ် ၁ နှစ်၊ သန်းတ၀က်မက ကလေးမီးဖွါးရင်း ကိုယ်ဝန်ဆောင်တွေ သေနေရဆဲပါ။ ဟိုအရင် ခေတ်ဟောင်းသမိုင်းမှာ ၁၀၀ မှာ ၁ ယောက် သေခဲ့နိုင်တယ်လို့ ထင်ကြတယ်။ ၁၈၀၀ ခုနှစ်များ ကတော့ အဆိုးဆုံးမို့ ၄၀%တောင် သေဆုံးရသတဲ့။ ၁၉၀၀ ပြည့်နှစ်တွေမှာတော့ ၁% ရှိခဲ့တယ်။

ကလေးဖွါးရင်း မိခင်တွေ ဘာ့လို့ သေဆုံးရသလဲဆိုတဲ့ အကြောင်းတွေထဲမယ် သွေးသွန် (သွေးလွန်) တာက ထိပ်ဆုံးကပါ။ ရောဂါပိုးဝင်တာက ဒုတိယ၊ ကိုယ်ဝန်ပျက်တာဖြစ်ဖြစ် ဖျက်တာဖြစ်ဖြစ် မှားလို့ သေရတာကလဲ အရေအတွပ်မှာ ဒုတိယအဆင့်နဲ့ အတူတူဘဲ။ ကိုယ်ဝန်ဆောင်တုံး ကိုယ်တွေရောင် သွေးဖိအားတွေ တက်တဲ့ ကိုယ်ဝန် သွေးဆိပ်တက် ရောဂါ ဆိုတာက တတိယ လိုက်တယ်။ မွေးလမ်းကနေ မမွေးနိုင်လို့က စတုတ္ထနေရာမှာ ရှိတယ်။

“ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ” ဒီစကားက ပေါ်တာ ကြာပြီနဲ့ တူပါတယ်။ ကနေ့ခေတ်မှာ ကလေး မီးဖွါးရတာက အဲလောက် အဖိတ်အစင် မများတော့ပါ။ ပိုးသတ်ဆေးတွေ ပေါ်လာတာရယ်၊ သွေးသွင်း ပေးနိုင်လာတာရယ်၊ ကိုယ်ဝန်ဆောင်တွေကို ပိုပြီး ကောင်းကောင်း စောင့်ရှောက်ပေးနိုင်လာတာတွေကြောင့် မအေတွေ အသေနဲလာရတာပါ။ အရင်လောက် သိပ်မဆိုးတော့ဘူးပေါ့။

ဆိုးတယ်၊ မဆိုးဘူးဆိုတာကို တိတိကျကျပြောရင် ဆေးပညာမှာ maternal mortality ratio (MMR) လို့ ခေါ်တာနဲ့ စာရင်းကောက် တွက်ချက်ရတယ်။ ကလေး ၁ သိန်းမွေးတိုင်း မွေးရင်းသေဆုံးရတဲ့ မိခင် ဘယ်လောက် ရှိလဲဆိုတာကို ပြောတာပါ။

ကလေးမီးဖွါးပြီး သေတယ်ဆိုတာ အဆန်းတော့ မဟုတ်ပါ။ သိဒ္ဓတ္ထမွေးပြီး၊ မယ်တော် မဟာမာယာဒေ၀ီ လဲ လုမ္ဗိနီသာမော အင်ကြင်းတောထဲမှာ သေဆုံးခဲ့ရတာ နှစ်ပေါင်း ၂၅၀၀ ကျော်က တကဲ့ အဖြစ်အပျက်ပါ။ ပုံပြင်တွေ၊ ၀တ္ထုတွေထဲမှာလဲ တကူးတက ထည့်ရေးကြတာ တွေ့ရပါမယ်။ မင်းသမီးလေး (စနိုးဝှိုက်) အမေက ဆုံးသွားလို့ ဘုရင်က နောက်မိန်းမ ယူရတာက ချောတော့ ချောပေမဲ့ စိတ်က အကျဉ်းတန်၊ ကဝေပညာလဲ တတ်သတဲ့။ စစ်နဲ့ငြိမ်းချမ်းရေး ထဲမယ် မင်းသား (အင်ဒရူး) ဇနီးဟာ သားလေး (နီကိုလိုင်) ကို မွေးပြီး သေဆုံးသွားရတယ်။ (အိုလီဗာ တွစ်) ကလဲ မိတဆိုးဘဲ မဟုတ်လား။

ရုပ်ရှင်တွေမှာလဲ ပါတာဘဲ။ (ဇောရိုး မျက်နှာဖုံး)ထဲမယ် လူဆိုးကြီး (ရဖယ်လ် မွန်တဲရိုး)ကနေ (အလီနာ) အမေကို ပြစ်သတ်၊ ကလေးမွေရင်း သေရတာလို့ လိမ်ပြောပြီး၊ မွေးစားခဲ့တယ်။ (ဟယ်ရီပေါ်တာ) ထဲမှာလဲ (လော့ဒ် ဗိုလ်ဒမ်မော့တ်) ရဲ့အမေ (မာရုပ် ဂေါက်-ရစ်ဒယ်လ်) ကလဲ ကလေးမွေးပြီး သေသွားရတယ်။

ထင်ကြမဲ့အတိုင်း အဆိုးမှန်သမျှ အာရှ၊ အာဖရိကမှာဘဲပေါ့။ အကောင်းဆုံးက အအေးဆုံးဖြစ်တဲ့ အိုက်စလန် မှာ ၁ သိန်း မွေးလို့ ၁ ယောက်တောင်မှ မသေဘူးတဲ့။ အမေရိကားမှာတော့ ၁၁ ယောက်သေတယ်။ သေရတဲ့ မိခင် ၉၀-၉၉% က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ။ ဗမာပြည်ဟာ ၁၉၈၇ ခုနှစ်ကတည်းက စာရင်းဝင်ခဲ့ရပြီး၊ ကနေ့အထိ ပြန်မထွက်နိုင်သေးတဲ့ အဆင်းရဲဆုံးတိုင်းပြည် LDC ဖြစ်တယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေထက် LDC တွေက အဆ ၃၀၀ ပိုဆိုးပါသတဲ့။ ဒါ့ကြောင့်လဲ “မိန်းမမီးနေ” ဆိုတာကို ဗမာစကားနဲ့ တိတိကျကျ ရှိနေသေးတာ ဖြစ်မှာပေါ့။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ WHO, UNICEF, UNFPA နဲ့ ကမ္ဘာ့ဘဏ်တို့က ပြုစုထားတဲ့ ၂၀၀၅ ခုနှစ် စာရင်း အရဆိုရင် ကလေး ၁ သိန်းအရှင်မွေးရင် မီးတွင်း သေဆုံးရတဲ့ မိခင်ပေါင်း ၅၀၀ ကျော်တာ ၆၅ နိုင်ငံ ရှိတဲ့ထဲမယ် မြန်မာနိုင်ငံက ၅၁၀ နဲ့ပါတယ်။ ပိုဆိုးတာက ၁၀၀၀ ကျော်ရှိတာ ၃၃ နိုင်ငံ၊ ၂ ထောင်ကျော် ၆ နိုင်ငံနဲ့ ဘိတ်ဆုံးဟာ ၃၇၀၀ နဲ့က (ဆာရာလီအွန်) ဖြစ်တယ်။

ကျွန်တော်တို့ တိုင်းပြည်မှာက သုတေသနဆိုတာ အတော်ကြီး နည်း၊ အတော်ကြီး ခက်ခဲနေသေးတယ်။ တာဝန်ရှိသူတွေကနေသာ ကိုင်တွယ် ထုတ်ပြန်လေ့ရှိတဲ့အပြင် မကောင်းတဲ့ စာရင်းဆို မပြတတ်တဲ့ အကျင့်က ပါနေတယ်။ တာဝန်ရှိသူတွေလို့ ပြောတာကိုက မှားနေတယ်။ ကျန်းမာရေး ပြဿနာကို ကောင်းမွန် တိုးတက်အောင် ဖြေရှင်းရာမှာ အုပ်ချုပ်သူတွေနဲ့ ကျန်းမာရေးနယ်မှာ လုပ်နေကြသူတွေချည်းနဲ့ မလုံလောက်ပါ။

မအေတွေ အသေနဲလာရတဲ့ တခြား အရေးကြီးတဲ့ အကြောင်းတခုကတော့ နိုင်ငံရေးပါ။ အမျိုးသမီးတွေကို ပိုဂရုစိုက်ပေးဘို့ လိုတယ်ဆိုတဲ့ နိုင်ငံရေးအမြင်၊ လူမှုရေးအသိ ကောင်းလာလို့ ဖြစ်တယ်။ နိုင်ငံရေး အဖွဲ့ အစည်းတွေ၊ လူမှုရေး အသင်း အပင်းတွေ၊ အမျိုးသမီး အစုအစည်းတွေဟာ နေရာတိုင်းမှာ အရေးပါလှပါတယ်။ သူ့အသိစိတ်နဲ့သူ ဖွဲ့ကြရတာဖြစ်ဘို့လဲ လိုပါမယ်။

CEDAW လို့ခေါ်တဲ့ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုမျိုးစုံ ပပျောက်ရေး ကော်မတီဆိုတာရှိတယ်။ ကုလသမဂ္ဂ အောက်ကပါ။ ၂၀၀၀ ခုနှစ်က မြန်မာကိုယ်စားလှယ်ကနေ ၁၀၀၀ မှာ ၁ ယောက် သေနေတာက ၂၀၀၀ မှာ ၁ ယောက်သာ သေအောင် လုပ်မယ်လို့ နယူးယော့မှာ ကတိပေးခဲ့တယ်။ ဘယ်လောက် ကောင်းသလဲ။

လက်လှမ်းမီသလောက် စာရင်းလိုက်ရှာတော့ ၁၉၉၅ မှာ MMR ၁၇၀ ယောက်လို့ UNDP စာရင်းတခုမှာ တွေ့တယ်။ ၁၉၉၉ တုံးက (ဆာဗေး)လုပ်တော့ ၂၅၅ ယောက်လို့ ထုတ်ပြန်ခဲ့တယ်။ နောက်ထပ် တွေ့ရတာက ၁၉၉၀ မှာ ၅၈၀၊ ၂၀၀၀ မှာ ၃၆၀၊ ၂၀၀၇ မှာ ၃၂၀ ဆိုပြီး တွေ့ရတယ်။ ဒီထဲမှာ ၁၉၉၅ နဲ့ ၁၉၉၉ က စာရင်းတွေကို ထည့်မရေးတာ သတိထားမိမှာပါ။ နောက်နှစ်တွေမှာ ပိုဆိုးသွာတဲ့ သဘောဖြစ်နေလို့ စာရင်း မသွင်းတော့တာနဲ့ တူတယ်။ မီးတွင်းမှာ သေသွားရတဲ့ အမျိုးသမီးများ စာရင်းတောင် အသွင်းမခံရပါလား။

သတင်းတို့၊ စာရင်းတို့ ထုတ်ပြန်တော့ အရင်စာရင်းနဲ့ နောက်စာရင်း နှိုင်းယှဉ်ရင် “တိုးတက်၊ ကောင်းမွန်၊ အောင်မြင်တယ်” ဆိုတာကို သိပ်ပြောချင်ကြတယ်။ အကောင်းတွေ တိုးလာစေ၊ အဆိုးတွေ နည်းလာစေဆိုမှ မျက်နှာပန်းက လှမှာကိုး၊ သတိကြီးကြီး ထားတတ်ကြတယ်။ သတိကြီးတယ်ဆိုတာ ကောင်းတာပေါ့။ သတင်းရေးသူတွေ အမျိုးမျိုးရှိသလို ကိုးကားတာကလဲ တမျိုးတမျိုးကြီး ဖြစ်နေမှာပါဘဲ။ ဗမာပြည်မှာ စာရင်းဇယား၊ ကိန်းဂဏန်းဆိုတာ ကိုးကားချင်ရင် လေဖမ်း ဒန်းစီးရသလိုမျိုးကိုး။

ကျွန်တော်တို့တိုင်းပြည်မှာ ၁ နှစ်မှာ မွေးလူနာပေါင်း ၁့၃ သန်းရှိပါတယ်။ ၂၀၀၅ မေလ ၂ ရက်က (ဆင်ဟွာ) သတင်း ဌာနကနေ ကျန်းမာရေးဌာနကို ကိုးကားပြီး မြို့နယ်ပေါင်း ၁၂၀ က၊ အိမ်ထောင်စုပေါင်း ၂ သိန်းခွဲကို UNICEF နဲ့ပေါင်းပြီး၊ ဆန်းစစ်မယ်လို့ ပါတယ်။ ၂၀၀၀ ခုနှစ် တုံးက မွေးလူနာ ၁ သိန်းမှာ သေရတဲ့ မိခင်ပေါင်းက ၄၃၀၀ ရှိတယ်လို့ပါတယ်။ ၂၀၀၉ ဇန္န၀ါရီလ သတင်းတခုမှာ UN Population Fund (UNFPA) အဆိုအရ နှစ်တိုင်း မိခင်ပေါင်း ၃၈၀၀ သေဆုံးနေရတယ်လို့ ဆိုတယ်။

၂၀၀၈ ခုနှစ်အတွင်း ကလေးဖွါးရာမှာ ၅၇%ကဘဲ ကြွမ်းကျင်တဲ့ သူတွေနဲ့ မွေးကြတယ်။ သေဆုံးရသူတွေထဲက ၈၇% က တောပိုင်းမှာ ဖြစ်တယ်။ သေသူတွေဟာ ဆေးရုံ ဆေးခန်းမှာ ၁၀%၊ လမ်းမှာ ၂% နဲ့ အိမ်မှာက ၈၈% ရှိတယ်လို့ တိတိကျကျ တွေ့တယ်။ သားဖွါး ဆရာမတယောက်ဟာ ရွာ ၁၆ ရွာကို ကြည့်ပေးနေရတယ်လို့ပါ ထောက်ပြတာ တွေ့ရတယ်။ ပြည်နယ်တခုမှာ အရံသားဖွါးဆရာမ ဖြစ်အောင် သင်တန်းပေးတာ ၃ လစာကို ၁ ပါတ်ထဲ ပေးလိုက်သတဲ့။ ဒီလို သတင်းအမှန်မျိုးက စာရင်းဇယား၊ သတင်းများမှာ ပါတာမဟုတ်ဘူး။

၂၀၀၉ ဇွန်လ တတိယပါတ်ထုတ် (မြန်မာ တိုင်းမ်) မှာ မိခင်နှင့်ကလေး ကျန်းမာရေး တိုးတက်လာတယ်လို့ ဖတ်ရတယ်။ သာဓုခေါ်ရမှာပေါ့။ တပါတည်း မှတ်ချက်ပြုထားတာက တိုးတက်လာတယ် ဆိုတာကို ကိန်း ဂဏန်းတွေနဲ့ ပြမရဘူးတဲ့။ ဘာ့လိုလဲဆိုတော့ ခိုင်လုံတဲ့ သတင်းအချက်အလက် ရဘို့ ခက်ခဲလို့ပါတဲ့။ အားရှိစရာလို့ ပြောရမလားတော့ မသိဘူး၊ ဗမာပြည်ဟာ အရှေ့တောင်အာရှမှာ အဆိုးဆုံးဖြစ်ပေမဲ့ ၂၀၀၅ မှာ ၁၉၉၀ ကထက် ၄၅့၅% တောင်မှ လျော့ကျခဲ့တယ်။ ၂၀၁၅ ရောက်ရင် မီးတွင်းသေနှုန်းကို ၄ ပုံ ၃ ပုံ လျော့ကျစေရမယ်တဲ့။ ဒုတိယအကြိမ် သာဓုခေါ်ပါတယ်။

Dr. တင့်ဆွေ
၂-၁၂-၀၉


Related Posts :



11 comments:

Bravo said...
This comment has been removed by the author.
Bravo said...
This comment has been removed by the author.
Bravo said...

ဒီမီးနေသည် ပြဿနာက ကြောက်စရာ ကောင်းပါတယ် ဆရာ။ ဒါပေမဲ့ ဆရာပြောတဲ့ ပြဿနာရဲ့ အဓိက အကြောင်းရင်းက AN Care ကောင်းကောင်း မယူနိုင်လို့ပဲလို့ ကျနော်ထင်တယ်။ AN care ဘာလို့ ကောင်းကောင်း မယူနိုင်လဲ ဆိုတာထိတော့ မေးစရာမလိုတော့ဘူးထင်ရဲ့ ဆရာ။

ဒီချို့ယွင်းချက်တွေကို ဘယ်အချိန်ကျမှ သိမလဲ ဆိုတော့ မကြာမတင်ကမှ နာမည်ကြီးသွားတဲ့ လူနာလို သေဆုံးပြီး ပေါ်ပြူလာသတင်းတွေ ဖြစ်ကာမှပဲ Peri-operative assessment guidelines တွေ တရားဝင်ချဖို့ စဉ်းစားသလို မတော်တဆ သတင်းနဲ့ နာမည်ကြီးလာမှပဲ ဒီ Protocols တွေ Best Treatment Guidelines တွေအတွက် စဉ်းစားကြလိမ့်မယ် ထင်တာပဲ။

ထိုနည်းလည်းကောင်း Antibiotics တွေ အရမ်းပေးတဲ့ ပြဿနာနဲ့၊ ပိုက်ဆံတောင်းလို့ ကောင်းအောင် မလိုအပ်ဘဲ အားဆေးထိုးတဲ့ ပြဿနာတွေပါ စင်မြင့် ပေါ်ရောက်လာပါလိမ့်မယ်။ တစ်ချို့ သော(မနည်းသော ဆရာဝန်များဟာ)သာမန် သွေးစုနာလို အနာမျိုးလေးတွေအတွက် steroids လိုဆေးမျိုးကို Acute Adrenal Failure ဖြစ်စေမဲ့ ပမာဏအထိ ပေးကြတယ်။ ဂျီပီဆရာဝန်လေးတစ်ဦးဟာ BPH ကြောင့် ဖြစ်တဲ့ Acute urinary retention ကို Diuretics တွေ ပေးလို့ ပြောခဲ့ရဖူးတယ်။

တင်ပါးထဲ ဆေးထိုးရရင် ပိုက်ဆံတောင်းလို့ ကောင်းတယ်လို့ ယူဆကြပြီး သာမန်အအေးမိ ဖျားနာတဲ့ လူနာတိုင်းကို diclofenac လို NSIADs တွေကို Cardiac နဲ့ renal ,GI problems တွေကို ကောင်းကောင်း exclude မလုပ်နိုင်ပဲ နင်းကန်ပေးကြတယ

Bravo said...

ဆရာက မိခင်တွေ သေဆုံးရမှုကို ကိုင်တွယ်ဖို့ ကျန်းမာရေးဝန်ထမ်းနဲ့ အုပ်ချုပ်သူ လူတန်းစားနဲ့တင် မလုံလောက်ဘူး ဆိုပေမဲ့ ကျန်းမာရေး ၀န်ထမ်းများရဲ့ ကျင့်ဝတ်နဲ့ ပညာရည်ဟာ ဦးစားပေး ဖြေရှင်းရမဲ့ ပြဿနာပါ။

protocols တွေ Guidelines တွေ principles တွေ ကြိုကြိုတင်တင် ချထားရင် မှားတဲ့ ပုဂ္ဂိုလ်တွေ non-ethic ပုဂ္ဂိုလ်တွေကို ထိန်းကျောင်းပြီးသား ဖြစ်သွားမယ်။ ဆမ ပေးရုံနဲ့ မလုံလောက်သေးဘူး ယူဆရင် ဆမကို upgrade လုပ်ဖို့ မွမ်းမံသင်တန်းတွေ ၅ နှစ်တစ်ကြိမ် ပေးမယ် အရေးယူမယ် တစ်ဆက်တည်းမှာ ပံ့ပိုးစရာရှိတာတွေ ပံ့ပိုးမယ် (lab, instruments,salary) စတာမျိုး စိတ်ကူးယဉ်ကြည့်ရင် ဘယ်လိုနေမလဲ။ စသည်...

...ဆရာ့အမြင်ဘယ်လိုရှိပါသလဲ။

ကျယ်ကျယ်ပြန့်ပြန့်လေးသိလိုလှပါကြောင်း...

လေးစားလျက်

Ziwakka said...

Among all the measures, female literacy rate is the most important index to improve in our country. While I worked at OG ward in Thin Gan Gyun San Pya Hospital, I haven't seen a single educated lady among emergency obstetric cases. Their education is primary school maximum. Most are from Dala and South Dagon townships. In fact, they are included in Yangon division. How is it possible? If we can improve that index, our very limited health resources both man power and capital will be easier to operate.

a said...

ဆမ ငါးနှစ် အသိမ်းခံရတဲ့ ဆရာဝန်ကြီးကိစ္စကတော့ မတရားပါဘူး။ စေတနာထားပြီး အသက် အချိန်မီ ကယ်ပေးမိတာတော့ ငဲ့သင့်ပါတယ်။

ကျွန်တော် ဆရာဝန် မဟုတ်။ မတရား ခံရတာ စိတ်မကောင်းလို့ ရေးသွားပါတယ်။ လူနာမိဘတွေလဲ ငွေဘယ်လောက် ပေးပြီး သတင်းရေးခိုင်းလဲမသိ။ သတင်းက စာတော်သော၊ လူချစ်လူခင်များသော၊ ဆရာဆရာမများ ချစ်သော...နဲ့ သက်သေမပြထားတဲံ မြှောက်လုံးတွေ ပါနေတယ်။

a said...

ကျနော် အစက မိန်းကလေး မိဘတွေကို စာနာပါတယ်။ ခု ဆရာဝန်ကြီး မတရား ခံလိုက်ရတော့ သူတို့ကိုတောင် စိတ်ဆိုးချင်တယ်။ အူအတက်ပေါက်တယ်ထင်ပြီး အချိန်မီ အသက်ကယ်ပေးခဲ့တာမှ မျက်နှာမထောက်ဗျာ။ ကျနော် ဆရာဝန် လုံးဝ မဟုတ်ဘူးနော်။ လူလူချင်း ကိုယ်ချင်းစာလို့။

အူအတက်ပေါက်တယ် ယူဆရင် မှားမှားမှန်မှန် ချက်ချင်း ခွဲကြတာ မြန်မာပြည်မှာတော့ ထုံးစံပဲ။ ကမ္ဘာမှာတော့ မသိဘူး။ မှားရင် ဖွင့်မိတဲ့ဗိုက်က ချက်ချင်း ပြန်ပိတ်လို့ ရတယ်။ အူအတက် ပုပ်တဲ့ ပေါက်တဲ့အထိ ဖြစ်သွားရင် လူနာ သေမှာမို့လို့ အချိန်မဆွဲဘဲ ခွဲကြတာပဲ။ ဒါကို သူ့မိဘတွေ နားလည်သင့်ပါတယ်။

သွေးလွန်တုပ်ကွေး ရှိတာ ကြိုသိမသိကတော့ ဒီဆရာဝန်ကြီးဟာ အကြားအမြင်ဆရာ မဟုတ်တဲ့အတွက် အမေက သေချာ စေ့စေ့စုံစုံ မပြောရင် သူ မသိနိုင်ဘူး။ လူနာက စကားမပြောနိုင်ဘူးဆိုရင် လူနာရှင်က ဘာဖြစ်လဲ၊ ဘယ်နှစ်ရက် ရှိပြီလဲဆိုတာ သေချာ ရှင်းပြရတော့မယ်။ စိတ်ပူနေလို့ပါ၊ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေလို့ သေချာ မပြောမိတာပါဆိုရင် ဒါ သူ့တာဝန်ပဲ။

သွေးဖြူဥ နည်းတယ်ဆိုတာ သွေးလွန်တုပ်ကွေး တစ်ခုထဲကြောင့် မဟုတ်ဘဲ တခြားအကြောင်းတွေ၊ ရောဂါတွေလဲ ဖြစ်နိုင်ပါတယ်။ ခွဲပြီး ဆရာဝန်ကြီး လူနာနား မရှိတာလဲ ရမ်းအပြစ်ပြောလို့တော့ မရဘူး။ ခွဲစိတ်ဆရာဝန်က ခွဲစိတ်ခန်းထဲမှာ အဓိက တာဝန်ယူရမယ်။ ခွဲခန်းထဲက ထွက်ပြီးရင် လူနာကို တခြား တာဝန်ကျဆရာဝန်တွေနဲ့ သူ လွှဲရမှာပဲ။ သူ ဆက်ခွဲစိတ်ပေးစရာတွေ အများကြီး ရှိဦးမယ်လေ။ လူနာရှင်က ကိုယ့်လူနာနားမှာပဲ ဘယ်မှမသွားဘဲ တစ်နေကုန် နေစေချင်ရင်တောင် သူ နေပေးဖို့ တာဝန်မရှိဘူး။

a said...

ကျွန်တော့်သူငယ်ချင်းမလေး ဗိုက်နာ၇ာကနေ သတိလစ်သွားလို့ ဆေးရုံတင်ရတာ SSC မှာပဲ။ အစားမှားတယ် မတည့်တာတွေ စားတယ်လို့ပဲ မိဘက ဇွတ်ပြောနေတယ်။ အူအတက်ရောင်တယ်ထင်ပြီး ဆရာဝန်တွေက ချက်ချင်းခွဲတယ်။ ခု ဆရာဝန်ကြီးတောင် ဖြစ်ချင်ဖြစ်မှာ။

ခွဲလိုက်တော့ အူအတက်က အကောင်းကြီး။ ကြိုတင်ခန့်မှန်းချက် လုံးဝ မှားတယ်။ ဒါပေမယ့် ချက်ချင်း မခွဲမိရင်၊ ဗိုက်မဖွင့်မိရင် လူနာသေပြီ။ အစားမှားပြီး ဗိုက်နာတာပါလို့ မိဘတွေ အတင်းငြင်းနေတဲ့ ကျနော့်သူငယ်ချင်း အပျိုမလေးက ectopic praganancy သားအိမ်ပြင်ပမှာ သန္ဓေတည်နေတာ အထဲမှာ အခြေအနေလွန်နေလို့ သားအိမ်ပါ ထုတ်လိုက်ရတယ်။

ဆိုချင်တာကဗျာ။ စေတနာနဲ့ လူနာ အသက်မဆုံးရှုံးအောင် ချက်ချင်း လုပ်ပေးတာ၊ တာဝန်ယူတာကို အသိအမှတ် မပြုဘဲ ဟင်းဟင်း...မှားရဲမှားကြည့်..ဆိုတော့။ ဆေးခန်းက နစ်နာကြေး တစ်ပြားတောင် မပေးရဘူး။ သတိပေးချက်လေးပဲ စတိ ခံလိုက်ရတယ်။ စေတနာနဲ့ လူ့အသက် အမြန်ကယ်ဖို့ ကြိုးစားမိတဲ့ ဆရာဝန်ကြီးမှာတော့...။ ကယ်ချင်ဦးဟဲ့ လူ့အသက်။ လုပ်ချင်ဦးဟဲ့ အချိန်မီ။ စိတ်မပူတတ်ဘဲ နေ့ရွှေ့ညရွှေ့နဲ့ အချိန်ဆွဲနေရင် သူ့ခေါင်းပေါ် ကျမှာမဟုတ်ဘူး။

tint said...

a and nu thwe
တပေါင်းတည်းဘဲဖြေပရစေ
ကျွန်တော်တဦးထဲ သဘောကတော့ ဒီပြသနာမှာ ပါဝင်လာရတာဟာ ဗမာပြည်မှာလဲ သူ့  လမ်းစဉ်နဲ့  သူ ရှိပါတယ် ။ အင်္ဂလန်လဲ သူ့ လမ်းနဲ့ သူပါ
အဲလို လမ်းစဉ်တွေရှိရာမှာ တခြားဆရာဝန်တွေအပါအ၀င် အပြင်လူတွေဟာ ကေ့စ်တခုကို လွှတ်စေ အပြစ်ချစေ ဆုးံဖြတ်မရပါဘူး ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အချက်အလက်ကို ကြည့်ပြီး ဆုံးဖြတ်ရပါတယ် . ။ အဲဒါဟာ ကျွန်တော်ရဲ့  အဓိက တင်ပြလိုချက်ပါ
ခုလဲ သက်ဆိုင်ရာ ဆေးကောင်စီက စစ်ဆေးတယ် ။ သူတို့ ထိုက်သင့်တယ်ထင်သလို အပြစ်ပေးတယ် ။ ဒါကို ကာယကံရှင်တွေက မကျေနပ်ရင် အယူခံတင်ရပါတယ် ။ ဒါဟာ လမ်းအတိုင်းသွားတာပါ ။
ကျွန်တော်တို့ က ကေ့စ်အသေးစိတ်မသိသမျှ ဘာမှဆုံးဖြတ်မရပါဘူး ဗျာ ။ ကျန်တဲ့  ညီအကိုတွေလဲ တသဘောထဲ ရှိမယ်လို့ ယုံကြည်ပါတယ် ။

DTS said...

ကျွန်တော့စာ နဲ့ဆက်ပြီး ၀င်ရောက်ဆွေးနွေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ ဈာန်ဝင်ရင် ၀င်ဆွေးနွေးပါမယ်။

8n said...

thank for every article which gives me much knowledge about sexulism, i do hope for other layman to read these one.
With thank a trillion,
nat shin maung