Monday, December 7, 2009

ဆေးပညာ ပြန်လည်သင်ယူခြင်း Reeducating medicine

ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုနဲ့ သားဖွါးဆရာမတွေဟာ ဆေးပညာကို ၁ နှစ်ခွဲ ကနေ ၇ နှစ်၊ စာသင်ခန်းတွေ၊ ဓါတ်ခွဲခန်းတွေနဲ့ ဆေးရုံတွေမှာ သင်ယူကြရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အခု “အတော်လေး” အဆင့်အတန်း ကျလာတယ်လို့ ကြားရ၊ ဖတ်ရ၊ သိနေရတာ “အတော်ကြီး” စိတ်မကောင်း ဖြစ်ရတယ်။

၂ဝဝ၈ ခုနှစ် အောက်တိုဘာလထုတ် ရွက်နုဝေမဂ္ဂဇင်းက ဆရာအောင်ကြီးရဲ့ ဆောင်းပါး ဖတ်ရပြီးတော့၊ “ဆရာဝန်၊ ဆေးကျောင်းသားများသည် သားကောင်များဖြစ်သည်။” ဆိုတဲ့ စာတပုဒ် ရေးဖြစ်ခဲ့ပါတယ်။ နောက်ထပ်လဲ ရေဒီယို တွေကနေပါ ကြားကြားနေရတာတွေ ရှိတယ်။ ကိုယ်တွေ့ တွေ့တာလဲ ရှိပါတယ်။ မကြာခင်က သူနာပြုဆရာမ တယောက် ပြည်နယ် တခုကနေ အောင်လာတယ်။ လက်တွေ့ မတွေ့ရတာတွေ အများကြီးတဲ့။ ကလေး မီးဖွါးတာတောင် သိပ် မသင်ခဲ့ရဘူးတဲ့။ သူ့နောက် ရောက်လာတဲ့ အရံသားဖွါးဆရာမ တယောက်ကလဲ ပြည်နယ် တခုကပါဘဲ။ ၆ လ သင်ခန်းစာကို တပါတ်ထဲနဲ့ သင်ပေးလိုက်သတဲ့။ ခနဲ့ပြီး ချီးကျူးချင်စိတ်တောင် မရှိပါ။

“(တီဘီ) ရောဂါကို သူများ တိုင်းပြည်တွေမှာ မဖြစ်တော့တာနဲ့ နောက်ပေါက် ဆရာဝန်တွေကို သင်ပေးတာ သိပ် မရှိတော့ဘူး။” ဆိုတဲ့သတင်း ထွက်လာတော့ စာတပုဒ် ရေးလိုက်သေးတယ်။ အထဲက ဆရာဝန်တဦးကနေ (ကွန်မင့်) ပေးတာက “ဗမာပြည်မှာ တီဘီ တွေကများ” ဆိုသလို ပေါလွန်လွန်းလို့၊ မြန်မာဆရာဝန်တွေအဖို့ “ဘယ်က စမ်းမလား၊ ညာက စမ်းမလား” တဲ့။

ဆေးပညာဟာ တခြားတခြား ပညာတွေလိုဘဲ အသစ်တွေ၊ ပိုကောင်းတာတွေက ပေါ်နေတယ်။ ရောဂါပိုး တွေကလည်း ဆေးအဟောင်းဆိုရင် “ဖုတ်လေတဲ့ငါးပိ၊ ရှိတယ်လို့မထင်” ဆိုသလို “ပိုးစွမ်းကောင်းတွေ” ဖြစ်လာနေကြတယ်။ ဒါ့ကြောင့် ဆေးပညာသင်တာမှာ စဉ်တိုက်-ဆက်တိုက် သင်ယူနေဘို့ဆိုတာ ဖြစ်လာရတယ်။

ကျန်းမာရေးကိစ္စ ရောက်ရာအရပ်မှာ လစာမရပေမဲ့ လုပ်ပေးရမယ်လို့ ကိုယ့်ဖါသာ တာဝန်ပေးမိလို့ အဲဒီအဖြစ်မျိုး အလိုလို ရလာတယ်။ သူများကို သင်ဘို့ ပြင်တာနဲ့ ကိုယ်ပါ ပညာတွေ တိုးရတာမို့ လက်ငင်း အကျိုးပေးတာ ခေါ်မယ် ထင်ပါရဲ့။ ကျောင်းမှာတုံးက မသင်ခဲ့ရတာတွေ၊ အသစ်တွေ့ရ။ သင်ခဲ့တာတွေ တချို့က “အောက်” သွားတာတို့ အများကြီး တွေ့လာရတယ်။

နာမယ်ကြီး ရောဂါတွေဖြစ်တဲ့ ဘီပိုး၊ စီပိုး၊ ဝက်တုပ်ကွေး၊ AIDS ဆိုတာတွေက ဟိုအရင်က ဘယ် သင်ခဲ့ ဖတ်ခဲ့ရမလဲ။ စာအုပ်ထဲမှာတောင် ပါတာမဟုတ်ဘူး။ နာမယ်ကြီး မဆိုနိုင်တဲ့ (ပါရာစီတမော) ကြတော့ ခုခေတ်မှာ သူမပါ ဘယ်နေရာမှမပြီး ဖြစ်နေတယ်။ ကလေးတွေပေးချင်ရင်၊ အစာအိမ်နာ ကြောက်ရင်၊ သွေးထွက်မှာ စိုးရိမ်ရင်၊ သူကမှ စိတ်ချရတယ် မဟုတ်လား။ အရင် အနှစ် ၂ဝ လောက်က ဆေးဝါးဗေဒမှာ တပိုဒ်စာလောက် သာပါပြီး၊ သိပ်မစွမ်းပါဘူး သတ်မှတ်ခဲ့ကြတယ်။ ပြောချင်တာက မတူတော့တာတွေ၊ အရင်လို မဟုတ်တော့တာတွေပါ။ ဒါ့ကြောင့် ဆေးပညာကို စဉ်တိုက်-ဆက်တိုက် သင်ယူနေဘို့ လိုတယ်ဆိုတာ အတိအကျဘဲပေါ့။

ဒုက္ခသည်တွေကို ဆေးကုပေးဘို့ ကိုယ့်ကို ကူပေးမဲ့ ဒုက္ခသည်တွေထဲက ဒုက္ခခံနိုင်သူတွေ လိုက်ရှာရတယ်။ တွေ့ရင် အရင်ဆုံး စာသင်ပေးရရော။ စာသင်ရတော့ ဟိုအရင် “အသုံးလုံး” သင်တာ သွားအမှတ်ရတယ်။ သင်တန်းသား၊ သင်တန်းသူ အရွယ်ဆိုတာ ဘယ်ငယ်မလဲ။ စာသင်ခန်းလဲ ရှိတာမဟုတ်။ စာသင်ချိန်ကိုလဲ အဆင်ပြေသလို။ (ပရောဂျက်) ပေးသူများက ရောဂါကုပေးတာမျိုး စိတ်မဝင်စားကြဘူး။ ထိရောက်တာ မထိရောက်တာ ဘေးချိတ်၊ ကာကွယ်ရေးတို့၊ ပညာပေးတို့၊ ခေတ်ပေါ်ရောဂါ (ဆီမီနာ)တို့ကိုမှ မျက်စိကျတယ်။ သင်တန်းပေးဘို့ နိုင်ငံတော်က ကျခံတယ်ဆိုပြီး၊ အရပ်က ငွေကောက်သလိုလဲ လုပ်မရ။ ကိုယ်ထူ ကိုယ်ထဆိုတာ ဒီဟာမှအစစ်။ “ညည်းတို့ ဘယ်အချိန်အားလဲ၊ ငါတော့ တပါတ်ကို ဘယ်နှစ်ရက်၊ တနေ့ ဘယ်နှစ်နာရီ။ ဆိုက်ကားခလဲ မပေးနိုင်ဘူး။ လက်ဖက်ရည် တခွက်စီ အတူတူ သောက်ကြတာပေါ့။”

ဒါတော့ အဆင်ပြေသလောက်ရှိပြီ။ နောက်တမျိုး တိုးလာတယ်။ ကိုယ့် ဒုက္ခသည် အများစုက ဗမာလို မတတ်ကြဘူး။ အစိုးရဆရာဝန် လုပ်ခဲ့ရတုံးက သူငယ်ချင်းတွေ နယ်စွန်နယ်ဖျား ပြည်နယ်များ ရောက်ကြတာကို၊ သွားရေးလာရေး ဝေးတဲ့ အခက်အခဲ လောက်သာ ထင်ခဲ့မိတယ်။ အမှန်က ဘာသာစကား၊ ယဉ်ကျေးမှု၊ ရာသီဥတု စတာ စတာတွေကလဲ တကယ့် အခက်အခဲတွေပါလားလို့ နောက်ကြမှ ကိုယ်ချင်းစာမိလာတယ်။ တယောက်ဆိုရင် သူ့အိမ်ရှေ့ ကြက်ကို လည်လှီးပြီး၊ လာချတာမျိုး ကြုံရဆိုဘဲ။ သူငယ်ချင်းတို့ရေ အခုမှသိတာ “ဆောရီး”နော်။

ဘာသာစကားကိစ္စ ဘယ်လိုလုပ်ရရင် ကောင်းမလဲ။ ဆေးစာဆိုတော့ ဗိုလ်လို နဲနဲအခြေခံရှိတဲ့သူမျိုးဖြစ်မှ အဆင်ပြေတယ်။ ဗမာလိုနဲ့ ဗိုလ်လို ရောမယ်။ နှစ်မျိုးလုံး “တော့” နိုင်သူကို ဦးစားပေးရှာရတယ်။ ရပါပြီတဲ့ တယောက်စ၊ နှစ်ယောက်စ။ ခက်ပြန်တာက သင်ပေး၊ တတ်သွားပြီး၊ မကြာခင် ထွက်သွားကြရရော့။ လူသစ် ထပ်ရှာရပြန်ပြီပေါ့။ သူတို့ကိုလဲ အပြစ်တင် မဖြစ်။ သွားဘို့ဆိုတာ ထွက်လာကတည်းက ရည်ရွယ်ချက်ကိုး။ (ဘော်လန်တီယာ)လုပ်ဘို့ အိုးပစ်၊ အိမ်ပစ်၊ တိုင်းပြည်ပစ် ထွက်လာတာ မဟုတ်ဘူးလေ။ ထပ်ထပ်သင်တော့ “စာသင်ပေးသူ စာကျေတာပေါ့” လို့ အကောင်းဘက်က တွေးယူရတယ်။ “ကဲ ဆေးပညာသင်မယ်၊ လာကြ။”

“ဟာ မလာသေးနဲ့အုံး။” မရသေးဘူးဗျ။ ဆေးစာမှန်သမျှ ဗမာလိုက ရှိတာမဟုတ်။ ဒီတော့ အကုန်လုံးကို ဗမာလိုပြန်ရမယ်။ ဗမာလို ပြန်တာတွေက တယောက် တမျိုးက များတယ်။ ဆိုပါတော့ အသဲ၊ အဆုပ်၊ အစာအိမ်၊ လောက်ကတော့ တူတယ်။ ဘေလုံးတို့၊ သရက်ရွက်တို့ဆိုရင် မတူချင်တော့ဘူး။ သားအိမ်ဆိုတာအထိ တူပေမဲ့၊ “သားအိမ်အဝ”လား၊ “သားအိမ်ဝ” လား။ “သားအိမ်ခေါင်း”လား။ တခြားဆရာတွေ ဘာသာပြန်တာတွေ လိုက်ကြည့်၊ အတုယူ၊ မတွေ့ရင် ကိုယ်ဖါသာ တီထွင်။ အားလုံးကို ဗမာလိုပြန်ထားဘို့ ဘာသာပြန်ဆရာ အရင်စလုပ်ရပြီ။

ခန္ဓာဗေဒ ဇီဝကမ္မဗေဒ ကစပြီး ဗေဒတွေ စုံသလောက်ကို ဗမာမှုပြုရတယ်။ စု-တု-ပြုတာ မှန်သမျှ (ဘလော့ခ်) ထဲ သွင်းထားရသေးတယ်။ ဒီခေတ်ကိုး။ ကိုယ့်သင်တန်းက လူတွေလဲ (အင်တာနက်)ဆိုင် ထိုင်တတ်ကြသူတွေပါသလို၊ နောက်ဆိုရင် သူတို့တွေက တခြားတိုင်းပြည် ဟိုဟိုဒီဒီ ရောက်ရင်လဲ ပြန်ကြည်နိုင်အောင်ပေါ့။ စာသင်ပေးတဲ့ဆရာ မဖြစ်ခင် (ဘလော့ကာ) အရင်ဖြစ်တယ်။ (ဘလော့ခ်) မှာ (ပို့စ်) ပေါင်း ၂ဝဝ ကျော်သွားပြီ။

စာသင်တာကို စိတ်ဝင်စားအောင် (မာလ်တီမီဒီယာ)လဲ လုပ်ထားရသေးတယ်။ ဗမာလိုဆိုတာက မရှိသလောက် ရှားတယ်။ တနေ့ကမှ အမျိုးသမီး (ကွန်ဒွန်)အသုံးပြုနည်း (ဗီဒီယို-ဖိုင်) တခု ရဘူးတယ်။ သူများနိုင်ငံက (ဗီဒီယို) တွေကလဲ ကိုယ့် လူမျိုးတွေ မျက်စိနဲ့ သိပ်ကိုက်လှတာ မဟုတ်ဘူး။ အတော်ကြီး ရွေးရသေးတာ။ (ဆင်ဆာ)လူကြီးပါ ဖြစ်သွားရော။

သင်ထောက်ကူတွေ အဆင်သင့်ပေမဲ့ မရသေးပြန်ဘူး။ စကားအသုံးအနှုန်း။ ဆန်ကာတင် ရွေးထားသူတွေပေမဲ့ ဗမာစကားကို ဗမာဆန်ရင် နားမလည်ကြတာက များတယ်။ ဆိုပါတော့ ချမ်းတယ်၊ ချောင်းဆိုးတယ်၊ ဆိုတာမျိုးက ပြဿနာမရှိဘူး။ ဗိုက်က “ရစ်နာတာလား” ဆိုတာမျိုး၊ “ရင်တုန်တာလား-ရင်ခုန်တာလား” ခွဲခြား နားမလည်ဘူး။ “ကိုယ်ဝန်” လို့ မယဉ်ကျေးလေနဲ့၊ “မီးဖွားချင်လို့လား” မေးရင် မျက်ခုံးပင့် ကြည်မယ်။ ကျင်ကြီး၊ ကျင်ငယ် မပြောနဲ့ ဆီးတို့၊ ဝမ်းတို့ဆိုတာတောင် မရလေ။ အခက်ဆုံးပြောရမလား။ မျိုးပွါးလမ်းကြောင်းကို သင်ပေးရတာ။ ဒီတော့ သူတို့ထဲက ဗမာစကား အတတ်ဆုံးကို နားလည်အောင် ဝေ့ဝိုက် ပြောပေးပြီး၊ လက်ထောက်ကထိက အလုပ်ခိုင်းရတယ်။

ဆရာပါးဝလာတော့ သူတို့စကား၊ တစ်၊ နှစ်၊ သုံးလောက် ကိုယ်ကလည်း သင်ထားရသေးတယ်။ “ထိုင်ပါ၊” “မနာဘူးနော်” လောက်တော့ သိထားမှ။ လူနာပြန်ရင် ကိုယ်ကနေ “မန်းထာ”လို့ နုတ်ဆက်လိုက်ရင် ရောဂါတဝက် သက်သာရော မဟုတ်လား။

ဒါနဲ့ မရသေးရင် “ဘော်ဒီ-လင်းဂွေ့ခ်ျ” ပါရတယ်။ ၁ ရက်၊ ၂ ရက်၊ လက်ချောင်းထောင် မေး။ ဗိုက်ဆိုရင် ကိုယ့်ဗိုက်ဖိပြ။ အိန္ဒိယလူမျိုးများ စကားပြောရင် မျက်လုံး-မျက်ခုံး-လက်-ခေါင်း-မေး၊ လှုပ်လို့ရတာ မှန်သမျှ လှုပ်ပြောတာမျိုးလို လုပ်ပေတာ့။ (မွန်ဘိုင်) သွားစရာမလိုဘဲ၊ “ဘောလိဝုဒ်” ဆရာဝန်ဖြစ်ရော။ အိန္ဒိယလူမျိုးများ လှုတ်သလား မမေးနဲ့။ ကားမောင်းနေရင် စကားပြောတော့ လက်တဖက်ကို တံခါးကထုတ် လှုပ်စကားပြောတာ။ နောက်ကားကနေ ကြည့်ပြီး၊ အဲဒီဖက်ကွေ့မှာကို လက်ပြနေတယ် သွားမထင်နဲ့။

ကုန်ကုန် ပြောရရင် ဆေးပညာ သင်ပေးရတာက တခြားစာမျိုးနဲ့ မတူဘူး။ ဆိုပါတော့ အင်္ဂလိပ်စာကို သင်ရင် Comprehensive ခြုံငုံ နားလည်စေတာနဲ့ အလုပ်ဖြစ်တယ်။ Choice တို့ Quiz တို့လို ထင်တာကို မှန်းပြီး၊ အမှန်ခြစ် ခြစ်ပေးတာမျိုးနဲ့လဲ မလုံလောက်ဘူး။ တကယ်ကိုသိ၊ အမှန်အတိုင်းနားလည်၊ အဟုတ်ကို ပြန်လုပ်တတ်မှ လက်လွှဲလို့ ရမှာကိုး။ ဒါ့ကြောင့် သင်ရတာ လက်ဝင်ပါတယ်။ “တပည့်မကောင်း ဆရာ့ခေါင်း” ဆိုတာ ဆေးပညာ သင်တဲ့နေရာမှာ ရာနှုန်းပြည့် မှန်တယ်။

Dr. တင့်ဆွေ
၇-၁၂-ဝ၉


Related Posts :



6 comments:

tint said...

မထင်နဲ့  ဆရာရေ
တီဘီကတော့ ခုနောက်ပိုင်း အနောက်လဲ ပြန်ခေါင်းထောင်လာတာပါဘဲ
အာရှနဲ့  အာဖရိကက လူဝင်လူထွက်ရှိတာကိုး
အခုမှ တကယ်ခက်တာ ဆေးကလဲ RIF , INH , ETB လောက်ဘဲရှိ ။ ခုပြန်လာတဲ့ ပိုးကလဲ superbug ဆိုတော့ ခေါင်းတော့ တော်တော်ကိုက်ရတယ် ။ ခုတလောတင် ကျွန်တော့ HCA တယောက် စဖြစ်တော့ pneumonia ဆိုကု ရာကနေ နောက်တော့ တီဘီလို့ ရောဂါနာမည်ကပြောင်းသွားတယ် ။ သေတော့ Lung secondary ဆိုဖြစ်ကရော ( ဟီး ခုထိ လျော်ကြေးနဲ့  ပင်စင်က တွက်မပေးတတ်သေးဘူး ဘာနဲ့ သေလဲ မသေချာလို့  )

Bravo said...

အချိန်နဲ့တပြေးညီ ကျဆင်းလာလေ သတည်းပေါ့ ဆရာ။ ဆေးပညာတွေ ဗမာလို ညှိနှိုင်း ပြန်ဆိုဖို့ လိုလာပါပြီ။ မြန်မာဝီကီမှာတော့ ဆေးနဲ့ ပတ်သက်တဲ့ အချို့အပိုင်းတွေ ဘာသာပြန်ထားတာ တွေ့ရတယ်။ (ဥပမာ ဆီးချို )


တကယ်လို့ ဆရာခွင့်ပြုရင်တော့ ဆရာ့ဆီက ဆေး ဆောင်းပါးအချို့ နဲ့ ( ဖြစ်နိုင်ရင်တော့ ဒီဆိုက်က ဆောင်းပါး တွေရော) မြန်မာဝီကီ (http://wikimyanmar.co.cc ) မှာ သုံးပါရစေ။ စာရေးသူတွေရဲ့ အမည်ကိုတော့ ဖော်ပြနိုင်မယ် မဟုတ်ဘူး။ ရည်ညွှန်းမှာတော့ source အနေနဲ့ ကိုးကားတဲ့ ဆိုက်ဒ်ကို ဖော်ပြပေးတယ်။

Bravo said...

ပြောစရာတွေ ကျန်ကျန်ခဲ့လို့ နှစ်ခါ ပြောနေရတယ်။ (ထုံပေ့ မှတ်ဥာဏ်) ထပ်ပြောစရာရှိတာကတော့ ဆရာ.. နဲ့ အခြားဆရာများ ခင်ဗျား...

wikimyanmar.co.cc က zawgyi one သုံးထားလို့ ပင်မ wikipedia ထဲ ၀င်ပေါင်းလို့ မရလို့ ဆိုပြီး ပင်မwikipedia က ချပေးလိုက်တဲ့ http://my.wikipedia.org/ မှာ ဆေးဘက်ဆိုင်ရာ ဆောင်းပါးတွေ ဖြည့်ဖို့ ပိုအရေးကြီးနေတယ်လို့ ဆိုပြန်တယ်။ ဒါပေမဲ့ my.wikipedia.org က ဇော်ဂျီမသုံးဘဲ unicode သုံးနေပါတယ်။ ဒါကြောင့် အဲဒီမှာ ရေးရင် myanmar 3 unicode နဲ့ ရေးပြီး ဖြစ်ဖြစ် ရေးထားတဲ့ ဇော်ဂျီကို convertor သုံးပြီးသကာလ unicode ပြောင်းပြီး ဖြစ်ဖြစ် ၀င်ဖြည့်ရပါမယ်တဲ့။ နည်းနည်း လက်ဝင်ပါသတဲ့။
ဒါကြောင့် လောလောဆယ် အားဖြင့် wikimyanmar.co.cc မှာ ဇော်ဂျီသုံးပြီး ဆောင်းပါးတွေ ၀င်ဖြည့်လိုက်ရင်လည်း အဲဒီဇော်ဂျီနဲ့ ရေးထားတဲ့ ဆောင်းပါးတွေကို my.wikipedia.org မှာ myanmar 3 unicode ပြောင်းပြီး တင်ပေးနေပါတယ်။
လောလောဆယ် ဘယ်နားမှာပဲ ရေးရေး အတူတူပါပဲ။ ဆေးပညာဘက်က ပညာရှင်များ ၀င်ဖြည့်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ရေးရတာ ခက်ပေမဲ့ အတိုင်းအတာ တစ်ခု အထိ (တိုင်းကျိုးပြည်ပြု) ဖြစ်ပါသတဲ့။
ကျုပ်တို့ ဆေးဘက်က လူတွေတင် အငြင်းသန်တာ မဟုတ်ဘဲ နည်းပညာဘက်က လူတွေလည်း အငြင်းသန်သဗျို့။ ငြင်းခုန်ခြင်းသည် တိုးတက်ခြင်း၏ အစဖြစ်လို့ များများငြင်းကြပါလို့ တိုက်တွန်းခဲ့ပါတယ်။
စမိနောက်မိရင်လည်း စိတ်မဆိုးကြပါနဲ့ ဗျို့။ (အဟဲ.. အထက်ကဆရာ)

DTS said...

ဝင်ပြီး (ကွန်မင့်)ပေးသူတွေကို ကျေးဇူးတင်ပါတယ်။ (ဘလော့ခ်) ထဲရေးရတာက (စာမတတ် လမ်းဖတ်) ဆိုတာနဲ့တူတယ်။ အမြင်မတော်သူက ၀င်ပြင်ပေး၊ သင်ပေးတတ်တာကိုး။

ကျွန်တော်ရေးသမျှ အသုံးကျမယ်ထင်ရင် စာရေးသူနာမယ် မပါလဲ၊ တခြားမှာ ယူသုံးနိုင်ပါတယ်။ သူများ အကျိုးရှိဘို့က ပိုအရေးကြီးပါတယ်။ ကျွန်တော့်နာမယ်က ကလောင်နာမယ်မဟုတ်ပါ။ မိဘနဲ့ ဆရာပေးထားတာပါ။
စပ်မိလို့ လျှာရှည်ရရင် မိဘက ညီအစ်ကိုတတွေကို (တင်)တွေနဲ့ မှည့်ပေးတာပါ။ ၇ တန်းရောက်တော့ အင်္ဂလိပ်စာသင်တဲ့ဆရာက (တင့်) လုပ်လိုက်တယ်။ ကျွန်တော်လဲ ကြိုက်လို့ ဆက်ပြီးတင့်နေတော့တာပါ။

Ziwakka said...

great posts, saya!

Myat said...

ဆရာ ရေ ကျွန်တော်တို့ ဆေး ရုံ မှာ လည်း တီဘီ. ငှက်ဖျား နဲ့  HIV ဒါပဲ တွေ့  နေ ရတယ် ..... အစက ထင်တာ
pneumonia တဖြည်းဖြည်း နဲ့  တီဘီ ဘ၀ ကို ပြောင်းသွား ရော....drug resistence က လဲ ကြောက်ခမန်းလိလိ ပါ ပဲ cat 2 နဲ့ လည်း သိပ် မဟန်ပါ ဘူးး တစ်ခါ က rhonchi တွေ ရလို့  asthma ဆို ပြီး treat လု ပ် ကြတာ နောက် တစ်ခါ ပြန်တွေ့ တော့  consolidation ကြီး ဆ ရာေ ရ ဒါ နဲပဲ တီဘီ ကို ပြန်စ၁ုး စား ရတော့  တာပဲ ။ကျေးဇူးတင်ပါတယ် ဆရာ .. ကျွန်တော် တို့ တွေ ဘယ် လို အဖြေရှာ ရမယ် ဆို တာ ကို လဲ ဆရာ ထပ်ရေး ပါ ဦး ဗျာ