Wednesday, August 26, 2009

Nasal Polyps နှာခေါင်းထဲ အသားပို၊

နှာခေါင်းအတွင်းကို ဖုံးထားတဲ့အလွှာ (Mucosa) ကနေ ဖြစ်ဖြစ် နှာခေါင်း ဘေးက လေခိုအိတ် (Sinus)ကဖြစ်ဖြစ် အသားပို ထွက်လာကို ခေါ်တယ်။ အသားပို တစ်ခုမကလည်း ဖြစ်တတ်ပါတယ်။ တစ်ခုခု အရင် ဖြစ်ပြီးမှ ရလဒ် အဖြစ် အသားပို ထွက်လာတာပါ။ တစ်ခုခုနဲ့ မတည့်ခြင်း (အလာဂျီ)၊ ပန်းနာ၊ နာတာရှည် ထိပ်ကပ်နာ(ဆိုင်းနူဆိုက်တစ်)၊ ဖန်းဂတ်စ် မှို နဲ့ ကလေးများမှာ မွေးရာပါ မျက်ရည်၊ တံတွေး၊ ချွေး၊ အစာခြေရည် စတဲ့ အရည်ထွက်(ဂလင်း) မှန်သမျှကို ထိခိုက်တဲ့ (ဆစ်စတစ်-ဖိုက်ဘရိုးဆစ်) ဖြစ်ရာကနေ ဆက်ဖြစ်တာမျိုး ပြောတာပါ။

အသားပိုဆိုတာ ဆေးပညာ အလိုအရ အမျိုးအစား ခွဲရင် အများကြီးပါ။ ဖတ်ရတာ ရှုတ်နေမှာမို့ ထည့်မရေးတော့ပါ။ ဘယ်လိုက ဘယ်လို ဖြစ်လာရတာကိုတော့ ဆရာ့ဆရာများ အသေအချာ မသိသေးပါ။ သိဖို့ ကောင်းတာက လူ့ကိုယ်မှာ အလုံး-အကြိတ် Lump, Tumor, Swelling မှန်သမျှ ကင်ဆာ မဟုတ်တာနဲ့ ကင်ဆာ ဆိုပြီး နှစ်မျိုး ရှိတယ်။ ဒီနေရာမှာလဲ ဒီအတိုင်းပါဘဲ။ ကင်ဆာ မဟုတ်တာတွေ အတွက် ရေးပါရစေ။

အရွယ်အစား သေးနေတုံး ဘာမှ မခံစားရသေးပါ။ စစ်ဆေးတာတောင်မှ နောက်နားက ဖြစ်နေရင် မတွေ့ဘဲ နေတတ်ပါတယ်။ လက္ခဏာစ ဖြစ်ရင်လဲ (ဆိုင်းနပ်စ်)မှာလို နှာခေါင်းပိတ်၊ နှာစေး၊ နှာချေတာတွေပါဘဲ။ ထူးတာတွေကတော့ မနာပါ။ နှာခေါင်းပိတ်တာ၊ နှာရည်က နှာခေါင်း နောက်ဖက်မှာ ယိုတာ၊ ခေါင်းက အုံပြီး ကိုက်မယ်၊ အသက်ရှူရ ခက်လာမယ်။ အိပ်ရင် ဟောက်မယ်။ စကားသံပါ ပြောင်းလာပါမယ်။ အနံ့ ကောင်းကောင်း မရလဲ ဖြစ်နိုင်တယ်။ နှာခေါင်း သွေးယိုတာ နဲပါတယ်။ သိပ် ကြီးလာရင် ပါးစပ်နဲ့ဘဲ အသက်ရှူ ရပြီး၊ အိပ်ရတာတောင် မလွယ်တော့ဘူး။

ကုသဖို့ အထောက်အကူဆေးတွေက စပြောရရင် -
(အင်တီ-ဟစ်စ်တမင်း)ဆေး၊ ဆေးနာမည်တွေက အေတူဇက်ရှိပါတယ်။ Antihistamines (Diphenhydramine, Loratadine, Desloratadine, Meclizine, Quetiapine, Fexofenadine, Pheniramine, Cetirizine, Promethazine, Chlorpheniramine, Levocetirizine)
ချွဲပျော်ဆေး၊ Decongestants (Acetaminophen, Chlorpheniramine, and Pseudoephedrine)
နှာခေါင်းထဲပန်းထည့်ရတဲ့ဆေး Cromolyn sodium Nasal Spray (Intal, Intal Inhaler, Gastrocrom)
စတီရွိုက်ဆေး (Fluticasone, Beclomethasone, Budesonide) တွေ ဖြစ်ပါတယ်။ အတော် ထိရောက်ပါတယ်။

မတည့်တာတွေက အကိုက်အခဲ-အဖျား ကျဆေး(အက်စပရင်)၊ အရက်တွေပါ။ (အလာဂျီ)ရသူ၊ ပန်းနာ ရှိတဲ့ လူတွေကို သွေးစစ် ကြည့်ရင် သွေးဖြူဥ တစ်မျိုးဖြစ်တဲ့ (အီယိုဆင်နိုဖိးလ်) များနေတတ်ပါတယ်။ (အလာဂျီ)မရှိဘဲနဲ့ ဖြစ်တာကလည်း အတော်များပါတယ်။

(ဗက်တီးရီးယား) ၀င်တာကို သိတဲ့အတိုင်း Antibiotics ပဋိဇီဝဆေး ပေးရပါမယ်။ (Amoxicillin = Trimox, Amoxil), (Fluoroquinolones= Ciprofloxacin, Norfloxacin, Ofloxacin, Gatifloxacin, Gemifloxacin, Levofloxacin, Moxifloxacin, Trovafloxacin)

(အလာဂျီ)နဲ့ ဆိုင်သူများ အတွက် ပါးစပ်ကနေ သောက်ရတာနဲ့ နှာခေါင်းထဲ ထည့်ရတဲ့ Oral and topical nasal steroid (ကော်တီကို-စတီရွိုက်) ဆေးတွေကို အားကိုးရမှာပါ။ အသားပိုကို တိုက်ရိုက်ဆေးထိုးနည်းကို ခွင့်မပြုပါ။
Aristocort (Triamcinolone) Tablets နဲ့ Aristocort (Triamcinolone diacetate) injection က စိတ်ချရတယ်လို့ ဆိုပါတယ်။

အများ သုံးကြတာကတော့ ၀ယ်လို့လဲလွယ်၊ ဈေးလဲချိုတဲ့ Prednisone (30-60 mg) စားဆေးကို ၄ ရက်ကနေ ၇ ရက် ကြာပေးပြီး၊ တဖြည်းဖြည်း ဆေးကို ၂ ပါတ် ၃ ပါတ်နဲ့အပြီး၊ လျှော့လျှော့ ပေးသွားရပါတယ်။ ကလေးဆိုရင် ကိုယ်အလေးချိန် ၁ ကီလိုကို ၁ မီလီဂရမ်နှုန်းနဲ့ ပေးပါတယ်။ အစ ရက်တွေမှာ ၂ လုံး ၄ ကြိမ် = ၈ ပြား (၆ နာရီခြား)၊ နောက် ၆ ပြား၊ နောက် ၄ ပြား၊ ၂ ပြား၊ ၁ ပြား၊ တစ်ခြမ်း။

(စတီရွိုက်) ဆေးမျိုးက စားဆေး၊ ရှူဆေး၊ ထိုးဆေး ဘာဖြစ်ဖြစ် တာရှည် မပေးသင့်ပါ။ ဘာလို့လဲ ဆိုတော့ ဆေးရဲ့ မကောင်းချက်က ဆီးချို၊ သွေးတိုး၊ မျက်စိရေတိမ်၊ အတွင်းတိမ်၊ အရိုးအားနည်း၊ ကလေးဆိုရင် ကြီးထွားတာကို နှေးစေမယ်၊ စတာတွေဖြစ်နိုင်တာမို့ မကောင်းလို့ပါ။

ဆရာဝန်က နှာခေါင်းကြည့် ကိရိယာနဲ့ စစ်ဆေးမယ်။ လိုအပ်ရင် တိတိကျကျသိရအောင် CT scan လုပ်ပါမယ်။ (အလာဂျီ) ကြောင့် ဖြစ်ရသူတွေကို Immunotherapy ခေါ်တဲ့ ဓါတ်ပြီး ကုသမှုမျိုး လုပ်ပေးသင့်ပါတယ်။ ဒီနည်းက ရောဂါ တစ်ခုခု ဖြစ်ရင် အဲဒါကို နောင်ဖြစ်မလာအောင် ဒုတ်ပြီး၊ ဒါးပြီးလို ပြီးသွားအောင် လုပ်ပေးနည်း ဖြစ်ပါတယ်။

ဆေးနဲ့ မရတော့ရင် ခွဲစိတ် ကုသနည်း လုပ်ရပါတော့မယ်။ တစ်ခုတည်းသော အသားပို၊ တစ်ခု မကပေမဲ့ သိပ်မကြီးရင်၊ Simple polypectomy နည်းက အကောင်းဆုံးပါ။ ကျန်တာတွေကိုတော့ Endoscopic sinus surgery (ESS) ဒါမှမဟုတ် Functional endoscopic sinus surgery (FESS) နည်း သုံးရပါမယ်။ သေချာအောင် CT scan ကြည့်ရင်း ခွဲရပါတယ်။

(ဟိုမီယိုပက်သစ်) Homeopathic ဆေး Sanguinaria က နာတာရှည် အအေးမိတာကနေ အသားပို ထွက်တာမျိုး အတွက် အစွမ်းထက်ပါတဲ့။ နောက်ဖက်နားကနေ ထွက်တဲ့ ခပ်ကြီးကြီး အသားပိုကို Teucrium က ကောင်းပါသတဲ့။ ခွဲစိတ်ပြီးနောက် Calcarea Carb ပေးရင် ထပ်ဖြစ်တာ နည်းတယ်လို့ ဆိုပါတယ်။

တစ်ခု စိတ်ပျက်ချင်စရာကတော့ အောင်မြင်တဲ့ ခွဲစိတ်မှု ဖြစ်အုံးတော့ ပြန်ဖြစ်တတ်လို့ပါ။ (အလာဂျီ)ဖြစ်တာ၊ မတည့်တာတွေ ဆက်ရှိနေ၊ ထပ်ဖြစ်နေလို့ ပြန်ပေါ်လာတာ ဖြစ်တာကြောင့် ဘာကိုရှောင်ရမလဲဆိုတာ သိအောင် လုပ်ပြီး ရှောင်နိုင်အောင် ရှောင်ပါလေ။

တင့်ဆွေ
၂၆-၈-၀၉


Related Posts :



2 comments:

Moepyae said...

ဆရာ..
ကျွန်မ နှာခေါင်းထဲမှာ ..(ညာဘက်အတွင်းအောက်ဖက်) အကျိတ်လေးဖြစ်နေပါတယ်.. ၀က်ခြံပုန်းပေါက်သလိုဖြစ်နေပါတယ်..
အရင်ကတော့ ရာသီလာခါနီးရင်အပြင်ဘက်ကဖြစ်ဖြစ် အတွင်းဘက်ကဖြစ်ဖြစ် အသေးလေးတွေပေါက်ပီး ၁ ပတ်လောက်ဆိုရင် ပျောက်ပါတယ်.. ဒါပေမဲ့ အခု အဖု က နဲနဲကြီး ထိရင်နဲနဲနာပါတယ်..အတွင်းဘက်ကပေါက်တာဆိုတော့ မမြင်ရပါဘူး.. ပေါက်နေတာ ၁ ပတ်မကတော့ပါဘူး...၃ ပတ်ထဲဖြစ်နေပီ.. စမ်းကြည့်ရင်တော့ ဖုနေပီး နဲနဲနာပါတယ်.. ဆေးခန်းသွားပြမယ်ဆိုရင်လည်း ပိုက်ခြံကိစ္စရယ် ဘာသာစကားအခက်အခဲရယ်.. ပီးတော့ အရင်လို ပေါက်ပီး ပျောက်မယ်လို့ထင်နေတာနဲပ မသွားဖြစ်ပါဘူး.. ဆရာရယ်.. ဒီအဖုက
ဘာကြောင့်ဖြစ်တယ်..ဘယ်လိုကုရမယ်ဆို တာပြောပြပါဦးရှင်

Anonymous said...

ဖြစ်နိုင်တာက ၀က်ခြံသဘောမျိုး အနာပါ။ နှာခေါင်း၊ နုတ်ခမ်း၊ မေးဖျားလိုနေရာတွေ ပေါက်ရင် အင်မတန်နာတယ်။ ကိုယ်ခန္ဓာ အလည်မျဉ်းနဲ့ နီးလေ နာလေဘဲ။ အများဆုံးက ဗက်တီးရီးယားကြောင့် ဖြစ်တာပါ။ Cloxacillin 500 mg တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။ အနာ-အရောင် သက်သာဆေး Paracetamol, Ibuprofen ကိုလဲ တွဲသောက်ပါ။ ၁ ပြား၊ ၂-၃ ကြိမ် သောက်ပါ။ အပူကပ်လို့ရတဲ့နေရာဆို ရေနွေးပုလင်း ကပ်နိုင်ပါတယ်။ ပရုပ်ဆီ ပါးပါးလဲ လိမ်းနိုင်တယ်။ ဆိုးတဲ့ပိုးဖြစ်လို့ ဆေးကမနိုင်ရင် ပြည်တည်တတ်တယ်။ ပြည်တည်ရင် ပိုနာပြီး ထိပ်ဝက ဖြူလာမယ်။ ပြည်ကို ခွဲထုတ်ရတတ်တယ်။ ဒါ့ကြောင့် တခါတလေ Ampicillin 500 + Cloxacillin 500 တွဲထားတဲ့ဆေးကို ပေးရတယ်။