Sunday, August 23, 2009

Glaucoma






မျက်စိ ရေတိမ် ရောဂါ ဟာ အမြင် အာရုံ ကြော (Optic Nerve) ကို ထိခိုက် စေတဲ့ ရောဂါ တစ်မျိုး ဖြစ်ပြီး ပြန်လည် ကုသ မရနိုင် တော့တဲ့ မျက်စိ ကွယ်ခြင်း (Irreversible Blindness) ရဲ့ အကြောင်း တစ်ရပ် လည်း ဖြစ်ပါတယ်... ကမ္ဘာ တစ်ဝှမ်း မှာ ရေတိမ် ရောဂါ ကြောင့် မျက်စိ နှစ်ဖက် လုံး ကွယ်သူ ပေါင်း ၆သန်း ခန့် ရှိနေ ပါတယ်... အမေရိက ရဲ့ စစ်တမ်း တစ်ရပ် မှာတော့ အမေရိက မှာ လူဦးရေ ၃သန်း ခန့် ရေတိမ် ရောဂါ ခံစား နေရပြီး အဲဒီ ထဲက တစ်ဝက် လောက်ဟာ မိမိမှာ ရေတိမ် ရောဂါ ရှိမှန်း မသိသူ များ ဖြစ်ကြ ပါတယ်... အကြောင်းမှာ ဖြစ်စ တွင် ရောဂါ လက္ခဏာ မသိသာ ခြင်း၊ မျက်စိ မှုန်ဝါး လာတာ ကို ရေတိမ် ရောဂါ ကြောင့် ဟု မသိ ခြင်း တို့ကြောင့် ဖြစ်ပါတယ်...


မျက်လုံး တွင်းရှိ ရေဖိအား (Intraocular Pressure) အကြောင်း ပထမ အနေနဲ့ ပြောပြ ချင်ပါတယ်... မျက်လုံး တွင်း ရေဖိအား ဟာ ပုံမှန် အားဖြင့် ၈ မှ ၂၂ မီလီမီတာ မာကျူရီ (8 to 22 mmHg) ကြားမှာ ရှိပါတယ်.. ရေဖိအား နည်းရင် မျက်လုံး ပျော့သွား ပြီး ရေဖိအား များလာ ရင် မျက်လုံး မာကျော လာ ပါတယ်.. မျက်လုံး တွင်း အရည် (Aqueous Humor) များကို မျက်ဝန်း (Iris) အနောက်ဖက် နဲ့ မျက်စိ မှန်ဘီလူး (Lens) ဘေးရှိ စီလီယာရီ ဘော်ဒီ (Ciliary body) များက ထုတ်လုပ် ပေးပါတယ်... အဲဒီ ကနေ သူငယ်အိမ် (Pupil) ကို ဖြတ်ကာ မျက်စိ ရှေ့ပိုင်း ရှိ အစိတ် အပိုင်း များ အာဟာရ အတွက် ဖြည့်ဆည်း ပေးပြီး မျက်ကြည်လွှာ (Cornea) နဲ့ မျက်ဝန်း ကြားထောင့် လမ်းကြောင်း (Trabecular Mechwork) မှတစ်ဆင့် စီးဆင်း ထွက် သွားပါတယ်.. အကြောင်း အမျိုးမျိုး ကြောင့် လမ်းကြောင်း ပိတ်သွား ခြင်း၊ဒါမှ မဟုတ် အရည် ထုတ်လုပ် မှုများ ခြင်းတို့ ကြောင့် မျက်လုံး တွင်း ရေဖိအား မြင့်တက် လာပြီး ရေတိမ် ရောဂါ လက္ခဏာ များ ဖြစ်ပေါ် လာပါတယ်... မည်သည့် အတွက် ကြောင့် ရေတိမ် ရောဂါ ဖြစ်ရသည် ကိုမူ ယခုထိ ရှင်းရှင်း လင်းလင်း မသိ ရသေးပါ.. ဒါပေမယ့် မျိုးရိုး လိုက်ပြီး ဖြစ်တတ် ကြောင်း၊ အနောက် နိုင်ငံ များတွင် လူမည်း များ၌ အဖြစ် များကြောင်း တွေ့ရှိ ရပါတယ်...


ရေတိမ် ရောဂါ အဓိက အားဖြင့် နှစ်မျိုး ရှိပါတယ်...

  1. ထောင့်ကျယ် ရေတိမ် (Open-Angle Glaucoma)
  2. ထောင့်ကျဉ်း ရေတိမ် (Closed-Angle Glaucoma)
တို့ ဖြစ်ပါတယ်...


ထောင့်ကျယ် ရေတိမ် ဟာ အဖြစ် များဆုံး အမျိုး အစား ဖြစ်ပြီး ဖြစ်စမှာ လက္ခဏာ မပြသ ဘဲ အချိန် အတော် ကြာမှသာ လက္ခဏာ များ ပြလာ ပါတယ်... အရည် စီးထွက် ရာ လမ်းကြောင်း ပိတ်ဆို့ မှုကြောင့် ဖြစ်ပေါ် ရပြီး မျက်စိ မှုန်ဝါး လာခြင်း၊ အမြင် အာရုံ ကျဉ်းမြောင်း လာခြင်း စတဲ့ လက္ခဏာ များ ပြသ လာပါတယ်... ထောင့်ကျဉ်း ရေတိမ် ကတော့ ရုတ်တရက် လက္ခဏာ များ ဖြစ်ပေါ် လာတတ် ပြီး မျက်လုံး နီရဲ လာခြင်း၊ မျက်စိ ကိုက်လာ ခြင်း၊ ခေါင်းကိုက် ပျို့အန် တတ်ခြင်း၊ အမြင် မှုန်ဝါး ပြီး အလင်းရောင် ကြည့်တဲ့ အခါ ဘေးမှာ အလင်း ကွင်း (Halo) များ မြင်ရ ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်... ထောင့်ကျဉ်း ရေတိမ် ဟာ မျက်ဝန်း နဲ့ အရည် စီးထွက် ရာလမ်း ကြောင်း တို့ ထိကပ် ပိတ်ဆို့ မှုကြောင့် ဖြစ်ပေါ် လာရ ပါတယ်.. အဆိုပါ ရေတိမ် ရောဂါ များကို အချိန်မီ ကုသမှု မခံယူ ပါက ရေဖိအား များသည့် ဒဏ်ကြောင့် မြင်လွှာ (Retina) ရှိ အမြင် အာရုံ ကြော (Optic Nerve) ထိခိုက် ချိုင့်ဝင် သွားပြီး လုံးဝ မျက်လုံး ကွယ်သွားခြင်း (Permanent Blindness) ဖြစ်ပေါ် စေပါတယ်..


မျက်စိ ရေတိမ် ရှိမရှိ စမ်းသပ် ရန် မျက်စိ အထူးကု ဆရာဝန် မှသာ စစ်ဆေး ဆုံးဖြတ် နိုင်မှာ ဖြစ်ပါတယ်.. မျက်လုံးတွင်း ရေဖိအား တိုင်း ကိရိယာ (Tonometry) ဖြင့် တိုင်းတာခြင်း၊ မျက်စိ စစ်ဆေး ကိရိယာ (Ophthalmoscope) ဖြင့် အမြင် အာရုံ ကြော အခြေ အနေ၊ မျက်လုံး တွင်း အခြေ အနေ များကို စစ်ဆေးခြင်း၊ မြင်ကွင်း စစ်ဆေး ခြင်း (Visual Field Testing) တို့ဖြင့် ပြလုပ် ကာ ရေတိမ် ရှိမရှိ စစ်ဆေး နိုင်ပါတယ်...


ကုသမှု အနေ ဖြင့် သောက်ဆေး၊ မျက်စဉ်း ခပ်ဆေး၊ ခွဲစိတ် ကုသ ခြင်းနည်း တို့ဖြင့် ပြုလုပ် နိုင်ပါတယ်.. Beta blockers (timolol, levobunolol, metipramolol) စသည့် မျက်စဉ်း ဆေး များမှာ စီလီ ယာရီ ဘော်ဒီ မှ အရည် ထုတ်လုပ် မှုကို လျှော့ချ ပေးပြီး မျက်လုံးတွင်း ရေဖိ အား လျော့ကျ စေပါတယ်.. Adrenergic agonists (Beta2 agonists) အုပ်စု ဆေးများ ဖြစ်တဲ့ (Brimonidine, Apraclonidine, Dipivefrin) ကတော့ အရည် ထုတ်လုပ် မှု ကျဆင်း စေတဲ့ အပြင် အရည် စီးထွက် မှုကို လည်း ဖြစ်ပေါ် စေပါတယ်.. Prostaglandin analogs (Latanoprost, Travoprost, Brimatoprost) မျက်စဉ်း ဆေးများ ကတော့ အရည် စီးထွက် မှုကို ဖြစ် စေတဲ့ ဆေးများ ဖြစ်ပါတယ်.. Carbonic Anhydrase Inhibitors (Acetazolamide, Methazolamide) သောက် ဆေးများ ကတော့ အရည် ထုတ်လုပ် မှုကို လျော့ကျ စေပါတယ်.. Parasympathomimetics (Pilocarpine, Echothiophate) စတဲ့ မျက်စဉ်း ဆေးများ ကတော့ အရည် စီးထွက် မှုကို ဖြစ်စေ ပြီး မျက်စိ သူငယ် အိမ်ကို လည်း ကျဉ်းစေလို့ အရင်က တွင်တွင် ကျယ်ကျယ် သုံးပေ မယ့် အခု တော့ အသုံး နည်းလာ ပါတယ်.. ၎င်း မျက်စဉ်း ဟာ တစ်နေ့ ၃-၄ ကြိမ် ခပ်ပေး ရခြင်း ဘေးထွက် ဆိုးကျိုး များတာ ကြောင့် အသုံး နည်းလာ ရတာ ဖြစ်ပါတယ်..


ခွဲစိတ် ကုသ မှု အနေ ဖြင့် ရိုးရိုး ခွဲစိတ် ခြင်း (Trabeculectomy, Viscocanalostomy)၊ လေဆာ ရောင်ခြည် ဖြင့် ခွဲစိတ် နည်းများ (Laser Iridotomy, Laser Trabeculoplasty, Laser Cilioablation) တို့ဖြင့် အရည် စီးထွက် မှု ပွင့်အောင် ပြုလုပ် နိုင်ပါတယ်.. ဒါ့ကြောင့် မျက်စိ ရေတိမ် ရောဂါ ကို ပေါ့ပေါ့ တန်တန် မထား သင့်ပဲ ဂရုစိုက် နေထိုင် ခြင်း၊ မျက်စိ မှုန်ဝါး လာပါက မျက်မှန် လုပ်ရန် အတွက် တစ်ခု တည်းကိုသာ အာရုံ မထားဘဲ တတ်ကျွမ်း သော မျက်စိ အထူးကု ဆရာဝန် နဲ့ စနစ် တကျ စစ်ဆေး ကုသ မှု ခံယူ သင့်ပါ ကြောင်း သတိ ပေးရေး သား လိုက်ရ ပါတယ်.. အားလုံး မျက်စိ ရောဂါ နဲ့ ဘေးဘယာ အပေါင်း မှကင်း ဝေးနိုင် ပါစေ...


ရေတိမ်ရောဂါ ကြောင့် အမြင်ေ၀၀ါး လျော့နည်းလာပုံ






References;
http://www.medicinenet.com/glaucoma/article.htm
http://en.wikipedia.org/wiki/Glaucoma


Related Posts :



2 comments:

tune said...

ကျေးဇူးပါ ဆရာ။

**Winnie Pooh Gallery** said...

ခုလိုရှင်းပြပေးတာကျေးဇူးပါ။