နိဒါန်း
ပြည်သူ့ကျန်းမာရေး တိုးတက်လာအောင် ပြုလုပ်တဲ့ လုပ်ငန်းဆောင်တာတွေကို ၂၁ရာစု ကမ္ဘာနဲ့အ၀ှမ်းမှာ ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေကြပါတယ်။ လူတစ်ဦးချင်း၊ တစ်ယောက်ချင်း အလိုက် ပြုလုပ်ရတဲ့ လုပ်ငန်းဆောင်တာတွေကနေ နိုင်ငံတော် အဆင့်၊ ကမ္ဘာ့ အဆင့်မှာ ပြုလုပ်ရတဲ့ လုပ်ငန်း ဆောင်တာတွေ အထိ ကျယ်ပြန့်နက်နဲ လှပါတယ်။ ရှေးယခင်တုန်းကတော့ ကျန်းမာရေး ဆိုတဲ့ စကားလုံးဟာ ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေနဲ့ပဲ ဆက်စပ်ပေမယ့် ယနေ့ခေတ်ကာလမှာကျတော့ ဒီစကားလုံးဟာ အိမ်၊ အလုပ်ခွင်၊ ကျောင်း၊ ဆေးရုံ၊ လူငယ်စင်တာ၊ လမ်းမပေါ်စတဲ့ နေရာတွေအထိ ရောက်နေပါပြီ။ အေအိုင်ဒီအက်စ် ရောဂါနဲ့ ပတ်သက်တဲ့ ပညာပေး ပိုစတာတခုကို လမ်းမပေါ်မှာ ကပ်ထားတာဟာလဲ ပြည်သူ့ကျန်းမာရေး မြှင့်တင်တဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေး မြှင့်တင်ရေးဟာ ဘာကြောင့် အရေးကြီးရပါသလဲ။
ကျန်းမာရေး အခွင့်အလမ်း
ပြည်သူ့ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်းတွေ အရေးကြီးရတဲ့ အကြောင်းရင်းကတော့ ကျန်းမာရေးဆိုတာ လူသားတိုင်း ခံစားခွင့်ရှိတဲ့ လူ့အခွင့်အရေး တစ်ရပ် ဖြစ်နေလို့ပါပဲ။ ကျန်းမာရေးဆိုတာ ရောဂါကင်းဝေးရုံ၊ နာမကျန်းဖြစ်မှု ကင်းဝေးရုံတင် မဟုတ်ဘဲ ကာယ၊ စိတ္တ၊ လူမှု ကောင်းမွန် ပြည့်ဝနေတဲ့ အခြေအနေ တစ်ရပ်ကို ခေါ်ဆိုတာ ဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက အဓိပ္ပာယ် ဖွင့်ဆိုခဲ့ပါတယ်။
ကျန်းမာရေး ဆိုတာကို အခွင့်အရေး တစ်ရပ်အနေနဲ့ ရှုမြင်သုံးသပ်မှုကို နိုင်ငံသား၊ လူမှုရေး တရားမျှတမှု စတဲ့ သဘောတရားတွေနဲ့ ဆက်စပ်ကြည့်လို့ရပါတယ်။ ပညာရှင် Plant (1998) က နိုင်ငံ တစ်နိုင်ငံမှာ ရှိတဲ့ နိုင်ငံသားတွေဟာ အဲဒီနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးရာ လုံခြုံရေးကို ပံ့ပိုးပေးနိုင်မယ့် အရင်းအမြစ်တွေကို ရရှိခံစားခွင့် ရှိတယ်လို့ ဆိုထားခဲ့ပါတယ်။ ဒီသဘောတရားအရ သက်ဆိုင်ရာနိုင်ငံအစိုးရတွေဟာ သူ့နိုင်ငံထဲမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတွေကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ လူမှုရေး တရားမျှတမှုဆိုတဲ့ သဘောတရားမှာကျတော့
(၁) လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ဟာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ တန်းတူညီမျှမှု ဖြစ်တယ်။
(၂) နိုင်ငံသူ၊ နိုင်ငံသားတိုင်းဟာ သူတို့ရဲ့ အခြေခံ လိုအပ်ချက်တွေကို ပြည့်မီ နိုင်စေမယ့် အခွင့်အရေးတွေကို ခံစားခွင့် ရှိတယ်။
(၃) မိမိကိုယ်ကို ရိုသေ လေးစားမှုနဲ့ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့် အတွက် ကျယ်ပြန့်တဲ့ နိုင်ငံသား အခွင့်အလမ်းတွေ ရရှိဖို့လိုအပ်တယ်။
(၄) တန်းတူညီမျှမှု မရှိတာတွေ အားလုံးဟာ တရားမျှတမှု မရှိတာတော့ မဟုတ်ဘူး။ ဒါပေမယ့် တရားမျှတမှု မရှိလို့ ဖြစ်ရတဲ့ တန်းတူညီမျှမှု မရှိတာတွေကို လျှော့ချပေးပြီး၊ ဖြစ်နိုင်ရင် ဖယ်ရှား ပစ်ရမယ် ဆိုတဲ့ အခြေခံ စည်းမျဉ်း လေးချက် ရှိပါတယ်။
ကျန်းမာရေး အခွင့်အလမ်းဟာ ဒီသဘောတရားနဲ့ ဆက်စပ်နေပါတယ်။ ကျန်းမာရေးဆိုတာ လူမှုရေး တရားမျှတမှု အခွင့်အလမ်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရင်းအမြစ်တွေ ရှားပါးနေချိန်မှာ ကျတော့ ဒီအခွင့်အလမ်းကို လူသား အားလုံး အပြည့်အ၀ရရှိဖို့ အလွန်ပဲ ခဲယဉ်းပြန်ပါတယ်။ အရင်းအမြစ်တွေကို မျှမျှတတ ဖြစ်အောင် ဘယ်လို ခွဲဝေအသုံးချမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်တွေဟာ အရေးကြီးလာပြန်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေဟာ အခွင့်အလမ်း တစ်ခုထဲပေါ်မှာတင် မမူတည်ဘဲ စာရိတ္တရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးရာတွေ အားလုံးနဲ့ ပတ်သက်ပါတယ်။
ဒီအခါမှာ တာဝန် ဆိုတဲ့ သဘောတရားက အရေးပါလာ ပြန်ပါတယ်။ လူသားတိုင်း ကျန်းမာရေး အခွင့်အလမ်းကို ခံစားခွင့်ရှိဖို့ ဘယ်သူ့တာဝန်လဲ ဆိုတဲ မေးခွန်းက ထွက်ပေါ်လာပြန်ပါတယ်။ လူတွေဟာ သူတို့ရဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင် တာဝန်ရှိတယ်လို့ တချို့က ယူဆကြပါတယ်။ ဒါပေမယ့်လဲ လူတစ်ဦးချင်းရဲ့ ကျန်းမာရေးကို ကိုယ်တိုင်တာဝန်ရှိမှုထက် ကျော်လွန်တဲ့ ပြင်ပ အကြောင်းအရာများစွာက လွှမ်းမိုးထားနိုင်ပါတယ်။ ဥပမာ- ကျန်းမာရေး ကောင်းမွန်စေတဲ့ အစားအစာများကို စားသောက်ခြင်း လုပ်တဲ့အခါမှာ လူတစ်ဦး တစ်ယောက်ရဲ့ ရွေးချယ်စားသောက်မှု၊ ဒီလို စားသောက်နိုင်စေမယ့် ၀င်ငွေ၊ အစားအစာ ထုတ်လုပ်သူတွေရဲ့ အစားအစာ အရည်အသွေး အဆင့်အတန်း မြင့်မားမှု၊ သယ်ဆောင် ဖြန့်ဖြူးရေးမှာ အရည်အသွေး အဆင့်အတန်း ထိန်းနိုင်မှု၊ အစားအစာတွေရဲ့ ဈေးနှုန်း၊ အရည်အသွေး ထိန်းချုပ်မှုတွေနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ တာဝန် စတာတွေအများကြီးနဲ့ ဆက်စပ်နေပါတယ်။
ဒါကြောင့်လဲ ပြည်သူ့ကျန်းမာရေးပညာရှင် Adams, Amos, Munro (2001) တို့က ကျန်းမာရေးဆိုတာ လူတစ်ဦး၊ တစ်ယောက်ချင်းရဲ့ ရွေးချယ်ဆုံးဖြတ်မှု ပေါ်မှာတင် မူတည်တာမဟုတ်ဘဲ လူမှု အဖွဲ့အစည်း တည်ဆောက်ပုံ၊ အစိုးရ အုပ်ချုပ်ရေး မူဝါဒနဲ့ စီးပွားရေး၊ ကုန်သွယ်ရေးတွေ အပေါ်မှာပါ မူတည်ကြောင်း အဆိုပြု ထားခဲ့ကြပါတယ်။ တစ်ပြိုင်နက်တည်းမှာလဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး အခွင့်အလမ်းတွေနဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတွေကလဲ လူသားတွေရဲ့ ကျန်းမာရေး အခွင့်အလမ်း ခံစားနိုင်မှုပေါ်မှာ ပြန်ပြီး မူတည် နေပြန်ပါတယ်။
ကျန်းမာရေးနှင့် လူမှု၊ စီးပွား ဖွံ့ဖြိုးတိုးတက်ရေး
ကျန်းမာရေးကို တချို့က ဘ၀ အောင်မြင်စေတဲ့ The means to end အနေနဲ့ သုံးသပ်ပြီး၊ တချို့ကကျတော့ အကျိုး ခံစားခွင့် ရှိစေတဲ့ an end itself အနေနဲ့ သတ်မှတ်ကြပါတယ်။ The means to end အနေနဲ့ ကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ ကျန်းမာရေးဆိုတာ ဘ၀ရဲ့ တိုးတက်အောင်မြင်မှုတွေကို ရရှိစေနိုင်မယ့် မောင်းနှင်အားပဲ ဖြစ်ပါတယ်။ ပညာရှင် Seedhouse (1986) က ကျန်းမာရေးဆိုတာ အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်လို့ ဆိုထားခဲ့ပါတယ်။ ကျန်းမာရေး မကောင်းရင် အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေး အခွင့်အလမ်း၊ လူမှုနဲ့ တစ်ဦးချင်း ဆက်ဆံရေး အခွင့်အလမ်းတွေ လျော့ကျသွားပါတယ်။ ကျန်းမာရေး ချို့ယွင်းချက်ဟာ တန်းတူ ညီမျှမှု မရှိတာတွေ အားလုံးကို ဖန်တီးတာ မဟုတ်ပေမယ့် လူသားတွေရဲ့ သူတို့ဘ၀ကို ပျော်ပျော်ရွှင်ရွှင် နေထိုင်စံစားခွင့်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အပြည့်အ၀ ပါဝင်ဆောင်ရွက်နိုင်ခွင့် တွေကို ကန့်သတ်ထားတတ်ပါတယ်။
ဆူဒန်နိုင်ငံမှာ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ် ဆိုပြီးစဉ် ကာလတုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆူဒန်နိုင်ငံ ဌာနေကိုယ်စားလှယ် David Nabarr (1995) က ဆူဒန် ပြည်သူတွေဟာ ရောဂါဘယဆိုးတွေရဲ့ တိုက်ခိုက်မှုတွေကို ခံနေရဆဲဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး အသီးအပွင့်ကို အပြည့်အ၀ မခံစားကြရသေးကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ဆောင်ကျဉ်း ပေးနိုင်ဖို့ အတွက် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အများအပြား ပြုလုပ်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နောက်ထပ် ရှုမြင် သုံးသပ်မှု တစ်ရပ်ကတော့ an end in itself အနေနဲ့ မြင်တာ ဖြစ်ပါတယ်။ ဒီရှုထောင့်က ကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ ကျန်းမာရေးဆိုတာ သူ့သာသာသူ ခံစားခွင့်ရှိတဲ့ အခွင့်အလမ်း ဖြစ်ပြီး၊ ဆင်းရဲ နွမ်းပါးမှု၊ ခွဲခြား ဆက်စပ်မှုနဲ့ လူဦးရေ များပြားမှုတွေဟာ ကောင်းမွန်တဲ့ ကျန်းမာရေး ခံစားခွင့်ကို ကန့်သတ်ထားတဲ့ အရာတွေ ဖြစ်ပါတယ်။ လူနေမှု အဆင့်အတန်း မြင့်မားမှုဟာ ကျန်းမာရေး မကောင်းတဲ့ ပြဿနာကို လျော့ကျစေနိုင်တယ်လို့ ပညာရှင် Crawford (1990) က ဆိုထားခဲ့ပါတယ်။
လက်တွေ့မှာကျတော့ ကျန်းမာရေးဆိုတာက means လဲ ဖြစ်သလို ends လဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ကျန်းမာပြီး စွမ်းရည်ရှိတဲ့ လုပ်သားတွေနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေး အဆောက်အအုံကို တည်ဆောက်ရမှာ ဖြစ်သလို၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရှိမှလဲ ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်မှာ ဖြစ်လို့ပါပဲ။ ဒါကြောင့် လူမှု၊ စီးပွား မူဝါဒတွေဟာ ဒီရှုထောင့် နှစ်မျိုးစလုံးမှာ မျှမျှတတ ချမှတ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လဲ ပြည်သူ့ကျန်းမာရေးမူဝါဒတွေဟာ နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့်မှာ အရေးကြီးတဲ့ မူဝါဒတွေ ဖြစ်လာတာဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေး လုပ်ငန်းဆောင်တာတွေဟာ ၂၁ရာစုကမ္ဘာရဲ့ အရေးကြီးလုပ်ငန်းတာဝန်တွေ ဖြစ်လာပါတယ်။
ပြည်သူ့ကျန်းမာရေး
၁၉ ရာစုနဲ့ နှစ်ဆယ်ရာစု ကနဦးပိုင်းတုန်းက ပြည်သူ့ကျန်းမာရေး လှုပ်ရှားမှုဟာ အနံ့အသက်၊ အပုပ်အဆွေး၊ ညစ်ပေမှုတွေကို ထိန်းချုပ်ဖို့ပဲ ရည်ရွယ်ခဲ့ပါတယ်။ ၂၁ ရာစုနှောင်းပိုင်းရောက်တော့ လူမှုရေးဆေးပညာဟာ ဆေးပညာရပ် တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်လာတာကြောင့် ရောဂါတွေကို စောင့်ကြပ်ကြည့်ရှုတဲ့ စနစ်သစ် ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကို ပညာရှင်တွေက ပြည်သူ့ကျန်းမာရေးဟောင်း ('Old' public health) လို့ အမည် ပေးခဲ့ ကြပါတယ်။
၁၉၇၀ ကာလတွေ ရောက်တော့ ပြည်သူ့ ကျန်းမာရေးသစ် ('New' public health) လှုပ်ရှားမှုတွေ ပေါ်လာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေက ပြည်သူ့ကျန်းမာရေး တိုးမြှင့်မှုမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အားနည်းချက်တွေကို သိမြင်ခဲ့ကြပြီး၊ ကျန်းမာရေးအပေါ် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှုရှိစေတဲ့ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ရေးရာ အချက်တွေကိုပါ ထည့်သွင်း စဉ်းစားလာခဲ့ ကြပါတယ်။
၂၁ ရာစု ရောက်တော့ ခေတ်သစ် ပြည်သူ့ကျန်းမာရေး (modern multidisciplinary public health) လှုပ်ရှားမှုတွေ စတင်လာပါတယ်။ ခေတ်သစ် ပြည်သူ့ကျန်းမာရေး ဆိုတာက ရောဂါတွေကို ကာကွယ်ရေး၊ အသက်ရှည် ကျန်းမာရေးနဲ့ လူ့အဖွဲ့အစည်းရဲ့ စုပေါင်း ကြိုးပမ်းမှုနဲ့ ကျန်းမာရေး မြှင့်တင်ပေးတဲ့ သိပ္ပံ၊ ၀ိဇ္ဇာ ပညာရပ် တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ခေတ်သစ် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ လေ့လာသူတွေမှာ ဆေးပညာရှင်တွေ သာမက ဘောဂဗေဒ ပညာရှင်တွေ၊ သမိုင်း ပညာရှင်တွေ၊ လူမှု မနုဿဗေဒ ပညာရှင်တွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ပညာရှင်တွေပါ ပါဝင်လာတာ ဖြစ်ပါတယ်။
ပြည်သူ့ကျန်းမာရေးကို ရောဂါဘယများအား ကုသခြင်း၊ ရောဂါ မဖြစ်အောင် ကာကွယ် တားဆီးခြင်းနဲ့ ကျန်းမာ ပြီးသား ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်ခြင်းတွေနဲ့ မြှင့်တင် ပေးလို့ရပါတယ်။ ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ပေးတဲ့ လုပ်ငန်း ဆောင်တာ များစွာ ရှိပါတယ်။ Earl (2007) က ပြည်သူ့ကျန်းမာရေး လုပ်ငန်း ဆောင်တာတွေကို ကျန်းမာရေး ပညာပေးရေး (health education)၊ ကျန်းမာရေး မြှင့်တင်ရေး (Health improvment)၊ ကျန်းမာရေး တိုးမြှင့်ရေး (health promotion)၊ ကျန်းမာရေး မူဝါဒ (health policy) ကျန်းမာရေး အန္တရာယ် ကာကွယ် စောင့်ရှောက်ရေး (health protection)၊ မကျန်းမာမှု ကာကွယ်ရေး (Prevention of ill- health) စသဖြင့် ကွဲပြားခြားနားတဲ့ လုပ်ငန်းဆောင်တာ တွေကို ခွဲခြား ဖော်ပြခဲ့ပါတယ်။
ကျန်းမာရေး ပညာပေးရေး ဆိုတာက သတင်း အချက်အလက်နဲ့ အကြံဥာဏ်ပေးမှု၊ ကျန်းမာရေးကို ကိုယ်တိုင် စောင့်ရှောက်နိုင်မယ့် အသိပညာဗဟုသုတ၊ အမြင်၊ တန်ဖိုးစံနဲ့ စွမ်းရည်တွေ ရှိလာအောင် လူအများကို ဗဟုသုတပေးမှု၊ သင်တန်းပေးမှု၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ရွေးချယ်မှုတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် အချက်အလက်များ ပံ့ပိုးပေးမှု(ဥပမာ- ဟင်းသီးဟင်းရွက်များများ စားတာဟာ အသားစားတာထက် ပိုပြီး ကောင်းတယ်) စတာတွေ ဖြစ်ပါတယ်။ ကျန်းမာရေးမြှင့်တင်ရေး ဆိုတာကတော့ ဒေသဆိုင်ရာအဆင့်မှာ ကျန်းမာရေး မညီမျှမှုတွေကို လျော့ကျစေဖို့အတွက် ဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ ဥပမာ- အစားအစာ သမ၀ါယမ လုပ်ငန်း စတာမျိုးတွေပါ။ ကျန်းမာရေး တိုးမြှင့်ရေး ဆိုတာကတော့ လူတွေရဲ့ မိမိ ကျန်းမာရေးကို မိမိ ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နိုင်စွမ်း တိုးမြင့်စေရေး ဖြစ်ပါတယ်။
မကျန်းမာမှုကို ကာကွယ် စောင့်ရှောက်ရေးမှာ အဆင့်သုံးဆင့်ရှိပါတယ်။ ကနဦးကာကွယ်ရေးအနေနဲ့ ရောဂါဆိုးတွေကို ကာကွယ်ရေး ပြုလုပ်တာ (ဥပမာ- ကာကွယ်ဆေးထိုးခြင်း)၊ ဒုတိယအဆင့် ကာကွယ်ရေးအနေနဲ့ ရောဂါရှာဖွေစစ်ဆေးမှုပုံမှန်လုပ်တာ၊ ကုသမှုခံယူတာ (ဥပမာ- သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း) နဲ့ တတိယအဆင့် ကာကွယ်ရေး အနေနဲ့ ဖြစ်ပွားနေတဲ့ ရောဂါ ဆက်လက်တိုးသွားခြင်း မရှိအောင် ကာကွယ်ကုသခြင်း (ဥပမာ- hip အစားထိုး ခွဲစိတ်ကုသခြင်း) စတာတွေ ဖြစ်ပါတယ်။ ကျန်းမာရေး အန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဆိုတာကတော့ ကူးစက် စေနိုင်တဲ့ ရောဂါတွေ (တီဘီရောဂါ)၊ မကူးစက်နိုင်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေ (ဥပမာ- ဓာတုပစ္စည်း လောင်ကျွမ်းမှု) နဲ့ အရေးပေါ် တုန့်ပြန်မှုပေးတာ (ဥပမာ- ဇီဝအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခြင်း) စတာတွေ ဖြစ်ပါတယ်။ ကျန်းမာရေး မူဝါဒ ဆိုတာကတော့ အစိုးရတွေရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတာဝန်တွေ ဖြစ်ပါတယ်။
ပြည်သူ့ကျန်းမာရေး လုပ်ငန်းဆောင်တာတွေမှာ တန်ဖိုးထားမှုဆိုတာ အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တန်ဖိုးဆိုတာ လူတွေရဲ့ တွေးခေါ်၊ ပြုမူပုံတွေကို အဆုံးအဖြတ်ပေးလို့ပါပဲ။ လူတစ်ဦးနဲ့ တစ်ဦး၊ နိုင်ငံ တစ်ခုနဲ့ တစ်ခု၊ အစိုးရ တစ်ခုနဲ့ တစ်ခု အကြား တန်ဖိုး ထားမှုတွေ မတူညီပါဘူး။ လူတစ်ယောက်က ငွေကြေး ချမ်းသာမှုကို ပိုတန်ဖိုးထားရင်း ကျန်းမာရေးကို ဂရုမစိုက်မိတာတွေ ရှိတတ်သလို လူသားတွေရဲ့ အသက်တွေ၊ ဘ၀တွေ၊ အခွင့်အလမ်းတွေကို တန်ဖိုးထားတဲ့ အစိုးရများက နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ကဏ္ဍတွေမှာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအရင်းအမြစ်ကို များများ သုံးစွဲလေ့ ရှိပါတယ်။
ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်ရဲ့ တန်ဖိုးထားမှုတွေဟာ ကျန်းမာရေး ဆိုင်ရာ အချက်အလက်တွေကို ဘယ်လို နားလည်သလဲ၊ ကျန်းမာရေး တိုးတက်မှုအတွက် ဘာတွေ လုပ်ပေးနိုင်မလဲ၊ ကျန်းမာရေး ရည်မှန်းချက်တွေကို ဘယ်လို ချမှတ်သလဲ၊ ရည်မှန်းချက် ပြည့်မီစေမယ့် နည်းလမ်းတွေကို ဘယ်လို အကောင်အထည်ဖော်သလဲ စတာတွေ အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန် ယူနေသူတွေ ဘက်မှ ညီမျှမှု၊ တန်းတူရည်တူ ရှိမှု၊ တရားမျှတမှု၊ ကာကွယ်ရေး၊ အန္တရာယ် ကင်းဝေးရေး၊ ဆုံးဖြတ် ရွေးချယ်မှုများ ပြုလုပ်နိုင်ရန် အားပေး ကူညီရေးစတဲ့ တန်ဖိုးထားမှုတွေ ရှိဖို့လိုအပ်ပါတယ်။ ပြည်သူလူထု အနေနဲ့ကလဲ ကျန်းမာရေးဆိုတာ ဖျားနာတာ၊ ရောဂါရှိတာနဲ့တင် မဆိုင်ဘဲ ကိုယ်ကျန်းမာ၊ စိတ်ပျော်ရွင်မှုကို ပြည့်ပြည့်၀၀ ခံစားနိုင်မှုကို ဆိုလိုတာ ဖြစ်ကြောင်း သိရှိဖို့ လိုပါတယ်။ ဒီလို ကိုယ်ကျန်းမာ၊ စိတ်ပျော်ရွှင်မှု ရဖို့အတွက် မကျန်းမာမှုတွေကို ဘယ်လို ကာကွယ် စောင့်ရှောက်သင့်တယ်၊ ကျန်းမာရေးအတွက် အစားအစာ၊ အနေအထိုင်ကို ဘယ်လို ရွေးချယ် စားသောက်၊ နေထိုင်သင့်တယ် ဆိုတဲ့ ကျန်းမာရေး အသိပညာကို တန်ဖိုးထားမှု လိုအပ်ပါတယ်။
နိဂုံးချုပ် ဆိုရရင် ကျန်းမာရေးဆိုတာ လာဘ်ကြီး တစ်ပါး ဖြစ်တာကြောင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ တစ်ဦးချင်း တာဝန်၊ အစုအဖွဲ့ တာဝန်တွေမှာ ပါဝင် ဆောင်ရွက်ရင်း ပြည်သူမှ ပြည်သူသို့ အသိပညာပေးခြင်း နည်းလမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အလွန်ပဲ အရေးကြီးပါကြောင်းနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ပြည်သူလူထုကကော၊ ကျန်းမာရေး ပညာရှင်တွေကပါ နိုင်ငံတော်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ဘဏ္ဍာရေးရာ၊ နည်းပညာ ရေးရာ၊လူ့စွမ်းအား ရေးရာ အားနည်းချက်တွေကို ထောက်ပြ တောင်းဆိုဖို့ လိုအပ်လှပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၅၊ ၈၊ ၂၀၀၉)
ရည်ညွှန်းကိုးကား။ ။
Adams, L., Amos, M. and Munro, J. (eds) (2002) Promoting Health: Politics and Practice, London, Sage
Crawford, R. (1980) 'Healthism and the medicalization of everyday life', International Journal of Health Services, 10 (3), pp. 365-88
Earl, S. (2007) ' promoting public health: exploring the issues' in Lloyd, C (eds) Theory and Research in promoting public health, London, Sage
Plant, R. (1988) 'Citizenship, rights, welfare' in Franklin, J. (ed) Social Policy and Social Justice: The IPPR Reader, Cambridge, Polity, pp. 57-72
Seedhouse, D. (1986) Health: The foundations for achievement, Chichester, Wiley
World Health Organization (WHO) (1998) Health 21: Health for All in the 21st century, Copenhagen, WHO
World Health Organization (WHO) (2005) Health is key to Sustained Peace and Prosperity in Sudan, 11 April