Saturday, December 20, 2008

Soft Drinks for Caution !!!

သတိထားသင့်သည့် အချိုရည်

နွေနေပူမှာ အပူဒဏ်ကို သက်သာစေပြီး၊ ရင်ကို လန်းဆန်း အမောပြေ သွားစေ နိုင်တာ ကတော့ အချိုရည် အေးအေးလေး တစ်ခွက် ပါဘဲ။ ကျွန်တော်တို့ အားလုံး soft drinks လို့ ခေါ်တဲ့ အချိုရည် အမျိုးမျိုး သောက်ဖူး ကြတယ်။ Pepsi, Coke, Sprite, Fantasy, Lemon Soda စသည်ဖြင့် Brand အမျိုးမျိုး အရသာ အဖုံဖုံနဲ့ လူတွေရဲ့ အကြိုက်ကို ဆွဲဆောင် ခဲ့ကြ၊ ဆွဲဆောင် နေကြဆဲ ဖြစ်ပါတယ်။

အဲဒီ ကျွန်တော်တို့ ကြိုက်တဲ့ အချိုရည် တွေက ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို ဖြစ်စေ နိုင်တယ် ဆိုတာ ကိုတော့ သတိ မပြုမိတဲ့ သူတွေ ရှိနိုင်မယ် လို့ ကျွန်တော် ထင်လို့ ဒီပို့စ်နဲ့ ဗဟုသုတ ဖြန့်ဝေ လိုက်ရ ပါတယ်။



ကြည့်ရတာ တော့ သောက်ချင်စရာ ကြီးပါဘဲ။ ဒါပေမယ့် ဒီအချိုရည် တွေထဲမှာ ပါတဲ့ အက်စစ်ဓာတ် ပမာဏကို ပြတဲ့ pH value တွေကို ကြည့်ကြည့် ရအောင် ... pH နည်းလေ အက်စစ်ဓာတ် ပြင်းလေ ဖြစ်ပါတယ်။


ဘက်ထရီတွေထဲမှာ ထည့်တဲ့ အက်စစ်ကို သိကြမယ် လို့ ထင်ပါတယ်။ pH တန်ဘိုး ၁ ရှိတဲ့ အက်စစ်ပြင်း မို့ မတော်တဆ အ၀တ်မှာ စင်သွားရင် ခဏ နေတာနဲ့ စားသွား ပေါက်သွားတာ ကြုံဖူးတဲ့ သူတွေ ရှိမှာပါ။ အခု ပြထားတဲ့ ဇယားအရ တချို့အချိုရည် တွေဟာ ဘက်ထရီ အက်စစ် နီးပါး ပြင်းတာ သတိထားမိ ပါလိမ့်မယ်။ ကဲ ... အချိုရည် တွေကို ကျွန်တော်တို့က အကြောဆေး သွင်းသလို ပိုက်နဲ့ မသွင်းကြ ပါဘူး။ သောက်ကြ ပါတယ်။ ဒါကြောင့် ခံတွင်းထဲမှာ ဘာဖြစ်နိုင်လဲ ကြည့်ကြ ရအောင်။

သွားတွေရဲ့အပေါ်ဆုံး အလွှာမှာ Enamel လို့ ခေါ်တဲ့ ကြွေလွှာနဲ့ ကာထားပြီး၊ ကယ်လ်စီယမ် နဲ့ ဖော့စ်ဖိတ် တို့ ပေါင်းထားတဲ့ Hydroxyapatite လို့ ခေါ်တဲ့ ဓာတ်ပေါင်း ဖြစ်ပါတယ်။ အဲဒီ ကြွေလွှာဟာ မာကြော လှပေမယ့် အက်စစ် ဓာတ်ကို မခံနိုင် ပါဘူး။ ဘက်တီးရီးယား ပိုးတွေက စားကြွင်း စားကျန် တွေကို ဖောက်လိုက်လို့ ထွက်လာတဲ့ အက်စစ် ဓာတ်ကြောင့် ပိုးစားပေါက်တွေ ဖြစ်ရ တယ်။ ဒါကို dental caries- သွားပိုးစား ရောဂါ လို့ ခေါ်ပါတယ်။ သွားရဲ့ ကြွေလွှာ ကို အရည် ဖျော်ပစ်နိုင်တဲ့ အက်စစ် ပြင်းအား critical pH က ၅.၅ ဖြစ်ပါတယ်။ အဲဒီထက် ပိုပြီး အက်စစ် ဓာတ်ပြင်းတဲ့ (pH ၅.၅ အောက် လျော့တဲ့) အရည်နဲ့ ကြာရှည် ထိတွေ့မယ် ဆိုရင် သွားကြွေလွှာဟာ ၊ အ၀တ်ကို အက်စစ် စားသလို စားခံရပြီး ပြုန်းတီး ရပါတယ်။ ပိုးစားတာ မဟုတ်ဘဲ ပြင်ပက အက်စစ် ဓာတ်ကြောင့် သွားကြွေလွှာ စားသွားပြီး အပေါက်တွေ ဖြစ်တာကို erosion - အက်စစ်ကြောင့် တိုက်စားခြင်း လို့ ခေါ်ပါတယ်။

ဆေးခန်းမှာ ဒီလို သွားပေါက် တွေနဲ့ လာပြကြတဲ့ သူတွေ မနည်းလှ ပါဘူး။ တချို့လည်း အပူ အအေး၊ အချို အချဉ် ထိရင် ကျဉ်လာမှ သိလို့ လာပြကြ ပါတယ်။ မှန်ထဲမှာ ကြည့်ကြည့်ရင် ပိုးစားသလို မဲမနေဘဲ၊ ကြွေသွားလွှာက ပြောင်ချောချောနဲ့ ချိုင့်ဝင် နေတာ တွေ့နိုင်ပါတယ်။ သိပ်ဆိုး လာရင် ကြွေလွှာအောက်က dentine လို့ ခေါ်တဲ့ ဆင်စွယ် နှစ်လွှာ အညိုရောင်ပေါ်ပြီး သွားတိုက်တံနဲ့ ခြစ်ကြည့်ရင် ကျဉ်တာကို ခံစားရ ပါလိမ့်မယ်။


အချိုရည်ကို ပုလင်းလိုက် သောက်တာ၊ ခွက်နဲ့ တမျှင်းမျှင်း မော့သောက်တာ တွေက သွားတွေနဲ့ အချိုရည် ကြာရှည် ထိတွေ့စေလို့ ပိုပြီး ဆိုး ပါတယ်။ Straw - ပိုက်နဲ့ စုပ်သောက်ပြီး မြန်မြန် မျိုချ ရင် သွားမှာ ထိခိုက်တာ နဲနဲ သက်သာပါတယ်။ ဒီနေရာမှာ အချိုရည်လို့ soft drink တွေကို ဦးစားပေး ပြောထား ပေမယ့်၊ ဒိန်ချဉ်တို့၊ သံပရာ ရည်တို့၊ grapes fruits ဖျော်ရည် တို့ စသည်ဖြင့် ဖျော်ရည် တွေဟာ လည်း pH တန်ဘိုး နိမ့်တဲ့ ထဲမှာ ပါပါတယ်။

ဖျော်ရည် မဟုတ်တဲ့ ကိုကာကိုလာ တို့လို ဘူးသွပ် အချိုရည် တွေရဲ့ နောက်ထပ် ဆိုးကျိုး ကတော့၊ သူတို့မှာပါတဲ့ phosphoric acid - ဖော့စ်ဖိုရစ် အက်စစ်နဲ့ carbon dioxide - ကာဘွန်ဒိုင် အောက်ဆိုဒ် ကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်တွေက အစာအိမ်ထဲ ရောက်တဲ့အခါ အစာခြေရည် ရဲ့ hydrochloric acid - ဟိုက်ဒြို ကလိုရစ် အက်စစ် အစာခြေတာ ကို ဟန့်တား တယ်။ ဒါကြောင့် အစာ မကြေတာ၊ ဗိုက်ထဲမှာ လေတွေ ပြည့်ပြီး ရင်ပြည့်ရင်ကယ်တာ ဖြစ်လာပါတယ်။ အစာခြေ လမ်းကြောင်းရဲ့ အက်စစ်ဓာတ်ကို ပိုများ စေတဲ့အတွက် အစာအိမ်၊ အူသိမ် ရောဂါ ရှိတဲ့ သူတွေ ပိုရှောင် သင့်ပါတယ်။

phosphoric acid က အရိုးတွေမှာ ရှိတဲ့ ထုံးဓာတ် - ကယ်လ်စီယမ် ကိုလည်း ဖျော်ထုတ် ပါတယ်။ ကြာရင် အရိုးပါး အရိုးပျော့ ဖြစ်စေပြီး၊ ဖျော်ထုတ် လိုက်တဲ့ ကယ်လ်စီယမ် တွေက ကျောက်ကပ်မှာ စုလို့ ကျောက်ကပ် ကျောက်တည် စေပါတယ်။

ဒါကြောင့် အချိုရည် တွေကို လျှော့ သောက်သင့်ပါတယ်။

ဗိုက်တာမင် စီ ဓာတ် ရတဲ့ အချဉ် သစ်သီး ဖျော်ရည် တွေကတော့ ကျန်းမာရေး အတွက် ကောင်းလို့ သောက်သင့် ပါတယ်။ သောက်တဲ့ အခါ ပိုက်နဲ့ မြန်မြန်စုပ် သောက်သင့် ပါတယ်။ သောက်ပြီးတာနဲ့ ရေနဲ့ ပလုတ်ကျင်း ပေးသင့် ပါတယ်။ ဂျပန် မှာတော့ Ocha လို့ခေါ်တဲ့ green tea လဘက်ရည် တွေကို ဘူးသွပ်၊ ပုလင်းသွပ်ပြီး ရောင်းတယ်။ နေရာတကာမှာ ၀ယ်လို့ ရတယ်။ ရေငတ်လည်း ပြေ၊ အိပ်ချင်လည်း ပြေ၊ ဥပါဒ်လည်း မဖြစ်ဘူး။ ကျန်းမာရေး အတွက် အထောက်အကူ ပေးတဲ့ ဓာတ်တွေပါတဲ့ green tea အကြောင်း အလျဉ်းသင့်ရင် ရေးပါဦးမယ်။

ကျန်းမာသုခ ပြည့်ဝကြပါစေ။

ဖတ်သင့်တဲ့စာညွှန်းများ..
Phosphoric acid in sodas nearly as damaging to teeth as battery acid
Diet soft drinks linked to health risks: study
Relationship between dental erosion, soft drink consumption, and gastroesophageal reflux among Icelanders


Related Posts :



5 comments:

Nge Naing said...

သိပ်ကောင်းတဲ့ပို့စ်လေးပါ Dr Nyan။ လူအတော်များများက Soft drink တွေကို သောက်စရာအမျိုးအစားကောင်း အဖြစ်ပဲ ထင်နေကြတာအမှန်ပဲ။ အမှန်က Soft Drinks တွေ၊ ချော့ကလက်၊ အိုက်စရင်၊ ဘီစကစ်နှင့် သွားရေစာ မုန့်အချိုစာတွေ အားလုံးက သွေးထဲသကြားဓါတ်ကို လိုအပ်တာထက် ပိုပြီးစုပြုံစေတဲ့အတွက် အန္ဓရယ် ရှိပါတယ်။ ဒီအစာတွေက မရှိမဖြစ်လိုအပ်တဲ့ အာဟာရထဲမှာ မပါပါပဲ အပိုစားသုံးစရာတွေသာ ဖြစ်ပါတယ်။ အာဟာရလိုရင် အရည်သောက်မည့်အစား စားစရာကိုပဲ စားသင့်ပါတယ်။ ဆော်ဒါနဲ့ သကြားလုံးဝ မရောထားတဲ့ ၁၀၀% သစ်သီးရည်နှင့် သစ်သီးဆိုရင်တောင် အရည်သောက်မည့်အစား အသီးကိုစားနိုင်ရင် အမျှင်ဓါတ်ပိုရလို့ ပိုကောင်းပါတယ်။ တကယ်တော့ သောက်စရာမှန်သမျှထဲမှာ ရေထက်ကောင်းတဲ့သောက်စရာ ဘာမှမရှိပါဘူး။

Anonymous said...

အချိုရည်နဲ့ပတ်သက်ပြီး ခုမှပဲ သေ၂ချာသိတော့တယ်ရှင်
ကျေးဇူးပါ.

Unknown said...

hello everybody
This topic very good. And now, i know well about soft drink. Further more, drink with straw to avoid such kind of danger. Whatever not only this topic but also this blog are excellent.

Anonymous said...

မင်္ဂလာပါ ဒေါက်တာ(Dr Nyan)

ကျွန်မကို ကျွန်မ လေးစားစွာနဲ့ ပထမဦးဆုံးမိတ်ပါရစေ။ ကျွန်မနာမယ်ကတော့ နှင်းဆွတ်မိုးပါ။ ကျွန်မအနေနဲ့ “ရဲရင့်”လို့အမည်ရတဲ့ ဂျာနယ်တစ်စောင်ကို ရှေ့လာမဲ့ ဇန်န၀ါရီလ (၁)ရက်နေ့မှာ မလေးရှားနိုင်ငံမှာ ထုတ်ဝေဖို့ စီစဉ်ထားပါတယ်။ ကျွန်မအနေနဲ့ ဆရာ့တို့ရဲ့ဘလောက်ကို မကြာခဏအလည်ရောက်ဖြစ်ပါတယ်။ အနည်းဆုံးတစ်နေ့တစ်ခါတော့ ရောက်ဖြစ်ပါတယ်။ ဆရာ့တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုံ့လကိုတော့ ကျွန်မလေးစားပါတယ်။

ကျွန်မ ယခုစာရေးရခြင်းအကြောင်းကတော့ ကျွန်မ အနေနဲ့ ကျွန်မတို့ထုတ်ဝေသွားမဲ့ “ရဲရင့်ဂျာနယ်”မှာ ဆရာ့တို့ရဲ့ ကျန်းမာရေးဆောင်းပါးတွေထဲက အလျဉ်းသင့်လျင် သင့်သလို “ရဲရင့်ဂျာနယ်”မှာ ဖော်ပြတင်ဆက်ပေးသွားချင်ပါတယ်။ ဂျာနယ်ရဲ့ ကြောရိုးကတော့ နိုင်ငံရေးပေါ်မှာ အခြေခံပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အာကစား၊ ဟာသ၊ အတွေးအမြင်၊ ဆောင်ပါး၊ သတင်း စတဲ့စတဲ့ ကဏ္ဍလေးတွေကို ပါဝင်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီးတင်ဆက်ပေးသွားချင်ပါတယ်။ အဲ့ဒီအတွက် ကျွန်မ အနေနဲ့ ရိုးသားစွာ ဆရာ့ဆီမှ ခွင့်ပြုချက်တောင်းခံရခြင်းဖြစ်ပါတယ်။ စာမူခအနေနဲ့ကတော့ အခုမှ စပြီးထုတ်မှာမို့ ကျွန်မတို့အတွက် အခက်အခဲ လောလောဆယ်ရှိပါတယ်။ ကျွန်မတို့တစ်တွေဟာ စီးပွားရေးသမားမဟုတ်ပါဘူး။ ဒီလုပ်ငန်းကိုလုပ်ရတာ စာပေကိုချစ်လို့ပါ။ နောက်ပြည်သူတွေကို စစ်မှန်တဲ့၊ ခိုင်မာတဲ့၊ မရှိမဖြစ်လိုအပ်မဲ့ဗဟုသုတတွေ၊ အသိအမြင်တွေပေးချင်လို့ပါ။ သို့သော်လဲ ဘုရားသခင်အလိုတူလို့ “ရဲရင့်ဂျာနယ်”အောင်မြင်ခဲ့မယ်ဆိုရင်တော့ ကျွန်မတို့ဆရာ့ကို စာမူခချီးမြှင့်ပေးသွားမှာပါ။

ကျွန်မအနေနဲ့ ဆရာ့ဆီက ဂရုဏာတရားနဲ့ခွင့်ပြုပေးမဲ့ခွင့်ပြုချက်ကို ကျွန်မ စောင့်မျှော်နေပါတယ်။ များပြားလှသောတာဝန်၊ ၀တ္တရားတွေထဲက ဆရာ့အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေကို အသုံးပြုလို့ ကျွန်မဆီ စာပြန်ပေးပါဦးလို့လေးစားစွာနဲ့ တောင်းဆိုအပ်ပါတယ်။

ဆရာ့ရဲ့ စာပေမိတ်ဆွေ
နှင်းဆွတ်မိုး
လက်ထောက်အယ်ဒီတာ
ရဲရင့်ဂျာနယ်

Dr. Nyan said...

မနှင်းဆွတ်မိုးခင်ဗျာ..

ကျွန်တော်ရေးထားတဲ့သွားနဲ့ခံတွင်းဆိုင်ရာဆောင်းပါးတွေကို ပြန်ဝေမျှလို့ရပါတယ်။ အဲဒီအတွက်စာမူခမလိုအပ်ပါဘူး။ ကျွန်တော်ရဲ့အဓိကရည်ရွယ်ချက်က ပြည်သူအများထဲသွားနဲ့ခံတွင်းဗဟုသုတတွေတိုးပွားစေချင်တဲ့ရည်ရွယ်ချက်မို့ အခုလိုထပ်ဆင့်ဖြန့်ဝေပေးမှာကို ကျေးဇူးတင်မိပါတယ်။ ဒီဆိုဒ်မှာစာရေးသူအနေနဲ့ပို့စ်တွေထပ်တင်ဖို့မရှိတော့ပေမယ့်၊ အရင်တင်ထားတာတွေရယ်၊ ကျွန်တော့်မြင်းမိုရ်ဦးဆိုဒ်ရယ်မှာရှိတာတွေ လိုအပ်သလိုအသုံးပြုနိုင်ပါတယ်။ တခုဘဲမေတ္တာရပ်ခံလိုတာက ကျွန်တော်ဟာရဲရင့်ဂျာနယ်ရဲ့စာရေးသူတစ်ယောက်မဟုတ်တဲ့အတွက်၊ ဘလော့ဂ်လင့်ခ်မှတဆင့်မျှဝေပါသည်..ဆိုတာလေးမှတ်ချက်ဖြစ်ဖြစ်ရေးပေးရင်ရပါပြီခင်ဗျာ။