Wednesday, September 23, 2009

Let’s Talk About Sex!


လောလောဆယ်မှာ အချိန် စီမံခန့်ခွဲမှု အလွန်ကို ညံ့ဖျင်းနေတဲ့အတွက် ဒီနေရာက ခဏ ရှောင်ပြေးဖို့ ကြိုးစားနေတာပါ။
ဒါပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းလေး လာမေးထားတာတွေ့တာနဲ့ တတ်တဲ့ ပညာ မနေသာ ဆိုသလို (၀ါသနာကလဲ ပါလေတော့) ရေးချင်လာမိ ပြန်တယ်။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကြောင့် ကျွန်မတို့ အရင်က မပြောဆို မဆွေးနွေးခဲ့ကြတဲ့ အရာတွေကို ပြောဆို၊ ဆွေးနွေး လာကြရပါတယ်။
အဲဒီလို ပြောဆို ဆွေးနွေးပြီး အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တားဆီး ကာကွယ်ရေး လုပ်ငန်းတွေမှာ ပါဝင်လာကြသူတွေထဲ လိင်မှု လုပ်ငန်းနဲ့ နေ့စဉ် အသက်မွေးနေရတဲ့ လိင်အလုပ်သမလေးတွေ ပါသလို၊ လိင်မှု ကိစ္စဆို ဝေးဝေးက ရှောင်တယ်၊ လုံးဝ အပူ မရှာဘူးဆိုတဲ့ အပျိုကြီး စစ်စစ်တွေလဲ ပါပါတယ်။
ရည်းစားတောင် တစ်ခါမှ မထားဘူးသေးတဲ့ ညီမလေးတွေ ဆိုလဲ “သမီးတို့တော့ ပညာပေးရင်းနဲ့ ကျိန်းတွေ ကျေနေပါပြီ အစ်မရယ်“ လို့ ညည်းကြ ရှာပေမယ့် သူများတွေ အန္တရာယ်ကင်းဖို့ ရှက်တဲ့ ကြောက်တဲ့ စိတ်တွေကို ဘေးချိတ်ပြီး ပြောပြနေကြရပါတယ်။



အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တားဆီး ကာကွယ်ရေး အတွက်က လူတိုင်း လူတိုင်းမှာ တာဝန်ရှိတော့ လူတိုင်း လူတိုင်းက ဒီသတင်းအချက်အလက်တွေကို သိထားသင့်တယ်၊ သိထားခွင့် ရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
လိင်မှု ကိစ္စမှာ လုံးဝ ရှောင်ကြဉ်မှုကပဲ ၁၀၀ ရာခိုင်နှုန်း စိတ်ချရတယ်လို့ ပြောနိုင်တဲ့ အနေအထားမှာ ရှိတာပါ။ (မှားတယ် ထင်ရင် ပြန်ငြင်းကြပါ။)
အဲဒီတော့ အဲဒီလို မရှောင်ကြဉ်နိုင်တိုင်းမှာ အန္တရာယ်ကို အနည်းနဲ့ အများ ဆိုသလို ယူမိတတ်ကြပါတယ်။
ဒီတော့ ကိုယ် ယူမယ့် အန္တရာယ်က ဘယ်လောက်အထိ မြင့်မားသလဲ ဆိုတာကို လူတိုင်း လူတိုင်း သိခွင့် ရှိတယ်လို့ ထင်ပါတယ်။
အဲဒီ လိင်ဆက်ဆံမှုရဲ့ အန္တရာယ် အနည်းအများ အနေအထားထဲမှာ ပါးစပ်နဲ့ လိင်ဆက်ဆံတာကတော့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံရနိုင်မှုမှာ တော်တော်လေး နည်းပါးတဲ့ အနေအထားမှာ ရှိပါတယ်။
ဒါပေမယ့် အခြား ကာလသားရောဂါတွေ ကူးစက် ခံရနိုင်မှု များပါတယ်။
ဖြစ်နိုင်ရင် ကွန်ဒုံးကို သုံးတာ ကောင်းပါတယ်။
စအိုက လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်လို့ ဆရာတစ်ယောက်က ရေးပေးမယ်လို့ ပြောထားပါတယ်။ရေးနိုင်တဲ့ သူတွေ ဆက်ရေးပေးကြဖို့ ကျွန်မ ဒီမှာပဲ ရပ်ထားပါတော့မယ်။


Related Posts :



4 comments:

Anonymous said...

ကျွန်တော်လဲ ဆုံးဖြတ်ဘို့ ခက်နေတုံးပါဘဲ။ ဒီဘာသာရပ်ကို ကျွန်တော်တို့ လူမှု-ကျန်းမာစနစ်က (အတိုင်းအတာ တခုအထိ) လက်ခံသင့်လား၊ လက်မခံချင်သေးဘူးလား၊ မသိပါ။ သူများ နိုင်ငံတွေမှာ လက်ခံနေတာတွေတိုင်းကို ကျွန်တော်တို့ အသိုင်းအ၀ိုင်းက လိုက်လုပ်သင့်တယ် ဆိုမျိုးတော့ ကျွန်တော်က လက်မခံသူပါ။ ဆေးပညာအရ ဒီဘာသာရပ်ကို ပညာပေးဘို့ တာဝန်ရှိကြတယ်လို့ ထင်တာဘဲ။
မေးတဲ့သူတွေ ရှိတယ်။ တကယ်လိုလို့ မေးတာပါ။ ဥပမာ သူ့ခင်ပွန်းက နည်းအဆန်းတခုကို စမ်းချင်တယ်။ သူမက ဘာသာရေး-လူမှုရေးဆိုတဲ့ ဘက်ကနေ ငြင်းချက် ထုတ်တာအပြင် ကျန်းမာရေးအရ မသင့်ဘူးဆိုတဲ့ အကြောင်းကို ဆင်ခြေပေးချင်တယ်။ တိတိကျကျ ပေးမှ ဖြစ်မှာမို့ ဆရာဝန်ရဲ့ အကြံကို ရယူလာတယ်။ ဆရာဝန်က သူမဆီ တိုက်ရိုက်ဖြေတဲ့၊ တကူးတက ရေးထားတဲ့ စာတပုဒ်ကို မေးရမှာ အားနာ-ရှက်နေသူတွေ အတွက်လဲ သိစေချင် ပြန်တယ်။ (ဘလော့ခ်)မှာ တင်ဘို့ သင့်-မသင့် ဆုံးဖြတ်ဘို့ ခက်နေတုံးပါဘဲ။

tune said...

ပြောရမယ့်သူတွေကသာ စဉ်းစားနေတာ။
အသိပညာက မလိုက်နိုင်ဘဲ လုပ်ချင်တာတွေ လုပ်နေကြလို့ ပြဿနာတွေ အများကြီး တက်နေနှင့်ပြီးပြီ။
ပြောချင်တာ အမှန်တကယ် အပြင်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို အရင် ဆန်းစစ်ကြည့်လိုက်ပါ။
ဒါဆို ပြောသင့် မပြောသင့်ဆိုတာကို မြင်လာမှာပါ။
သူများနိုင်ငံနဲ့ မချိန်ပါနဲ့။
ကိုယ့်နိုင်ငံထဲမှာ ဘာတွေ ဖြစ်နေသလဲ။
အဲဒါကို သိရင် ဘာတွေ လိုနေသလဲ ဆိုတာ မြင်လာမှာပါ။
မြန်မာ့ယဉ်ကျေးမှုဆိုပြီး ပြောတော့ မပြောကြဘူး။
" လက်တွေ့ပဲ " ဆိုရင်တော့ အင်း ...။

tune said...

ပြောချင်တာ လွဲမှာ စိုးလို့ လာထပ်ရေးတာ။
ရေးစေချင်တာက အန္တရာယ် အတိုင်းအတာကို လူတွေ သိစေချင်တာပါ။
အခုက anal sex ကို လူတွေက ပိုသိလာကြတယ်။
အရင်ကလဲ ရှိပါတယ်။
ဒါပေမယ့် အများက မသိကြတော့ အခုမှ အထူးအဆန်းလို့ ဖြစ်နေတယ်။
စမ်းသပ်ချင်ကြတယ်။
အဲဒါက ဘယ်လောက် အန္တရာယ် ရှိသလဲ။
ပြီးတော့ မိန်းမတစ်ယောက်က ကိုယ့် ခန္ဓာကိုယ်ကို ကိုယ်ပိုင်ပါတယ်။
ငြင်းပိုင်ခွင့်ရှိတယ်။
sodomy က ဖမ်းပြီး ထောင်ချလို့ တောင်ရတယ်လို့ သိထားတာ။
လက်ရှိ ဥပဒေကိုတော့ ကျွန်မ နားမလည်ဘူး။
လိင်ဆက်ဆံဖို့ သဘာဝတရားက အခြေအနေ ပေးထားတဲ့ နေရာ မဟုတ်တော့ အန္တရာယ် ပိုများတယ် ။ ကြုံ့နိုင်တဲ့ ကြွက်သားတွေ ထိခိုက်ပြီး အူမကြီး ကျွံတာမျိုးလဲဖြစ်တတ်တယ်လို့နားလည်ထားတယ်။ ( စာဖတ်ပြီး ပြောတာ မဟုတ်လို့ မှားရင် ၀ိုင်းပြင်ပေးကြပါ)
အဲဒါတွေကို ရေးပေးစေချင်တာပါ။
အားပေးအားမြှောက်လုပ်စေချင်တာ မဟုတ်ပါဘူး။

Anonymous said...

sodomy သည် အိမ်ထောင်သည်တောင်မှ အမျိုးသမီးက အလိုမတူရင် အမျိုးသားကို ထောင်ချပိုင်ခွင့်ရှိပါတယ်။ ၃ နှစ်ထင်တာပဲ။ အတိအကျ မမှတ်မိတော့ဘူး