Friday, September 25, 2009

HIV vaccine

ခုခံကျရောဂါ ကာကွယ်ဆေး


၂၄ စက်တင်ဘာ ၂၀၀၉

ဒီကနေ့ သတင်းတွေထဲမှာ ထိပ်ဆုံးကပါလာတာကတော့ ခုခံကျရောဂါကာကွယ်ဆေး သုတေသန အောင်မြင်မှု သတင်းပါ။ ထိုင်း-အမေရိကန် ၆ နှစ်ကြာ ပူးတွဲ သုတေသနပြုချက်အရ ကာကွယ်ဆေးထိုးထားသူတွေဟာ ကာကွယ်ဆေး ထိုးမထားသူတွေထက် ခုခံကျရောဂါဖြစ်ပွားမှု ၃၁ ရာနှုန်း လျော့နည်းတယ်လို့ ဆိုပါတယ်။ ဒီသတင်းကောင်းကို ခွဲခြမ်းစိပ်ဖြာ ကြည့်ရအောင်။

စမ်းသပ်မှု


ဒီသုတေသနပြုချက်ဟာ ကာကွယ်ဆေး စမ်းသပ်မှုအဆင့် (၃) ဖြစ်ပြီး အရည်အသွေးပိုင်းမှာ စနစ်တကျ ဆောင်ရွက်ထားတာ တွေ့ရပါတယ်။

(စကားချပ်။
စမ်းသပ်မှု အဆင့် (၁) - ကာကွယ်ဆေးက လူကို ဥပါဒ် မပေးနိုင်ဘူး ဆိုတာ သေချာအောင် စမ်းသပ်တာပါ။
စမ်းသပ်မှု အဆင့် (၂) - ကာကွယ်ဆေးက တကယ့် အာနိသင် ရှိမရှိ လူဦးရေ ခပ်နည်းနည်းနဲ့ စမ်းသပ်တာ ဖြစ်ပြီး
စမ်းသပ်မှု အဆင့် (၃) - ကာကွယ်ဆေးက တကယ့် အာနိသင် ရှိမရှိ လူဦးရေ များများနဲ့ စမ်းသပ်တာဖြစ်ပါတယ်။)

ခုခံကျရောဂါပိုး မရှိတဲ့ ( HIV ပိုး မရှိတဲ့ ) အသက် ၁၈ နှစ်ကနေ ၃၀ အတွင်း ထိုင်းလူမျိုး ကျား-မ စုစုပေါင်း ၁၆၀၀၀ ကျော်ကို စမ်းသပ်ထားပါတယ်။ အစမ်းသပ်ခံတဲ့ လူတွေထဲမှာ တစ်ဝက်က ကာကွယ်ဆေးရပြီး ကျန်တစ်ဝက်က ကာကွယ်ဆေး မရပါ။ သို့သော် အားလုံးကိုတော့ အပြင်ပန်းကြည့်ရင် အတူတူပဲလို့ ထင်ရတဲ့ ဆေးတွေ ပုံမှန် ထိုးပေးပါတယ်။ ကာကွယ်ဆေး အတု နဲ့ အစစ်လို့ လွယ်လွယ် ပြောကြပါစို့ရဲ့။ ဆေးထိုးပေးရတဲ့ လူကိုယ်တိုင်တောင် ဘယ်ဆေးက အစစ် ဘယ်ဆေးက အတု ဆိုတာ မသိပါဘူး။ ဒီလိုမျိုး ဆေးထိုးခံရသူကော ဆေးထိုးပေးသူပါ အတု အစစ် မခွဲခြားနိုင်အောင် ပြုလုပ်ထားနိုင်တာဟာ ကာကွယ်ဆေး သုတေသနမှာ အင်မတန် ကောင်းမွန်တဲ့ အချက်ပါ။ (စကားချပ်။ ။ ဘိုလိုတော့ double blind trial လို့ ခေါ်ပါတယ်။)

ဘာဖြစ်လို့ ကောင်းတာလဲ ဆိုတော့ ကာကွယ်ဆေး အစစ် ရထားလို့ ဆိုပြီး အပြင်မှာ သွားကဲချင်တိုင်း ကဲနေတာမျိုး၊ ကာကွယ်ဆေး အတု ရထားလို့ဆိုပြီး စမ်းသပ်ကာလအတွင်း ဥပုသ်စောင့်နေတာမျိုး လုပ်နေကြရင် စမ်းသပ်မှု အဖြေထုတ်ရာမှာ ထိခိုက်နိုင်လို့ပါပဲ။ ဒါကြောင့် စမ်းသပ်မှုမှာ ပါဝင်သူတွေဟာ နေရိုးနေစဉ်အတိုင်း ဆက်လက်ပြီး နေနေကြဖို့ အရေးကြီးပါတယ်။ အခုလို ကာကွယ်ဆေး အတု ရထားလား၊ အစစ်ရထားလား ဘယ်သူ့ ဘယ်သူမှ မသိကြလေတော့ စမ်းသပ်မှုမှာ ပါဝင်သူတွေဟာ အရင်လို နေမြဲအတိုင်း ဆက်နေကြဖို့ ဖြစ်လာပါတယ်။

နောက်တစ်ချက်က သုတေသန အဖွဲ့မှာ မပါဝင်တဲ့ သမာသမတ်ရှိမယ်လို့ ထင်ရတဲ့ အဖွဲ့တစ်ဖွဲ့က သုတေသန လုပ်သူတွေ စနစ်ကျမှုရှိမရှိ စောင့်ကြည့်တာပါ။ ဒါဟာလည်း အရည်အသွေးကောင်းတဲ့ သုတေသနတွေရဲ့ လက္ခဏာ တစ်ခုပါ။

စမ်းသပ်မှု အဆင့် (၃) ကိုရောက်ဖို့အတွက် အဆင့် (၁) တွေ (၂) တွေကို ကျော်ဖြတ်ရပါတယ်။ ဒီသုတေသန ပြုချက်မှာ အဆင့် (၁) နဲ့ (၂) ကို ကျော်ဖြတ်ပြီးခဲ့ကြောင်း မှတ်တမ်းတင်ထားတာ တွေ့ရလို့ ကောင်းမွန်တဲ့ သုတေသနပြုချက်လို့ ပြောလို့ ရနိုင်ပါတယ်။

စမ်းသပ်မှု အဖြေ


ကာကွယ်ဆေး ထိုးထားသူတွေထဲမှာ ၅၁ ဦး ခုခံကျ ရောဂါ ရလာပြီး ကာကွယ်ဆေး ထိုးမထားသူတွေထဲမှာ ၇၄ ဦး ရောဂါရပါတယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့ လူဦးရေ အတိအကျနဲ့ ပါဝင်တဲ့ အချိန်တွေ ထည့်တွက်လိုက်တော့ ၃၁ ရာခိုင်နှုန်း ကာကွယ်မှု ရှိတယ်လို့ သိရတယ်။

နောက်ဆက်တွဲ ရလဒ်များ


စမ်းသပ်ခဲ့ဖူးသမျှ ခုခံကျရောဂါ ကာကွယ်ဆေးတွေထဲမှာ ဒီကာကွယ်ဆေးက အလားအလာ အကောင်းဆုံးပါ။ ဒါပေမယ့်လည်း ကာကွယ်နိုင်မှုက ၃၁ ရာနှုန်းပဲ ရှိတော့ ကာကွယ်ဆေး ထိုးထားဦး ရောဂါ ကူးစက်နိုင်ချေက အတော်များနေဆဲပါ။ တစ်ဖက်က ကြည့်ပြန်ရင် ဒီကာကွယ်ဆေးရဲ့ အလုပ်လုပ်ပုံ အစွမ်းသတ္တိတွေကို ထပ်မံလေ့လာပြီး မွမ်းမံလိုက်ရင် ဒီ့ထက် ပိုကောင်းတဲ့ ကာကွယ်ဆေး ရကောင်းရလာနိုင်ပါတယ်။

သတိထားစရာလေးများ


ဒီစမ်းသပ်မှုမှာ သတိထားစရာ တစ်ချက်က ထိုင်းမှာ အဖြစ်များတဲ့ ခုခံကျရောဂါပိုး မျိုးကွဲ၊ မျိုးစိတ်တွေကို အဓိကထား စမ်းသပ်ထားတာမို့ အခြား မျိုးကွဲ၊ မျိုးစိတ်တွေအတွက် သုံးလို့ မရနိုင်သေးပါ။ (စကားချပ်။ ။ အာဖရိကနိုင်ငံတွေမှာ အဖြစ်များတဲ့ ခုခံကျရောဂါ မျိုးကွဲ၊ မျိုးစိတ်တွေဟာ ထိုင်းနဲ့ မတူပါ။)

ကာကွယ်ဆေး ပေါ်ပြီဟေ့ ဆိုပြီး လူတွေ လွတ်ချင်တိုင်းလွတ်ပြီး ကဲနေလို့တော့ မဖြစ်ပါ။ ကာကွယ်ဆေးက ရာနှုန်းပြည့် ကာကွယ်တာ မဟုတ်။ နောက်ပြီး ဒီနေ့ ပေါ်တဲ့ ကာကွယ်ဆေးက နောက်နေ့ လူအားလုံး သုံးဖို့ မဖြစ်နိုင်ပါ။ နောက်ထပ် စမ်းသပ်စရာများ ခွင့်ပြုချက်များ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ကိစ္စများ ရှိပါသေးတယ်။

ကာကွယ်ဆေး ပေါ်ပြီဆိုတော့ ခုခံကျရောဂါ ဒီကမ္ဘာပေါ်ကနေ အမြစ်ပြတ် သွားနိုင်မလား


နမူနာ တစ်ခုနဲ့ ယှဉ်ပြီး ပြောပါမယ်။ ပိုလီယို ရောဂါ ကာကွယ်ဆေးဟာ ၉၅ ရာနှုန်း ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ၁၉၆၀ ခုနှစ်ကျော်က ကာကွယ်ဆေးကို ရှာဖွေ တွေ့ရှိခဲ့ပေမယ့် ဒီကနေ့ ဒီအချိန် အထိ ကမ္ဘာပေါ်မှာ ပိုလီယိုရောဂါ အမြစ် မပြတ်နိုင်သေးပါ။ ဒါကြောင့်မို့ ၃၁ ရာနှုန်းသာ ကာကွယ်နိုင်စွမ်းရှိတဲ့ ဒီ ခုခံကျရောဂါ ကာကွယ်ဆေးနဲ့တော့ ခုခံကျရောဂါ ကမ္ဘာပေါ်မှာ အမြစ်ပြတ် မသွားနိုင်ပါ။

ဒါဆို ဘာလုပ်ကြမလဲ


လက်ရှိ သိပြီးသား နည်းလမ်းတွေဖြစ်တဲ့ ကျန်းမာရေး ပညာပေးခြင်း၊ ကွန်ဒုံးသုံးခြင်း၊ ရောဂါကူးစက်နိုင်ခြေများတဲ့ အပြုအမူ ( ဥပမာ - မူးယစ်ဆေး ထိုးခြင်း၊ လိင်ဆက်ဆံဖက် များခြင်း ) တွေကို ရှောင်ခြင်း၊ အမျိုးသား လိင်အင်္ဂါ အရေပြားဖြတ်ခြင်း စတာတွေကို ဆက်လက် ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလို ဆောင်ရွက်ရင်းနဲ့မှ လူအများ သုံးလို့ရတဲ့ ခုခံကျရောဂါ ကာကွယ်ဆေး ရလာပြီဆိုရင် ကာကွယ်ဆေးထိုးတာကိုပါ နည်းလမ်းတစ်ခုအနေနဲ့ ဖြည့်စွက် အသုံးပြုလာနိုင်ပါလိမ့်မယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး


UNAIDS. “Largest ever HIV vaccine trial results very encouraging”
ClinicalTrials. HIV Vaccine Trial in Thai Adults.
The U.S. Military HIV Research Program (MHRP). Fact sheet on RV 144 Phast III Trial – Thailand.


Related Posts :



10 comments:

tune said...

"ကာကွယ်ဆေး ထိုးထားသူတွေထဲမှာ ၅၁ ဦး ခုခံကျ ရောဂါ ရလာပြီး ကာကွယ်ဆေး ထိုးမထားသူတွေထဲမှာ ၇၄ ဦး ရောဂါရပါတယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့ လူဦးရေ အတိအကျနဲ့ ပါဝင်တဲ့ အချိန်တွေ ထည့်တွက်လိုက်တော့ ၃၁ ရာခိုင်နှုန်း ကာကွယ်မှု ရှိတယ်လို့ သိရတယ်။"

အဲဒါ ethical လို့ ပြောနိုင်လား?
ဥာဏ် မမီဘူး။

tune said...

"ခုခံကျရောဂါ မရှိတဲ့ အသက် ၁၈ နှစ်ကနေ ၃၀ အတွင်း ထိုင်းလူမျိုး ကျား-မ စုစုပေါင်း ၁၆၀၀၀ ကျော်ကို စမ်းသပ်ထားပါတယ်။ "
ရောဂါပိုးရှိပြီးသား သူတွေကို စမ်းတာလား?
မရှင်းလို့။

Ye-Mon said...

ပြန်မေးရဦးမယ် ethical မဖြစ်ဘူးလို့ ဘယ်လို အကြောင်းနဲ့ ပြောမလဲ။

စမ်းသပ်ချက်မှာ စပြီး ပါစဉ်တုန်းကတော့ ပါဝင်သူတွေအားလုံး ဘယ်သူမှ ခုခံကျရောဂါ မရှိကြပါ။

tune said...

ဒါက ရပြီးရင် ပြန်ပျောက်အောင် ကုလို့ရတဲ့ ရောဂါမှ မဟုတ်တာ။
ရောဂါ မရှိတာလား။
ရောဂါပိုးပါ မရှိတာလား။
အဲဒါ မရှင်းဘူး။

DTS said...

ကမ္ဘာတ၀ှမ်း လူပေါင်း ၃၃ သန်း ကူးစက်ခံနေရတဲ့ HIV အတွက် မီဒီယာ ကနေ Breakthrough တခုလို့ ပြောကြတယ်။ သုတေသနအရဆိုရင် ဟုတ်မှာပါ။

ဒီ HIV ကာကွယ်ဆေးဟာ ရောဂါကူးစက်စေမှုကို လျော့ကျစေနိုင်ကြောင်း ပဌမဆုံးအကြိမ် စမ်းသပ်တွေ့ရှိရတာ ဟုတ်ပါသတဲ့။ တမျိုးထဲပေးရင် မထူးတဲ့ လက်ဟောင်း ကာကွယ်ဆေး နှစ်မျိုးတွဲကို ဒေသ ၂ ခုက ထိုင်းလူမျိုး လူ ၁၆၃၉၅ ဦးကို ထိုင်းအစိုးရနှင့် အမေရိကန်စစ်တပ်တို့ ပူးတွဲပြီး၊ စမ်းသပ်ခဲ့ခြင်းဟာ အများဆုံး သုတေသန ဖြစ်ပါတယ်။ HIV ပိုးမရှိတဲ့ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်ရှိသူတွေကို ၇ နှစ်တာ ဆောင်ရွက်ခဲ့ခြင်းပါ။ စမ်းသပ်ခံသူတွေကို ၆ လ ၁ ခါ၊ ၃ နှစ်ကြာ စစ်ဆေးခဲ့တာပါ။

ဆရာ တက္ကသိုလ် လှမွန် ပြောတာကို ထောက်ခံတယ်။ အဝေးကြီးလိုပါသေးတယ်။ ကိန်းဂဏန်းအရာတော့ ၃၁့၂% လျော့နည်းတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေး မထိုးသူတွေထဲက ၇၄ ဦး ကို ကူးစက်ပြီး၊ ထိုးသူ ၅၁ ဦး ကူးစက်ကြောင်း တွေ့ရတာဖြစ်လို့ မလွမ်းလောက်သေးဘူး ထင်ပါတယ်။

စမ်းခဲ့တာက ဗိုင်းရပ်မျိုးခွဲ B နှင့် E တို့ဖြစ်လို့၊ အာဖရိကမှာ အဖြစ်များတဲ့ C မဟုတ်ပါ။ ကျွန်တော်တို့တိုင်းပြည်မှာ ဘာမျိုးခွဲတွေရှိလဲ မသိပါ။ သုတေသနဆိုတာ ဗမာပြည်မှာ အတော်ကြီး-အတော်ကြီး လိုနေတယ် ထင်တယ်။

ဟိုခေတ်တုံးက ကမ္ဘာမှာ ဆန်အတင်ပို့ဆုံး တိုင်းပြည် ဖြစ်ချိန်မှာ ဆန်သုတေသနကို လက်မခံခဲ့လို့ ဖိလစ်ပိုင် ကို ရောက်သွားရတယ်။ အကျိုးရလဒ်ကတော့ ကနေ့ ဗမာ့ဆန်ကို ၀ယ်သူမရှိဖြစ်သွားရော။

Ye-Mon said...

စမ်းသပ်ချက်မှာ စပြီးပါစဉ်တုန်းက “ရောဂါပိုး” မရှိကြပါဘူး လို့ ပြောရင် ပိုပြီး တိကျပါလိမ့်မယ်။ ပို့စ်ထဲမှာလည်း ပြန်ပြင်လိုက်ပါတယ်။

Yu Wa Yi said...

ကျင့်ဝတ်နဲ့ အညီဆုံးသုတေသနကိုရှာမတွေ့ နိုင်ကြလို့ နှစ် ၂၀ ကျော် ကာကွယ်ရာ ဆေးနိတ္ထ၊ ကုရာဆေးနိတ္တရောဂါကို လက်ပိုက်ကြည့်နေခဲ့ကြရတာပါ။ ကျင့်ဝတ်နဲ့ မညီရင် ဆက်လုပ်ခွင့်ကိုမရပါဘူး။

“ကာကွယ်ဆေး အစစ် ရထားလို့ ဆိုပြီး အပြင်မှာ သွားကဲချင်တိုင်း ကဲနေတာမျိုး၊ ကာကွယ်ဆေး အတု ရထားလို့ဆိုပြီး စမ်းသပ်ကာလအတွင်း ဥပုသ်စောင့်နေတာမျိုး လုပ်နေကြရင် စမ်းသပ်မှု အဖြေထုတ်ရာမှာ ထိခိုက်နိုင်လို့ပါပဲ။ ဒါကြောင့် စမ်းသပ်မှုမှာ ပါဝင်သူတွေဟာ နေရိုးနေစဉ်အတိုင်း ဆက်လက်ပြီးနေနေကြဖို့ အရေးကြီးပါတယ်။” ဆိုတော့ ကျင့်ဝတ်နဲ့ ငြိမယ်ဆိုရင် နေရိုးနေစဉ်အတိုင်း ဆက်လက်ပြီးနေနေကြဖို့ ကို ဆေးဆရာတစ်ယောက်က ခွင့်ပြုလိုက်ခြင်းဟာ သူဖြစ်ချင်တာဖြစ် ကိုယ့်သုတေသနအောင်မြင်ရင်ပြီးရော ဆိုသလိုမို့ “လူ့ ကျင့်ဝတ်” နဲ့ တော့သိပ်မကိုက်လှဘူးလို့ ကျွန်မထင်ပါတယ်။ သုတေသနကျင့်ဝတ်တော့ လွတ်နိုင်ပါတယ်။ သုတေသနကြောင့်သူတို့ ရောဂါရတာမဟုတ်လို့ ပါ။

နောက်တစ်ခုက ဆေးရဲ့ ကာကွယ်နိုင်မှုကလည်း သိပ်တော့မလွမ်းလောက်တဲ့နောက်တစ်ချက်က ဘယ်သူတွေက ဆေးထိုးပြီးနောက်ကဲနေကြပြီး၊ ဘယ်သူတွေက ဥပုသ်ဆောက်နေကြလဲဆိုတာတွေထိ လိုက်ကြည့်နေကြတာမျိုးမဟုတ်ရင်တော့ သူတို့ ကိုယ်တိုင်ရဲ့ အနေအထိုင်ကြောင့်ပဲ “ရောဂါရခြင်း၊မရခြင်း” ကိုဖြစ်စေပြီး ဆေးကတော့ ဘာမှကို မလုပ်နိုင်တာလည်းဖြစ်ကောင်းဖြစ်နေမလားပဲ။ ကိုယ်တိုင်လုပ်တာမဟုတ်ပဲ ဆရာတို့ ရေးထားတာကိုဖတ်ရသလောက်ကို မြင်ကြည့်မိတာပါ။

Nge Naing said...

Research လုပ်တာက သီးသန့်၊ Health Education လုပ်တာက သီးသန့်ဆိုတော့ ကျွန်မအနေနဲ့တော့ ဒီ Research အတွက် Sample ယူရာမှာ Paticipant တွေရဲ့ ဆန္ဒပါပြီး ပူးပေါင်းပါဝင်မှုနှင့်သာ လုပ်ရတာဖြစ်လို့ ကျင့်ဝတ်နဲ့ မကိုက်ညီလို့ သဘောထားရလောက်တဲ့အကြောင်း ရှိမယ်မထင်ဘူး။ ပြီးတော့ Research တခု လုပ်ဖို့အတွက် Sample ယူတဲ့အခါမှာ ခုနက Yu Wa yi ထည့်ပြောတဲ့ အချက်တွေကို Experiment error (Type 1 and Type 2) နှင့် Experiment bias ဆိုတဲ့ လွဲချော်နိုင်တဲ့ အချက်တွေကို အဲဒီထဲမှာ ထည့်တွက်ထားပြီး ဖြစ်ပါတယ်။ Research ရဲ့သဘောအရ ပို့စ်ထဲမှာ ပါတဲ့ အားလုံးတွက်ချက်ပြီး ရလာတဲ့ အဖြေဆိုတာ ဒါတွေ အကုန်လုံး နှုတ်ထားပြီးသား ဖြစ်ပါတယ်။ ဘယ်လို Sample အမျိုးအစား ဆိုတာ မသိလို့ Population ကို ကိုယ်စားပြုမှု ဘယ်လောက် အတိုင်းအတာအထိ ရှိနိုင်တယ်ဆိုတာ ခန့်မှန်းလို့ မရပေမယ့် ထုတ်ပြန်ထားတဲ့ ၃၁ ရာခိုင်နှုန်းဆိုတာဟာ အနီးစပ်ဆုံး တိကျမှုကို ယူထားပြီးသားဖြစ်မှာ သေချာပါတယ်။

EEK said...

'Study volunteers received counseling on how to prevent becoming infected with HIV at the beginning of the study and every six months (pre-test and post-test counseling) after the start of the trial, for a total of three and a half years.'
ဒီ စမ်းသပ်မှုမှာ ပါဝင်သူများဟာ counseling အကြိမ်ကြိမ် ပေးခြင်းခံရတဲ့ အတွက် ethical မဖြစ်ဘူးလို့  ပြောစရာမရှိဘူးလို့  မြင်ပါတယ်။ counseling ရသော်လည်း ကူးစက်နိုင်မယ့် အပြုအမူတွေ ဆက်လုပ်နေသူများ၊ မပြောင်းနိုင်သူများသာ ပိုးကူးစက်ခြင်းခံသွားရတာ ဖြစ်ပါတယ်။ Link ပေးထားတဲ့ referencesတွေကို ဖတ်ကြည့်ရင် ပိုရှင်းသွားမှာပါ။

Yu Wa Yi said...

ကျေးဇူးပါ Nge Naing နဲ့ EEK. အခုမှရှင်းသွားတော့တယ်။
ဆောရီး။ ကျွန်မရဲ့ မှတ်ချက်မှာ “နတ္ထိ” တွေရေးတာ။ အခုမှကြည့်မိတယ်။ နိတ္တိ မဟုတ်။