Friday, September 18, 2009

(အလာဂျီ) သို့မဟုတ် မတည့်အတူနေ

ကျွန်တော် ခရီးဝေးတခုသွားရင်း၊ (တက်စီ)သမားနဲ့ လေပေးဖြောင့်လာတော့ သူကမေးတယ်။ ခုခေတ်မှာ (အလာဂျီ) ဆိုတာ သိပ်ပေါတယ်။ ဘာလို့လဲတဲ့။ ကားဆရာအရွယ်က လူကြီးပိုင်းမို့ အတွေ့အကြုံအရ ပြောတာနေမှာပါ။ အရင်က အဲလိုမရှိပါဘူးတဲ့။

ဆိုချင်တာက ကျွန်တော်တို့ဆီမှာသာမဟုတ် သူများတိုင်းပြည်တွေမှာပါ (အလာဂျီ)က ဒုက္ခပေးပါတယ်။ အရင်တုံးက မရှိခဲ့တာတွေ အခုရှိလာနေလို့ ဖြစ်ရတယ်လို့ ပြောရမှာပါ။ အရင်ကမရှိတာတွေထဲမယ် အစားအသောက်နဲ့ အသုံးအဆောင်တွေ အစုံပါဘဲ။ အသစ်ထွင်လိုက်တဲ့ ပစ္စည်းမျိုးစုံ၊ အစားအသောက်မျိုးစုံ၊ ဒါတွေကြောင့် နောက်ဆက် ဖြစ်လာရတဲ့ အနံ့အသက်အသစ်တွေ၊ နောက်ပြီး လူပြောများနေပြီဖြစ်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းလာတာတွေကိုပါ လက်ညှိုးထိုးရပါလိမ့်မယ်။

(အလာဂျီ)ဆိုတာ ဖြစ်ရင် အတော် အခံရခက်တယ်။ ဒုက္ခသေးသေးလေးကနေ အသက်ကိုပါ ရန်ရှာနိုင်တယ်။ နှာရည်တွေ တယိုယို ဖြစ်နေတာ။ ပန်းနာရောဂါ၊ နှင်းကူနာ၊ မတည့်ခြင်းပေါင်းစုံ (ပန်းနာ + နှင်းကူးနာ + နှာရည်ယို) အတူတွဲ ဖြစ်နေတာ ဆိုပြီးရှိပါတယ်။ သန်း-မှက်-လှေးစတဲ့ အင်းဆက် ကိုက်ခံရတာ၊ ချိတ်သံကောင် ရှိတာ၊ ပန်း-မြက်-သစ်ပင်-ပေါင်းပင်တွေရဲ့ ၀တ်မှုံတွေ၊ (ဖန်းဂတ်စ်)မှို၊ အိမ်မွေးတိရစ္ဆာန် ကြောင်၊ ခွေးတွေဟာလည်း (အလာဂျီ)ကို ရစေတဲ့ အရာတွေပါဘဲ။

မတည့်တဲ့အရာတွေထဲမှာ အများဆုံးလည်းဖြစ်၊ အဆိုဆုံးလည်းတစ် ဖြစ်တာကတော့ ဆေးတမျိုးမျိုးနဲ့ မတည့်တာ ဖြစ်ပါတယ်။ (ဆေး)ဆိုတဲ့ ဗမာစကားဟာ အတော်ကို ကောင်းတာပါ။ ဆေးလို့ ပြောတာနဲ့ ရောဂါဘယ ကင်းစေမယ်။ ခွန်အားကိုပေးမယ်။ ပျောက်စေဆိုတဲ့ စေတလုံးပိုင်လို့ အဓိပ္ပါယ်ကို ဆောင်တာပါ။ တကယ်တော့ ဆေးဟာ အကောင်း-အဆိုး ဒွန်တွဲနေတာမျိုးပါ။ ဘယ်ဆေးမှာမဆို (ဆိုက်-အဖက်)ဆိုတဲ့ ဘေးထွက်ဆိုးကျိုးတွေ အနည်းနဲ့အများ ရှိကြတယ်။ အဲဒါတွေထဲမယ် (အလာဂျီ)ဆိုတာက တခုပါတယ်။

Anaphylaxis ခေါ်တဲ့ (ရှော့ခ်) အပြင်းအထံ မတည့်ခြင်းကတော့ အသက်ရှူတာ နှလုံးခုန်တာတွေ မမှန်ဖြစ်လာပြီး အရေးပေါ် ဆေးကုမှ အသက်ရှင်နိုင်တဲ့အထိ ဆိုးပါတယ်။

အစားအသောက်ကြောင့်ဖြစ်ရတာကို (အလာဂျီ) အမျိုးအစား(၁)လို့ သတ်မှတ်ပါတယ်။ အစားတမျိုးမျိုးနဲ့ မတည့်တာထဲမှာ နွားနို့၊ ဥ၊ ငါး၊ အစေ့အဆံများ၊ အချဉ်သီးများ၊ ခရမ်းချဉ်သီးတို့ပါတယ်။ အသားတွေကသာ (အလာဂျီ) ရစေတာ မဟုတ်ဘူး။

မတည့်တာတခုခု ကိုယ်ခန္ဓာထဲ ၀င်လာရင် လူကနေ သူ့ကိုတန်ပြန်နိုင်စွမ်းရှိတဲ့ (အင်တီဘော်ဒီ)ဆိုတဲ့ ဆေးပညာလို ပြောရရင် IgE တနည်းပြောရရင် အတွင်းအား ဆိုတာ အလိုလိုထွက်လာတယ်။ သူတို့တတွေ ရန်ဖြစ်-စစ်ခင်းကြတာကို (အလာဂျီ)လို့ ခေါ်လိုက်တာပါဘဲ။ နှာရည်တွေထွက်၊ ယားယံ၊ မျက်လုံးတွေနီရဲ၊ အရေပြား အဖုအပိန့်ထွက်၊ ၀မ်းပျက် စတာတွေ ဖြစ်လာမယ်။

စစ်ကိုင်းဆေးရုံကြီးမှာ တာဝန်ကျတုံးက အပြာဝတ်ဆရာမတဦးရဲ့ခင်ပွန်း ဆံပင်ဆိုးဆေးတခုသုံးမိတာ ဆေးရုံတောင် တက်ကုရတယ်။ ဒါ့ကြောင့် ဆံပင်ဆိုးဆေးမှန်သမျှကို မသုံးခင်စမ်းရတယ်။ လက်ဖျံပေါ်မှာ ဆိုးဆေးကို တို့ထားပြီး ၅ မိနစ် ၁၀မိနစ် စသည် စောင့်ကြည့်ရတယ်။ နီရဲ၊ ယားယံလာတာမဖြစ်မှ ဆံပင်ကို ဆိုးရမယ်။

အနာသိ ဆေးရှိလို့ ဆိုပေမဲ့ အနာထပ်မဖြစ်အောင် ဘာကိုမတည့်တာလည်းဆိုတာ သိဘို့ လိုလာတယ်။ အများစုသော လူနာများက ကိုယ်က ဘာကိုမတည့်တာလဲဆိုတာ မသိကြဘူး။ ဒါ့ကြောင့် ဖြစ်တတ်တဲ့လူတွေ ထပ်ဖြစ်နေရတာပေါ့။ မတည့်ဘူးထင်တာကို သေခြာအောင်၊ အတိအကျ သိအောင်လုပ်တဲ့နည်းကတော့ သွေးစမ်းနည်းနဲ့ အရေပြားစမ်းနည်း ဆိုပြီးရှိပါတယ်။ ကရိကထ အတော်များပါတယ်။

ဒီလိုမျိုးလုပ်နိုင်တဲ့ အခွင့်အလမ်းမရှိရင် ကိုယ့်အားကိုယ်ကိုးရပါလိမ့်မယ်။ ငါ ဘာနဲ့ တကယ်မတည့်တာလဲဆိုတာ စနစ်တကျ ဆန်းစစ်-ရွေးထုတ်-ရှောင်ကျဉ်ပါလေ။ မဲမဲမြင်တိုင်းတော့ သရဲမမှတ်ပါနဲ့။ လူသုံးပုံတပုံလောက်က အစား တမျိုးမျိုး ရှောင်နေကြတယ်လို့ ပြောနိုင်ပေမဲ့ တကယ်မတည့်တာကတော့ ၃ ရာနုန်း လောက်သာရှိတယ်လို့ သုတေသန လုပ်တော့ တွေ့ပါတယ်။ သူငယ်ချင်းချင်း နောက်တာရှိတယ် မဟုတ်လား၊ နင်အရင်စားကြည့်၊ နင်ဘာမှမဖြစ်မှ ဒို့စားမယ်။ ဒါ့ အတော်ပညာရှိတဲ့နည်းဗျ။

ဗမာလူမျိုးတွေက ခန့်မှန်းတာကို လွယ်လွယ်ကြီး လုပ်တတ်တယ်။ ဘေးက လူတွေကလည်း စေတနာတော့ စေတနာပေါ့၊ ဟိုဟာက မတည့်ဘူးအေ့။ ဒီဟာကို မစားနဲ့ကွ။ ဒီလိုနဲ့ ရှောင်လိုက်ရတာများ စားစရာကို မရှိတော့ဘူး။ အသားကြောင့် ထင်လို့ (ဗက်ဂျီ) လုပ်လိုက်ရတဲ့အဖြစ်က ဒါ့ကြောင့်ပေါ့။

အမှန်က မတည့်တာက တမျိုးထည်း ဖြစ်လေ့ရှိတာပါ။ တမျိုးမှာတောင် တိတိကျကျ ပြောရရင် တမျိုးထဲကမှ တမျိုးက မတည့်တာမျိုး။ ခေါင်းရှုတ်မသွားနဲ့၊ ဒီလိုပါ။ ဟင်းတခွက်ချက်ရင် အမယ်မျိုးစုံ ထည့်ချက်ရတယ် မဟုတ်လား။ အဲဒီထဲက နံနံပင်ဖြစ်ချင်ဖြစ်မယ်။ ကြက်သွန်နီဖြစ်ချင်ဖြစ်မယ်။ ကိုယ်နဲ့မသင့်တာက တခုခုထဲဖြစ်မှာပါ။

ဟင်းချက်သလိုဘဲ၊ အသုံးအဆောင်တွေမှာလည်း အဲလိုဘဲ။ ခေါင်းလျှော်ရည်တခုမှာ အမယ်စုံထည့်လုပ်တာကိုး။ မွှေးအောင်လုပ်တဲ့ ဓါတုပစ္စည်းလေး တခုကြောင့် ခေါင်းလျှော်ရည်နဲ့ မတည့်တာဖြစ်စေတယ်။ (ကော့စ်မက်တစ်) လို့ခေါ်တဲ့ အလှသုံး ပစ္စည်းတွေ၊ နေ့စဉ်သုံး ပစ္စည်းတွေထဲက တမယ်မယ်ကနေ ကိုယ်နဲ့မသင့်တာ ဖြစ်တတ်ပါတယ်။ မိတ်ဆွေတဦးရဲ့ ဇနီးဆိုရင် ဆပ်ပြာမှန်သမျှ မတည့်တဲ့ဘ၀ ရောက်နေရရှာတယ်။ သူတို့ အမေရိကားရောက်တော့လည်း ဒီအတိုင်းဘဲတဲ့။

ရှောင်ရန် မသိသေးရင် ဆောင်ရန်ကတော့ (အင်တီဟစ်စတမင်း) ဆေးများပါဘဲ။ (အလာဂျီ) ကုစရာ (ဘာမီတွန်)လို ဆေးတွေကို လူတိုင်းလောက် သိနေကြပြီ။ ဒီဆေးမျိုးတွေဟာ ကောင်တာပေါ်တင်ပြီး၊ ဆရာဝန်ဆေးလက်မှတ် မလိုဘဲ၊ အလွယ်တကူ ၀ယ်ယူနိုင်တဲ့ ဆေးအမျိုးတွေထဲမှာ ပါတယ်လေ။ ဆေးပြားသာမက အရေးပေါ်လိုရင် ထိုးဘို့ ထိုးဆေး၊။ လိမ်းဆေး၊ ရှူဆေးနဲ့ မျက်စဉ်းတောင်ရှိပါတယ်။

(အင်တီ-ဟစ်တမင်း)တွေဟာ အိပ်ချင်၊ ခေါင်းကိုက်၊ မျက်စိမြင်ေ၀၀ါး၊ ၀မ်းချုပ်၊ အာခြောက်၊ ခေါင်းမူး၊ ဆီးသွားရခက်၊ ခေါင်းမကြည်မလင်ဖြစ်တတ်တဲ့ ဘေးထွက် မကောင်းကျိုးတွေရှိပါတယ်။ ခုခေတ်မှာတော့ အိပ်ချင်စေခြင်းမရှိတဲ့ (အင်တီ-ဟစ်တမင်း) ဒုတိယ၊ တတိယမျိုးဆက် ဆိုတာတွေ ပေါ်လာပါပြီ။

တကယ်လို့ ထပ်သိချင်ရင် ဆက်ဖတ်ပါ။ ဆေးညွှန်းစာတွေကို သေသေခြာခြာဖတ်လို့ Alimemazine (trimeprazine), Chlorphenamine (chlorpheniramine), Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုဒါတွေ ဖြစ်နေရင် သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီဆေးတွေက အိပ်ချင်စေပါတယ်။ အလုပ်လဲ လုပ်စရာမရှိအောင် ကံကောင်းသူများဆိုရင်တော့ ကိစ္စမရှိဘူးပေါ့လေ။

Acrivastine (Semprex, Benadryl), Cetirizine (Zirtec, Zyrtec), Desloratadine (Neoclarityn), (Telfast 120, Telfast 180, Allegra), Loratadine (Clarityn, Clarityne, Boots Antihistamine Tablets, Claritin), Mizolastine (Mizollen, Mistamine) ဆိုတာတွေကတော့ အိပ်ချင်စေခြင်းမရှိတဲ့ (အင်တီ-ဟစ်တမင်း) ဒုတိယမျိုးဆက်မို့ ပိုကောင်းတယ်လို့ ညွှန်းလိုက်ပါတယ်။

(အလာဂျီ)ရတတ်သူများ လက်ကိုင်အိပ်ထဲမှာ Zyrtec (Cetirizine hydrochloride) ကို ဆောင်ထားပါ။ စားဆေး၊ သောက်ဆေး။ သူက 5 mg and 10 mg ဆိုပြီးလာတယ်။ အသက် ၆ နှစ်အထက်ဆိုရင် တနေ့ တပြား။ အစာနဲ့နီးမှ ဝေးမှဆိုတာ မရှိဘူး။ ရောဂါပြင်းရင်တော့ ပိုသောက်ရမယ်ပေါ့။ တနေ့ကို နှစ်ခါခွဲသောက်လဲရတယ်။ အသက်ငယ်ရင် ကိုယ်အလေးချိန်အလိုက် လျှော့သောက်ရမယ်။ တ၀က်၊ လေးပုံတပုံ။

ဈေးချိုချို၊ ပေါပါလွယ်လွယ် ၀ယ်ရတဲ့ ဗမာပြည်မှာ Burmeton နဲ့ ကုလားပြည်မှာ Avil တို့ဟာ Pheniramine maleate ဆေးပဌမမျိုးဆက်တွေပါ။ သုံးနိုင်ပါတယ်။ ပြောခဲ့သလို အိပ်ချင်လိမ့်မယ်။ စိုးရိမ်တတ်ရင် ထိုးဆေးနဲ့ ဆေးထိုးအပ်ပါ ဆောင်ထားပါ။ ပုလိပ်နဲ့တွေ့ရင်တော့ သေသေခြာခြာ ရှင်းပြပေါ့။

ပုရွက်ဆိတ်ကိုက်ရင်၊ ခြင်ကိုက်ရင် လိမ်းဘို့ ပရုပ်ဆီအနီ အသုံးကျပါတယ်။ (အင်တီ-ဟစ်တမင်း) ပါတဲ့လိမ်းဆေးလည်း သုံးနိုင်သလို၊ Xylocaine (Lidocaine) 2% ထုံဆေးပါတဲ့လိမ်းဆေး၊ Calamine Lotion တို့က ချက်ချင်းဆိုသလို ယူပစ်သလို၊ အနာ-အယား သက်သာသွားမယ်။ အဲ ဆေးပျယ်သွားတော့ ပြန်သုံးပေါ့။

ငယ်တုံးက မတည့်ပေမဲ့ ကြီးလာတော့ ရှောင်စရာ မလိုတော့တာလည်း ဖြစ်တတ်တယ်။ လူကြီးများ ဒီနေရာမှာ ကံကောင်း တယ်ပေါ့။ စက်ရုံတွေ ပေါတဲ့နေရာ၊ လူတွေရှုတ်တဲ့ မြို့ကြီးတွေမှာ ပိုဖြစ်တတ်တယ်။ တောသူတောင်သားတွေက ဒီနေရာမှာ သာသွားပြီ။ ယောက်ျားလေးများက မိန်းကလေးတွေထက် အဖြစ်များသတဲ့။ အမျိုးသမီးများ ဂုဏ်ယူကြပါလေ။ (အလာဂျီ)ဆိုတာ မိဘမျိုးရိုး လိုက်တတ်တယ်။ ဒါ့ကြောင့် အမေ-အဖေကိုလည်း ရွေးပြီးမှ အမျိုးတော်ကြပါလေ။

Dr. တင့်ဆွေ


Related Posts :



2 comments:

Yu Wa Yi said...

ဟုတ်ကဲ့၊ ဂုဏ်ယူမိပါကြောင်း :)
allergy တော့ ကိုယ်တိုင်မဖြစ်ပေမယ့် ဖြစ်တဲ့သူတွေရဲ့ ဒုက္ခကလည်း မသေးဘူးပဲနော်။

piggy said...

ကျွန်မသားလေးကတော့ အစားစားတက်စကတည်းက ငါး၊ ဥ နဲ့ အစေ့ အဆံတွေကို စားလို့မရတဲ့ အလာဂျီ ဖြစ်နေတယ်ဆိုတာ သွေးစစ်ချက်ကနေ သိရပါတယ်
အဲတာ အသက်ကြီးသည်ထိ ၄င်းအစားအစာများကို
ရှောင်ရမှာလားဆို တာ သိချင်ပါတယ် ကျေးဇူးပြုပြီး ဖြေပေးစေချင်ပါတယ်
လေးစားစွာဖြင့်
မထက်