Tuesday, September 1, 2009

သေခြင်းတရားနှင့် ရင်ဆိုင်ခြင်း



Norman သည် အသက် ၇၄ နှစ် ရှိပြီး ကြမ်းတမ်းသော ဘ၀ကို ဖြစ်သန်းခဲ့သူဖြစ်သည်။ သူ ဆိပ်ကမ်းတွင် အလုပ်လုပ်ခဲ့တုန်းက သူ့ဘ၀ဟာ အမြဲတမ်း အထီးကျန်ဆန်ခဲ့ပြီး အရက်ဘားထောင့် တိတ်ဆိတ်သောနေရာ တစ်နေရာတွင် တစ်ကိုယ်တည်း ဆေးလိပ်ခဲလျက် ထိုင်နေလေ့ရှိတတ်သည်။ သူသည် အိမ်ထောင်တစ်ခါကျဖူးပြီး ထိုအိမ်ထောင်နဲ့ ကွဲသွားသည်မှာလည်း ကြာပြီဖြစ်သည်။ သူ့ထံတွင် သားသမီးလည်း မရှိဘဲ အမျိုးဆိုလို့ Adelaide (Australia) တွင် နေထိုင်သော Frank ဆိုသည့် အစ်ကို တစ်ယောက်သာ ရှိသည်။ တကယ်တမ်း ကျတော့ Norman ၏ အကြောင်းကို Frank ပြောပြ၍ သာကျွန်တော်သိရခြင်းဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Norman ကို ကျွန်တော် တွေ့ရသောအချိန်၌ Norman သည် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားပြီ ဖြစ်ပါသည်။



အချိန်က ညနေ ၇ နာရီခန့်၊ ရက်စွဲကတော့ သိပ်ပြီးမကြာသေးခင် ကာလကပေါ့။ ကျွန်တော် အရေးပေါ်လူနာဋ္ဌာနတွင် တာဝန်ကျနေတုန်း အရေးပေါ် ဖုန်းလိုင်းမှ အသည်းအသန် လူနာတစ်ယောက်ကို တင်ဆောင်ထားသော လူနာတင်ကားတစ်စီးသည် ဆေးရုံဆီသို့ ဦးတည်လာနေကြောင်း ဖုန်းဝင် လာလေသည်။ လူနာ အကြောင်းအကျဉ်းချုပ်ကတော့ “အသက် ၇၄ နှစ်ရှိသော အဆုတ်ကင်ဆာ ဝေဒနာသည် အမျိုးသားလူနာတစ်ဦး သတိလစ်လျက်ရှိပြီး အသက်ထွက်လုဆဲဆဲ၊ နောက်ထပ် လေးမိနစ် ခန့် တွင်ရောက်မည်” ဟူ ဖြစ်သည်။ ကျွန်တော်တို့ ဆေးအဖွဲ့မှ လိုအပ်သော ပစ္စည်းများကို ပြင်ဆင်ပြီး လူနာအလာကို စောင့်နေခိုက် ကျွန်တော်က အနားတွင်ရှိသော ဆေးကျောင်းသားတစ်ယောက်အား အဆိုပါ လူနာကဲ့သို့ အသက်ကြီးပြီး အဆုတ်ကင်ဆာရှိသော လူတစ်ယောက်တွင် သတိလစ်သွားနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး စာမေးလျက်ရှိပါသည်။ ဖြစ်နိုင်ခြေများသော အကြောင်းအရာများကို သူ့အား ကျွန်တော်က ပြောပြပါသည်။ အဆုတ်ထဲတွင် သွေးများ ခဲသွားလို့လား (pulmonary embolus)၊ ဒါမှမဟုတ် ခုခံအားစနစ်မကောင်းသောကြောင့် ရောဂါပိုးတွေဝင်ကာ သွေးဆိပ်သင့်ခြင်းလား(septicemia)၊ ဦးနှောက်ထဲကို ကင်ဆာဆဲလ်တွေ ပြံ့နှံ့ သွားရာမှ ဦးနှောက်အတွင်း သွေးယိုစီးခြင်းလား၊ အဆုတ်က ကောင်းစွာ အလုပ်မလုပ်တော့သဖြင့် ကာဗွန်ဆိုင်အောက်ဆိုက် အဆိပ်သင့်ခြင်းလား(type 2 Respiratory Failure)၊ အစရှိသည့် လားပေါင်းများစွာကို ကျွန်တော် စဉ်းစားနေမိသည်။ ကျွန်တော်တို့သည် ကုသပေး၍ ရသော အကြောင်းအရာများကို ကုသပေးမည် ဖြစ်သော်လည်း အဆိုပါဆေးကျောင်းသားအတွက်မူ ယခု case သည် သူ့အား လူ့အသက်တစ်ချောင်းကို မည်ကဲ့သို့ ကယ်တင်ရမည်ကို သင်ပေးလိမ့်မည် မဟုတ်ပေ။ လူနာသေဆုံးခြင်းကို ဆရာဝန်တစ်ယောက်အနေဖြင့် မည်ကဲ့သို့ စီမံခန့်ခွဲရမည်ကိုသာ ဖြစ်ပါသည်။ Norman ရောက်လာချိန်တွင် သူ၏ မျက်နှာကို ကျွန်တော် ကြည့်လိုက်မိသည်။ ပိန်ချုံးချိနဲ့နေသော သူ၏ မျက်နှာနှင့် ဆန့်ငင်ဆန့်ငင် ဖြစ်နေသော သူ၏ အသက်ရှုပုံကို ကြည့်ရှုခြင်းအားဖြင့် ကျွန်တော်တို့ လုပ်ပေးနိုင်တာ သိပ်မကျန်တော့ကြောင်း ကျွန်တော်သိလိုက်ပါသည်။ ဒါပေမယ့် Norman သည် ကျွန်တော်တို့ဆေးရုံတွင် တက်ရောက်ကုသဖူးသူ မဟုတ်သောကြောင့် ကျွန်တော်တို့ အကောင်းဆုံး တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ကြိုးစားပြီး ကုသပေးလျက်ရှိပြီး အနီးအနားတွင် ရှိသော ဆေးရုံများကို ဖုံးဆက်ကာ Norman နှင့် ပတ်သက်သည့် ဆေးမှတ်တမ်းများကို မေးမြန်းခဲ့ပါသည်။

နောက်ဆုံးတွင်တော့ Adelaide တွင် နေထိုင်သော Norman ၏အစ်ကိုဖြစ်သူ Frank အား အဆက်အသွယ် ရပါသည်။ Frank ပြောပြသည်မှာကား Norman သည် အချိန်ကြာမြင့်စွာ ဆေးလိပ်သောက်ခဲ့ခြင်းကြောင့် အဆုတ်ရောဂါရခဲ့ကာ လွန်ခဲ့သော နှစ် နှစ်ခန့် က အဆုတ်ကင်ဆာအတွက် ခွဲစိတ်ကုသမှုခံယူခဲ့ပြီး Chemo ဆေးသွင်းကုသမှုကို ဆက်လက် ခံယူခဲ့ပါသည်။ Norman သည် ကျန်အချိန်များတွင် အမှီအခို ကင်းမဲ့စွာနေထိုင်နိုင်ခဲ့ပြီး လွန်ခဲ့သော ၆ လခန့်က အဆုတ်ရောင် နမိုးနီးယားရောဂါဖြစ်ပွားရာမှ ကင်ဆာရောဂါပြန်လည်ဖြစ်ပွားနေကြောင်း သိခဲ့ရသည်။ ထို့ကြောင့်သူသည် သူ့ဘ၀၏ နေ၀င်ချိန်သို့ ရောက်နေပြီဖြစ်ကြောင်း သေချာသွားပြီဖြစ်ပါသည်။

Frank မှ ဆက်လက် ပြောပြသည်မှာကား Norman သည် နောက်ဆုံး အချိန်သို့ရောက်နေပြီဖြစ်ကြောင်းကို သိသော်လည်း သူရဲကောင်းဆန်သော ကယ်တင်မှုမျိုးကို အလိုမရှိတော့ပေ။ Norman နောက်ဆုံး ဆေးရုံတက်ခဲ့စဉ်က ဆေးမှတ်တမ်းများကို Fax ၀င်လာလေသည်။ Fax ထဲတွင် Norman ၏ ရောဂါ အခြေအနေနှင့် မည်မျှဆိုးဝါးနေပြီ ဖြစ်ကြောင်းကို ဖော်ပြထားပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ ကုသမှုသည် အသက်ကယ်တင်ရေးမှ သည် ဝေဒနာသက်သာရေးဆီသို့ ဦးတည်ချက်ပြောင်းလိုက်ရပါသည်။ သို့မှသာ သူသည် ဂုဏ်သိက္ခာရှိရှိ နှင့် သက်တောင့်သက်သာ ဘ၀ကူးနိုင်မည် ဖြစ်သည်။

Norman သည် ဘာသာတရား ကိုင်းရှိင်းသော ကက်သလစ် ဘာသာဝင်တစ်ဦး ဖြစ်သောကြောင့် ဘုန်းတော်ကြီး (priest) တစ်ပါးကို ပင့်ဆောင်ပြီး တရားရွတ် ဆိုစေပါသည်။ များသောအားဖြင့် အဆိုပါ အခြေအနေမျိုးတွင် အနားတွင်ပါသော မိသားစုသည် ဘုန်းတော်ကြီး၏ တရားရွတ်ဆိုမှုများမှတဆင့် စိတ်ဖြေကြရပါသည်။ ဒါပေမယ့် အခုတော့ Norman သည် သတိလစ်နေပြီး အနီးကပ်ဆုံးမိသားစုဝင် Frank မှာလည်း တခြားပြည်နယ်တစ်ခုတွင် ရောက်နေလေသည်။ အရေးပေါ်လူနာခန်းထဲတွင် အခြားလူနာများကို ကျွန်တော်တို့ ကုသပေးနေတုန်း အဆိုပါ ဘုန်းတော်ကြီး၏ တည်ငြိမ်အေးဆေးသော တရားရွတ်ဆိုသံကို ကြားနေရပါသည်။ ဤ အခြင်းအရာသည်ကား Norman ရယ်၊ ဘုန်းတော်ကြီးရယ် နှင့် ဘုရားသခင်တို့ ကြားထဲတွင် ဖြစ်ပွားနေခြင်းသာဖြစ်တော့သည်။

ခေတ္တမျှကြာပြီးနောက် Norman ကို အရေးပေါ်အခန်း၏ဘေးတွင်ရှိသော တိတ်ဆိတ်သည့် အခန်းတစ်ခန်းထဲသို့ ရွှေ့ထားလိုက်ပါသည်။ သူ့ထံတွင် စိတ်အနှောက်အယှက်ရှိသည့်ပုံမရဘဲ သူသည် လုံးဝသတိလစ်လျက်ရှိပြီး နာကျင်သည့်ဝေဒနာလည်း ခံစားရသည့်ပုံ မရှိပေ။ အဆိုပါအဖြစ်အပျက်တို့သည် သူမသေဆုံးမီ တစ်နာရီခန့်အလိုတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး အချိန်ကား ကုန်ဆုံးရန်ကြာလွန်းလှသည်ဟု ထင်ရပါသည်။ ထိုညသည် အရေးပေါ်ဋ္ဌာန၌ အလုပ်ရှုပ်သော်လည်း Norman ၏ ကုတင်သို့ မိနစ် အနည်းငယ်ကြာတိုင်း ကျွန်တော်သွားရောက်ကြည့်ရှုခဲ့မိသည်။ ကျွန်တော်သည် ထိုကဲ့သို့ အထီးကျန်ဆန်လှသော သေဆုံးရခြင်းမျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ဘူးပါ။

လူတို့သည် အိပ်ပျော်နေခိုက် သေဆုံးရသောအခါမျိုးတွင် တစ်ဦးတည်း သေဆုံးလေ့ရှိပါသည်။ ဆေးရုံအရေးပေါ်ဋ္ဌာနတွင် သေဆုံးကြရသော လူနာများမှာ အသက်ကယ် လုပ်ထုံး လုပ်နည်းများ (Resuscitation) လုပ်ဆောင်နေစဉ် သော်လည်းကောင်း၊ မိသားစုများ မိတ်ဆွေများ ရှေ့မှောက်တွင် သော်လည်းကောင်း သေဆုံးရလေ့ရှိသော်လည်း Norman အတွက်မူ နောက်ဆုံး အဖော်မှာ ကျွန်တော်တစ်ယောက်တည်းသာ ရှိပါသည်။ Norman ၏ နောက်ဆုံးမိနစ်များအကြောင်းကို ပြန်လည်ပြောပြသောအခါ Frank က ကျွန်တော့်အား အလွန် ကျေးဇူးတင်ကြောင်း ပြောပြပါသည်။ ကျွန်တော်တို့ နှစ်ယောက် အသုဘ ကိစ္စများကို တိုင်ပင်ဆေးနွေးခဲ့ကြပြီး နောက်တစ်နေ့တွင် အသုဘကိစ္စများကို ဆက်လက်ဆောင်ရွက်ရန်အတွက် လူမှုရေးလုပ်သားတစ်ဦး နှင့် မိတ်ဆက် ပေးလိုက်ပါသည်။

သေခြင်းတရားဆိုသည်မှာ အရေးပေါ်ဋ္ဌာနတွင် အဆန်းတကြယ်ကိစ္စမဟုတ်သော်လည်း ကျွန်တော်တို့ အလုပ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ဟာ လူနာများကို ရောဂါရှာဖွေကုသ အသက်ကယ်တင်ရန် အတွက် လေ့ကျင့်သင်ကြားခဲ့ရသလိုပဲ ကျွန်တော်တို့ မကယ်တင်နိုင်သော လူနာတို့၏ မိသားစု၊ ဆွေမျိုးမိတ်ဆွေများကို ကူညီပေးရန်အတွက်လည်း သက်ဆိုင်သော အရည်အချင်းများရှိရန်အတွက် လိုအပ်ပါသည်။ စဉ်းစားကြည့်လိုက်ရင်တော့ Norman သေဆုံးသွားခြင်းဟာ အသေကောင်းတစ်ခုပါ။ သူ၏ ဝေဒနာများမှ လွတ်မြောက်သွားခြင်းဖြစ်ပြီး ကျွန်တော့်အတွက် သူ၏ တည်ငြိမ်အေးဆေးမှုသည် အမှတ်ရစရာအဖြစ် ကျန်ခဲ့ပါသည်။

သေခြင်းဆိုသည်ကား တစ်ခါတစ်ရံတွင် မမျှော်လင့်ဘဲရောက်လာတတ်သလို တရားမျှတမှုလည်း မရှိတတ်ပါ။ တစ်ခါတုန်းက ဇနီးသည် သေဆုံးသွားသောကြောင့် ၀မ်းနည်း ပက်လက် ဖြစ်နေသော ခင်ပွန်းတစ်ယောက်သည် သူ၏ကလေးငယ်များအား သူတို့အမေဆုံးပါးသွားကြောင်းကို ပြောပြရန်အတွက် ညတွင်းခြင်းနှိုး၍ ပြောရမည်လား၊ သို့မဟုတ် နောက်တစ်နေ့ နံနက်ကို ရောက်မှ ပြောရမည်လား ဟ၍ူ ကျွန်တော့်ကို မေးဖူးပါသည်။ တစ်ခါတုန်းကလည်း စက်ရုံမတော်တစ်ဆဖြစ်ရာမှ သေဆုံးသွားသော အမျိုးသားတစ်ယောက်၏ မိသားစုအား အဆိုပါ အမျိုးသားသေဆုံးကြောင်းကို ပြောပြရာမှ ထိုသတင်းကို ကြားကြားခြင်း အော့အန်ကြသည်ကို လည်း ကြုံတွေ့ဖူးပါသည်။ တစ်ခါတစ်လေကြတော့လည်း မိသားစုဝင်များ သေဆုံးသွားသောအခါ ၀မ်းနည်းပူဆွေးမှုကြောင့် အချို့လူများသည် အရေးပေါ်ဋ္ဌာနရှိ မဆူညံရဟူ ရေးထားသော နံရံကို ထုကြကန်ကြ ပြုလုပ်ကြသည်ကို လည်း တွေ့ကြုံဖူးပါသည်။

အရေးပေါ်ဋ္ဌာနရှိ ၀န်ထမ်းများအားလုံးသည် သေခြင်းတရားနှင့် ကြုံတွေ့ရခြင်းကို ကျွန်တော်တို့အလုပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခံယူထားကြပါသည်။ ဒါပေမယ့် တစ်ချို့သော သေဆုံးမှုများသည် ကျွန်တော်တို့အပေါ်တွင် သိသိသာသာ ပိုမိုသက်ရောက်သည်များလည်း ရှိပါသည်။ ဥပမာ။ ။ ရုတ်တရက် မမျှော်လင့်ဘဲ သေဆုံးမှု၊ ကလေးငယ်များနှင့် လူငယ်များ သေဆုံးမှု နှင့် ကျွန်တော်တို့ နှင့် နီးစပ်သော သူများ သေဆုံးကြသော အခါများတွင် ကျွန်တော်တို့သည် ပိုပိုသာသာ ခံစားရပါသည်။ တစ်ခါတစ်လေကျတော့လည်း ကျွန်တော်တို့၏ မိတ်ဆွေတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်တော်တို့က ပြန်လည် ဖြေသိမ့်ပေးရတာတွေလည်း ရှိခဲ့ဖူးပါတယ်။ ထိုသို့အခါမျိုးတွင် ကျွန်တော်ကော ဘာလုပ်သနည်း။ ကျွန်တော်ကတော့ အိမ်ပြန်ပြီး အိမ်တွင်ရှိသော ဇနီးသည် နှင့် သားသမီးတို့ကို အရင်ကထက် ပိုမိုဖက်ထားမိခဲ့သည်။ ဤသည်ကား ကျွန်တော့် စိတ်ဖြေနည်းပင်။

သေခြင်းတရားဆိုသည်ကား ရှောင်လွှဲလို့မရနိုင်သည့် ဘ၀၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ကား အမှန်ပင် ဖြစ်ပါသည်။ ထိုအချက်ကို ကျွန်တော်တို့ လက်ခံနိုင်ဖို့ သင်ယူရမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုများကို နားလည်မှုဖြင့် အကောင်းဆုံး ကူညီပေးရမည် ဖြစ်ပါသည်။ လူနာသည် မည်သို့သော ရောဂါဝေဒနာကို ခံစားရပြီး မည်သည့်အတွက်ကြောင့် သေဆုံးသွားရသည်ကို မိသားစုဝင်များ ဖြေသာစေရန်အတွက် ကျွန်တော်တို့ ကြိုးစားကာ ရှင်းပြပေးပါသည်။ တစ်ခါတစ်ရံတော့လည်း ချစ်ကြည်နူးစရာ ဇာတ်လမ်းလေးတွေ နားဆင်ရသည်။ တစ်ခါတစ်ရံတော့လည်း သူတို့နှင့်အတူ မျက်ရည် ထပ်တူထပ်မျှ ကျခဲ့ဖူးသည်။ ကျွန်တော်တို့ ပေးဆပ်နိုင်တာတွေကတော့ tissue စက္ကူလေးတွေ၊ အစာပြေစားစရာ တို့နှင့် အတူ ကိုယ်ချင်းစာနာစိတ်တို့ ဖြစ်ကြပါသည်။ လိုအပ်လာတဲ့အခါမှာလည်း အသုဘကိစ္စနဲ့ ပတ်သက်ပြီး အကြံဥာဏ်နဲ့ သတင်းအချက်အလက်တွေ ပြောပြပေးရတာတွေလည်း ရှိခဲ့ဖူးပါတယ်။ တစ်ခါတစ်လေကျတော့လည်း မှုခင်းဆရာဝန်ထံ လူနာလွှဲရန်အတွက် စီစဉ်ပေးရပါတယ်။

အခုလောလောဆယ်တော့ Norman ၏ အခန်းထဲတွင် တစ်ယောက်တည်း ကျွန်တော်ရပ်နေမိသည်။ တစ်ခန်းလည်း တိတ်ဆိတ်လျက်ရှိပြီး သူ၏ မျက်လုံးများသည်ကား ချိုင်ဝင်လျက်။ သူ၏ အသားအရေတို့သည်လည်း ဖြူစွတ်နေကာ အေးစက်နေလေသည်။ သွေးခုန်နှုန်း မရှိတော့ပါ။ အသက်လည်း မရှူတော့။ သူငယ်အိမ်သည် ကျယ်လျက်ရှိပြီး လှုပ်ရှားမှု မရှိတော့ပေ။

လူနာသေဆုံးချိန် - ၈ နာရီ ၁၅ မိနစ်

Reader's Digest June 09 issue တွင်ပါဝင်သော Dr. Tim Green ရေးသားသည့် Witness to the Inevitable ဆောင်းပါးကို တိုက်ရိုက်ဘာသာ ပြန်ဆိုခြင်းဖြစ်ပါသည်။

Dr. Tim Green သည် Australia နိုင်ငံ Sydney မြို့ရှိ Royal Prince Alfred ဆေးရုံ၏ အရေးပေါ်လူနာဋ္ဌာန၏ ဒါရိုက်တာ ဖြစ်ပါသည်။

Dedicated to doctors and nurses who worked together with me when I worked at North Okkalapa General Hospital and Thingagyun Sanpya General Hospital


Related Posts :



3 comments:

Nge Naing said...

ဆောရီးပဲ ဆရာဇိဝကရေ Message မှားထည့်မိလို့ ပြန်ဖျက်လိုက်တာ။ ဒီပို့စ်လေးက သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။ တင်ပြပေးတဲ့အတွက် ကျေးဇူးပဲ။ ကောင်းအောင် ကုတာကမှ ဆေးကုတာမဟုတ်ဘူး ပြန်မကောင်းနိုင်တော့တဲ့ လူနာတဦးကို သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ ဘ၀ကူးကောင်းကောင် အကောင်းဆုံး ဆောင်ရွက်ပေးတာဟာလည်း ဆေးကုခြင်းတမျိုးဆိုတာ သိစေတဲ့ ပို့စ်လေးဖြစ်လို့ ဒီသဘောတရားကို စာဖတ်သူတိုင်း သတိထားမိလိမ့်မယ် ထင်တယ်။

JPS said...

ကျေးဇူး
ခုမှပဲ အရေးပေါ်ခန်းက ဆရာဝန်ရဲ့ ခံစားချက်ကို နားလည်နိုင်တော့တယ်...
တာဝန်ကြီးလိုက်တာနော်...(စိတ်ရောလူပါ နှစ်လုပ်တတ်တဲ့ ဆရာဝန်အတွက်)

kyawswar said...

ကောင်းမွန်စွာ စွန့်လွှတ်နိုင်ဘို့ ရာ
ကရုဏာအပြည့်နဲ့ စောင့်ရှောက်ပေး
ခြင်းဖြင့် လူနာကိုကုသရတာဟာလည်း
ပညာရပ်တစ်ခုဆိုတာနားလည်ရပါတယ်
ကျေးဇူးပါခင်ဗျာ....