Sunday, September 27, 2009

ပုံပြင် မဟုတ်သော ...

၂၀၀၄ ခုနှစ်က ရေးခဲ့တဲ့ စာမူကလေးကို ဒီမှာ attachment နဲ့ ပြန်တင်ပေးလိုက်ပါတယ်။
၅ နှစ် နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် အခု အချိန်အထိ ဒီ အပြုအမူတွေက ရှိမြဲ ရှိဆဲပါ။
စိတ်မကောင်းစရာ ကောင်းလှပါတယ်။
တကယ်ကို ပုံပြင် မဟုတ်ပါဘူး။
တကယ့် အဖြစ်အပျက်တွေထဲက လာတာပါ။


(Attachment က ဖွင့်လို့ မရဘူးလို့ ပြောလို့ စာမူ တစ်ပုဒ်လုံးကို ဒီမှာ ကူးပြီး ပြန်ထည့်ပေးလိုက်ပါတယ်။)
ပုံပြင်မဟုတ်သော

လာပြန်ပြီ တစ်ခါလာလဲ ဒီ မျိုးပွားကျန်းမာရေး ပညာပေး .. တစ်ခါလာလဲ ဒီကွန်ဒုံး အကြောင်း ... ခင်ဗျားတို့ ဆရာဝန်တွေကြောင့် ကလေးတွေက မသိသင့်တာတွေ သိပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန် ကြတာဗျ ... သိလား ... သူတို့ဖာသာနေရင် အကောင်း ... ခင်ဗျားတို့က သင်ပေးနေကြတာ ... ခင်ဗျားတို့က ဖျက်ဆီးနေကြတာ”
သူ့သူငယ်ချင်း ဆရာဝန်နဲ့ အတူတူ လက်ဖက်ရည်ဆိုင်မှာ စကားပြောနေရင်းမှ ရောက်သွားခဲ့တဲ့ စကားလမ်းကြောင်း ဦးတည်ချက်ကြောင့် သူ့သူငယ်ချင်းကို သူ ဒေါသတကြီး ပေါက်ကွဲစွာ ပြောလိုက်မိသည်။ သူ့သူငယ်ချင်း ပြန်ရှင်းနေသည့် စကားလုံးတွေကိုပင် သူ နားမထောင်တော့။ လက်ဖက်ရည်ဖိုးကို စားပွဲပေါ်ပစ် တင်ကာ ထိုင်ရာမှ ထထွက်လာခဲ့သည်။ သူငယ်ချင်း အချင်းချင်း ဒီလောက်ကြီး စိတ်ဆိုးသွားဖို့ မသင့်ဘူးလို့ဘဲ ဆိုဆို သူ ဒီကိစ္စတွေကို အလွန်မုန်းသည်။
သူတို့ကြောင့် အားလုံး သိကုန်သည်။
အဆိုးဆုံးက သူ သွားနေကျ ဟိုကောင်မလေးတွေ။ သူ တစ်သက်လုံး ဒီကိစ္စတွေနဲ့ ကင်းခဲ့တာ မဟုတ်။ သူက ကွန်ဒုံး သုံးရတာကို လုံးဝ မကြိုက်။ ထို့ကြောင့် ဘယ်တုန်းကမှ မသုံး။ သူတို့က အတူတူပါပဲလို့ ပြောပေမယ့် သူ့စိတ်ထဲမှာ လုံးဝဆို လုံးဝကို မတူ။ သူတို့ ခြောက်လှန့်နေလို့ ကြောက်လန့်ကာ တလောက အိတ်ခ်ျအိုင်ဗီပိုး စစ်လိုက်ရသေးသည်။ အဲဒီတစ်ကြိမ်မှာ နဂ္ဂတစ်ဆိုပေမယ့် စိတ်မချရသေးဘူးဆိုလို့ နောက် ခြောက်လအကြာမှာ သူ ထပ်စစ်ရသည်။ နောက်တစ်ကြိမ်လည်း နဂ္ဂတစ်။ ပိုက်ဆံအလကား အကုန်ခံမိသည့်အတွက် သူ နောင်တရသလိုပင် ဖြစ်သွားမိ သည်။ အဲဒီလို စစ်ဆေးပြီး နောက်ပိုင်းမှာ သူက ဈေးမြင့်မြင့်မားမားနဲ့ သန့်သန့်ကလေးတွေကိုသာ သေသေချာ ချာ ရွေးချယ်တော့သည်။ ဒါတွေအတွက်ဆိုရင်တော့ သူ မနှမြောပါ။ ဒီလို သတိထားလိုက်ရင် ဒီအိတ်ခ်ျ အိုင်ဗီတွေ၊ အေအိုင်ဒီအက်စ်တွေအတွက် ဘာပူနေစရာ လိုတော့မှာလဲ။ သူ နောက်ဆုံးတွေ့ထားသည် ဖူးညက်နေ အောင် လှပသော ကောင်မလေးက သူ့ကို ကွန်ဒုံးနဲ့မှ လက်ခံမည်ဟု ဆိုသည်။ သူ့ပုံစံ ကြည့်ရတာ ဒီလောကထဲ ကို ရောက်တာပင် ကြာပုံမရသေး။ ဒီ ကောင်မလေးမျိုးမှ မသန့်ရင် ဘယ်လို ကောင်မလေးတွေ သန့်မတဲ့လဲ။ သူမက အားလုံးကို ကွန်ဒုံးနဲ့မှ လက်ခံတယ်ဆိုတော့ ပိုတောင် စိတ်ချရသေး။ သူ သုံးစရာ လုံးဝကို မလိုတော့တာ သေချာသွားပြီပဲ။ သူ့အတွေးနဲ့သူ ပျော်ကာ သူတို့ ချိန်းဆိုထားရာ နေရာသို့ ထွက်လာခဲ့သည်။ သူ့ရဲ့ ဒေါသတွေ စိတ်ညစ်ညူးမှုတွေ အားလုံး ပျောက်ကွယ်သွားသည်။ သူ ကြိုတင်တွေးထားသည့် အတိုင်း ကောင်မလေး ရှေ့မှာ ကွန်ဒုံးကို ဟန်ပြသာ သုံးကာ တားဆီးလို့ မရနိုင်တော့တဲ့ကာလမှာ ပြန်ချွတ်ပစ်လိုက်လေတော့သည်။

*** *** *** *** *** *** *** *** *** *** *** *** *** *** *** *** ***

အောင်နိုင်သူ အပြုံးနဲ့ သူမရဲ့ ဖောက်သည်သစ်ကို လှမ်းကြည့်ကာ သူမ မသိမသာ သက်ပြင်းချ လိုက်မိသည်။ ယောကျာ်းတွေရဲ့ နိုင့်ထက်စီးနင်း ပြုမှုတွေက သူမ ဘဝအတွက် ဘာမှ ထူးဆန်းတဲ့ အရာတွေ မဟုတ်တော့။ ဒီ့အတွက်ကြောင့်သာ သူမ ဒီဘဝကို ရောက်ခဲ့ရတာလေ။ ပြီးတော့ ဒီ့အတွက်ကြောင့်လည်း သူမ ပိုဆိုးတဲ့ အခြေအနေတစ်ခုကို ရောက်ရှိခဲ့ရပြီးပြီပဲ။ ပထမအကြိမ်ရဲ့ စစ်ဆေးတွေ့ရှိချက်ကို မယုံကြည်သဖြင့် သေချာအောင် ဒုတိယအကြိမ် ထပ်မံစစ် ဆေးရာမှ ရရှိခဲ့သည့် အဖြေ စာရွက်ကလေးထဲက စာသားတွေပင် သူမ မျက်စိထဲက မပျောက်ကွယ်သေး။ သူမအတွက် ကာကွယ်ဖို့ ပြောစဉ်ကလဲ မရ။ သူတို့အတွက် ကာကွယ်ဖို့ ပြောစဉ်မှာလဲ မအောင်မြင်။ ဒီလူတွေရဲ့ ဦးနှောက်နဲ့ စဉ်းစားဥာဏ်ကို သူမ တအံ့တဩ ဖြစ်နေမိသည်။ ဒီအတိုင်းဆို သူမရဲ့ အလှအပတွေ မပျက်စီးသေး တဲ့ ကာလတစ်ခု အထိတော့ သူမ ဝမ်းစာ ရှာလို့ ရနေဦးမှာပဲလေ။ ဒီဘဝ ဒီအခြေအနေအထိ နွံနစ်ခဲ့ပြီးသူ တစ်ဦးအနေနဲ့ အဖြစ်မှန်ကို ဖွင့်ပြောပြကာ မိမိ ဘဝကို ဒီ့ထက် အနာခံမှာ မဟုတ်ဘူးဆိုတာ ဒီယောက်ျားတွေ ဘာလို့များ မရိပ်မိနိုင်ကြတာပါလိမ့်နော်။
ကျွန်း
(၁၃၊၁၂၊ဝ၄။အမှတ်(၃၃၃)။ အလင်းတန်းဂျာနယ်)


Related Posts :



7 comments:

Nge Naing said...

ဘယ်မှာလဲ ပို့စ်ကိုမတွေ့ရပါလား။

tune said...

attachment ကို ဖွင့်လို့ မရဘူးလား?
" ဒီမှာ" ဆိုတဲ့ နေရာကို click လုပ်ကြည့်လို့ မရဘူးဆို ပြောပေးပါ။

khin oo may said...

ခံစားသွားရတယ။် ကျွန်း

Nge Naing said...

ရသွားပြီ။ ဆောရီးနော် မျက်စိ ရှန်းသွားတယ်။ ဒီမှာဆိုတဲ့ စာလုံးက နည်းနည်းမှိန်နေတာကို သတိမထားမိလိုက်ဘူး။ သိပ်ကောင်းပါတယ်။

:P said...

ကြိုက်ပါတယ်။

Anonymous said...

အပျော်အပါးမလိုက်စားပါဘဲ ပေါစတစ်ဖြစ်နေတဲ့ သူငယ်ချင်းတယောက်ဟာ ဆေးနဲ့အသက်ဆက်နေရပြီး
ထောင်ထောင်မောင်းမောင်းသန့်သန့်ပြန့်ပြန့်နဲ့ ပကတိ
လူကောင်းတယောက်ထက်တောင်သာနေပါသေးတယ်။
လူတို့ရဲသဘာဝအရ အိမ်ထောင်ရေးသုခကို ခုံမင်ကြတာ
သဘာဝပါ။အထိအတွေ့အဆက်အဆံ မရှိဖူးသူအတွက်
ပိုပြီးလိုအပ်ပိုပြီးခုံမင်တတ်ကြပါတယ်။ကံကြမ္မာရဲ့အလှဲ
ထိုးခြင်းခံရရှာတဲ့သူ့ကို လောကကြီးထဲကနေ အရှုံးနဲ့
ထွက်မသွားပဲ အနိင်ပိုင်ပြီးထွက်သွားဖို့ ကျွန်တော်ပြောခဲ့
တယ်။ဆိုလိုတာက ကိုယ့်ကိုကိုယ်ဘောင်တစ်ခုထဲကနေ
ရုန်းထွက်ပြီးသန့်ရှင်းတဲ့မိန်းခလေးတွေနဲ့ ဆက်ဆီ သုခ
ကိုခံစားပါလို့ပြောပါတယ်။သူက အိမ်ထောင်ရေးသုခ
အပြည့်ဝရဖို့ ကွန်ဒုံး လုံးဝမသုံးချင်ပါ။အပျော်မိန်းမနဲ့
လည်းမကဲချင်ပါ။မေးချင်တာက..ပိုးရှိနေသူချင်း အိမ်ထောင်ပြုခဲ့ရင်..ကျန်းမာရေးအရ သူတို့၂ယောက်မှာ
ဘာတွေထိခိုက်နိုင်လဲ။ပိုးရှိနေသူနဲ့ ပိုးမရှိသူ အိမ်ထောင်
ပြုရင် ပိုးမရှိသူအတွက်ဘာတွေထိခိုက်နိုင်ပါလဲ။ကျန်းမာ
ရေးရှုထောင့်ဘက်ကနေပဲ သုံးသပ်ပြပေးပါ။(အပြင်နိုင်ငံ
မှာတော့ ဆရာဝန်က ပိုးမရှိသူနဲ့လည်း လွတ်လပ်ပွင့်လင်
စွာနေနိုင်ကြောင်း ပြောပါတယ်။ဆေးဝါးတွေလည်း ပေါ
ကြွယ်ဝနေပြီး ဒါကိုအရေးကြီးတဲ့ကိစ္စလို့တောင် မသတ်
မှတ်ကြတော့ပါဘူး။).....

Anonymous said...

ကိုမောင်ကျော်ရေ အပြင်ကဆရာဝန်ပြောတိုင်းလည်း မယုံပါနဲ့။ သူက ဘယ်လို setting မှာ ဘယ်လို ရည်ရွယ်ချက်နဲ့ ပြောတာလဲ။ ကိုယ့်အပေါ်မှာ တကယ်တော့ စေတနာ ရှိရဲ့လား ဆိုတာတွေကိုပါ ထည့်စဉ်းစားပါ။ HIV ပိုးက အမျိုးအစားတွေ အများကြီးရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ပိုးရှိတယ်ဆိုရင်တောင် ပိုးအမျိုးအစားချင်း မတူပါဘူး။ တကယ်လို့ အကာအကွယ် မယူဘဲ လိင်ဆက်ဆံရင် သူ့ပိုးကိုယ့်ဆီေ၇ာက် ကိုယ့်ပိုး သူဆီရောက် ဖြစ်ကုန်ပါလိမ့်မယ်။ HIV positive က နေ AIDS အဆင့်ကို မြန်မြန်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် hiv positive ဆိုရင် ဘယ်သူနဲ့ လိင်ဆက်ဆံဆက်ဆံ condom သုံးကို သုံးရပါမယ်။ choice မရှိပါဘူး။ ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ sexual pleasure ထက်ပိုပြီးချစ်တယ်ဆိုရင်တော့ ဒီကိစ္စက သိပ်ပြီး ပြဿနာရှိမယ် မထင်ပါဘူး