Tuesday, March 3, 2009

Something About Culture Shock


ကာလ်ချာရှော့ခ်ဆိုတာ တစ်ပြည်တစ်ရွာကို သွားတဲ့အခါမှာ ကြုံရမယ့် ပုံမှန် ဖြစ်ရပ် တစ်ခုပါ။ အခုလက်ရှိမှာ ကိုယ်တိုင် ခံစားနေရတဲ့အတွက် ကိုယ့်ဖာသာကိုယ် သက်သာရာရအောင် နည်းလမ်းတွေ ရှာဖွေ ဖတ်ရှုရင်း ဖတ်ထားတာတွေထဲက ပြန်မျှပေးလိုက်တာပါ။
ကာလ်ချာရှော့ခ်ကို အဆင့် သတ်မှတ်တဲ့အခါ နေရာ အမျိုးမျိုးမှာ အဆင့်အရေအတွက် ကွဲလွဲစွာ သတ်မှတ် ထာားတာကို တွေ့ရပါ။ Wikipedia ထဲမှာ အဆင့် (၄)ဆင့်လို့ ရေးထားတာ တွေ့ရပါတယ်။ ဒါပေမယ့် တခြား နေရာတွေမှာ reentry shock မပါဘဲ (၄)ဆင့်တွေ၊ (၅)ဆင့်တွေ ခွဲထားတာကို တွေ့ရပါတယ်။ အဲဒီတော့ အများဆုံးကိုပဲ ပြန်ပြောပြရင် ကောင်းမယ်လို့ တွေးမိပါတယ်။
အဆင့်တွေကို ခေါင်းစဉ် ရေးတဲ့အခါ သူတို့ ပြောထားတာကို တိုက်ရိုက် မပြန်ဘဲ ကိုယ်နားလည်ခံစားမိသလို နာမည်ပေးထားပါတယ်။ ပိုကောင်းမယ်ထင်တဲ့ ခေါင်းစဉ် ရှိရင် ပြောပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။



အဆင့်(၁) ဟန်းနီးမွန်း အဆင့်
အဲဒီအချိန်မှာ ကိုယ့်ရဲ့ မူလ ယဉ်ကျေးမှုနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ ယဉ်ကျေးမှုရဲ့ ကွာခြားချက်တွေကို ကြည်ကြည်နူးနူးနဲ့ ခံစားနေတဲ့ ကာလပေါ့။ တွေ့ရ ကြုံရသမျှတွေကို အံ့အားသင့်နေတယ်။ စိတ်တွေ လှုပ်ရှား၊ တက်ကြွနေတယ်။ ပိုပြီး သိလာတာ၊ တတ်လာတာလေးတွေကို သဘောကျနေတယ်။ ကိုယ် အရင်က သိခဲ့ဖူးတာတွေနဲ့လဲ သိပ်မကွာလှဘူးလို့ ခံစားနေရတယ်။
အဆင့်(၂) ဖိစီးမှု များတဲ့ အဆင့်
အဲဒီအဆင့်မှာ ကိုယ်ကြုံတွေ့နေတာတွေက အသစ်တွေ မဟုတ်တော့ဘူး။ အတွေ့အကြုံ အသစ်တွေနဲ့ ကိုယ်နဲ့ ကြားမှာ နံရံကြီးတစ်ခု ခံနေသလို ခံစားနေရတယ်။ စိတ်ထဲမှာ ဘာမှ မရေရာ၊ မသေချာတော့ဘူး။ ကိုယ့်အနားမှာလဲ တစ်ယောက်မှ မရှိဘဲ အထီးကျန်နေသလို ခံစားရတယ်။ ကိုယ့်ရဲ့ မူရင်း ဒေသမှာ ကိုယ်ရယူနေကျ အကူအညီတွေနဲ့ ဝေးနေပြီဆိုတာကို ခံစားမိလာတယ်။ ဘာမဟုတ်တာလေးနဲ့ စိတ် အတက်အကျတွေ အလွန်အကျွံ ဖြစ်တတ်တယ်။ ဒီအဆင့်မှာ စိတ်ဓာတ်ကျတာက ဖြစ်လေ့ မရှိတဲ့ အရာတစ်ခု မဟုတ်ဘူး။ ကိုယ့်ရဲ့ မူလ ယဉ်ကျေးမှုနဲ့ အခု ကြုံတွေ့နေရတဲ့ ယဉ်ကျေးမှုရဲ့ ကွာခြားချက်ကို သိသိသာသာကြီး မြင်လာပြီ။
အဆင့်(၃) ဘ၀ဟောင်းကို ပြန်တမ်းတတဲ့ အဆင့်
အဲဒီအချိန်မှာ ကွာခြားမှုတွေကို လက်မခံချင်တော့ဘူး။ စိတ်တိုတယ်။ အလိုမကျတွေ ဖြစ်လာတယ်။ ဘေးက လူတွေကိုတောင်မှ ရန်လိုလာတတ်တယ်။ ဒီယဉ်ကျေးမှု အသစ်ကို မကြိုက်တော့ဘူး။ ကိုယ့်ရဲ့ မူလ ယဉ်ကျေးမှုထက် ပိုနိမ့်ကျတယ်လို့ ထင်လာတယ်။ ကိုယ့် ယဉ်ကျေးမှုနဲ့ နှိုင်းယှဉ်ပြီး စိတ်တိုင်း မကျတွေ ဖြစ်လာတယ်။ သူများတွေ လုပ်နေတာတွေက ကိုယ် လုပ်နေကျတွေထက် သိပ်မြန်နေတာ (ဒါမှမဟုတ်) သိပ်ကြာနေတာမျိုးတွေ ဖြစ်နေတာ( ဥပမာ - အစားအသောက် ချက်ပြုတ်တာ)တွေကို တွေ့ရပြီး အဲဒါတွေကို အမြင်ကပ်လာတာ၊ စိတ်တိုလာတာတွေ ဖြစ်တတ်တယ်။ဒါပေမယ့် စိတ်မပူပါနဲ့။ အဲဒါက ပုံမှန် ဖြစ်ရပ်ပါ။ ဒေသ အသစ် တစ်ခုမှာ နေသားကျအောင် ကြိုးစားရခြင်းရဲ့ ပုံမှန် ဖြတ်သန်းမှုပါပဲ။
အလုပ်အသစ်ကို ပြောင်းတာ၊ အိမ် အသစ်ကို ပြောင်းတာတွေ လုပ်ခဲ့စဉ်မှာလဲ ဒီလို အနေအထားကို ကြုံခဲ့ဖူးပြီးသား ဖြစ်မှာပါ။ နေသားကျဖို့ ခက်ခက်ခဲခဲ ကြိုးစားရတိုင်းမှာ ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်ကြည့်ပြီး "ငါဘာလို့ ဒီလို အပြောင်းအလဲတွေ လုပ်မိပါလိမ့်"လို့ ကိုယ့်ဖာသာကိုယ် အံ့သြ နောင်တရ တတ်တာမျိုးတွေ ဖြစ်ဖူးကြပါလိမ့်မယ်။
အဆင့်(၄) ပြန်လည် သင့်မြတ်မှု အဆင့်
ယဉ်ကျေးမှု အသစ်ကို စတင် လက်ခံလာခြင်းရဲ့ ပထမပိုင်း အဆင့် ဖြစ်ပါတယ်။ကွာခြားချက်တွေကို စတင် လက်ခံပြီး ဒါတွေနဲ့ ကိုယ်နဲ့ နေလို့ ဖြစ်တယ်လို့ ယူဆလာတဲ့ အနေအထား။ကိုယ့်ကိုယ်ကို တသီးတခြား ဖြစ်နေတယ်လို့ မခံစားရတော့ဘဲ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာတွေကို နှစ်ခြိုက် လက်ခံနိုင်လာပါတယ်။ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုလာပြီး ကြုံတွေ့လာရတဲ့ အခြေအနေ၊ အခက်အခဲတွေကိုလဲ ပိုမို ရင်ဆိုင် ဖြေရှင်းနိုင်လာပါတယ်။
အဆင့်(၅) လွန်မြောက်မှု အဆင့်
ကိုယ့်ကိုယ်ကို ပြန်ရလာတဲ့ အဆင့်လို့ ပြောလို့ ရပါတယ်။ယဉ်ကျေးမှု အသစ်ကို ဟန်းနီးမွန်း အဆင့်ကလို စိတ်ကူးယဉ် အနေအထားနဲ့ လက်ခံတာမျိုး မဟုတ်ဘဲ အရှိကို အရှိ အတိုင်း မြင်ပြီး လက်ခံ နှစ်ခြိုက်လာတဲ့ အဆင့်ပါ။ကိုယ့် ယဉ်ကျေးမှုနဲ့ တူတာတွေကိုရော၊ ကွာခြားတာတွေကိုပါ နှစ်သက် လက်ခံနိုင်လာပါတယ်။ဒေသအသစ်ကို ကိုယ့်နေရာ ဒေသပဲလို့ မြင်နိုင်လာပါတယ်။
အဆင့်(၆) ပြန်ဝင်ခြင်းရဲ့ တုန်လှုပ်မှု
အချိန်တန်တဲ့အခါ အိမ်ပြန်ရမယ့် သူတွေ ရင်ဆိုင်ရမယ့် အဆင့်ပါ။
မိမိရဲ့ မူရင်းဒေသကို ပြန်ရောက်သွားတဲ့အခါ စောစောက ပြောခဲ့တဲ့ အဆင့်တွေ အားလုံးကို ပြန်လည် ဖြတ်သန်း ခံစားရလေ့ရှိပါတယ်။ နေရာသစ်ကို ပြောင်းစဉ်က ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ သလိုမျိုး၊ နေရာဟောင်းကို ပြန်ဝင်ချိန်မှာ ပြန်လည် ခံစားရတာကို တအံ့တသြ တွေ့ရပါလိမ့်မယ်။

*** *** *** *** *** *** *** *** *** *** *** *** *** *** ***

ဖြတ်သန်းရတဲ့ အနေအထားချင်း တူရင်တောင် လူတွေရဲ့ တုံ့ပြန်ပုံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီပါဘူး။
နေသားကျအောင် ကြိုးစားနေရတဲ့ ကာလတွေမှာ တချို့သူတွေက သူတို့ ဖြစ်နေတဲ့ အနေအထားကို လုံးဝ လက်ခံဖို့ မကြိုးစားဘဲ မိမိရဲ့ မူရင်း ဒေသကို ပြန်ခြင်းကသာ သူတို့အတွက် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်တယ်လို့ ယူဆ ထားကြပါတယ်။ အဲဒီလို လူမျိုးတွေက တကယ် မိမိရဲ့ မူရင်းဒေသကို ပြန်ရချိန်မှာလဲ ပြန်ဝင်ခြင်းရဲ့ တုန်လှုပ်မှုတွေကို ပြင်းပြင်းထန်ထန် ခံစားကြရလေ့ ရှိပါတယ်။
တချို့သူတွေကတော့ ယဉ်ကျေးမှု အသစ်ကို သူတို့ရဲ့ ယဉ်ကျေးမှုပဲလို့ ခံယူပစ်လိုက် ကြပါတယ်။
တချို့သူတွေကတော့ ယဉ်ကျေးမှု အသစ်ထဲက ကောင်းတယ်လို့ မြင်တာလေးတွေကို ယူပြီး ကိုယ့်ရဲ့ မူလ ယဉ်ကျေးမှုထဲက ထူးခြားချက်ကလေးတွေကို ဆက်လက် ထိန်းသိမ်းထားကြပါတယ်။
( စာကိုး - http://moving.about.com/od/internationalmoves/a/culture_shock.htmhttp://en.wikipedia.org/wiki/Culture_shock )


Related Posts :



2 comments:

Anonymous said...

ပိစပ်ရွက်အကြောင်း ကျွန်တော်လဲ သိချင်ပါတယ်။ အသည်းရောင်အသားဝါပိုး ရှိနေတော့ ပျောက်ချင်လို့ပါ။ သောက်သင့်မသောက်သင့် အကြံပေးစေချင်ပါတယ်။

tune said...

ကျွန်မ အနေနဲ့ ဒီအဖြေကို ဖြေဖို့ အရမ်းခက်တယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီ အရွက်အကြောင်းကို ကျွန်မ ကိုယ်တိုင် သေသေချာချာ သိမထားဘူး။
ဒီအရွက်ကို သုတေသန လုပ်ထားတာမျိုး၊ တွေ့ရှိချက်လိုမျိုးတွေလဲ မဖတ်ဖူးဘူး။
ကိုယ် မသိတာနဲ့ မကောင်းဘူးလို့ ပြောဖို့ ဆိုတာကလဲ နည်းလမ်း မကျဘူး။
ဒါပေမယ့် အိတ်ခ်ျအိုင်ဗွီပိုးနဲ့ လူနေရတဲ့ သူတွေကတော့ သူတို့ သူငယ်ချင်းတွေ ကုသသင့်တဲ့ ဆေးဝါး ကုသမှုတွေကို မခံယူဘဲ ဒါကိုပဲ အားကိုးနေလို့ ဒုက္ခရောက် ကုန်ကြတယ်လို့ ရင်ဖွင့်ချက်တွေ အများကြီး ကြားရပါတယ်။
ဒါကလဲ စနစ်တကျ စစ်တမ်းကောက်၊ သုတေသန လုပ်ထားတာ မဟုတ်လို့ တော်တော်လေး ပြောရခက်ပါတယ်။