Sunday, March 1, 2009

Some Health Behavior Theories - I


ကျန်းမာရေးနှင့် သက်ဆိုင်သော အပြုအမူ ပြောင်းလဲခြင်း ဆိုင်ရာ သီအိုရီအချို့


(ဒီအကြောင်းအရာကလဲ NGO in Myanmar ရဲ့ Forum မှာ တင်ပြီးသားပါ။ အနည်းငယ် ပြုပြင်ဖြည့်စွက်ပြီး နှစ်ပုဒ်ခွဲ တင်လိုက်တာပါ။)

ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အပြုအမူ ပြောင်းလဲခြင်း ဆိုင်ရာ သီအိုရီတွေကို

Intrapersonal အဆင့်
Interpersonal အဆင့်
Community အဆင့် ဆိုပြီး အဓိက အဆင့် သုံးမျိုးခွဲ ထားပါတယ်။

အခု ပြောမှာက Essentials of Health Behavior ဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အပြုအမူ ပြောင်းလဲခြင်း ဆိုင်ရာ သီအိုရီတွေအထဲက လူတစ်ယောက်ချင်းစီရဲ့ အပြုအမူတွေကို ပြောင်းလဲဖို့ စဉ်းစားတဲ့ Intrapersonal အဆင့် အပြုအမူ ပြောင်းလဲခြင်းဆိုင်ရာ သီအိုရီတွေရဲ့ အကြောင်းကို အနည်းအကျဉ်း ပြန်ပြောပြပေးမှာပါ။ ဒုတိယ ဘလော့ဂ်မှာ Interpersonal အဆင့် အပြုအမူ ပြောင်းလဲခြင်း ဆိုင်ရာ သီအိုရီ ခေါင်းစဉ်တွေထဲက Social Cognitive သီအိုရီ အကြောင်းကို ဆက်ရေးပါမယ်။




ပထမဆုံးအနေနဲ့ စာအုပ်ထဲမှာ ပါတဲ့ မှတ်သားစရာ ကောင်းတဲ့ ကောက်နုတ်ချက်ကလေးတွေကို ပြန်မျှချင်ပါတယ်။

No theory is good except on a condition that one uses it to go beyond.
~ Andre Gide
သီအိုရီ တစ်ခုကို သုံးတဲ့အခါ သူ့ကို အခြေခံပဲ ယူလို့ ရတာပါ။ ကိုယ်က အခြေအနေတွေ ပေါ်မှာ မူတည်ပြီး လိုအပ်သလို ပြောင်းလဲ ပြုပြင်ပြီး အသုံးပြုနိုင်ဖို့ လိုကြောင်းကို ဒီကောက်နုတ်ချက်ကလေးက သတိရစေမယ် လို့ ထင်ပါတယ်။

It is dificult, if not impossible, for most people to think otherwise than in the fashion of their own period.
~ George Bernard Shaw

ကြိုမြင်နိုင်ဖို့ ခက်ခဲပေမယ့် မြင်သင့်မြင်ထိုက်တာတွေကို ကြိုမြင်၊ ကြိုတွက်ဆ နိုင်သင့်ကြောင်း သတိပေး ထားတဲ့ ကောက်နုတ်ချက်လေးလို့ ယူဆမိပါတယ်။

ပြဿနာတွေက အချိန်နဲ့ အမျှ ပြောင်းလဲပြီး လိုအပ်ချက်တွေကလဲ အချိန်နဲ့ အမျှ ပြောင်းလဲနေတာမို့ ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့နဲ့ ကိုင်တွယ် ဖြေရှင်းဖို့ နည်းလမ်းတွေ ချမှတ်ရာမှာ လက်ရှိ အနေအထားထက် ကျော်ပြီး စဉ်းစား ပြင်ဆင်နိုင်ဖို့ လိုပါတယ်။

Health Belief Model

ပထမဆုံး Health Belief Model အကြောင်းကို အတိုချုပ် ပြောပြချင်ပါတယ်။ အဲဒီ သီအိုရီမှာ ပြောထားတာက လူတစ်ယောက်က သူ့ကျန်းမာရေးအတွက် သူ့ရဲ့ အပြုအမူ ပြောင်းလဲမှုတွေက အကျိုးသက်ရောက်မှု ရှိတယ် လို့ ယုံကြည်ရင် သူ့ရဲ့ အပြုအမူတွေကို ပြောင်းလဲပါလိမ့်မယ်တဲ့။ အဲဒီတော့ ဒီသီအိုရီအရဆိုရင် လူတွေကို ကျန်းမာရေး ပြဿနာတွေ အကြောင်း သတိပြုမိလာအောင် လုပ်ရပါမယ်။ ပြီးတော့ အပြုအမူတွေကို ဘယ်လို ပြောင်းလဲလိုက်ရင် အဲဒီ ပြဿနာတွေကို ကာကွယ်နိုင်မယ်၊ တကယ်လို့ မပြောင်းလဲခဲ့ရင် ဘယ်လို အန္တရာယ် တွေ ကြုံလာနိုင်တယ် စတဲ့ အကြောင်းအရာတွေကို နားလည်လာအောင် ဆောင်ရွက်ပေးရပါမယ်။ ကျန်းမာရေး ပြဿနာ တစ်ခုခု အကြောင်းကို သတင်းအချက် အလက်ပေးပြီး ကာကွယ်ဖို့ နည်းလမ်းတွေ ပေးတာ ဥပမာ - လက်ကမ်းစာစောင် ဝေတာ၊ ပိုစတာ ကပ်တာ စတာတွေက ဒီသီိအိုရီအရ လူတွေကို ပြောင်းလဲလာအောင် ပြုလုပ်တဲ့ နည်းလမ်းတွေထဲမှာ ပါဝင်ပါတယ်။

ဒီသီအိုရီကို ထောက်ပြကြတာကတော့ လူတစ်ယောက်ချင်းစီကို အာရုံစိုက်ပြီး သူ့ရဲ့ ပတ်ဝန်းကျင် အခြေအနေ၊ လူမှုရေး အခြေအနေတွေကို ထည့်သွင်း မစဉ်းစားတဲ့ အတွက် မပြည့်စုံနိုင်ပါဘူးတဲ့။ ပြီးတော့ ဒီသီအိုရီက လူတိုင်းလူတိုင်းကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ တပြေးညီ သတင်းအချက်အလက်တွေ ပေးတာနဲ့ အဲဒီလူတွေ အားလုံးက ကိုယ့်အတွက်ကိုယ် တပြေးညီ ဆုံးဖြတ်နိုင်စွမ်း ရှိလိမ့်မယ်လို့ ယူဆထားပါတယ်။ တကယ်တမ်းမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ အနေအထားတွေက မတူညီကြတဲ့အတွက် လိုအပ်ချက်တွေက မတူညီကြပါဘူး။ ဒါကြောင့် တပြေးညီ သတင်းအချက်အလက်တွေက လုံလောက်မှု မရှိပါဘူး။ လူတွေရဲ့ သီးခြား လိုအပ်ချက်တွေပေါ်မှာ မူတည်ပြီး ဖြည့်ဆည်း အသိပေးမှုတွေ ဆောင်ရွက်ဖို့ လိုပါတယ်။

Theory of Planned Behavior

နောက် သီအိုရီတစ်ခုက Theory of Planned Behaviorပါ (အရင်က Theory of Reasoned Action လို့ ခေါ်ပါတယ်)။ ဒီသီအိုရီမှာတော့ လူတစ်ယောက်ရဲ့ အပြုအမူဟာ သူ နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ စံနှုန်းကို ယုံကြည် နားလည်မှု အပေါ်မှာ မူတည်နေတယ်လို့ ဆိုထားပါတယ်။ သူ အပြုအမူ တစ်ခု လုပ်လိုက်ရင် သူ့ အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်က သူ့ကို ဘယ်လို သဘောထားမယ် ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး သူ့ကို အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်က အကောင်း ထင်စေမယ့် အပြုအမူမျိုးကို လုပ်လိမ့်မယ်လို့ ယူဆထားပါတယ်။ အဲဒီတော့ လူအုပ်စု တစ်စုရဲ့ စံနှုန်းတွေကို ပြောင်းလဲစေခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အပြုအမူတွေ ပြောင်းလဲလာမယ်လို့ ဒီသီအိုရီက ဆိုပါတယ်။

ဒီသီအိုရီကို ဘယ်လို ထောက်ပြကြသလဲဆိုတော့ သူကလဲ ပထမ သီအိုရီလိုပဲ၊ လူတစ်ယောက်က သူ့ အပြု အမူတွေကို သူ ဘာလုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် အဲဒီလို ဆုံးဖြတ်ချက်ချတဲ့အတိုင်း ပြောင်းလဲနိုင်စွမ်း ရှိတဲ့ အနေအထားမှာ ရှိတယ်လို့ ယူဆထားပါတယ်။ အဲဒီလူရဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို ထည့်မတွက် ထားပါဘူး။ နောက်တစ်ခုက ပတ်ဝန်းကျင်ရဲ့ စံနှုန်းပုံစံကို လက်ခံနားလည်ထားရာမှာ လူတစ်ယောက်ချင်းစီရဲ့ အနေအထားအရ ကွာခြားမှု ရှိနိုင်တာကို ထည့်မတွက်ထားပါဘူး။ ဥပမာ - အကြောင်းအရာ တစ်ခုကို ယောက်ျားလေးတွေ လက်ခံနားလည်ပုံနဲ့၊ မိန်းကလေးတွေ လက်ခံနားလည်ပုံချင်း မတူညီနိုင်ပါဘူး။ ဒါ့အပြင် အသက်အရွယ် အနေအထားချင်း မတူတဲ့ သူတွေရဲ့ ခံယူပုံချင်းတွေကလဲ မတူညီကြပါဘူး။ အဆင့်အတန်း၊ နေရာဒေသ၊ လူမျိုး စတာတွေပေါ်မှာ မူတည်ပြီးတော့လဲ ကွဲပြား ခြားနားနိုင်ပါသေးတယ်။ နောက်တစ်ခုက သူ ယုံကြည်လက်ခံထားတဲ့ အပြုအမူကို လုပ်ဆောင်ရာမှာ အချိန်ကာလ အနေအထားပေါ်မှာ မူတည်ပြီးတော့လဲ ဆုံးဖြတ်ချက် ပြောင်းသွားနိုင်ပါတယ်။ ဥပမာ - ကျန်းမာရေးဆိုင်ရာ စမ်းသပ်စစ်ဆေးမှု တစ်ခုကို ပြုလုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး ရောက်လာသူကို နောက်တစ်ပတ် ထပ်ချိန်းလိုက်တဲ့အခါ အဲဒီလူက ဆုံးဖြတ်ချက် ပြောင်းသွားပြီး ပြန်မလာတော့တာမျိုး ဖြစ်တတ်ပါတယ်။

Transtheoretical Model

နောက်သီအိုရီတစ်ခုက အပြုအမူတွေက အဆင့်တွေနဲ့ ပြောင်းလဲတယ်လို့ ပြောထားတဲ့ သီအိုရီ နှစ်ခုထဲက တစ်ခုပါ။ အဲဒါကို Transtheoretical Model လို့ ခေါ်ပါတယ်။ အဲဒီမှာ ပြောထားတာက လူတစ်ယောက်က သူ့ရဲ့ အပြုအမူတစ်ခုကို ပြောင်းလဲဖို့အတွက် အဆင့်တွေကို ဖြတ်သန်းရပါတယ်။

ပထမဆုံး အဆင့်က မစဉ်းစားမီ အဆင့်ပါ။ အဲဒီအဆင့်မှာ လူတစ်ယောက်က သူ့ အပြုအမူတွေကို ပြောင်းဖို့ မစဉ်းစားသေးပါဘူး။

ဒုတိယအဆင့်က စဉ်းစားတဲ့ အဆင့်။ တစ်ချိန်ချိန်မှာတော့ ဒီအပြုအမူကို ငါပြောင်းမယ်လို့ သူ စစဉ်းစားနေပြီ။ အခု ထလုပ်ဖို့တော့ မဟုတ်သေးဘူး။ ပြောင်းရင် ဘာဖြစ်မလဲ၊ မပြောင်းရင် ဘာဖြစ်မလဲ ဆိုတာမျိုးတွေကို စဉ်းစား ချင့်ချိန်နေတာမျိုးတွေလဲ ဒီအဆင့်မှာ စနေပါပြီ။ သူက ပြောင်းလဲတဲ့ အဆင့် နောက်တစ်ဆင့်ကို ဆက်သွားမှာလား၊ မသွားဘူးလားဆိုတာ အဲဒီက ရလာတဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်နေပါတယ်။

နောက်တစ်ဆင့်ကို ဆက်သွားမယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင် ရောက်သွားတဲ့ အဆင့်က ပြင်ဆင်မှု အဆင့်ပါ။ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အဆင်သင့် ဖြစ်ပြီပေါ့။ ကိုယ် ဘယ်လိုပုံစံနဲ့ ပြောင်းမယ်၊ ဘာတွေ လုပ်မယ် ဆိုတဲ့ စိတ်ကူးတွေလဲ အဲဒီအချိန်မှာ ရှိနေပါပြီ။

နောက်တစ်ဆင့်ကို ဆက်တက်မယ်ဆိုရင် တကယ်လုပ်တဲ့ အဆင့်ကို ရောက်ပါပြီ။ ကိုယ်အလေးချိန်ချမယ်လို့ ဆုံးဖြတ်တယ် ဆိုရင်၊ ကိုယ်လက်လှုပ်ရှားမှု တွေကို စလုပ်ပြီဆိုတဲ့ အနေအထားနဲ့ ဥပမာပေးရင် မြင်သာမယ်လို့ ထင်ပါတယ်။

နောက်အဆင့်က အဲဒီ စ လုပ်တာလေးကို ဆက်ပြီး စွဲစွဲမြဲမြဲလုပ်နေတဲ့ အဆင့်ပါ။ စကြည့်ပြီး နောက်ပြန်ဆုတ် သွားနိုင်ပါတယ်။ အဲဒီလို နောက်ပြန်မဆုတ်ဘူးဆိုမှသာ ဒီအဆင့်ကို တက်လာတာပါ။

နောက်ဆုံးတစ်ဆင့်က လိုချင်တဲ့ ပြောင်းလဲမှုကို ရသွားတဲ့ အဆင့်ပါ။ ဥပမာ ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်ရင် လုံးဝ ပြတ်သွားပြီဆိုတဲ့ အဆင့်မျိုးပါ။ ဒီအဆင့် တွေကို သိနားလည် ထားခြင်းအားဖြင့် လူတွေ အပြုအမူ ပြောင်းလဲအောင် ဆောင်ရွက်တဲ့ နည်းလမ်းတွေ ချမှတ်ရာမှာ ဒါတွေကို လမ်းညွှန် အဖြစ် အသုံးချလို့ ရပါတယ်တဲ့။

Precaution Adoption Process Model
နောက်ထပ် ပြောင်းလဲမှု အဆင့်ဆင့်ကို ပြောတဲ့ အလားတူ သီအိုရီတစ်ခုက Precaution Adoption Process Model ဖြစ်ပါတယ်။ သူ ပြောတာကတော့ -ပထမအဆင့်က အခြေအနေတွေကို သတိမထားမိသေးတဲ့ အဆင့်ပါ။ ဥပမာ ပြောရရင် လူထုထဲမှာ အိတ်ခ်ျအိုင်ဗွီပိုး ပြန့်နှံ့ကူးစက်နေတယ် ဆိုတာသိပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လိုတယ်ဆိုတာကို မသိတာမျိုး။ဒုတိယအဆင့်က အခြေအနေကို သိသွားပြီ၊ ဒါပေမယ့် အဲဒီအခြေအနေနဲ့ ပတ်သက်လို့ ဘာမှ စမလုပ် သေးဘူး။နောက်တစ်ဆင့်က ပြောင်းလဲမှုတွေ စလုပ်ဖို့ ဆုံးဖြတ်ချက်ချတာ။နောက်ထပ်ကြုံရမှာက မလုပ်ဖို့ ဆုံးဖြတ်တာနဲ့၊ လုပ်ဖို့ ဆုံးဖြတ်တာဆိုတဲ့ အဆင့်နှစ်ဆင့်။နောက်အဆင့်ဖြစ်တဲ့ အဆင့် (၆) က ပြောင်းလဲဖို့ စတင်ဆောင်ရွက်တာ။နောက်ဆုံးအဆင့်က အဲဒီ ပြောင်းလဲတဲ့ အပြုအမူကို စွဲစွဲမြဲမြဲ ဆက်လက် ဆောင်ရွက်တာ။

ပြောတဲ့ပုံစံချင်း ကွာပေမယ့် စောစောက သီအိုရီနဲ့ ပြောသွားတဲ့ အခြေခံ သဘောတရားချင်း တူနေတာကို တွေ့ ရပါလိမ့်မယ်။

ဒီသီအိုရီနှစ်ခုနဲ့ ပတ်သက်လို့ ထောက်ပြကြတာကတော့ တကယ်တမ်း လူတွေ အပြုအမူ ပြောင်းလဲကြတဲ့ အခါမှာ အဲဒီလို တစ်ဆင့်ပြီး တစ်ဆင့် အစဉ်အတိုင်း မျဉ်းဖြောင့်လို မသွားပါဘူးတဲ့။ များသောအားဖြင့် အဆင့်တွေကြားထဲမှာ ပတ်ခြာလည်နေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အဆင့်တွေက နောက်ဘက် ပြန်ဆုတ် သွားပြီး အစကနေ ပြန်စရတာမျိုးတွေလဲ ရှိတတ်ပါတယ်တဲ့။ ဥပမာ ပြောရရင် ကောင်လေးတစ်ယောက် သူ့ရည်းစားနဲ့ ပြတ်သွားလို့ ဆေးလိပ် စသောက်ဖြစ်သွားတယ် ဆိုပါစို့။ နောက်တော့ သူက ဆေးလိပ်နဲ့ ကျန်းမာရေး ပြဿနာတွေ အကြောင်း ပညာပေးတွေကို ကြားသိလာရင်း ဆေးလိပ်ဖြတ်ဖို့ စ စဉ်းစားမိလာပါတယ်။ အဲဒီကနေ အပြုအမူ ပြောင်းလဲတဲ့ အဆင့် တစ်ဆင့်ချင်းကို ဖြတ်ကျော်ပြီး ဖြတ်တဲ့ အဆင့်ကနေ ပြတ်တဲ့ အဆင့်အထိ ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ မမျှော်လင့်ဘဲ လမ်းမှာ သူ့ ရည်းစားဟောင်းကို တခြားတစ်ယောက်နဲ့ တွဲလာတာ တွေ့လိုက်ရတော့ သူ ဆေးလိပ်တစ်ဗူး ၀ယ်ပြီး ပြန်သောက်ဖြစ်သွားပါတယ်။ ဒါပေမယ့် ရက်နည်းနည်း ကြာလာတဲ့အခါ အသိစိတ်ပြန်ဝင်လာပြီး နှစ်ပတ် အကြာမှာ ဆေးလိပ်ကို ပြန်ဖြတ်လိုက်ပါတယ်တဲ့။ အဲဒီမှာ သူက နောက်ဆုံးနားက အဆင့်ကို ရောက်ပြီးမှ အရှေ့ဖက်က အဆင့်တွေဆီကို ပြန်ဆုတ်သွားတာပါ။ ပြီးမှ နောက်ဆုံး အဆင့်ကို ပြန်ရောက်ပါတယ်။ အဲဒီတော့ ပြောင်းလဲမှု အဆင့်တွေက မျဉ်းဖြောင့်လို မဟုတ်ဘဲ စက်ဝိုင်းလို လည်နေတယ်ဆိုတာ မြင်သာမယ် ထင်ပါတယ်။

နောက်ဝေဘန် ထောက်ပြမှု တစ်ခုက အဲဒီပြောင်းလဲတဲ့ အဆင့်တွေကို ဘယ်လို တိုင်းတာမှာလဲတဲ့။ ပထမဆုံး အဆင့်ဖြစ်တဲ့ သတိမပြုမိတာက သတိပြုမိလာတာမျိုးက ကျန်းမာရေးဆိုင်ရာ အသိပညာကို ကြားဖူးလား၊ မကြားဖူးဘူးလား စတာတွေနဲ့ တိုင်းနိုင်ပေမယ့် နောက်ပိုင်းအဆင့်တွေ ဖြစ်တဲ့ ပြောင်းဖို့ စဉ်းစားတဲ့အဆင့်နဲ့ ပြောင်းလဲဖို့ စတင် ပြင်ဆင်တဲ့ အဆင့်ကို ဘယ်လို ခွဲမှာလဲ၊ စွဲစွဲမြဲမြဲလုပ်နေတာနဲ့ လုံးဝ အမူအကျင့်ပြောင်းတဲ့ အဆင့်ကို ဘယ်လိုခွဲမှာလဲလို့ မေးစရာတွေ ဖြစ်လာပါတယ်။

လူတစ်ယောက်က ဘယ်အဆင့်ကို ရောက်နေတယ်လို့ တိတိကျကျ ပြောလို့မရတဲ့အခါမှာ အဆင့်လိုက် လိုအပ်ချက်တွေအရ ကြားဝင် ကူညီဆောင်ရွက်မှုတွေ လုပ်ပေးဖို့ကလဲ ခက်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။


Related Posts :



2 comments:

EE said...

Sorry, I can't type Burmese fonts with my current computer. Let me write in English.
The stage 1 of Transtheoretical Model (Stages of Change Model) is Precontemplation stage and in this stage, people are not considering or thinking about change. It is the stage before contemplation or thinking seriously so I think it should be translated like 'before thinking or ma-sin-sar-mee-a-sint' instead of 'kyo-tin-sin-sar-a-sint'.
Just a suggestion!
Thank you.

tune said...

yeah
you are right.
Thank you.
I will chnage that.