Friday, March 13, 2009

Pearl Index

ပုလဲကိန်း (သို့မဟုတ်)
သားဆက်ခြားနည်းများ၏ ထိရောက်မှုကို တိုင်းသော အညွှန်းကိန်း


ကိုဗြဂ္ဃပြောသလို မိုးပေါ်ကအပ် နှင့် မြေကြီးကအပ်တို့ ထိချင်တိုင်း မထိကြရလေအောင် တားဆည်းနိုင်သော သားဆက်ခြားနည်းပေါင်း များစွာရှိသည်။ ၄င်းတို့အနက် တစ်ချို့က လိင်ဆက်ဆံတိုင်းသုံးရသည် (အမျိုးသားသုံး ကွန်ဒုံး၊ အမျိုးသမီးသုံး ကွန်ဒုံး)၊ တစ်ချို့က တစ်နေ့တစ်ခါသုံးရသည် (နေ့စဉ်သောက်ရသည့် ကိုယ်ဝန်တား သောက်ဆေး)၊ တစ်ချို့က ၃လ တစ်ခါသုံးရသည် (၃လ တစ်ခါ ထိုးရသည့် ဒက်ပို ထိုးဆေး)။ နည်းလမ်း တစ်ခုနှင့် တစ်ခု လုပ်ဆောင်ပုံ လုပ်ဆောင်နည်း ကွာခြားသော်လည်း အဓိက ရလာဒ်ဖြစ်သည့် ‘ကိုယ်ဝန်မရရှိခြင်း’ တွင်မူ တူညီကြသည်။ အချို့နည်းလမ်းများက ကိုယ်ဝန်မရစေရန် ရာနှုန်းပြည့် သေချာသည်၊ အချို့ကမူ ထို့လောက် မသေချာ။ ထိုအခါ မည်သည့်နည်းက ကိုယ်ဝန်မရအောင် ပိုပြီး ကာကွယ်နိုင်သလဲ ဆိုတာကို နှိုင်းယှဉ်နိုင်ရန် သုတေသီများက ကြံဆကြသည်။

သုတေသီများ၏ ထုံးစံအတိုင်း စတင် ကြံဆသူ၏ အမည်ကို ပေးလေ့ ရှိရကား၊ ဤအညွှန်းကိန်းကို တီထွင်သူ ရေမွန် (ရဲမွန် မဟုတ်ပါ) ပါးလ် (Raymond Pearl) ကိုအစွဲပြု၍ ပုလဲကိန်း (Pearl Index) ဟု ခေါ်တွင်လေသည်။ ပုလဲကိန်းမှာ တီထွင်သည့် ၁၉၃၃ ခုနှစ်မှစကာ ယနေ့အထိ အသုံးဝင်နေဆဲ ဖြစ်သည်။

(စကားချပ်။ ။ ဤဆောင်းပါးကို ရေးရန် အင်တာနက်တွင် လှန်လှောကြည့်ရှုရင်းမှ ရေမွန်ပါးလ် သည် စာရေးသူ တက်ရောက်နေသော ဂျွန်စ်ဟော့ပ်ကင်းစ် တက္ကသိုလ်၏ ပါမောက္ခဟောင်း တစ်ဦးဖြစ်ကြောင်း သိရသည်။ ရွှေရှိမှ အမျိုးတော်တတ်သော ရွှေမျိုးစပ်နည်းမျိုး၊ နာမည်ကြီးသူဆိုလျှင် မိမိနှင့် ရအောင် ဆက်စပ်တတ်သော လူတို့၏ ဘာဝ အတိုင်း စာရေးသူလည်း အတင်း ဆက်စပ်ပစ်လိုက်သည်ကို သည်းခံ ခွင့်လွှတ်ကြပါ။)

ပုလဲကိန်း ဆိုသည်မှာ

အမျိုးသမီး အယောက် ၁၀၀ အား သားဆက်ခြားနည်းလမ်း (က) ကို အချိန်ကာလ ၁ နှစ်တိတိ အသုံးပြုစေသည်။ ထိုအချိန်ကာလ တစ်နှစ်အတွင်း ကိုယ်ဝန်ရရှိသွားသော အမျိုးသမီး အရေအတွက်ပင် ဖြစ်သည်။

(က) နေရာတွင် သားဆက်ခြားနည်း တစ်ခုခုကို အစားထိုး ရန်။

သားဆက်ခြားနည်း တစ်ခု (ဥပမာ - အမျိုးသား ကွန်ဒုံး) သည် ပုလဲကိန်း ၂ ရှိသည်ဟု ဆိုလျှင် အမျိုးသမီး ၁၀၀ အား ၄င်းတို့၏ အမျိုးသားများကို အမျိုးသား ကွန်ဒုံး အချိန်ကာလ ၁ နှစ်တိတိ အသုံးပြုခိုင်းပါက အမျိုးသမီး ၂ ယောက်ခန့် ကိုယ်ဝန်ရသွားနိုင်သည်ဟု ဆိုလိုသည်။

သားဆက်ခြားနည်း လုံးဝမသုံးသော အိမ်ထောင်ရှင် အမျိုးသမီးများ၏ ပုလဲကိန်းမှာ ၈၅ ရှိသည်။ ဆိုလိုသည်မှာ မည်သည့် သန္ဓေတားနည်းမှ အသုံးမပြုပါက အမျိုးသမီး ၁၀၀ အနက် ၈၅ ဦးသည် တစ်နှစ်အတွင်း ကိုယ်ဝန် ရသွားနိုင်သည်။

ဤသို့ဆိုလျှင် သားဆက်ခြားနည်း များစွာအနက် မည်သည့်နည်းက ပုလဲကိန်း မည်မျှ ရှိသည်ကို ကြည့်ခြင်းဖြင့် ကိုယ်ဝန်တားနိုင်စွမ်း မည်မျှ ရှိသည်ကို လွယ်လွယ်ကူကူ သိနိုင်သည်။

ပုလဲကိန်းတွင်ပင် အနုစိတ်လိုပါက consistent and correct use နှင့် commonly use ဟူ၍ နှစ်မျိုးထပ်မံ ခွဲခြားနိုင်သေးသည်။ သာမာန်အားဖြင့် သန္ဓေတားရန် ဆေးထိုး ဆေးသောက်ပြုကြရာ၌ သတ်မှတ်ထားသည့်အတိုင်း တိတိကျကျ ဆေးသောက်ဖြစ်သည် (ဥပမာ - ညနေတိုင်း မှန်မှန်သောက်ခြင်း၊ လုံးဝ မမေ့ခြင်း)၊ တိတိကျကျ ဆေးထိုးသည် (ဥပမာ - ၃ လ ပြည့်တိုင်း ရက်မလွန်စေရပဲ မှန်မှန် ဆေးပြန်ထိုးခြင်း) ဆိုပါက ကိုယ်ဝန်တားခြင်းတွင် ထိရောက်သည်။ ထိုသို့ မဟုတ်ပဲ မေ့သည့်အခါမေ့လိုက်၊ သတိရမှ ပြန်သောက်လိုက်၊ ပြန်ထိုးလိုက် လုပ်နေလျှင် ဘယ်လောက်ကောင်းသည့် ဆေးမျိုးသုံးသုံး ကိုယ်ဝန်ကာကွယ်မှု နှုန်းက လျော့မည်ပင်။ သာမာန်အားဖြင့် လူများက မေ့လျော့တတ်သော သဘောရှိသဖြင့် ဆေး၏ ကိုယ်ဝန်တားပေးသည့် အာနိသင် အပြည့်အ၀ မရရှိတတ်ပေ။ ထို့အတွက် အညွှန်းကိန်းကို သတ်သတ် တွက်ချက်ပေးထားသည်။

သင်သည် သားဆက်ခြားနည်းကို စနစ်တကျ မမေ့မလျော့ အသုံးပြုသူ ဖြစ်ပါက ကော်လံ (က) တွင် ပါသည့် အညွှန်းကိန်းကို ကြည့်ပါ။ သင်သည် မေ့သည့် အခါမေ့လိုက် သုံးသည့်အခါ သုံးလိုက် ဆိုပါက ကော်လံ (ခ) တွင်ပါသည့် အညွှန်းကိန်းကို ကြည့်ပါ။

ပုလဲကိန်း ဇယား (တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေ)


(က)

(ခ)

သားဆက်ခြားနည်း

အတိအကျ မမေ့မလျော့ အသုံးပြုပါက

ပုံမှန် အသုံးပြုပါက

အမျိုးသား သားကြောဖြတ်ခြင်း

ဝ.၁

ဝ.၁၅

အမျိုးသမီး သားကြောဖြတ်ခြင်း

ဝ.၅

ဝ.၅

သားအိမ်တွင်းထည့်ပစ္စည်း

ဝ.၆

ဝ.၈

၃-လ ထိုးဆေး

ဝ.၃

သောက်ဆေး (ဟော်မုန်း ၂ မျိုးပါ)

ဝ.၃

အမျိုးသား ကွန်ဒုံး

၁၅

သုတ်ရည် ပြင်ပ စွန့်ထုတ်ခြင်း

၂၇

ဘာမှမသုံးခြင်း

၈၅

၈၅


ပုလဲကိန်းကို အနှစ်ချုပ်ကြည့်လိုက်လျှင်

ဝ - ၀.၉အထိရောက်ဆုံး
၁ - ၉ထိရောက်
၁၀ - ၂၅အသင့်အတင့်ထိရောက်
၂၆ - ၃၂ထိရောက်မှုနည်း

ဟူ၍ တွေ့ရပေမည်။

စကားချပ်။

ဖော်ပြပါ ပုလဲကိန်း ဇယားမှာ မြန်မာနိုင်ငံတွင် အသုံးများသော နည်းလမ်းများအတွက်သာ ဖော်ပြထားခြင်းဖြစ်ပါသည်။ အခြားနည်းလမ်းများအတွက် ပုလဲ အညွှန်းကိန်းများကို သိလိုပါက ၂၀၀၇ ခုနှစ်ထုတ် Family Planning Handbook ၀က်ဆိုဒ်တွင် သွားရောက် လေ့လာပါရန်။ (စာကိုးတွင် လင့်ပေးထားပါသည်။)

မရှင်းလင်းသည်များ ရှိပါက မှတ်ချက်တွင် ရေးသား မေးမြန်းနိုင်ပါသည်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

http://www.infoforhealth.org
http://en.wikipedia.org/wiki/Raymond_Pearl
http://en.wikipedia.org/wiki/Pearl_Index
http://www.infoforhealth.org/globalhandbook/book/fph_appendix_a/index.shtml
Dr. Raymond Pearl ၏ ဓါတ်ပုံကို http://www.flickr.com/photos/library_of_congress/3085243184/ မှ ရယူသည်။


Related Posts :



3 comments:

tune said...

thanks.

Anonymous said...

Where is Ma Khin Oo May??

Little said...

Hi. I am planning to get twins by 2012 Jan. So I am going for consultation with OG on end of this year as my last dose for ceverix is on end of this year. Is it too late for consulation?