Saturday, January 31, 2009

Pro-Choice vs. Pro-Life

မက္ကဆီကိုစီးတီး ပေါ်လစီပို့စ် ကို မရေးခင် ဒီပို့စ်ကို ရေးသင့်ပါတယ်။ ဒါပေမယ့် အချိန်ကာလ အခြေအနေ အရ အခုမှ အကြွေးဆပ်လိုက်ပါတယ်။ ဟိုဟာ မဖတ်ခင် ဒီဟာကို ဖတ်ပါ ပေါ့ဗျာ။ ဘလောက်က ပြောင်းပြန် စီတာနဲ့တော့ ဟန်ကျနေတာပေါ့။

Pro-Choice



အမျိုးသမီးတစ်ဦးသည် မိမိ ကိုယ်ခန္ဓာကို မိမိပိုင်သည်။ ထို့ကြောင့် မိမိ ကိုယ်ခန္ဓာအတွင်း ဖြစ်တည်လာသော ကိုယ်ဝန်ကို ၄င်း အမျိုးသမီး၏ သဘော ဆန္ဒအရ (ဖျက်ချလိုက) ဖျက်ချပိုင်ခွင့်ရှိသည် ဟု ယုံကြည်ယူဆချက်။

စကားချပ်။ ။ ယခင်က Anti-life ဟုလည်း ခေါ်သည်။ သို့ရာတွင် Anti ဆိုသည်မှာ အနုတ်သဘောလက္ခဏာ ဆောင်သဖြင့် နောက်ပိုင်း အသုံးနည်းလာသည်။




Pro-Life



သန္ဓေသား ဆိုသည်မှာ လူသားတစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် လူသားတစ်ဦး၏ ရပိုင်ခွင့်ဖြစ်သော အသက်ရှင်သန်ခွင့်ကို သန္ဓေသားတိုင်း ရပိုင်ခွင့် ရှိသည် ဟု ယုံကြည်ယူဆချက်။

ဆင့်ပွား ယူဆချက်မှာ ကိုယ့်ကိုယ်ကို သတ်သေခြင်း၊ သေဒဏ်ပေးခြင်း၊ သေလုမျောပါး ဝေဒနာ ခံစားနေရသူ လူနာအား အဆုံးစီရင်ပေးခြင်း (Euthanasia)၊ လူကို တုပပြုလုပ်ခြင်း (cloning)၊ သန္ဓေသား ဆဲလ်များကို အသုံးချ သုတေသနပြုခြင်း (Human embryonic stem cell research) စသည်တို့ကိုလည်း ဆန့်ကျင်သည်။

စကားချပ်။ ။ ဤယုံကြည်ချက် ရှိသူသည် ကိုယ်ဝန်ဖျက်ချခြင်းကို မည်သည့် အကြောင်းပြချက်နှင့်မျှ လက်မခံပါ။

ဒီလိုဆိုရင် Pro-Choice နဲ့ Pro-Life တို့ဟာ ခေါင်းနဲ့ပန်း၊ မီးနဲ့ရေ၊ အဖြူနဲ့အမည်းလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသလား။ Are they dichotomous?




တကယ့် လက်တွေ့ လောကတွင်မူ Pro-Choice နှင့် Pro-Life အယူအဆတို့သည် သက်တံတစ်ခု၏ အစွန်းနှစ်ဖက်ကဲ့သို့ ဆက်စပ်လျက် ရှိနေသည်။ လူတို့သည် ဤယုံကြည်ချက် နှစ်ခု၏ ကြား တစ်နေရာရာတွင် ရှိနေတတ်သည်။ ပုဂ္ဂိုလ် တစ်ဦး၏ အယူအဆကို Pro-Choice လား Pro-Life လားဟု အတိအကျ သတ်မှတ်ရန် ခက်ခဲပြီး ထိုပုဂ္ဂိုလ်သည် မည်သည့်ဘက်နှင့် ပို၍ နီးသည်ဟုသာ ဆိုနိုင်ပေမည်။ “အခြေအနေ” တစ်ခုခုပေါ်တွင် မူတည်ပြီး ရပ်တည်ချက် ပြောင်းလဲနိုင်သည်ဟု ပြောလျှင် ရနိုင်မည် ထင်သည်။


သာဓကများနှင့် ရှင်းပြလျှင် ပိုမို သင့်လျော်မည်။

ဥပမာ (၁)

အမျိုးသမီး တစ်ဦးသည် သားဆက်ခြားနည်းများကို သုံးစွဲရကောင်းမှန်း သိသည်၊ တတ်လည်း တတ်နိုင်သည်၊ ၀ယ်ယူရန်လည်း လွယ်ကူသည့် အနေအထားမှာ ရှိသည်၊ ဆေးမတည့်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများလည်း မရှိပါလျှက် သားဆက်ခြားခြင်း နည်းလမ်းများကို မသုံးစွဲ။ ကိုယ်ဝန်ရလာမှသာ သွားရောက် ဖျက်ချလေသည်။

ထိုကိစ္စမျိုး တစ်ကြိမ်မက ဖြစ်လာသောအခါ … မိမိကိုယ်ကို Pro-Choice ဟု သတ်မှတ်ထားသူကပင်လျှင် ထိုသို့ မဖြစ်သင့်ကြောင်း၊ သားဆက်ခြားနည်း မှန်မှန်သုံးပြီး ကိုယ်ဝန်ဖျက်ခြင်းကို ရှောင်သင့်ကြောင်း ၀င်ရောက် ပြောဆိုသည်။

ထိုအခါ Pro-Choice ကို ယုံကြည်သူသည် အမှန်တကယ် ယုံကြည်သူ ဖြစ်ပါသေးသလော။

ဥပမာ (၂)

အမျိုးသမီး တစ်ဦးတွင် နှလုံးရောဂါ ကြီးကြီးမားမားရှိသဖြင့် ဆရာဝန်များက ကလေးမယူရန် တားမြစ်ထားသည်။ ပဋိသန္ဓေ တားနည်းလည်း သုံးနေပါလျက် မတော်တဆ ကိုယ်ဝန် ရရှိသွားလေသည်။ ထိုအမျိုးသမီး၏ နှလုံးအခြေအနေသည် မိခင်နှင့် ၀မ်းတွင်းက သန္ဓေသား နှစ်ဦးလုံး အတွက် လုံလောက်အောင် အလုပ် မလုပ်ပေးနိုင်ချေ။ ထိုအခါ အမျိုးသမီးမှာ အသက် အန္ဓရာယ် ရှိလာလေသည်။ အမျိုးသမီး အသက် သေဆုံးသွားပါက ၀မ်းတွင်းမှ သန္ဓေသားမှာလည်း အသက် သေဆုံးပေမည်။

ထိုအချိန်တွင် Pro-Life ဟု မိမိကိုယ်ကို သတ်မှတ်ထား သူကပင်လျှင် ထိုကိုယ်ဝန်ကို ဖျက်ချပေးသင့်ပါကြောင်း ပြောလာလေသည်။ မိခင်သေလျှင် သန္ဓေသားလည်း သေမည်။ အသက် နှစ်သက်နှင့် တစ်သက် လဲရန်ဟု အကြောင်းပြလေသည်။

ထိုအခါ Pro-Life ကို ယုံကြည်သူသည် အမှန်တကယ် ယုံကြည်သူ ဖြစ်ပါသေးသလော။

တစ်ဦးချင်း အယူအဆမှ အဖွဲ့လိုက် အယူအဆသို့

ဤအယူအဆတို့သည် လူတစ်ဦးချင်းစီတွင် ရှိနေနိုင်သလို အသင်းအဖွဲ့ တစ်ခု နိုင်ငံ တစ်နိုင်ငံတွင်လည်း ရှိနေနိုင်သည်။ အသင်းအဖွဲ့ တစ်ခု၏ ဖွဲ့စည်းပုံ၊ ပေါ်လစီ၊ ခေါင်းဆောင်များ၏ ပြောဆိုချက်များပေါ် မူတည်၍ ထိုအဖွဲ့သည် Pro-Choice နှင့် နီးသလား Pro-Life နှင့် နီးသလား ဆိုသည်ကို ခန့်မှန်းနိုင်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ Pro-Choice/Pro-Life အယူအဆကို ထိုနိုင်ငံတွင်ရှိ အမျိုးသမီး ကျန်းမာရေး၊ မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။

စာရှုသူများ တွေး၍ မှတ်ချက်ရေးပေးပါရန်

  • အထက်ပါ ဥပမာ (၁) နှင့် (၂) ကဲ့သို့ အလားတူ သာဓက တစ်ခုစီလောက် စဉ်းစားကြည့်ပါ။
  • မြန်မာနိုင်ငံတွင် လူအများစုသည် မည်သည့် နေရာတွင် ရှိနေမည် ထင်ပါသနည်း။
  • စာရှုသူ ကိုယ်တိုင်ကရော မည်သည့် နေရာတွင် ရှိပါသနည်း။ (ဖြေလိုမှ ဖြေပါရန်။)

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး

http://en.wikipedia.org/wiki/Pro-choice
http://en.wikipedia.org/wiki/Pro-life


Related Posts :



14 comments:

tune said...

i think i am more on pro-life like most myanmar ppl.
but there are times i can't blame others choices.
moreover, there are times, i have to ask info for safe abortion for others.
i think there are several factors involved in this issue.
as long as we cannot make ppl to do less undesired behavior and to do more desired behavior, problems will continue.

Nge Naing said...

အပေါ်မှာ Tune ပြောထားသလိုပဲ ကျွန်မကတော့ မြန်မာပြည်သား အများစုဟာ Pro-life ပဲ ဖြစ်လိမ့်မယ်ထင် တယ် ကျွန်မကိုယ်တိုင်ကလည်း Pro-life ဘက်က ပါပါတယ်။ ဒါပေမယ့် နှလုံးရောဂါရှိတဲ့ ကိုယ်ဝန်တောင် အမျိုးသမီးရဲ့ အခြေအနေမှာတော့ ကျွန်မက ဖျက်ချဖို့တိုက်တွန်းမှာ မဟုတ်သလို မဖျက်နဲ့လို့လည်း ပြောမှာ မဟုတ်ဘူး။ သူကိုယ်တိုင် ဆုံးဖြတ်ဖို့ကိုပဲ အားပေးမှာ ဖြစ်ပြီး ဆုံးဖြတ်သွားတဲ့ အပေါ်မှာလည်း ဘယ်ဘက်ကိုပဲ ဆုံးဖြတ်ဆုံးဖြတ် ဘေးကြပ်နံကြပ် အခြေအနေမို့ နားလည်ပေးနိုင်ပါတယ်။ အဲလို အခြေအနေမှာ Pro-life လို့ ခံယူထားသူတယောက်က ဖျက်ချဖို့ တိုက်တွန်းရင်တောင်မှ တိုက်တွန်းသူကိုလည်း အသက်နှစ်ခုလုံး ဆုံးရှုံးဖို့ အခြေအနေကနေ တခုကို ကယ်တင်ဖို့ပေးတဲ့ အကြံသာ ဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ Pro-life အဖြစ်ဆက်လက် အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင် အဲဒီအမျိုးသမီးနေရာမှာ ရောက်နေရင်တော့ မမြင်ရတဲ့ ကလေးရဲ့ကံကို မျှော်လင့်ပြီးတော့ ကျွန်မ အသက်ပဲ သေခံမယ် ကိုယ်ဝန်တော့ ဖျက်ချဖို့ဆုံးဖြတ်လိမ့်မှာ မဟုတ်ဘူး။
ပထမပြောထားတဲ့ အခြေအနေက ကိုယ်ဝန်ခဏခဏ မဖျက်ချမိဖို့ သန္ဓေတားဖို့ တိုက်တွန်းတဲ့ Pro-Choice သမားကိုလည်း သူတိုက်တွန်းတဲ့ ရည်ရွယ်ချက်က လူ့အသက်ကို တန်ဖိုးထား ကာကွယ်ချင်တဲ့ ရည်ရွယ်ချက်မဟုတ်ပဲ သန္ဓေခဏခဏ ဖျက်ချတာနဲ့ စာရင် တာဆေးသုံးတာက ပြဿနာပိုနည်းတယ် ဆိုတာသိလို့ တိုက်တွန်းတာသာ ဖြစ်နိုင်တဲ့ အတွက် ကျွန်မအနေနဲ့ Pro-Choice သမား အဖြစ် ဆက်လက်သတ်မှတ်မှာ ဖြစ်ပါတယ်။
ဒီပို့စ်လေးအတွက် သိပ်ကျေးဇူးတင်ပါတယ်ဆရာ Critical thinking လေးပါ တည့်ထားတော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားပါတယ်။ C-Box ထဲက မေးခွန်းတချို့ကိုလည်း ဖြေပေးပါဦး။

Ye-Mon said...

thanks to Tune & Nge Naing for your discussions.

Anonymous said...

ကျွန်တော်က တော့ ကိုယ့်ကို ကို Pro-Choice အယူအဆ ကို ပိုသဘောကျတဲ့သူလို့ထင်ပါတယ်။ ဒီနေရာမှာ ဥပမာ ကအသက်အန္တရာယ်နဲ့ နီးတဲ့
“ကိုယ်ဝန်ဖျက်ချခြင်း” က ဥပမာဖြစ်နေလို့ပါ။ တကယ်လို့ အသက်နဲ့သိပ်မနီးတဲ့ တခြားဥပမာ၊ တက်တူးထိုးတာ၊ ပလပ်စတိတ် ဆာဂျရီ လုပ်တာ၊ ဆံပင်ဆေးဆိုးတာတွေ နဲ့ စဉ်းစားကြည့်ရင်တစ်မျိုးအမြင်ရှိနေနိုင်ပါတယ်။ ဆိုလိုတာက ခုန က Pro-Life လို့ပြောသူတွေကိုယ်တိုင်ကပဲ ငါ့ခန္ဓာကိုယ်မှာ ငါထိုးတာ၊ လူ့အခွင့်အရေးဆိုတာတွေပြောလာနိုင်ပါတယ်။ [ no offends :-)]
မကျွန်းနဲ့ မငယ်နိုင်တို့ က “ကျွန်မတို့ဟာ မြန်မာပြည်က အများစုလိုပဲ Pro-Life ” ဆိုတာကိုတော့ နဲနဲဆက်စဉ်းစားစရာလို့ထင်ပါတယ်။ ဆိုလိုချင်တာက သူတို့ ရဲ့အဖြေတွေက မြန်မာပြည်ရဲ့ အမျိုးသမီးထု ကို ဘယ်လောက် ကိုယ်စားပြုသလဲဆိုတာ စဉ်းစားစရာအချက်ပါ။ နောက်ဘာသာရေးအဆုံးအမတွေကလဲ ဒီနေရာမှာကျွန်တော်တို့ရဲ့လွပ်လပ်တဲ့ အတွေးတွေရဲ့လွပ်လပ်မှုကို အတိုင်းအတာတစ်ခုအထိ ချုပ်ကိုင်ထားမယ်ထင်ပါတယ်။ စိတ်ဝင်စား စရာကောင်းတဲ့ ပိုစ့် လေးအတွက်တော့ ကျေးဇူးပါ။

Anonymous said...

တစ်ခုလောက်မေးပါရစေ။ Pro-Choice နဲ့ Pro-Life
က ကိုယ်ဝန်နဲ့ဆိုင်တာပဲသုံးလို့ရလား? တော်ကြာ ဘာမှမသိဘဲဝင်လျှာရှည်နေသလိုဖြစ်နေမှာစိုးလို့ပါ။ ပြီးတော့ ဒီမှာကွန်မန့်ရေးတုံးက မက္ကဆီကို စီးတီး ကိုမဖတ်ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်ပြောသလို တခြား ဥပမာတွေ နဲ့ စဉ်းစားကြည့်ရင်လဲ ထောင့်တစ်ခုတိုးတာပေါ့နော်။ နောက်တစ်ခု က ဒီမိုကရေစီ လို့ တစ်ချိန်လုံးအော်နေတဲ့အမေရိကန်မှာ ဒီလိုတွေဖြစ်နေတာ အံ့သြစရာပါပဲ။ နောက်ပြီး သူတို့စီမှာ ဆယ်ကျော်သက်တွေနဲ့ un-wanted Pregnancy ကိစ္စကလဲတော်တော်ကြီးမားတဲ့ ပြဿနာပါ။
ပိုပြီးတွေးစရာကောင်းတာက သူတို့ဆီမှာလိင်ပညာပေး ကို ကျောင်းမှာကတည်းကသင်ပေးတယ်လို့သိရပါတယ်။ ဒါဆိုစဉ်းစားစရာတွေပိုပိုများလာသလိုပါပဲ။ သူတို့ရဲ့ ပညာပေးတွေကပဲမအောင်မြင်လို့လားလို့တွေးစရာဖြစ်
စေပါတယ်။

tune said...

အင်း.. နင်ပြောတာ ဟုတ်ပါတယ်။ ဒါပေမယ့် norms က ရှိသေးတယ်ဟုတ်။ လူတိုင်းက အများသတ်မှတ်ထားတဲ့ စံနှုန်းထဲမှာ ၀င်အောင် နေချင်ကြတာချည်းပဲ။ ကိုယ့်ဖာသာကိုယ် pro-choice ဖြစ်ချင်ရင်တောင် အများက လက်ခံထားတာကို တွန်းလှန်နိုင်ဖို့ဆိုတာမျိုးက မလွယ်ဘူးလို့ ငါက ယူဆပြီး ရေးတာ။ တကယ် pro-choice လုပ်ခဲ့တဲ့ သူတွေတောင် ကိုယ့်နိုင်ငံရဲ့ လူမှုအသိုင်းအ၀ိုင်းထဲမှာ လူသိရှင်ကြား ထုတ်ပြောဖို့ဆိုတာ ခက်တယ်ဟုတ်။ ဘယ်လောက် ကိုယ်စားပြုသလဲဆိုတာကတော့ I don't really know. နင်တို့လို norms ကို ဂရုမစိုက်တဲ့ လူမျိုးတွေက exceptional case တွေလေ။ များများမှ မရှိတာ။

tune said...

အမေရိကန်နိုင်ငံရဲ့ အခြေအနေက အပြင်က လူတွေ ထင်ထားတာနဲ့ တလွဲစီ ဖြစ်နေတာတွေ အများကြီးပဲ။
STD နဲ့ teenage pregnancy နှုန်းကလဲ အရမ်းမြင့်တယ်။ conservative ဖြစ်လွန်းတဲ့ အပိုင်းတွေလဲ အများကြီးပဲ။ တချို့ဟာတွေ ငါ အရမ်း မသိသေးတော့ မှားမှာ စိုးလို့ မပြောချင်ဘူး။

Nge Naing said...

ကို Addy
ကို Addy ရဲ့ မှတ်ချက်တွေအပေါ် လေးစားလျက် ကျွန်မ အကြောင်းပြန်လိုက်ပါတယ်။
PHiMM မှာ စာလာဖတ်ပြီး မှတ်ချက်တွေ ရေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒီလိုဆွေးနွေးတဲ့သူဟာ လူတိုင်းမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်ဆိုတာကို လက်ခံတဲ့သူ ဖြစ်လိမ့်မယ်လို့လည်း ကျွန်မ ထင်ပါတယ်။ Dr ရဲမွန်တင်တဲ့ Pro-choice နဲ့ Pro-life ကို ကျွန်မ နားလည်သလောက် Pro-life က အသက်ကို ဘယ်အကြောင်းပြချက်နဲ့ ပဲဖြစ်ဖြစ် မသတ်ရေးဆိုတဲ့ အဖြေတခုပဲရှိပြီး Pro-life ကတော့ ကိုယ့်သဘောဆိုတဲ့ ပံစံမျိုး ဖြစ်နေတော့ အဖြေတခုထက် ပိုရှိပါတယ်ဆိုတာတော့ ကျွန်မ သဘောပေါက်ပါတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့ရဲ့ သဘောထားဟာ မြန်မာအမျိုးသမီးထု တရပ်လုံးကို ကိုယ်စားပြုတယ်လို့ လုံးဝမဆိုထားပါဘူး။ ရောဂါကြောင့် မဟုတ်ပဲ ပုံမှန်အခြေအနေမှာ တကယ်လို့ မြန်မာလူထု အများစုကို ဆာဗေးလုပ်ကြည့်လို့ Pro-choice ကို ပိုလက်ခံတဲ့ အဖြေ ထွက်တယ် ဆိုရင်တောင်မှ Family Plan နဲ့ ပတ်သက်ပြီး အသိပညာအားနည်းလို့သာ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက မိရိုးဖလာ အစွဲအလမ်းအရ လိင်ကိစ္စကို ကာကွယ်ဖို့အရေး မေးရ မြန်းရ၊ လိုက်လုပ်ရတာကို ရှက်စရာတခုလို့ ယူဆပြီး ကိုယ်ဝန် ဖြစ်လာပြီးမှ ဖျက်ချတာကမှ ဖြစ်ပြီးသွားတဲ့ လိင်ကိစ္စကို ဘာမှ ထပ်ပြောစရာမလိုတော့ပဲ ဘာမှ ဇယားမရှုပ်တော့ဘူးလို့ ယူဆလို့သာ ဖျက်ချတာကို လက်ခံကြတာ ဖြစ်ပါလိမ့်မယ်။

နောက်တခုက ဘာသာရေးမှ မဟုတ်ဘူး ဘယ်နေရာမှာမဆို လူတိုင်းလူတိုင်းဟာ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်ရှိပါတယ်။ ဥပမာ နတ်ကိုးကွယ်နေသူကို နတ်ကွန်းထားရင် သတ်မယ်လို့ ခြိမ်းချောက်ပြီး မထားဖို့ တားလို့ရရင်ရမယ် နတ်ကို ယုံကြည်နေတဲ့ ယုံကြည်မှုကို ဘယ်သူမှ တားလို့မရပါဘူး။ အနော်ရထာမင်း လက်ထက်ကတောင် လုပ်ခဲ့ပါတယ် ဒါပေမယ့် နတ်ကိုးကွယ်မှုက အခုထိ ရှိနေတုန်းပဲ။ ကျွန်မတို့ရဲ့ အတွေးတွေမှာ ဘာသာရေးမှမဟုတ်ဘူး ကျွန်မတို့ယုံကြည်တာ အားလုံးပါဝင်ပတ်သက်နေတယ် ဆိုတာ လက်ခံပါတယ်။ ဒါယေ့် အဲဒီယုံကြည်မှုက ကျွန်မတို့ အတွေးအခေါ် လွတ်လပ်မှုကို ချုပ်ကိုင်ထားတယ်ဆိုတာတော့ လုံးဝမဟုတ်ပါဘူး ကျွန်မတို့ကသာ အဲဒီယုံကြည်မှုကို လွတ်လွတ်လပ်လပ် ဆုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ ဆိုလိုတာက သူ့အသက်ကို မသတ်သင့်ဘူးဆိုတဲ့ အတွေးအခေါ်ကို ကျွန်မက ဗုဒ္ဓဘာသာဝင် ဖြစ်လို့၊ ဒါမမဟုတ် ဒါကိုလက်မခံရင် ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းက ကဲ့ရဲ့ပြစ်တင် ရှုပ်ချမှာစိုးလို့ မလွဲသာမရှောင်သာပဲ လက်ခံထားရတာမျိုး မဟုတ်ပဲ ကျွန်မကိုယ်တိုင် အဲဒီအချက်ကို ယုံကြည်လို့ကို လက်ခံပြီး ဆုပ်ကိုင်ထားတာသာ ဖြစ်ပါတယ်။

နောက်တခုက ကို Addy ပြောတဲ့ မက္ကကို စီတီ ဥပဒေနဲ့ပတ်သက်ပြီး ဒီမိုကရေစီနိုင်ငံလုပ်ပြီး အမေရိကန်မှာ ဒီလိုဖြစ်နေတယ်ဆိုတဲ့ အချက်ကို ကျွန်မသဘောမပေါက်ပါဘူး။ ကျွန်မသဘောပေါက်တာက ဒီမိုကရေစီ နိုင်ငံဖြစ်နေလို့သာ အာဏာရပါတီက သူလုပ်ထားတဲ့ ဥပဒေကို သူအာဏာရတဲ့အချိန်မှာ လွတ်လွတ်လပ်လပ် ချပိုင်ခွင့် ရှိပြီး ဒါကို မကြိုက်တဲ့ပါတီကလည်း သူမကြိုက်တာကို သူအာဏာရတဲ့အချိန်မှာ လွတ်လွတ်လပ်လပ် ပြန်ဖျက်သိမ်းပိုင်ခွင့် ရှိတာပေါ့။ သူတို့ကို လူထုက ကိုယ်စားပြုဖို့ ရွေးထားတာကိုး သူ့သဘောနဲ့သူ လုပ်ချင်သလို လုပ်ကြတာမှ မဟုတ်ပဲ။ ဒီမိုကရေစီ နိုင်ငံမဟုတ်ရင် ဒီလိုဘယ်လုပ်လို့ရမလဲ။

နောက်တခုက ဆယ်ကျော်သက် ကိုယ်ဝန်ရတဲ့နှုန်း များတဲ့ကိစ္စ ကျောင်းတွေမှာ မဖြစ်အောင် ကာကွယ်ဖို့ ပညာပေးလုပ်တယ်ဆိုတာလည်း ဟုတ်ပါတယ်။ ပညာပေးရင်းနဲ့ ဖြစ်နေတယ်ဆိုတာလည်း ဟုတ်တယ် ဒါကလည်း မူးယစ်ဆေးတို့ ဆေးလိပ်တို့ကို ပညာပေးရင်းနဲ့ ဖြစ်နေကြသလိုပါပဲ ဘာမှမကွာခြားပါဘူး။ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ လိုက်နာသူတွေရဲ့နဲ့သာ ဆိုင်ပါတယ်။ မြန်မာနိုင်ငံမှာလို အိမ်ထောင်မပြုချင်သေးပဲနဲ့ ချိန်းတွေ့မိလို့ မိဘတွေသိပြီး ကြောက်လို့ ဘာအစီစဉ်မှ မရှိသေးပဲ စောစော ယောက်ျားနောက် လိုက်ပြေးရတာမျိုး၊ ကိုယ်ဝန်ရလို့ အဆုံးစီရင်ရတဲ့အထိ အသက်ဆုံးရှုံး ရတာမျိုးတော့ မတွေ့ရပါဘူး။ ”အသက်နဲ့ လူလုပ်တာမဟုတ်ဘူး အရှက်နဲ့ လူလုပ်တယ်” ဆိုတဲ့ မြန်မာဆိုရိုးစကားရှိပေမယ့် အရှက်ဆိုတာကို သတ်မှတ်တဲ့နေရာမှာ တယောက်နဲ့ တယောက် သတ်မှတ်ပုံချင်း မတူပါဘူး။ လူ့အသက်ထက်တန်ဖိုးရှိတာ ဘာရှိလို့လဲ။ အမှန်တရား ဆိုတာကလည်း ကို Addy က ဗုဒ္ဓဘာသာဝင်ဆိုရင်တော့ သစ္စာလေးပါး တရားကလွဲရင် ဘာမှအမှန်မရှိဘူး တခြား အမှန်လို့ ပြောနေတာတွေဟာ သတ်မှတ်လက်ခံသူနဲ့ပဲ ဆိုင်တယ်ဆိုတာ သိပြီးဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်ရင်တော့ ဆောရီးပါ။ ဘာဘာသာပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအ၀ိုင်းမှာ အမှန်တရားဆိုတာကို သတ်မှတ်လက်ခံတဲ့နေရာမှာ ကိုယ်ယုံကြည်တာကို မှန်တယ်လို့ လူတိုင်း ဆုပ်ကိုင်ထားလို့ ရပေမယ့် ကျင့်သုံးတဲ့နေရာမှာ အများစုအတွက် မှားနေရင်၊ ထိခိုက်နေရင် ကျင့်သုံးဖို့ အကန့်အသတ်က ရှိပါတယ်။ ကျန်းမာရေးဆိုတာ ရောဂါရှိမရှိ အပေါ်မှာပဲ သတ်မှတ်တာ မဟုတ်ပဲ ဘ၀နေထိုင်မှု အဆင်ပြေ ချောမွေ့ရေးပါ ပါဝင်ပြီး လူအများစုအတွက် ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင် ဖြစ်ဖို့လိုသလို အနည်းစုအတွက် သီးသန့် စံမံပေးမှု ရှိဖို့ သိပ်ကို လိုအပ်ပါတယ်။ အများနဲ့ လိုက်လျောညီထွေတဲ့ လူမှုပတ်ဝန်းကျင် ဖြစ်ဖို့အတွက် အများဆန္ဒကို လေးစားဖို့ သိပ်ကို အရေးကြီးပါတယ်။ ပို့စ်တင်တဲ့ ဒေါက်တာရဲမွန်ကိုရော စိတ်ဝင်တစားနဲ့ ဖတ်ရှုအားပေးတဲ့ ကို Addy ကိုပါ အခုလို မှတ်ချက် ရှည်ရှည်နဲ့ ပြန်ဆွေးနွေးခွင့် ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

Ye-Mon said...

မှတ်ချက်တွေ၊ ဆွေးနွေးချက်တွေ တော်တော် တက်လာတော့ ဒီပို့စ် တင်ရကျိုးနပ်တယ်လို့ ပြောရမယ်ထင်တယ်။ နောက်ထပ် ရေးစရာ ကုန်ကြမ်း အတွေးစတွေလည်း တသီကြီးရလာလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။

>> Addy
ပါဝင်ဆွေးနွေးတဲ့ အတွက် ကျေးဇူးပါ။ ကျွန်း နဲ့ မငယ်နိုင်တို့က ကျွန်တော့် ဆွေးနွေးချက် မေးခွန်းကို ဖြေကြတာလို့ ထင်ပါတယ်။ သူတို့က မြန်မာအမျိုးသမီးထုကို ကိုယ်စားပြုတယ်လို့ ဆိုလိုပုံမရပါ။ မြန်မာအမျိုးသမီးထုက ဘယ်လိုအမြင် ရှိနေနိုင်တယ်ဆိုတာကိုသာ ပြောခြင်း ဖြစ်ပါလိမ့်မယ်။

Pro-Choice နဲ့ Pro-Life ကို ကိုယ်ဝန်နဲ့ ဆိုင်တဲ့ ကိစ္စမှာပဲ အသုံးပြုတာ တွေ့ရပါတယ်။

ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အမေရိကန် နိုင်ငံမှာ လွတ်လပ်စွာ သဘောထား ကွဲလွဲလို့ရပါတယ်။ မငယ်နိုင်က ပြည့်ပြည့်စုံစုံ ဆွေးနွေးသွားပြီးလို့ အကျယ်မပြောတော့ပါ။

ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကိုယ်ဝန် တကယ်မလိုချင်သေးပဲ ကိုယ်ဝန်ရတဲ့ ကိစ္စတွေဟာ အမေရိကန် နိုင်ငံမှာ များနေဆဲပါ။ ကိုယ်ဝန်သည်တွေရဲ့ တစ်ဝက် (၅၀ ရာခိုင်နှုန်း) လောက်ဟာ တကယ်တန်း ကိုယ်ဝန် မလိုချင်သေးပဲ ကိုယ်ဝန်ရသွားကြတာ ဖြစ်တယ်လို့ စစ်တမ်းတွေက ပြောပါတယ်။ ကိန်းဂဏန်းအရ ဆိုရင် အမေရိကန် နိုင်ငံမှာ နှစ်စဉ် ၃.၁ သန်း သော အမျိုးသမီး (ဆယ်ကျော်သက်မှ မဟုတ် - အားလုံးသော အမျိုးသမီး) တွေဟာ မလိုချင်ပဲ ကိုယ်ဝန်ဆောင်ကြရတယ်လို့ ဆိုပါတယ်။ သူတို့ ဘာတွေများ ဆက်လုပ်ကြပါသလဲ … စဉ်းစားစရာပါ။

လိင်ပညာပေးကို မူလတန်းမှာကတည်းက သင်ပါတယ်။ ဒါပေမယ့်လည်း ဆယ်ကျော်သက်တွေ အတွက် မျိုးဆက်ပွားကျန်းမာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရာ လိင်ပညာပေး တစ်ခုတည်းနဲ့ မလုံလောက်ပါဖူး။ တခြား အကူအညီတွေ အများကြီးလိုပါတယ်။

>>tune & Nge Naing
thanks

Anonymous said...

ဆွေးနွေးခွင့်ရတဲ့အတွက်ရော ပြန်ဆွေးနွေးပေးတဲ့အတွက်ပါကျေးဇူးပါ၊ လွပ်လပ်စွာဆွေးနွေးတာကိုလက်ခံပါတယ် (ရန်တော့ မဖြစ်ကျေးနော်)
ဥပမာတွေလွဲသွားတဲ့အတွက်တောင်းပန်ပါတယ်။ နောက်မှ ပြန်လေ့လာကြည့်တော့ Pro-Choice
နဲ့ Pro-Life ဆိုတာ ကိုယ်ဝန်ဆောင်တာ ကိုပဲပြောလေ့ရှိတယ်ဆိုတာသိလာပါတယ်။

ကျွန်တော်ပြောချင်တာက စဉ်းစားစရာတွေရှိရင် တခါတလေ မျက်တောင်တစ်ဆုံးပဲစဉ်းစားပြီး တချို့ကိစ္စတွေကျတော့ မျက်စိတစ်ဆုံးစဉ်းစားရမှာပါ။
မငယ်နိုင် ပြောသွားသလိုပဲ ကျွန်တော်က မိရိုးဖလာ ဗုဒ္ဓဘာသာပါ။ အဲဒီတော့ ဘာသာမဲ့လို့ပြောရင် စိတ်မဆိုးပါဘူး၊ ဆိုတော့ကာ ကျွန်တော်ဒီဆွေးနွေးမှုတွေကိုပြောနေတဲ့အချိန်မှာကံ ကံ၏ အကျိုးကိုထည့်မစဉ်းစားပါဘူး။ ပြီးတော့ အမှန်တရားလို့ အစ်မပြောသွားတဲ့ကိစ္စကလဲ ကျွန်တော့် အမြင်ကတော့ အမှန်တရားဆိုတာ ကြည့်နေတဲ့ ဘက်နဲ့ပဲဆိုင်တယ်လို့ထင်ပါတယ်။ တခါတလေ နှစ်ဘက်လုံးကအမှန်ဖြစ်နေတာတွေအများကြီးပါ ။ အကြောင်းအရာတစ်ခုကို ဘယ်ထောင့်ကနေ ဘယ်လိုကြည့်သလဲဆိုတာကိုမူတည်ပြီးတော့ပေါ့လေ။ (လွပ်လပ်စွာကွဲလွဲပါ)ကျွန်တော် ထည့်စဉ်းစားတာက လတ်တလော အနီးစပ်ဆုံးဖြစ်လာနိုင်တဲ့ ပြဿနာပါ။ ကလေးကိုမဖြတ်ပဲထားရင် အရင်ဆုံးရင်ဆိုင်ရမှာက ကိုယ့် မိသားစု ပါ၊ ပြီးတော့ ပတ်ဝန်းကျင် အဲဒီအခါ ကျရင် အဲဒီမလိုချင်ဘဲနဲ့ရလာတဲ့ ကိုယ်ဝန်ကို မိခင်က ဘယ်လောက်ညိုညင်မလဲ? အဖေ မပေါ်လဲမွေးလာမယ့်ကလေးနဲ့
ပတ်ဝန်းကျင်ကိုဘယ်လိုရင်ဆိုင်မလဲ? ဒါတောင် ကျွန်တော် တို့ ဒီ ကေစ့်ကို ချစ်သူ ကစွန့်ပစ်သွားသော မိန်းကလေးအနေနဲ့ တွက်မှနော်၊ တကယ်လို့သာ မုဒိမ်းမှုဆိုရင်ရော၊ နောက်ပြီး မငယ်နိုင်ပြော သလို ဆေးလိပ် မူးယစါဆေးဝါးပြဿနာလိုပဲ အခု ပြဿနာတွေကလဲ Individualize လုပ်ရမှာပါ။ ပြီးတော့ လိုက်နာ မလိုက်နာ ဆိုတာကလဲ တစ်ဦးချင်းဆီရဲ့ရွေးချယ်မှုဘယ်လောက်ရှိမလဲ
ဆိုတာပေါ်မူတည်ပါတယ်။ ပြောချင်တာက ဥပဒေ အနေနဲ့ သာဖျက်မချရဘူး၊ အရေးယူခံရမယ်ဆိုရင် သေပျောက်နူံး ကပိုများလာမှာပါ။ ရွေးချယ်မှုဆိုတဲ့နေရာမှာလဲ ခုနကျွန်တော်တင်ပြထားသလို ပြဿနာတွေနဲ့ စောစောရှင်းလိုက်ရင် ကိုယှဉ်ရွေးရမှာပါ။ ခက်ပါတယ်။
နောက်အစ်မပြောတဲ့ စစ်တမ်းကောင်လို့ Pro-Choice ပိုများရင်တောင် ဒါဟာ family planning awareness နဲလို့ဆိုတာကို သဘောထားကွဲလွဲပါတယ်။ ဒီနေရာမှာ SRHကိုလဲထည့်ပြောရပါမယ်။ ပြီးတော့ စီမံကိန်းတွေသာအောင်မြင်ရင် လူတွေက ရွေးချယ်မှုဆိုတဲ့စကားလုံးကိုပိုနားလည်လာမှာဖြစ်သလို၊ မဖြစ်ခင် မိမိ ကိုယ်ကို ကာကွယ်စောင့်ရှောက်မှု ကိုလဲပိုမိုနားလည်နေမှာဖြစ်ပါတယ်၊ အဲဒီတော့ စစ်တမ်းကောင် လို့ ဒီလိုဖြေရင်တောင် ဒါတွေမပြည့်စုံလို့ လို့ပြောလို့မရဘူးထင်ပါတယ်၊ဒီမှာစကားစပ်လို့ ဥပမာလေးတစ်ခုတင်ပြချင်ပါတယ်


စမ်းသပ်ချက်
တခုမှာ သိပ္ပံပညာရှင်များဟာ မျောက် ၅
ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်တယ်။

ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစ်စင်းထောင်ထားပြီး
လှေကားထိပ်မှာတော့ ငှက်ပျောတစ်ဖီးကို တင်ထားပေးသတဲ့။

တကယ်လို့ မျောက်တစ်ကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို
တက်ဖို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို
(မျောက်တွေ ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့ ရေအေးတွေနဲ့ နေမထိ
ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။

ဟော....မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တစ်ကောင်ကောင် လှေကားပေါ်တက်ဘို့
ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့လေးကောင်က ၀ိုင်းပြီး ထုကြ
နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို
ရပ်နားထားလိုက်တော့တာပေါ့။

အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင်
အားကောင်းလွန်းလှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး
လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။

ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တစ်ကောင်ကို
လှောင်အိမ်ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တစ်ကောင်နဲ့
လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့
(မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီးကို ယူဘို့
ကြိုးစားတော့တာပေါ့။ ကျန်တဲ့လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ
သူ့ကို ၀ိုင်း "သမ" ကြသတဲ့။

အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ
ဘာကြောင့်ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို
စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့
ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ် တက်ဘို့ကိုလည်း
ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။

ဒုတိယ မျောက်အသစ်ကောင်ကို မျောက်အဟောင်းတစ်ကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး
ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ
စိတ်ဝင်စားဘို့ကောင်းတာက ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ
သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို
တွေ့ရသတဲ့။
အဲသလိုနဲ့ တတိယ မျောက်အသစ်တစ်ကောင်ကို မူလမျောက်အဟောင်းထဲက တစ်ကောင်နေရာမှာ
အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စဆက်ဖြစ်တယ်။
စတုတ္ထမျောက်အသစ်တစ်ကောင်ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။
နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို
နောက်ဆုံးလက်ကျန်မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။

********************************************************************

မိတ်ဆွေတို့ရေ.....အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့
မျောက်ငါးကောင်စလုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့။
သူတို့ အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူး။
ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့
ကျန်တဲ့ လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့်
အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ
မသိကြရှာဘူးတဲ့။

ကဲအဲဒီတော့ ကျွန်တော်ပြောချင်တာကိုမြင်မယ်ထင်ပါတယ်။ ကျွန်တော်တို့ရှင်သန်ကြီးပြင်းရာပတ်ဝန်းကျင်မှာ ကျွန်တော်တို့တွေ အားလုံးဟာမျောက်အသစ်တွေပါ။
ကျွန်တော်ကတော့ ကျွန်တော်တို့အရင်ကမျောက်တွေ သမထားတာတွေ့လို့ဘာမှမလုပ်ရဲတော့တဲ့မျောက်တော့မဖြစ်ချင်ပါဘူး။
မကျွန်းပြောထားတာလေးကိုပြန်ကောက်ပါမယ်
(“ဒါပေမယ့် norms က ရှိသေးတယ်ဟုတ်။ လူတိုင်းက အများသတ်မှတ်ထားတဲ့ စံနှုန်းထဲမှာ ၀င်အောင် နေချင်ကြတာချည်းပဲ။ ကိုယ့်ဖာသာကိုယ် pro-choice ဖြစ်ချင်ရင်တောင် အများက လက်ခံထားတာကို တွန်းလှန်နိုင်ဖို့ဆိုတာမျိုးက မလွယ်ဘူးလို့ ငါက ယူဆပြီး ရေးတာ။ တကယ် pro-choice လုပ်ခဲ့တဲ့ သူတွေတောင် ကိုယ့်နိုင်ငံရဲ့ လူမှုအသိုင်းအ၀ိုင်းထဲမှာ လူသိရှင်ကြား ထုတ်ပြောဖို့ဆိုတာ ခက်တယ်ဟုတ်။ ”)
as long as we cannot make ppl to do less undesired behavior and to do more desired behavior, ဆိုရင်လဲ ဘုမသိဘမသိ သူများကိုသွားထုမနေဖို့လိုသလို ကိုယ်တိုင်လဲအထုမခံရဖို့လိုပါတယ်။
နောက်ပြီးတော့ ကျွန်တော် ယုံကြည်တာက ကျွန်တော် တို့အားလုံးရွေးချယ်မှုတွေလုပ်နေကြတယ်ဆိုတာပါပဲ။ ဘာလုပ်လုပ်ကိုယ် ရွေးချယ်တာကိုပဲ ကိုယ်လုပ်ကြတာပါ။ မိဘစကားနားထောင်တယ်ဆိုတာတောင် နားထောင်ဖို့ကို ကိုယ်ကရွေးချယ်တာပါ။
မငယ်နိုင်လဲပြောခဲ့ပါသေးတယ်
(သူကိုယ်တိုင် ဆုံးဖြတ်ဖို့ကိုပဲ အားပေးမှာ ဖြစ်ပြီး ဆုံးဖြတ်သွားတဲ့ အပေါ်မှာလည်း ဘယ်ဘက်ကိုပဲ ဆုံးဖြတ်ဆုံးဖြတ် ဘေးကြပ်နံကြပ် အခြေအနေမို့ နားလည်ပေးနိုင်ပါတယ်။ အဲလို အခြေအနေမှာ Pro-life လို့ ခံယူထားသူတယောက်က ဖျက်ချဖို့ တိုက်တွန်းရင်တောင်မှ တိုက်တွန်းသူကိုလည်း အသက်နှစ်ခုလုံး ဆုံးရှုံးဖို့ အခြေအနေကနေ တခုကို ကယ်တင်ဖို့ပေးတဲ့ အကြံသာ ဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ Pro-life အဖြစ်ဆက်လက် အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင် အဲဒီအမျိုးသမီးနေရာမှာ ရောက်နေရင်တော့ မမြင်ရတဲ့ ကလေးရဲ့ကံကို မျှော်လင့်ပြီးတော့ ကျွန်မ အသက်ပဲ သေခံမယ် ကိုယ်ဝန်တော့ ဖျက်ချဖို့ဆုံးဖြတ်လိမ့်မှာ မဟုတ်ဘူး။ )ဒီမှာကိုရွေးချယ်မှုတွေဖော်ပြနေတာမြင်ရပါတယ်။

တော်တော်လဲရှည်နေပါပြီ။ ကျေးဇူးပါ။

Nge Naing said...

ကို Addy
ဆက်လက်ဆွေးနွေးတာကို အထူးကျေးဇူးတင်ပါတယ်။ ရန်မဖြစ်ပါဘူး မစိုးရိမ်ပါနဲ့၊ ကို Addy ဥပမာပေးထားတဲ့ မျောက်ငါးကောင်ကိစ္စကတော့ ကျန်းမာရေးပြဿနာနဲ့ ပတ်သက်ပြီး ကျွန်မ သိပ်သဘောမပေါက်ပါဘူး။ အစဉ်အလာတခုကို ဘုမသိဘမသိနဲ့ ဆုပ်ကိုင်နေကြတယ်လို့ ဆိုလိုချင်တယ်လို့ ထင်တယ်။ ကျွန်မက မြန်မာစာ သိပ်ညံ့လို့ စကားကို တည့်တည့်ပြောမှ နားလည်တယ်ဆိုတော့ ထားလိုက်ပါတော့ ဒီဥပမာကို ကျန်တဲ့ပိုင်းကိုပဲ ကျွန်မ နည်းနည်း ပြန်ဆွေးနွေးပါရစေ။ Pr0-life နဲ့ ယှဉ်လာရင် ကျွန်မက ကျွန်မကိုယ်တိုင်ရဲ့ ပုဂ္ဂိုလ်ရေးအရ ဆန္ဒကိုမေးရင် ကိုယ်ဝန်ဖျက်ချရေးမှဟုတ်ဘူး တခြားဘာကိစ္စမဆို Pr0-life နဲ့ တွဲပြီး ရွေးချယ်ရမယ့် အခြေအနေဆိုရင် အသက်ကို တန်ဖိုးထားတဲ့ ကျွန်မPro-life ဘက်မှာပဲ ရှိဖို့များပါတယ်။ ဒါပေမယ့် Pro-life မဟုတ်ပဲ တခြား Pro တခုနဲ့ Pro-choice ယှဉ်လာရင် ကို Addy ပြောသလို Pro-choice သမားပါပဲ။ မဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်းတွေကို သိနေတဲ့သူတယောက်အနေနဲ့ သူ့အသက်သတ်ရလောက်အောင် ကျူးလွန်တဲ့အဆင့်ထိ ဖြစ်လာဖို့ နည်းပါတယ်။ မုဒိမ်းကျင့်ခံရလို့ ဖြစ်လာရင်တောင်မှ မိမိသွေးမှာ ဖြစ်လာတဲ့ အပစ်မရှိတဲ့ အသက်တချောင်းကို မဖျက်ဆီးသင့်ပါဘူး။ သတ္တ၀ါတိုင်းမှာ သူ့ကံနဲ့သူ ဖြစ်လာပြီး ကိုယ်ခံရတာလည်း ကိုယ့်ကံကြောင့်သာ ဖြစ်ရပါတယ်။ ကိုယ့်သွေးမှာ ဖြစ်တည်လာတဲ့ အသက်တချောင်းဟာ သူ့ကံရှိသလောက် အသက်ရှင်ပိုင်ခွင့် ရှိသင့်တယ်။ ဒါက ကျွန်မရဲ့ ဗုဒ္ဓဘာသာကို ယုံကြည်သူတယောက်ရဲ့ အမြင်ပါ။ တခြားရှုဒေါင့်က ကြည့်ရင်လည်း ခရစ်ယာန်ဘာသာ အပါအ၀င် ထာဝရဘုရားကို ယုံကြည်တဲ့ ဘာသာတွေမှာလည်း လူကို ဘုရားက ဖန်တီးတယ်ဆိုတော့ ဘုရားဖန်တီးထားတဲ့သူကို မိခင်လုပ်သူက သတ်ဖို့မသင့်ပါဘူး။ လူ့အခွင့်အရေးရှုတောင့်ကကြည့်ရင်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁ မှာ လူတိုင်းလူတိုင်းက လွတ်လပ်စွာ အသက်ရှင်ပိုင်ခွင့် ရှိတယ်လို့ ဆိုထားပါတယ်။ ကျွန်မက ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ပြောချင်တာက ကိုယ့်ကံကြောင့် ကိုယ်ရင်ဆိုင်ရတဲ့ အခက်အခဲကို တခြား အကောင်းဆုံးနည်းတွေကိုပဲ ရှာကြံသင့်တယ်၊ ကိုယ့်သွေးမှာ ဖြစ်တည်လာတဲ့ အသက်တချောင်းကို ဖျက်ဆီးပြီး ဖြေရှင်းတဲ့အထိတော့ မဖြစ်သင့်ပါဘူး။ ဒါက ကျွန်မတဦးတည်းရဲ့ ဆန္ဒပါ။ ဒါပေမယ့် လူ့အဖွဲ့အစည်းမှာ ကျွန်မတယောက်တည်း ရပ်တည်နေတာ မဟုတ်တဲ့အတွက် ဒီအတိုင်းပဲ ဖြစ်ရမယ်ဆိုပြီး လုပ်လို့မရဘူးဆိုတာလည်း ကျွန်မသိပါတယ်။ ကျေးဇူးတင်ပါတယ်။

Anonymous said...

အင်းအစ်မပြန်ဆွေးနွေးပေးတာလေးတွေကလဲ
စိတ်ဝင်စားစရာပါပဲ
ကျွန်တော်လဲပြောသာပြောနေတာပါ တကယ့်တကယ်ကျရင်တော့ ဘယ်လိုဆုံးဖြတ်မိမယ်ဆိုတာ ကံသေကံမ မပြောနိုင်ပါဘူး
ဒီ ပိုစ့် ရဲ့အစလိုဘယ်သူမှ အမြဲတမ်း pro choice မှာပဲ ရှိနေမှာမဟုတ်သလို pro life ချည်းပဲလဲဖြစ်မနေပါဘူး
case by case individualize လုပ်ရမယ်ထင်ပါတယ်
တစ်ဘက်စွန်းမှာပဲအမြဲ ရောက်မနေပါဘူးလို့ပဲပြောရမှာပါပဲ
ဒါပေမယ့် ကျွန်တော်က အတ္တနဲနဲကြီးတော့ ကိုယ့်အတွက်ကို အရင်စ စဉ်းစားတဲ့လူမျိုးတွေထဲမှာတော့ပါမယ်ထင်ပါတယ်

အရမ်းသက်ဝင်ယုံကြည် ကြီး (very religious) မဟုတ်ပေမယ့် ဗုဒ္ဓဘာသာမှာကျွန်တော် ကြိုက်တာလေးတွေရှိပါတယ်၊ မကြိုက်တာလေးတွေလဲရှိတယ်ပေါ့လေ။
ဒါပေမယ့် အလယ်အလတ် လမ်းစဉ်ကိုတော့ ကြိုက်ပါတယ်၊ ဆုတောင်းတာတွေကိုမကြိုက်တား-)
အကျိုးလိုမှညောင်ရေလောင်းတာမျိုး၊ ဘုရားနဲနဲရှိခိုးပြီး ဆုများများတောင်းတာမျိုးတွေပေါ့းx) (မဆိုင်တာတွေရောက်ကုန်ပြီ) ဆရာတစ်ယောက်ဆီကမှတ်သားဖူးတယ် အခုမှစခင်တဲ့လူတွေနဲ့ ဘာသာရေးအငြင်းအခုန်မလုပ်ရဘူးတဲ့း-)

ပြီးတော့ မျောက်ဥပမာ ကျန်းမာရေးရှုထောင့်ကနေဆွေးနွေးတာမဟုတ်ပါဘူး
အစဉ်အလာတွေ၊ ထုံးတမ်းစဉ်လာတွေ၊ အရိုးစွဲအယူအဆတွေ ကိုပြောချင်တာပါ
နောက်မှရောက်တဲ့မျောက်အသစ်တွေလိုပဲ ကျွန်တော်တို့လဲ လူ့လောကထဲစရောက်ကတည်းကနေသားကျနေခဲ့ရတဲ့ထုံးတမ်းစဉ်လာတွေ ရှိနေတယ်လေ။ အဲဒါတွေကိုပြောချင်တာပါ။ အရင်မျောက်တွေက ရေခဲရေနဲ့အဖျမ်းခံရမှာကြောက်လို့ သမလေ့ရှိတာနဲ့ ဘုမသိဘမသိဝိုင်းသမ မခံချင်သလို ၊
ဝင်သမတဲ့အထဲလဲမပါချင်ဘူးလေ။
တခါတခါ ကျွန်တော် တို့က အဲဒါတွေထဲမှာပိတ်မိနေတတ်လို့ပါ
တခါတခါများဆိုပိတ်မိနေတာတော်တော်ကြာနေလို့
နေသားကျလွန်းအားကြီးပြီး အမှားအမှန်ကိုမဝေဖန် မပိုင်းခြား မခြွဲခမ်းတတ်တော့ပါဘူး
လူညီရင် ဤက ကျွဲ ဖြစ်နေတဲ့ခေတ်လေနော်
ပတ်ဝန်းကျင်မှာ အများကလက်ခံနေတဲ့ဟာကို ကိုယ်ကလက်မခံရင် ကြာလာရင်အပြင်ကိုရောက်လာတတ်ပါတယ်
စည်းတွေကလဲများများလာပြီဆိုတော့လေ
(အာဇာနည်လိုလဲ စည်းတစ်ဖက်ခြားလို့မအော်ချင်ဘူးလေနော်)
ကျေးဇူးတင်ပါတယ် ပိုစ့်တင်ပေးတဲ့ ကိုရီမွန်ရော ဆွေးနွေးပေးကြတဲ့ မကျွန်းနဲ့ မငယ်နိုင်တို့ရော အားလုံးပါ
နောက်လဲကြိုက်တာလေးတွေကြုံရင်ဆွေးနွေးပါအုံးမယ်

Nge Naing said...

ဒီမှတ်ချက်က တင်ထားတဲ့ ပို့စ်နဲ့ ဘာမှမပတ်သက်ပဲ ကို Addy အတွက် သီးသန့်ဆွေးနွေးတာ ဖြစ်လို့ တခြားစာလာဖတ်သူများကို သည်းခံပါရန် မေတ္တာရပ်ခံချင်ပါတယ်။
ကျွန်မလည်း အသက် ၂၁ နှစ်လောက်အထိ ကို Addy လိုပဲ ကိုယ်ကိုယ်ကို ဘာသာမဲ့လိုလို ဗုဒ္ဓဘာသာလိုလို နေလာခဲ့သူပါ။ ဗုဒ္ဓဘာသာဝင်တွေကြားမှာတော့ ဗုဒ္ဓဘာသာပဲပေါ့၊ တခြားဘာသာဝင်တွေနဲ့ ဘာသာမဲ့သူတွေကြားမှာတော့ ကျွန်မတို့ ဗုဒ္ဓဘာသာက သိပ်ပြီးအယူသီးတာတွေများတော့ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာလို့ ပြောရမှာ ရှက်သလိုလိုနဲ့ မိဘကတော့ ဗုဒ္ဓဘာသာပါပဲ ဒါပေမယ့် ကျွန်မကတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး အစွဲအလမ်းမရှိပါဘူး ဆိုတာမျိုးပဲ ပြောဖြစ်ခဲ့တာများပါတယ်။ အဲဒီလို ဖြစ်ရတာကလည်း မြန်မာပြည်မှာ ကျွန်မတို့ ဗုဒ္ဓဘာသာဝင် အတော်များများက ကို Addy ရဲ့ မျောက်ဥပမာထဲက အတိုင်းပဲ ဘာသာရေးအနှစ်သာရကို အတိအကျမသိပဲ ဟုတ်မှန်းမဟုတ်မှန်းမသိ မိဘလုပ်သလို အစဉ်လာအတိုင်း လိုက်လုပ်တဲ့သူက များတော့ ယုတ္တိရှိရှိ တွေးခေါ်တတ်တဲ့ ပညာတတ်လူငယ်တွေအတွက် မိရိုးဖလာ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ လက်ခံထားတဲ့အယူအဆတွေကို ဘယ်လိုမှ လက်ခံလို့ မရတာ သဘာဝကျပါတယ်။

တကယ်တော့ လေ့လာစမ်းသပ်ကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာက Chemical Equation တွေကို ဟုတ်မဟုတ် စမ်းသပ်သလို လက်တွေ့စမ်းသပ်လို့ ရတဲ့ဘာသာဖြစ်တယ်။ ဂလူးကို့စ်၊ အောက်စီဂျင်နဲ့ ရေကို ဓါတ်ပြုရင် အရက် (Ethanol) ၊ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ရေ ကို ပြန်ရတယ်ဆိုတာ ဟုတ်မဟုတ် အတိအကျ စမ်းသပ်လို့ရတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ကစော်ဖေက်ပြီးတာနဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ထွက်မထွက်ကို ဖန်ပြွန်ထဲထည့်ပြီး ဖန်ပြွန်အ၀မှာ မီးပြကြည့်ရင် ပေါက်ကွဲသံ ထွက်မထွက် ဆိုတာနဲ့ သိရသလို အရက် ဖြစ်မဖြစ်ဆိုတာကိုလည်း Distillation လုပ်လို့ ထွက်လာတဲ့ အရည်ကို မီးရှို့ကြည့်ရင် သိနိုင်ပါတယ်။ ဒီထက်ပိုတိကျအောင် စမ်းသပ်ချင်ရင် Mole theory အထဲကအတိုင်း ဂလူးကို့စ် ဘယ်လောက် အလေးချိန်ဆို အရက်ဘယ်လောက်ထွက်မယ်ဆိုတာ အတိအကျ ဟုတ်မဟုတ် ကစော်မဖေါက်ခင်က ဂလူးကို့စ်ကို အလေးချိန် ချိန်ထားပြီး အရက်ဖြစ်လာတဲ့အချိန်မှာ ပြန်ချိန်ကြည့်ရင် သိနိုင်ပါတယ်။ အရက်ဆိုတာ လူတိုင်းသိနေတဲ့ သိပ္ပံဆိုင်ရာ စမ်းသပ်လို့ လွယ်ကူတဲ့ အရာတခုမို့ အရက်နဲ့ ဥပမာပေးတာပါ။

ဗုဒ္ဓဘာသာမှာလည်း ဒီလို စမ်းသပ်လို့ ရတယ် အရမ်းကာရော ယုံစရာမဟုတ်ဘူး ဆိုတာကို တရားဂုဏ်တော်ထဲက တခုဖြစ်တဲ့ မယုံရင် လာရောက်စမ်းသပ်ကြည့်ပါ လို့ အဓိပ္ပါယ်ရတဲ့ ”ဧဟိပသိကော” ဆိုတဲ့အချက်နဲ့ အတိအကျ ဖိတ်ခေါ်ထားတာ ရှိပါတယ်။ ကျောင်းက ဓါတ်ခွဲခန်းမှာ Pop sound နဲ့ မီးလောင်ကျွမ်းမှုက အရက်ကို ဖြစ်စေတယ်ဆိုတဲ့ သီအိုရီကို မှန်ကန်ကြောင်း လက်တွေ့ ပြနေသလို ဘုရားဟောတဲ့တရားကိုလည်း သစ္စာလေးပါးထဲက တခုဖြစ်တဲ့ မဂ္ဂသစ္စာက ပြောထားတဲ့အတိုင်း လက်တွေ့ စမ်းသပ်ကြည့်ရင် မှန်ကန်တယ်ဆိုတာ ငြိမ်းအေးမှုက လက်တွေ့ သက်သေပြပါလိမ့်မယ်။

ဗုဒ္ဓဘာသာကို ကျင့်သုံးနေတဲ့အထဲမှာ ဘာတွေက အယူသီးတဲ့အယူအဆ ဖြစ်ပြီး ဘာတွေက တကယ်အနှစ်သာရ ဖြစ်တယ်ဆိုတာတော့ ကိုယ်ကိုယ်တိုင် နည်းနည်းလေး လေ့လာလိုက်ရင် သိနိုင်ပါတယ်။ သစ္စာလေးပါးကလွဲရင် အမှန်ဆိုတာ မရှိပဲ ကျန်တာတွေအကုန်လုံးက သတ်မှတ်ခေါ်ဝေါ် ခံယူနေလို့သာ ဖြစ်နေ၊ ရှိနေရတဲ့ ပညတ်ချက်တွေ ဖြစ်ပြီး လူတွေက ဒီအတိုင်း မသတ်မှတ်တော့တာနဲ့ ဒါတွေ ဘာမှ ရှိနေဖြစ်နေတော့မှာမဟုတ်ဘူးလို့ ဘုရားဟောထားတဲ့ အချက်က စမ်းသပ်စရာတောင် မလိုပဲ တွေးကြည့်ရင်တောင် သိနိုင်ပါတယ်။ ဥပမာ ၀က်သားကြိုက်တဲ့သူအတွက် ၀က်သားထက် ကောင်းတဲ့အသား ဘာမှမရှိဘူးလို့ ပြောပါလိမ့်မယ် ဒါပေမယ့် မူစလင်တွေ အသီးအရွက်ကိုသာ စားတဲ့သူတွေအတွက်ကျတော့ ၀က်သားဟာ သူတို့အတွက် ဘာမှ အဓိပ္ပါယ် ရှိမှာမဟုတ်ဘူး။ တချိန်က ၀က်သားကို အကြိုက်ဆုံးအသားအဖြစ် နှစ်နှစ်ခြိုက်ခြိုက်ကို စားသုံးလာတဲ့ ကျွန်မကိုယ်တိုင်တောင် ကျန်းမာရေးအတွက် ၀က်သားဟာ မစားအပ်တဲ့အသားလို့ ယူဆပြီး ရှောင်ရာကနေ အခုဆိုရင် လုံးဝကို အနံ့ခံလို့ မရတော့ဘူး။ ဆိုလိုတာက ကြိုက်ခြင်းမကြိုက်ခြင်း၊ လိုချင်ခြင်း၊ မလိုချင်ခြင်းဆိုတာတွေ အားလုံးက လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ သတ်မှတ်ချက်သာ ဖြစ်ပြီး အခုကြိုက်တယ် တော်ကြာမကြိုက်တော့ဘူး ဆိုပြီး ဖေါက်လည်း ဖေါက်ပြန်တတ်တဲ့ အရာတွေ ဖြစ်လို့ အမှန်တရားမဟုတ်ပါဘူး အမှန်တရားဆိုတာ သစ္စာတရား ဖြစ်လို့ အမြဲမှန်နေတာ ဘယ်တော့မှ မဖေါက်ပြန်တတ်ဘူး။ ကို Addy ကြိုက်တယ်လို့ ပြောတဲ့ အလယ်လတ် လမ်းစဉ်ဆိုတာ ဘ၀အဆက်ဆက် ၀ိညာဉ်ကူးပြောင်းတယ်လို့ ယုံကြည်သူတွေနဲ့ ဒီဘ၀ပြီးရင် ကိုယ်လုပ်ထားတဲ့ ကောင်းကျိုး၊ ဆိုးကျိုး ဘာအကျိုးဆက်မှ ထပ်မရှိတော့ပဲ ဘ၀ပြတ်စဲပြီလို့ ယုံကြည်သူဆိုတဲ့ အစွန်းနှစ်ဖက်က လွတ်တဲ့ လမ်းစဉ်ဖြစ်တယ်။ ဗုဒ္ဓဘာသာရဲ့ အမှန်တရားကလည်ီးလမ်းစဉ်ပါပဲ။ အဲဒီလမ်းစဉ်ကို နည်းနည်းပိုသိအောင် လေ့လာပြီး လက်တွေ့စမ်းကြည့်ရင်တော့ ဘ၀ကို တွယ်တာနေသေးလို့ အနာဂမ်တို့ ရဟန္တာတို့၊ ဘုရားတို့ ဖြစ်အောင် မကြိုးစားချင်ရင်တောင်မှ ဟိုလိုလို ဒီလိုလိုနဲ့ ယုံမှားနေတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ဘ၀က လွတ်မြှောက်ပြီး ရတောင့်ရခဲတဲ့ လူ့ဘ၀မှာ အနည်းဆုံးတော့ အကုသိုလ်နဲ့ ကုသိုလ်ကို ခွဲခြားတတ်တဲ့ ဘ၀ကို ရလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မအခု သူများမေးရင် ဘာသာခြားနေတွေနဲ့ ဘာသာမရှိတွေကြားမှာ ကျွန်မကိုယ်ကျွန်မ ဗုဒ္ဓဘာသာဝင်လို့ ပြောရမှာ မရှက်တော့ပါဘူး။ ဒါပေမယ့် စိတ်ဝင်စားလို့ မေးလာသူတွေကိုတော့ ဗုဒ္ဓဘာသာဝင်တွေမှာ ဘာသာရေးနဲ့ မဆိုင်ပဲနဲ့ ကျင့်သုံးနေတာတွေ အများကြီးရှိတယ်ဆိုတော့ ပြောပြဖြစ်ပါတယ်။ တချိန်က ကျွန်မကိုယ်တိုင် ကြုံခဲ့တဲ့ အခြေအနေမှာ ရောက်နေတဲ့ ကို Addy အတွက် သီးသန့်ရေးတဲ့ မှတ်ချက် ဖြစ်လို့ ကျန်းမာရေးနဲ့ မဆိုင်ပဲ ဖြစ်နေတာကို တခြားစာဖတ်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရရင် အထူးပဲ တောင်းပန်ပါတယ်။

တီချမ်း said...

အင်း
ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး။ ဆက်လဲပြောချင်ဆွေးနွေးချင်သေးတယ်။ စကားကြောတွေရှည်ကုန်မှာလဲစိုးတယ်၊ အစ်မပြောသလိုကျွန်တော်တို့နှစ်ယောက်ပြောနေတာတွေကမူလခေါင်းစဉ်ကိုဆွေးနွေးတာတွေနဲ့တော်တော်လေးလွဲပြီးဘာသားရေးဘက်ကိုရောက်လာနေပြီနော်၊နောက်မှလူချင်းကြုံခဲ့ရင်ဆွေးနွေးကြသေးတာပေါ့နော်၊