Wednesday, January 28, 2009

Mexico City Policy

မက္ကဆီကိုစီးတီး ပေါ်လစီ


ရီဘတ်ပလင်ကင် သမ္မတ တက်လာရင် ဒီမိုကရက်တစ် သမ္မတ ချခဲ့တဲ့ ပေါ်လစီတွေကိုပြောင်း၊ ဒီမိုကရက်တစ် သမ္မတ တက်လာရင် ရီဘတ်ပလင်ကင် သမ္မတ ချခဲ့တဲ့ ပေါ်လစီတွေကိုပြောင်း စသဖြင့် ဖြစ်နေကျ အမေရိကန် နိုင်ငံရေး လောကထဲမှာ ပြည်သူ့ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စလေးတစ်ခုမို့ မီးမောင်းထိုးပြချင်ပါတယ်။ မက္ကဆီကိုစီးတီး ပေါ်လစီ (သို့) Global Gag Rule လို့ လူသိများတဲ့ ပေါ်လစီတစ်ခုပါ။ ဒီအကြောင်း မပြောမီ နောက်ခံသမိုင်းကို ပြောမှ ဇာတ်ရည်လည်မယ် ထင်ပါတယ်။

၁၉၇၀ ခုလွန် နှစ်များတုန်းက ကမ္ဘာ့ လူဦးရေတိုးနှုန်း မြန်နေမှုဟာ စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ လူဦးရေတိုးနှုန်း မြန်သလောက် အစားအစာထုတ်လုပ်နိုင်မှု (အဓိကအားဖြင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့နိုင်မှု) နှုန်းက အလျင်မီအောင် မလိုက်နိုင်ဖြစ်နေပါတယ်။ ဒီလိုသာ ရှေ့ဆက်သွားရင် ကမ္ဘာပေါ်မှာ အငတ်ဘေး ဆိုက်ရချေရဲ့လို့ ပညာရှင်တွေက တွေးကြပါတယ်။

အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီပေးရေး ဌာန (USAID - the US Agency for International Development) ကလည်း ကမ္ဘာ့လူဦးရေတိုးနှုန်း လျော့ချရေးကို အဓိကရည်ရွယ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေက သားဆက်ခြား စီမံကိန်းတွေကို ပံ့ပိုးလာပါတယ်။ အဲဒီ အချိန်တုန်းက ခေတ်ပေါ် သားဆက်ခြားနည်းတွေကလည်း တီထွင်ပြီးခါစဖြစ်ပြီး USAID ရဲ့ အထောက်အပံ့ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် စီမံကိန်းအသစ်တွေစဖို့ တကယ့်ကို လောက်လောက်လားလား အထောက်အကူ ဖြစ်ခဲ့ပါတယ်။

အစပိုင်းမှာတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက အမေရိကန် ပြောတာကို မယုံမရဲနဲ့ စမ်းသပ် ကြည့်ရုံ အဆင့်လောက်သာ ရှိပြီး နောက်ပိုင်း တကယ် အကျိုးရှိမှန်း သိလာတဲ့အခါ (ဥပမာ - အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှာ) သားဆက်ခြား စီမံကိန်းတွေကို အစိုးရတွေက အတော်အားပေးလာပါတယ်။ ဒီလို အရှိန်ရလာပြီးမှ သိပ်မကြာသေးဘူး ၁၉၈၄ မှာ သမ္မတာ ရော်နယ်ရေဂင်က မက္ကဆီကိုမြို့ ပေါ်လစီကို ပြဋ္ဌာန်းပါတယ်။ ပေါ်လစီ အနှစ်ချုပ်ကတော့
အမေရိကန် နိုင်ငံက ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ သားဆက်ခြား စီမံကိန်းများကို ထောက်ပံ့ကူညီခဲ့ခြင်းသည် အောက်ပါအချက် ၃ချက်ပေါ်တွင် အခြေခံပါသည်။
  • လူ့အသက်ရှင်သန်မှုကို လေးစားခြင်း၊
  • လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်ကြစေဖို့လိုလားခြင်း နှင့်
  • မိသားစုဝင်များ အချင်းချင်း စည်းစည်းလုံးလုံး နေထိုင်နိုင်ကြစေခြင်း
သို့ရာတွင် ကိုယ်ဝန်ဖျက်ခြင်းကို သားဆက်ခြားနည်း တစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်း၊ အတင်းအဓမ္မ သားဆက်ခြားစေခြင်းတို့သည် မလုပ်သင့် မလုပ်အပ်တဲ့ကိစ္စများ ဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန် အစိုးရ၏ သားဆက်ခြား စီမံကိန်း အထောက်အပံ့ကို ရယူတဲ့ အစိုးရများဟာ ထိုထောက်ပံ့ငွေနဲ့ ကိုယ်ဝန်ဖျက်ချပေးခြင်း ကိစ္စများ မဆောင်ရွက်ရပါ။ နိုင်ငံတကာ အန်ဂျီအို (အမေရိကန် နိုင်ငံ၏ အန်ဂျီအိုများ အကျုံးမ၀င်ပါ။) များအနေဖြင့် ကိုယ်ဝန်ဖျက်ချခြင်း အကြောင်းကို အသိပညာပေးခြင်း၊ ဆောင်ရွက်ပေးခြင်း ပြုလုပ်ပါက အမေရိကန်အစိုးရ၏ သားဆက်ခြား စီမံကိန်း ထောက်ပံ့ငွေကို လုံးဝ ရယူခွင့်မရှိပါ။
စာရေးသူမှ ရှင်းလင်းချက်။
  • ဤနေရာတွင် သားဆက်ခြားနည်းများ အကြောင်းကို အနည်းငယ် ရှင်းလင်းရန်လိုအပ်ပါသည်။ တားဆေး၊ ထိုးဆေး၊ ကွန်ဒုံး၊ သားအိမ်တွင်းထည့်ပစ္စည်း၊ သားကြောဖြတ်ခြင်း စသည့် လူသုံးများသော သားဆက်ခြားနည်းများသည် ကိုယ်ဝန်ဖျက်ချခြင်း မဟုတ်ပါ။ သို့ရာတွင် အချို့သော နိုင်ငံများတွင် ဖော်ပြပါ သားဆက်ခြားနည်းများကို လွယ်လင့်တကူ ရရှိနိုင်ပါလျက် အသုံးမပြုပဲ ကိုယ်ဝန်ရရှိလာမှသာ ဖျက်ချခြင်းပြုလုပ်တတ်ကြပါသည်။
  • ကိုယ်ဝန်ဖျက်ချခြင်းကို မကျွမ်းကျင်သူများက ဆောင်ရွက်သောကြောင့် ရောဂါပိုးဝင်ပြီး အသက်အန္တရာယ် ထိခိုက်သည့် ဖြစ်ရပ်များမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အဖြစ်များပါသည်။
  • အန်ဂျီအိုများတွင် ရန်ပုံငွေ ရရှိပုံ နည်းလမ်း တစ်ခု မကရှိတတ်ကြသည်။ အမေရိကန် အစိုးရပေးသည့် ရန်ပုံငွေဖြင့် မဟုတ်ပဲ အခြားရန်ပုံငွေဖြင့် တရားဝင် ကိုယ်ဝန်ဖျက်ချပေးခြင်း ကိစ္စရပ်ကို ဆောင်ရွက်ပင် ဆောင်ရွက်ငြားဖြစ်သော်လည်း၊ အမေရိကန် အစိုးရ၏ ရန်ပုံငွေကို မရရှိနိုင်ပါ။
ဒီပေါ်လစီကို ရော်နယ်ရေဂင့် ကိုယ်စားလှယ်က ၁၉၈၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူဦးရေညီလာခံ ကျင်းပရာ မက္ကဆီကိုမြို့မှာ တရားဝင် ကြေညာလိုက်တာကို အစွဲပြုပြီး မက္ကဆီကိုစီးတီး ပေါ်လစီ လို့ နာမည်ပေးခံရပါတယ်။

ရော်နယ်ရေဂင် အစိုးရကို ဆက်ခံတဲ့ ဂျော့အိပ်ခ်ျဒပ်ဗလျူဘွတ်ရှ် အစိုးရ သက်တန်းကုန်လို့ ဘီလ်ကလင်တန် အစိုးရ ဖြစ်လာချိန် ၁၉၉၃ ဇန္န၀ါရီလ မှာ ပထမဦးဆုံး ပယ်ဖျက်ပေးလိုက်တဲ့ ပေါ်လစီကတော့ မက္ကဆီကိုစီတီး ပေါ်လစီ ပါ။

ကြမ္မာရဟတ် တစ်ပတ်လည်ပြီး ရီဘတ်ပလင်ကင် သမ္မတ ဂျော့ခ်ျဒပ်ဗလျူဘွတ်ရှ် အလုပ်စ၀င်တဲ့နေ့ ဇန္န၀ါရီ ၂၀၊ ၂၀၀၁ ခုနှစ်မှာ ပထမဆုံး ပြန်လည် အသက်သွင်းတဲ့ ပေါ်လစီကလည်း ဒီ မက္ကဆီကိုစီးတီး ပေါ်လစီ ပါပဲ။

အခု နောက်ဆုံး ဒီမိုကရက် ဘရက်ခ်အိုဘားမား သမ္မတ ဖြစ်လာတဲ့ ပထမ ရက်သတ္တပတ် အတွင်းမှာပဲ မက္ကဆီကိုစီးတီး ပေါ်လစီကို ပယ်ဖျက်လိုက်ပြန်ပါတယ်။ အနည်းဆုံး နောက်ထပ် ၄ နှစ်လောက်တော့ ဒီပေါ်လစီ အသက်မ၀င်ပဲ ရှိနေဦးမှာ သေချာပါတယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။
http://en.wikipedia.org/wiki/Mexico_City_Policy
http://www.whitehouse.gov/statement-released-after-the-president-rescinds/
The White House Office of Policy Development. Population and Development Review, Vol. 10, No. 3 (Sep., 1984), pp. 574-579.
US Policy Statement for the International Conference on Population.


Related Posts :



3 comments:

tune said...

သဘောက ကိုယ်ဝန်ဖျက်ချဖို့ ငွေကြေးထောက်ပံ့ခွင့် ပေးလိုက်တယ်ပေါ့။
ဟုတ်လားဟင်။
ဒီပို့စ်ကို နားလည်ဖို့ တော်တော်လေး ဖတ်ယူရတယ်။
ဦးနှောက်က သိပ်အခြေအနေ မကောင်းတာလဲ ပါမယ်ထင်တယ်။

Ye-Mon said...

မဟုတ်ပါ။

USAID ထောက်ပံ့ငွေဟာ သားဆက်ခြား စီမံချက်၊ စီမံကိန်းတွေ အတွက်သာ ဖြစ်ရပါမယ်။ ကိုယ်ဝန်ဖျက်ချပေးရန် အတွက် မသုံးရပါ။

အန်ဂျီအိုတွေမှာ ရန်ပုံငွေ ရရှိတဲ့ နည်းလမ်း တစ်မျိုးမက ရှိတတ်ကြပါတယ်။ တစ်ချို့ Pro-choice အယူအဆကို လက်ခံတဲ့ အန်ဂျီအိုတွေက ကိုယ်ဝန်ဖျက်ချပေးခြင်းကို ဆောင်ရွက်ပေးတတ်ကြပါတယ်။ တချိန်တည်းမှာပဲ သားဆက်ခြားနည်းတွေကိုလည်း ၀န်ဆောင်မှု ပေးပါတယ်။ ဒီဝန်ဆောင်မှု တစ်မျိုးစီ အတွက် ရန်ပုံငွေ သီးသန့်စီ ရှိရမယ်၊ USAID က ရတဲ့ ရန်ပုံငွေကို သားဆက်ခြားနည်းတွေ ၀န်ဆောင်မှု ပေးတဲ့ ကိစ္စတွေမှာသာ သုံးရမယ်လို့ ဆိုလိုပါတယ်။

အိုဘားမားသာ ဒီပေါ်လစီ ပယ်ဖျက် မပေးဘူး ဆိုရင် .. Pro-choice အန်ဂျီအိုတွေဟာ (USAID ရန်ပုံငွေကို သားဆက်ခြား အတွက်ပဲ သီးသန့်လေး သုံးမယ် ဆိုရင်တောင်မှ) ရန်ပုံငွေ လုံးဝ မရနိုင်ပါဘူး။

tune said...

ကျေးဇူး။