Tuesday, January 6, 2009

Kawasaki Disease


Kawasaki disease ကို စာဖတ် ပရိတ်သတ်တွေ သိတဲ့သူ ရှားပါလိမ့်မယ်။ အခြားရောဂါတွေနဲ့ စာရင် ဖြစ်ပွားမှုနှုန်း နည်းတဲ့အတွက် လူသိနည်းပါတယ်။ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဓိက ဖြစ်ပွားတတ်ပါတယ်။



အမေရိကန် ပြည်ထောင်စုမှာ ကလေး ၁ သိန်းကို ၁၉ ယောက်နှုန်း ဖြစ်ပွားပြီး ဂျပန်နဲ့ ကိုရီးယားနိုင်ငံလို အာရှ နိုင်ငံတွေမှာ အဖြစ်များပါတယ်။ ရောဂါ ဘာကြောင့် ဖြစ်ရတယ် ဆိုတာ တိတိကျကျ မသိသေးပေမယ့် ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်လို့ ယူဆ ရပါတယ်။ ဆောင်းရာသီမှာ အဖြစ်များလေ့ ရှိပြီး တစ်ခါတစ်ရံ outbreak အနေနဲ့တောင် ပြန့်ပွားတတ်ပါတယ်။

ရောဂါလက္ခဏာများ
ပထမ အဆင့်
အဓိက လက္ခဏာကတော့ ကိုယ်အပူချိန် အလွန်အမင်း တက်ခြင်း ဖြစ်ပါတယ်။ (၁၀၄)ဒီဂရီ ဖာရင်ဟိုက် အထက် တက်တတ်ပြီး (၅)ရက်နဲ့ အထက် အဖျားမကျ တတ်ပါဘူး။ အခြားလက္ခဏာတွေအနေနဲ့
  1. မျက်လုံး အရမ်းနီခြင်း

  2. ရင်ဘတ်နဲ့ ၀မ်းဗိုက်ပေါ် မှာ အနီကွက်များ ပေါ်ခြင်း

  3. နှုတ်ခမ်း ခြောက်ပြီး ကွဲခြင်း

  4. လျှာရောင်ရမ်းပြီး ဖြူနေခြင်း

  5. လည်ချောင်း နာခြင်း

  6. လက်ဖ၀ါး၊ ခြေဖ၀ါးများ ရောင်ရမ်းပြီး နီရဲနေခြင်း

  7. ပြန်ရည်ကျိတ်များ ရောင်ရမ်း နာကျင်ခြင်း

ဒုတိယ အဆင့်
အဖျားတက်ပြီး ၂ပါတ် အကြာကို ဒုတိယအဆင့်လို့ သတ်မှတ်ပါတယ်။ ဒီကာလမှာ ကလေးငယ်ဟာ အဆစ်အမြစ် နာခြင်း၊ အန်ခြင်း၊ ၀မ်း လျှောခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ လက်ဖ၀ါး ခြေဖ၀ါးများမှ အရေပြားများ အဖတ်လိုက် ကွာကျ တတ်ပါတယ်။ ဖော်ပြပါ လက္ခဏာတွေ တွေ့လျှင်တော့ ဆေးခန်းကို အမြန် ပြသသင့်ပါတယ်။

kawasaki_figure

Kawasaki ရောဂါနဲ့ ပက်သက်ပြီး ကြောက်စရာ ကောင်းတဲ့ နောက်တစ်ချက်က heart attackလို့ ခေါ်တဲ့ နှလုံး သွေးကြောကျဉ်း ရောဂါပဲ ဖြစ်ပါတယ်။ kawasaki ရောဂါကို ကုသမှု မယူလျှင် နှလုံး သွေးကြောများ ရောင်ရမ်းစေခြင်း၊ သွေးကြောနံရံ ဖောင်းကြွခြင်းတို့ ဖြစ်စေကာ သွေးကြောကျဉ်း ရောဂါ ရစေပါတယ်။ပထမ အဆင့် ကာလမှာ gamma globulin နဲ့ အက်စပရင် ဆေးများ သုံးပြီးကုသမှု ခံယူလျှင်တော့ သက်သာ ပျောက်ကင်းနိုင်ပါတယ်။ သို့ပေမယ့်လည်း အသက်ကြီးတဲ့ အခါမှာ နှလုံး သွေးကြောကျဉ်း ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ Kawasaki ရောဂါသည် ကလေးငယ်တွေကို ကုသနေစဉ်နဲ့ ကုသပြီး ကာလမှာ echocardiography ခေါ် နှလုံး ပုံဖေါ်စက်နဲ့ ကလေးရဲ့ နှလုံး အခြေအနေကို စမ်းသပ်ဖို့ လိုအပ်ပါတယ်။ Kawasaki ရောဂါဟာ ကာကွယ်လို့ မရသေးတဲ့ အတွက် အစောပိုင်း ကာလမှာ ထိရောက်စွာ ကုသဖို့ လိုပါတယ်။ ဒါကြောင့် ကလေးမိဘတွေ အနေနဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေ တွေ့ခဲ့ရင် နီးစပ်ရာ ဆေးခန်းကို ချက်ချင်း သွားရောက် ကုသမှု ခံယူကြဖို့ လိုပါတယ် …
ကျန်းမာ ရွှင်လန်းကြပါစေ။


Related Posts :



3 comments:

Anonymous said...

ကျေးဇူးတင်တယ်ဗျာ...

John Travolta ရဲ့သား Jett Travolta၊ Kawasaki Syndrome နဲ့ ဆုံးသွားတယ် ဆိုကတည်းက ဒီရောဂါ အကြောင်း သိချင်နေတာ...

Wiki ထဲမှာတွေ့ပေမဲ့လို့ Medical Terms တွေနဲ့ ဆိုတော့ သာမာန် စာဖတ်သူတွေအတွက် နားလည်ဖို့ အတော်လေး ခဲယဉ်းတယ်ဗျာ...

အခုလို ရှာဖွေလေ့လာ တင်ပြပေးတာ အင်မတန်မှ အကျိုးများပါတယ်။

ကျေးဇူးပါ...

:)

Anonymous said...

အခုလို လာရောက်အားပေးတာကျေးဇူးတင်ပါတယ်

Unknown said...

ဆရာရှင့်
ကျွန်မရဲ့သားလေးကတော့ဒီရောဂါကိုင်္ခစားလိုက်ရပြီး ခုချိန်မှာ Main Artery ( Left & Right )နှစ်ခုစလုံးရောင်ရမ်းခဲ့ပါတယ်။ Size ကတော့ 16 and 14 mm ထိပါပဲ။ စဖြစ်ချိန်က ၂နှစ်သားကလေးပါ။ှဗဟိုစည်ဆေးခန်းမှာတလနီးပါးတက်ရောက်ခဲ့ပါတယ်။သမားတော်ကြီး၂ဦးနဲ့ကုခဲ့တာတောင်မှ ဒီရောဂါပါလို့သူတို့တိတိကျကျမပြောနိုင်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှအပြစ်မတင်လိုပါဘူး၊ကံပါပဲ။ ရောဂါSympton တွေအားလုံးပြခဲ့ပါတယ်၊ သားလေးကိုသွေးလွန်တုပ်ကွေး၊ဌက်ဖျား၊တီဘီ၊အဆစ်အမြစ်ရောဂါ၊သွေးကင်ဆာထိရောဂါနာမည်တွေတပ်ခဲ့ပါတယ်၊ အဲဒီ့အချိန်မှာကျွန်မလည်း Internet လည်းမကြည့်ဖြစ်ပါဘူး၊ Bangkok မှာသွားကုတော့မှကျွန်မဒီရောဂါအကြောင်းသိခဲ့ရပါတယ်။ ခုချိန်မှာတော့သွေးကြဲဆေးတွေသောက်နေရပါတယ်၊သွေးလည်းမကြာမကြာဖောက်စစ်နေရပါတယ်၊ နောက်၃-၄ နှစ်ဆိုခွဲစိပ်ရပါမယ်၊ ဒီရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကကြောက်စရာပါ၊ ဒီလိုwebsite တွေရှိတာကျေးဇူးတင်စရာပါ၊မိဘတွေအတွက်ပေါ့။