Sunday, December 28, 2008

Genetic Diseases (3)

Complex Genetic Disorders




မျိုးရိုးဗီဇကြောင့် ဖြစ်ရသော ရောဂါ အုပ်စု သုံးခု စလုံးအနက် Complex Disordersသည် အခြား နှစ်ခုထက် ပိုမို ရှုပ်ထွေးပြီး အဖြစ် အများဆုံး ဖြစ်သော်လည်း ၈၀%ကျော်ကို လုံးဝ ကာကွယ်၍ ရနိုင်သော ရောဂါများသာ ဖြစ်သည်ကို တွေ့ရပါသည်။ Multi-factorial Disorders (သို့) Complex Disorders ရောဂါများကို သုတေသနပြုချက်အရ မိသားစုဝင်များနှင့် ဆွေမျိုး များတွင် ဖြစ်လေ့ရှိသည့် အပေါ် မူတည်ပြီး မျိုးရိုး ဗီဇနှင့် ဆိုင်သည်ဟု သတ်မှတ်ထားသော်လည်း ထိုရောဂါ အများစုသည် Environmental Factors ဟုခေါ်သော ပတ်ဝန်းကျင် ဘ၀ လူနေမှု ပုံစံနှင့် များစွာ သက်ဆိုင်နေပြီး အနေအထိုင်၊ အစား အသောက် မဆင်ခြင်ပါက မိဘ မျိုးရိုးတွင် ထိုရောဂါများ မရှိသူများ အပါအ၀င် မည်သူမဆို ရရှိနိုင်သည့် ရောဂါများ ဖြစ်ပါသည်။ ဤပို့စ်တွင် ဥပမာ အဖြစ် ဖေါ်ပြထားသည့် ရောဂါများထဲမှ အားလုံး နီးပါးကို ဤဘလော့ဂ်ရှိ Health Education ခေါင်းစဉ်အောက်တွင် ရှာဖွေ ဖတ်ရှုနိုင်သောကြောင့် ဤပို့စ်တွင် ထိုရောဂါများ အကြောင်းကို အသေးစိတ် ဖေါ်ပြမည် မဟုတ်ဘဲ ကာကွယ်၍ ရနိုင်သည်များကို ကာကွယ်နိုင်စေရန် မျိုးရိုး လိုက်သည့် ပုံစံနှင့် သဘော သဘာဝကိုသာ အသားပေး တင်ပြ သွားမည် ဖြစ်ပါသည်။

အဖြစ်များသော Complex Genetic Disorders ရောဂါ ဥပမာ တချို့ကို ခန္ဓာကိုယ် အလုပ်လုပ်မှု စနစ်အလိုက် အောက်ပါ အတိုင်း တွေ့ရှိနိုင်ပါသည်။

အစာခြေ အင်္ဂါ အဖွဲ့အစည်း

(၁) အူမကြီးကင်ဆာ (Colo-Rectal Cancer) - အဆီများသော အစားအစာများနှင့် အမျှင်နည်းသော အစားအစာများကို စားသုံးသောကြောင့် အဓိက ဖြစ်ရသည်။
(၂) နံပါတ် (၂) အမျိုးအစား ဆီးချိုရောဂါ ( Type (2) Diabetic Mellitus) - အ၀လွန်ခြင်းနှင့် အချိုဓါတ် လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။
(၃) နံပါတ် (၁) အမျိုးအစား ဆီးချိုရောဂါ ( Type (1) Diabetes Mellitus) - ခုခံမှုအား တုံ့ပြန်မှုကို ဗိုင်းရပ်စ် နှောင့်ယှက် ခံရသောကြောင့် ဖြစ်ရသည်။
(၄) အ၀လွန်ခြင်း ရောဂါ (Obesity) - Body Mass Index (BMI) ၃၀ကျော် သူများကို ဆိုလိုပြီး ထမင်း အပါအ၀င် ကာဗိုဟိုက်ဒရိတ် အစားအစာများနှင့် အဆီ ပါသော အစားအစာများကို လိုသည်ထက် ပို၍ လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။


နှလုံးသွေးလှည့်ပတ် အင်္ဂါအဖွဲ့အစည်း

(၁) နှလုံးရောဂါ (Coronary Heart Disease)
(၂) သွေးတိုးရောဂါ (Hypertension)
(၃) လေဖြတ်ခြင်း (Stroke) စသည်တို့ ဖြစ်နိုင်ပြီး ၎င်းတို့ အားလုံးသည် အဆီစား များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးလိပ် သောက်ခြင်း၊ ကော်လက်စထရောလ်ဓါတ်များခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဖြစ်ရသည်။


အာရုံကြောနှင့် ကြွက်သားအဖွဲ့အစည်း

(၁) အယ်လ်ဇီးမာ ရောဂါ (Alzheimer Disease) - အင်ဇိုင်း ချို့တဲ့မှုများနှင့် ဓါတုဗေဒ ဆိုင်ရာ ဓါတ်ပေါင်းများ မမျှတခြင်းကြောင့် ဟု ဆေးသုတေသီများ ခန့်မှန်းသည်။
(၂) စိတ်ရောဂါများ (Psychiatric Disorders) - အာရုံကြော၌ ဓါတုဗေဒ ဓါတ်ပေါင်း မညီမျှခြင်းကြောင့် ဖြစ်ရသည်ဟု ပညာရှင်များ ခန့်မှန်းသည်။
(၃) အရက်စွဲရောဂါ (Alcoholism) - လူမှုပတ်ဝန်းကျင်နှင့် ဘ၀နေထိုင်မှု ပုံစံ မှားယွင်းသောကြောင့် ဖြစ်ရသည်။


အမျိုးသမီး ရင်သား ကင်ဆာနှင့် သားအိမ် ကင်ဆာများသည် မျိုးရိုး လိုက်သည့် ရောဂါများတွင် ပါဝင်ပြီး ဖြစ်ရသည့် အကြောင်းရင်း အတိအကျ မသိရသော်လည်း အဆီစားများသူနှင့် အရက်သောက်သည့် အမျိုးသမီးများတွင် အများဆုံး ဖြစ်သည်ဟု လေ့လာ သိရှိ ရပါသည်။

အထက် ဖေါ်ပြပါ ဥပမာ ပေးထားသည့် ရောဂါများသည် မျိုးရိုးလိုက် ရောဂါများဟု အမည် ပေးထား သော်လည်း Type(1) ဆီးချို ရောဂါမှအပ အခြား ရောဂါများ အားလုံးတွင် ဖြစ်ရသည့် အကြောင်းရင်း အတိအကျ ရှိပြီး အနေအထိုင်၊ အစား အသောက် ဆင်ခြင်ပြီး ကာကွယ်၍ ရနိုင်ပါသည်။ သို့သော်လည်း မျိုးရိုး ရှိသူနှင့် မျိုးရိုး မရှိသူ နှစ်ဦး နေထိုင် စားသောက်မှု မဆင်ခြင်ပုံချင်း တူညီပါက မျိုးရိုး ရှိသူများတွင် ပိုအဖြစ် များသည်။ ဥပမာအားဖြင့် အ၀လွန်သူများ အားလုံးတွင် နံပါတ် (၂) အမျိုးအစား ဆီးချို ရောဂါ မရှိနိုင်သော်လည်း မျိုးရိုးတွင် ဆီးချို ရောဂါရှိသူ အ၀လွန်ပါက မျိုးရိုးတွင် ရောဂါ မရှိသူ အ၀လွန်သူထက် ရောဂါ ရရန် ပို သေချာပါသည်။ ထို့ကြောင့် မျိုးရိုး ဗီဇကြောင့် ဖြစ်နိုင်သည့် အခန်းကဏ္ဍကိုလည်း လုံးဝ ပစ်ပယ်၍ မရပဲ မျိုးရိုး တစ်ခုတည်းကြောင့် (သို့) ပတ်ဝန်းကျင် ဘ၀ နေထိုင်မှု ပုံစံ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ၎င်းတို့ နှစ်ခု စလုံး ပေါင်းစပ်မှုကြောင့် ထိုရောဂါများကို အများဆုံး ဖြစ်စေသည်ဟု သတ်မှတ်နိုင်ပါသည်။

မိသားစုဝင်များသည် ဗီဇနှင့် ပတ်ဝန်းကျင် (အစားအသောက်၊ လူနေမှုပုံစံ) နှစ်ခု စလုံးတွင် ထပ်တူနီးပါး တူညီပြီး ထိုအလေ့အထ အတိုင်း ကြီးပြင်းသည် အထိ ဆက်လက်၍ နေထိုင် စားသောက်သောကြောင့် ရောဂါရှိသော မိသားစုမှ ဆင်းသက်လာသော မွေးချင်း မောင်နှမများတွင် ရောဂါ ရရှိရန် အခွင့်အလမ်း များသည်မှာ သဘာဝပင် ဖြစ်သည်။ မွေးချင်းများ အားလုံးသည် အမွေ ဆက်ခံမှု သဘော သဘာဝ အရ တစ်ယောက်နှင့် တစ်ယောက် ဗီဇ ၅၀% ထပ်ထူ ကျပြီးသား ဖြစ်သည်။ Genetic အရ ရောဂါ အမွေ ဆက်ခံမှုသည် ရုပ်သွင် လက္ခဏာ အမွေ ဆက်ခံမှုနှင့် အတူတူ ဖြစ်သောကြောင့် အမြွှာ မောင်နှမများကို လေ့လာခြင်း ဖြင့်လည်း ရောဂါ တစ်ခုတွင် ဗီဇနှင့် ပတ်ဝန်းကျင် နှစ်ခု စလုံး အရေး ပါသည်ကို ပိုမို ရှင်းလင်းစွာ နားလည်နိုင်ပါသည်။

အမြွှာ မောင်နှမများတွင် Monozygotic (မျိုးဥ တစ်လုံးတည်း မှ မွေးလာသူများ)နှင့် Dizygotic (မျိုးဥ နှစ်လုံးနှင့် Sperm တစ်ကောင်စီဖြင့် မျိုးစပ်ပြီး မွေးလာသူများ) ဟူ၍ နှစ်မျိုး ရှိပြီး Monozygotic များသည် ဗီဇ အရ ရာနှုန်းပြည့် ထပ်တူကျသောကြောင့် ၎င်းတို့သည် ရုပ်သွင်၌ ပုံတူ (Concordant trait) ဖြစ်ပြီး ကွဲပြားစရာ ဆိုသည်မှာ ပတ်ဝန်းကျင်ကြောင့်သာ ရှိပါသည်။ Dizygotic များမှာမူ အတူတူ မွေးလာသော်လည်း မျိုးဥတစ်လုံးစီ၊ Sperm တစ်ခုစီမှ မွေးလာသောကြောင့် ၎င်းတို့သည် ရုပ်သွင်၌ ပုံတူ (Discordant trait) မဟုတ်ဘဲ ဗီဇအရ အခြား မွေးချင်းများကဲ့သို့ ၅၀%သာ တူပါသည်။ အကယ်၍ ဥတစ်လုံးတည်းနှင့် မွေးလာသည့် (Monozygotic) အမြွှာများ မျိုးရိုး ဗီဇကြောင့်သာ ရောဂါ ရရှိမည် ဆိုပါက နှစ်ဦး စလုံးတွင် တူတူ ရရှိ ရမည် ဖြစ်သည်။ သို့သော် လက်တွေ့တွင် အမြွှာ မောင်နှမထဲမှ တစ်ယောက်ယောက်တွင် ဆီးချို၊ နှလုံး၊ သွေးတိုး ရှိတိုင်း ကျန်တစ်ယောက်တွင် လိုက်ဖြစ်သည်ကို တွေ့ခဲပါသည်။ ဤသည်မှာ ထိုရောဂါများတွင် Gene က အဓိက မကျခြင်းကို ဖေါ်ပြနေခြင်းပင် ဖြစ်သည်။

သို့ရာတွင် အခြား တစ်ဖက်တွင်မူ မွေးစား သားသမီးများကို လေ့လာသည့် သုတေသန ပြုမှု တစ်ခုတွင် အထက်ပါ ပုံစံ အတိုင်း မဟုတ်ဘဲ Geneက အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရပါသည်။ မွေးပြီးကတည်းက ၎င်းတို့၏ မူရင်း မိဘများ (Biological parents) ဆွေမျိုး များနှင့် လုံးဝ မတူညီသည့် လူနေမှု ဘ၀ပုံစံနှင့် ပတ်ဝန်းကျင်တွင် ကြီးပြင်းသော မွေးစား ကလေးများကို လေ့လာသောအခါ ထို ကလေး တချို့တွင် ၎င်းတို့၏ မူရင်း မိဘ ဆွေမျိုးများ၏ မျိုးရိုးတွင် ဖြစ်လေ့ ရှိသည့် ရောဂါများ အထူးသဖြင့် စိတ်ကြွရောဂါ အပါအ၀င် အခြား စိတ်ပိုင်းဆိုင်ရာ ထိခိုက်သည့် ရောဂါများသည်ကို တွေ့ရှိ ရပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ပတ်ဝန်းကျင် ဘ၀ နေထိုင်မှု မပါပဲ ဗီဇ တစ်ခုတည်းကြောင့်လည်း ရောဂါ ဖြစ်နိုင်သည်ကို လေ့လာ သိရှိ ရပါသည်။ ထို့ကြောင့် Complex Genetic Disorders တွင် မျိုးရိုး ဆက်ခံသည့် ပုံစံသည် ပိုမို ရှုပ်ထွေးပြီး အတိအကျ ပြော၍ မရနိုင်ပါ။ ခန့်မှန်း၍ ရနိုင်သည့် အချက်များ တွင် မိဘများနှင့် ဘိုးဘွားများ၏ မွေးချင်းများတွင် ထိုရောဂါများ ရရှိသူ အရေအတွက် မည်မျှရှိပြီး ရောဂါ ပြင်းထန်မှု အတိမ်အနက် (Intensity) မည်မျှ ရှိသည်ကို ကြည့်ပြီး မိမိနှင့် မိမိ သားသမီးများ၏ မျိုးရိုး အရ ရောဂါ ဖြစ်နိုင်ခြေ (Risk Factors) ကို ခန့်မှန်း နိုင်ပါသည်။ ကျန်သည့် ဖြစ်နိုင်ခြေ ရှိသည့် အပိုင်းက မိမိ၏ ဘ၀ လူနေမှုပုံစံနှင့်သာ အများဆုံး သက်ဆိုင်နေပါသည်။

မည်သို့ပင် ဖြစ်စေ ထိုရောဂါများ၏ ဖြစ်နိုင်ခြေ ရှိသည့် အချက်များ (Risk Factors) များကို လေ့လာသောအခါ ရာခိုင်နှုန်း အနေနှင့် မျိုးရိုး ဗီဇသည် အစိတ်အပိုင်း တစ်ခု အဖြစ်သာ ပါဝင် နေသည်ကို တွေ့ရပြီး အဓိက အကြောင်းရင်း မဟုတ်သည်ကို တွေ့ရပါသည်။ မျိုးရိုး မရှိသူများတွင်လည်း အနေအထိုင်၊ အစားအသောက် မဆင်ခြင်သောကြောင့် ထိုရောဂါများ ဖြစ်နေသူ များစွာရှိပြီး ဘ၀ နေထိုင်မှု ပုံစံ မှန်ကန်သောကြောင့် ရောဂါ မရသူများလဲ ရှိသည့်အတွက် ဖြစ်ရခြင်း အကြောင်းရင်း နှစ်ခုတွင် ပတ်ဝန်းကျင်၊ ဘ၀ နေထိုင်မှုပုံစံသည် ပို၍ အဓိကကျသည်ကို တွေ့ရမည် ဖြစ်သည်။ အဓိကအားဖြင့် ယနေ့ ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး စာရင်းဝင် နေသော နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ ရောဂါ အတော် များများကို ကျန်းမာစွာ နေထိုင် စားသောက်ခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း၊ စိတ်ဖိစီးမှု ကို ပြေပျောက် စေသည့် တရားမှတ်ခြင်း အပါအ၀င် နည်းလမ်းများစွာဖြင့် ကာကွယ်၍ ရနိုင်သည့်ရောဂါများသာ ဖြစ်သည်။ ဆီးချို ရောဂါ တစ်ခုတည်းမှာပင် ကာကွယ်၍ ရနိုင်သော Type (2) ဆီးချိုသည် ၈၅% ရှိပြီး သုတေသီများက ကာကွယ်ရန် နည်းလမ်း ရှာမတွေ့ သော Type (1) ဆီးချို ရောဂါမှာ ၁၅%သာ ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် အခြား ရောဂါများတွင်လဲ ကာကွယ်သင့်သည့်ကို မကာကွယ်သဖြင့် ရောဂါ ဝေဒနာ ခံစားနေရခြင်းမှာ ငြင်း၍ ရနိုင်မည် မဟုတ်ပါ။

အချုပ်အားဖြင့် မျိုးရိုးဗီဇ ရောဂါများတွင် ဗီဇ အမွေ ဆက်ခံသည့် ပုံစံကို တွက်ချက် ခန့်မှန်း၍ ရနိုင်သော ဗီဇ တစ်ခုခုတွင် ပုံမှန် မဟုတ်သည့် (Single Gene disorders) ရောဂါများနှင့် ခရိုမိုဇုမ်း ပုံမှန် မဟုတ်သည့် အထဲမှ တချို့မှ လွဲ၍ ကမ္ဘာပေါ်တွင် လက်ရှိ အဖြစ်များ နေသော မျိုးရိုးဗီဇ ရောဂါများ အားလုံးသည် ဗီဇ တစ်ခုတည်းတွင် အခြေခံခြင်း မဟုတ်ဘဲ ပတ်ဝန်းကျင် အခြေအနေများလည်း ပေါင်းစပ် ပါဝင်နေသောကြောင့် အနည်းနှင့် အများ ကာကွယ်၍ ရနိုင်သော ရောဂါများသာ ဖြစ်သည်ကို တွေ့ရပါသည်။ သို့သော်လည်း ထိုကာကွယ်၍ လုံးဝ မရနိုင်သော Single Genes disorders ရောဂါများသည် အနည်းအကျဉ်းသာတွေ့ရပြီး ကာကွယ်၍ ရနိုင်သော မျိုးရိုးဗီဇ ရောဂါများကိုသာ အများဆုံး တွေ့နေရသည်မှာ အမှန်ပင် ဖြစ်သည်။

ထိုရောဂါများ၏ သဘော သဘာဝနှင့် ရောဂါ ရရှိပုံကို သိရှိ ထားပါက ကာကွယ်သင့်သည်များကို ကာကွယ် နိုင်ပါလိမ့်မည်။ ထိုသို့ ကာကွယ်သင့်သည်ကို မကာကွယ်ခြင်းသည် အကြောင်း အမျိုးမျိုး ရှိနိုင်သော်လည်း လူအများစုအတွင်း ကျန်းမာရေး ဗဟုသုတ လေ့လာမှု အားနည်းခြင်းနှင့် ပညာရှင်များမှ ကျန်းမာရေး ပညာပေး အားနည်းနေခြင်း နှစ်ခု စလုံးကြောင့် ဖြစ်နိုင်ပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် များစွာ သက်သာပြီး ထိရောက်သောကြောင့် အသက်ရှင်စဉ် ကာလအတွင်း ဘ၀ကို ကျန်းကျန်းမာမာ သက်တောင့်သက်သာနှင့် ဖြတ်သန်းနိုင်ကြစေရန် လေ့လာသင့်သော ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများကို လေ့လာပြီး ကာကွယ် ကြပါရန် တိုက်တွန်း ဆန္ဒပြုလိုက်ပါသည်။

Read More...

Thursday, December 25, 2008

Genetic Diseases (2)

မျိုးရိုးဗီဇ ရောဂါ များ (၂)


Chromosomal Abnormality

မျိုးရိုးဗီဇ ရောဂါနှင့် ပတ်သက်ပြီး ယခင်ပို့စ်မှာ Single Genes disorderကို တင်ပြခဲ့ပြီး ဖြစ်၍ ယခုပို့စ်တွင် ၎င်း၏ အဆက်ဖြစ်သော Chromosomal Abnormalityကို တင်ပြသွားမည် ဖြစ်သည်။ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်းသည် Gene တစ်ခုစီ၌ ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ Geneများဖြင့် ဖွဲ့စည်းထားသည့် ခရိုမိုဇုမ်း တစ်ခုခု၏ အရေအတွက် (သို့) ဖွဲ့စည်းပုံ၌ ချွတ်ယွင်းမှု တစ်စုံတစ်ရာ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ လူသား၏ ပုံမှန် ဆဲလ်တစ်ခုတွင် ခရိုမိုဇုမ်း တစ်တွဲတွင် ၂၃ စုံ (သို့) ၄၆ခုစီသည် ပုံမှန် အခြေအနေတွင် သူ့အတွဲနှင့်သူ အရေအတွက် မှန်ကန်စွာဖြင့် အစီစဉ်တကျ အတွဲလိုက် (Homologous) ရှိရပါသည်။ ထိုသို့ ပုံမှန် မဟုတ်ဘဲ ချွတ်ယွင်းနေခြင်းမှာ မျိုးပွားသည့် ကာလ၌ မိခင်နှင့် ဖခင်ထံမှ ခွဲထွက်လာသော ဆဲလ်နှစ်ခုအနက် တစ်ခုခုတွင် အပို၊ အလို ပါလာခြင်း(သို့) ပေါင်းစပ်ရာ၌ သူ့နေရာနှင့် သူ မတွဲဖက်ခြင်းနှင့် ခရိုမိုဇုမ်း အစိတ်အပိုင်း တစ်ခု ကျိုးပြတ်ပြီး တစ်နေရာမှာ တွယ်ကပ်ခြင်းတို့ကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ပုံမှန် မဟုတ်ဘဲ တစ်စုံတစ်ရာ ချွတ်ယွင်းနေသည့် အခြေအနေများတွင်
(၁) Numerical Abnormalities အရေအတွက် ပုံမှန် မဟုတ်ခြင်း
(၂) Structural Abnormality ဖွဲ့စည်း တည်ရှိပုံ ပုံမှန် မဟုတ်ခြင်း

ဟူ၍ နှစ်မျိး ရှိသည်ကို တင်ပြလိုက်ပါသည်။

၁။ Numerical abnormalities အရေအတွက် ပုံမှန် မဟုတ်ခြင်း

အရေအတွက် ပုံမှန် မဟုတ်ခြင်းကို Aneuploidyဟု ခေါ်၍ ခရုမိုဇုမ်း တစ်စုံတွင် ရှိသင့်သည့် အရေအတွက် လိုခြင်း(သို့) ပိုခြင်းကို ဆိုလိုပါသည်။ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်းကို မွေးဖွားသည့် ဦးရေ ၁၅၀တွင် တစ်ဦးနှုန်း ရှိသည်ဟု သိရပြီး ယင်းသည် ကိုယ်ဝန် ပျက်ကျခြင်းနှင့် ကလေး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်ဟုလည်း သိရပါသည်။ ခရိုမိုဇုမ်း အရေအတွက် ပုံမှန် မဟုတ်ခြင်းကိုလည်း Autosomal Chromosome Aneuploidy, ပထမ ၂၂ စုံ အထဲမှ ခရုမိုဇုမ်း အရေအတွက် ပုံမမှန်ခြင်းနှင့် Sex Chromosome Aneuploidy, ကျာ၊းမ(လိင်) ခရိုမိုဇုမ်း အရေအတွက် ပုံမှန် မဟုတ်ခြင်း ဟူ၍ နှစ်မျိုး တွေ့ရပါသည်။

Autosomal Chromosomes Aneuploidy

ခရိုမိုဇုမ်း တစ်စုံတွင် နှစ်ခု စုံတွဲ ဖြစ်ရမည့်အစား ၁ ခု (Monosomy)သာ ရှိခြင်း(သို့) နှစ်ခုထက် ပိုနေခြင်း (Polysomy)တို့ကြောင့် ဖြစ်သည်။ Monosomyသည် မပြည့်စုံခြင်း ဖြစ်၍ Polysomyကြောင့် ဖြစ်သော ရောဂါထက် ဆိုးကျိုး ရလဒ် ပိုများသည်။ Polysomyများ၌ Down Syndromeသည် အဖြစ်များဆုံးနှင့် အထင်ရှားဆုံး ဖြစ်ပြီး ၂၁ စုံမြောက် ခရိုမိုဇုန်းတွင် နှစ်ခု ဖြစ်ရမည့်အစား ၃ ခု ဖြစ်နေခြင်းကြောင့် ဖြစ်ပြီး အသက်ရှင်သည့် ကလေး ၈၀၀ မွေးလျှင် တစ်ယောက်နှုန်း ဖြစ်သည်ကို တွေ့ရသည်။ အကြောင်းရင်း အတိအကျ မသိရသော်လည်း သုတေသနအရ အသက်ကြီးမှ အထူးသဖြင့် အသက်(၃၀)နောက်ပိုင်း ကလေးယူသည့် အမျိုးသမီးများ၊ အရက် စွဲလမ်းစွာ သောက်သော အမျိုးသမီများမှ မွေးလာသော ကလေးများတွင် အဖြစ်များသည်ကို တွေ့ရပါသည်။

Down Syndromသည် ကော့ကေးရှန်း ကလေးများတွင် အခြား ကလေးများထက် ပိုအဖြစ်များပြီး ပြင်ပ လက္ခဏာအရ မျက်နှာ၊ နားရွက်နှင့် နှာခါင်း ပြားချပ်ပြီး တရုတ် မျက်နှာပေါက်နှင့် မွေးလာသောကြောင့် အနောက်တိုင်းသားများက ထိုရောဂါကို ယခင်က Mongolism (မွန်ဂို တရုတ်ရောဂါ) ဟု ခေါ်ခဲ့သည်။ ကိုယ်ဝန်ဆောင်စဉ် ၎င်းရောဂါ ရရှိသော သန္ဓေသား လေးပုံ၊ သုံးပုံသည် ကိုယ်ဝန်ဆောင်စဉ် ကာလမှာပင် ပျက်ကျလေ့ရှိပြီး အသက်ရှင်လျက် မွေးလာသည့် ကလေးများအနက် ၂၀% ခန့်မှာ မွေးရာပါ နှလုံးရောဂါ (သို့) အခြား ရောဂါ တစ်ခုခုနှင့် မွေးလာပြီး ၁၀ နှစ်ကာလ အထိ အသက်ရှင်နိုင်သည်။ ထိုထက် ပို၍ အသက်ရှည်သူများမှာ အသက် ၆၀ခန့် အထိ (သို့) ပျမ်းမျှ သက်တမ်း ၅၅ နှစ် နေရနိုင်ပါသည်။ အသက် ရှိစဉ် ကာလတွင် Down Syndrome ၏ အခြား သိသာထင်ရှားသည့် လက္ခဏာများမှာ အရပ် ပုံမှန်ထက် နိမ့်ခြင်း၊ လျှာနှင့် ကြွက်သား တောင့်တင်းနိုင်မှု အားနည်းခြင်း၊ အသက်ရှုလမ်းကြောင်းနှင့် ပတ်သက်သည့် ရောဂါများ အပေါ် အခြားသူများထက် ခံနိုင်ရည်နည်းခြင်း၊ သွေးကင်ဆာ ရောဂါကို ရရှိနှုန်း ပိုများခြင်း စသည့် လက္ခဏာများကို တွေ့ရပါသည်။ Down Syndromeနှင့် မွေးရာပါ နှလုံးရောဂါ ဆက်စပ်ပုံကို စိုးသီဟ ရေးသည့် ကျိန်စာ သင့်နေသူလေးများ ပို့စ် ကို (http://health.ngoinmyanmar.org/2007/11/tof-tetralogy-of-fallot-cyanosis-tet.html ) တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။

Sex-Chromosome Aneuploidy ကျား၊မ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်း

ကျား၊ မ ခရိုမိုဇုမ်းသည် ၂၃ စုံမြောက် ခရိုမိုဇုမ်း ဖြစ်ပြီး မိန်းကလေး ဖြစ်ပါက (XX)နှင့် ယောက်ျားလေး ဖြစ်ပါက (XY) ဟူ၍ ခရိုမိုဇုမ်း တစ်စုံတွင် နှစ်ခုသာ ရှိရမည် ဖြစ်သည်။ ထိုသို့ စုံတွဲ မှန်ကန်လျက် (Homologous) မဟုတ်ပဲ လိင် ခရိုမိုဇုန်း X (သို့) Y တစ်ခုသာ ဖြစ်နေခြင်းနှင့် တစ်စုံထက် ပိုများနေခြင်းကို Sex- Chromosome ပုံမှန် မဟုတ်ခြင်းဟု ခေါ်ပါသည်။ ကျား၊ မ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်းသည် Autosomes ပုံမှန် မဟုတ်ခြင်းထက် ရောဂါ အခြေအနေ သက်တောင့်သက်သာ ပိုဖြစ်သည်ကို တွေ့ရပါသည်။

X ခရိုမိုဇုမ်း အရေအတွက် နှစ်ခုထက် ပိုပါလာပြီး မွေးလာသည့် အမျိုးသမီးများ

X ခရိုမိုဇုန်း နှစ်ခုထက် ပိုများပြီး မွေးဖွားနှုန်းသည် အယောက် ၄၀၀မှာ ၁ ယောက်နှုန်း ဖြစ်ပြီး အဖြစ် အများဆုံးနှင့် အထင်ရှားဆုံး တစ်ခုမှာ X နှစ်ခု ဖြစ်ရမည့် အစား ၃ ခုဖြင့် မွေးလာသော မိန်းကလေးများ ဖြစ်သည်။ အယောက် ၁၀၀၀ မွေးလျင် ၁ ယောက်နှုန်း ဖြစ်ပြီး ၄င်းတို့ ကြီးပြင်းသည့် ကာလတွင် ကလေး မွေးနိုင်မှု၊ ရာသီသွေး ပုံမှန်လာမှု စသည်တို့တွင် ပုံမှန် မဟုတ်ဘဲ ပြဿနာ တစ်စုံတစ်ရာ ရှိနိုင်သော်လည်း အခြား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတွင် ရောဂါအဖြစ် သတ်မှတ်ရလောက်သည့် ထူးထူးခြားခြား လက္ခဏာများကို မတွေ့ရပါ။ သို့သော်လည်း အရေအတွက် အနည်းငယ်သော တချို့ အမျိုးသမီးများတွင် X ခရိုမိုဇုမ်း ၄ ခုဖြင့် မွေး လာသော အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ၌ ချွတ်ယွင်းနိုင်ပါသည်။ ထို့အပြင် X ခရိုမိုဇုမ်း ၅ ခုနှင့် အထက်ဖြင့် မွေးလာသူများတွင် ပိုမို ဆိုးဝါးသည့် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု အပြင် ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကိုပါ တွေ့ရပါသည်။

Turner Syndrome

X ခရိုမိုဇုမ်း တစ်ခုတည်း အခြား မည်သည့် X (သို့) Y နှင့်မှ မတွဲဖက်ဘဲ မွေးဖွားလာသူများ ဖြစ်သည်။ ယင်းသို့ မွေးဖွားလာသူများ၏ ဆဲလ်တွင်း၌ ခရိုမိုဇုမ်း ၄၆ ခု ရှိရမည့် အစား ၄၅ ခုသာ ရှိပါသည်။ ၎င်းရောဂါကို။ ထိုကဲ့သို့ မွေးလာသော အမျိုးသမီးများတွင် အခြား အမျိုးသမီး အင်္ဂါများ ပါရှိသော်လည်း မျိုးဥအိမ် မပါရှိသောကြောင့် ရာသီသွေး လာခြင်းနှင့် ကလေး ရနိုင်ခြင်း မရှိပါ။ ပြင်ပ လက္ခဏာ အရ ၎င်းတို့သည် အရပ် ပုံမှန်ထက် နိမ့်ခြင်း၊ လည်ပင်း အရေပြား တွဲပြီး ခုံးခြင်း စသည်တို့ကို တွေ့နိုင်ပါသည်။ ၉၉% သော Turner Syndrome ရှိသည့် သန္ဓေသားများသည် ကိုယ်ဝန်ဆောင်စဉ် ကာလမှာပင် ပျက်ကျနိုင်ပြီး အသက်ရှင်သည့် ကလေးအယောက် ၃၀၀၀မွေးမှ တစ်ယောက်နှုန်း ခန့်သာ ဖြစ်နိုင်ပါသည်။

Klineflter Syndrome

Y ခရိုမိုဇုမ်း တစ်ခုနှင့် X ခရိုမိုဇုန်း တစ်ခုထက် ပိုပြီး မွေးလာသူများ ဖြစ်သည်။ ၄င်းတို့တွင် Y ခရိုမိုဇုမ်း ပါရှိနေသောကြောင့် အမျိုးသားများ၏ ရုပ်သွင် ရှိပါသည်။ သို့သော်လည်း ထိုသူများတွင် ဝှေးစေ့ ပုံမှန်ထက် သေးခြင်း၊ သုတ်ထုတ်နိုင်မှု အားနည်း၍ ထိုသူများတွင် ကလေး ရနိုင်ခြင်း မရှိပါ။ အရပ်ရှည်၍ ပိန်ခြင်း၊ အခြား ယောက်ျားများနှင့် မတူဘဲ ရင်သားကြီးခြင်းတို့ကို ထိုရောဂါ ရှိသူများ၏ ၅၀%တွင် တွေ့ရပြီး မျက်နှာနှင့် ခန္ဓာကိုယ်၌ အမွေးအမျှင် နည်းခြင်း စသည်တို့ကိုလည်း တွေ့နိုင်ပေသည်။ အသက်ရှင်၍ မွေးဖွားလာသူ အမျိုးသား ၁၀၀၀မှာ တစ်ယောက်နှုန်းခန့် တွေ့ရပါသည်။

Y ခရိုမိုဇုမ်း နှစ်ခုဖြင့် မွေးလာသူများ ထိုသူများသည် ပုံမှန် အမျိုးသားများထက် ပျမ်းမျှ အရပ် ပိုရှည်ပြီး ဉာဏ်ရည် ဖွံ့ဖြိုးမှုတွင် ပျမ်းမျှ IQထက် ၁၀-၁၅ အထိ ပိုနိမ့်ပါသည်။ အကြမ်းဖက်လိုသည့် အမူအကျင့်နှင့် စိတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းသည့် လက္ခဏာများကို တွေ့နိုင်ပါသည်။ ရာဇ၀တ်မှုများကို ကျူးလွန်သည့် နှုန်းသည် ပုံမှန် ယောက်ျားများထက် ပိုများသည်ကို သုတေသန ပြုသူများစွာမှ ဖေါ်ပြထားပါသည်။

၂။ Structural Chromosomal abnormality ခရိုမိုဇုမ်း ဖွဲ့ စည်းပုံ ပုံမှန် မဟုတ်ခြင်း

အရေအတွက် ပုံမှန် မဟုတ်၍ ဖြစ်သော ပြဿနာများနှင့် မတူဘဲ ဖွဲ့စည်းပုံ မမှန်ကန်ခြင်းကြောင့် ဖြစ်သော ရောဂါသည် ပြင်းထန်သည့် အခြေအနေ ရှိသလို တစ်ခါတစ်ရံ၌ သာမန် လူတစ်ယောက်၏ ကျန်းမာရေးကို လုံးဝ မထိခိုက်သည်ကိုလဲ တွေ့ရပါသည်။ မျိုးပွားသည့် ကာလ၌ မိခင်နှင့် ဖခင်ဆီမှ ရရှိသော ခရိုမိုဇုမ်းများ ပုံမှန်အတိုင်း မတွဲဖက်ခြင်းနှင့် ကျိုးပြတ် ပျက်စီးခြင်း တစ်ခုခုကြောင့် ဖြစ်ရသည်။ ထင်ရှားသည့် ရောဂါများမှာ Cri-du-chat syndrome, Robertsonian Translocation နှင့် Fragile X တို့ ဖြစ်ပါသည်။

Cri-du chat syndrome

၎င်းရောဂါသည် နံပါတ် ၅ စုံမြောက် ခရိုမိုဇုမ်း၌ ချွတ်ယွင်းသောကြောင့် ဖြစ်ရပြီး အင်မတန် အဖြစ်နည်းပါသည်။ မွေးလာသော ကလေးသည် မွေးရာပါ ကြောင်အော်သံကဲ့သို့ ငိုခြင်း၊ ကိုယ်အလေးချိန် ပုံမှန်ထက် ပိုနည်းခြင်၊ ခေါင်း အဆမတန် သေးနေခြင်း၊ နှလုံး အားနည်းခြင်း မျက်နှာ လုံးဝန်းခြင်း စသည့် လက္ခဏာများကို တွေ့ရပါသည်။ ဖွံ့ဖြိုး တိုးတက်မှု တွင် ဧရိယာ အားလုံး၌ နှေးကွေးပါသည်။

Robertsonian Translocation

မိခင်နှင့် ဖခင်ဆီမှ ရရှိသော ခရိုမိုဇုမ်းများ ပေါင်းစပ်ရာ၌ ခရိုမိုဇုမ်း နံပါတ် ၁၃၊ ၁၄၊ ၁၅၊ ၂၁ နှင့် ၂၂ တို့ အနက် တစ်ခုခု လုံးဝ ဆက်သွားသောကြောင့် အစုံ မဖြစ်ဘဲ တစ်ခုတည်း ဖြစ်သွားသည်။ ထို့ကြောင့် ဤရောဂါတွင်လည်း ခရိုမိုဇုမ်း ၄၆ ခုရှိရမည့်အစား ၄၅ ခုသာ ရှိပါသည်။ ထိုရောဂါရှိသူ ကိုယ်တိုင်၌ ကျန်းမာရေးကို သိသိသာသာ မထိခိုက်သော်လည်း ထိုရောဂါ ရှိသူ မိခင်မှ မွေးလာသော ကလေးသည် Down Syndrome ရရှိနိုင်သည့် အခွင့်အလမ်း ပိုများပါသည်။

Fragile X Syndrome

၎င်းရောဂါသည် ခရိုမိုဇုန်း အစိတ်အပိုင်း တစ်ခု ကျိုးပဲ့ ပျက်စီးပြီး ကွက်လပ် ဖြစ်နေသောကြောင့် ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သိသိသာသာ ထိခိုက်သည်ကို မတွေ့ရဘဲ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးသည့် အချက်တွင် Down Syndrome ပြီးလျှင် ဒုတိယ လိုက်သော ရောဂါ ဖြစ်ပါသည်။ ဘာသာစကား သင်ကြားရာ၌ တတ်မြောက်မှု နှေးကွေးခြင်း အပြင် စိတ်ပိုင်းဆိုင်ရာ နယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးမှု နောက်ကျသည်။ လူ အများစုနှင့် ဆက်ဆံမှုကို ရှောင်ပြီး လူစုလူဝေးနှင့် ၀ိုင်းဖွဲ့ နေထိုင်ခြင်းထက် အထီးကျန် ဆန်ဆန် နေလိုသည့် အလေ့အထ ရှိပါသည်။ ရောဂါ ဖြစ်ရခြင်း အကြောင်းရင်းကို ဆေးသုတေသီများ လေ့လာနေဆဲ ဖြစ်သည်။ ၎င်းတို့၏ သက်တမ်းသည် လူသာမန် တစ်ယောက်၏ ပုံမှန် သက်တမ်း အတိုင်းပင် ဖြစ်သည်။

အချုပ်အားဖြင့် Chbromosomal abnormalityကြောင့် ဖြစ်ရသော ရောဂါများ အနက် ခရိုမိုဇုမ်း အရေအတွက် ပုံမှန် မဟုတ်၍ ဖြစ်ရသော ရောဂါသည် ဖွဲ့စည်းပုံ ပုံမှန် မဟုတ်၍ ဖြစ်ရသော ရောဂါများထက် ကျန်းမာရေး အခြေအနေ ပိုဆိုးသည်ကို တွေ့ရပါသည်။ ရောဂါများကို အတိအကျ ပျောက်ကင်းအောင် ကုသ၍ မရနိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ counselling Programmesများနှင့် ဟော်မုန်းနှင့် ဆိုင်သည့် အချို့ ပြဿနာများကို ဟော်မုန်းဖြင့် ကုသပြီး အသက်ရှင်စဉ် ကာလတွင် သက်သာရာရအောင်သာ ပြုလုပ်ပေးနိုင်ပါသည်။ ထိုရောဂါများသည် အလွန် အဖြစ်နည်းသော ရောဂါများ ဖြစ်ပြီး ဗီဇ တစ်ခုခု ချွတ်ယွင်း၍ ဖြစ်သော ရောဂါများကဲ့သို့ တိကျသည့် ရောဂါ အမွေ ဆက်ခံပုံ မရှိသည်ကို တွေ့ရပြီး ကာကွယ်နိုင်သည့် အခြေအနေများလည်း ရှိသည်ကို တွေ့ရ ပါသည်။

Complex Genetic Disorders ကို ဆက်လက် တင်ပြပါမည်။

Read More...

Dengue Haemorrhagic Fever (DHF)

သွေးလွန် တုပ်ကွေး




(ဗိုင်းရပ်စ်)ကို ဆရာဝန်တွေထက် ကွန်ပြူတာ သုံးသူတွေက ပိုသိကြမယ်ထင်ပါတယ်။ ဒီနယ်ပယ် နှစ်ခုလုံးမှာ (ဗိုင်းရပ်စ်)က ဗီလိန်ပါ။ အဏုဇီဝဗေဒ ဆိုတာ သင်ရတုံးကတောင် (ဗိုင်းရပ်စ်)ဟာ ဆေးစာအုပ်တွေမှာ နေရာ သိပ်ရသေးတာ မဟုတ်ပါ။ အဲဒီပိုးကို သိပ္ပံဆရာတွေက သက်ရှိလို့တောင် သတ်မှတ်သေးတာ မဟုတ်လို့ ဇီဝစာရင်းထဲ မထည့်ခဲ့တာလည်း ဖြစ်မယ်။ ဒါပေမဲ့ အသက်ရှိတဲ့ လူ - တိရစ္ဆာန် - အပင်တွေကို ဒုက္ခ မလှမပ ပေးနေတာ တော့ အမှန်ပဲ။

(ကျွန်တော်ကတော့ သက်ရှိ စာရင်းမှာ အတင်း သွင်းလိုက်တယ်။) (ဗိုင်းရပ်စ်) ဆိုတဲ့ သတ္တ၀ါတွေ ကနေ လူတွေကို ဖြစ်စေတဲ့ ရောဂါ နာမည်တွေ ပြောရင် တချို့ မျက်လုံး နည်းနည်းပြူး ကြမယ်ထင်တယ်။ ပြောကြည့်ပါမယ်။ (ပိုလီယို)၊ ဒါလောက်တော့ ဘယ်ဆန်းလဲ ပြောမယ်။ (အိတ်ခ်ျအိုင်ဗွီ)၊ သိသားဘဲ။ နောက် တစ်ခုဗျာ၊ အသားဝါ။ သိလွန်းလို့။ ဆက်ဖတ်ပါ။ ခွေးရူးပြန်။ နည်းနည်း ဆန်းမယ်နော်။ အအေးမိ၊ ရေယုံ၊ တုပ်ကွေး၊ ပသိရောင်၊ ၀က်သက်၊ ၀မ်းရှော၊ သွေးလွန်တုပ်ကွေး၊ အများကြီးနော်။ ကင်ဆာနဲ့ ကြွက်နို့တောင် ပါချင်သေးတာ။ ရောဂါ အရေအတွက်ကလည်း မနည်းသလို၊ အဖြစ်များလှတဲ့ ရောဂါတွေ တွေ့တယ် မဟုတ်လား။

အဲဒီ (ဗိုင်းရပ်စ်) အမျိုးမျိုးကနေ ရောဂါ အမျိုးမျိုးကို ဖြစ်စေကြပေမဲ့ သူတို့အားလုံးမှာ တူတာ တစ်ခု ရှိပါတယ်။ ကနေ့ အချိန်ထိ ဒီကောင်တွေကို ဘယ်ဆေးနဲ့မှ သတ်မရသေးတာပါ။ အနိုင်တိုက် မရသေးသ၍၊ အတော် အားကောင်း၊ အတော် ခိုင်မာလှတယ်လို့ ထင်ရမှာပေါ့။ သမိုင်း ကြည့်ရင် အသက်ပြင်းတဲ့ အကောင် မှန်သမျှ တစ်နေ့ကျ နိုင်တာ ပေါ်ရစမြဲ မဟုတ်ပါလား။ တစ်ချိန်က ဆိုးသွမ်း သောင်းကျန်းခဲ့တဲ့ (ဗက်တီးရီးယား)တွေ (ပနယ်စလင်)ပေါ်လာလို့ အတော် အထိနာ သွားရတယ်။ ကျောက်ဆိုရင် အမျိုး ပါတုံးသွားလို့ သုတေသန လုပ်ဘို့တောင် အနိုင်နိုင် သိမ်းဆည်းထားရတာ။ ဒါ့ကြောင့် ကလေးများ သွေးလွန် တုပ်ကွေး ဘေးက ဝေးအောင် လုပ်ပေးမှ တော်မယ် ထင်ပါတယ်။

တစ်ခုတော့ရှိတယ်၊ သွေးလွန်တုပ်ကွေးကို ကလေးရောဂါလို့ ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့ လူတွေပဲ ဖြစ်တယ် ထင်ရင်လဲ မှားပါလိမ့်တယ်။ ရောဂါကို စသိတာ အနှစ် ၂၀၀ ကျော်ပါပြီ။ ဘိုလိုဆိုရင် (ဒင်ဂေး-ဟမိုရေးဂျစ်-ဖီဗာ)လို့ခေါ်တယ်။ (ဒင်ဂေး)လို့ အသံထွက်တာ ပိုမှန်သတဲ့။ ဒါပေမဲ့ ဒီစာလုံး ဘယ်ကနေ ပေါ်ခဲ့တယ် ဆိုတာ တိတိပပ မသိကြပါ။ ရှေးကတည်းကမို့ ဆိုးဝါးပြီး ရေရေရာရာ မသိတိုင်း မကောင်းဆိုးဝါးကို ရမယ်ဖွဲ့ ကြတာမို့ အဲလို စကားလုံးကနေ ရတာလို့ ထင်ကြပါတယ်။

ဒီကာလအတွင်းမှာ “ရောဂန္တရကပ်” အထိ ဆိုးအောင်လည်း ဖြစ်ခဲ့ဘူးတယ်။ (ပင်းဒမစ်)အဆင့်ပေါ့။ ကွက်ပြီး အများကြီးဖြစ်တဲ့(အင်းဒမစ်)ကပ်လိုကတော့ အခုထိ ဖြစ်နေဆဲဘဲ။ ကူးစက်ရောဂါ ဆိုတာတွေက “ကံဆိုးမသွားရာ-မိုးလိုက်ရွာ”ဆိုသလို ဆင်းရဲလေလေ နှိပ်စက်လေလေပဲ။ အာရှ၊ အာဖရိက၊ တောင်အမေရိက။ ဒါပေမဲ့ ချမ်းသာတယ် ပြောရမယ့် တိုင်ဝမ်၊ စင်္ကာပူ၊ ဆောဒီအာရေးဗီးယားတို့လည်း မလွတ်ပါဘူး။ လွန်ခဲတဲ့ ဆယ်စုနှစ်တွေ အတွင်း တိုးတိုးလာလို့ သွေးလွန်တုပ်ကွေး ပြန့်နှံ့ပုံကဖြင့် ကနေ့ ကမ္ဘာတစ်လွှား ဒုက္ခများများ ပေးနေတဲ့ ငှက်ဖျားနဲ့ နင်လား ငါလားပါဘဲ။

ငှက်ဖျားနဲ့ တူသေးတာက ခြင်ကနေ ကူးတာပါ။ ခြင်အမျိုးတော့ မတူဘူး။ “ငှက်ဖျားခြင်က တောသား၊” “သွေးလွန်ခြင်က မြို့သူ။” ဘာလို့လဲဆိုတော့ သွေးလွန်ဟာ ခြင်အမကနေပဲ ကူးတာမို့။ မ သဘာဝ တူသေးတာ တစ်ခုက ညမှာ အိမ်တွင်းအောင်းပြီး၊ နေ့မှာသာ ထွက်ကိုက်တယ်။ အစာရှာတာပေါ့ဗျာ။ အမဖြစ်တော့ အသန့် ကြိုက်တယ်။ ရေသန့်မှာ နေတဲ့ အမျိုး။ ဒါ့ကြောင့် အဲဒီခြင်မျိုး နှိမ်နင်းဖို့ မော်တော်ကား၊ ဆိုင်ကယ် တာယာဟောင်း၊ ပေပါခွံ၊ ပုံးခွံ၊ ညောင်ရေအိုးတွေမှာ ကျန်နေ-အောင်းနေတဲ့ရေ၊ ရေအိုး၊ စဥ့်အိုးတွေထဲ ကြာကြာလှောင်ထားတဲ့ရေ မှန်သမျှ သွန်ခိုင်းရတယ်။ ရေတွေထဲ ခြင်ပိုးလောက်လန်းတွေ မပေါက်အောင် လုပ်ရတာပါ။ ခြင်းစား ငါးမွေးတာတို့၊ ပိုးလောက်လန်း သတ်ဆေးတို့လဲ သုံးနိုင်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ရေနံချေး ၀အောင် သုတ်ထားတဲ့ အိမ်ထရံတွေ၊ တိုင်တွေပေါ်မှာ ရေးထားတတ်တဲ့ (ဒီတီတီ) ကလည်း ခြင်ကို အတော်အသင့် နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးမှာ အထင်နဲ့ အမြင် မဆင်တာ တစ်ခု ပြောရဦးမယ်။ နာမည်က သွေးလွန်ဆိုတာနဲ့ သွေးလွန်ပြီး သေနိုင်တယ်လို့ ထင်တာ မဟုတ်ပါ။ ကိုယ်ထဲက အရည်တွေရော သွေးရော ယိုလို့ နောက်ဆုံး (ရှော့ခ်) ရတာကြောင့်သာ သေတာဖြစ်ပါတယ်။ ဒါပေမဲ့ “သွေးယိုတုပ်ကွေး”လို့နာမည်ပေးရင်တော့ မမိုက်ဘူးဗျ။

စဖြစ်တော့ ရိုးရိုးတုပ်ကွေးလို ဖျား၊ ခေါင်းကိုက်၊ ဟိုက ဒီကနာ ဖြစ်မယ်။ အရိုးထဲက နာတာ သိသာတယ်။ တချို့က “အရိုးကွဲဖျား” လို့တောင် ခေါ်သေးတယ်။ ခပ်ရဲရဲ အနီပြင်တွေ ထွက်မယ်။ ပြီးရင် သွေးပြဿနာ တက်လာပါမယ်။ သွေးခြည်ဥတွေ ထွက်၊ နှာခေါင်း သွေးယို၊ သွားဖုံး သွေးယို၊ ပါးစပ်ကနေ သွေးအန်၊ ဆီးထဲ သွေးပါမယ်၊ ၀မ်းထဲ သွေးပါရင် ၀မ်းအရောင်မဲတာနဲ့ သိမယ်။ အရွယ်ရောက် အမျိုးသမီးဆိုရင် လစဉ် ဆင်းတာက များမယ်။ နဲနဲကြာလာရင် သတိမကောင်း ဖြစ်ရာကနေ သတိ လုံးဝ လစ်မယ်၊ တက်လည်း တက်နိုင်တယ်။ တကယ်လို့ ဗိုက်နာ၊ ဆက်တိုက်အန်၊ ဖျားနေတုံး ချွေးပြန်တယ်ဆိုရင် မကောင်းတဲ့ လက္ခဏာဘဲ။ တစ်ကိုယ်လုံးအေးစက်၊ ပျော့ခွေပြီး၊ ဂနာမငြိမ် ဖြစ်ရာကနေ သတိလက်လွတ် ဖြစ်လာရင်တော့ အရေးပေါ် အခြေအနေ ဖြစ်သွားပါပြီ။ အသက်လုပြီး ကုရပါတော့မယ်။

သွေးလွန်တုပ်ကွေးလို့သေချာအောင် သွေးစစ်ရတယ်။ ရောဂါကို ဆန့်ကျင်တဲ့ဓါတ် (အင်တီဘော်ဒီ) တွေ့မယ်။ သွေးထဲက သွေးမှုန် (ပလိတ်လက်)ဆိုတာ နည်းနေပါလိမ့်မယ်။ သူက ပြဒါးတိုင်လိုဘဲ။ အဆိုး-အကောင်းကို ညွှန်းပါတယ်။ ဆိုးလွန်းလို့ ကုရင်လဲ သွေးမှုန်ကို သွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့ အခဲ ရောနေတာပါ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥ အပြင် သွေးမှုန်ဆိုပြီး သုံးမျိုး ရှိပါတယ်။ ဒီကောင်တွေက အသေးဆုံး၊ ဒါပေမဲ့ သူရှိမှ လူ့သွေးဟာ ခဲနိုင်တယ်။ မခဲရင် သွေးယိုမယ်လေ။ သွေးဆိုတာ ရဲမှ ခဲမှ ကောင်းတယ်။

တခြား တခြားသော (ဗိုင်းရပ်စ်) ရောဂါတွေလိုပဲ၊ သွေးလွန်တုပ်ကွေးကို တိတိကျကျ ကုသနည်း မရှိပါ။ ကံကောင်းသူများက ၁ ပါတ် ကြာရင် ပျောက်မှာပါ။ ရေနဲ့ အရည် များများ သောက်ခိုင်း။ အနားယူခိုင်း၊ ခြင်ထောင်နဲ့ အိပ်ရင် သူများကို မကူးစေဘူးပေါ့။ အန်နေရင်တော့ သွေးကြော ထဲကနေ သွင်းပေးရမှာပါ။ အဖျား-အကိုက်အခဲ သက်သာအောင် (ပါရာစီတမော)ကလွဲရင် မပေးရ။ အခုနောက်ပိုင်း သွေးလွန်တုပ်ကွေး ဆေးသစ်တွေ စပေါ်နေပါပြီ။ ကာကွယ်ဆေးတော့ မပေါ်သေးပါ။

ဆေးပညာရှင်များက လူပါးတွေဗျ။ သူတို့ သေသေချာချာ ကုပေးနိုင်တဲ့ ရောဂါ မဟုတ်ရင် ကာကွယ်ပါ၊ မဖြစ်အောင် ဒီလို လုပ်ပါ၊ ဟိုလို လုပ်ပါဆိုပြီး၊ အတော် ပြောသဗျ။ (အိတ်ခ်ျအိုင်ဗွီ - အေအိုင်ဒီအက်စ်)တို့၊ အသားဝါရောဂါတို့စသဖြင့်။ သွေးလွန် တုပ်ကွေးလဲ ပါတယ်။

အားလုံး သွေးလွန် တုပ်ကွေး ရောဂါ မှ ကင်းဝေးပါ စေ။

တင့်ဆွေ

Read More...

Monday, December 22, 2008

Neonatal Tetanus Prevention

မွေးကင်းစ ကလေး မေးခိုင်ရောဂါ



ဆေးခန်းမှာ ကြော်ငြာ ကပ်ထားရသလို၊ ဆရာမတွေကိုလည်း သင်ထားတယ်။ မွေးလူနာများ “ဗိုက် ဆက်တိုက် နာလျှင်၊ အရည် ဆင်းလျှင်၊ သွေး ဆင်းလျှင် ဖုန်းဆက်ပါ” လို့။
“မွေးလူနာ ရှိတယ် ဆရာ၊ ဗိုက်နာနေလို့”။

“သားဦးလား၊ အရင် မွေးဖူးလား။ ဘယ်တုံးက စနာတာတဲ့လဲ”။ (လူနာ အများစုက ဗမာ မဟုတ်လို့ တချို့က သားဦး ဆိုရင် သိပ် နားမလည်ဘူး။) ဖုန်းဆက်တဲ့ လူကို မေးခွန်း နှစ်ခုမေးပြီး၊ အဖြေရတာနဲ့ လုပ်နေတဲ့ အလုပ်ကို ဖြတ်ပြီး၊ လူနာကို အခုလာ ခိုင်းရမလား၊ နည်းနည်း စောင့်လို့ ရသေးလား ဆိုတဲ့ အဆုံးအဖြတ်ကို ချရပါတယ်။


မွေးလူနာရဲ့ မှတ်တမ်း စာအုပ်လေးကို ဆရာမ တစ်ယောက်က အဆင်သင့် ရှာထား ပေးတယ်။ မွေးလူနာ မှန်သမျှ AnteNatal Care (အေ-အင်န်-စီ) ခေါ်တဲ့ မမွေးမီ စောင့်ရှောက်ခြင်း လာတုန်းက မှတ်ထား ရတာတွေကို တစ်သမတ်တည်း သင်ပေးထားတာမို့ ဆရာမ အားလုံး တတ်နေကြပါပြီ။ LMP (First Day of Last menstrual Period) (နောက်ဆုံး ရာသီလာတဲ့ရက်)၊ EDD (Expected Date of Delivery) (ခန့်မှန်း မွေးမည့်ရက်)၊ G (Gravida) (ကိုယ်ဝန်ဆောင်တဲ့ အကြိမ်ပေါင်း)၊ P (Parity) (အရှင်မွေး ကလေးပေါင်း) ဆိုတာတွေကို သူတို့ လက်ရေးလေးတွေနဲ့ စာအုပ် အဖုံးမှာ ဖတ်နိုင်ပါတယ်။

နောက်ဆုံး ရာသီလာတဲ့ ရက်ထဲ ၉ လနဲ့ ခုနစ်ရက် ပေါင်းထည့်ရင် မွေးမဲ့ရက် ရရော။ ဒါက သိပ်ခေါင်းသုံးဖို့ မလိုသေး။ သူတို့ မျက်မှောင် ကုပ်ကြတာကတော့ “မနှုတ်လောက် တစ်လချေး” လုပ်ရပြီ ဆိုရင်တော့ တချို့ သင်္ချာ အားနည်းရင် ဂဏန်း သင်သလို သင်ပေး ရတယ်။ သူတို့တစ်တွေ ခေါင်းအစား ဆုံးကတော့ လူနာမှာ (အာလ်ထွာ-ဆောင်း) ရိုက်ထားတာ ပါလာပြီ ဆိုရင် ပြဿနာ တက်ကြပြီ။

Ultrasound (အာလ်ထွာ-ဆောင်း) က ရိုက်တဲ့နေ့မှာ ရှိတဲ့ သန္ဓေသားရဲ့ အသက်ကို ဘယ်နှစ်ပါတ် နဲ့ ဘယ်နှစ်ရက် ရှိပြီလို့ ရေးပေးလိုက်တာကိုး။ ဆိုပါတော့ ၅ လ ကိုယ်ဝန် ဆိုရင် 20 weeks and 3 days လို့ တိတိကျကျ ရေးတာ။ ဆေးခန်းမှာ သင်ထားတာက (ရက်၊ လ၊ နှစ်၊) မို့ ရက် ရက်ချင်း၊ လ လချင်း၊ နှစ် နှစ်ချင်း ဆိုတာပဲ ပေါင်းရ - နှုတ်ရမှာ ဆိုတော့ ရက်သတ္တပါတ် ဆိုတာကြီးနဲ့ ခေါင်းရှုပ်ကြရော။ (အာလ်ထွာ-ဆောင်း) မှာ ရေးတဲ့ ရက်သတ္တပါတ်ကို တစ်လ ၄ပါတ် ထားပြီး လဖွဲ့ဖို့ ၄ နဲ့စား၊ ကျန်တာကို ရက်ဖွဲ့ဖို့ ၇ နဲ့မြှောက်။ ရက် ရက်ချင်း၊ လ လချင်း၊ နှစ် နှစ်ချင်း နှုတ်လိုက်ရင် ရရော မဟုတ်လား။ ဘာလို့ နှုတ်ရလဲ ဆိုတော့ (အာလ်ထွာ-ဆောင်း) မရိုက်ခင် အဲဒီရက်ကစပြီး ကလေး ရှိတာမို့ပေါ့။ အရင်က ဖြစ်ခဲ့တာမို့ နှုတ်ရတာလေ။

ပြီးတော့ (အာလ်ထွာ-ဆောင်း) မှာ မွေးမဲ့ရက် တွက်ပေး မထားရင် ၉လ နဲ့ ၇ ရက် ထည့်ပေါင်း။ လူနာ ပြောတဲ့ရက်ကို တွက်ရတာနဲ့ နည်းနည်း ကွာနိုင်တယ်။ ဒါ့ကြောင့်လဲ Expected Date of Delivery (အီး-ဒီ-ဒီ) ဆိုတဲ့ မွေးရက်ဟာ အနည်းဆုံး ရှေ့တစ်ပါတ်၊ နောက်တစ်ပါတ် လွဲနိုင်တယ်လို့ ပြောထားတယ် မဟုတ်လား။ “ကိုးလလွန်-ဆယ်လဖွား”ဆိုတာ တိတိကျကျ ပြောရင် ရက်ပေါင်း ၂၈၀၊ ၄၂ ပါတ်၊ ၃၇ပါတ်က စပြီးလဲ အကောင်း မွေးနိုင်တယ်။

ကဲ - မွေးလူနာ လာရင် ဘာတွေ လုပ်မလဲ။ အတန်း ပညာ အခြေခံ ရှိပြီး၊ ချက်ချက်ချာချာ ဆရာမ ဆိုရင် ဖြေမယ်။ လူနာ ရာဇ၀င် History (ဟစ်စထွီ) မေးမယ်။ ဘယ်တုံးက စနာတာလဲ။ အရည် ဆင်းသလား။ သွေးဆင်းသလား။

ထပ်မေး ရဦးမယ်လေ့ မွေးဖူးတယ် ဆိုရင် အရင် ကလေးတုံးက မွေးရတာ လွယ်လား။ အိမ်မှာပဲ မွေးတာလား၊ ဆေးခန်း-ဆေးရုံ မှာလား။ မွေးလမ်းချဲ့ ရသလား။ ညှပ်ဆွဲ ရလား။ ဆေးသွင်း ရသေးလား။

လုပ်ပါဦး၊ ဒို့ဆီ ရောက်လာတော့ ဘာလုပ် ပေးကြမလဲ။
(ဘီ-ပီ) Blood Pressure (သွေးဖိအား) တိုင်းမယ်။ သွေးခုန်နှုန်း (ပတ်လ်စ်) စမ်းမယ်။ ဆီး မစစ်ရ သေးရင် စစ်မယ်။ နောက် ဗိုက် စမ်းမယ်။ ပြီးရင် Vaginal Examination (ဗွီ-အီး) လုပ်မယ်၊ (မွေးလမ်းကြောင်းစမ်းမယ်)။ ကျန်သေးတယ်၊ ဘာလုပ် ပေးသင့်သလဲ။ လိုအပ်ရင် ၀မ်းချူ ပေးရမယ်။
ဝမ်းချူ ပေးရတာ ဘာအကျိုးတွေ ရမလဲ၊ နှစ်မျိုး ရှိတယ်နော်၊ ပြောစမ်းအုံး။ မေ့နေရင် ပြန်ပြောမယ်။
(၁)ကလေး မွေးနေတုန်း သန့်ရှင်းမယ်။ နောက်ပြီး (၂) မြန်မြန်လည်း မွေးစေနိုင်တယ်။ စဉ်းစား ကြည့်နော် ဒါက ကလေးခေါင်း၊ ခေါင်းခွံရှိလို့ မာမာကြီး။ သူ့ရှေ့မှာ (လူနာ အိပ်နေရင် အပေါ်မှာပေါ့)၊ ဆီးစပ်ရိုးနဲ့ ဆီးအိမ် ရှိတယ်။ နောက်က (အိပ်နေရင် အောက်ကပေါ့) အစားဟောင်း အိမ်နဲ့ မီးညှောင့်ရိုး ရှိတယ်။ အဲတော့ ဆီးအိမ်မှာ ဆီးမရှိ၊ အစာဟောင်းအိမ်မှာ ၀မ်းမရှိမှ ကလေးက ကောင်းကောင်း ထွက်လာမှာပေါ့။ ဒါ့ကြောင့် လူနာကို ဆီးသွားခိုင်း၊ လမ်းအလျှောက် မခိုင်းတော့ရင် ဆီးချူပေး။ မမွေးခင် ၀မ်းချူ ပေးရတာပေါ့။

လမ်းကို ဘယ်တော့ အလျှောက် မခိုင်း မလဲ။ လူနာက သိပ်နာ နေပြီဆိုရင်၊ နောက်ပြီး ရေမြွှာ ပေါက်သွားရင်၊ သွေးဆင်း နေရင် လမ်း လျှောက် မခိုင်းနဲ့တော့။

Anti Tetanus Toxoid (အေတီတီ) ဘယ်နှစ်ခါ ထိုးပြီးလဲ မေးပါအုံး၊ ကာကွယ်ဆေး ပြောတာ။ ဟုတ်ပြီ ကာကွယ်ဆေး ဆိုတာ ဘာပြောတာလဲ။ မေးခိုင် ကာကွယ်ဆေး။ ဘယ်နှစ်ခါ ထိုးရလဲ။ မမွေးခင် နှစ်ခါ၊ တစ်ခါနဲ့ တစ်ခါ တစ်လခြား။

ကဲ မွေးလူနာက စောင့်ရဦးမယ်။ ပြောပါအုံး ဘာလို့ (အေတီတီ) ထိုးရတာလဲ။ ကြားဘူးတယ်နော် မေးခိုင် ရောဂါဆိုတာ။ Tetanus (တက်တဲနပ်စ်) အတော်ဆိုးတဲ့ ရောဂါ။ ဖြစ်ရင် တစ်ကမ္ဘာလုံး စာရင်း အရတော့ သုံးယောက် တစ်ယောက် သေတယ်တဲ့။ ဆရာ့ အတွေ့အကြုံ အရ ဗမာပြည်မှာ တောတွေမှာပေါ့ လူကြီး ဖြစ်ရင် ၅၀ ရာခိုင်နှုန်း၊ မွေးစကလေး ဖြစ်ရင် ရာနှုန်းပြည့် နည်းပါး သေတာပဲ။ မွေးမဲ့ကလေးကို အခုလို မအေကို (အေတီတီ) နှစ်ခါ ထိုးထားရင် မေးခိုင် မဖြစ်နိုင်တော့ဘူး။ မဖြစ်တော့ဘူး ဆိုပြီး ပေါ့တော့ မပေါ့နဲ့။

ကလေး ချက်ကြိုး ဖြတ်ချိန်မှာ ဘာပိုးမှ မ၀င်နိုင်အောင် ဆရာ - ဆရာမတွေက လက်ဆေးထား၊ လက်အိတ် စွပ်ထား၊ နှာခေါင်းစည်း စည်း ထားရမယ်။ ချက်ကြိုးကို ညှပ်မဲ့ Sponge Forceps (စပွန့်ခ်ျ-ဖေါ့ဆက်) ဖြစ်ဖြစ်၊ သွေးကြောညှပ် Artery Forceps (အာထရီ-ဖေါ့ဆက်) ဖြစ်ဖြစ်၊ နောက် ဖြတ်မဲ့ ကပ်ကြေးတွေကို ရေနွေး ပြုတ်ရတာ အဲဒါကြောင့်။ အခုခေတ်မှာ ချက်ကြိုးကို ညှပ်ဘို့ (ကလစ်ပ်) က တစ်ခါသုံးမို့ အဆင်ပြေတယ်။ တောထဲမှာ ဖြစ်ဖြစ်၊ (ကလစ်) မရှိတဲ့ နေရာမှာ ဆိုရင် အပ်ချည်ကြိုးကိုဘဲ ခပ်တုတ်တုတ် ကျစ်ပြီး ပိုးသေအောင် ရေနွေးပြုတ်၊ အရက်ပြန် စိမ်ပြီး သုံးရတယ်။

မေးခိုင် ဖြစ်တာကို ဘယ်လိုလုပ်သိမလဲဆရာ။


ဒီလိုကွ၊ မေးခိုင်ဆိုတာ မေးခိုင်တာဘဲ။ မေးမှာ စားဖို့၊ ၀ါးဖို့၊ ကလေးဆိုရင် နို့စို့ဖို့ဘို့၊ ကြွက်သားတွေ ရှိတယ်။ မေးခိုင်ပိုး ဆိုတာက ကြွက်သားတွေကို ထိခိုက်တာကိုး။ မေးက ကြွက်သားတင် မကဘူး၊ ရှိရှိသမျှ ကြွက်သားတွေ လိုက် ဒုက္ခ ပေးတာ။ အမှန်က ကြွက်သားကို အလုပ်လုပ် ပေးတဲ့ အာရုံကြောကို ထိတာပါ။ ဗိုက်မှာ Belly (ဗယ်လီ) ဆိုတဲ့ ကြွက်သား ရှိတယ်။ ဟောဒီလို အထက်အောက် တန်းပြီး နေတာ၊ Weight Lifting (Body Building) (၀ိတ်) မပြီး၊ ယောက်ျား - မိန်းမ သန်အောင် လုပ်ကြရတာ အဲဒီ ကြွက်သားပေါ့။ ဗိုက် ကြွက်သားတွေ ပြတ်ထွက်အောင် အထိ ဆိုးတာ၊ သေတဲ့လူကို ခွဲကြည့်တော့ တွေ့တာမျိုး။

တကယ် မေးခိုင်ကြောင့် သေရတာက အသက်ရှူ တဲ့အခါ သုံးရတဲ့ ကြွက်သားတွေကို ထိရင်၊ နံရိုးတွေ ကြားက ကြွက်သားတွေ၊ လည်ပင်း ကြွက်သားတွေ၊ နောက် ဗိုက်နဲ့ ရင်ခေါင်းပိုင်းကို ပိုင်းထား - ခြားထားတဲ့ Diaphragm (ဒိုင်ယာဖရမ်) ခေါ်တဲ့ ကန့်လန့်ကာ ကြွက်သား။ အဲဒါတွေ တင်း - တောင့်ပြီး အလုပ် မလုပ်နိုင်တော့ရင် အသက်ရှူ ခက်ပြီး လူနာ ဆုံးရတော့တယ်။

မေးခိုင်ပိုးက အတော် အသက်ပြင်း တယ်။ ပိုးဆိုတဲ့ အကောင်တွေကလည်း လူတွေ လိုပဲ ရေကြည်ရာ မြက်နုရာမှာ နေချင်ကြတာ။ မေးခိုင်ပိုးက သူ မကြိုက်တဲ့ အခြေအနေ ဆိုရင် ခေါင်းမြီးခြုံသလို၊ လိပ်ခေါင်း အထဲ ၀င်သလို၊ ဒါ့ထက်တောင် စွမ်းသေးတယ်။ တစ်ကိုယ်လုံး ကို အခွံလိုမျိုးနဲ့ ဖုံးထားပြီး ရှင်နေနိုင်တယ်။ Spore (စပိုး) လို့ ခေါ်တယ်။ ဟို အရင်တုံးက ကျောက် ရောဂါ ဆိုတာ ရှိတယ်။ Small pox (စမော်လ်-ပေါက်စ်) ဆိုတာလေ။ အခုခေတ် ပျောက်သွားပြီ။ ကာကွယ်ဆေး တန်ခိုးပေါ့။ ဒီမေးခိုင် ရောဂါ ကျတော့ အဲလို ပျောက်ကွယ် သွားအောင် မလုပ်နိုင်ဘူး။

သင်ထားတယ် မဟုတ်လား။ ဒို့ အနာကို သန့်ရှင်းအောင် ဖြစ်ဖြစ်၊ ခွဲစိတ်မယ့်အခါ ဖြစ်ဖြစ် သန့်အောင် လုပ်ဖို့ သုံးရတာ Solution One, Two, Three (၀မ်း - တူး - သရီး) ဆိုတာ ပြောပါအုံး။

One (၀မ်း) က ဆပ်ပြာနဲ့ ရေ၊ ရေချိုး-လက်ဆေး-ခြေဆေးပေါ့၊ (ဆက်ဗလွန်) (ဒက်တော) တို့လဲ သုံးနိုင်တယ်။

နောက် Two (တူး) က အရက်ပြန်၊ အလွယ်က Spirit (စပစ်ရစ်) လို့ခေါ်တာက အရက်၊ သောက်လို့ ရတဲ့ အရက်၊ ဒို့ဆေးခန်း - ဆေးရုံ သုံးတာကျ တစ်မျိုး။ (မီသိုင်း) ဆိုတာ ထည့်ထားမှ၊ ဒါ့ကြောင့် Methylated Spirit (မီသိုင်လိတ်တက် - စပစ်ရစ်) လို့ ခေါ်တယ်။ ဆရာ မုံရွာ ဆေးရုံမှာ တာဝန်ကျတုံးက ဆေးရုံ ၀န်ထမ်း တစ်ယောက်ရှိတယ်။ သူ့ကို သနားလို့ ပိုက်ဆံ နည်းနည်းပါးပါး ပေးတာထက် အရက်ပြန် ပေးရင် သိပ် သဘောကျတယ်။ အရက်ပြန်ကို ဆားခပ် သောက်တယ်။ မကြာပါဘူး အရက်ကြောင့် ဆုံးသွားတယ်။

နောက် Three (သရီး) ဆိုတာ ဘာလဲ။ ဒီမှာတော့ (ဘီတာဒင်း) (ပိုင်ဗိုဒင်း)စသဖြင့် နာမည်တွေနဲ့ အညိုရောင် ဆေးရည်။ အမှန်က Iodine (အိုင်အိုဒင်း) ပေါ့။ (အိုင်အိုဒင်း) ကမှ အခု ပြောနေတဲ့ မေးခိုင်ပိုးကို နိုင်တယ်။ ဒို့ကျောင်းမှာတုန်းက ဆရာ တစ်ယောက်က သင်ပေးတယ်။ (အိုင်အိုးဒင်း) မရှိရင် အနာကို မခွဲလေနဲ့ တဲ့။ ကိုယ့်ကြောင့် ဒုက္ခ ရောက်နိုင်တယ်။ မေးခိုင်ကို ပြောတာ။ ကလေး ချက်ကို သန့်သန့်ရှင်းရှင်း ညှပ် - ဖြတ် ပြီးရင်၊ (အိုင်အိုဒင်း) ထည့်ပေး ရမယ်။ ချက်ကြိုးထိပ်၊ ချက်ကြိုး၊ ကလေး ဗိုက်က ချက်ကြိုး ထွက်တဲ့ နေရာ အားလုံးကို သုတ်ပေး။ ဆေးခန်းက ဆင်းသွားရင်လဲ အိမ်မှာ တစ်နေ့ နှစ်ခါ ဂွမ်းသန့်သန့်လေးနဲ့ လက်ဆေးပြီး ဆေး ထည့်ခိုင်းဖို့ (အိုင်အိုဒင်း)ကို ပုလင်းကလေးနဲ့ထည့်ပေးလိုက် ရမယ်။

ကလေးမှာ မေးခိုင် ဖြစ်ပြီ ဆိုရင် နို့မစို့တာက စ သိမယ်။ ပါးစပ်ကို စေ့ထားလို့ ဟပေးလို့တောင် မရဘူး။ ချွဲလေးတွေ ပါးစပ်က ထွက်လာမယ်။ ချွဲကြပ် တာပေါ့။ အသက်ရှူတာ ခက်နေတာကို အသားတွေ ပြာတာတာ ဖြစ်နေတာနဲ့ သိနိုင်တယ်။ နောက်ပြီး ကလေးဟာ တောင့်တင်း နေမယ်။ ခါးကလေး ကော့နေမယ်။ နည်းနည်း ဖျားမယ်။ ကြာရင် တက်လာမယ်။ သနားစရာ သိပ်ကောင်းတယ်။ ၃ ရက် နောက်ပိုင်းမို့ သန္ဓေဘ၀က သွေးတွေ ပျက်စီးပြီး၊ သွေး အသစ်လဲ နေတာမို့၊ သွေးနီဥ အပျက်တွေကြောင့် အသားတွေကလည်း ၀ါ နေမယ်။ အမှန်က တစ်ကိုယ်လုံး ၀ါနေတာနော်။

နို့မစို့နိုင်ရင် နှာခေါင်းကနေ ပိုက်သေးသေးလေးနဲ့ နို့ရည်နဲ့ ရေသွင်း ပေးရမယ်။ အတက် သက်သာမယ့်ဆေး၊ အဖျား သက်သာမယ့် ဆေး စတာတွေ ပေးရမယ်။ မေးခိုင် ကုတဲ့ ဆေး ဆိုတာလည်း ရှိတယ်။ ထိုးပေး ရမယ်။ ရှင်ဖို့ အခွင်အလမ်း နည်းပေမဲ့ ကြိုးစား ကုရမှာပေါ့။ ဒါ့ကြောင့် ကိုယ်ဝန် ရှိတုန်း (အေတီတီ) နှစ်ခါ ထိုးရတာနဲ့ ကလေး ချက်ကြိုး ဂရုစိုက် ရတာဟာ ဘယ့်လောက် အရေးကြီးလဲ ဆိုတော့ ကလေး အသက် ကယ်ဖို့ပဲ။

သိတဲ့ လူတွေ၊ လက်လှမ်း မီတဲ့ လူက ATT (အေတီတီ) ထိုးနိုင်ကြပေမဲ့ တစ်ကမ္ဘာလုံး စာရင်း အရ ၃၀ရာနှုန်းက မထိုးရဘူးတဲ့။ ဆင်းရဲတဲ့ နိုင်ငံတွေမှာပေါ့၊ ဆင်းရဲတဲ့ နိုင်ငံတွေ ထဲမှာလဲ ဆင်းရဲတဲ့ နေရာ ဒေသတွေမှာ မထိုးနိုင်ကြဘူး။ ဒါ့ကြောင့် ကလေး တစ်ရာ မွေးရင် ၆ ယောက် မက မေးခိုင် ဖြစ်နေရတယ်။ တစ်ကမ္ဘာလုံး စာရင်း ပြောတာ။ အခုနှစ် ကုန်ရင် မွေးစ ကလေး မေးခိုင် မဖြစ်စေရေး ဆိုတာ လုပ်ဖို့ လိုနေ သေးတဲ့ တိုင်းပြည် ၄၆ ထဲမှာ ဒို့နိုင်ငံလည်း ပါပါတယ်။

တင့်ဆွေ

Read More...

Contraception Choices !

ကိုယ်ဝန် တားဆီးခြင်း နည်းလမ်းများ


“ကြိုတင် ပြင်ဆင်ထားမှု မပြည့်စုံ ပါဘဲလျက် ပရမ်းပတာ လက်လွတ် စပယ် ဖိတ်ခေါ်မှုသည် ဧည့်သည်များ အတွက် အညှာ အတာမဲ့စွာ ရက်စက်မှု တစ်ခုပင်တည်း။”

ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများ ကို အမျိုးသား အမျိုးသမီးများ အားလုံး သိထားသင့် ပေသည်။ တကယ်တော့ လိင်ဆန္ဒ ပြည့်ဝမှု အတွက် အားထုတ်ရင်း၊ မလိုချင်ဘဲ ကလေးမွေးခြင်း သည် အပြစ်မဲ့သည့် ကလေးငယ်များကို မညှာမတာ ဒုက္ခ ခံခိုင်းဖို့ လူ့လောကထဲ ခေါ်ယူခဲ့ခြင်း သာ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြေလည် ကောင်းမွန်ခြင်း မရှိသေးခင်မှာ မလိုလားသော ကိုယ်ဝန် (Unwanted Pregnancy) မရှိစေရန် အချိန်မီ တားဆီး သင့်ပေသည်။

ကိုယ်ဝန် မဆောင်သင့်သူများ

၁။ အသက်(၁၈)နှစ်အောက် ငယ်ရွယ်သူများတွင် ကိုယ်ဝန်ဆောင်ခြင်း။

၂။ အသက်(၃၅)နှစ်အထက် ကြီးရင့်သူများတွင် ကိုယ်ဝန်ဆောင်ခြင်း။

၃။ သားသမီးဦးရေ(၄)ဦးထက် ပိုမိုမွေးဖွားခြင်း။


ပဋိသန္ဓေတားဆီးခြင်းနည်းလမ်းများ

၁။ အမျိုးသားများ လိင်တန်ဆာစွပ် သားရေဖုံး သုံးခြင်း။

၂။ အမျိုးသမီးများ ထိုးဆေးအသုံးပြုခြင်း။

၃။ အမျိုးသမီးများ စားဆေးကတ် စားသုံးခြင်း။

၎။ အမျိုးသမီးများ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း။

၅။ အမျိုးသမီးများ ရာသီသွေးပေါ်သော ဓမ္မတာစက်ဝန်းအရ ရက်ရှောင်ခြင်း။

၆။ အမျိုးသား၏ သုက်ရည်ကို အမျိုသမီးဖြစ်သူ၏ မိန်းမကိုယ်ပြင်ပ၌သာ စွန့်ပစ်ရန်အတွက် လိင်ဆက်ဆံမှုကို သတိဖြင့် ထိန်းချုပ်ခြင်း။


၁။ အမျိုးသားများ လိင်တန်ဆာစွပ် သားရေဖုံး (Condom) သုံးခြင်း။

လိင် ဆက်ဆံရာတွင် သုက်ပိုးရည် များ မိန်းမကိုယ်တွင်း မဝင်ရောက် စေရန် ကာကွယ် ပေးသည်။ သားသမီး ရယူလိုခြင်း မရှိသည့် ကာလ တစ်လျှောက်လုံး လိင် ဆက်ဆံတိုင်း ကွန်ဒုံး(ခေါ်)သားရေစွပ်ကို သုံးစွဲရန် လိုသည်။ လိင်ဆက်ဆံခြင်းဖြင့် ကူးစက်နိုင်သော ရောဂါများ ကိုလည်း ကွန်ဒုံး သုံးစွဲခြင်း ဖြင့် ကာကွယ် နိုင်သည်။

ကွန်ဒုံးသည်
- သုံးစွဲရလွယ်ကူသည်။

- ဝယ်ယူရလွယ်ကူသည်။

- စားဆေး၊ ထိုးဆေး၊ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းဖြင့် သားဆက်ခြားခြင်း အဆင်မပြေသူများ၊ (ဥပမာ - သွေးတိုး ရောဂါ၊ နှလုံး ရောဂါ၊ ပန်းနာ ရင်ကျပ် စသည့် ရောဂါ ရှိသူများ) ၏ ခင်ပွန်းသည်များ သုံးနိုင်သည်။

သားသမီးယူလိုယူလိုသည့်အခါတွင် ကွန်ဒုံးအသုံးပြုခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် သားသမီးပြန်လည် ရယူနိုင်ပါသည်။

ကွန်ဒုံးအသုံးမပြုမီ သတိထားရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကွန်ဒုံးကို နေပူထဲမထားရပါ။

(၂) ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာ အသုံးပြုရမည်။

(၃) အခြားအဆီများနှင့် သုံးစွဲခြင်း မပြုသင့်ပါ။

(၄) ရက်လွန် (Expired Date) ဖြစ်မဖြစ်ကို သေချာစွာဖတ်ရှုပြီး ရက်မလွန်သေးသော ကွန်ဒုံးကိုသာ ရွေးချယ်သုံးစွဲသင့်သည်။

(၅) ကွန်ဒုံးကို များသောအားဖြင့် ရာဘာသားရေ (Rubber) ဖြင့် ပြုလုပ်ထားသည့်အတွက် သားရေကဲ့သို့ ဆွဲမရသော ကွန်ဒုံးများကို မသုံးသင့်ပါ။

(၆) ကွန်ဒုံးကို သုံးစွဲခါနီးတွင် အပေါက်အပြဲ ပါ၊မပါ သေချာစွာစစ်ဆေးပြီး အပေါက်သေးလေးပင်ဖြစ်စေ ပါလာလျှင် လုံးဝမသုံးပါနှင့်။


ကွန်ဒုံး (ခေါ်) သားရေစွပ် နှင့် စိမ်း နေသူများ အတွက် ၄င်း အသုံးပြုနည်း ကို ရှင်းပြပါမည်။ ကွန်ဒုံး ကို ဆေးဆိုင်များ၊ ကွမ်းယာ ဆိုင်များနှင့် လမ်းဘေး ဆိုင်များတွင် အလွယ်တကူ ဝယ်ယူ ရရှိ နိုင်သည်။ ကွန်ဒုံး မပြဲစေရန် ကွန်ဒုံး အထုပ်ကလေးကို သတိနှင့် သေချာစွာ ဖောက်ရ၏။ အသုံးမပြုမီ သားရေစွပ်၏ ထိပ်တွင် လေ မဝင်စေရန် ဂရုပြုဖို့ လိုအပ်ပါသည်။ ကွန်ဒုံး ထိပ်ဖျားကို လက်ညှိုး လက်မတို့ဖြင့် ဖိ၍ ကိုင်ပြီး ယောက်ျား တန်ဆာထိပ်တွင် ညင်သာစွာ စွပ်ပါ။ ထို့နောက် အခြား လက်တစ်ဖက်ဖြင့် ကွန်ဒုံးကို ဖြေချပါ။ လက်မ၊ လက်ညှိုး တို့ဖြင့်ဖိ၍ ကိုင်ထားသော ကွန်ဒုံး ထိပ်ဖျားသည် သုက်ရည် အတွက် နေရာ ချန်ထားခြင်း ဖြစ်သည်။ ကွန်ဒုံးကို အမျိုးသား၏ တန်ဆာရင်း ထိ ရောက်အောင် ဖြေချ ရမည်။ လိင်ဆက်ဆံ ပြီး၍ အမျိုးသား သုက်ရည် ထွက်သွားပြီးနောက် ကွန်ဒုံးကို အရင်းမှ စက္ကူပါးဖြင့် ကိုင်ပြီး သတိဖြင့် လျှော၍ ဖြည်းဖြည်း ညင်သာ ချွတ်ယူပါ။ ကြွပ်ကြွပ်အိတ်ဖြင့် ဖြစ်စေ၊ သေချာစွာ ထုပ်ပိုး၍ အမှိုက်ပုံး အတွင်းသို့ စနစ်တကျ စွန့်ပစ်သင့်သည်။

ယောက်ျားဖြစ်သူ ကွန်ဒုံး သုံးစွဲခြင်းဖြင့် မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့် နှုန်းမှာ အမျိုးသမီး ဦးရေနှင့် အရေအတွက် မြှောက်လဒ် တစ်ရာလျှင် ခြောက်ယောက်မှ တစ်ဆယ့် ရှစ်ယောက် အတွင်းရှိသည်။ ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများ အားလုံးသည် ရာနှုန်းပြည့် စိတ်ချရသည် ဟု လက်လွတ်စပယ် မပြောလိုပါ။ မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့် အခွင့်အလမ်း အလွန် နည်းပါးလျှင် ၄င်း နည်းလမ်း ကောင်းမွန် လုံခြုံသည် (Safe) ဖြစ်သည် ဟု ဆိုနိုင်ပါသည်။

အမျိုးသားသုံး ကွန်ဒုံး အသုံးပြုနည်း



အမျိုးသမီးသုံး ကွန်ဒုံး အသုံးပြုနည်း


How To Use Female Condom - Click here for more amazing videos

၂။ အမျိုးသမီးများ ထိုးဆေးအသုံးပြုခြင်း။

ထိုးဆေးကို (၃) လ တစ်ကြိမ် တင်ပါးမှာ ထိုးပေး ရသည်။ ရာသီ ပေါ်သည့်နေ့မှ (၅) ရက် အတွင်း ထိုးသင့်သည်။ ရာသီ ပေါ်ပြီး ၅-ရက်မှ ၉-ရက် အတွင်း ထိုးမိပါက (၁၀) ရက် အတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ် သင့်သည်။ သို့မဟုတ် ပါက (Condom) သုံး၍ ဆက်ဆံ နိုင်သည်။

ကိုယ်ဝန် တားဆေး ထိုးတော့မည်ဆိုလျှင် ကျွမ်းကျင်သူများ နှင့် အရင် တိုင်ပင် ဆွေးနွေး သင့်သည်။ ကိုယ်ဝန် မရှိမှ ထိုးရပါမည်။ မီးဖွားပြီး ၄၅-ရက် (သို့မဟုတ်) တစ်လခွဲ အကြာတွင် ထိုးဆေး စတင် အသုံးပြု နိုင်သည်။ ထိုးဆေးသုံးပြီး ၃-လကြာလျှင် နောက်ထပ် (၁)လုံး ထပ်ထိုး ရမည်။ ထို့ကြောင့် ထိုးဆေး ထိုးသည့် ရက်စွဲကို သေချာစွာ မှတ်ထား သင့်သည်။ ဆေးထိုး ရာတွင် ဆေးထိုးအပ်မှ အခြား ကူးစက် ရောဂါများ မပြန့်ပွားစေရန် သေချာစွာ ပိုးသတ် ထားသော ဆေးထိုးပြွန်နှင့် အပ်များ၊ တစ်ခါသုံး ဆေးထိုးပြွန်နှင့် တစ်ခါသုံး ဆေးထိုး အပ်များကို သုံးသင့်သည်။ ထိုးဆေး သုံးခြင်းကြောင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

(၁) ကလေးဝေးခြင်း။

(၂) မိခင် နို့ထွက်မှုကို မထိခိုက် နိုင်သဖြင့် နို့တိုက် မိခင်များ အတွက် သင့်လျော်ခြင်း။

(၃) ဆေးထိုးရပ်လိုက်ပါက ဆေးအာနိသင် ကုန်သည့်အခါတွင် ကလေး ပြန်ရနိုင်ခြင်း။

(၄) ၃-လလျှင် တစ်ကြိမ်သာ ထိုးရသဖြင့် သက်သာခြင်း


စသည်တို့ ဖြစ်သည်။

ဤဆေးထိုးလျှင် တချို့အမျိုးသမီးများ ရာသီမပေါ်ဘဲ တောက်လျှောက်တိမ်ခြင်း၊ အချို့ရာသီသွေး တစ်စက်တစ်စက် ပေါ်နေခြင်း၊ သွေးဆင်းများခြင်း၊ တချို့ပုံပျက်ပန်းပျက်ဝလာခြင်း စသည့်အကျိုးဆက်များ လည်း တွေ့ရတတ်သည်။ ထိုသို့ တွေ့ကြုံလာရသည့်အခါ ထိတ်လန့်နေစရာမလိုဘဲ တတ်ကျွမ်းသူများနှင့် တိုင်ပင်သင့်သည်။

အလွန်အမင်း ဝဖြိုးသူများ၊ အသည်းရောင် အသားဝါ ရောဂါရှိသူများ၊ ရင်သား ကင်ဆာနှင့် အခြား ကင်ဆာ ရောဂါရှိသူများ၊ သွေးတိုး၊ ဆီးချိုနှင့် နှလုံး သွေးကြောကျဉ်း ရောဂါရှိသူများမှာ ဤ နည်းလမ်းမျိုး မသုံးသင့်ပါ။ စားဆေးနှင့် မတည့်သည့် စားဆေး မစား လိုသူများနှင့် ဆေးသောက်ရန် မေ့လျော့ တတ်သူများ သည် ထိုးဆေးကို အသုံးပြု တတ်ကြသည်။ ထိုးဆေး သုံးသူများတွင် မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့်နှုန်း အလွန် နည်းပါးသော် လည်း အဆမတန် ဝဖြိုး လာတတ်ခြင်းကြောင့် ခန္ဓာကိုယ်အလှ ထိန်းသိမ်း လိုသူများ မသုံးလိုကြပေ။

၃။ အမျိုးသမီးများ စားဆေးကဒ် စားသုံးခြင်း။

စားဆေး ကဒ်များသည် ဆေးဆိုင်များတွင်လည်း အလွယ်တကူ ဝယ်ယူ ရရှိနိုင်သော အဖိုးနှုန်း အလွန်ချိုသာသည့် ပဋိသန္ဓေ တားဆေး ကတ် ဖြစ်သည်။

၎င်းဆေးကတ်မှ ပထမဆုံး အလုံးကို အမျိုးသမီးများ ရာသီသွေး စပေါ်သည့်နေ့မှ တတိယမြောက်နေ့ တွင် စတင် သောက်ရပါသည်။ ညွှန်ပြ ထားသည့် မြားအတိုင်း တစ်နေ့တစ်လုံး အချိန်မှန်မှန် သောက်သင့်သည်။ သောက်ရန် မေ့သွားပါက ထိုဆေးလုံးကို သတိရရချင်း ၁၂-နာရီအတွင်း သောက်ပြီး ၄င်းနေ့အတွက် ဆေးလုံးကိုတော့ ပုံမှန်အချိန်တွင် ဆက်သောက် နိုင်သည်။ ဆေးကတ် ကုန်သွားလျှင် ရက်မခြားပဲ အသစ် ဆေးကဒ်၏ ပထမဆုံး အလုံးကို နောက်တစ်နေ့ ဆက်သောက် ရမည်ဖြစ်သည်။ နေ့စဉ် မှန်မှန် ဆေးသောက်ရန် မမေ့သင့်ပါ။ ဆေးသောက်ရန် မေ့သွားသော နေ့သည် အမျိုးသမီးများ ဓမ္မတာပန်းပွင့်ရာ စက်ဝန်းတွင် မျိုးဥကြွေပြီး ကိုယ်ဝန်ရနိုင်သော နေ့တစ်နေ့ဖြစ်နေပြီး အမျိုးသားနှင့်လည်း လိင်ဆက်ဆံ ဖြစ်သည်ဆိုပါက ကိုယ်ဝန် ရသွားသည့် သာဓက ရှိပါသဖြင့် ဆေးလုံးများကို ဂရုတစိုက် နေ့စဉ်မှန်မှန် သောက်သင့် ပေသည်။

ရင်သားတွင် အဖုအကျိတ် ရှိသူများ၊ သွေးကြော ထုံးရောဂါရှိသူများ၊ မိန်းမကိုယ်မှ အကြောင်းရင်း မရှိဘဲ သွေးဆင်း နေသူများ၊ လေဖြတ် ဖူးသူ၊ လေဖြတ်နေသူများ၊ သားအိမ်ခေါင်း၊ သားဥစသည့် မျိုးပွား အင်္ဂါများတွင် ကင်ဆာ ရောဂါရှိသူများ၊ နို့တိုက်မိခင် (ကလေး ၆-လ အရွယ်အထိ) တို့မှာ စားဆေး စားရန် မသင့်ပါ။ အသက် ၄၀ ကျော် အမျိုးသမီးများ၊ ဆေးလိပ် အလွန်အကျွံ သောက်သူများ၊ သွေးတိုး ရောဂါရှိသူများ၊ ကိုယ်ဝန်ဆိပ်တက် ရောဂါ ရှိသူများ၊ ဝက်ရူးပြန် ရောဂါရှိသူများ၊ ဆီးချို ရောဂါရှိသူများ၊ အသည်းရောင် အသားဝါ ရောဂါ ရှိသူများ၊ နှလုံး ရောဂါ ရှိသူများ၊ စိတ်ကျ ရောဂါ ဖြစ်ဖူးသူများ၊ နို့တိုက်မိခင် (ကလေး ၆-လအထက်)များသည် ကျွမ်းကျင် နားလည်သူများ နှင့် တိုင်ပင် ဆုံးဖြတ်ပြီးမှ ဆေးစား သင့်ပါသည်။

တချို့အမျိုးသမီးများ ဆေးစား ခါစတွင် အောက်ပါ ဝေဒနာများကို ခံစားရ တတ်ပါသည်။

၁။ မူးဝေခြင်း၊ နုံးခွေခြင်း ဖြစ်တတ်သည်။ (ညစာစားပြီးချိန် (သို့မဟုတ်) အိပ်ရာဝင်ချိန် သောက်သင့်သည်။ ၂-လ၊ ၃-လကြာလျှင် ပျောက်သွား နိုင်ပါသည်။)

၂။ ပျို့ခြင်း၊ အစားပျက်ခြင်း ဖြစ်နိုင်သည်။ (အကျင့် ရလာလျှင် ပျောက်သွား တတ်ပါသည်။)

၃။ ရင်သား တင်းခြင်း၊ ရင်သား နာလားခြင်း ဖြစ်တတ်သည်။ (မကြာခင် ပျောက်သွားနိုင်သည်။ အဆီ၊ အဆိမ့်၊ အချို လျှော့စားကာ ကိုယ်လက် လှုပ်ရှားမှုပြုလုပ် သင့်ပါသည်။)


အကယ်၍ အထက်ပါ လက္ခဏာများအနက်မှ တစ်ခုခုကို ကြာရှည်စွာ ခံစားရပါက ကျွမ်းကျင် နားလည်သူများနှင့် တိုင်ပင် ဆွေးနွေး၍ အကြံဉာဏ် တောင်းရန် လိုအပ်သည်။

စားဆေး ကဒ်များကို နှစ်နှစ်ထက်ပို၍ ဆက်တိုက် မစားသင့်ဟု တချို့ ဆေးပညာ စာအုပ်များတွင် ရေးသား ထားသည်ကို တွေ့ရသည်။ တချို့ဆေးပညာ ဆောင်းပါး များကတော့ စားဆေးကဒ်များကို ၃-နှစ်မှ ၅-နှစ်အထိ ဆက်တိုက် စားသုံးနိုင်သည်ဟု ဆိုကြသည်။ တချို့ အမျိုးသမီး များမှာ ကိုယ်ဝန်တားဆေး ကတ်များကို ၈-နှစ်မှ ၁၀-နှစ်အထိ စားသုံးသော်လည်း ဘာမှ မဖြစ်သည်လည်း ရှိပါသည်။

ဖြစ်သင့်သည်မှာ ပဋိသန္ဓေ တားဆေးကဒ် များကို ကြာရှည် ဆက်တိုက် စားသုံး နေသူများသည် ကာလ အပိုင်းအခြားအလိုက် သားအိမ်ခေါင်း အသားစ စစ်ဆေးခြင်း (Periodic Cervical Cytology)၊ သွေးပေါင်ချိန် စစ်ဆေးခြင်း (Checking Blood Pressure)၊ ဆီးထဲ အချိုဓာတ် စစ်ဆေးခြင်း (Testing for Glycosuria) များ မကြာခဏ ပြုလုပ် သင့်သည်။

သားသမီး ရယူလိုသည့်အခါ စားဆေးကတ် စားသုံးနေခြင်းကို ချက်ချင်း ရပ်ဆိုင်းလိုက်ပါက ထိုအမျိုးသမီးမှာ ပုံမှန် မျိုးဥ ကြွေခြင်း (Regular Ovulation)သည် သုံးလ အတွင်း ပြန်ပေါ် လာမည် ဖြစ်သည်။

စားဆေး ကတ်သုံးခြင်းကို ရုတ်တရက် ရပ်ဆိုင်း လိုက်လျှင် နှစ်ရက်၊ သုံးရက်မျှ သွေးဆင်းလာ တတ်သည်။ မကြာမီ သွေးဆင်း ရပ်သွားမည် ဖြစ်ပါသည်။ ကြာရှည် သွေးဆင်း နေလျှင်တော့ တတ်ကျွမ်း နားလည်သူများနှင့် တိုင်ပင် ဆွေးနွေး သင့်ပါသည်။

ဆေးစား နေစဉ် ပျို့အန်ခြင်း၊ ဝမ်းလျှော ဝမ်းပျက်ခြင်း ဖြစ်နေသူများနှင့် ပထမဆုံး ဆေးကတ်စားသူများ အတွက် ကိုယ်ဝန်တားဆီးမှု ရာနှုန်းပြည့် စိတ်ချရသည်ဟု မဆိုနိုင်ပေ။

၎။ အမျိုးသမီးများ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်း။

ကမ္ဘာပေါ်ရှိ အမျိုးသမီး ဦးရေ သန်း(၆၀)ခန့် ဤနည်းကို အသုံးပြု နေကြသည်။ တတ်ကျွမ်းနားလည် သူများနှင့် ပစ္စည်းထည့်ပြီးလျှင် သားအိမ် အတွင်းတွင် ၅ နှစ်ခန့် ကောင်းမွန် စိတ်ချစွာ ထားနိုင်ပါသည်။

သားအိမ် အတွင်းသို့ ထည့်နိုင်သည့် ပစ္စည်းများမှာ ပုံသဏ္ဍာန်နှင့် အမျိုးအစား အမျိုးမျိုး ရှိကြသည်။ အင်္ဂလိပ် စာလုံးကြီး တီပုံ (T) အင်္ဂလိပ် နံပါတ် ခုနစ် (7)၊ ကွင်းကြိုးပုံ၊ ကွင်းပုံ၊ လေးကိုင်းပုံ၊ အရစ်အခွေ စပရင်ပုံ စသည့်ဖြင့် ပြုလုပ်ထားသည်။ ရွှေ၊ ငွေ၊ ကြေးနီ၊ နစ်ကယ်လ်၊ သတ္တုများရောစပ်၍လည်း အရွယ်အစားအမျိုးမျိုး ပြုလုပ်ထားကြသည်။ တချို့ ပလပ်စတစ်ဖြင့် ပြုလုပ် ထားသည်လည်း ရှိ၏။ သားအိမ်အတွင်း ပစ္စည်း ထည့်မည့် အမျိုးသမီးသည် ကိုယ်ဝန် ဘယ်နှစ်ကြိမ် ဆောင်ဖူးသည်၊ ကလေး ဘယ်နှစ်ယောက် မွေးဖွား ဖူးသည်၊ ထို အမျိုးသမီး၏ ကျန်းမာရေး အခြေအနေ၊ သားအိမ် အရွယ်အစား အထူအပါး ဘယ်သို့ရှိသည် စသည်ဖြင့် စဉ်းစား ချင့်ချိန်၍ သင့်တော်မည့် ပစ္စည်းကို ထည့်ပေးရန် လိုအပ် သောကြောင့် တတ်ကျွမ်း နားလည်သူများ နှင့်သာ ထည့်သွင်း သင့်သည်။



ရာသီသွေးပေါ်နေချိန် (သို့မဟုတ်) ပေါ်ပြီးစ အချိန်၊ မီးဖွားပြီး နောက်တွင် (သို့မဟုတ်) ခြောက်လပတ် ကျော်လွန် ပြီးသည့် အချိန်၊ သားလျှော်ပြီး နောက် တစ်ပတ်တွင်း (သို့မဟုတ်) ခြောက်ပတ် လွန်မြောက် သည့် အချိန်တွင် သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းကို ခံယူ နိုင်ပါသည်။

မီးယပ် ဆိုင်ရာ ဓမ္မတာ မမှန်သူ၊ အဆင်း များလွန်းသူ၊ သားအိမ် အနေအထား ပုံမှန် မဟုတ်သူများ၊ သားအိမ် (သို့မဟုတ်) သားအိမ်ပြွန် ရောင်ရမ်းသော ဝေဒနာခံစားနေသူများ၊ သားအိမ်မှအပ အခြားသော နေရာ (ဥပမာ-သားအိမ်ပြွန်) တွင် သန္ဓေတည်ဖူးသူများ၊ ဆီးပူ ညောင်းကျ ရောဂါဖြစ်နေသူနှင့် သားအိမ်လည်တံ တွင် ရောဂါရှိနေသူများမှာ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းနည်းကို မသုံးသင့်ပေ။

သားအိမ်တွင်း ပစ္စည်း ထည့်ရန် သင့်တော်သူ များမှာ အနည်းဆုံး တစ်ကြိမ် ရိုးရိုး မီးဖွားပြီး သူများ၊ နို့တိုက်မိခင်များ၊ သားသမီး ဦးရေ ပြည့်စုံပြီး သားကြော မဖြတ်လို သေးသူများပင် ဖြစ်၏။ သားအိမ် တွင်းထည့် ပစ္စည်းများမှာ နိုင်လွန်ကြိုး အမြီးတန်း (Nylon Thread Tail) လေးများ ပါရှိတတ်ပြီး ယင်းကြိုးလေးသည် သားအိမ် လည်တံမှ တဆင့် မိန်းမ အင်္ဂါဇာတ် (Vagina) ထဲတွင် ရှိနေ တတ်သဖြင့် ၎င်း အမြီးတန်း လေးကို မကြာခဏ စမ်းသပ်ကြည့်ခြင်း အားဖြင့် သားအိမ်တွင်း၌ ထိုပစ္စည်း နေသားတကျ ရှိ၊မရှိ သိသာ နိုင်သည်။ သားအိမ်တွင်း ပစ္စည်း ထည့်ထားသော အမျိုးသမီး များသည် အခါအားလျှော်စွာ ပြန်လည် စမ်းသပ် စစ်ဆေးမှု ခံယူရန် လိုအပ်ပါသည်။

သားအိမ်တွင်း ပစ္စည်းထည့်ခြင်း နည်းလမ်းကို အသုံးပြုခြင်းကြောင့်-

(က) ငွေ အကုန်အကျ သက်သာခြင်း

(ခ) ကိုယ်ဝန် မရှိစေရန် စိတ်ချရခြင်း

(ဂ) နေ့စဉ် ဆေးသောက်ရသည့် ဒုက္ခမှ ကင်းဝေးခြင်း

(ဃ) နှစ်ရှည် အာနိသင်ရှိခြင်း

(င) သားသမီး ပြန်ရယူလိုလျှင် လွယ်ကူခြင်း

(စ) နို့တိုက်မိခင် များ အတွက် မိခင်နို့ ထွက်ခြင်း

(ဆ) လိင် ဆက်ဆံရာတွင် အနှောင့်အယှက် မရှိခြင်း

(ဇ) ဆေးခန်းသို့ မကြာခဏ လာရန်မလိုခြင်း
စသည့် အကျိုး ကျေးဇူးများ ရရှိစေပါသည်။

သားအိမ်တွင်း ပစ္စည်းထည့်သည့်အခါ ရုတ်တရက် မူးမေ့သွားခြင်း (Fainting or Collapse) ဖြစ်တတ်သည့် သာဓက လည်းရှိသဖြင့် ပစ္စည်း ထည့်မည့် အမျိုးသမီးအား သေချာ ရှင်းလင်း ပြောပြ ထားရပါသည်။ တချို့အမျိုးသမီး များမှာ သားအိမ်တွင်း ပစ္စည်း ထည့်ပြီး နောက် ဓမ္မတာ သွေးဆင်း များလာခြင်း၊ ရာသီသွေး ပေါ်ပြီးသော်လည်း သွေးနည်းနည်းချင်း မကြာမကြာ ဆင်းနေခြင်း၊ ရာသီ လာသည့် အခါ ဗိုက်နာ ဗိုက်အောင့် ဝေဒနာ ခံစား လာရခြင်းများ တွေ့ကြုံရတတ်သည်။ တချို့မှာမူ သားအိမ်နှင့် သားအိမ်ပြွန် ရောင်ရမ်း ခြင်း၊ သားအိမ် လည်တံ ထိခိုက် ဒဏ်ရာရခြင်း၊ သားအိမ်တွင်း ထည့်ထားသော ပစ္စည်းလေး နေရာ လွဲမှား ရောက်ရှိခြင်းများ ဖြစ်တတ် သော်လည်း တွေ့ရခဲသော ပြဿနာ များသာ ဖြစ်သည်။

သားအိမ်တွင်း ပစ္စည်း ထည့်ထားသော အမျိုးသမီးများ အတွက် ပစ္စည်း စတင်ထည့်သော ပထမနှစ် အတွင်း မတော်တဆ ကိုယ်ဝန် ရသွားနိုင်သော နှုန်းမှာ အမျိုးသမီး ဦးရေနှင့် နှစ်အရေအတွက် မြောက်လဒ် တစ်ရာလျှင် နှစ်ယောက် သုံးယောက်မျှ ရှိသော်လည်း ပစ္စည်း ထည့်ထားသောနှစ် ကြာလေလေ၊ ထိုပစ္စည်းကြောင့် အလိုအလျောက် သားလျှော သွားနိုင်သည့် အခွင့်အလမ်း များပါသည်။

၅။ အမျိုးသမီးများ ရာသီသွေး ပေါ်သော ဓမ္မတာ စက်ဝန်းအရ ရက်ရှောင်ခြင်း။

ပဋိသန္ဓေ တားဆီးရန် အတွက် ထိုးဆေး အသုံးပြုခြင်း၊ တားဆေး ကတ် စားသုံးခြင်း၊ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်း၊ အမျိုးသားများ သားရေစွပ် သုံးခြင်း နည်းလမ်းများ ကို အဆင်မပြေ၊ မနှစ်သက်၍ မသုံးလို ပါက ရက်ရှောင်ခြင်း နည်း (Safe Period-Rhythm Method) ကို သုံးကြသည်။

ရက်ရှောင်ခြင်း နည်းလမ်းမှာ ကိုယ်ဝန် ရရှိရန် အခွင့်အလမ်း အလွန် နည်းပါးသော ရက်များ တွင်သာ လိင်ဆက်ဆံခြင်း ပြုပြီး ကျန် ရက်များတွင် ရှောင်ကြဉ်ခြင်း ဖြစ်သည်။ ကိုယ်ဝန် ရရှိရန် အခွင့်အလမ်း အလွန် နည်းပါးသော ရက်များ (Safe Period) သည် အမျိုးသမီးများ ၏ ဓမ္မတာ စက်ဝန်းလည်ပတ် သည့် ရက်ကာလ မတူညီ သည့်အတွက် အမျိုးသမီး တစ်ဦးနှင့်တစ်ဦး မတူညီ နိုင်ချေ။ ဥပမာ အားဖြင့် အမျိုးသမီးများ ၏ ဓမ္မတာ စက်ဝန်း (Menstrual Cycle) သည် လစဉ် ၂၈ ရက်စက်ဝန်း (28 days Cycle) ဖြစ်ပါက လိင် ဆက်ဆံခြင်း ပြုလိုပါက ပြုနိုင်သော (Safe Period) မှာ ရာသီလာ နေစဉ်ရက်များ (The days of Menstrual Flow) နှင့် ရာသီ လာပြီးနောက် ၃-ရက်၊ ရာသီ မလာခင် ၉-ရက်တို့ဖြစ်သည်။



အကယ်၍ အမျိုးသမီး၏ ဓမ္မတာ စက်ဝန်းကာလသည် ၂၈-ရက်ထက် ပိုတို နေပါက ၎င်း ပိုတိုတောင်းသော ရက်ကို ရာသီလာပြီး နောက် ၃-ရက်မှ ထပ်မံ နှုတ်ရမည်။ ဥပမာ အားဖြင့် ယင်းအမျိုးသမီး၏ ဓမ္မတာစက်ဝန်းသည် ၂၆-ရက်သာ ရှိသည်ဆိုပါက ယင်းအမျိုးသမီးသည် ရာသီလာနေစဉ်ရက်များ၊ ရာသီလာပြီးနောက် ၁-ရက်နှင့် ရာသီမလာခင် ၉-ရက်အလိုတို့တွင် လိင်ဆက်ဆံခြင်းပြုနိုင်ပါသည်။

အမျိုးသမီး၏ ဓမ္မတာစက်ဝန်းသည် ၂၈-ရက်ထက် ပိုကြာရှည်ပါက ထို ပိုလာသောရက်ကို ရာသီ လာပြီးနောက် ၃-ရက်တွင် ပေါင်းထည့် ရပါသည်။ ဥပမာ- ထိုအမျိုးသမီး သည် ၃၀-ရက်စက်ဝန်း (30 days Cycle) ရှိပါက ထိုအမျိုးသမီးအတွက် (Safe Period)မှာ ရာသီ လာနေစဉ် ရက်များ(the days of Menstrual Flow) နှင့် ရာသီ လာပြီး နောက် ၅-ရက် (5 days Postmenstrually)၊ ရာသီ မလာမီရက် (9 days Premenstrually) တို့ ဖြစ်သည်။ အကြမ်းဖျင်း အားဖြင့် အမျိုးသမီးများ အားလုံး အတွက် ရာသီ မလာမီ ၇-ရက်သည် လိင်ဆက်ဆံခြင်း ပြုသော်လည်း ကိုယ်ဝန်ရရန် အခွင့်အလမ်း အလွန် ရှားပါး၍ လုံခြုံ စိတ်ချရဆုံး အချိန်များ ဖြစ်သည်။ သို့ရာတွင် ဤနည်းလမ်းကို ဓမ္မတာ မှန်မှန် လာသော အမျိုးသမီးများ ကသာ သုံးသင့်ပြီး ဤနည်းလမ်း သည် မတော်တဆ ကိုယ်ဝန်ရရှိ သွားနိုင်သည့် နှုန်း မြင့်သဖြင့် စိတ်မချရပေ။

၆။ အမျိုးသား၏ သုက်ရည်ကို အမျိုးသမီး ဖြစ်သူ၏ မိန်းမကိုယ် ပြင်ပ၌သာ စွန့်ပစ်ရန် အတွက် လိင်ဆက်ဆံမှုကို သတိဖြင့် ထိန်းချုပ်ခြင်း။

ဤနည်းကို (Incomplete Coitus) ဟုခေါ်သည်။ သုံးမျိုး ထိန်းချုပ်ကြသည်။ ဤနည်းများ သည် ဆေးဝါး ပစ္စည်းကိရိယာ တစ်စုံတစ်ရာ မလိုအပ်၍ ငွေကြေး အထူးတလည်ကုန်ကျရန် မလိုအပ်သော်လည်း မတော်တဆ ကိုယ်ဝန်ရသွားနိုင်သည့်နှုန်းမှာ အမျိုးသမီး ဦးရေနှင့် နှစ်အရေအတွက် မြှောက်လဒ်တစ်ရာလျှင် ၁၂ ယောက်မှ ၃၆ ယောက်ထိရှိသဖြင့် နှုန်းအလွန်မြင့်မားသည်။ စိတ်ချ လုံခြုံမှု အလွန်နည်း သည် ဟု ဆိုနိုင်ပါသည်။

ကိုးကား။ ။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ၏ သန္ဓေကာတာ မှ

Read More...

Sunday, December 21, 2008

Tuberculosis (TB)

တီဘီ အဆုပ်နာ ကူးစက် ရောဂါ



(ဘလော့ခ်) တွေမှာ စာဝင်ရေးမိတာ မကြာသေးဘူး။ သူများတွေတော့ (ဘလော့ခ်)ကို ဘယ်လိုသဘောထားလေသလဲတာ့ မပြောတတ်ဘူး။ ကိုယ့်ဖါသာ ထင်တာလေးပြောရရင် ကူးစက်ရောဂါဘဲဗျ။ နောက်ပြီး ဆေးစွဲသလိုလဲ စွဲတတ်သေးတယ်။ အဟုတ်ပါ၊ ဆရာဝန်ဆိုတာ လူမြင်ရင် လူနာ ထင်နေတတ်လို့ ပြောတာ မဟုတ်ဘူးနော်။

ကျွန်တော် အခုလောကထဲ ရောက်လာချိန်မှာ ကွန်ပြူတာ ဆိုတာ ပေါ်မလို့ ရှိသေးတယ်။ စပြီး ကိုင်ဖူးချိန်မှာ (မော်နီတာ) တွေက အဖြူ-အမဲ။ ၂၈၆-၃၈၆ ဆိုတဲ့ခေတ်။ သင်ပြန်တော့ (ဒေါ့စ်) ကနေ စရတာ။ (၀င်းဒိုး)က မပေါ်သေးဘူးလေ။ နောက်လူတွေ သိမှာ မဟုတ်ဖူး။ အဲလိုရေးတာ ကြွားချင်လို့ “နောက်လူတွေ ငါတို့လောက်သိရှာမှာ မဟုတ်ဖူး”လို့ ဆိုချင်တာ မဟုတ်ပါကြောင်း အလျင်စလို တောင်းပန် ပါရစေ။ လူဟောင်းတွေက ပညာတွင်း နက်ခဲ့သဗျ။ နောက်လူတွေက ခူးပြီး-ခတ်ပြီး အသင့် စားသုံး နိုင် လာကြတာ ဓမ္မတာပါ။ အခု လူတွေကလည်း နောက်လူ တွေကို အဲလို ပြန်ပြောကြ ဦးမှာနော။

ကျွန်တော့် လုပ်ဖေါ်ကိုင်ဖက် တယောက်ရှိတယ်။ သူက နယ်စပ်မှာ အကြာကြီး နေခဲ့ပြီးမှ မြို့တက်လာတာ။ ကွန်ပြူတာလို ပစ္စည်းကိုလည်း တော်တော်နဲ့မထိဘူး။ ထိမဲ့ ထိတော့လည်း အခု သူက(ဘလော့ခ်) ဆရာ ဖြစ်နေပြီ။ ကိုယ့်ဖါသာလည်း ဖွင့်ထား၊ သူများ ကိုလည်း လိုက်သင်ပေး နေရပြီ။ စွဲသလား မမေးနဲ့။ နေ့- ည (ဘလော့ခ်)ဖတ်-ရေး၊ မှေးချိန်၊ တွေးချိန်၊ စားချိန်၊ အဲ့ သောက်ချိန် လောက်ပဲ ဘဲနား ပုံရတယ်။ သူစွဲပြီး သိပ်မကြာပါဘူး၊ ကျွန်တော့်ကို ကူးပါ လေရောဗျို့။



ဘာနဲ့တူလဲ သိလား၊ (တီဘီ) လိုဘဲ အနားက ခြောက်ပေ အတွင်း ရှိသူမှန်သမျှ လူကြီး - ကလေး အခမဲ့ ဝေပေး နေတာမျိုး။ ကျွန်တော့် အနီးအနား မှာ နောက်တယောက် ကြတော့ သူ့ဖါသူ တတ်နေပြီး၊ သူများကို ပြောပြ - သင်ပေးလေ့ မရှိဘူး။ တီဘီ မှာလည်း အဲလို အမျိုးအစား လည်း ရှိတာကိုး။ သူများကို ကူးတတ်တာနဲ့ သူ့ဖါသာသူ ရောဂါ ခံနေရတာ နှစ်မျိုး။ သလိပ်စစ်လို့ ပိုးတွေ့သူနဲ့ ပိုးမတွေ့သူ ဆိုတဲ့ နှစ်မျိုးပေါ့။ Positive and Negative ခေါ်သလို Open Case and Close Case လို့လဲ ခေါ်ကြပါတယ်။

အဲဒီ ရောဂါက ဆိုးလို့ တကမ္ဘာလုံး နှိမ်နင်းရေးတွေ လုပ်နေကြတာ ကြာပါပြီ။ ဆိုးတယ် ပြောတာက ကူးလို့၊ အဖြစ်များလို့၊ သေစေ လို့ပါ။ ပိုဆိုးတယ် လို့ပြောနိုင်ပြန်ပြီဗျ။ အခုထိ ခေါင်းထောင်ဆဲ၊ ဘာလို့လဲ ဆိုတော့ ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲ ဖြစ်နေ လို့ပါ။ ခေါင်းမာဆဲ လည်း ဖြစ်သေးတယ်။ ကုနေကြဆေးကို မမှုတော့၊ မဖြုံတော့လို့ပါ။ ကျွန်တော်နေတဲ့ တိုင်းပြည်မှာ ရောက်နေကြတဲ့ ဒုက္ခသည် တွေထဲမှာ အဲလို ဆေးတွေ ပြီးတဲ့ ရောဂါသည်တွေ ရှိနေတယ်။

ကျွန်တော့် ဆေးခန်းလေးကို လာပြ သူတွေ ထဲမှာလဲ (တီဘီ) ရောဂါသည် အရေအတွက် တိုးတိုး လာတယ်။ တချို့ဆို မကြာခင်ကမှ တိုင်းပြည်ကနေ ပြေးလာရပြီး (တီဘီ) ဆေးပါတ် မစေ့သေးသူ ကလေး - လူကြီးတွေ ပါတယ်။ တချိန်ကဆိုရင် လူတယောက် ပိန်ခြောက်ခြောက် ဖြစ်နေ၊ ချောင်းလေး ဆိုးနေရင် (တီဘီ) ကို သံသယ ရှိခဲ့တယ်။ တကယ်တော့ မဟုတ်ပါ။ လူကောင်ကြီးကြီး၊ ဆေးလိပ် မသောက်သူတွေ အကြောင်း တခုခုကြောင့် ဆေးစစ်လိုက်မှ အဆုပ်ထဲ ရေ၀င်နေတာ တွေ့နိုင်တယ်။ ပေါင်ခြံတို့ လည်ပင်းတို့ အကြိတ်ပေါ်တာ သွားစမ်းမှ (တီဘီ) မှန်း သိရတယ်။ ဒါ့ကြောင့် မပေါ့ဘို့ အထူး လိုပါတယ်။

ကလေးတွေ ဖွါးပြီးတာနဲ့ ဘယ်ဘက် လက်မောင်း အပေါ်နေရာမှာ ထိုးပေးတာ (တီဘီ) ကာကွယ်ဆေးပေါ့။ (ဘီစီဂျီ) လို့ ခေါ်တာ။ သြကာသ လောကကြီးထဲ မရောက်ခင်၊ လူတွေနဲ့မထိမတွေ့ခင် ဦးအောင် လုပ်ပေးရတာပါ။ ဘာလို့လဲဆိုတော လူတောထဲမှာ ပိုးတွေ ရှိနေလို့၊ ပိုးနဲ့မတွေခင် ရောဂါပြီး စေမဲ့ သတ္တိတွေ ကလေး ကိုယ်မှာ ဖြစ်လာနှင့်အောင် ကာကွယ်ဆေးကို ထိုးပေး ရတာပါဘဲ။ အကြံ မကောင်း ပါလား။ အရင်ကတော့ ကလေးတွေ ကလေးမျိုးစုံနဲ့ကစားရ - အတူနေရ တော့မှာမို့ ကျောင်းမထားခင် တခါ ထပ်ထိုး ရတယ်။ အခု မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ကျောင်းမထားခင် ကတည်းက ကလေးတွေဟာ ပိုးရှိသူတွေနဲ့အတူ နေခဲ့ပြီး ဖြစ်တာမို့ မထူးတော့ တာပါ။

အခုဆိုရင် (တီဘီ) ရောဂါပြီး တယ်ဆိုတာကို သံသယ ရှိစရာတောင် ဖြစ်လာပြီ။ စောစောက ရေးသလို ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲ ဖြစ်နေလို့ပါ။ ကာကွယ်ဆေး ရဲ့ သဘောက ရောဂါပိုး ၀င်လာရင် ကိုယ်ထဲမှာ ဒီပိုးကိုတိုက်ဖျက်နိုင်စွမ်းတွေ အလိုလို ထွက်စေတာမို့ နောက်ထပ် ၀င်လာတဲ့ပိုးကိုပြန်ချဘို့ ကိုယ့်မှာ ခံနိုင်ရည် ရှိနေအောင် လုပ်ပေး ရတာပါ။ ပိုးတမျိုးမျိုးကို ရောဂါ အထိ မဖြစ်စေဘဲ သူ့ ပိုးအစွမ်း သတ္တိ ကလေးသာ ကျန်နေအောင် အဲဒီပိုးကို နှိပ်ကွပ်ပြီး၊ သေးသိမ်အောင် လုပ်ထားတာ လေးကို ကာကွယ်ဆေး အဖြစ် ပေးရ တာပါ။ BCG ထိုးလိုက်တဲ့ နေရာလေးမှာ အနာ လာဖြစ်တယ် မဟုတ်လား၊ အဲဒါ အဲဒီ နေရာလေးမှာ ကွက်ပြီး (တီဘီ) ဖြစ်နေတာဗျ။ ဒါ့ကြောင့် ကလေးက နည်းနည်း ကိုယ်ပူ လာတာပေါ့။ အဲလို ဖြစ်နေတုံး ကလေး ကိုယ်ထဲမှာ ဒီပိုးကို ပြန်ချမဲ့ သတ္တိတွေက သူ့ဖါသာ ထွက်လာ စေတော့ တယ်။ အဲ့ နောက်တခါ (တီဘီ) ပိုးဝင်လာ လို့ကတော့ ဒီသတ္တိက ပြန်ချ နိုင်အောင် စီမံ ထားလိုက်တာ ပါဘဲဗျာ။ (အင်တီဘော်ဒီ) လို့မှတ်ရတာ အောက်တယ်၊ (အတွင်းအား) လို့မှတ်ဗျာ။

အတွင်းအား တွေနဲ့အစွမ်း ကောင်းလှတဲ့ ဇာတ်လိုက်တွေ ကြာတော့ ရိုးလာ သလိုဘဲ ပိုးဆိုတဲ့ အကောင် သေးမွှားမွှားလေးတွေက ကိုယ်ထက် ငယ်တော့ ကိုယ့်ထက်လည်တယ် ဆိုတာမျိုးလို အခု (တီဘီ) ခေါင်းထောင် နေဆဲပါ။ လေကနေ သယ်ပို့တဲ့ နည်းဖြစ်လို့ လေထု ပတ်ဝန်းကျင် သိပ်မကောင်းတဲ့ နေရာမျိုးမှာ ကူးစက်တာပါ။ ရုပ်ပတ်ဝန်းကျင် မကောင်းတာ မျိုးကလည်း ဆင်းရဲတာနဲ့တိုက်ရိုက် အချိုးကျတယ်။ ဆင်းရဲတော့ စီမံကိန်း လုပ်တာတွေက အညံ့စား - အပေါစားတွေဖြစ်တတ်တယ်။ စာရင်း ဇယားကို အောင်မြင် နေ ပါတယ်၊ တိုးတက် နေပါတယ်ဆိုပြီး လိမ်ပြတာ ကြိုက်တဲ့ အုပ်ချုပ်ရေး စနစ်မျိုးပါ ရှိနေပြန်ရင် သွားပြီပေါ့။ (တီဘီ) ပိုးက သင်္ချာ မတတ်လဲကူး၊ သင်္ချာမေဂျာ လဲ ကူးတာကိုး။

ကျွန်တော်တို့ အဲလို ပညာမျိုး သင်ရချိန်မှာ အဲလို ခေတ်မို့ “ကူးစက် ရောဂါတွေ သည် လူမှု စီးပွါးရေး မကောင်းပါသဖြင့် ပို၍ ဖြစ်ရသည်” ဆိုတဲ့ ကောက်ချက်ကို မချရ ဘူးတဲ့။ မခက်ဘူးလား။ နှိမ်နင်းရေးတွေ အောင်မြင် နေပါတယ် လို့ အစီရင်ခံစာ မှာ ပြရတော့ (တီဘီ) က ရီတာပေါ့။ အဲဒါ ကျန်းမာရေး ရာဇ၀တ်မှုဘဲ။ ဘာလို့လဲဆိုတော့ အခုထိလူတွေကို ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲဖြစ်နေလို့ပါ။ အခြေအမြစ်ကို မသတ် နိုင်သရွေ့ ရောဂါဆိုတာ မပျောက်ပါ။

တင့်ဆွေ

Read More...

Saturday, December 20, 2008

Soft Drinks for Caution !!!

သတိထားသင့်သည့် အချိုရည်

နွေနေပူမှာ အပူဒဏ်ကို သက်သာစေပြီး၊ ရင်ကို လန်းဆန်း အမောပြေ သွားစေ နိုင်တာ ကတော့ အချိုရည် အေးအေးလေး တစ်ခွက် ပါဘဲ။ ကျွန်တော်တို့ အားလုံး soft drinks လို့ ခေါ်တဲ့ အချိုရည် အမျိုးမျိုး သောက်ဖူး ကြတယ်။ Pepsi, Coke, Sprite, Fantasy, Lemon Soda စသည်ဖြင့် Brand အမျိုးမျိုး အရသာ အဖုံဖုံနဲ့ လူတွေရဲ့ အကြိုက်ကို ဆွဲဆောင် ခဲ့ကြ၊ ဆွဲဆောင် နေကြဆဲ ဖြစ်ပါတယ်။

အဲဒီ ကျွန်တော်တို့ ကြိုက်တဲ့ အချိုရည် တွေက ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို ဖြစ်စေ နိုင်တယ် ဆိုတာ ကိုတော့ သတိ မပြုမိတဲ့ သူတွေ ရှိနိုင်မယ် လို့ ကျွန်တော် ထင်လို့ ဒီပို့စ်နဲ့ ဗဟုသုတ ဖြန့်ဝေ လိုက်ရ ပါတယ်။



ကြည့်ရတာ တော့ သောက်ချင်စရာ ကြီးပါဘဲ။ ဒါပေမယ့် ဒီအချိုရည် တွေထဲမှာ ပါတဲ့ အက်စစ်ဓာတ် ပမာဏကို ပြတဲ့ pH value တွေကို ကြည့်ကြည့် ရအောင် ... pH နည်းလေ အက်စစ်ဓာတ် ပြင်းလေ ဖြစ်ပါတယ်။


ဘက်ထရီတွေထဲမှာ ထည့်တဲ့ အက်စစ်ကို သိကြမယ် လို့ ထင်ပါတယ်။ pH တန်ဘိုး ၁ ရှိတဲ့ အက်စစ်ပြင်း မို့ မတော်တဆ အ၀တ်မှာ စင်သွားရင် ခဏ နေတာနဲ့ စားသွား ပေါက်သွားတာ ကြုံဖူးတဲ့ သူတွေ ရှိမှာပါ။ အခု ပြထားတဲ့ ဇယားအရ တချို့အချိုရည် တွေဟာ ဘက်ထရီ အက်စစ် နီးပါး ပြင်းတာ သတိထားမိ ပါလိမ့်မယ်။ ကဲ ... အချိုရည် တွေကို ကျွန်တော်တို့က အကြောဆေး သွင်းသလို ပိုက်နဲ့ မသွင်းကြ ပါဘူး။ သောက်ကြ ပါတယ်။ ဒါကြောင့် ခံတွင်းထဲမှာ ဘာဖြစ်နိုင်လဲ ကြည့်ကြ ရအောင်။

သွားတွေရဲ့အပေါ်ဆုံး အလွှာမှာ Enamel လို့ ခေါ်တဲ့ ကြွေလွှာနဲ့ ကာထားပြီး၊ ကယ်လ်စီယမ် နဲ့ ဖော့စ်ဖိတ် တို့ ပေါင်းထားတဲ့ Hydroxyapatite လို့ ခေါ်တဲ့ ဓာတ်ပေါင်း ဖြစ်ပါတယ်။ အဲဒီ ကြွေလွှာဟာ မာကြော လှပေမယ့် အက်စစ် ဓာတ်ကို မခံနိုင် ပါဘူး။ ဘက်တီးရီးယား ပိုးတွေက စားကြွင်း စားကျန် တွေကို ဖောက်လိုက်လို့ ထွက်လာတဲ့ အက်စစ် ဓာတ်ကြောင့် ပိုးစားပေါက်တွေ ဖြစ်ရ တယ်။ ဒါကို dental caries- သွားပိုးစား ရောဂါ လို့ ခေါ်ပါတယ်။ သွားရဲ့ ကြွေလွှာ ကို အရည် ဖျော်ပစ်နိုင်တဲ့ အက်စစ် ပြင်းအား critical pH က ၅.၅ ဖြစ်ပါတယ်။ အဲဒီထက် ပိုပြီး အက်စစ် ဓာတ်ပြင်းတဲ့ (pH ၅.၅ အောက် လျော့တဲ့) အရည်နဲ့ ကြာရှည် ထိတွေ့မယ် ဆိုရင် သွားကြွေလွှာဟာ ၊ အ၀တ်ကို အက်စစ် စားသလို စားခံရပြီး ပြုန်းတီး ရပါတယ်။ ပိုးစားတာ မဟုတ်ဘဲ ပြင်ပက အက်စစ် ဓာတ်ကြောင့် သွားကြွေလွှာ စားသွားပြီး အပေါက်တွေ ဖြစ်တာကို erosion - အက်စစ်ကြောင့် တိုက်စားခြင်း လို့ ခေါ်ပါတယ်။

ဆေးခန်းမှာ ဒီလို သွားပေါက် တွေနဲ့ လာပြကြတဲ့ သူတွေ မနည်းလှ ပါဘူး။ တချို့လည်း အပူ အအေး၊ အချို အချဉ် ထိရင် ကျဉ်လာမှ သိလို့ လာပြကြ ပါတယ်။ မှန်ထဲမှာ ကြည့်ကြည့်ရင် ပိုးစားသလို မဲမနေဘဲ၊ ကြွေသွားလွှာက ပြောင်ချောချောနဲ့ ချိုင့်ဝင် နေတာ တွေ့နိုင်ပါတယ်။ သိပ်ဆိုး လာရင် ကြွေလွှာအောက်က dentine လို့ ခေါ်တဲ့ ဆင်စွယ် နှစ်လွှာ အညိုရောင်ပေါ်ပြီး သွားတိုက်တံနဲ့ ခြစ်ကြည့်ရင် ကျဉ်တာကို ခံစားရ ပါလိမ့်မယ်။


အချိုရည်ကို ပုလင်းလိုက် သောက်တာ၊ ခွက်နဲ့ တမျှင်းမျှင်း မော့သောက်တာ တွေက သွားတွေနဲ့ အချိုရည် ကြာရှည် ထိတွေ့စေလို့ ပိုပြီး ဆိုး ပါတယ်။ Straw - ပိုက်နဲ့ စုပ်သောက်ပြီး မြန်မြန် မျိုချ ရင် သွားမှာ ထိခိုက်တာ နဲနဲ သက်သာပါတယ်။ ဒီနေရာမှာ အချိုရည်လို့ soft drink တွေကို ဦးစားပေး ပြောထား ပေမယ့်၊ ဒိန်ချဉ်တို့၊ သံပရာ ရည်တို့၊ grapes fruits ဖျော်ရည် တို့ စသည်ဖြင့် ဖျော်ရည် တွေဟာ လည်း pH တန်ဘိုး နိမ့်တဲ့ ထဲမှာ ပါပါတယ်။

ဖျော်ရည် မဟုတ်တဲ့ ကိုကာကိုလာ တို့လို ဘူးသွပ် အချိုရည် တွေရဲ့ နောက်ထပ် ဆိုးကျိုး ကတော့၊ သူတို့မှာပါတဲ့ phosphoric acid - ဖော့စ်ဖိုရစ် အက်စစ်နဲ့ carbon dioxide - ကာဘွန်ဒိုင် အောက်ဆိုဒ် ကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်တွေက အစာအိမ်ထဲ ရောက်တဲ့အခါ အစာခြေရည် ရဲ့ hydrochloric acid - ဟိုက်ဒြို ကလိုရစ် အက်စစ် အစာခြေတာ ကို ဟန့်တား တယ်။ ဒါကြောင့် အစာ မကြေတာ၊ ဗိုက်ထဲမှာ လေတွေ ပြည့်ပြီး ရင်ပြည့်ရင်ကယ်တာ ဖြစ်လာပါတယ်။ အစာခြေ လမ်းကြောင်းရဲ့ အက်စစ်ဓာတ်ကို ပိုများ စေတဲ့အတွက် အစာအိမ်၊ အူသိမ် ရောဂါ ရှိတဲ့ သူတွေ ပိုရှောင် သင့်ပါတယ်။

phosphoric acid က အရိုးတွေမှာ ရှိတဲ့ ထုံးဓာတ် - ကယ်လ်စီယမ် ကိုလည်း ဖျော်ထုတ် ပါတယ်။ ကြာရင် အရိုးပါး အရိုးပျော့ ဖြစ်စေပြီး၊ ဖျော်ထုတ် လိုက်တဲ့ ကယ်လ်စီယမ် တွေက ကျောက်ကပ်မှာ စုလို့ ကျောက်ကပ် ကျောက်တည် စေပါတယ်။

ဒါကြောင့် အချိုရည် တွေကို လျှော့ သောက်သင့်ပါတယ်။

ဗိုက်တာမင် စီ ဓာတ် ရတဲ့ အချဉ် သစ်သီး ဖျော်ရည် တွေကတော့ ကျန်းမာရေး အတွက် ကောင်းလို့ သောက်သင့် ပါတယ်။ သောက်တဲ့ အခါ ပိုက်နဲ့ မြန်မြန်စုပ် သောက်သင့် ပါတယ်။ သောက်ပြီးတာနဲ့ ရေနဲ့ ပလုတ်ကျင်း ပေးသင့် ပါတယ်။ ဂျပန် မှာတော့ Ocha လို့ခေါ်တဲ့ green tea လဘက်ရည် တွေကို ဘူးသွပ်၊ ပုလင်းသွပ်ပြီး ရောင်းတယ်။ နေရာတကာမှာ ၀ယ်လို့ ရတယ်။ ရေငတ်လည်း ပြေ၊ အိပ်ချင်လည်း ပြေ၊ ဥပါဒ်လည်း မဖြစ်ဘူး။ ကျန်းမာရေး အတွက် အထောက်အကူ ပေးတဲ့ ဓာတ်တွေပါတဲ့ green tea အကြောင်း အလျဉ်းသင့်ရင် ရေးပါဦးမယ်။

ကျန်းမာသုခ ပြည့်ဝကြပါစေ။

ဖတ်သင့်တဲ့စာညွှန်းများ..
Phosphoric acid in sodas nearly as damaging to teeth as battery acid
Diet soft drinks linked to health risks: study
Relationship between dental erosion, soft drink consumption, and gastroesophageal reflux among Icelanders

Read More...

Genetic Diseases and Inheritance Patterns (1)


မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁)

မျိုးရိုး လိုက်သည့် ရောဂါများ ကို ဗီဇ (သို့) ခရိုမိုဇုမ်း တခုခု ချွတ်ယွင်းမှု ကြောင့် ဖြစ်သော ရောဂါများ ( Single gene or Chromosomal abnormality) နှင့် Complex Genetic Disease ဟုခေါ်သော ပတ်ဝန်းကျင်နှင့် ဘ၀ လူနေမှုပုံစံ ပေါင်းစပ်မှု ကြောင့် ဖြစ်သော ရောဂါများ အဖြစ် ၃ မျိုးတွေ့ နိုင်ပါသည်။ ဤပို့စ်တွင် ဗီဇတခုခု ချွတ်ယွင်းမှု ကြောင့် ဖြစ်သော ရောဂါများ အကြောင်းကို ပိုမို အသေးစိတ် ကျသည့် အမွေဆက်ခံပုံ ဥပမာ များဖြင့် တင်ပြ မည်ဖြစ်ပြီး Chromosomal disorder နှင့် Complex Genetic Diseases ကိုမူ ဒုတိယ ပိုင်းနှင့် တတိယ ပိုင်းတွင် ဆက်လက် တင်ပြ သွားမည် ဖြစ်ပါသည်။ မျိးရိုး ဗီဇ ဝေါဟာရ များနှင့် အခြေခံ သဘော တရား များကို ပိုမို ရှင်းလင်း လွယ်ကူစွာ နားလည် စေရန် မျိုးရိုး ဗီဇ မိတ်ဆက် ပို့စ်ကို ဖတ်ပြီးမှ ဤပို့စ်ကို ဖတ်ရန် အကြံပြုပါသည်။

Single gene disorder ဗီဇ တခုခုတွင် ချွတ်ယွင်းမှု ဖြစ်ခြင်း ကြောင့် ဖြစ်သော ရောဂါ

ဗီဇ တခုစီသည် ခရိုမိုဇုမ်း ထဲတွင် တိကျသော နေရာ၊ ပုံသဏ္ဍန် (Locus) ရှိပြီး ၎င်းတို့သည် သူ့ နေရာနှင့်သူ မဟုတ်ပဲ တစုံတရာ ချို့ယွင်း နေခြင်း ကြောင့် ဖြစ်ပါသည်။ အပင် တိရိစ္ဆာန် လူသား စသည့် သက်ရှိ တိုင်းတွင် အမျိုးအစား ကွဲပြားသည့် အလျောက် ခရိုမိုဇုမ်း အရေ အတွက်နှင့် ဗီဇ အစီစဉ် (Sequence) လည်း ကွဲပြား ပါသည် ။ လူသား ဆဲလ် တခုတွင် ခရိုမိုဇုမ်း ၄၆ ခု (သို့) ၂၃ စုံ ပါရှိပြီး ထိုအထဲ၌ ၁-၂၂ စုံ မြှောက်ထိ ခရိုမိုဇုမ်း များ အားလုံးကို Autosomes (သို့) Autosomal chromosomes များ ဟု ခေါ်ပြီး နောက်ဆုံး အစုံ ဖြစ်သည့် ၂၃ စုံမြောက် ခရိုမိုဇုမ်း ကို ကျား/မ (သို့) လိင်ခရိုမိုဇုမ်း (Sex chromosome) ဟု ခေါ်ပါသည်။ မျိုးရိုး ဗီဇ လက္ခဏာ များကို ထို ခရိုမိုဇုန်း များ အပေါ် မူတည်ပြီး လက်ဆက် ကမ်းပုံ ခြားနား ပါသည်။ ဗီဇ တခုခု၏ ပုံမှန် မဟုတ်သော အမွေ ဆက်ခံပုံ ကို ပုံ သဏ္ဍန် ၄ မျိုးဖြင့် တွေ့ရ ပါသည်။

(၁) Autosomal dominant disorder

၁-၂၂ စုံမြှောက် ခရိုမိုဇုန်း များ၏ ပုံမှန် မဟုတ်သော ဗီဇမှ ပုံမှန် ဖြစ်သော ဗီဇကို စိုးမိုး သောအခါ ရရှိပြီး ရောဂါ ရသော မိဘ တဦးဦး ဆီမှ သားသမီး များသို့ တိုက်ရိုက် ကူးစက် သောကြောင့် ကူးစက် ခံရသော သားသမီး တိုင်း၏ မိဘ တဦးဦးတွင် ရောဂါ ရှိရမည်။ ရောဂါ ရသူနှင့် ရောဂါ မရှိသူ လက်ထပ် သောအခါ သား သမီး များ၏ အရေအတွက် တ၀က် ခန့်တွင် ရောဂါ ရနိုင်ခြင်း၊ ရောဂါများသည် သား သမီး များတွင် ကျားမ သီးသန့် ရွေးမဖြစ်ပဲ နှစ်မျိုး စလုံးတွင် တူညီစွာ ကူးစက် နိုင်ပါသည်။ ရောဂါသည် မျိုးဆက် မခြားပဲ မျိုးဆက် တိုင်းတွင် ဖြစ်လေ့ ရှိပါသည်။ Huntington Disease နှင့် Neurofibromatiosis သည် ထင်ရှား သည့် Autosomal Dominant Disease များ ဖြစ်ပါသည်။

မျိုးရိုးဗီဇ လက်ဆက် ကမ်းသည့် ပုံစံ၌ ပုံမှန် အခြေအနေတွင် Hh (Heterozygous) သင်္ကေတ သည် ရောဂါ ရှိသူ၏ ဗီဇ မဟုတ်ပဲ သယ်ဆောင် သူ သာ ဖြစ် သော်လည်း ဤနေရာ၌ Autosomal Dominant အရ ပုံမှန် မဟုတ်သော ဗီဇ၀က် h သည် စိုးမိုး ဗီဇ ဖြစ် နေသော ကြောင့် Hh သည် ရောဂါ ရှိသည့် ဗီဇ ဖြစ်ပါသည်။ ရောဂါ ရှိသော ဗီဇပိုင်ရှင် Hh နှင့် ကျန်းမာ သည့် ဗီဇပိုင်ရှင် HH တို့နှစ်ဦး လက်ထပ်ပါက သား သမီး တ၀က်စီကို ကျန်းမာသူ နှင့် ရောဂါရသူ အချိုး ကျစွာ ရရှိပုံကို အောက်ပါ အတိုင်း တွက်ကြည့် နိုင်ပါသည်။

Autosomal Dominant ဗီဇ လက်ဆက် ကမ်းပုံကို တွက်ချက်ခြင်း



(၂) Autosomal Recessive

၁-၂၂ စုံမြှောက် ခရိုမိုဇုန်း များ၏ လက်ခံဗီဇ ခေါ် ငုတ်ဗီဇကို သယ်ဆောင်ထားသူ Heterozygous Carriers များ မှ တဆင့် ကူးစက်ခြင်း ဖြစ်သည် ရောဂါရ နေသည့် မိဘဆီမှ တိုက်ရိုက် ကူးစက်ခြင်း မဟုတ်ပါ။ Systic Fibrosis သည် ထင်ရှား သော Autosomal Recessive Disease တခု ဖြစ်သည်။ Autosomal Recessive ၏ လက္ခဏာများမှာ ရောဂါကို မိဘတွင် မတွေ့ရှိ နိုင်ပဲ အဖိုး အဖွား တဦးဦး နှင့် မွေးချင်း များ၊ တ၀မ်းကွဲ မောင်နှမ များ တွင်သာ တွေ့နိုင်ခြင်း ပြီး Autosomal dominant ကဲ့သို့ပင် ကျားမ မရွေး တူညီစွာ ဖြစ်နိုင် သော်လည်း ရောဂါသည် မျိုးဆက် တိုင်းတွင် မဖြစ်နိုင်ပဲ မျိုးဆက် ခြား၍ ဖြစ်လေ့ရှိပါသည်။ ရောဂါ ကူးစက် ခံရသော ကလေး၏ မိဘ နှစ်ပါး စလုံး သည် ရောဂါသည် များ မဟုတ်ပဲ ရောဂါ သယ်ဆောင်သူ များသာ ဖြစ်ပြီး ရောဂါ သယ်ဆောင်သူ နှစ်ဦး လက်ထပ်ခြင်း (Hh x Hh) ဖြင့် သားသမီး များ၏ ၂၅% ကို ရောဂါ ကူးစက် စေပါသည်။ အောက်ပါ ဇယားကို လေ့လာ နိုင်ပါသည်။

Autosomal recessive ဗီဇ လက်ဆက် ကမ်းပုံကို တွက်ချက်ခြင်း



Autosomal Recessive ရောဂါ (သို့) ဗီဇ တခုသည် လက်ဆက် ကမ်းမှုသည် ကြား ကာလတွင် လုံးဝ လက္ခဏာ မပေါ်ပဲ မျိုးဆက် သုံးလေးခုကြာ မှပြန်ပေါ်လာသည်များလည်း ရှိနိုင်ပါသည်။ မြန်မာပြည်တွင် အင်္ဂလိပ်ဝင်စားသည်ဟု ယုံကြည်ရသည့် အသားမဖြူမညို ဗမာမိဘနှစ်ဦးမှ မွေးဖွားလောသော Phenotype (အသွင်သဏ္ဌန်) အရ ရွေဝါရောင် ဆံပင်၊ မျက်လုံး ညိုပြာ၊ အသား ဖြူစပ်စပ် ကော့ကေးရှန်း ပုံ ဗမာများ ကို တွေ့ဖူး ပါလိမ့်မည်။ ထိုသူများသည် ဘာသာရေး အရ လူဝင်စားခြင်း ဖြစ်နိုင်သော်လည်း မျိုးရိုး ဗီဇအရ တကယ် စင်စစ်တွင် ဘိုးဘွား၊ ဘီဘင် လက်ထက်က အမွေ ပေးခဲ့သည့် ငုပ်ဗီဇ မရှိပဲနှင့် Asian စစ်စစ် ကနေ ကော့ကေးရှန်း စစ်စစ် လူသား ကို မွေးဖို့ မည်သို့မှ မဖြစ်နိုင်ကြောင်း ကို မျိုးရိုး ဗီဇ ဘာသာရပ် ကို လေ့လာခြင်း ဖြင့် သိနိုင် ပေသည်။ ထို့ကြောင့် ထို သူများ၏ ဘိုး၊ ဘွားဘီဘင် ထဲမှ တဦးဦး သည် အင်္ဂလိပ် လက်ထက်က အင်္ဂလိပ် တစ်ဦးဦး နှင့် အကြောင်းပါ သွေးနှောဖူးပြီး ယခင် မျိုးဆက် များတွင် ကော့ကေးရှန်း ဗီဇ ငုပ်နေ ၍ မပေါ်ပဲ မျိုးဆက် သုံးလေးခု ကြာမှ စိုးမိုး ဗီဇအဖြစ် ပြန်ပေါ် လာခြင်းသာ ဖြစ်ပါသည်။

(၃) Sex linked dominant and Sex linked recessive

လူသား ဆဲလ်၏ နောက်ဆုံး (သို့) ၂၃ စုံမြှောက် ခရိုမိုဇုန်း သည် ကျား မ လက္ခဏာ ကို ဖေါ်ဆောင်သည့် ခရိုမိုဇုန်း ဖြစ်သည်ကို သိရှိပြီး ဖြစ်ပါသည်။ ကျား ၊မ ခရိုမိုဇုန်း တွင် အမျိုးသား များသည် X နှင့် Y ဟူ၍ အမည် ပေးထားသော လိင် ခရိုမိုဇုမ်း နှစ်မျိုး စလုံး ပိုင်ဆိုင် သော်လည်း အမျိုးသမီး များတွင် X ခရိုမိုဇုမ်း သာ ရှိပါသည်။ ထို့ကြောင့် ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွား ရာ၌ ပထမ ဦးဆုံး သက်ရှိဆဲလ် Gamete ကိုဖွဲ့စည်းရာမှာ အမျိုးသမီး သည် X ခရိုမိုဇုန်းကိုသာ ထုတ်ပေး နိုင်ပြီး ထို X ခရိုမိုဇုန်းနှင့် ပေါင်းရန် အမျိုးသားဆီမှ X ခရိုမိုဇုန်း ရပါက (XX) သမီး မိန်းကလေး ကို ရရှိမည်ဖြစ်ပြီး Y ခရိုမိုဇုန်း ကို ရရှိပါက (XY) သား ယောက်ျားလေး ကို ရရှိမည် ဖြစ်ပါသည်။ ( မှတ်ချက် - မိမိ၏ ဇနီးမယားများအား သား ယောက်ျားလေး မမွေးပေး၍ အပြစ်တင်လေ့ရှိသော အမျိုးသားများ ဤအချက်ကို အလေးပေး မှတ်သား သင့်ပါသည်။)

ကျား၊မဆိုင်ရာ မျိုးရိုးဗီဇ ရောဂါ (Sex linked genetic disease) သည် Y ခရိုမိုဇုန်း မှ တဆင့် ကူးစက်ခြင်းမရှိပဲ X ခရိုမိုဇုန်း မှ တဆင့် သာ ကူးစက် လေ့ ရှိပါသည်။ Sex Linked Dominant လက်ဆက် ကမ်းမှုသည် မရှိ သလောက် ရှားပြီး Sex Linked recessive သာ ကျား၊မ မျိုးရိုး ဗီဇ၏ ပုံမှန် လက်ဆက် ကမ်းမှု ဖြစ်သည်။ ထို့ကြောင့် ရောဂါရ နေသော မိဘမှ တိုက်ရိုက် ကူးစက်မှု နည်းပါး ပါသည်။ ကျားမ ဗီဇ အမွေ ဆက်ခံမှုအရ အမျိုးသမီး များသည် ရောဂါ သယ်ဆောင်သူ များသာ ဖြစ်များပြီး လက္ခဏာ သည် အမျိုးသား များ တွင်သာ ပို၍ ပေါ်ပါသည်။ X ဗီဇ သည်သာ ရောဂါကို လက်ဆက် ကမ်းပြီး Y ဗီဇသည် ရောဂါကို မသယ်ဆောင် သောကြောင့် ဖခင်ဆီမှ X ဗီဇ ရရန်အကြောင်း မရှိ သောကြောင့် အဖေမှ သားများ ဆီသို့ လက္ခဏာ ကူးစက်ရန် လုံးဝ ဖြစ်နိုင်ပါ။ သို့သော်လည်း ရောဂါ ရှိသော ဗီဇကို သမီး အားလုံးမှာ သယ်ဆောင်သူ အဖြစ် ရရှိ ပါသည်။ ရောဂါ သယ်ဆောင် ထားသော မိခင်ဆီမှ ၅၀% သော သားများသို့ ကူးစက် နိုင်ပါသည်။ Colour blindness, Duchenne muscular dystrophy, clotting factor abnormality နှင့် Haemophilia စသည် တို့သည် ထင်ရှား သော Sex Linked Disease များ ဖြစ်ပါသည်။ အကယ်၍ ကျန်းမာ သည့် ဗီဇ H နှင့် ရောဂါ လက္ခဏာ h အဖြစ် သတ်မှတ်ပါက Sex Linked နှင့် ဆက်စပ် သည့် Genotype (ရှိရင်းဗီဇ) နှင့် Phenotype (ရုပ်သွင်လက္ခဏာ) ကို အောက်ပါ အတိုင်း တွေ့ရမည်။



ရောဂါရှိသော အဖေ XhY နှင့် ကျန်းမာသောအမေ XHXH ပေါင်းဖက်ခြင်း (XhY x XHXH)




သမီးအားလုံးတွင် ဖခင်ဆီမှ ရောဂါရှိသော X ဗီဇများကို ရရှိပြီး သားအားလုံးကျန်းမာနေသည်ကို တွေ့ရပေမည်။

ရောဂါသယ်ဆောင်သောအမေ XHXh နှင့် ကျန်းမာသောအဖေ XHY ပေါင်းဖက်ခြင်း (XHXh x XHY)



သမီး များသည် မိခင်ဆီမှ ရောဂါ ရရှိသော ခရိုမိုဇုန်းကို ရသော်လည်း ကျန်းမာသော တခြား X ခရိုမိုဇုန်း ကို ဖခင် များဆီမှ ရထား သောကြောင့် ရောဂါ တယောက်မှ မရနိုင် သည်ကို တွေ့ရပြီး သား နှစ်ယောက် အနက် တယောက်တွင် ရောဂါ ရနေသည်ကို တွေ့ရ သည်။ အထက်ပါ သင်္ကေတ များတွင် ရောဂါသယ်ဆောင်သော အမျိုးသားကို မတွေ့ရပဲ ရောဂါရှိသော အမျိုးသား ကိုသာ တွေ့ရ ပါသည်။ အကြောင်းမှာ အမျိုးသား များသည် X ခရိုမိုဇုန်းအား မိခင်များ ဆီကသာ ရရှိခြင်းနှင့် ရောဂါရှိသော X ဗီဇကို သမီးများဆီသာ လက်ဆက်ကမ်း နိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အမျိုးသား များသည် ရောဂါကို မိခင်ဆီမှသာ လက်ခံရရှိပြီး သမီးများဆီသို့သာ လက်ဆက် ကမ်းနိုင် ပါသည်။

ဆံပင်၏ သိပ်သည်းခြင်း သည် Sex Linked လက္ခဏာ တခုဖြစ်ပြီး အကယ် ၍ အမျိုးသား တဦးသည် အသက် အသက် ၃၀ ကျော် အသက် အရွယ်၌ နှဖူး ပြောင်ပါက ထိုဗီဇ ကို ဖခင် ဆီမှ ရသည်မဟုတ်ပဲ မိခင်ဘက်မှ တော်စပ်သည့် အဖိုး ဆီမှ ရရှိခြင်း ဖြစ်ပါသည်။ ထို အမျိုးသား သည် ထိုဗီဇအား ၎င်း၏သား သည် ထိုဗီဇကို ရရှိမည် မဟုတ်ပဲ သမီးမှ မွေးဖွား လာသည့် မြေးယောက်ျား တ၀က်ခန့်တွင် ထိုလက္ခဏာ တွေ့ရှိ နိုင်ပါသည်။

အချုပ် အားဖြင့် ရောဂါ သို့မဟုတ် ပုံမှန် မဟုတ်သည့် လက္ခဏာ တခုသည် များသော အားဖြင့် စိုးမိုး ဗီဇအဖြစ် Phenotype (ရုပ်သွင် လက္ခဏာ) တွင် ပေါ်မှသာ ရနိုင်ပြီး ၎င်း တို့သည် စိုးမိုးနေရာကို ရရန် ခဲယဉ်း သောကြောင့် အမွေ ဆက်ခံ ရရှိရန် အခွင့်အလမ်း အင်မတန် နည်းပါသည်။ ရောဂါ ရှိသော မျိုးဆက် ထဲမှ တ၀မ်းကွဲ၊ နှစ်ဝမ်းကွဲ (သို့) ဆွေမျိုး အချင်းချင်း ပြန် လက်ထပ်မှသာ ဖြစ်နိုင်ခြေ များပါသည်။ ထို့ကြောင့် မိဘ တွင် ရှိသော ရောဂါသည် သားသမီး များတွင် မလွဲမသွေ ဖြစ်နိုင်သည် ဟု မှတ်ယူ၍ မရနိုင်ပါ။ Chromosomal Abnormality နှင့် Complex Genetic disease ကို ဆက်လက် တင်ပြပါမည်။

Read More...

Friday, December 12, 2008

Introduction to Genetic Inheritance

မျိုးရိုး ဗီဇ ဆက်ခံခြင်း မိတ်ဆက်

အဖေ အမေတူ မိဘနှစ်ပါးမှ မွေးဖွား ဆင်းသက် လာသော မွေးချင်း ညီအစ်ကို မောင်နှမ များ၏ ရုပ်သွင်၊ အပြုအမူနှင့် အကျင့် စရိုက် များသည် အမေ နှင့် တူသူများ ရှိသလို အဖေ နှင့် တူသူ များ ကိုလည်း တွေ့ရ သည်။ သို့သော် တချို့မှာ နှစ်ယောက် စလုံး နှင့် မတူပဲ အဖိုး အဖွား (သို့) တ၀မ်းကွဲ မောင် နှမများ နှင့် တူသည် ကို တွေ့ရ နိုင်သည်။ ထိုနည်း အတူ မိဘ တဦးဦးတွင် ရောဂါ (သို့) ခန္ဓာကိုယ်၌ ပုံမှန် မဟုတ်သည့် လက္ခဏာ တစ်ခု ရှိ၍ သား သမီးများထဲမှ အကုန်လုံး သို့ မကူးစက်ပဲ အချို့ ကိုသာ ကူးစက်ခြင်း၊ ကျားမ ကူးစက်ပုံ ခြားနား ခြင်း (သို့) သားသမီး များသို့ လုံးဝ မကူးစက်ပဲ မြေး၊ မြစ် များ လက်ထက်မှ သွားရောက် ကူးစက်ခြင်း စသည်တို့ကို တွေ့ဖူး ကြ ပါလိမ့်မည်။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

ဤပို့စ်သည် မျိုးရိုးဗီဇ ရောဂါများ အကြောင်းကို တင်ပြခြင်းမဟုတ်ပဲ ၎င်း (Genetic Diseases) ၏ မိတ်ဆက်ဖြင့် မျိုးရိုး ဗီဇ အမွေ ဆက်ခံပုံ (Genetic inheritance) ကိုသာ တင်ပြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤပို့စ်ပါ အကြောင်း အရာများသည် ကျန်းမာရေး ပညာရှင်များ၊ ဆေး ပညာ နားလည်သူများသာ သိနိုင်သည့် အကြောင်းအရာ များ မဟုတ်ပဲ ပညာရေး အဆင့်မီသော နိုင်ငံများတွင် အထက်တန်း အဆင့် ဇီဝဗေဒဘာသာ (Biology) ကို သင်ကြားဖူးသူ မည်သူမဆို သိနိုင်သည့် အကြောင်းအရာများ ဖြစ်သဖြင့် သိပြီးသူ များစွာ ရှိနိုင် ပါသည်။ သို့သော် လည်း မြန်မာပြည် တွင် တက္ကသိုလ်၌ Molecular Bioscience နှင့် ဆိုင်သည့် ဘာသာ တခုခုကို သင်ကြား ဖူးခြင်း မရှိပဲ ထို အကြောင်းအရာ များကို သိနိုင်မည် မဟုတ် သောကြောင့် တချိန်က ကျွန်မ ကိုယ်တိုင် သိလိုပြီး ဝေခွဲ၍ မရ ခဲ့သော အထက်ပါ မေးခွန်း များ၏ အဖြေများကို တခြား စိတ်ဝင်စားသူ အားလုံး သိရှိစေရန် မျှဝေ ပေးလိုက် ပါသည်။ ကျွန်မ၏ မြန်မာလို ဘာသာ ပြန်ရာ၌ ဝေါဟာရ အရွေး မှားနေသည်များ ရှိနိုင်သဖြင့် သိပြီးသူများထဲမှ ပြင်ဆင် ပေးနိုင်သူများ ရှိပါက ၀မ်းသာစွာ လက်ခံ ကြိုဆိုပါသည်။

Chromosome and Genes ခရိုမိုဇုမ်း နှင့် ဗီဇ

သက်ရှိ အားလုံး၏ ဆဲလ် ကလပ်စည်း တိုင်းရှိ နြူကလိယ ထဲတွင် ရှည်လျားပြီး ချည်မျှင် ကဲ့သို့ ဖွဲ့စည်းပုံ ရှိပါသည့် ခရိုမိုဇုမ်း တတွဲစီ ပါရှိ ပါသည်။ ထို ခရိုမိုဇုမ်း ထဲတွင် ဆဲလ်၏ လုပ်ငန်း အတွက် လိုအပ်သော အချက်အလက် ပစ္စည်း အားလုံး ပါဝင်သည့် အပြင် နောက် မျိုးဆက် များသို့ လက်ဆင့် ကမ်းပေး သည့် မျိုရိုးဗီဇ အမှတ်အသား Genetic Code) (သို့) genes (သို့) Genome ဟုခေါ်သော ဗီဇကို သိုလှောင် ထား ပါသည်။ နောက် မျိုးဆက် သို့ ရောဂါ၊ ရုပ်သွင် လက္ခဏာ၊ အမူအရာ၊ အကျင့် စရိုက် စသည် တို့ကို လက်ဆင့် ကမ်း အမွေ ပေးမှု ကွဲပြားခြင်း သည် ထို ခရိုမိုဇုမ်း တစ်ခုစီရှိ ဗီဇများ၏ အပြစ် အနာအဆာများ နှင့် အားသာချက် များ ပေါ်တွင် မူတည်ပါသည်။

ဗီဇစတင်ခြင်း၊ Genotype (ရှိရင်းဗီဇ) နှင့် Phenotype (အသွင်သဏ္ဍန်) အမွေဆက်ခံခြင်း

ဗီဇသည် မျိုးဆက် တစ်ခုနှင့် တစ်ခုကြား အမွေ ဆက်ခံနိုင်သည့် အသေးငယ် ဆုံးသော အခြေခံ အင်္ဂါ အစိတ်အပိုင်း ဖြစ်သည်။ ခရိုမိုဇုမ်း ထဲတွင် မျိုးရိုး ဗီဇပေါင်း ၅၀ ၀၀၀ - ၁ ၀၀၀ ၀၀၀ အထိ ပါရှိ ပါသည်။ သက်ရှိ တို့၏ ဗီဇ တစ်ခုစီ ကို မိခင်နှင့် ဖခင် တဦးစီမှ ရရှိသော alleles ဟု ခေါ်သည့် ဗီဇ ၀က် တခုစီဖြင့် ပေါင်းစပ် ဖွဲ့စည်း ထားပါသည်။ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွားခြင်း (Fertilisation) ကို အောင်မြင် စွာ ပြီးစီး သွားသောအခါ လူသားတွင် ဖခင်၏ သုတ်ရည် (sperm) မှ ရရှိသော allele (ဗီဇ၀က်) နှင့် မိခင်၏ မျိုးဥမှ ရရှိသော ဗီဇ၀က်တို့ ပေါင်းစပ် ၍ ဆဲလ်အသစ် (gamete) ဟုခေါ်သော ပထမ ဦးဆုံး သက်ရှိ ဆဲလ်တခုကို လိင်ရှိ ဆဲလ်ပွားခြင်း (Meiosis) နည်းဖြင့် ရရှိ ပါသည်။ ထို သက်ရှိ ဆဲလ် တစ်ခုမှ တဆင့် ပုံစံတူ ဆဲလ်များကို လိင်မဲ့ ဆဲလ်ပွားခြင်း (Mitosis) ဖြင့် လူသား (သို့) သတ္တ၀ါ လောင်းလျာ လေး မှတဆင့် နောက်ဆုံး တွင် ပြီးပြည့်စုံ သည့် သတ္တ၀ါ တခုကို ဖြစ်လာ စေပါသည်။ ထို အသစ် ဖြစ်လာသော သတ္တ၀ါတွင် မိခင်နှင့် ဖခင် နှစ်ဦး စလုံးဆီမှ အရိုက်အရာ များကို တွေ့မြင် နိုင်သည်များ ရှိသလို မတွေ့မြင် နိုင်သည် များလည်း ရှိပါသည်။

ထို့ကြောင့်ထိုလူသား၏ အမှန်တကယ် သွေးထဲတွင် ရှိနေသည့် ဗီဇကို Genotype (ရှိရင်းဗီဇ) ဟုခေါ်၍ တွေ့မြင်နိုင်သည့် ရောဂါ (သို့) ချွတ်ယွင်းမှု၊ ရုပ်သွင်၊ အရောင်၊ အကျင့်စရိုက်၊ အမူအရာ စသည့် အားလုံးပါဝင်သည့် ပြင်ပလက္ခဏာများ အားလုံးကို Phenotype (အသွင်သဏ္ဍန်) ဟုခေါ်ပါသည်။

စိုးမိုးဗီဇ (Dominant alllele) နှင့် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive alllele)

မိခင်နှင့် ဖခင်ဆီမှ ရရှိသော ဗီဇ၀က်နှစ်ခု ပေါင်းစပ်ထားသော ဗီဇတွင် လက္ခဏာပေါ်သည့် ဗီဇသည် စိုးမိုးဗီဇ (Dominant Gene) ဖြစ်ပြီး လက္ခဏာ မပေါ်သည့် ဗီဇသည် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive Gene) ဖြစ်သည်။ ဥပမာ အသားဖြူသည့် အဖေနှင့် အသားညို သည့် အမေမှ မွေးလာသော ကလေးသည် အသားဖြူ ပါက အရောင် နှင့် ပတ်သက်သည့် ဗီဇ၌ အဖေ၏ သွေးက စိုးမိုးပြီး အသားညို ပါက အမေ၏ သွေး မှ စိုးမိုးသည်။ အရပ် ရှည်သူနှင့် အရပ်နိမ့် သူ နှစ်ဦးမှ မွေးလာသော ကလေး သည်လည်း စိုးမိုးသည့် ဗီဇအပေါ် မူတည်ပြီး အရပ်ရှည်ခြင်း ပုခြင်း ကို အမွေ ရမည်ဖြစ်သည်။ သို့သော်လည်း ထိုပုဂ္ဂိုလ် များ၏ သွေးထဲတွင် ရှိပြီး အသွင် သဏ္ဍန်တွင် မဖေါ်ပြ သည့် အသား အရောင်နှင့် အရပ် အနိမ့် အမြင့်သည် ၎င်းတို့၏ သား သမီးများသို့ အမွေ ပေးရန် သယ်ဆောင် သွားမည် ဖြစ်သည်။ ငုပ် ဗီဇသည် ကျန်းမာရေး နှင့် မသက်ဆိုင်သည့် အခြေအနေတွင် အနည်းစု (သို့) လူဦးရေ အများစု အတွက် ပုံမှန် မဟုတ် သည့် အခြေ အနေကို ဖေါ်ဆောင်ပြီး ဇီဝ၊ ဓါတုနှင့် ဆေး ပညာရပ်နှင့် သက်ဆိုင်သည့် အခြေအနေတွင်မူ ရောဂါ တခုခုကို ဖေါ်ညွှန်း ပါသည်။

ဗီဇ အမျိုးအစားများ

လူ ပုဂ္ဂိုလ်တဦး၏ ဗီဇ တွင် မိခင် နှင့် ဖခင်ဆီမှ စိုးမိုး ဗီဇဖြစ်စေ၊ လက်ခံ ဗီဇ ဖြစ်စေ မျိုးတူ သော ဗီဇ နှစ်ခု ပေါင်းစပ် ထားပါက မျိုးတူဗီဇ (Homozygote) ဟု ခေါ်၍ စိုးမိုး ဗီဇနှင့် လက်ခံ ဗီဇ ပေါင်းစပ် ထားပါက မျိုးမတူ ဗီဇ (Heterozygote) ဟု ခေါ်ပါသည်။ များသော အားဖြင့် Homozygous dominant သည် ကျန်းမာ သူသာဖြစ်ပြီး Homozygous recessive သည် ရောဂါသည် ဖြစ်သည်။ အမျိုး မတူ သည့် ဗီဇ ၀က်နှစ်ခု ပေါင်းစပ် ထားပါက Heterozygote ဟု ခေါ်ပြီး ၎င်းတွင် ကျန်းမာ သည့် စိုးမိုး ဗီဇတခု ပါဝင် နေသောကြောင့် ၎င်း ကိုယ်တိုင် ရောဂါ အမွေရန် ခဲယဉ်းပြီး နောက် မျိုးဆက်သို့ ရောဂါ သယ်ဆောင်သူ (Carrier) သာ ဖြစ်သည်။

ဆိုလိုသည်မှာ ရောဂါသည် တစ်ဦးနှင့် ကျန်းမာသူ တဦးမှ မွေး လာသော ကလေးသည် ကျန်းမာ သည့် ဗီဇက စိုးမိုးဗီဇဖြစ်ပါက သူကိုယ်တိုင် ရောဂါသည် မဖြစ်နိုင် သော်လည်း နောက် မျိုးဆက်ဖြစ်သည့် ၎င်း၏ သားသမီးများအား အမွေပေးရန် ရောဂါ သယ်ဆောင်သူ ဖြစ်သည်။ ဤသည်ပင် မိဘ၏ ရောဂါ (သို့) အသွင် လက္ခဏာ သားသမီးတွင် မပေါ်ပဲ မြေး မြစ်တွင်မှ သွားပေါ်သည့် အကြောင်း အရင်း ဖြစ်သည်။ ကျန်းမာ သည့် မျိုးတူ စိုးမိုးဗီဇ (Homozygous dominant alleles) နှစ်ခု စလုံး ရထား သူသည် ရောဂါ မရှိနိုင် သလို သယ်ဆောင်သူ လည်း မဟုတ်ပါ။ မျိုးတူသည့် လက်ခံဗီဇ (Homozygous recessive alleles) နှစ်ခုစလုံး ရထား သူသည် ရောဂါ ရှိသူ ဖြစ်သလို သယ်ဆောင် သူ (Career) လည်း ဖြစ်သည်။

စိုးမိုး ဗီဇနှင့် လက်ခံ ဗီဇတို့၏ အမွေ ဆက်ခံပုံ ကို အောက်ပါ ဇယားကို လေ့လာခြင်း ဖြင့် ရှင်းလင်းစွာ တွေ့နိုင် ပါသည်။ အကယ်၍ ကျန်းမာ သည့် ဗီဇကို စိုးမိုး ဗီဇ (D) ဟု သတ်မှတ်ပြီး မကျန်းမာ သည့် ဗီဇကို လက်ခံဗီဇ (d) အဖြစ် သတ်မှတ်ပါက ရှိရင်းဗီဇနှင့် လက်ခံဗီဇ ကို အောက်ပါ အတိုင်း တွေ့ရမည်ဖြစ်သည်။


Heterozygous Inheritance (အမျိုးမတူဗီဇ အချင်းချင်း ပေါင်းစပ်ခြင်း အမွေဆက်ခံပုံ)

အမျိုး မတူသည့် ဗီဇနှစ်ခုကို ရရှိထားသည့် အမျိုးသမီးနှင့် အမျိုးသား တစ်ဦး လက်ထပ် ပါက ၎င်းတို့၏ သားသမီးများတွင် အမွေ ရနိုင်သည့် အသွင် သဏ္ဍန်ကို သိရှိ နိုင်ရန် မိဘ တဦးစီမှာ ရှိသည့် ရှိရင်းဗီဇ များ အချင်းချင်း မြှောက်ခြင်း (Dd X Dd) ဖြင့် ရနိုင်သည့် အဖြေကို အောက်ပါ ဇယားတွင် လေ့လာသိရှိနိုင်ပါသည်။



အထက်ပါ ဇယား၏ အဖြေအရ သားသမီးအားလုံး၏ ၇၅% ( Homozygous 25% နှင့် Heterozygote 50%) သည် ကျန်းမာ သူများ ဖြစ်ပြီး ၂၅% မှာ ရောဂါ ရှိသူ (dd) များ ဖြစ်သည်။ ကျန်းမာသူ များ အနက် ၅၀%မှာ ရောဂါသယ်ဆောင်သူ (Dd) များနှင့် လုံးဝ ကျန်းမာသူ (DD) မှာ လည်း ၂၅% ဖြစ်သည် ကို တွေ့ရ ပါသည်။

Incomplete Dominant (မပြည့်မ၀ စိုးမိုးခြင်း)

အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း မိခင် (သို့) ဖခင်၏ လက္ခဏာကို အပြည့်အ၀ မပြပဲ မိခင်နှင့် ဖခင် နှစ်ဦး စလုံးဆီမှ ရရှိသော ဗီဇ များသည် တခုအပေါ်တခု အပြည့်အ၀ မစိုးမိုး နိုင်ခြင်းကို မပြည့်မ၀ စိုးမိုးခြင်း ဟု ခေါ်ပါသည်။ ဥပမာ အရပ် ရှည်သူနှင့် အရပ် ပုသူ မိဘ နှစ်ပါးမှ မွေးလာသော သား သမီးသည် အရပ် မတိုမရှည် ဖြစ်နေခြင်း၊ အသား ဖြူသူနှင့် အသား ညိုသူ မိဘ နှစ်ပါးမှ မွေးလာသော သား သမီးများသည် အသား မဖြူမညို ဖြစ်နေခြင်း စသည်တို့သည် မပြည့်မ၀ စိုးမိုးခြင်း ( Incomplete Dominant) ၏ လက္ခဏာ များ ဖြစ်သည်။

Co-dominant (အတူတကွစိုးမိုးခြင်း)

အတူတကွ စိုးမိုးခြင်းကို သွေးအုပ်စု များတွင် တွေ့နိုင်ပါသည်။ သွေးနီဥ၏ မျက်နှာပြင် Antigens များ ရှိသော သွေးကို A နှင့် B နှစ်ခု ခွဲခြား သတ်မှတ်ထားပြီး Antigen မရှိသော သွေး အမျိုးအစားကို O အဖြစ် သတ်မှတ် ထားပါသည်။ မိဘသွေးတွင် ရှိသော Antigens များသည် သားသမီးသို့ အပြည့်အ၀ လက်ဆင့် ကမ်းသောကြောင့် A သွေးပိုင်ရှင်နှင့် B သွေး ပိုင်ရှင် လက်ထပ် ပါက မွေးလာသော သား သမီးသည် မိဘနှစ်ပါးစလုံးမှ Antigen နှစ်ခု စလုံးကို လက်ခံရပြီး AB သွေးပိုင်ရှင် ဖြစ်လာ ပါသည်။ O သွေး ပိုင်ရှင် အချင်းချင်း လက်ထပ် ပါက မွေးလာသော သားသမီး တွင်လည်း Antigens ပေါ်စရာ အကြောင်း မရှိသော ကြောင့် O သွေးသာ ဖြစ်နိုင် သော်လည်း တခြား သွေးအုပ်စု ပိုင်ရှင်နှင့် လက်ထပ်ပါက လက်ထပ်သည့်သူ၏ သွေး အမျိုးအစား အတိုင်း သားသမီးမှာ လက်ခံ ရရှိပြီး သား သမီးတွင် အိုသွေး အမွေ ရရန် မဖြစ် နိုင်ပါ။

သွေး အုပ်စုနှင့် တချို့ အနည်းငယ်သော ရောဂါများ အမွေဆက်ခံခြင်းမမှလွဲ၍ မိဘတွင် ရှိနေသော ရောဂါ (သို့) ပုံမှန်မဟုတ်သည့် လက္ခဏာ တခုခုသည် သားသမီး တယောက်စီ တွင်လည်း ရှိရမည်ဟု ပုံသေ တွက်၍ မရနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ရောဂါ အတော် များများမှာ ဗီဇ ဟုခေါ်သော Genes (Genome) တခု တည်းတွင် မူတည် နေသည် မဟုတ်ပဲ တဦးချင်းစီ၏ ဘ၀ ပတ်ဝန်းကျင် တွင် ကျင်လည် ကျက်စားပုံ၊ နေထိုင် စားသောက်မှု အလေ့အထ နှင့်လည်း များစွာ သက်ဆိုင် နေသောကြောင့် ဖြစ်ပါသည်။ ထို အကြောင်း များနှင့် မျိုးရိုးဗီဇ အမွေ ဆက်ခံသည့်ပုံစံ (Genetic Inheritance Patterns)၊ မျိုးရိုး ဗီဇ ရောဂါများ (Genetic Diseases) များ အကြောင်းကို နောက် တင်မည့် ပို့စ်များ တွင် ဆက်လက် ဖေါ်ပြပါမည်။

Read More...

Sunday, December 7, 2008

HIV / AIDS (3)

ရောဂါ လက္ခဏာ များမှာ -

ဒီအိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက် ခြင်းရဲ့ အစောပိုင်း ရောဂါ လက္ခဏာ တွေက ကူးစက်သူ အများစုမှာတော့ ခံစားရလိမ့် မရှိတတ် ပါဘူး။ တချို့တလေ မှာတော့ အိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက် ခံရပြီး ၃ ပါတ်ကနေ ၆ ပါတ် အတွင်းမှာ တုပ်ကွေး ရောဂါနဲ့ ပုံစံတူတဲ့ ရောဂါ လက္ခဏာ တွေ ခံစားရ တတ် ပါတယ်။ အဲဒါကိုတော့ Acute HIV Syndrome လို့ခေါ်ပါတယ်။ သူရဲ့လက္ခဏာ တွေကတော့
- ကိုယ်ပူခြင်း
- ခေါင်းကိုက်ခြင်း
- လူနုံးနေတတ်ခြင်း
- ပျို့အန် ခြင်း
- ၀မ်းလျောခြင်း
- လည်းပင် ၊ ချိုင်း ၊ပေါင်ခြံ တို့တွင် အကျိတ်များ ကြီးခြင်း
စသည်တို့ ဖြစ်နိုင် ပါတယ်။

ဒီလက္ခဏာတွေ ဟာအခြား Virus တွေ့ကြောင့် ဖြစ်တဲ့ လက္ခဏာ တွေနဲ့ ဆင်တူ ပါတယ်။ ဒါကြောင့် အိတ်ခ်ျအိုင်ဗွီ ပိုးကြောင့် ဟုတ် မဟုတ် ဆိုတာကိုတော့ HIV test စစ်မှပဲ သိရမှာ ဖြစ်ပါတယ်။ (ပိုးကူးစက် ခံရသူ အများစု ကတော့ ဖေါ်ပြပါ လက္ခဏာတွေ ခံစားရခြင်း မရှိပါဘူး) ဖေါ်ပြပါ လက္ခဏာတွေ ဟာ တစ်ပါတ် ကနေ တစ်လ အတွင်းမှာ ပျောက် ကင်း သွားလေ့ ရှိပါတယ်။ ဒီလိုခံ စားနေရတဲ့ ကာလ အတွင်းမှာ ခန္ဓာ ကိုယ်ထဲမှာ ဗိုင်းရပ်စ် ပိုး အရေအတွက် ပမာဏ မြင့်မား နေပြီး အခြားသူတွေ ကို ပိုမိုကူး စက်နိုင်ပါတယ်။

၎င်း နောက် ခန္ဓာကိုယ် ရဲ့ကိုယ်ခံ စွမ်းအားစနစ် က ဗိုင်းရပ်စ် ပိုးတွေကို စတင် တိုက်ခိုက် တဲ့အတွက် ကြောင့် ဗိုင်းရပ်စ် ပိုးပမာဏ လျော့နည်း လာပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုးဟာ သွေးဖြူဥ တွေကို ဖြည်းဖြည်း ခြင်း ဖျက်ဆီး ပြစ်ပါတယ်။ တဖြည်ဖြည်း နဲ့ သွေးဖြူဥ အရေအတွက် အလွန် ကျဆင်း လာတဲ့ အခါမှာ ကူးဆက်ရော ဂါတွေ နဲ့ အခြားသော ရောဂါတွေ ခံစားရပြီး အေအိုင်ဒီအက်စ် ဖြစ်သွား ပါတယ်။ ဒီလိုမျိုး ပိုမိုဆိုးရွား ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ကတော့ လူကြီးတွေမှာ ရောဂါပိုး ကူးဆက်ခံ ရတဲ့အချိန်မှ စပြီး နှစ် အတော် ကြာအောင် (တစ်ချို့တွင် ၁၀ နှစ် (သို့) ထိုထက်ပိုကြာ၍) ပေါ်လာခြင်း မရှိ တတ် ပါဘူး။ ဒါပေမယ့် မိမိကိုယ်ထဲ ကိုပိုးရောက် ပြီး တဲ့ အချိန် ကစလို့ ကာလ တစ်လျောက်လုံး ဗိုင်းရပ်စ် ပိုး တွေ ဟာ ပွား နေပြီး ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ စွမ်း အား စနစ် ကို ဖျက်ဆီး နေပါ တော့တယ်။ ပုံမှန် ကျန်းမာတဲ့ လူ တစ်ယောက်ပုံ ပေါက်နေ ပေမယ့် မိမိဆီ ကနေတဆင့် အခြား သူတွေ ဆီကို ကူးစက် နိုင်ပါတယ်။

အိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက်ခံထားရပြီး သူ ၆၀% ကနေ ၈၀% ဟာ ၅ နှစ် ကနေ ၁၀ နှစ် အတွင်းမှာ ဆိုးရွား ပြင်းထန်တဲ့ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပြီး အသက် သေဆုံး ရလေ့ ရှိ ပါတယ်။

အေအိုင်ဒီအက်စ် ရောဂါရဲ့ အဓိက လက္ခဏာ များမှာ -
- မိမိရှိရင်း ကိုယ်အလေးချိန်ရဲ့ ၁၀% ထက်ပိုပြီး လျော့ကျသွားခြင်း (ဥပမာ။ ။ အစက ကိုယ်အလေးချိန် ပေါင် ၁၀၀ ရှိတဲ့သူက အခု ပေါင် ၉၀ အောက်ကို လျော့နည်း သွား ခြင်း)
- တစ်လထက် ပိုပြီး ဆက်တိုက် ၀မ်းလျှောခြင်း
- တစ်လထက်ပိုပြီး အဖျားဆက်တိုက်တက်ခြင်း (ကိုယ်ပူနေခြင်း)
တို့ဖြစ်ပါတယ်။

အေအိုင်ဒီအက်စ် ရဲ့ သာမညလက္ခဏာတွေ ကတော့ -
- တစ်လထက်ပို ပြီးချောင်းဆိုးနေခြင်း
- ခန္ဓာကိုယ်အနှံ့ ရေယုန်များ (ဆင်ရေယုံများ) ပေါက်နေခြင်း ၊
- အကျိတ်များ တစ်ကိုယ်လုံး အနှံ့မပြား ထွက်နေခြင်း
- လျှာ ၊ ပါးစပ် လည်ချောင်း ထဲတွင် မှက္ခရု များ ထွက်နေခြင်း
- တစ်ကိုယ်လုံး အရေပြား ယားယံ ယောင်ယား ခြင်း
- အရေပြား ပေါ်နှင့် အရေပြား အောက် ၊ပါးစပ် နှာခေါင်း အတွင်း တို့တွင် အနီရောင် ၊အညိုရောင် ၊ပန်းရောင် ၊ ခရမ်းရောင် စတဲ့ အစက် များ ပေါ်နေခြင်း
- မှတ်ဥာဏ် ချို့ယွင်းအားနည်း လာခြင်း ၊ စိတ်ဓာတ် ကျဆင်းခြင်း နှင့် အခြားသော ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါများ ခံစားရခြင်း
စသည်တို့ တို့ဖြစ်ပါတယ်။

ဒါအပြင် အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားနေတဲ့ သူတွေမှာ ခုခံစွမ်းအား ကျ ဆင်း လာတဲ့ အတွက် ( HIV / AIDS 1 မှာ ပြောထားပြီး ဖြစ်တဲ့) ကိုယ်ခံစွမ်း အားနိမ့် ကျနေမှ သာ ကူးနိုင်တဲ့ ကူးစက်ရောဂါ (Opportunistic Infections) တွေ ရရှိ ခံစား ရပါ တော့တယ်။

Opportunistic infections တွေဟာ ရောဂါပိုးမွှား မျိုးစုံ ( bacteria ,virus ,fungi ,parasites) ကြောင့် ဖြစ်တော့ တာပါပဲ။ ဥပမာ အနေနဲ့ ပြောရရင် ဒီ opportunistic infections တွေ ထဲမှာ bacteria ကြောင့် ဖြစ်တဲ့ တီဘီ ရောဂါဟာ အဓိက ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ပါတယ်။ သူတို့မှာ ဖြစ်တဲ့ တီဘီ ရောဂါ ကလည်း သာမန် ထက် ပိုပြီး ပြင်းထန် ပါတယ်။ virus ကြောင့် ဖြစ်တဲ့ ရေယုံတွေ ၊ အသည်း ရောင်တာတွေ ၊ fungi မှို ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်တာ ၊ မှက္ခရု စတာတွေ ၊ parasites ကပ်ပါး ပိုးတွေ ကြောင့် ဖြစ်တဲ့ နမိုးနီးယား (အဆုပ် အမြှေးပါး ရောင်ခြင်း) ရောဂါ အစရှိတဲ့ ရောဂါတွေ ရရှိ ခံစား ရပါတယ်။

Kaposi's sarcoma and lymphoma စတဲ့ ကင်ဆာ ရောဂါတွေ ဟာလည်း အိတ်ခ်ျအိုင်ဗွီ ပိုး ကူးဆက်ခံထားရတဲ့ သူတွေမှာ ပုံမှန် ထက် ပို ပြီး ဖြစ်ဖို့ အခွင့်အလမ်း ရှိပါတယ်။ မိခင်ဆီ ကနေတဆင့် ရောဂါပိုး ကူးဆက်ပြီး မွေးဖွားလာရတဲ့ ကလေးတွေမှာတော့ ၂ နှစ် အတွင်းမှာ ပြင်းထန်တဲ့ လက္ခဏာ တွေ ခံစား ရနိုင်ပါတယ်။

ကလေးများ တွင် တွေ့ရသော ရောဂါ လက္ခဏာ များ မှာ အများအား ဖြင့် ကလေးအသက် ၈ လခန့်မှာ ရောဂါလက္ခဏာ များ စတင် ပေါ်လာ တတ်ပါတယ်။ တစ်ခါတစ်လေလဲ မွေးစ အချိန်က တိုင် စပေါ် နိုင်ပါတယ်။
လက္ခဏာ များမှာ -
- ကလေးကြီးထွား မှုမရှိခြင်း ၊ ကြီးထွားမှုနှေးကွေးခြင်း
- အသည်း ၊ ဘေလုံး ၊အကျိတ်များ ကြီးထွားနေတတ်ခြင်း
- မကြာခဏဖျား ခြင်း၊ ကူးစက် ရောဂါများ ခံစားရခြင်းစတဲ့ လက္ခဏာ တွေ
တွေ့ရတတ်ပါတယ်။

(ဆက်လက် ဖေါ်ပြပါမည်)

ဒေါက်တာ စိုင်းဝေအောင်

Read More...

Thursday, December 4, 2008

Adult ADHD


စာဖတ်သူ ဘိုဘို အမေးရှိလာလို့ ကိုယ်တိုင် မတွေ့ဖူး၊ မကုဖူး(သေး)တဲ့ ရောဂါအကြောင်း ရှာဖွေဖတ်ရှုပြီး ပို့စ်တင်လိုက်ပါတယ်။ အများအတွက် အကျိုး ရှိစေလိမ့်မယ်လို့ မျှော်လင့် ပါတယ်။

လူကြီးတွေမှာ ဖြစ်တဲ့ အာရုံမစိုက်နိုင်တဲ့ ရောဂါ (Adult Attention-Deficit Hyperactivity Disorder) ဟာ ကလေးတွေမှာ ဖြစ်တဲ့ ADHD ရောဂါလက္ခဏာတွေနဲ့ တော်တော်တူပါတယ်။ ဒေါက်တာ ဇင်သူ ရေးပြီးသားမို့ သူ့စာကိုပဲ ဒီမှာ ညွှန်းလိုက်ပါတယ်။

အတိုချုပ် နည်းနည်း ပြန်ကောက်ရရင်တော့ အဓိက လက္ခဏာတွေမှာ

(၁)အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention)
(၂)ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity)
(၃)လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်ခြင်း (Impulsivity)
တို့ ပါဝင်ပါတယ်။

ကလေးတွေမှာ ဒီရောဂါကို ရောဂါအနေနဲ့ သတိပြု ရှာဖွေ၊ လက်ခံကုသနှုန်း မြင့်မားပေမယ့် လူကြီးတွေမှာတော့ ဒီလို မဖြစ်သေးပါဘူး။ ဒီရောဂါရှိတဲ့ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ရောဂါလက္ခဏာတွေ လျော့ပါးလာတယ် ဆိုသော်ငြား၊ သူတို့အားလုံး လူငယ်လူလတ်ပိုင်း ရောက်တာနဲ့ ဒီရောဂါ လုံးဝ အရှင်းပျောက်သွားတယ် ဆိုတဲ့ သာဓက မရှိပါဘူး။ ဆိုလိုတာက ရောဂါလက္ခဏာတချို့ ကျန်နေနိုင်ပြီး လူနာရဲ့ နေ့စဉ် လူမှုဘ၀၊ အလုပ်အကိုင် စတာတွေမှာ အနှောက်အယှက်ပေး၊ ထိခိုက်စေနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထုတ်ဝေခဲ့တဲ့ ပေါင်းချုပ်သုတေသန (Meta-analysis) စာတမ်းတစ်စောင်အရ ADHD ရောဂါရှင် ကလေးတွေကို အသက် (၂၅)နှစ်မှာ ပြန်စစ်ဆေးကြည့်တဲ့အခါ ၁၅% ခန့်ဟာ ရောဂါလက္ခဏာအားလုံး ရှိနေသေးပြီး ၆၅% ကတော့ ရောဂါလက္ခဏာတချို့ ရှိနေပါသေးသတဲ့။

ADHD ရောဂါရှင် လူကြီးတွေမှာ ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity) ဟာ ကလေးဘ၀က ခန္ဓာကိုယ် လှုပ်ရွနေတာမျိုးထက် မိမိဖာသာ ခံစားရတဲ့ စိတ်ထဲက ဂနာမငြိမ်တာမျိုး၊ စိတ်ကို လျှော့ဖို့ရာ ခက်ခဲတာမျိုး၊ ငြိမ်ငြိမ်လေး နေရရင် စိတ်ညစ်လာတာမျိုး ဖြစ်ပါသတဲ့။

အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention) ဆိုရင်လည်း အသေးစိတ်လေးတွေကို အာရုံစိုက်မရတာမျိုး၊ စာတစ်ကြောင်းတစ်ပုဒ်ကို အခါခါ ပြန်ဖတ်နေရတာမျိုး၊ လုပ်စရာ ကိစ္စ ဆုံစရာ ချိန်းဆိုချက်တွေကို မေ့တတ်တာမျိုး၊ ပစ္စည်းတွေ ခဏခဏ ပျောက်၊ စကားပြောလက်စ အစပျောက်သွားတတ်တာမျိုး တို့ ဖြစ်တတ်ပါတယ်။ အတွေးတွေကလည်း ဟိုရောက်ဒီရောက် အမြဲပဲ ယောက်ယက်ခတ်လို့။ ဘာကိစ္စပဲ ဖြစ်ဖြစ် ပြီးအောင် မလုပ်နိုင်၊ ပြဿနာဆိုလည်း မဖြေရှင်းနိုင်၊ အချိန်နဲ့လည်း မပြီးဆိုတော့ အလုပ်မှာ ဘယ်အဆင်ပြေပါ့မလဲ။ စိတ်ကလည်း ကျသွားလိုက်၊ တက်ကြွနိုးကြားလိုက်နဲ့ တစ်ခါတလေဆို ဒေါသပေါက်ကွဲတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။ ဒီလို ဖြစ်တော့ လူတွေ (မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူ) နဲ့ ဆက်ဆံရေးပါ ထိခိုက်လာတာပေါ့။

လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်တဲ့ (Impulsivity) အကျင့်ကြောင့် လူအများနဲ့တွဲပြီး လုပ်ရတဲ့ အလုပ်တွေမှာ ပြဿနာ ပေါ်နိုင်ပါတယ်။ ကျားမ ဆက်ဆံရေး Relationship ကိုလည်း မစဉ်းမစား စိတ်ထဲပေါ်ရာ ခုတွေ့ခုတွဲ ခုပြတ် လုပ်တတ်ပါတယ်။ ဘယ်အရာကိုမှ အလေးအနက် မစဉ်းစားပဲ ပေါ့ပေါ့ဆဆ ကမျောသောပါး ဆုံးဖြတ်ချက်မျိုး ချတတ်ပါတယ်။

ဒါမျိုး တို့လည်း ဖြစ်တာပဲ၊ ဒါကို ရောဂါလို့ သတ်မှတ်ရမှာလား-လို့ မေးစရာ ရှိပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေကို ကျွန်မတို့၊ စာဖတ်သူတို့လည်း ရံဖန်ရံခါ ကြုံတတ် ဖြစ်တတ်တာပါပဲ။ ရောဂါရှင်တွေမှာတော့ ဒီလက္ခဏာတွေဟာ နေ့စဉ်တွေ့ကြုံနေရတာ ဖြစ်ပြီး၊ သူတို့ကိုယ်တိုင်လည်း စိတ်ညစ်ရ၊ သူတို့ ပတ်ဝန်းကျင်ကလူတွေလည်း စိတ်ညစ်ရနဲ့ သူတို့ရဲ့ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်တွေကိုပါ ထိခိုက်လောက်တဲ့အထိ ဖြစ်တာပါ။ အတိုင်းအတာအားဖြင့် အများကြီး ပိုဆိုးတာပေါ့။

Adult ADHD ဟာ မသိလို့ မကုမိတာ များပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ပြင်ပလူနာဌာနမှာ လာပြတုံး ပေါ်ချင်မှလည်း ပေါ်ပါမယ်။ ဆရာဝန်က ဒီရောဂါနဲ့ ထိတွေ့မှု နည်းရင်လည်း သံသယထားမှု (high index of suspicion) မရှိတော့ လွတ်သွားတတ်ပါတယ်။ ရောဂါရဲ့ သဘောကိုက လက္ခဏာတွေဟာ ကလေးအသက် (၇)နှစ် မတိုင်မီကတည်းက ပေါ်တာမို့ ငယ်ငယ်ကတည်းက တစ်သက်လုံး ဒီလိုပဲ ဆိုပြီး သူ့သဘာဝပဲလေ-လို့ သတ်မှတ်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒီလို မသိလိုက်၊ မကုမိလိုက်တဲ့အခါ သို့မဟုတ် တခြားရောဂါ (ဥပမာ စိတ်ကြွစိတ်ကျရောဂါ၊ စိတ်ပူပန် ဂနာမငြိမ်တဲ့ ရောဂါ၊ လူရည်လူသွေး မူကွဲ ပုံမမှန်တဲ့ ရောဂါ စသည်) အဖြစ် ကုမိတဲ့အခါ လူနာမှာ ပျောက်ကင်းသက်သာခြင်း မရှိတဲ့အပြင် ပိုလို့တောင် စိတ်ပင်ပန်းရပါသေးတယ်။ ဆေးကုပေမယ့် မပျောက်ဘူး ဆိုပြီး စိတ်ပိုညစ်တာပေါ့။ အဲဒီလိုနဲ့ပဲ တချို့သော ရောဂါသည်တွေဟာ အရက်၊ မူးယစ်ဆေး စသည်တို့ကို သုံးစွဲလာတယ်။ ဆေးမှန်မှန်ကန်ကန်နဲ့ မကုရတော့ သူတို့ရဲ့ အပြုအမူတွေကလည်း ပိုဆိုးလာပြီး လူမှုအသိုင်းအ၀ိုင်းနဲ့ ပဋိပက္ခတွေ ပိုဖြစ်လာတတ်ကြပါတယ်။

လောလောလတ်လတ် ထွက်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆယ်နိုင်ငံ ပါဝင်ခဲ့တဲ့ သုတေသန တွေ့ရှိချက်အရ သုတေသန ပြုခဲ့တဲ့ လူဦးရေပေါင်းရဲ့ ၃.၅% ဟာ Adult ADHD ရောဂါလက္ခဏာတွေ ရှိတယ်လို့ တွေ့ရပါတယ်။ သူတို့တွေဟာ ရောဂါမရှိသူတွေနဲ့စာရင် တစ်နှစ် ပျမ်းမျှခြင်း အလုပ်မှ ပျက်ကွက်ရက် (၂၂)ရက် ပိုတယ်လို့လည်း တွေ့ရပါသတဲ့။ ကုန်ထုတ်စွမ်းအား လျော့ကျစေတဲ့ အဓိကအကြောင်းတစ်ရပ်အဖြစ် အလုပ်ရှင်တွေ၊ အစိုးရတွေ သတိထားသင့်ကြောင်း၊ ဒီရောဂါကို ရှာဖွေဖော်ထုတ် ဆေးကုသသင့်ကြောင်း သုတေသနစာတမ်းရှင်များက တိုက်တွန်းထားပါတယ်။

ဆေးပညာပိုင်းအရ ပြောရရင်တော့ ခုနောက်ပိုင်း အထွေထွေ စိတ်ရောဂါကု ဆရာဝန်များ (General Adult Psychiatrists) ကို Adult ADHD အကြောင်း ပိုသတိပေး ဆွေးနွေးလာကြပါတယ်။ ငယ်ငယ်တုံးက ကလေးစိတ်ရောဂါကု ဆရာဝန်တွေရဲ့ ကြီးကြပ်မှုနဲ့ လှုံ့ဆော်ဆေး (stimulants) တွေ သောက်ခဲ့ရတဲ့ ကလေးတွေ လူငယ်လူလတ်ပိုင်း ရောက်လာတဲ့အခါ ဆေး ဆက်သောက်ရဖို့ အလားအလာ များပါတယ်။ အဲသလို ငယ်ငယ်က ရောဂါ ရှာမရခဲ့တဲ့ ရောဂါရှင်တွေဟာ အသက်ကြီးမှ အထက်ပါ ရောဂါလက္ခဏာတွေနဲ့ စိတ်ရောဂါအထူးကုတွေဆီ ပထမဆုံးအကြိမ် ရောက်လာတတ်ပါတယ်။ ဒီအချိန်မှာ ရောဂါရှာတွေ့ (diagnosis ရ) သွားရင် ဆေးကုနိုင်ပြီပေါ့။

ဆေးတွေက ဦးနှောက်ထဲက မညီမျှတဲ့ ဓာတုပစ္စည်းတွေကို ညှိနှိုင်းပေးပါတယ်။ စွဲတတ်တဲ့ သဘာဝရှိလို့ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ပြီးမှ စီစဉ်တာ ကောင်းပါတယ်။ ဆေးအပြင် brief structured psychotherapy (ဥပမာ- Cognitive Behaviour Therapy) ဟာလည်း ထိရောက်တယ်လို့ တချို့ သုတေသနပြုချက်တွေက ဆိုပါတယ်။ အပြုအမူပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ပြောင်းလဲသင့်တာတွေကို အမူအကျင့်နဲ့ဆိုင်တဲ့ စမ်းသပ်ချက်တွေ လုပ်ခိုင်းပြီး ကုသတာပါ။ နောက်ထပ် လေ့လာမှု၊ သုတေသနတွေ လုပ်ဖို့တော့ တော်တော် လိုအပ်ပါသေးတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။


Reference
  1. Asherson, P., Craddock, B., Taylor, E. (2007) 'Adult attention-deficit hyperactivity disorder: recognition and treatment in General Adult Psychiatry' , British Journal of Psychiatry, 190; 4-5.
  2. De Graaf, R. et al (2008) 'Prevalence and effects of Adult attention-deicit/ hyperactivity disorder (ADHD) on the performance of workers: results fromthe WHO World Mental Health Surver Initiatives, Occupational and Environmental Medicine;65:835-842.

Read More...