Tuesday, August 19, 2008

English Learning Websites

English စာ လေ့လာလိုသူတိုင်းအတွက် ကျွန်တော်သိတဲ့ ကောင်းတဲ့ Link လေးတွေကို စုစည်းဖော်ပြထားပါတယ်။ ဒီထက်ကောင်းတာလေးတွေ ရှိရင်လည်း Share လုပ်ပေးပါ။
http://www.americanrhetoric.com/
http://www.gettoefl.com/
http://www.rong-chang.com/
http://englishtips.org/en/
http://www.englishbaby.com/

ဒီမှာတော့ အရမ်းကောင်းတဲ့ Dictionary ကို File size သေးသေးလေးနဲ့ အလကားပေးထားတဲ့ Dictionary ကို ရယူနိုင်ပါတယ်။
http://www.lingoes.net/

Read More...

Life Cycle (4)

ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၄)
Juan

ကျန်းမာရေး ၀န်ဆောင်မှု နှင့် ကျန်းမာရေး စံနစ်


ကျန်းမာ ဖို့ ဘာအရေး ကြီးသလဲ ?

ဒီမေးခွန်း ကိုဖြေဖို့ လူမျိုး တစ်ရာ့ တစ်ပါး မှာ အဖြေ တစ်ရာ့ တစ်မျိုး၊ ပါပ လူမျိုး ကိုးဆယ့်ကိုး မှာ အဖြေ ကိုးဆယ့်ကိုးမျိုး ရှိနေမှာ အသေ အချာ ပါပဲ။ ပုဂံ ရာဇ၀င် ကို တုတ်ထမ်း ပြီးငြင်း ရတယ် ဆိုသလို ပဲ ဒီမေးခွန်း ရဲ့  အဖြေ မှာလည်း လူတစ်ကိုယ်၊ အကြိုက် တစ်မျိုး မို့ တုတ်ထမ်း ဖြေကြ ရမှာ မျိုး ဖြစ်တယ်။ အများညီ ဤကို ကျွဲဖတ် လို့ရမဲ့ အဖြေမျိုး တွေက တော့ သင့်တင့် လျှောက်ပတ် တဲ့အာဟာရ ကိုမှီဝဲ၊ ဥတု ရာသီ နဲ့ သဟ ဇာတ ဖြစ်အောင် နေထိုင် ၀တ်ဆင်၊ မက်ဒီကယ် ချက် အပ် ခေါ် လိုအပ် တဲ့ဆေးစစ် မှုတွေ မှန်မှန်လုပ်၊ ရောဂါ ဖြစ်ရင် တတ်ကျွမ်း နားလည်သူ ဆရာဝန် ကြီးများ နဲ့ စောစော စီးစီး ပြသ၍ ကုသမှု ခံယူ ဆိုတာမျိုး တွေဖြေကြ မှာပေါ့။


သူ့ အထွာ နဲ့ သူကျိုးကြောင်း ဆီလျှော် တဲ့ဒီ အဖြေတွေ ကိုမှားတယ် လို့ပစ်ပစ် ခါခါ ငြင်းပါယ် စရာ အကြောင်းမရှိပါ။ သို့သော် ကျန်းမာ ဖို့ အရေး အကြီးဆုံး အကြောင်း တစ်ခုတည်း ပြောပါ ဆိုရင်တော့ အတော် လေးကို အဖြေရ ကျပ်လိမ့်မယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကတော့ ကျန်းမာရေး အတွက် အရေး အကြီး ဆုံး အရာသည် ကောင်းမွန် မှန်ကန် တဲ့ ကျန်းမာရေး စံနစ် (Good Health System) ပါပဲ လို့ ခိုင်ခိုင် မာမာ ဆိုပါတယ်။ ကျန်းမာရေး စံနစ် တစ်ခု ကို အောင်အောင် မြင်မြင် တည်ဆောက် အကောင် အထည် ဖော်နိုင် ခြင်းသည် သာလျှင် အဲဒီ ကျန်းမာရေး စံနစ် လွှမ်းခြုံ ၀န်ဆောင် မှုပေး သော ဒေသ အတွင်း နေထိုင်သူ များရဲ့  ကျန်းမာရေး အတွက် အရေး အကြီးဆုံး၊ အလိုအပ် ဆုံး ကိစ္စ ဖြစ်ပါသတဲ့။

စံနစ် တစ်ခု ကို ဖန်တီး တည်ဆောက် ဖို့ ဆိုတာ ယေဘုယျ အားဖြင့် ပေါ်လစီ မိတ်ကာ တွေရဲ့  အလုပ်၊ လူတိုင်း လမ်းလှမ်း မှီတဲ့ အရာ မဟုတ်၊ ဒါကြောင့် ငါတို့နဲ့ မဆိုင်- လို့တွေးမိ သူတွေ ဒုနဲ့ဒေး။ ရှေးယခင် ကတော့ လက်တစ်ဆုပ် စာ ပေါ်လစီ မိတ်ကာ များလည်း ဒီလို ပဲတွေးခဲ့၊ လုပ်ခဲ့ ကြတယ်။

တစ်ခါတုန်းက-
အားလုံး အတွက် ကျန်းမာရေး၊ အားလုံး ကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ (ခု ၂၀၀၀ ကို ၈ နှစ်တောင် ကျော်ခဲ့ပြီ)၊ လူတိုင်း အတွက် ကျန်းမာရေး ဆိုတဲ့ WHO ရဲ့ မိုးလုံး ဟိန်းတဲ့ ကြုံးဝါး ကြွေးကြော် သံကြီး တွေနဲ့ အတူ ဆင်းရဲ ချမ်းသာ မရွေး၊ နီးနီး ဝေးဝေး၊ တတ်နိုင်နိုင် မတတ်နိုင်နိုင် ကျန်းမာရေး စောင့်ရှောက်မှု ဆုလာဒ် ကြီးကို လူတန်းစေ့ လူမှန်ရင် အခမဲ့ ရရှိ နိုင်စေ ရမယ် ဆိုတဲ့ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကြီး (Primary Health Care) ကို လက်တစ်ဆုပ်စာ ကျန်းမာ ရေး ပေါ်လစီ မိတ်ကာ အီလစ် များက တကယ့် အစောင့် ရှောက်ခံ လူထု ရဲ့  သဘော ဆန္ဒ ကိုတစိုးတစိ မှမမေးပဲ ကိုယ့်ဇာတ် ကိုယ်ထောင်၊ ကိုယ့်ကြိုး ကိုယ်ဆွဲ ပြီး ဖန်တီး အကောင် အထည် ဖော်ခဲ့ ကြဖူးတယ်။ အကျိုး ဆက် ကတော့ ပိုးသာ ကုန်၊ မောင်ပုံ စောင်း မတတ် ဖြစ်ခဲ့ ရတာ ပါပဲ။

ဆိုတော့ ယခင် ကဖန်တီး ခဲ့ကြ တဲ့ ကျန်းမာရေး စံနစ် တွေဟာ အများအားဖြင့် မအောင်မြင် ခဲ့ကြ ဘူး၊ ဒီလို မအောင်မြင် တဲ့ကျန်းမာရေး စံနစ် အတွက် အချိန်၊ ငွေ နဲ့ လုပ်အား တန်ဖိုး တွေရင်းနှီး ရတာ တွက်ခြေ မကိုက်ဖူး၊ အကြောင်းရင်း ကိုပြန်လည် သုံးသပ် ကြတဲ့ အခါ ကျန်းမာရေး စောင့်ရှောက်မှု ပေါ်လစီ တွေဟာ ချမှတ်သူ ထားရှိတဲ့ တန်ဖိုးက များများ၊ အမှန်တကယ် သုံးစွဲ သူတွေ အတွက် တန်ဖိုးက နည်းနည်း ဖြစ်နေတာ တွေ့လာကြ ရတယ်။ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု မျိုး လူထု ကို ပေးသင့် သလဲ၊ ဘာနည်းလမ်း နဲ့ ပေးမလဲ ဆိုတာ ပေးသူ ဖက် ကသာ တန်ဖိုးတွက် ပြီးတစ်ဖက်သတ် ဆုံးဖြတ် ချမှတ် အကောင် အထည် ဖော်လေ့ ရှိခဲ့ ကြတာကိုး။

ဒီလိုနဲ့ ခံရ ပါများ လာတော့ ကျန်းမာရေး စံနစ် တစ်ခု ရဲ့ တန်ဖိုး ဟာ ပေးဆပ်သူ တို့ရဲ့  နှလုံးသား အလို ကိုချည်း လိုက်လို့ မရ ဘူး ဆိုတာ ပေါ်လစီ မိတ်ကာများ သဘောပေါက် စပြုလာ ကြတယ်။ အရေး အကြီး ဆုံး အကျိုးရှင် (Stakeholder) ဖြစ်တဲ့ လူထု ရဲ့ သဘောထား ကိုလည်း တောင်းဖို့ လိုတယ်၊ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု နည်းနာ နိသရ တွေကို ဘာနည်းလမ်း နဲ့ ဘယ်သူ့ ကိုပေးမှာ လဲ၊ ဘယ်ပုံ ဘယ်နည်း လိုချင် သလဲ ဆိုတာကို ရရှိမဲ့ အစောင့်ရှောက်ခံ လူထု အနေနဲ့ ရွေးချယ် တတ်ဖို့ သိပ်လို သပေါ့။
“ဘယ်လို ကျန်းမာ ရေးစောင့်ရှောက် မှုတွေ လိုချင် ပါသလဲ” လို့ တကယ် မေးလာ ခဲ့ရင်- အစောင့်ရှောက် ခံ လူထု ဖက်က “သားသား တိဘူးလေ” လို့ ပြီးစလွယ် ဖြေလို့ မရပါ။ အရပ်ဖက် ဆိုင်ရာ လူ့ အဖွဲ့ အစည်းများ (Civil Society) မှာ သုံးစွဲ သူတို့ ရဲ့ သဘောထား ကိုဆန်းစစ် ညှိနှိုင်း ချမှတ် တဲ့ Demand Based Health Policy ဟာအလွန် ခေတ်စား လာပါပြီ။

ကျန်းမာရေး စံနစ် ကောင်းဖို့ ဘာအရေးကြီး သလဲ?

ကျန်းမာရေး အတွက် အရေးကြီး တာက ကျန်းမာရေး စံနစ်၊ ကျန်းမာရေး စံနစ် ကောင်းဖို့ အရေးကြီး တာက ကျန်းမာရေး လို့ ပါတ်လည်ရိုက် လို့ မရဘူးခင်ဗျ၊ သေချာစဉ်းစားရင် အတော်ရှုပ်တဲ့ အမယ်ဘုတ် ချည်ခင် ကြီးပါ။

WHO ကတော့ ကောင်းမွန် မှန်ကန် တဲ့ ကျန်းမာရေး စံနစ် တစ်ခု ဖြစ်ဖို့ အီးလေးလုံး ကိုဂရုစိုက် ရမယ် လို့ ဆိုပါတယ်။
• ကျန်းမာရေး စံနစ် တစ်ခု ရဲ့ စွမ်းဆောင်နိုင်စွမ်း (Effectiveness)
• ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွင် လိုအပ်သော resource များကို မှန်မှန်ကန်ကန် ခွဲဝေ သုံးစွဲ တတ်မှု (Efficiency)
• ကျန်းမာရေး စောင့်ရှောက်မှု ကို သာတူညီမျှ ပေးစွမ်းနိုင်မှု (Equity) နဲ့
• ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များရဲ့  ကုန်ကျ စရိတ် (Economy) ဆိုတဲ့ အီးလေးလုံး ပါတဲ့။


ကျန်းမာရေး စံနစ် ဆိုတာကြီး ကလည်း WHO ကစတဲ့ ဇာတ်လမ်းမို့ ကိုယ့်ဇာတ်ကိုယ် နိုင်အောင်က နိုင်ဖို့ အတွက် Health System Performance Indicator ခေါ်တဲ့ ကျန်းမာရေး စံနစ် ရဲ့ စွမ်းဆောင်ရည် တိုင်း အညွှန်းကိန်းများကို တီတွင် ဖော်ထုတ် ရပြန် ပါတယ်။

ကျန်းမာရေး စံနစ် တစ်ခု ကောင်းမကောင်း ကို----
• ကျန်းမာရေး အသုံး စရိတ် (Health Care Cost)
• ကျန်းမာရေး စောင့်ရှောက်မှု ပေးစွမ်းနိုင် ခြင်းနှင့် လက်ခံရ နိုင်ခြေ (Assess to Health Care)
• အစောင့်ရှောက်ခံ လူထု၏ ကျန်းမာရေး အခြေအနေ (Health and Well Being status)
• ကျန်းမာရေး စောင့်ရှောက်မှု ကိုလူအများ မျှော်လင့် ထားသည့်အတိုင်း အတာ အထိ ပေးစွမ်း နိုင်ခြင်း ရှိ၊ မရှိ (Responsiveness)
• မျှတသော ကျန်းမာရေး ကုန်ကျ စရိတ် (Fair Financial Contribution)

ဆိုတဲ့ အချက် (၇) ချက်ပါ ပေါင်းစပ် အညွှန်းကိန်း (Composite Index) နဲ့ တိုင်းတာ ရမယ် လို့ဆိုတယ်၊ ပြောတဲ့ အတိုင်းလည်း WHO အဖွဲ့ဝင် နိုင်ငံ အားလုံး ရဲ့  ကျန်းမာရေး စံနစ် တွေကို ဒီအညွှန်းကိန်း ပေတံကြီး နဲ့ တိုင်းတယ်။ အကောင်း ဆုံးကနေ အဆိုးဆုံး အထိ ကြီးစဉ်ငယ်လိုက် စဉ်ချ လိုက်တဲ့ အခါမတော့ --- --- --- --- ---

Read More...

Chest Pain

ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်အောင့်ခြင်း (Chest Pain) သည် ရင်ဘတ် အလယ်တည့်တည့်နေရာ တခုတည်း၌ အောင့်ခြင်းကိုသာ ဆိုလိုခြင်း မဟုတ်ပဲ ရင်ဘတ် တခုလုံးသာမက ရင်ဘတ်နှင့် ဆက်စပ်လျက်ရှိသည့် တခြား အစိတ်အပိုင်းများအထိ ပြန့်နှံ့ပြီး အောင့်ခြင်း၊ ထိုးခြင်း၊ နာကျင် ကိုက်ခဲခြင်းအားလုံးကို ဆိုလိုပါသည်။ ရင်ဘတ်အောင့်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်မှ အတိအကျ ရောဂါ ခွဲခြားသတ်မှတ်ခြင်း (Diagnosis) ကိုလုပ်ပြီးမှသာ မည်သည့်ရောဂါ အမျိုးအစား ဖြစ်သည်ကို သတ်မှတ်နိုင်မည် ဖြစ်ပါသည်။

သို့သော်လည်း ရင်ဘတ်အောင့်သည့် ဝေဒနာကို မကြာခဏ ခံစားနေရသူ တချို့သည် ရောဂါကိုဆရာဝန်နှင့် ပြပြီး ရောဂါအဖြေမရှာပဲ မိမိကိုယ်မိမိ နှလုံးရောဂါ (သို့) အစာအိမ်ရောဂါ စွဲကပ်နေသည်ဟု ထင်မှတ်နေကြပြီး ပတ်ဝန်းကျင်မှ အကြံပေးသည့် မိမိ သန်ရာ နည်းများဖြင့် ကုသနေကြသည်ကို မကြာခဏ ကြားသိနေရပါသည်။ ထို့ကြောင့် ရင်ဘတ်အောင့်သည့် ဝေဒနာကို ခံစား နေသူများ အားလုံး အတွက် ဗဟုသုတလို့ငှာ Dr Warwick Carter ရေးသားသည့် Home Doctor ထဲမှ ကောင်းနိုးရာများကို ကောက်နှုတ်၍ ပြုစု တင်ပြ လိုက်ပါသည်။

စမ်းသပ်တွေ့ရှိမှု

ရင်ဘတ်အောင့်ခြင်းသည် အဆုပ် (သို့) နှလုံးနှင့် ပတ်သက်ပြီး ဖြစ်ပါက အရေးကြီးသဖြင့် အရေးပေါ်အနေဖြင့် ဆေးရုံအကူအညီကို ချက်ချင်းလိုအပ်နိုင်ပါသည်။ တခြားအင်္ဂါအစိတ်အပိုင်းများဖြစ်သည့် အစာပြွန်၊ ရင်အုံအရိုး၊ နံရိုး၊ နှလုံးသွေးလွှတ်ကြောမကြီး၊ သွေးလွှတ်ကြောငယ်များ၊ သွေးပြန်ကြောနှင့် နာ့ဗ်ကြောများ၊ ကြွက်သား၊ အရိုးနု၊ ရင်သားနှင့် ကျောရိုးဆစ်များ စသည့် အစိတ်အပိုင်းတခုခုတွင် ပြဿနာရှိပါကလည်း ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အကြောင်းရင်းမတူသည်ကို အခြေခံ၍ အောင့်သည့် အခြေအနေများမှာလည်း စူး၍အောင့်ခြင်း၊ ကိုက်၍အောင့်ခြင်း၊ ပျော့လွန်းမပြင်းလွန်းအောင့်ခြင်းနှင့် ဖြိကပ်၍အောင့်ခြင်း စသည်ဖြင့် အမျိုးမျိုး ရှိပြီး ဆက်တိုက် သို့မဟုတ် အကြိမ်ကြိမ်မကြာခဏ အောင့်ခြင်းများ ဖြစ်နိုင်ပါသည်။ အစာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့ကြောင့် စအောင့်နိုင်ပြီး အောင့်သည့်အချိန်တွင် အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားဝင်ခြင်း၊ ပါးစပ်ပျက်ခြင်း စသည့် လက္ခဏာများ တွဲပါလာနိုင်ပါသည်။ ဆရာဝန်မှ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး ရောဂါခွဲခြားသတ်မှတ်ပေးမှသာ ရောဂါကို အမျိုးအစားကို မှန်ကန်စွာ သိရှိနိုင်မည်ဖြစ်သည်။

ရောဂါ စစ်ဆေးသတ်မှတ်ခြင်း (Diagnosis)

ဆရာဝန်သည် ရောဂါကို အတိအကျ သိရှိရန်အတွက် အရိုးကို ကောင်းစွာစစ်ဆေးနိုင်သည့် ဓါတ်မှန်ရိုက်ခြင်း၊ အရိုးနှင့် တချို့ တစ်ရှူးများကိုပါ မြင်တွေ့နိုင်သည့် CT scan, နှလုံးအလုပ်လုပ်ပုံကို ကောင်းစွာမြင်တွေ့နိုင်သည့် ECG ( Electro-Cardiac Graph), အဆုပ်အလုပ်လုပ်နိုင်မှုကို စမ်းသပ်စစ်ဆေးသည့်သည့် Lung Function Test, ခန္ဓာကိုယ်ထဲသို့ ပါးစပ်မှတဆင့် ကင်မရာထည့်၍ ကြည့်သည့် Endoscopy စသည်တို့ ပါဝင်နိုင်သည့် စမ်းသပ်မှုကို တခု (သို့) တခုထက်ပို၍ှ ပြုလုပ်ပြီး သတ်မှတ်လေ့ရှိပါသည်။ ထိုသို့ ရှာဖွေပြီး ဖြစ်ရသည့်ရောဂါ ဇက်မြစ်ကို အတိအကျသိမှသာ ထိရောက်သည့် ကာကွယ်ကုသမှုကို ပေးနိုင်မည် ဖြစ်သည်။

ရင်ဘတ်အောင့်ခြင်းကို အဖြစ်များစေသည့် အကြောင်းရင်းများ

(၁) Injury
ရင်ဘတ်ဒါဏ်ရာ ရရှိသောအခါ ရင်ဘတ်၌အညိုအမဲစွဲ၍ နံရိုးကျိုးခြင်း၊ ကြွက်သား (သို့) အရွတ်များ စုတ်ပြဲခြင်း စသည့် တခုခုကြောင့် ရင်ဘတ် နေရာ အနံ့ပြားကို အောင့်စေပြီး လှုပ်ရှားပါက ပိုဆိုးပါသည်။

(၂) Viral infection
ဗိုင်းရပ်ကြောင့်ဖြစ်သော ကူးစက်ရောဂါများသည် များသော အားဖြင့် ကြွက်သားများကို ရောင်စေသဖြင့် ရင်ဘတ်နှင့် ကျောကုန်း ဘက်တွင် ရှိသော ကြွက်သား အဆွယ်အပွား များကို ကိုက်ခဲ နာကျင်စေပါသည်။

(၃) Arthritis
ကျောရိုးဆစ်၌ အရိုးကြေပြီး နာ့ဗ်ကြောများအား ဖိညှပ်ခံရ၍ ရင်ဘတ်၏ ကျောဘက်၌ သာမကပဲ နာ့ဗ်ကြောများ ပြန့်နံ့သည့် ဘေး တဖက်တချက် နှင့် အရှေ့ဘက် အထိနာကျင်စေနိုင်သည်။ ကိုယ်အနေအထား ပြောင်းပါက ပိုမိုနာကျင်စေပါသည်။

(၄) Myocardial Infaction
နှလုံးရောဂါသည် ကော်လက်စထရောလ် ကြောင့် ဖြစ်ပေါ်လာသည့် အဆီဖတ်များမှ နှလုံးကြွက်သားအား သွေး ထောက်ပံ့ပေးနေသည့် သွေးလွှတ်ကြော တခုခုအား ပိတ်ဆို့ စေသောအခါ ဖြစ်စေပါသည်။ နှလုံးသည် ခန္ဓာကိုယ်တခုလုံးကို အောက်စီဂျင်နှင့် အာဟာရ ရောက်အောင် တွန်းပို့ပေးနေသော အင်္ဂါဖြစ်ပါသည်။ ထိုအခြေအနေတွင် နှလုံးကြွက်သားကိုယ်တိုင်မှာပင် အောက်စီဂျင်နှင့် အာဟာရ မရတော့ သောကြောင့် ကျုံ့လိုက် ကြွလိုက် မလုပ်နိုင်တော့သောအခါ သွေးကိုခန္ဓာကိုယ်တခုလုံးသို့ ရောက်အောင် မတွန်းပို့ ပေးနိုင် တော့ပဲ နှလုံးရော ခန္ဓာကိုယ်ပါ အောက်စီဂျင်ပြတ်လပ်ပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ နှလုံးကြောင့်ဖြစ်သော ရင်ဘတ် အောင့်ခြင်းသည် လည်ပင်း၊ မေး (သို့) လက်မောင်း ( ဘယ်ဘက်၌ ပိုဖြစ်သည်) စသည့် ရင်ဘတ်နှင့် ဆက်စပ် နေသည့် မည်သည့် နေရာတွင်မဆို ဖြစ်နိုင်သော်လည်း ပုံမှန် အားဖြင့် ဘယ်ဘက်ရင်ဘတ်၊ အရှေ့ ဘက် လည်ပင်း အောက်၊ ရင်ဘတ်အလယ်တည့်တည့်နှင့် ပုခုံး အရှေ့ခြမ်းတို့၌ အဖြစ် များ ပါသည်။ အောင့်သည့်ပုံစံမှာ စူး၍ အောင့်ခြင်းမျိုးမဟုတ်ပဲ ဖိနှိပ်ပွတ်တိုက်ခံရခြင်း (သို့) အလွန်အမင်း ကိုက်ခဲစေသည့် အောင့်ခြင်းမျိုးကို ခံစားရသည်။ ထို့အပြင် နှလုံးကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်းသည် ခန္ဓာကိုယ်လှုပ်ရှားခြင်း၊ အနေအထားပြောင်းခြင်း၊ အစား စားခြင်း၊ ချောင်းဆိုးခြင်း ကြောင့် ပိုမိုနာကျင်စေခြင်း မရှိပါ။ နှလုံးကြောင့်ဖြစ်သည်ဟု ယူဆပါက ချက်ချင်း ဆရာဝန်နှင့် ဆေးရုံ အကူအညီ အရေးပေါ် လိုအပ်နိုင်ပါသည်။

(၅) Angina
ရင်ကြပ်လာပြီး ရင်ဘတ်ကို ဖိ၍ ဆုပ်ညှစ်ခံထားရသည့် အောင့်ခြင်းမျိုးကို ခံစားရပါသည်။ များသောအားဖြင့် ရင်ဘတ် အလယ် တည့်တည့် တွင် ဖြစ်ပြီး လေ့ကျင့်ခန်း (သို့) အားကစားလုပ်နေချိန်နိုင် ရုတ်တရက်ဖြစ်လာနိုင်ပြီး အနားယူလိုက်ပါက သက်သာ သွားလေ့ရှိသည်။

(၆) Pneumonia
အဆုပ်ပွခြင်း သည် အဆုပ်ကို အဓိကဖွဲ့စည်းထားသည့် လေအိတ်အသေးများ ( Alveoli) တွင် ဘတ်တီးရီးယား ကူးစက်ရောဂါပိုးများ ၀င်ရောက်နေသည့် ရောဂါဖြစ်ပါသည်။ နှာခေါင်းမှ ရှူသွင်းလိုက်သော အောက်စီဂျင်များကို အဆုပ်လေအိတ်နံရံရှိ ဆံချည်မျှင် သွေးကြောများ မှတဆင့် နှလုံးသို့ပို့ဆောင် ရပြီး နှလုံးမှတဆင့် အောက်စီဂျင်ကို သွေးက ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပြီး ဖြည့်ပေး ရပါသည်။ အဆုပ်ပွ သောအခါ လေအိတ်များတွင် ဘတ်တီးရီးယားကြောင့် လေအိတ်တခုလုံး (သို့) လေအိတ်နံရံရှိ ဆံချည်မျှင် သွေးကြောများ ပျက်စီးနိုင်ပြီး အဆုပ်ပုံမှန် အလုပ်မလုပ်နိုင်ပဲ အဖျားဝင်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ရင်ဘတ် အောင့်ခြင်းတို့ကို ဖြစ်စေ ပါသည်။ မကုသပါက ဘတ်တီးရီးယားများ အဆုပ်တခုလုံး ပြည့်သွားနိုင်သောကြောင့် လေအိတ်များ ပျက်စီးပြီး ခန္ဓာကိုယ်အား အောက်စီဂျင် မပေးနိုင်သောကြောင့် အသက် ဆုံးရှုံးနိုင်ပါသည်။

(၇) Pleurisy
အဆုတ် အမြှေးပါး ရောင် လျှင် ရင်ဘတ်အောင့်ခြင်းကို ပြင်းထန်စွာ ဖြစ်စေနိုင်၍ အသက်ရှူခြင်း၊ ချောင်းဆိုးခြင်းနှင့် လှုပ်ရှားခြင်း တို့ကြောင့် ပိုအောင့်နိုင်ပါသည်။

(၈) Reflux oesophagitis
အစာအိမ် ရောဂါတခုခုကြောင့် ရင်ဘတ်အောင့်နိုင်ပါသည်။ အစာအိပ်တွင် ဟိုင်ဒရိုကလိုရစ် အက်ဆစ်ပါရှိပြီး အစာအိမ်အား ထူထဲသော အချွဲများဖြင့် ကာကွယ်ထားပါသည်။ အကယ်၍ အစာအိမ်ရောဂါ ရှိသူများတွင် အစာအိမ် ပုံမှန်အလုပ်မလုပ်နိုင်သောကြောင့် ယင်းအား အစာအိမ်နံရံရှိ ချွဲများမှ ကာကွယ်မှုမပေးနိုင်သည့်အခါ အက်ဆစ်များမှ အစာအိမ်နံရံသို့ ရောက်ရှိလောင်ကျွမ်းနိုင်ပြီး ပူ၍နာကျင်ခြင်းနှင့် အသက်ရှူကြပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။

(၉) Tietze syndrome
ရင်အုံရိုး အနောက်ဘက်ရှိ နံရိုးနှင့်ဆက်ထားသော အရွတ်တခု (သို့) တခုထက်ပို၍ ရောင်ခြင်းကို ဖြစ်စေပြီး ပူ၍နာကျင်ခြင်းကြောင့် ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေပါသည်။

(၁၀) A blood clot
သွေးခဲ တခုခုသည် သွေးကြောအတွင်း၌ မျောပါနေလျင် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ပိတ်ဆို့နိုင်ပါသည်။ ထို သွေးခဲ သည် အဆုပ်တွင်းရှိ အဓိကသွေးလွှတ်ကြောတခုခုအား ပိတ်ဆို့သောအခါ ( Pulmonary embolus) ကို ဖြစ်စေပြီး ပိတ်ဆို့ခံရသော အဆုပ် ၏ အစိတ်ပိုင်းကို ပျက်စီးစေခြင်းဖြင့် ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူ ကြပ်ခြင်းကို ဖြစ်စေပါသည်။

ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေနိုင်သည့် တခြားအကြောင်းရင်းများ

(၁) အဆုပ်အပြင်ဘက်ရှိ ရင်ဘတ်ထဲတွင် လေခိုနေခြင်း (Pneumothorax )၊
(၂) နာ့ဗ်ကြော၌ ဗိုင်းရပ်ပိုးဝင်ရောက်နေခြင်း (Shingles)၊
(၃) အဆုပ်ပျက်စီးခြင်း (Bronchiectasis)၊
(၄) နှလုံးကြွက်သားသို့ ပိုးဝင်ခြင်း (Myocarditis)၊
(၅) မွေးရာပါ နှလုံး၏ဖွဲ့စည်းပုံ ပုံမမှန်ခြင်း၊
(၆) နှလုံးအဆို့ရှင် အလုပ်မလုပ်ခြင်း ၊
(၇) အဆုပ်တွင်း တနေရာရာ၌ ကင်ဆာရှိနေခြင်း၊
(၈) နှလုံးရောဂါအတွက် အလွန်အမင်း စိုးရိမ်နေခြင်း (Cardiac neuroses)၊
(၉) ရင်ဘတ်နံရံ ရောင်ခြင်း၊
(၁၀) သည်းခြေအိတ်တွင် ရောဂါဝင်၍ ရောင်ခြင်း (Cholecystitis) စသည်တို့ကြောင့်လည်း
... ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေ နိုင်ပါသည်။

မည်သူမဆို မည်သည့်အကြောင်းကြောင့် ရင်ဘတ်အောင့်သည်ဖြစ်စေ ရင်ဘတ်အောင့်သည့် ဝေဒနာကို တစ်ကြိမ်ထက်မက ခံစားရပါက အန္တရယ်ရှိနိုင်သည်ကို နှလုံးမူ၍ ရောဂါကို အတိအကျသိရှိရန်နှင့် အချိန်မီကာကွယ်၊ ကုသနိုင်ရန် ဆရာဝန်နှင့် မဖြစ်မနေ တွေ့သင့် ပါသည်။ မိမိ ကိုယ် မိမိ အစာအိမ်ရောဂါ (သို့) နှလုံးရောဂါ ဖြစ်နေသည်ဟု ယူဆနေသူများအနေဖြင့်လည်း ထိုရောဂါများ အမှန်တကယ် ရှိနေပါက ဆရာဝန်ညွှန်ကြားချက်မပါပဲ မိမိသန်ရာ ဆေးများ သုံးစွဲနေခြင်းသည် ရောဂါကို ပျောက်ကင်းစေမည် မဟုတ်သည့်အပြင် ပိုမို ပွားလာစေရန် မွေးထားသည်နှင့်ပင် တူနေသဖြင့် အန္တရယ် ကြီးမား လှကြောင်းကို သတိပေးရင်း မိမိ၏ ကျန်းမာရေးကို ထိရောက်စွာ ကာကွယ် စောင့်ရှောက်ကြပါရန် အကြံပြု တင်ပြအပ်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ...

Nge Naing

Read More...

Monday, August 18, 2008

Life Cycle (3)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၃)
Juan

သမား နှင့် သူ၏၀န်ဆောင် မှုများ

ရှေးအခါ ကသမား နဲ့ လူနာ ဆက်ဆံရေး ဟာ ... စေတနာ ကိုအရင်း တည်တဲ့ ဆရာ - ဒကာ ဆက်ဆံရေး မျိုးဖြစ်ခဲ့ တယ်။ ကျွန်တော် တို့ မြန်မာ့ လူဘောင် အဖွဲ့အစည်း ရဲ့ စံအရ ရောဂါ ဝေဒနာ ပျောက်ကင်း ချမ်းသာခဲ့ရင် ကုသ ပေးတဲ့ သမား တော် ကို အသက် သခင် ကျေးဇူးရှင် အဖြစ် အနန္တော၊ အနန္တ ငါးပါး လောက်နီးပါး သဘောထား တတ်ကြ ပြီး ဝေဒနာ မသက်သာ ခဲ့ရင် ကံကိုသာ အပြစ် ပုံချ လို့ ကုသ ပေးသူ သမားတော် များမှာ နဘယံ - ဘေးမရှိ၊ ဒါကြောင့် ရှေးခေတ် မြန်မာ့ လူ့အဖွဲ့ အစည်း မှာ သမားတော်၊ ဆရာဝန် များဟာ လူသား နဲ့ ဘုရား ကြား ကတန်ခိုးရှင် နတ်ဒေ၀တာ လောက်ကို တန်ဖိုးထား ရိုသေ ခြင်းခံခဲ့ ကြရ ဖူးတယ်။ ခုထက်ထိ လည်းဒီလို ရိုသေ လေးစား မှုမျိုးတွေ ရှိသင့် သလောက် ရှိနေတုန်းပါ။

သို့သော် ---
နှစ်ဆယ် ရာစု နှောင်းပိုင်း ကာလ များမှာ ဖြူစင် ရိုးရှင်း တဲ့ သမားနဲ့ လူနာ ဆက်ဆံရေး ဟာ အနည်းငယ် ရှုပ်ထွေးစ ပြုလာ ပါတယ်။ ပြိုလဲ သွားတဲ့ ဘာလင် တံတိုင်း၊ ဆိုဗီယက် ယူနီယံ နိဂုံး နဲ့ အတူစုတေ ခဲ့တဲ့ အရှေ့ ဥရောပ ကွန်မြူနစ် စံနစ်၊ မိုက်ကရိုဆော့ဖ် ၀င်းဒိုး နဲ့ ပါဆင်နယ် ကွန်ပျူတာ၊ တတိယ လှိုင်းနဲ့ ကမ္ဘာပြားခြင်း၊ ၉/၁၁ နဲ့ ဘင်လာဒင်၊ ဆူနာမီ နဲ့ ဆဒန် ဟူစိန်၊ ဂလိုဘယ် လိုက်ဇေးရှင်း နဲ့ ဈေးကွက် စီးပွားရေး စတဲ့ အပြောင်း အလဲ လှိုင်းလုံးကြီး တွေ တစ်လုံး ပြီး တစ်လုံး ခပ်ကြမ်းကြမ်း ရိုက်ခတ် ခဲ့တဲ့ (၂၀) ရာစု လက်ကျန် သက်တမ်း ကာလ များအတွင်း ယခင် ကဂုဏ်ယူ ၀ံ့ကြွား စွာ ကမ္ဘာ့ ဒေသ အတော်များများ လက်ခံ ကျင့်သုံး ခဲ့ကြ တဲ့ အခမဲ့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက် မှုစံနစ် နဲ့ အတူ ဒေါက်တာ နော်မန် ဗက်သွန်း၊ ဒေါက်တာ အင်ဒရူး မေဆင်၊ ဒေါက်တာ မြင့်မောင် တို့ အမှုးပြု တဲ့ စေတနာ ဆရာဝန်ကြီး များ ပါရာဒိုင်း ရေစီးကြောင်း မှာ ပက်လက်ရော၊ မှောက်ခုံ ပါမျောပါ ကုန်ကြတယ်။

ရိုးစင်း လှတဲ့ သမားနဲ့ လူနာ တစ်လမ်းသွား ဆက်ဆံရေး ဟာရုတ်တရက် ချက်ချင်း ပဲဈေးကွက် ၀င်လာတယ်၊ ကျန်းမာ ရေး ၀န်ဆောင်မှု ဈေးကွက် (Health Care Market) လို့ ပြောင်ပြောင် တင်းတင်း ခေါ်ခဲ့ကြတယ်။ ဒီအခါ မှာ ဝေဒနာရှင် လူနာ နဲ့ ကုသပေးသူ သမားတော် တို့ရဲ့  နှစ်ယောက် တစ်အိပ်မက် ကမ္ဘာလေး ဟာဈေးကွက်စီးပွားရေး နယ်ပယ် ထဲကို ၀င်လို့ ရပါ့မလား လို့ ဘောဂ ဗေဒ ဆင်စွယ် နန်းတော် ပေါ်က ပညာရှိ အခေါ်ခံ ရသူများ ကအံ့သြ ဘနန်း မေးခွန်း တွေ ထုတ်ကြ ပါတယ်။ အဖြေက တော့ဈေးကွက် ၀င်လွန်းလို့ ပြန်ဆွဲ ထုတ်လို့တောင် မရတော့ ပါဘူးတဲ့။ ဘယ်လို ဈေးကွက် မျိုးထဲ ၀င်သလဲ ဆိုတော့ ဘိဇနက် လုပ်ငန်း အားလုံးရဲ့  ထိပ်ခေါင်တင် ဖြစ်တဲ့ ၀န်ဆောင်မှု စီးပွားရေးလုပ်ငန်း (Service Business) အမျိုးအစား ထဲမှာ ပါပါ သတဲ့။

ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတာ လွယ်လွယ် ရှင်းရှင်း ပြောရရင် စားသုံးသူ (Consumer) အလိုကျ ၀ယ်သူ အမြဲမှန် (Customer is always right) ရတဲ့ လုပ်ငန်းမျိုးပါ။ ကျန်းမာရေး စောင့်ရှောက်မှု မှာ ၀န်ဆောင်မှု ပေးသူ (Service provider) ဖြစ်တဲ့ ဆရာဝန် နဲ့ ၀န်ဆောင်မှု ကိုရယူသူ (Consumer) ဖြစ်တဲ့ လူနာ၊ နှစ်ဦး နှစ်ဖက် ပြည့်စုံ နေတော့ ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတဲ့ ဈေးကွက် သဘော တရား နဲ့ ဇွတ်တန်းညှိ ပစ်လိုက် ပုံရပါတယ်။

တကယ်တန်း အနုလုံ၊ ပဋိလုံ သုံးသပ် ကြတဲ့ အခါ မတော့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဟာ အခြားသော ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း များနဲ့ ဖီလာ ကန့်လန့် ဖြစ်နေတာ ကိုတွေ့လာ ကြရတယ်။ အခြားသော ၀န်ဆောင်မှု လုပ်ငန်း များမှာ service provider က customer ကိုအမြဲ အလိုလိုက် အကြိုက်ဆောင် ကြရတယ်။ တနည်း ပြောရရင် service provider ကအောက်စည်း၊ customer ကအထက်စီး ကနေရာယူ ထားတယ်ပေါ့၊ ဒါကလည်း ရှင်းပါတယ်၊ သူ့အိတ် ထဲက ငွေ ကိုယ့်အိတ် ထဲရောက်ဖို့ အတွက် လူ့အောက်ကျို့  လို့ လူပိ မသေ ဆောင်ပုဒ် ကိုလက်ကိုင် ထားရ ပေမပေါ့။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ကတော့ ပြောတော့လည်း ၀န်ဆောင်မှုစီးပွားရေး၊ service provider ဖြစ်တဲ့ ဆရာဝန် ကအထက်စီး ကနေ တစ်ပြားသား မှမလျှော့ပဲ “ခင်ဗျား ကဆရာဝန် လား၊ ကျုပ် ကဆရာဝန်လား၊ ကျုပ်ပြော တာလုပ်၊ ကျူပ်ကုပေးတာခံ” ဒီလို ဆက်ဆံတာကို consumer ဖြစ်တဲ့ လူနာ ကတစ်ခွန်းမခံ ဟုတ်ကဲ့၊ ဟုတ်ကဲ့ နဲ့ပြန်ပြော ရင်း ကျသမျှ ငွေကို ရိုရိုသေသေ ကမ်းပေးလို့ ဆရာဝန် အခန်းက ခေါင်းလျှို ထွက်လာရ တဲ့ဝန်ဆောင်မှု မျိုးကိုး ခင်ဗျ။ ဒါကြောင့် လည်းဈေးကွက် စီးပွားရေး စံတွေ အရ ကျန်းမာရေး ၀န်ဆောင်မှု ဟာနားမလည် နိုင်စရာ ၀န်ဆောင်မှု မျိုးပေါ့။ customer ကအောက်ကျို့ ခယ ပြီး ၀န်ဆောင်ခ ပေးရတယ် ဆိုတာ စီးပွားရေး သဘောမှာ မရှိပါ ဘူး။ ဒါကြောင့် ကျန်းမာရေး ဈေးကွက် ဘာလဲ၊ ဘယ်လဲ ဆိုတာကို ဘောဂဗေဒ ပညာရှင်များ စိတ်ဝင် စားလာကြတယ်။ သုတေ သန လုပ်ကြည့် ကြတယ်။

ဘာတွေ တွေ့ရှိ ကြသလဲ ဆိုတော့-
(က) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း သည်ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း အမျိုး အစားတွင် ခြွင်းချက် ဖြင့် ပါဝင်သည်။
(ခ) ပုံမှန် ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း ၏၀ိသေသ လက္ခဏာ များနှင့် မကိုက်ညီရခြင်း အဓိက အကြောင်းရင်း မှာ သတင်း အချက် အလက် တစ်ဖက် စောင်းနင်း နိုင်မှု (Asymmetry of Information) ကြောင့် ဖြစ်သည်။
(ဂ) ဤလုပ်ငန်း ကိုအလွန် အကျွံ မဖြစ်အောင် ကောင်းမွန် မှန်ကန်သော ကျန်းမာရေး စံနစ် (Good Health System) ကျင့်သုံး၍ ထိန်းကျောင်း ပေးနိုင်ရ မည်
- ရယ်လို့ ဖြစ်ပါတယ်။

ဒီနေရာ မှာ သတင်းအချက် အလက် တစ်ဖက်စောင်းနင်း နိုင်မှု ဆိုတာက ဒီလိုပါ။ ခင်ဗျား laptop တစ်လုံး ၀ယ်ချင် တယ်ဆိုပါစို့။ ဘယ်အရောင်း ဆိုင်သွားဝယ်ဝယ် ရပါတယ်။ Laptop နဲ့ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို အရောင်း ၀န်ထမ်း တွေကို မေးမလား၊ စာရွက် စာတမ်း တွေလေ့လာ မလား၊ အွန်လိုင်း တက်ပြီး ကြည့်ဦး မလား။ ဈေးနှုန်း ကိုလွတ်လပ် စွာ နှိုင်းယှဉ် လေ့လာပြီး စိတ်ကြိုက် အဖြစ်ဆုံး ကိုမှ ရွေးချယ် ၀ယ်ယူမယ် မဟုတ်လား။ ဒါမျိုး ကိုရောင်းသူ နဲ့ ၀ယ်သူ ကြား သတင်း အချက် အလက် ညီမျှမှု (Symmetry of Information) ရှိတယ် လို့ဆိုပါတယ်။

နှလုံး ရောဂါ ရလို့ နှလုံး အထူးကု နဲ့ ပြချင်တယ် ဆိုပါစို့၊ ကိုယ့်ရောဂါ နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို စာရေး ကိုမေး လို့ ရမလား၊ စာအုပ် တွေဖတ် တော့ရော နားလည် မှာလား၊ အွန်လိုင်း ပေါ်မှာ ဈေးသက်သာ ပြီး ကုသမှု ကောင်းတဲ့ သမားတော် ကို စိတ်ကြိုက် ရွေးချယ် လို့ရမှာလား။ ကိုယ့် ဖက်က ဘာမှမသိတဲ့ ၀န်ဆောင်မှုကို provider ဖြစ်တဲ့ ဆရာဝန် ပြုသမျှ နုရ ပြီး ကျသလောက် ပေး ရတဲ့ အတွက် ရွေးချယ်ခွင့် မရပဲ ၀ယ်ရတဲ့ ပစ္စည်း ဖြစ်နေပါတယ်။ အကြောင်း ကတော့ doctor knows everything about your disease but you know nothing about your disease ကိုယ်ဝယ် ယူရမဲ့ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက်တွေကို ရောင်းသူ ဆရာဝန် က ၀ယ်သူ လူနာ ထက် အဆ ပေါင်းများစွာ ပိုမို သိရှိ နေခြင်းကြောင့်ပါ။ ဒါကို ပဲ asymmetry of information လို့ ဆိုကြတာပါပဲ။ ဒါဟာ ကျန်းမာရေး စောင့်ရှောက်မှု ဆိုတဲ့ လူနာ-သမား ဆက်ဆံရေး ကိုဈေးကွက်ထဲ သွတ်သွင်း ရာက ရလာတဲ့ အသိသစ် လို့ ပြောရင်လည်း ရနိုင်ကြောင်းပါခင်ဗျား။

Read More...

Sunday, August 17, 2008

Life Cycle (2)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၂)
Juan

ရောဂါနှင့် သမား


နာခြင်း သို့မဟုတ် ရောဂါ ဖိစီး နှိပ်စက် ခြင်းခံ ရသူ များကို လွယ်လွယ် ကူကူ လူနာ လို့ အမည်ပေး ကင်ပွန်းတပ် ကြပါ တယ်။ လူနာ ဖြစ်လာ တဲ့အခါ လူသားရဲ့  ဇာတိ စိတ်အရ၊ ခံစား နေရ တဲ့ ဝေဒနာ ကိုအမြန် ဆုံးပျောက် ကင်းချမ်းသာ ချင်ကြတယ်။ ပျောက်ကင်း ဖို့နည်းလမ်း တွေကိုလည်း ရှာကြ ဖွေကြ တယ်။ ဝေဒနာ အပြင်း အထန် ခံစား နေရ တာကို ဘာမှ မလုပ်ပဲ ငုတ်တုတ် ပေထိုင် ပြီး သူ့ဘာသာ သူ ပြန်ကောင်း အောင် စောင့်တဲ့သူ မရှိ ဘူးလို့ မပြော နိုင်ပေမဲ့ အလွန် အင်မတန် နည်းပါး ပါလိမ့်မယ်။ မည်သည့် တန်ဖိုး ကိုပေးဆပ် ရသည် ဖြစ်စေ ကိုယ်ခံစား ရတဲ့ ဝေဒနာ ကို ပိန်းကြာ ဖက်တွင် ရေ မတင် သလို အမြန် ဆုံး သာပျောက် ကင်းချင် ကြသမို့ သမား ခေါ်တဲ့ ဝေဒနာ ကိုပျောက် ကင်းအောင် ကုသ ပေးနိုင်စွမ်း ရှိသော ပုဂ္ဂိုလ် များရဲ့  အခန်း ကဏ္ဌ ဟာ လူ့ဘောင် လောက မှာ အရေးပါ လာပါတယ်။

လူတစ်ဦး ဝေဒနာ ခံစား ရလို့ သမားတော် ထံချဉ်းကပ် တယ်ဆိုပါစို့။ သူ့ရဲ့ ရည်ရွယ်ချက် ကခံစား နေရ တဲ့ ရောဂါ ပျောက်ကင်း ဖို့၊ သမားရဲ့  ရည်ရွယ်ချက် က- လူနာခံစား နေရတဲ့ ဝေဒနာ ပျောက်ကင်း ဖို့အတွက် ထိရောက် တဲ့ကုသ မှုပေး ဖို့ပဲ မဟုတ်လား။ လောက မှာရှိရှိ သမျှ သမား သို့မဟုတ် ဆေးဆရာ အားလုံး ဟာဒီရည်ရွယ် ချက်ကြီးကို ဦးထိပ် ပန်ဆင် ပြီး အလုပ်လုပ် ကြတာပါပဲ။ ထိရောက် တဲ့ကုသ မှု ကိုပေးချင်ရင် ပထမ ဆုံးလိုအပ် ချက်က လူနာ ခံစား နေရ တဲ့ရောဂါ ဝေဒနာ ရဲ့  အကြောင်းရင်း ကိုသိမှ ဖြစ်မယ် ဆိုတာကို သဘောပေါက် လာကြတယ်။ ဒါကြောင့် ပဲခေတ် အဆက်ဆက် သမားတော် တို့ဟာ ရောဂါ ဖြစ်ပွား ရခြင်း အကြောင်းရင်း များကို ရှာဖွေ ဖေါ်ထုတ် စုံစမ်း ခဲ့ကြပါတယ်။ ရရှိ လာတဲ့ အချက် အလက်၊ အခြေ အနေ တွေပေါ် အခြေခံပြီး ရောဂါ ဖြစ်ရခြင်း အကြောင်း များကို သီအိုရီ များ၊ အနုမာန မှန်းဆချက် (Hypothesis) များ အဖြစ် ဖော်ထုတ် ခဲ့ကြတယ်။ မှန်တာလည်းရှိ၊ မှားတာလည်း အများကြီးပေါ့။ အခြေ အနေ နဲ့ အချိန် အခါ ပေါ်မူတည်ပြီး ပြောင်းလဲ ခဲ့ကြတဲ့ အနောက်တိုင်း ဆေးပညာ ရဲ့  သမုတိ သစ္စာ သီအိုရီ များကို အနည်းငယ် တင်ပြ ပါရစေ။

(က) သဘာဝလွန် သီအိုရီ
ရှေးပဝေ သဏီ တုန်းက လူသား ဟာဝေဒနာ တစ်ခုခု ခံစား ရပြီ ဆိုရင် ဘာကြောင့် ဖြစ်ရသလဲ ဆိုတာ ကိုနက်နက် နဲနဲ စဉ်းစား နိုင်စွမ်း မရှိ ခဲ့ပါ။ စား၊၀တ်၊ နေရေး ဖြစ်တဲ့ Basic Needs ကိုဦးစား ပေးဖြေရှင်း ရတဲ့ ခေတ်မို့ Safety Needs ဖြစ်တဲ့ ကျန်းမာရေး ကိုလှည့်ကြည့် ဖြေရှင်း ချိန်မရ တာက တစ်ကြောင်း၊ ကျိုးကြောင်း ဆင်ခြင် တုံတရား အားနည်း တာက တစ်ကြောင်း တို့ကြောင်း ရောဂါ ဝေဒနာ ရဲ့ အကြောင်း တရား ကိုမမြင် နိုင်တဲ့ သဘာဝ လွန် ဖြစ်ရပ် များ အပေါ် ပုံချ လိုက်လေ့ ရှိတယ်။ မိုးနတ် မင်းကြီး စိတ်ဆိုးလို့၊ လေနတ် သားက ဒေါပွလို့၊ မီးနတ် ကို မပူဇော်လို့၊ စုန်း၊ ကဝေ၊ မြေဘုတ်၊ ဘီလူး၊ ပြိတ္တာ၊ နာနာ ဘာဝ၊ တစ္ဆေ၊ သရဲ များက သောက်မြင်ကပ်ကပ် နဲ့ ပြုစား လို့ ရောဂါ ဖြစ်ရတယ် ဆိုပြီး ယူဆ လိုက်ကြ တယ်။ အေးရော၊ ခုခေတ် ပြောပြော နေတဲ့ ဘာမှ လာရှင်း ပြမနေနဲ့ ဆိုတာ မျိုးပေါ့၊ ကိုယ့်လက် ကလွတ် ဗြွတ် ဆိုပြီး ပြောချ လိုက်တဲ့ သဘောပါပဲ။ ထူးဆန်း တာက တော့ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်၊ စူပါ အင်ဖော် မေးရှင်း တက္ကနို လိုဂျီ ခေတ် လို့ ပြောပြော နေတဲ့ ပစ္စုပ္ပန် ကာလ မှာတောင် ဒီသီအိုရီ ဟာ ကမ္ဘာ့နေရာ ဒေသ အတော်များများ မှာပန်းပန်လျှက်ပဲ ရှိနေ သေးတယ်။

(ခ) ဟန်ချက်ညီ သီအိုရီ
ခေတ်တွေ ပြောင်းပြီး လူဖြစ်သက် ရင့်လာ တာနဲ့ အမျှ စဉ်းစား နိုင်စွမ်း ရှိလာ တဲ့လူသား တွေဟာ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကျင့်ဝတ် ဆိုင်ရာ အတွေး အခေါ် များမြင့်မား လာတာနဲ့ အမျှ ရောဂါ ဝေဒနာဟာ ဘုရားရိုက်လို့၊ နတ် ခိုက်လို့ ဆိုပြီး အယုံကြီး ယုံနေတဲ့ အဆင့် ထက်ပို ပြီးတွေးတော ဆင်ခြင် နိုင်စွမ်း ရှိလာ ကြတယ်။ မဇ္ဈိမ ကအစပြုခဲ့တဲ့ ဟန်ချက်ညီ သီအိုရီ ဟာအဲဒီ ခေတ် အခါ ကအလွန်ရှေ့ တန်း ရောက်သော မော်ဒန် အတွေးအခေါ်သစ် ဖြစ်ခဲ့တယ်။ လူ့ ခန္ဓာကိုယ် မှာ အဓိက ကျတဲ့ လေ၊ သည်းခြေရည် နဲ့ သလိပ် ဆိုတဲ့ ဓါတ်သုံးပါး ဟန်ချက် ညီညီ လည်ပါတ် နေနိုင်ရင် လူဟာ ကျန်းမာနေပြီး ဒီဓါတ်သုံးပါး အနက် တစ်ခုခု ဖောက်ပြန် တာနဲ့ ရောဂါ ဝေဒနာ အစပျိုး တော့တာပဲ လို့ ဒီသီအိုရီ ကဆိုပါတယ်။ နောက်ပိုင်း မှာ ဒီသီအိုရီ ကိုပဲ ဥရောပ၊ ဂရိ ဆေးပညာ ကကော်ပီ လုပ်ပါတယ်။ (ကော်ပီရိုက် ဥပဒေ ကိုဥရောပ ကစတင် ချိုးဖောက် တာလို့ ပြောရမလား?)၊ မြန်မာ ပြည်မှာ ခေတ်စား တဲ့ အာယုဗေဒ ဆေးပညာ ရဲ့  မူလ ဘူတ ဓါတ်ကြီး လေးပါး (ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော) ဆိုတာလည်း ဒီက ဆင့်ပွား ထွက်လာတဲ့ အခက်အလက်ပါပဲ။

(ဂ) လေသီအိုရီ
ဟန်ချက်ညီ သီအိုရီ ခေတ်ကုန် သွားချိန် မှာ ဥရောပ ဖက်မှာ လေသီအိုရီ ဆိုတာ ပေါ်လာ ပြန်တယ်။ ရောဂါ ဖြစ်ပွား ရခြင်း ကို မသန့်ရှင်းသော၊ အဆိပ် အတောက် ပါသော လေပုပ် လေသိုး ကိုရှုမိ၊ ရှိုက်မိ လို့- လို့ဆိုပြန်တယ်။ ကူးစက် ရောဂါ တွေလို့ ဒီနေ့ခေတ် ရှင်းရှင်း လင်းလင်း သိထားတဲ့ ကာလ၀မ်း၊ ဌက်ဖျား၊ ပုလိပ် စတဲ့ ရောဂါ အားလုံး ဟာ အရင်း စစ်လိုက် တော့ အယုတ် တမာ လေဆိုး ကြောင့် လို့စွပ်စွဲ ပါတယ်။ သူများ ပြောတိုင်း မယုံ ချင်ကြသူ တွေက သုတေသန တွေလည်း လုပ်ကြည့် ကြတယ်။ ဟုတ်လောက် တယ်လို့ ထင်စရာ ရှိတဲ့ အထောက် အထား တွေ့လည်း တွေ့ခဲ့ ကြပါသေး။ နောက်ပိုင်း ကျမှ ဒီအထောက် အထားတွေဟာ ဆေး သုတေသန မှာ သတိ ထားရမဲ့ တနွယ်ငင် တစင်ပါ အမှားများ (Confounders) အဖြစ် နှလုံးသွင်း လက်ခံ လာခဲ့ ကြတယ်။ ထိုခေတ် ထိုအခါ ကတော့ ပရမတ္တ သစ္စာ နီးနီး လောက်ယုံခဲ့ ကြတယ်လေ။

ဌက်ဖျား (Malaria) ဆိုတာ အီတလီ စကား၊ အဓိပ္ပါယ် က Bad air disease တဲ့၊ နောက်ပိုင်း မှာ Plasmodium ဌက်ဖျား ပိုးကြောင့် ရောဂါ ရတာ၊ ဒီပိုး ကို Anopheles ခြင် ကသယ် ဆောင်ပြီး ဒီခြင် ကိုက်လို့ ရောဂါဖြစ် တာမှန်း သိလာပေမဲ့ အရင့် အရင် ကပေး ထားခဲ့တဲ့ နာမည်မှား ကြီးက တွင်နေပြီ မို့ ပြင်မရတော့ပါ။ ငယ်ငယ်က ဖိုးထော် လို့ နှုတ်ကျိုး အောင်ခေါ် ခဲ့ကြ ပြီး ကြီးလာမှ ထက်မိုးအာကာ လုပ်ချင် လို့ မရတော့ဘူး၊ သေရာ ပါအောင် ငယ်နာမည် ကတွင်ခဲ့ ပြီလေ။

(ဃ) အမှုန် အမွှား သီအိုရီ
နှစ်တစ်ထောင် အမှောင် ခေတ်ကြီး ကိုကျော်ဖြတ် ခဲ့ပြီး ပြန်လည် နိုးထ လာခဲ့တဲ့ ဥရောပ ရဲ့ ရီနေဆွန်း ကာလ လို့သမိုင်းတွင် ခဲ့တဲ့ ၁၅၀၀ ခုနှစ် တွေလောက်မှာ ပေါ်ပေါက်လာတဲ့ သီအိုရီဖြစ်တယ်။ ဖရာ့ ကက်စတို လီးယပ်စ် ဆိုတဲ့ အီတလီ ဆရာဝန် တစ်ဦး ကစတင် ဖော်ထုတ် ခဲ့တယ် ဆိုပဲ။ သာမန် မျက်စိ နဲ့ မမြင်နိုင်တဲ့ အမှုန် အမွှား လေးတွေ လူနာ တစ်ယောက် ကနေ နောက်တစ်ယောက် ကိုကူး စက် ရာက တဆင့် ကူးစက် ရောဂါ တွေ ဖြစ်ပွား ပါသတဲ့။ လိင် ကတဆင့် ဆစ်ဖလစ် ရောဂါ ကူး စက် နိုင်တယ် ဆိုတဲ့ လမ်းကြောင်း မှန်ကို တွေ့ခဲ့ ပြီးခါမှ လူတွေ သိချင် ကြတဲ့ အမှုန် အမွှား ဆိုတာ ဘာလဲ။ ဘယ်လို လမ်းကြောင်း တွေက တဆင့် ဘာကြောင့် ကူးရ တာလဲ ဆိုတဲ့ မေးခွန်း တွေကို ပြေလည် အောင် မဖြေရှင်း နိုင်လို့ သူ့ကို ထင်ရာ မြင်ရာ လျှောက်ပြော သူအဖြစ် ကင်ပွန်းတပ် ခံခဲ့ ရရှာတယ်။

(င) အလို အလျှောက် ဖြစ်ပွား ခြင်း သီအိုရီ
ရောဂါ ဆိုတာ သူ့ဖာသာ သူဖြစ် ချင်တဲ့ အချိန်မှာ တားမနိုင် ဆီးမရ နဲ့ အလို အလျှောက် ဖြစ်တော့ တာပဲ ဆိုတဲ့ သီအိုရီ တစ်ခု ခေတ်စား ခဲ့ပါသေး တယ်။ ခေတ်နောက်ပြန် ဆွဲယုံ မက ရှေ့ က ပေါ်ပေါက် ခဲ့တဲ့ လူသားရဲ့  ကျိုးကြောင်း ဆင်ခြင်တုံ တရား နဲ့ အသိဥာဏ် တွေကို ပါ မြောင်းထဲ ဆွဲချ လိုက်တဲ့ သီအိုရီ ပါပဲ။ ဒီလို သာဆို ရင်တော့ ရောဂါ ဆိုတာ ဖြစ်ချင် တဲ့ အချိန် ထဖြစ်ပြီး ပျောက်ချင်တဲ့ အချိန် ပျောက်လိမ့် မပေါ့။ သမားတော် ဆိုတဲ့ ပုဂ္ဂိုလ် တွေကို ဘဇာ ကြောင့် အားကိုး နေရ ဦးမှာလဲ လို့ လူတွေ ထင်ယောင် ထင်မှား ဖြစ်စေ တဲ့အထိ ဆေးပညာ ကိုအိုးမဲ သုတ်ခဲ့တဲ့ သီအိုရီ ပါပဲ။

(စ) ပိုးမွှား သီအိုရီ
ရှေ့ က တင်ပြ ခဲ့တဲ့ သီအိုရီ အားလုံး နီးပါး ဟာ အချို့ က ကိုယ်ထင်ရာ ကိုယ်ပြောကြတာ၊ အချို့ က သိပ္ပံ ပညာကို အတိုင်း အတာ တစ်ခုထိ အသုံးချ ပြီးဖော် ထုတ်ခဲ့ကြ တာဆိုပေမဲ့ သိပ္ပံ နည်းကျ အစစ် ဆေးခံ နိုင်တဲ့ ဒေါင်ဒေါင်မြည် တစ်ခုမှ မပါခဲ့ ပါ။ ဒီလိုနဲ့ပဲ ဆေးပညာ သမားတော် များဟာ ကာလ တစ်လျှောက်လုံး ပျောက်သော လမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေရာက ၁၉ ရာစု နှောင်းပိုင်း လောက်မှာ မျှော်လင့်ချက် ရောင်ခြည်သစ် ပေါ်ထွန်း လာခဲ့ပါ တယ်။ ခရစ် သက္ကရာဇ် ၁၆၇၀ မှာ အန်သိုနီ လူဝင်ဟုတ် ဆိုတဲ့ ပုဂ္ဂိုလ် အဏုကြည့် မှန်ဘီလူး ကိုစတင် တီထွင် လိုက်ရာက ဒီပစ္စည်း လေးကျေးဇူး နဲ့ အရင် ကမမြင် ခဲ့၊ မသိခဲ့ တဲ့ အသိသစ် တွေရလာကြတယ်။ ဖိုးသူတော် မျက်စိလည်ရင် ဆွမ်းဆန် များများ ရတတ်သလို၊ ပညာရှင်တွေ မျက်စိ လည်ရင် အသိသစ် များများ ရတတ် ပါတယ်။ ငြင်းကြရင်း၊ ခုံကြရင်း၊ ဟောတစ်ကောင်၊ ဟောတစ်ကောင် ရှာလို့ တွေ့ရင်း နဲ့ပဲ ရောဂါ တွေဟာ microbe ခေါ် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှား တွေကြောင့် ဖြစ်ရတယ် ဆိုတာကို တဖြည်းဖြည်း လက်ခံ လာခဲ့ ကြတယ်။

လူဝီ ပါစချာ (၁၈၂၂-၁၈၉၅) လက်ထက် မှာတော့ ဒီ အနုမာန အယူအဆ ကိုခိုင်ခိုင် မာမာ သက်သေ ပြနိုင် ခဲ့တယ်။ တီဘီ ပိုး ကိုဖော် ထုတ်သူ ရောဘတ် ကော့ခ်ျ ဆိုရင် Koch’s postulate ဆိုတဲ့ ကိုယ်ပိုင် အယူအဆ တစ်ရပ် ကိုရဲရဲ တောက် ဖော်ထုတ် ခဲ့တယ်။ သူ့ အဆိုကို လွယ်လွယ် ပြောရရင်-

ရောဂါ သည် မျက်စိ ဖြင့် မမြင် နိုင်အောင် သေးငယ်သော ပိုးမွှား များကြောင့် ဖြစ်၏။ ထို့ကြောင့် ရောဂါသည် လူနာ တိုင်း၏ ခန္ဓာကိုယ် တွင် ရောဂါပိုး များရှိ၏။ ထိုရောဂါပိုး တို့ကို လူနာ၏ ခန္ဓာကိုယ် မှ တနည်းနည်း ဖြင့်ထုတ် ယူပြီး အဏုကြည့် မှန်ဘီလူး ဖြင့်ကြည့်လျှင် ပိုးတွေ့ ကိုတွေ့ ရမည်။ Culture လုပ်ပြီး မွေးမြူလျှင် ပိုးများ ပေါက်ဖွား ရမည်။ ပေါက်ဖွား လာသော ပိုးတို့ ကိုရောဂါ ကင်းစင်သည့် လူ သို့မဟုတ် သတ္တ၀ါ တစ်မျိုးမျိုး ၏ခန္ဓာ ကိုယ်တွင်း ပြန်လည်သွတ်သွင်း ပေးနိုင်လျှင် ပထမ ပိုးထုတ်ယူ လိုက်သည့် လူနာ ခံစား ခဲ့ရသည့် ရောဂါဝေဒနာ အတိုင်း ထပ်တူထပ်မျှ ရောဂါ ဖြစ်ပွားစေ ရမည်။ တူညီ သော ရောဂါ ခံစား နေရသူ ဝေဒနာ သည်တိုင်း ၏ခန္ဓာကိုယ် မှထုတ်ယူ လိုက်သော ရောဂါပိုး သည်တစ်မျိုး တစ်စား တည်းသာ ဖြစ်စေ ရမည်။ ဤမှန်သော သစ္စာ တရား ကိုငါ တွေ့ရှိ ခဲ့သည်။


ဖော်ပြ ပါပါတ်လည် ရိုက်သဘော တရားကို တွေ့ရှိ ဖော်ထုတ်ခဲ့ပြီး လက်ခံ ချင်စရာ အထောက် အထား များကို တီဘီပိုး နဲ့ သက်သေ ပြနိုင် ခဲ့ပေမဲ့ တီဘီ ပိုးရဲ့ မျိုးတူ မူကွဲ ညီအကို တော် အနာကြီး ရောဂါပိုး နဲ့ ကြုံရ တဲ့ အခါမတော့ သူ့ ပါတ်လည် ရိုက်သဘော တရားကြီး ဒူးထောက် လက်မြှောက်ရလောက်အောင် ပိုးတို့၏ မာယာ နဲ့ကြုံတွေ့ ခဲ့ရရှာတယ်။ ဘာပဲ ပြောပြော ပိုးမွှား သီအိုရီ ဟာ သူ့ရှေ့ က နောင်တော့် နောင်တော် သီအိုရီ အားလုံးထက် အပြတ် အသတ် တိကျ ပြီးသိပ္ပံ နည်းကျ တယ် ဆိုတာ ကိုတော့ မငြင်း နိုင်ပါ။

(ဆ) သုံးချောင်း ထောက် သီအိုရီ
ပိုးမွှား သီအိုရီ ကိုခြောက်ပစ်ကင်း သဲလဲစင် အဖြစ် အနောက်တိုင်း ဆေးပညာရှင် အားလုံး တညီ တညွတ် တည်းလက်ခံ ခဲ့ကြ ပေမဲ့ အချိန်ကြာ လာတာနဲ့ အမျှ လစ်ကွက်၊ ဟာကွက် ကလေး တွေကို တွေ့လာ ရပြန်တယ်။ ရောဂါ တိုင်းဟာ ပိုးကြောင့် ဖြစ်တဲ့ ကူးစက် ရောဂါ များ မဟုတ်၊ ပိုးကြောင့် ဖြစ်တယ် ဆိုစေ ဦးတော့၊ ပိုးရှိ နေယုံ သက်သက် နဲ့ ရောဂါ ရလောက် တဲ့ အထိ အဖြစ် မဆိုး နိုင်ဘူး ဆိုတာ တွေ့လာ ခဲ့ကြတယ်။ ဒါကြောင့် ရောဂါ တစ်ခု ဖြစ်ပွား ဖို့ အတွက် အနည်းဆုံး အကြောင်း တရား သုံးပါး ဖိုခနောက် ဆိုင် ဆုံဖို့ လိုအပ် တယ်လို့ ယူဆ လာခဲ့ ကြပြန် ပါတယ်။ ရောဂါ ဖြစ်ပွား စေသော လက်သည် တရားခံ (Agent)၊ ရောဂါ လက်ခံ မည့်သူ (Susceptible Host) နဲ့ အထက်ပါ အကြောင်း နှစ်ပါး ဖူးစာ ဆုံအောင် ဖန်တီးပေး နိုင်သော ပါတ်ဝန်းကျင် (Suitable Environment) ဆိုတဲ့ ဒီအကြောင်း သုံးပါး ရင်ဆိုင် ဆုံတွေ့ ပါမှ ဘယ်ရောဂါ မဆို ဖြစ်ပွား တတ် ပါသတဲ့။ ဒါကြောင့် လည်းဒီ အကြောင်း သုံးပါး ကိုရောဂါ ဖြစ်ပွားမှု တြိဂံ၏ အနားစွန်း ထောင့်သုံးဖက် (Epidemiological Triad of Causation) လို့ ခေါ်ခဲ့ ကြပါတယ်။

(ဈ) ပင့်ကူ အိမ် သီအိုရီ
ဒုတိယ ကမ္ဘာစစ် အပြီး စစ်အေး ကာလ များမှာ ရှေးယခင် ကလူသား ကိုပုံမှန် နှိပ်စက် နေကြ ကူးစက် ရောဂါ များ အပြင် မကူးစက် နိုင်သော နာတာရှည် ရောဂါ များ ဆိုတဲ့ နောက်ထပ် ရောဂါ ဖောက်သည်ကြီး တစ်ဦး တိုးလာ ပါတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ အစ ရှိတဲ့ ရောဂါ များပေါ့။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ် ဆန်း၊ ဆိုသလိုပဲ ဒီရောဂါ တွေက ကူးစက် ရောဂါ တွေနဲ့ သဘော သဘာဝ ချင်းအင် မတန် ကွဲလွဲ တယ်။ ဒါကြောင့် အချိန် ပေးပြီး လေ့လာ ကြရ ပြန်ရော။ ရောဂါ ဖြစ်စေတဲ့ ပိုးဟာ ဒီမှာဟေ့ လို့ လက်ညှိုး ထိုးပြ ပြီးတရားခံ ရှာလို့ လဲမရ၊ လက်သည် လည်းတိတိ ပပ မရှိ၊ ဟိုဟာ ကြောင့် လည်းဖြစ်နိုင်၊ ဒီဟာ ကြောင့် လည်းဖြစ်နိုင်၊ ဖြစ်နိုင် တဲ့လက်သည် တွေက လည်းအနမတဂ္ဂ၊ ဒါကပဲ မကူးစက် တတ်တဲ့ ရောဂါ များရဲ့  trademark ဖြစ်လာ ပါတယ်။ ဒါကြောင့် လည်း ဒီရောဂါ မျိုးတွေ ရဲ့  ဖြစ်နိုင်ဖွယ် ရှိသော လက်သည် များ (Risk factors) ကိုရှာဖွေ ဖော်ထုတ် လာကြ ရတယ်။

အနာကြီး ရောဂါ ဘာကြောင့် ဖြစ်၊ Mycobacterium leprae ကြောင့်ဖြစ် ဆိုရင် ပွဲသိမ်း ပေမဲ့၊ နှလုံး သွေးကြော ကျဉ်းရောဂါ ဘာကြောင့် ဖြစ်၊ နှလုံး သွေးကြော ကျဉ်းပိုး ကြောင့်ဖြစ်- လုပ် လို့ မရပါ။ ဆေးလိပ်သောက်လို့၊ သွေးတိုး အခံရှိလို့၊ ၀လို့၊ ထိုင်းမှိုင်း လို့၊ အဆီ အဆိမ့် အလွန် အကြူး စားလို့၊ ကိုယ်လက် လှုပ်ရှား အားကစား ကိုဝေရာ မဏိ လို့၊ ဒေါသ က ကျောမ တက်နေလို့ စသည်ဖြင့် တရားခံ စာရင်း ကတသီ တတန်းကြီး ထွက်လာ ပါတယ်။ ဒါတွေကို မှ အဓိက တရားခံ၊ သာမည တရားခံ ပြန်ခွဲ၊ စာရင်းပြုစု၊ ဒီတရားခံ တွေထဲမှာ လည်း အချင်းချင်း ပြန်ပြီး အားပေး အားမြှောက် ပြုနေ ကြသေး၊ အားကစား မလုပ်၊ အစားချည်း နင်းကန် တွန်းစား လို့ဝ၊ ၀ လို့သွေးတိုး၊ အဆီ ပိတ် အစရှိ သဖြင့် အမယ်ဘုတ် ချည်ခင်၊ ပင့်ကူအိမ် လိုရှုပ်ရှက် ခတ် နေတဲ့အတွက် ဒီနောက်ဆုံးပေါ် ရောဂါများ ရဲ့  ဖြစ်ပွားမှု ပုံစံက ယနေ့ ခေတ် လူ့ အဖွဲ့ အစည်း ရဲ့ ပုံစံ အတိုင်း မျက်စိနောက် စရာ ရှုပ်ထွေး လှပါတယ်။ ပင့်ကူအိမ် လူ့အဖွဲ့ အစည်းရဲ့  ပင့်ကူအိမ် ရောဂါ သီအိုရီ ပေါ့လေ။

သမိုင်း တလျှောက် သမားဆို တဲ့ပုဂ္ဂိုလ်တွေ၊ သိပ္ပံ ပညာရှင် တွေဟာဦးဏှောက်၊ အချိန်၊ သိက္ခာ၊ သွေး၊ ချွေး၊ မနည်း လှတဲ့ resources တွေကို အရင်း တည်ပြီး ဝေဒနာ အရင်းတည်ရာ၊ ရောဂါ ရဲ့ ဇစ်မြစ် တွေကိုဘာလို့များ၊ နာနာကြင်ကြင်၊ ပင်ပင် ပန်းပန်း ဖော်ထုတ်ခဲ့ ကြရ တာလဲ? အဖြေ ကတော့ သမားတို့ ရဲ့ တစ်ခု တည်းသော ရည်ရွယ် ချက်ဖြစ်တဲ့ လူနာ ခံစား နေရတဲ့ ဝေဒနာ သက်သာ ပျောက်ကင်း စိမ့်သောဌာ ထိရောက် တဲ့ကုသမှု ကိုပေးချင် တဲ့အတွက် ပဲမဟုတ် ပါလား --- --- ---

Read More...

Saturday, August 16, 2008

Life Cycle (1)


ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၁)
Juan

လူနာ နှင့် ရောဂါ

လောက မှာ လူရယ် လို့ဖြစ် လာပြီ ဆိုကတည်းက ရှောင်လွှဲ မရတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ ဒုက္ခ တွေနဲ့ လူသား အားလုံး ကြုံတွေ့ကြ ရမှာ မြေကြီး လက်ခတ် မလွဲ။ ဒီဒုက္ခ သုံးပါး ထဲမှာ အိုခြင်း နဲ့ သေခြင်း ကိုလူတွေ ကြောက်ကြ တယ် ဆိုပေမဲ့ ပြောစမှတ် ပြုလောက်အောင် ဖိန့်ဖိန့်တုန် ပြားပြားဝပ် ကြောက်တာ မျိုးတော့ မဟုတ်ဖူး။ ရင်ဆို လိုသည် ဖြစ်စေ၊ မဆိုင် လိုသည် ဖြစ်စေ၊ တစ်နေ့ တော့ အားလုံး ကြုံတွေ့ ကြရမဲ့ ဖြစ်စဉ် တွေမို့ အတန် အသင့် တရား နှလုံး သွင်းနိုင် ကြတယ်။ တွေ့လည်း မတွေ့ချင်၊ ဘယ်အချိန် တွေ့မယ် မှန်းလည်း မသိ၊ ကြုံရ မှာကို လည်းကြောက်၊ ဖြစ်လာ ခဲ့ရင် လည်း ငါ့မှ ကံကွက်ကျား ပြီးဖြစ် ရလေခြင်း၊ လောက ကြီးက ငါ့ကို ရက်စက်တယ်။ မတ ရား လိုက်တာ၊ ငါလေး သနား ပါတယ်------ ဒီလို ဒီလို ယူကြုံး မရ၊ အပူလုံး ကြွ စရာတွေ ဖြစ်အောင် ပိုးစိုး ပက်စက် လုပ်နိုင် တာက တော့ နာခြင်း တရား သို့မဟုတ် ရောဂါ ဖိစီး နှိပ်စက်မှု ပါပဲ။

ဘာကြောင့်များ နာခြင်း ကိုလူတွေ အရမ်း ကာရော ကြောက်ရ သတုန်း။ နာတာထက် ကိုသေတာက ပိုမဆိုး ပေဘူးလားကွဲ့၊ သေတာကို သိပ်မ ကြောက်ပဲ နာတာကို ကြောက်ကြ တယ်ဆိုတော့ မဟုတ်သေး ဘူးနော် လို့ စောတက တက်ချင်ကြ မယ်ထင်တယ်။ စောဒက ဆိုတာလည်း တက်ရတဲ့ အမျိုးကိုး၊ စောဒက ကျလို့မှ မရပဲ။

သေတယ် ဆိုတာ အားလုံး တစ်တန်း တစ်စား တည်း Universal process လေ။ သာတူ ညီမျှ အလွန် ရှိတယ်။ ဘယ်သူ ဘယ်လောက် ကြီးကြီး ဘာကြီး ဖြစ်နေ နေ သေတာ ကိုရှောင်လွှဲ လို့မရ။ လူတိုင်းကြုံ ရမှာမို့ လူတစ်ယောက် သေပြီ ဆိုရင် သေမှာပေါ့၊ အကုသိုလ် များတာကိုး၊ ဘာကိုး၊ ညာကိုး စသည်ဖြင့် ကဲ့ရဲ့  ရှုံချ စရာအကြောင်း သိပ်မရှိ လှဘူး၊ သိပ်ကို ဆိုးဝါး သောင်းကျန်း သူများ ကလွဲရင် ပေါ့လေ။
“သြော်- သူတောင် ဆုံးသွား ရှာပြီကိုး၊ အင်းလေ- လူဆိုတာ သေမျိုး ချည်းပဲကိုး၊ ကိုယ့် အလှည့် လဲဘယ်တော့ ရောက်မယ် မသိဘူး၊ နောက်ဘ၀ အတွက် အထုပ် ပါအောင် ဒါန နဲ့ သီလ ပါရမီ လေးတွေ ဖြည့်ထား ကြနော်၊ အသက် ကအငယ် လေးရှိ သေးတာ၊ နေမယ် ဆို အများကြီး နေလို့ ရသေးတာနော်၊ အရွယ် ကောင်းလေး၊ တိုင်းပြည် အတွက် အစား ထိုးမရ တဲ့ဆုံးရှုံး မှုပေကပဲ”
သို့ကလို၊ ဟိုလို၊ ဒီလို တွေသေသူ ရဲ့  ပညာ၊ ဂုဏ်၊ စည်းစိမ်၊ ဥစ္စာ အပေါ်မူတည်ပြီး လူသေ အပေါ် ကျွန်တော် တို့ လူရှင် တွေက စိတ်မကောင်း၊ သံဝေဂရ၊ နှမြော တသ ဖြစ်ကြ၊ ဖြစ်ချင် ယောင်ဆောင် ကြတယ်။

ဘာပဲ ပြောပြော၊ သေတဲ့ အတွက် ဂုဏ်မငယ် လှဘူး၊ အနည်းဆုံး အသုဘ လာမေး တုန်းတော့ သေသူ့ မကောင်းကြောင်း မပြော ကြဘူး။ ဂန္ဓာလရာဇ် နွယ်ဖွား များသေရင် လာသမျှ လူအားလုံး ရဲ့ ကန်တော့ ခြင်း ကိုတောင် ခံရသေးတယ် မဟုတ်လား။

ရောဂါ ဖြစ်ပြီ ဆိုရင် တော့ဇာတ်လမ်း ကတစ်မျိုး တစ်ဘာသာ ဖြစ်လာ ပါပြီ။ မှတ်ပုံတင် လုပ်သလိုမျိုး ရောဂါ တစ်မျိုးတည်း ကို လူတွေ အားလုံး ပြုံဖြစ် ကြတာမျိုး မဟုတ်တော့ universal process မဟုတ်တော့ပဲ comparative သဘော ဆောင်လာ ပါတယ်။ သူမဖြစ် ငါဖြစ်၊ သူစံ ငါခံ အခြေ အနေ မျိုးဆိုတော့ ရောဂါ ကြီးကြီး မားမား ဖြစ်ခံ ရတဲ့ လူအတွက် ကတော့ လောက ကြီးဟာ အလွမ်းဇာတ် သက်သက် ပါပဲ။

သေသူ အပေါ်ထားတဲ့ သဘောထား မျိုး ကိုလူတွေ ကရောဂါ သည်အပေါ် ထားနိုင်ကြ ပါ့မလား။ အသုဘ ကတစ်ခါ ပဲသွားမေး ရမယ်၊ ကိုယ့်စိတ် ထဲပါပါ၊ မပါပါ အသုဘရှင် တွေစိတ်ချမ်း သာအောင် အံမလေး၊ အသေစော လို့ နှမြော ပါဘိ၊ ဂွိ၊ ဂိ၊ ဘာညာ၊ ဇွတ်ကြိတ် ပစ်လိုက် လို့ရသပေါ့။

လူမမာ ဆိုတာ ကမသေ မပျောက် အမျိုး။ သေလည်း မသေ သေးဘူး၊ ရောဂါ ကြီးကလည်း တန်းလန်း တန်းလန်း နဲ့ ပျောက်လည်း မပျောက်ဘူး။ လူနာ ကိုသွားလေသူ လိုနှမြော ပါဘိ တွေဘာတွေ သွားချီးမွှမ်း လို့လည်း မရဘူး၊ ဆိုတော့- သေတာ ထက်စာရင် နာရတာ ဂုဏ်ငယ်၊ ဂိုက်ပဲ့ လွန်းလှတယ်။

ဒါတောင် ဖြစ်တဲ့ ရောဂါ ပေါ်မူတည် ပြီးဂုဏ်ရောင် ရှိန်ဝါ သေးသိမ် ခြင်းဒီကရီ ကကွာခြားသေးတာ။

နှလုံး ရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချို ရောဂါ စတဲ့ မကူးစက် နိုင်တဲ့ နာတာရှည် ရောဂါ များကို ခံစား ရတယ် ဆိုကြပါစို့။ နှလုံး ရောဂါ ရလို့တဲ့၊ ဖြစ်မှာပေါ့၊ ကမြင်းကြော ထတာကိုး၊ လို့ဘယ်သူ ပြောမလဲ၊ မပြော ရေးချ မပြော၊ သနား ကြင်နာ ကြတယ်။ ဆွေမျိုး သားချင်း တွေက ပြုစု ယုယ ကြတယ်။ လူနာ ကိုဂရုစိုက် လိုက်ကြပါ လို့ ဆရာဝန် တွေထွေထွေ ထူးထူး မှာနေ စရာ ကိုမလိုဘူး။ လူနာရှင် ရဲ့ ငွေကြေး ဥစ္စာ ပြည့်စုံ မှုနဲ့ လူနာ့ အပေါ်ပြုစု စောင့်ရှောက် မှုဟာ တိုက်ရိုက် အချိုးကျတယ်။ သူဌေး များဒီ လိုရောဂါ မျိုး တွေဖြစ်လို့ ကတော့ တစ်အိမ်လုံး ကဖူး- ဖူး နဲ့မြည်အောင် ၀ိုင်းမှုတ် ထားကြ တယ်။ လူနာ ကိုယ်တိုင် ကငါ့ ကိုအရေး ပေးလှ ပါလား ဆိုတာ သိလာ ချိန်မှာ လိုအပ် တာထက် ပိုပြီး အခွင့် အရေးယူ ကာ အိမ်သား များ အပေါ် ဗိုလ်ကျ စိုးမိုး ရေးဝါဒ ကိုလက်ကိုင် ပြုကျင့်သုံး လာသူများ လည်းဒုနဲ့ဒေး။ ဒါကြောင့် လည်း တစ်ခေတ် တစ်ခါ ကရုပ်ရှင်၊ ၀တ္တု တွေထဲမှာ အမေကြီး ရဲ့  နှလုံး ရောဂါ ဟာသမီး နဲ့ သူ့ရည်းစား ကိုခွဲတဲ့ တရားခံ အဖြစ် မှန်မှန်ကြီး အသုံးတော် ခံခဲ့ရ တယ်။
“သမီး၊ အမေ့မှာ နှလုံး ရောဂါ ရှိတာ သိတယ်နော်။ အမေ သဘော မတူတဲ့ ဒီအကောင် နဲ့ ခုချက်ချင်း အဆက်ဖြတ် လိုက်ပါ သမီးရယ်၊ အမေ့ သမီး ကအမေ စိတ်မချမ်း သာတာ ဘာ----ဟာ------ဟာ (အမော ဆို့သံ) မှ မလုပ်ဘူး ဆိုတာ အမေ သိပါတယ်”
ဒီလို အပျော့ ဆွဲချင် ဆွဲ။ ဒါမှ မဟုတ် ---
“ဟဲ့ကောင်မတွေ၊ ငါ့မှာ ရောဂါ ကြီးနဲ့ ဆိုတာ နင်တို့သိတယ်နော်၊ ငါ့ကို စိတ်မချမ်း သာအောင် လုပ်နေ ကြတာ၊ နောင်မှ နောင်တ မရကြနဲ့။ အမ်--မာ--လေး။ မော-----ဟော-----ဟော----လိုက်တာ၊ ငါ အခု ပျံလွန် တော်မူ လိုက်ရ မလား”
ဒါမျိုး ဓါတ်ကြမ်း တိုက်ချင် တိုက်ပါတယ်။

တကယ့် ရောဂါ သည်စစ်စစ် ဆိုရင် တော့ဒီလောက် နန်းစတော့ ပြောနေရင် အသက်ထွက် တာကြာပေါ့။ သို့သော် ရုပ်ရှင် တွေအားကျ ပြီး လိုက်မလုပ် ဖူးလို့ တော့ မပြောနိုင် ပေဘူး။ ဒီလို ရောဂါ မျိုးတွေ ကိုဝေဒနာ ရှင်ဘက် ကအားသာ တဲ့ ရောဂါ တွေလို့ ခေါ်ပါတယ်။ ပညာရပ် ဆိုင်ရာ စကားလုံး ကတော့ Sickness Role ရရှိ သောရောဂါ များ လို့ခေါ်ပါတယ်။

လက်ပရိုစီ ခေါ်တဲ့ အနာကြီး ရောဂါ တို့၊ ချောင်းဆိုး သွေးပါ တီဘီ တို့၊ လေးလုံး ရောဂါ ခေါ် အေအိုင် ဒီအက်စ် ဝေဒနာ ရှင်တို့ ကျတော့ ခုနက နှလုံး၊ သွေးတိုး၊ ဆီးချို သမား တွေနဲ့ တစ်တန်း တစ်စား တည်းထား ပြီးဖူးဖူး မှုတ်ထား ကြပါသလား။ ဘယ့်နှယ် မှုတ်လိမ့် မတုန်း။ ဒီလိုရောဂါ မျိုး မိသားစု ထဲမှာ ဖြစ်လာပြီ ဆိုရင် ရွံလွန်း လို့၊ စက်ဆုပ် လွန်းလို့၊ ရောဂါသည် ကိုအိမ်ပေါ်က နှင်ချ တာတို့၊ အမွေ ပြတ်ကြော်ငြာ တာတို့၊ ရက်ရက် စက်စက် လုပ်ကြလေ့ ရှိတယ်။ လူနာ ကို စာနာပါ၊ သနား ပါ၊ အားပေး ပါ၊ ကူညီပါ၊ ဘယ်လောက် ပြောပြော နားမ၀င် တတ်ကြဘူး၊ နောက်ဆုံး နူရာ ၀ဲစွဲ၊ လဲရာ သူခိုးထောင်း၊ စားရမဲ့ သောက်ရမဲ့၊ ကူကယ်ရာမဲ့ စွာနဲ့ ဝေဒနာရှင် ခမျာ လူ့အောက် ကသတ္တ၀ါ တစ်မျိုး အဖြစ် ပက်ပက် စက်စက် ဘ၀ ဆုံးလေ့ ရှိတယ်။ မိအေး နှစ်ခါ နာ ရောဂါ များလို့ ဆိုကြ ပါစို့ရဲ့ ။ ပညာ စကားနဲ့ ပြောရင် socially stigmatized diseases လို့လူသိ များတယ်။

ရောဂါ သည်ချင်း တူတူ ဘာဖြစ်လို့ အဆင့် အတန်း နဲ့ ဆက်ဆံ ရေးဒီလောက်ထိ ကွာခြားသွားရ တာလဲ။ ကူးစက် နိုင်လို့ ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်း ကြောင့်တော့ မဟုတ်၊ လက်ချင်း ထိလိုက် တာနဲ့၊ မျက်လုံးချင်း စကား ပြောမိ တာနဲ့ ဗြုန်းကနဲ၊ ဒိုင်းကနဲ ကူးသွားတဲ့ ရောဂါ မျိုးတွေလည်း မဟုတ်။ socially stigmatized diseases တွေကို ရှေး ပဝေ သဏီ ကတည်းက အကုသိုလ် များလို့၊ ကံနိမ့်လို့၊ အောက်တန်း ကျလို့၊ ယုတ်မာ ညစ်ပါတ် စုတ်ပဲ့လို့ ဘုရား ရိုက်တဲ့ ရောဂါ များ လို့ ကျွန်တော် တို့မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း ကအစဉ် အဆက် ခံယူ ကျင့်သုံး ခဲ့တဲ့ လူမှုစံ (Social Norm) တစ်ခု အဖြစ် ခိုင်ခိုင် မာမာ ရှိခဲ့ ပြီးဖြစ် နေလို့ ပါပဲ။ ခုနောက်ပိုင်း ဒီလို ရောဂါ မျိုးတွေ ကိုဖေးမ ကူညီ ကြည်ဖြူ စာနာ ဖို့ကျန်းမာရေး ပညာပေး လုပ်ငန်း များက ထဲထဲ ၀င်ဝင် ပြောလာကြ ပေမဲ့ လက်တွေ့ မှာတော့ စာနာ နိုင်ဖို့၊ ကြည်ဖြူ နိုင်ဖို့၊ ကြင်နာ နိုင်ဖို့ က အတော် ခက်နေ ကြပါ သေးတယ်။ ခေတ် အဆက်ဆက် အရိုးစွဲ အောင် ကျင့်သုံး လာခဲ့တဲ့ ဓလေ့ ထုံးစံ ကြီး ကိုခုချက်ချင်း ပြင် ဆိုလို့ ကတော့ ဟောရင်း နဲ့ သာပျံလွန် တော်မူမယ်၊ လိုက်နာဖို့ ကတော့ မလွယ် ရေးချ မလွယ်။

Read More...

Wednesday, August 13, 2008

When you eat recklessly, ...

အစားအသောက် မဆင်ခြင်တဲ့ အခါ

အစားအသောက် မဆင်ခြင်မိသောကြောင့် ဖြစ်တတ်သော ရောဂါများစွာ ရှိနှင့်ပြီး ဖြစ်သော်လည်း ယနေ့ ခေတ် တွင် ခေတ်စားလာသော ရောဂါ အရေအတွက်မှာ တစ်နေ့တခြား တိုးပွားလျှက် ရှိပေသည်။ အချို့သော ရောဂါ များမှာ ဖြစ်ပွားမှုနှုန်း နည်းသည့် တိုင်အောင် ခန္ဓာကိုယ်ကို များစွာ ဒုက္ခပေးတတ်ကြောင်း ထင်ရှားစွာ သိလာ နိုင်လေသည်။

ရောဂါဝေဒနာမှာ ပြင်းထန်သော်လည်း အစားအစာများကို အတန်အသင့် ဆင်ခြင်ခြင်းအားဖြင့် ရှောင်ရှား နိုင်သော ရောဂါများထဲမှ တစ်ခုကို တင်ပြချင်ပါသည်။

၎င်းရောဂါမှာ အစားအသောက်များကို ကျက်အောင် မချက်ခြင်း သို့မဟုတ် အသားစိမ်း၊ ငါးစိမ်းများကို စားခြင်းမှ တဆင့် ဖြစ်ပေါ်တတ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ထိုရောဂါ ဖြစ်ပွားလာပြီ ဆိုပါလျှင် ထင်ရှားသော ရောဂါလက္ခဏာ တစ်ခုမှာ ရောဂါဖြစ်ပွားသည့် နေရာ ပေါ်မူတည်၍ အရေပြားအောက်တွင် ရွေ့ရှားနိုင်သော အဖုအကျိတ်ကလေးများ ခန္ဓာကိုယ် တစ်နေရာရာတွင် ပေါ်လာတတ်ခြင်း၊ အင်ပြင်ထခြင်း၊ နေမထိ ထိုင်မသာဖြစ်ကာ စိတ်ကို အနှောင့်အယှက် ဖြစ်စေခြင်း ၊ ယောင်ယမ်းခြင်း၊ အဖုအပိန့် ထွက်သော နေရာများတွင် ယားယံခြင်း တခါတရံတွင် နာကျင်တတ်ခြင်းတို့မှစ၍ ခန္ဓာကိုယ်တွင်းရှိ အရေးကြီး အစိတ်အပိုင်းများကို ထိခိုက်နိုင်သည့် အပေါ်တွင်မူတည်ပြီး ဖြစ်ပွားတတ်ပေသည်။


အကယ်၍ ဦးနှောက်ကို ထိခိုက်စေသောအခါတွင် ထိခိုက်သော အစိတ်အပိုင်း အပေါ်တွင် မူတည်ပြီး အာရုံကြောများ အလုပ်မလုပ်နိုင်ခြင်းများ ဖြစ်ပွားကာ ထုံကျင်ခြင်း၊ နားမကြားနိုင်တော့ခြင်း၊ ဦးနှောက် အမြေးပါး ယောင်ခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ သတိလစ်မေ့မြောခြင်း၊ သေဆုံးခြင်းတို့ အထိ ဖြစ်စေနိုင်ပါသည်။ ထို့ပြင် မည်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွင်မဆို အလုံးအကျိတ်များဖြစ်ပေါ်ကာ ထိုအင်္ဂါ၏ လုပ်ငန်းဆောင်တာများကို နှောင့်နှေးစေခြင်း၊ ပျက်စီးစေခြင်းများကို ဖြစ်ပေါ်စေပါသည်။

ထိုရောဂါသည် nematode ဟုခေါ်သော သံလုံးကောင် အမျိုးအစားတွင် ပါဝင်သည့် ကပ်ပါး ကောင်ငယ်ကလေးကြောင့် ဖြစ်ပြီး ထိုကပ်ပါးကောင်ကို ၁၈၃၆ ခုနှစ်တွင် Sir Richard Owen ဆိုသူက လန်ဒန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်တွင်းတွင် ပင်မသွေးလွှတ်ကြော ပေါက်ကာ သေဆုံးသွားသော ကျားငယ်ကလေး၏ အစာအိမ် အကျိတ်ထဲမှ စတင်၍ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Gnathostomiasis ဟုခေါ်သော အဆိုပါရောဂါကို ဖြစ်ပွားစေသည့် သံလုံးကောင် ၏ superfamily မှာ Ganthostomatoidea ဖြစ်ပြီး Fmaily အမည်မှာ Ganthostomatoidea ဖြစ်ကာ Genus မှာ Gnathostoma ဖြစ်လေသည်။ ၎င်းသည် မျိုးစိတ်များစွာ ရှိသည့်အနက် မျိုးစိတ်တစ်မျိုးဖြစ်သော ခန္ဓာကိုယ်တွင် အဆူးချွန်များစွာ ပါရှိသည့် Gnathostoma spinagium ကိုသာ အဓိကတွေ့ရှိရပြီး ထိုင်းနိုင်ငံတွင် လည်း ထိုမျိုးစိတ်တစ်မျိုးကသာ လူသားတို့ကို ရောဂါဖြစ်စေနိုင်ကြောင်း တွေ့ရှိရပေသည်။


ယေဘူယျအားဖြင့် Gnathostomiasis သည် လူသားများတွင် ဖြစ်ပွားလေ့ မရှိတတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုသံလုံးကောင်သည် ကျား၊ ကျားသစ်၊ ကြောင်၊ ခွေးတို့၏ အစာအိမ် နှင့် အစာမျိုပြွန်တို့ကို ပင်မမှီတွယ်ကောင် အဖြစ်သတ်မှတ်ကာ နေထိုင်ပြီး သူ၏ သံသရာလည်ပတ်မှုတွင် cyclop ဟုခေါ်သော အကောင်ငယ်များ၊ ငါး ၊ လိပ်၊ ကြက်၊ ငှက် နှင့် အချို့သော နို့တိုက်သတ္တ၀ါများကို ယင်းတို့၏ သားလောင်း အဆင့်ပေါ်မူတည်ပြီး မှီခိုလေ့ရှိပေသည်။


ယခုခေတ်အခါတွင် အစားအသောက် ပုံစံပြောင်းလဲလာကာ အသားငါးများကို မဆင်မခြင် ကျန်းမာရေးနှင့် မညီညွတ်စွာ စားသောက်လာကြခြင်းကြောင့် လူသားများသည် ထို သံလုံးကောင်များ၏ မှီတွယ်ရာ သတ္တ၀ါတစ်မျိုး အဖြစ် မတော်တဆ ရောက်ရှိလာခြင်းဖြစ်သည်။


Gnathostoma သည် လူသားတွင် ဖြစ်ပွားကြောင်းကို ၁၈၈၉ ခုနှစ်တွင် Deuntzer ဆိုသူမှ အမျိုးသမီးတစ်ဦး၏ ရင်သားအကျိတ်မှ ခွဲစိတ်ရယူခဲ့ပြီးလျှင် Levinsen မှ ထိုအကောင်ငယ်ကို အတည်ပြုနိုင်ခဲ့လေသည်။ လူသားများသည် ထိုကပ်ပါးကောင်၏ အရွယ်ရောက်ပြီး တတိယ သားလောင်း အဆင့်ပါသော အစားအစာများကို မဆင်မခြင် စားသုံးမိပါလျှင် ထိုရောဂါများကို ခံစားရမည်ဖြစ်သည်။


ဝေဒနာ ခံစားနေရသူများကို လေ့လာ ကြည့်ပါက-


(၁) ထိုရောဂါ ဖြစ်ပွားတတ်သော နေရာများ ဖြစ်သည့် အစ္စရေး ၊ အိန္ဒိယ၊ ဂျာဗာ၊ မလေးရှား ထိုင်းနိုင်ငံ စသော နေရာများတွင် နေထိုင်သူများဖြစ်ခြင်း။
(၂) ရောဂါဖြစ်ပွားသော နေရာများသို့ သွားရောက်လည်ပတ်သော သမိုင်းကြောင်းရှိခြင်း။
(၃) အသားစိမ်း ၊ ငါးစိမ်းများကို စားတတ်သော အကျင့်များရှိခြင်း သို့မဟုတ် အသားငါးများကို မကျက်တကျက် ချက်ပြုတ်စားသောက်ခြင်းကို ခုံမင်သူများဖြစ်ခြင်း
တို့ကို တွေ့ရှိနိုင်ပေသည်။

ရောဂါဖြစ်ပွားမှု၏ အဓိက သော့ချက်မှာ အစားအသောက်မဆင်ခြင်မှုကြောင့်ဖြစ်သော်လည်း တခါတရံတွင် အရေပြားကိုဖောက်ကာ ၀င်တတ်ခြင်း ၊ မိခင်မှတဆင့် ကူးစက်ခြင်းများကို ရှားပါးစွာ တွေ့ရှိနိုင်ပေသည်။

အကယ်၍ လူသားတစ်ယောက်တွင် အဆိုပါ ရောဂါလက္ခဏာများ ခံစားနေရပါလျှင် ရောဂါလက္ခဏာများကို သေချာစွာ လေ့လာခြင်း၊ နေထိုင် စားသောက်သော အလေ့အထကို အသေးစိတ် စူးစမ်းခြင်းများ အပြင် သွေးထဲ၌ရှိသော Eosinophil ပမာဏကို တိုင်းတာခြင်း၊ ELISA ၊ Immuno blot test စသော ခေတ်မှီနည်းစနစ်များကို အသုံးပြု၍ သိရှိနိုင်ခြင်း၊ အကျိတ် ဖြစ်ပွားရာနေရာ သို့မဟုတ် ရောဂါ ခံစားနေရသောနေရာမှ နေ၍ ထိုအကောင်ငယ်ကို ခွဲစိတ်ရယူနိုင်ခြင်းအားဖြင့် စမ်းစစ်နိုင်ပါသည်။


ထိုအကောင်ငယ်၏ ထူးခြားချက်မှာ ဝေဒနာရှင် တစ်ယောက်လျှင် ပျမ်းမျှအားဖြင့် တစ်ကောင်နှုန်းဖြင့်သာ နေထိုင်ခြင်း ဖြစ်သည်။ သံလုံးကောင်ဖြစ်သော ထိုရောဂါသည် ကုသနိုင်သော ရောဂါဖြစ်ပြီး အခြား သံကောင်များတွင် သုံးစွဲနိုင်သော ဆေးတစ်မျိုး ဖြစ်သည့် Albendazole 400 mg ကို တစ်ခါသောက်လျှင် ၂ လုံးနှုန်းဖြင့် တစ်နေ့လျှင် နှစ်ကြိမ်ကျ သောက်ကာ ၂ ပတ်သောက်သုံးနိုင်ပေသည်။သို့သော်လည်း တခါတရံတွင် ရောဂါပြန်ကြွခြင်းများကိုတွေ့ရှိရပေသည်။ ထိုသို့သော အခါတွင် Ivermetin ဟုသော ဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သုံးစွဲနိုင်ပါသည်။

မြန်မာပြည်၏ သမိုင်းကြောင်းကိုလေ့လာကြည့်ပါက ၂၀၀၁ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာပြည်သို့ လာရောက်လည်ပတ်စဉ်အတွင်း ကိုရီးယား စားသောက်ဆိုင်တွင် အသားစိမ်းများကို စားသောက်ခဲ့သောကိုရီးယားလူမျိုး ၆၀ အနက် ၃၈ ယောက်မှာ ၁၀ ပတ်ခန့်အကြာတွင် ၎င်းရောဂါလက္ခဏာများကို ခံစားခဲ့ကြသည် ဖြစ်ရာ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် အသားစိမ်းငါးစိမ်းများကို စားသုံးသော အလေ့အထများစွာ မရှိသော်လည်း နေထိုင်မှု စနစ်ပြောင်းလဲလာသည် နှင့်အညီ ဖြစ်ပွားနိုင်သော အလားအလာများ ကိုတွေ့ရှိရပေသည်။

အသွားမတော် တစ်လှမ်း အစားမတော် တစ်လုတ်ဟူသော စကားပုံနှယ် မဖြစ်ရလေအောင် အစားအစာများကို ကျန်းမာရေးနှင့် လိုက်လျော ညီထွေစွာ ချက်ပြုတ်စားသောက်လျှင် ထို ကပ်ပါးငယ်လေးကြောင့် ကြုံတွေ့နိုင်မည့် ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး စသည်တို့ကို ထိခိုက်စေနိုင်သော ဘေးဆိုးများကို ကာကွယ်နိုင်မည်ဖြစ်သည်။

မွန်းသက်ပန် (ဆေး-၁)


Read More...

Sunday, August 3, 2008

Leptospirosis

ရေဆိုးထဲက စောင့်နေတဲ့ ရောဂါ

သင် ဟာ ရေဆိုးထဲမှာ အလုပ်လုပ် နေရမယ်။ ဒါမှမဟုတ် သင်နေထိုင်ရာ သင် အလုပ်လုပ်ရာ ပတ်ဝန်းကျင်မှာ ရေဆိုးတွေ၊ ရေမြောင်းတွေ၊ ရေအိုင်တွေကို ဖြတ်သန်း နေရပြီ ဆိုရင် သတိထား ရပြီပေါ့။

ဖျားရင် ၊ ခြေသလုံး ကြွက်သားတွေ နာရင်၊ သင့်ကို သင့် သူငယ်ချင်းက မျက်လုံးတွေ ဝါနေတယ်လို့ ပြောလာရင်၊ ဆီးနည်း လာရင် Leptospirosis ဆိုတဲ့ ရောဂါ ဖြစ်နေတာ ဖြစ်ကောင်း ဖြစ်မယ်။


ဒီရောဂါဟာ Leptospires ခေါ်တဲ့ spiralchetes အနွယ်ဝင် ရောဂါပိုး တစ်မျိုးကြောင့် ဖြစ်ရတာပါ။ ဒီ ရောဂါပိုးဟာ ကျနော်တို့ ပတ်ဝန်းကျင် က တိရိစ္ဆာန် တွေ (အရိုင်းပဲ ဖြစ်ဖြစ်၊ အယဉ်ပဲ ဖြစ်ဖြစ်) ရဲ့ ကျောက်ကပ်မှာ ရောဂါ ဖြစ်ပွားခြင်း မရှိပဲ ပေါက်ပွားပြီး ဆီးထဲ ကနေ ပါလာ နိုင်တယ်။ အဲဒီ တိရိစ္ဆာန် ကျင်ငယ်ရေတွေ ပါတဲ့ ရေတွေ နဲ့ ထိမိတဲ့ လူတွေကို ရောဂါ ဝင်ရောက် ဖြစ်ပွား စေနိုင်တယ်။

အနာတို့ ပေါက်ပြဲ ဒဏ်ရာတို့ ရှိရင် ပိုပြီး ကူးစက် နိုင်တယ်။ ဆိုးတဲ့ တစ်ချက် ကတော့ အရေပြား ကိုလည်း ဖောက်ပြီး ဝင်နိုင်တယ်။ ရောဂါပိုး ပါတဲ့ ရေနဲ့ ထိနေရတဲ့ အချိန်ကြာလေ ရောဂါ ဖြစ်ဖို့ များလေပဲ။

ရောဂါပိုး စဝင်ပြီး ၁ ပတ်ကနေ ၂ ပါတ်ကြာရင် ရောဂါ စဖြစ်တယ်။

ရောဂါ ဖြစ်ပွားပုံ လက္ခဏာအရ လေးမျိုး တွေ့နိုင်တယ်။

1) Bacteraemic leptospirosis

ဒါက သွေးထဲမှာ ရောဂါပိုး ရှိလို့ စဖြစ်တာပါ။ bacteraemia ဆိုတာ သွေးထဲမှာ ဘက်တီးရီးယား ရောက်နေပြီလို့ ပြောတာပါ။ များသော အားဖြင့် အဖျားကြီးမယ်။ အားနည်းမယ်။ ကြွက်သားတွေ နာမယ်။ တစ်ခါတစ်လေ အန်မယ်။ ဝမ်းသွားမယ်။ မျက်လုံးတွေဟာ ရောင်ပြီး နီနေမယ်။ တစ်ပါတ်လောက် ကြာတဲ့ အခါကျတော့ အောက်ပါ ရောဂါ လက္ခဏာ နောက် တစ်မျိုးမျိုးကို ကူးသွားပါတယ်။

2) Aseptic meningitis

အဓိကအားဖြင့် L. canicola ကြောင့် ဖြစ်ပြီး ဗိုင်းရပ်စ် ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင် ရောဂါနဲ့ ခွဲခြားဖို့ ခက်ခဲ ပါတယ်။ မျက်လုံး နီနေ တတ်တာက လွဲလို့ တခြား လက္ခဏာ ရပ်တွေမှာ အတူတူ နီးပါးဖြစ်တာ တွေ့ရတယ်။ သွေးစစ် ကြည့်ရင် သွေးဖြူဥ တက်နေမယ်၊ အသည်း လုပ်ငန်းတွေ ပျက်နေမယ်၊ ဆီးထဲမှာ အသားဓါတ် ပါတာ တွေ တွေ့နိုင်ပါတယ်။

3) Icteric leptospirosis (Weil's disease)

ဒါကတော့ အသက် အန္တရာယ်ကို ခြိမ်းခြောက် နိုင်ပြီး အဖျားကြီးတာ၊ သွေးခြေဥတာ၊ သွေးယိုတာ၊ မျက်လုံးဝါတာ၊ ကျောက်ကပ် ပျက်စီးတာ တွေ တွေ့ရ ပါတယ်။ မျက်လုံး နီတာလည်း တွေ့နိုင်ပါတယ်။ ကိုယ်ခန္ဓာမှာ အနီကွက်တွေ ထွက်နိုင်တယ်။ သွေး ယိုစီးတာကို နှာခေါင်း သွေးကျတာ၊ သွေးအန်တာ၊ ကတ္တရာ ဝမ်းမည်း သွားတာ တို့ အနေနဲ့ တွေ့ရသလို ကိုယ်ခန္ဓာ အတွင်းပိုင်း သွေးယိုတာလည်း ဖြစ်နိုင်တယ်။ ဒါဟာ သွေးခဲစေတဲ့ platelet နည်းခြင်း thrombocytopenia ကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။

မျက်လုံး ဝါခြင်းဟာ သိသာနိုင်ပြီး အသည်းလည်း ကြီးနိုင်ပါတယ်။

ကျောက်ကပ် ပျက်စီးခြင်း ကြောင့် ဆီးနည်း သွားမယ်၊ ဆီးထဲမှာ အသားဓါတ် ပါလာမယ်၊ ဆီးလုံးဝ မသွားတာ ဖြစ်နိုင် ပါတယ်။

Weil's disease ဟာ နှလုံးကြွက်သား ရောင်တာ၊ ဦးနှောက်ရောင်တာ၊ ဦးနှောက် အမြှေးပါးရောင်တာ တွေနဲ့ တွဲပြီး ဖြစ်နိုင်ပါတယ်။

4) Pulmonary Syndrome

ဒီလက္ခဏာစုမှာ ချောင်းဆိုးသွေးပါတာ၊ ရင်ဘတ် ဓါတ်မှန်မှာ patchy opacities တွေ့တာ၊ အသက်ရှူ မကောင်းတာ တွေနဲ့ တွေ့ရပြီး တခါ တလေ အသက် အန္တရာယ်ကို ခြိမ်းခြောက် နိုင်ပါတယ်။

ဒီရောဂါက ဆေးရုံတက် ကုသရမယ့် ရောဂါ အမျိုးအစား ဖြစ်ပါတယ်။ ဒီလက္ခဏာတွေထဲက တစ်ခုခု တွေ့နေရရင် ဆေးရုံကို ပြသပြီး ကုသမှု ခံယူရပါမယ်။

ကျနော် တွေ့ဖူးသလောက် leptospirosis လူနာ တွေမှာ မျက်လုံးဝါတာ၊ မျက်လုံးအိမ် နာတာ (eyeball tenderness)၊ ခြေသလုံး ကြွက်သား နာတာ(calf muscle tenderness) အဓိက အနေနဲ့ တွေ့ရပါတယ်။

အဓိက ကတော့ မိလ္လာ လုပ်သားတွေ၊ လယ်သမားတွေ၊ စစ်သား တွေမှာ အဖြစ်များ နိုင်ပါတယ်။ မိုးရာသီ ရေတက် နေရင်တော့ အဲဒီရေတွေထဲက ဖြတ်သန်း သွားရသူ မည်သူမဆို ဖြစ်နိုင် ပါတယ်။

ပိုးမွေးတာ၊ leptospiral antibody ခေါ်တဲ့ ပဋိဇီဝ ပစ္စည်းကို စစ်တာ၊ ဒီအင်အေကို ရှာတာ (Polymerase Chain Reaction- PCR) နည်းတွေနဲ့ ရောဂါကို အတည်ပြု နိုင်ပါတယ်။

ရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်း ရှိတဲ့ လူတွေအနေနဲ့ ဆရာဝန်ကို တိုင်ပင်ပြီး doxycycline 200mg ကို အပတ်စဉ် သောက်ရင် ရောဂါကို ကာကွယ် နိုင်ပါတယ်။

Reference : Davidson's Principle of Medicine 19th Edition

Read More...

Saturday, August 2, 2008

Nail Abnormalities

လက်သည်း ခြေသည်း များက ပြောသော ရောဂါများ




nail1nail2

ကျွန်တော်တို့ရဲ့ လက်သည်း ခြေသည်းများဟာ လက်ချောင်း ခြေချောင်းများ အတွက် အကာအကွယ် တစ်ခုဖြစ်သလို အလှတစ်ပါး လို့ လည်း ယူဆပြီး အလှဆင် တတ်ကြ ပါတယ် ... ကျန်းမာရေး ရှုထောင့် ဖက်မှာတော့ ရောဂါပိုး ခိုအောင်းရာ နေရာ ဖြစ်သလို အချို့ သော ရောဂါများ ရဲ့ရောဂါ လက္ခဏာ ပြသရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ် ... လက်သည်း ခြေသည်းများ ရဲ့ ပုံမှန် မဟုတ်တဲ့ ချို့ယွင်းချက် လက္ခဏာ များ ကို ကြည့်၍ ခန္ဓာကိုယ်တွင်း ဖြစ်နေသော ရောဂါ အကြောင်း ကို ခန့်မှန်း နိုင်ပါတယ် ... လက်သည်း ဟာ ၃လမှာ ၁ စင်တီမီတာနှုန်း ရှည်ထွက်ပြီး ခြေသည်း ကတော့ ၃ဆနှေး ပါတယ် ... ဒါ့ကြောင့် ခြေသည်း ပိုးဝင်လို့ အားလုံး ပျက်စီး သွားရင် အကောင်း ပကတိ ဖြစ်ဖို့ (၁၈)လ ကြာပါတယ် ... ခြေသည်း လက်သည်း ရှည်ထွက်နှုန်း ကိုသိထားခြင်းဖြင့် ခြေသည်း လက်သည်း ပေါ်က ချို့ယွင်းချက် တစ်ခုရဲ့ အချိန် ကာလကို ခန့်မှန်း နိုင်ပါတယ် ... အချို့ ရောဂါများ ကို မြန်မာ ဘာသာ ပြန်ဆိုရန် ခက်ခဲပေမယ့် အတတ်နိုင်ဆုံး ပြန်ဆို ထားတာ ကြောင့် ကွဲပြားမှု အနည်းငယ် ရှိပါက နားလည် ပေးစေလိုပါတယ် ...






လက်သည်း ရင်းခုံး လာခြင်း(Clubbing): လက်သည်း ရင်းခုံးခြင်း ဟာ ခန္ဓာကိုယ်တွင်း ရောဂါကြောင့် လက်သည်းခွံ အောက်ခြေမှ တစ်ရှူးများ ထူထဲလာပြီး လက်သည်း ခွံရင်းမှ ထောင့်ချိုး ပျောက်သွားခြင်းကို ခေါ်ပါတယ် ... အလွယ်တကူ စမ်းသပ်နည်း ကတော့ (ပုံပါ အတိုင်း) လက် တစ်ဖက်စီ မှ လက်ချောင်းများအား လက်သည်းချင်း ကပ်၍ ထားပါက လက်သည်း ရင်းကြားတွင် ပုံမှန် တွေ့ရသော စိန်ပုံ သဏ္ဍန် ကွက်လပ် (diamond shape space) ပျောက်နေ ပါက လက်သည်း ရင်းခုံးခြင်း ဖြစ်ပေါ် နေပါတယ် ("Schamroth Sign") ........ ............ .......... .......... ............
လက်သည်း ရင်းခုံးခြင်း ဖြစ်ရတဲ့ အကြောင်းတွေ ကတော့

  • အသည်းခြောက် ရောဂါ(Cirrhosis of Liver)
  • အဆုတ်တွင်း ကင်ဆာ ရောဂါများ(Pulmonary malignancies)
  • အဆုတ် ပြည်တည်နာ နှင့် အဆုတ်တွင်း ပြည်ဝင် ရောဂါများ(Lung abscess & empyema)
  • ပန်းနာနှင့် အခြား နာတာရှည် အဆုတ် ပြွန်ပိတ် ရောဂါများ(COPD)
  • မွေးရာပါ နှလုံးရောဂါများ(Congenital heart diseases)
  • နှလုံး အတွင်းမြှေး ရောင်းရမ်းနာ (Endocarditis) တို့ ဖြစ်ပါတယ် ..
clubbing
test clubbing




koilonychia

လက်သည်းခွက်ခြင်း(Koilonychia): လက်သည်း ဟာ ဇွန်းလို ခွက်နေပါက အောက်ပါ ရောဂါများ ဖြစ်နိုင် ပါတယ် ...

  • သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia)
  • မွေးရာပါ ဗီဇ ချို့ယွင်းမှု ကြောင့် သံဓါတ် စုပ်ယူမှု များသော ရောဂါ (Haemochromatosis)
  • လက်ဖျား ခြေဖျား သွေးလျှောက် နည်းသော ရောဂါ (Raynaud's disease)






လက်သည်း ကန့်လန့်ဖြတ် လိုင်းပေါ်ခြင်း (Beau's Lines): လက်သည်း ရှည်ထွက်ခြင်း ကို အဟန့်အတား ဖြစ်စေသော အပြင်းအထန် နေမကောင်းပါက လက်သည်းပေါ်မှာ ကန့်လန့်ဖြတ် လိုင်းပေါ် လာပါတယ် ... အောက်ပါ ရောဂါများဟာ ကန့်လန့်ဖြတ်လိုင်း ပေါ်လာ နိုင်ပါတယ်..

  • အကြီးအကျယ် ခန္ဓာကိုယ် နေမကောင်း ဖြစ်ခြင်း(Severe systemic illness)
  • လက်ဖျား ခြေဖျား သွေးလျှောက် နည်းသော ရောဂါ(Raynaud's disease)

Beau's_Lines





onycholysis

လက်သည်း ကွာခြင်း(Onycholysis): လက်သည်းဟာ လက်သည်း အောက်ခြေ အရေပြားမှ ကွာဟ လာပါက အောက်ပါ ရောဂါများ ဖြစ်နိုင်ပါတယ် ...






လက်သည်း အောက်သွေး ယိုစီးကြောင်း ပေါ်ခြင်း (Splinter haemorrhage): လက်သည်း အောက်တွင် ဒေါင်လိုက် သွေးယိုစီးကြောင်း ပေါ်ခြင်းကို ခေါ်ပါတယ် ... အောက်ပါ ရောဂါများဟာ သွေးယို စီးကြောင်း ပေါ်လာ နိုင်ပါတယ်..

  • ရောဂါပိုးဝင် နှလုံး အတွင်းမြှေး ရောင်ခြင်း (Infective Endocarditis)
  • ထိခိုက် ဒဏ်ရာ ကြောင့် သွေးယိုစီးခြင်း (Minor trauma)

Splinter haemorrhage





leukonychia

လက်သည်း ဖြူခြင်း (leukonychia): လက်သည်း တစ်ခုလုံး (သို့) တစ်စိတ် တစ်ပိုင်း အစက် အပြောက် အားဖြင့် ဖြူခြင်း ကို ခေါ်ပါတယ် ... အစက်အပြောက် အားဖြင့် ဖြူခြင်းကို လက်သည်း ပွင့်သည် ဟုလည်း ခေါ်ကြပါတယ် ... အောက်ပါ အခြေအနေများ ကြောင့် ဖြစ်နိုင်ပါတယ် ...

  • သွေးတွင်း အယ်လ်ဗျူမင် လျော့နည်း သော ရောဂါ (Hypoalbuminaemia)
  • သာမန် ထိခိုက် ဒဏ်ရာကြောင့် လက်သည်းတွင်း လေခိုခြင်း (air trapped in nail plate) ဖြစ်နိုင် ပါတယ်

လက်သည်း ဖြူခြင်းသည် ကုသရန်၊ စိုးရိမ်ရန် မလိုသော လက္ခဏာ ဖြစ်ပါတယ်..





နှစ်ရောင်ချယ် လက်သည်း (Half and Half nails): လက်သည်း အရင်းပိုင်းသည် အဖြူရောင် ဖြစ်နေပြီး အဖျားပိုင်းသည် အညိုရောင်ဖြစ်နေခြင်းကို ခေါ်ပါတယ် ... အခု လို ဖြစ်ရခြင်း ရဲ့ အကြောင်း ကတော့ နာတာရှည် ကျောက်ကပ် အလုပ် မလုပ် သောရောဂါ (Chronic Renal Failure) ကြောင့်ပဲ ဖြစ်ပါတယ် ...

Half & Half Nails

အခုရေးသား တင်ပြ ပေးတာ ကတော့ ခန္ဓာကိုယ်တွင်း ရောဂါကြောင့် လက်သည်း ခြေသည်းပေါ်မှာ ထင်ဟပ် လာသော လက္ခဏာ များကိုဘဲ အဓိက ရေးသား ထားတာ ဖြစ်ပါတယ် ... အခြား လက်သည်း ခြေသည်း တိုက်ရိုက် ပိုးဝင်နာ၊ မှိုစွဲနာ များလည်း အများအပြား ရှိပါတယ် ... စာဖတ်သူများ ဘေးဘယာ အပေါင်းမှ ကင်းဝေး နိုင်ပါစေ ...

Read More...

Friday, August 1, 2008

Lifestyle, Genetics and Cancer

သင်၏နေထိုင်မှုပုံစံ၊ သင်၏မျိုးစေ့ဗီဇနှင့် ကင်ဆာ

ဆန်းစစ်မှု အသစ်များသည် ကျွန်တော်တို့အတွက် ကြောက်စရာ အကောင်းဆုံးသော ရောဂါဖြစ်ပေါ်စေသည့် ရှုပ်ထွေးသည့် အပြန်အလှန် ဆက်နွယ် ဖြစ်ပေါ်မှုများ ကို လေ့လာ လျက်ရှိသည်။

အဆီများသည့် အစားအစာများ၊အ၀လွန်ခြင်း၊ လေ့ကျင့်ခန်းမပြုလုပ်ခြင်းတို့သည် နှလုံးရောဂါ၊ ဆီးချိုရောဂါ ဒုတိယအမျိုးအစားတို့ကို ဖြစ်စေနိုင်သည့် အခြေအနေပိုမိုဖြစ်ပေါ်စေကြောင်း ကျွန်တော်တို့ သိရှိခဲ့သည်မှာ ကြာပါပြီ။ ယခုထပ်မံ သိရှိလာကြရသည်မှာ အထက် ဖေါ်ပြပါ အချက်များသည်ပင်လျှင် ကင်ဆာဖြစ်ပေါ်စေရာတွင်လည်း အဓိက အကြောင်းအရာများ ဖြစ်နေကြောင်း ပင် ဖြစ်သည်။ ၄င်းမှာ သတင်းဆိုးကြီးပင်ဖြစ်သည်။ သို့ရာတွင် သတင်းကောင်းမှာ ကျွန်တော်တို့၏ နေထိုင်မှုပုံစံအတွက် ကျွန်တော်တို့ကိုယ်တိုင် လုပ်ပေး နိုင်သည့် အရာများ ရှိနေသေးခြင်းပင် ဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် မ၀အောင် ထိန်းနိုင်လျှင် (ပို၍ပိန်အောင်လုပ်နိုင်လျှင်)၊ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်လျှင်၊ အဆီများသည့် red meat (အမဲသား၊ သိုးသားတို့ကဲ့သို့သော ချက်ပြီးလျှင် အရောင်အညိုရင့်ရှိသော အသားများ) များရှောင်ကြဉ်ပြီး ကြက်၊ဘဲသားများ၊ ငါးနှင့် ပရိုတင်းပါဝင်မှုများသည့် ဟင်းသီးဟင်းရွက်များကိုလည်းကောင်း၊ ဟင်းသီး ဟင်းရွက်များ ပါဝင်သည့် အစားအစာများကို များစွာစားသုံးခြင်းနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်လျှင် ကျွန်တော်တို့ အနေဖြင့် ကင်ဆာ အမျိုးအစားအားလုံး ဖြစ်နိုင်ခြေအား ၇၀%အထိ အကာအကွယ် ပေးနိုင်မည် ဖြစ်သည်။

ကင်ဆာနှင့် စပ်လျဉ်း၍ နေထိုင်စားသောက်မှုပုံစံ အရေးကြီးပုံ၏ အဓိကသက်သေ အထောက်အထားတစ်ခုမှာ အဓိက ကင်ဆာအမျိုးအစားများသည် ကမ္ဘာတစ်ဝှမ်း နေရာအလိုက် ဖြစ်ပွားမှုနှုန်း မတူညီဘဲ တိုးတက်ဖြစ်လာနေခြင်းပင် ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ဖြစ်ပွားမှု အလွန်များနေသည့် ကင်ဆာအမျိုးအစားများဖြစ်သော အူမ ကင်ဆာ၊ ပရော့စတိတ်ကင်ဆာ (သုတ်ရည်လွှတ် ပေးသည့် အကျိတ်ဖြစ်သည်) နှင့် ရင်သားကင်ဆာတို့သည် ကမ္ဘာ့အခြားနေရာများတွင် အမေရိကန်တွင် ဖြစ်ပွားမှု နှုန်း၏ ၁/၁၀ ပုံမှ ၁/၂၀ အတွင်းသာ ရှိသည်ကို တွေ့ရသည်။ အလားတူ အံ့သြဖွယ်ကောင်းသည်မှာ အခြားနိုင်ငံများမှ အမေရိကသို့ ပြောင်းရွှေ့ လာရောက်နေထိုင်ကြသည့်အခါ မျိုးဆက်တစ်ခုအတွင်း၌ပင် ၄င်းတို့ မိသားစုဝင်များ၏ ကင်ဆာ ဖြစ်ပွားမှု နှုန်းများသည် အမေရိကတွင် အစဉ်တစိုက်နေထိုင်ခဲ့ကြသည့် မိသားစုများ၏ နှုန်းသို့ တိုးတက်ဖြစ်ပွားလာခြင်းပင် ဖြစ်သည်။ အခြား နိုင်ငံမှ သူများ သည် အမေရိကားသို့ ပြောင်းရွှေ့ လာရောက် နေထိုင်ခြင်းမပြုဘဲ ၄င်းတို့နိုင်ငံတွင် ဆက်လက် နေထိုင်စေကာမူ အမေရိက နိုင်ငံ၏ လူနေမှုပုံစံကို ပြောင်းလဲနေထိုင်မှု ပြုလာပါကလဲ ၊ ၄င်းတို့ ကင်ဆာဖြစ်ပွားမှုနှုန်း တိုးတက်လာခြင်း ဖြစ်သည်။ ဥပမာ- ဂျပန် လူမျိုးများသည် အနောက်တိုင်း လူနေမှုပုံစံများကို ပြောင်းလဲလာကြသည့် အလျောက်၊ ၄င်းတို့ အူမ၊ ရင်သားနှင့် ပရော့စတိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်း သည် တဟုန်ထိုး တိုးတက် လာခဲ့သည်ကို တွေ့ရှိရပါသည်။


ကျွန်တော်တို့၏ နေထိုင်မှုပုံစံများထဲမှာ မည်သည့်အချက်များသည် ကင်ဆာအမျိုးအစား များစွာတို့၏ ဖြစ်ပွားမှုနှုန်းကို တိုးတက် လာစေ ပါသနည်း။ အဓိက တရားခံမှာ အနောက်တိုင်းပုံစံ စားသောက်ခြင်း၊ အ၀လွန်ခြင်းနှင့် လှုပ်ရှားမှုနည်းခြင်းတို့ ဖြစ်ပုံရှိသည်။ ကျွန်တော် တို့ သည် ဆေးရွက်ကြီးနှင့် ကင်ဆာ၏ အရေးပါမှုကို သိရှိခဲ့သည်မှာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီ ဖြစ်သော်လည်း အစားအသောက်၊ ကောင်းမွန် သည့် ကိုယ်အလေးချိန်နှင့် ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့သည် ကင်ဆာ ဖြစ်စေခြင်းမှ ကာကွယ် ပေးနိုင်ကြောင်း ကို ယခုမှ စတင် သိရှိလာနေခြင်း ဖြစ်သည်။

စားသောက်ပုံအနေဖြင့် ကင်ဆာဖြစ်နိုင်မှုအပေါ် ကြီးမားစွာ အကျိုး သက်ရောက်မှုရှိနိုင်သည့်အကြောင်း သိသာထင်ရှားသော ဥပမာအား ပြီးခဲ့သည့် နွေရာသီတွင် အမေရိကန်ဆေးဝါးနှင့် ကျန်းမာရေးအဖွဲ့ဂျာနယ် (Journal of American Medical Association) တွင် ဖော်ပြ ထားသည့် အစီရင်ခံစာတွင် တွေ့ရှိရပါသည်။

ဆရာဝန်များမှ အူမကြီးကင်စာရှိသူများအား ခွဲစိတ်မှုပြုလုပ်ပြီး ကင်ဆာအား ဖယ်ရှားပြီးနောက် ၄င်းတို့၏ စားသောက်မှုပုံစံအား လေ့လာခဲ့ကြရာ (၅)နှစ်အတွင်း အနောက်နိုင်ငံ၏ စားသောက်မှုပုံစံ ရှိသူများမှာ ကင်ဆာပြန်ဖြစ်နိုင်သည့်အခြေအနေသည် အစားအသောက်အား ချင့်ချိန်ပြီး အသီးအနှံနှင့် ဟင်းသီးဟင်းရွက် များများစားသုံးပြီး red meat အနည်းငယ်သာ စားသုံးသူများထက် (၃)ဆပိုများ သည်ကို တွေ့ရှိခဲ့ရသည်။ ၄င်း လူနာများအပေါ် အစားအသောက်မှ မည်ကဲ့သို့အကျိုးသက်ရောက်မှု ရှိနေသနည်း။ ခွဲစိတ်မှုအနေဖြင့် အူမကြီးကင်ဆာဆဲလ်အားလုံးကို ဖယ်ရှားနိုင်ခြင်းမရှိသည်မှာ ထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ခွဲစိတ်မှု မပြုခင်၌ပင် ကင်ဆာဖြစ်နေသည့် ဆဲလ်များးမှာ အဓိက Tumor (တျူမာ) ဆီမှတဆင့် ပြန့်နှံ့သွားပြီဖြစ်သည်။ အနောက်နိုင်ငံ၏ စားသောက်ပုံများမှာ ကျန်ရစ်သည့် ကင်ဆာဆဲလ်များအား တိုးပွားလာရန် တနည်းနည်းဖြင့် လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်။

အ၀လွန်ခြင်းသည်လည်း ဆေးရွက်ကြီးပြီးလျှင် အနောက်နိုင်ငံများတွင် ကင်ဆာဖြစ်စေသည့် ဒုတိယအရေးကြီးသည့် အချက်ဖြစ်သည်။ သင့်တင့်သည့် ကိုယ်အလေ့ချိန်ထားရှိခြင်းသည် ကင်ဆာဖြစ်စေခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း အထောက်အထားတွေ့ရိှထားပြီး ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန် ကင်ဆာအဖွဲ့အစည်း (American Cancer Society)မှ ပြုလုပ်ခဲ့သည့် သုသေသနပြုမှု တစ်ခုတွင် ကျစ်လျစ်ပိန်ပါးသောသူနှင့် နှိုင်းယှဉ်လျှင် ၀လွန်းသောသူများအနေဖြင့် အမျိုးသားများတွင် ကင်ဆာ(၁၀)မျိုးဖြင့် လည်းကောင်း၊ အမျိုးသမီးများတွင် ကင်ဆာ (၁၂)မျိုးဖြင့် လည်းကောင်း သေဆုံးနိုင်မှုအခြေအနေ သိသိသာသာ တိုးတက်လာကြောင်း တွေ့ရှိခဲ့ ရသည်။ အဓိကအားဖြင့် အမျိုးသားများတွင် ကျောက်ကပ်ကင်ဆာာ (၉ဆအထိတိုးလာ) နှင့် အမျိုးသမီးများတွင် မျိုးဥအိမ်ကင်ဆာ (၆ ဆထက် ပို၍) တို့ဖြစ်သည်။

အချို့ကင်ဆာအမျိုးအစားများမှ ကာကွယ်ရာတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လည်း ထိရောက်မှုရှိသည်ကို တွေ့ရှိခဲ့ရသည်။ ဥပမာ အားဖြင့်ဆိုသော် သူနာပြုများ၏ ကျန်းမာရေးလေ့လာမှု အရ (Nurse’s Health Study) မှ တစ်နေ့လျှင် တစ်နာရီ အနည်းဆုံး လေ့ကျင့်ခန်း အသင့်အတင့် ပြုလုပ်သူအမျိုးသမီးများအနေဖြင့် လေ့ကျင့်ခန်း လျှော့၍ပြုလုပ်သည့် အမျိုးသမီးများထက် အူမကြီး ကင်ဆာ ဖြစ်ပွားနိုင်မှုနှုန်း ၃၀% ပိုနည်းသည်ကို တွေ့ရှိခဲ့သည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ရင်သား ကင်ဆာဖြစ်ပွားမှုမှလည်း အကာအကွယ် ပေးနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

နေထိုင်မှုပုံစံသည် ကင်ဆာဖြစ်ပွားနိုင်သည့်ဆဲလ်နှင့် ကင်ဆာဖြစ်နေသည့်ဆဲလ်များကိုပါ အကျိုးတက်ရောက်မှုရှိစေသော ကြီးထွားမှုကို အားပေးသည့်အချက်ပြမှုများကို ထုတ်လုပ်ပေးခြင်းဖြင့် လူတစ်ဦးတွင် ကင်ဆာဖြစ်ပေါ်စေနိုင်မှုကို ပိုမိုစေသည်။ အဆိုပါ ဆဲလ်များအား ကင်ဆာ ဖြစ်ပေါ်စေနိုင်အောင် ဦးစွာပြုလုပ်ပေးသည့်အရာမှာ ၄င်းတို့၏ မျိုးဗီဇ(genes)များ ပြောင်းလဲ လာခြင်းပင် ဖြစ်သည်။

တျူမာအားလုံးသည် ခွဲထွက်သွားသည့် (renegade) ဆဲလ်မှ စတင်ခြင်းဖြစ်သည်။ အစကနဦးတွင် အဆိုပါဆဲလ်သည် ခန္ဓာကိုယ် အတွင်းရှိ ၃၀,၀၀၀,၀၀၀,၀၀၀,၀၀၀ (သန်းပေါင်း သန်း၃၀) ပတ်ဝန်းကျင်ရှိ ဆဲလ်များထဲမှ တစ်ခုပင်ဖြစ်ပြီး ၄င်း၏ ပတ်ဝန်းကျင်တွင် ရှိသည့် အခြားဆဲလ်များနှင့် ကွာခြားမှု မရှိပါ။ ၄င်းအပြင် အဆိုပါဆဲလ်သည် ၄င်းပါဝင်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းမှ ခွဲထွက် ခိုင်းမှသာ လျှင် ဆဲလ်ကွဲမှုပြုပါသည်။ ထိုကဲ့သို့ ဖြစ်သွားလျှင် အဆိုပါဆဲလ်၏ ပတ်ဝန်းကျင်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းမှ လိုအပ်သည့် ဆဲလ်ပမာဏ ရှိစေကာမူ ခွဲထွက်သွားသည့် ဆဲလ်သည် မထိန်းနိုင် မသိမ်းနိုင် ပွားများလာလေတော့သည်။

ကင်ဆာဆိုသည်မှာ ချွတ်ယွင်းနေသည့် မျိုးဗီဇများနှင့် ဆိုင်သည့်ရောဂါဖြစ်သည်။ ကင်ဆာရောဂါသည်များအနက် ၁၀%မှာ ကင်ဆာ ဖြစ်စေနိုင်သည့် မျိုးဗီဇများကို ဆက်ခံထားသည့် သူများတွင် ဖြစ်ပေါ်ခြင်းဖြစ်သည်။ အချို့တွင် ထိုမျိုးဗီဇများ၏ လွှမ်းမိုးမှုမှာ ကြီးမား လွန်းသည့်အတွက် ကင်ဆာဖြစ်နိုင်ခြေမှာ အလွန်ပင် မြင့်မားသည်။ သို့ရာတွင် လူအများစုမှ အပြစ်အနာအဆာကင်းစွာ ဖွံ့ဖြိုး ကြီးထွားမှုကို ဖြစ်စေသည့် ကောင်းမွန်သည့် မျိုှးဗီဇများနှင့် မွေးဖွားလာကြခြင်း ဖြစ်သည်။ အမှန်မှာ ကျွန်တော်တို့၏ မျိုှးဗီဇများ (genes) များမှာ နှစ်သန်းပေါင်း ၆၀၀ကျော်အချိန်ယူပြီး အကောင်းဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ၄င်းတို့သည် ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရမည် ဖြစ်သည်။

ကျွန်တော်တို့ ဘ၀တစ်သက်တာတစ်လျှောက်တွင် ခန္ဓာကိုယ်တစ်ဝှမ်းမှဆဲလ်များသည် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ရသည်။ ၄င်း ပုံမှန် မဟုတ်သည့် (mutant cell) ဆဲလ်များသည်ပင်လျှင် ကင်ဆာ အများစုကို ဖြစ်စေခြင်းဖြစ်သည်။ ဆဲလ်တိုင်းတွင် ကြီးထွားမှုကို ဖြစ်စေ သည့် “ပရိုတို-အွန်ကိုဂျင်း (proto-oncogenes)” များ ပါဝင်သည့်အပြင် ကြီးထွားမှုကို ရပ်တန့်စေသည့် “တျူမာ တားဆီးသူ (tumor suppressor) ဂျင်းများ ပါဝင်သည်။ ပရိုတို-အွန်ကိုဂျင်းအား အကျိုးတက်ရောက်မှုရှိသည့် mutation များသည် ကြီးထွားမှုကို လှုံ့ဆော် ပေးသည့် မော်လီကျူးက အချက်ပြမှုများကို ဆက်တိုက်ထုတ်လွှင့်ပေးစေသည်၊၊ ထိုအခါ ဆဲလ်အားအဆက်မပြတ်တိုးပွားခြင်း ဖြစ်ပေါ် စေသည်။ ထို့အတူTumor suppressors gene အား အကျိုးတက်ရောက်မှုဖြစ်ပေါ်ပါက ထိုသို့ကြီးထွားမှုကို ရပ်တန့်စေသည့် မော်လီကျူးက အချက်ပြမှုများကို တားဆီး လိုက်သည်။ လူနှင့် သက်ဆိုင်သည့် ကင်ဆာအတော်များများတွင် mutation ပုံစံ အမျိုးမျိုး ဖြစ်ပေါ် လေ့ရှိသည်။

၎င်းတို့အနက် အချို့မှာ oncogenes များအား အလုပ်လုပ်စေပြီး ၊ အချို့မှာ tumor suppressor gene များကို တားဆီး ပေးသည်။ တနည်းအားဖြင့်ဆိုလျှင် ကင်ဆာဆဲလ်များမှာ ညှပ်နေသည့် လီဗာ သို့မဟုတ် ချို့ယွင်းနေသော ဘရိတ်များရှိနေခြင်းပင် ဖြစ်သည်။ ဘ၀သက်တမ်း တစ်လျှောက်တွင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များသည် အကြမ်းအားဖြင့် ၁၀၁၆ ကြိမ် ဆဲလ်ကွဲမှု ဖြစ်ပေါ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ကင်ဆာဖြစ်ပေါ်နိုင်သည့် အခြေအနေအား လူ့ဘ၀သက်တမ်းတစ်ခုတွင် အကြိမ်ပေါင်း ၁၀၁၆ ကြိမ် ဖြစ်စေနိုင်သည်။

အခြားအရေးကြီးသည့် gene တစ်ခုဖြစ်သော Telom- erase သည် ကျန်းမာသည့် ဆဲလ်တွင် အလုပ်လုပ်ခြင်းမရှိ (Turn off) ဖြစ်နေသဖြင့် ဆဲလ်တစ်ခုသည် ၄င်း၏ မူလထက် နှစ်ဆတိုးပွားမှု အကြိမ်ပေါင်း (၅၀)ဖြစ်ပြီးလျှင် သေသွားစေသည်။ ကင်ဆာဆဲလ် အများစုတွင် အဆိုပါ gene သည် အလုပ် လုပ်နေသည် (Turn on ) ။ ထို့ကြောင့် ဆဲလ်အား အကန့်အသတ်မရှိ တိုးပွားမှု ဖြစ်ပေါ် စေသည်။ ဆဲလ်အနေဖြင့် ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်သည့်အခါ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပေါ်စေသည့် gene အမျိုအစား များလည်း ရှိသေးသည်။ အဆိုပါ gene များ ပုံမှန် အလုပ်လုပ်ခြင်း မရှိသည့်အခါ ကင်ဆာဆဲလ်များ ဆက်လက်တိုးပွားမှု ဖြစ်ပေါ် နေတော့သည်။

ကင်ဆာဖြစ်နေသည့်ဆဲလ်အား အဓိက Tumor ထံမှ ခွဲထွက်ပြီး အနီးရိှ သွေးကြောပြွန်ငယ်များ ၊ သွေးဖြူဥပြွန်များ၏ နံရံများကို ဖြတ်ကျော်ပြီး သွေးလှည့်ပတ်မှုမှတဆင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ ရောက်ရှိသွားအောင် ပြုလုပ်ပေးသည့် gene များလည်း ရှိသေးသည်။ ယမန်နှစ်က ထုတ်ဝေခဲ့သော သုသေတန စာတမ်းတစ်ခုတွင် သားအိမ်ထဲရှိ ဆဲလ်သည် သန္ဓေသားလောင်း အတွင်း တစ်နေရာမှ အခြားတစ်နေရာသို့ ပြောင်းရွှေ့ရန် လိုအပ်သည့် အခါမှသာ အလုပ်လုပ်သည့် (Active gene) များကို ရှာဖွေ၍ စာရင်းပြုစုခဲ့သည်။ Tumor ထံမှ ခွဲထွက်လာသည့် ဆဲလ်များတွင် အဆိုပါ gene များသည် ဆက်လက်၍ Active ဖြစ်နေသည်။ ဤနည်းဖြင့် ကင်ဆာဆဲလ်များအား ၄င်း၏ပတ်ဝန်းကျင်ရှိ တစ်ရှူးများထံမှ ခွဲထွက်စေသည်။

မကြာသေးမီက RNA-10b ဟုခေါ်သည့် မော်လီကျူးတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၄င်းသည် ရင်သားကင်ဆာဆဲလ်အား တစ်ရှူးဆီမှ ခွဲထွက်စေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ တွေ့ရှိချက်သည် အလွန်အရေးပါသည့် သုသေတန ရလဒ်ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ၄င်းမော်လီကျူုးအား ရင်သားကင်ဆာကုသရာတွင် အသုံးပြုလာနိုင်သောကြောင့်ဖြစ်သည်။

ကင်ဆာ ဖြစ်ပေါ်စေသည့် မျိုှးဗီဇာပြောင်းလဲမှုများကို မည်သည့်အရာက ဖြစ်စေသနည်း။ ကျွန်တော်တို့၏ ပတ်ဝန်းကျင်ရှိ မြူတေဂျင် (Mutagen)ဟုခေါ်သော Mutation ဖြစ်စေသည့် ဓါတုပစ္စည်းများသည် အထက်ပါ မျိုးဗီဇပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။ ပထမဦးဆုံး မှာ ဆေးလိပ်မီးခိုးဖြစ်သည်။ သို့ရာတွင် အများမှ ကင်ဆာဖြစ်စေသည်ဟု ယူဆထားကြသည့် ပတ်ဝန်းကျင်ရှိ ဓါတု ပစ္စည်းများ ဖြစ်ကြသော အစားအစာကြာရှည်ခံဆေးများ ၊ ရေထဲတွင် ပါသည့် အဆိပ်အတောက် ရောဂါပိုးမွှားများ ၊ စက်ရုံ မီးခိုး ခေါင်းတိုင်များ မှ ထွက်လာသည့် အဆိပ်အတောက် များတို့သည် ကင်ဆာကို ထင်သလောက် မဖြစ်စေကြောင်း တွေ့ရှိရပါသည်။ အမှန်အားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကင်ဆာများ၏ ၁% (သို့မဟုတ်) ၂% လောက်သာလျှင် အဆိုပါပတ်ဝန်းကျင်ရှိ အဆိပ် အတောက်များ ကြောင့် ဖြစ်သည်ကို တွေ့ရှိရသည်။

ကင်ဆာဖြစ်စေသည့် Mutation များမှာ ဆဲလ်များမှ မိမိတို့၏ gene အား မတော်တဆ ဖျက်ဆီးလိုက်သည့်အခါတွင် ဖြစ်ပေါ်သည်က များသည်။ ကျွန်တော်တို့၏ ဆဲလ်တိုင်းသည် ၄င်း၏ ဇီဝဖြစ်စဉ်မှ ဘေးထွက်ပစ္စည်းအဖြစ် Mutation ဖြစ်စေသည့် ဓါတ်ပစ္စည်းများကို အစဉ်အမြဲ ထုတ်လွှတ်နေသည်။ ဆဲလ်များမှ အောက်ဆီဂျင်အား ရေအဖြစ်သို့ ပြောင်းလဲရာတွင် စွမ်းအင်ထွက်လာသည်နှင့်အတူ ပုံစံ ပြောင်းလဲ သွားသည့် အောက်ဆီဂျင်မော်လီကျူးများဖြစ်သော Oxygen Radical များကိုပါ ထုတ်လွှတ်ပေးသည်။ အဆိုပါ မော်လီကျူး များသည် ဆဲလ်များထဲရှိ DNA အပါအ၀င် အခြားသောမော်လီကျူးများကို ၀ါးလုံးသိမ်းတိုက်ခိုက်လေတော့သည်။ ကျွန်တော်တို့၏ ဆဲလ်များ သည် အဆိုပါတိုက်ခိုက်မှုများမှ ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို ပြင်ဆင်နိုင်သည့် အရည်အချင်းရှိသော်လည်း ပြီးပြည့်စုံ သည့် ကာကွယ်မှုမျိုးကို မပေးနိုင်ချေ။ ထို့ကြောင့် ကျွန်တော်တို့ အသက်ကြီးပြင်းလာသည်နှင့်အမျှ Mutation များ ၊ Mutant gene များ တိုးပွားလာ လေတော့သည်။

Mutation များသည် ကင်ဆာဖြစ်ရန် လိုအပ်သည်ဆိုသော်လည်း လုံလုံလောက်လောက် မရှိပါ။ ကင်ဆာဆဲလ်၏ အပြင်မှ တစ်ခုခု မှလည်း အားဖြည့်ပေးရမည်ဖြစ်သည်။ Mutation ပေါင်းများစွာ ဖြစ်နေသော ဆဲလ်သည် ကင်ဆာဖြစ်ရန် တာဆူနေသည် (သို့မဟုတ်) ကင်ဆာဖြစ်စ ပြုနေပြီဆိုသော်လည်း ၄င်းဆဲလ်သည် ပြင်ပမှ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးသည့် အချက်ပြမှုများ (Growth promoting signal)ရရှိမှသာလျှင် လုံးဝပြည့်စုံသည့် Tumor အဆင့်သို့ ရောက်ရှိသွားနိုင် သည်။ အမှန်အားဖြင့် လူသားများနှင့်သက်ဆိုင်သည့် ကင်ဆာဖြစ်ပေါ်မှုအများစုမှာ အထက်ဖော်ပြပါ ကဲ့သို့ Mutation နှင့် မဆိုင်သော မော်လီကျူလာ အချက်ပေးမှုများကြောင့် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

အနောက်နိုင်ငံ စားသုံးမှုပုံစံများသည် မည်သို့ ကင်ဆာဖြစ်ပေါ်မှုကို အားပေးသနည်း ဆိုသည်ကို မသိရှိရသေးပါ။ ကျွန်တော်တို့ စားသုံး သည့် အစားအစာများတွင် gene များအား Mutate ဖြစ်စေသည့် ဓါတုပစ္စည်းများ ပါဝင်သဖြင့် ကင်ဆာဖြစ်စေနိုင်သည်။ ဥပမာဆိုရလျှင် အဆီများသော red meat များအား အပူပြင်းပြင်းဖြင့် ချက်လိုက်လျှင် ဟက်ထရိုဆိုက်ကလစ် - အမိုင်နီ (Heterocyclic amines) ဟု ခေါ်သည့် ကင်ဆာဖြစ်စေနိုင်သည့် Mutagen များ ထုတ်လုပ်ပေးသည်။ အစားအစာများတွင် ဓါတုပစ္စည်းပေါင်းများစွာ ပါဝင်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည့်အခါ အခြားဓါတုပစ္စည်းများအဖြစ်သို့ ဓါတ်ပြု ပြောင်းလဲ သွားသည်။ ထို့ကြောင့် အနောက်နိုင်ငံ အစားအစာများထဲမှ မည်သည်က ကင်ဆာဖြစ်စေနိုင်သည်ကို အတိအကျ မပြောနိုင်ခြင်းဖြစ်သည်။ သို့ရာတွင် အနောက်နိုင်ငံ အစားအစာများသည် ကင်ဆာဖြစ်စေသည်မှာတော့ သေချာသည်။

အ၀လွန်ခြင်းသည် အဘယ်ကြောင့် ကင်ဆာပိုမိုဖြစ်စေသနည်းဆိုသည်ကို နားမလည် သေးသော်လည်း ကင်ဆာပိုမိုဖြစ်ပေါ်စေသည့် အချက်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်မှာတော့ သေချာသည်။ အ၀လွန်ခြင်းသည် ကြီးထွားမှုကို ဖြစ်စေသည့် အင်ဆူလင် ကဲ့သို့သော ဓါတ်များ (IGF-1) ကို သွေးထဲသို့ ပိုမိုထုတ်လွှတ်ပေးသည်။ သီအိုရီအရဆိုလျှင် ၄င်း IGF-1 သည် ကနဦး ကင်ဆာ ဆဲလ်များကို မသေသွားအောင် ကာကွယ်ပေးသည်။ ထို့ကြောင့် ခန္ဓာကိုယ် ရောင်ကိုင်ခြင်းသည်လည်း အ၀လွန်ခြင်းနှင့် ကင်ဆာကြား ဆက်နွယ်မှုကို ရှင်းပြနိုင်သည်။ ရောင်ကိုင်းခြင်းသည် ရောဂါကူးစက်မှုဖြစ်နေသော တစ်ရှူးအား ဖယ်ရှားပြီး ပြန်လည်ကုသပေးသည့် ခန္ဓာကိုယ်၏ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။ ခန္ဓာကိုယ်၏ ဇီဝကာကွယ်ရေးစနစ်တွင်ရှိသော ဆဲလ်များသည် အဆိုပါ ရောင်ကိုင်း ခြင်း အား ဖြစ်ပေါ်စေသည်။ ၄င်းတို့ အသုံးပြုသည့် လက်နက်များမှာ ဆိုက်တိုကိုင်း (Cytokines) ဟုခေါ်သည့် ဓါတု အချက်ပြခြင်းများ ဖြစ်သည်။ များသော အားဖြင့် ရောင်ကိုင်းခြင်းမှာ ခဏသာ ဖြစ်လေ့ရှိသည်။ ရံဖန်ရံခါ ထိုရောင်ကိုင်းခြင်းများ အမြန် ပျောက်ကင်းခြင်း မရှိသည့်အခါ ၄င်းသည် နာတာရှည်ဖြစ်လာသည်။ ထိုအခါမျိုးတွင် ထိခိုက်ထားသော တစ်ရှူးသည် အမြဲပင် ဖွံ့ဖြိုးကြီးထွားမှုကို အားပေး သည့် ဆိုက်တိုကိုင်းထဲတွင် နစ်မြှပ် နေလေ တော့သည်။ ၄င်းအားဖြင့် ဆဲလ်များသည် စ၍ပွားများလာလေတော့သည်။ အကယ်၍ အဆိုပါ ဆဲလ်များသည် Mutation ဖြစ်ပြီးပြီဆိုပါက ဆိုက်တိုကိုင်းကြောင့် ကင်ဆာစတင်ဖြစ်ပေါ် လာစေတော့သည်။ ဥပမာ- အစာအိမ် အတွင်းရှိ အူများထဲမှ ဘက်တီးရီးယားများကြောင့် ၀မ်းဗိုက်အတွင်းရှိတစ်ရှူးများသည် ကြာရှည်စွာ ရောင်ကိုင်းနေသည့်အခါ ကင်ဆာ ဖြစ်ပေါ်လာ နိုင်သည်။ အလားတူ ဆီးအိမ်၏ နှုတ်ခမ်းသားများသည် ဆီးအိမ်အတွင်း ကျောက်တည်မှုများကြောင့် နှစ်ပေါင်းများစွာ ရောင်ကိုင်း နေသည့်အခါမျိုးတွင် ကင်ဆာဖြစ်နိုင်သည်။

ရောင်ကိုင်းမှုနှင့် အ၀လွန်မှု မည်သို့ ဆက်စပ်မှု ရှိသနည်း။ အဆီဆဲလ်များသည် ရောင်ကိုင်းမှုကိုဖြစ်စေသည့် ဓါတုပစ္စည်းများကို သွေး ထဲသို့ ထုတ်လွှတ်ကာ ကင်ဆာ ဖြစ်ပေါ်မှုကို အားပေးသည်။ အ၀လွန်လေလေ အဆိုပါထုတ်လွှတ်မှု များလေလေ ဖြစ်သည်။ ဖြစ်နိုင် သည်မှာ Cytokines များသည် ကင်ဆာ အားပေးသူအဖြစ် ဆောင်ရွက်ပေးသည်။ သို့ရာတွင် မှန်သည်မှားသည်ကို ဆုံးဖြတ်ရန် ဆက်လက်၍ သုတေသန လုပ်ဆောင်ရ ဦးမည် ဖြစ်သည်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းသည် ကျွန်တော်တို့၏ သွေးထဲရှိ IGF-1 နှင့် Cytokines ပမာဏကို လျှော့ချပေးနိုင်သည်။ ၄င်းသည်ပင်လျှင် ပုံမှန် လေ့ကျင့်ခန်းဖြင့် ကင်ဆာကို တားဆီးပေးသည် ဆိုသည့် အချက်ကို ရှင်းပြပေးနေခြင်း ဖြစ်သည်။ အမျိုးသမီးများတွင် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် သွေးထဲရှိ အက်ထရိုဂျင် (Estrogen) ပမာဏကို လျှော့ချပေးပြီး ရင်သား ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

ကျွန်တော်တို့ ကင်ဆာဖြစ်စေသည့် gene များအကြောင်းနှင့် အဆိုပါ gene များအပေါ် ကင်ဆာအားပေးသည့် ဓါတု အချက်ပြမှုများမှ လွှမ်းမိုးသက်ရောက်ပုံများကို ပိုမိုသိရှိနားလည်လာခြင်းဖြင့် ပိုမို ကောင်းမွန်သည့် ရောဂါစစ်ဆေးပုံများ၊ ကုသမှုစနစ်များ တွေ့ရှိ လာကြသည် ဖြစ်သည့်အပြင် ပို၍ အရေးကြီးသည့် တိုးတက်မှုများကိုလည်း နောင်တွင် ရရှိလာစေမည်ဖြစ်သည်။ နေထိုင်မှု ပုံစံများနှင့် ကင်ဆာ အကြောင်း လေ့လာခြင်းဖြင့် ကင်ဆာကိုလျှော့ချနိုင်သည့် အခွင့်အရေးများကိုလည်း ရရှိစေသည်။ နေထိုင်မှုပုံစံကို ပြောင်းလဲ ပစ်ရန် မလွယ်ကူသော်လည်း ဖြစ်နိုင်ပါသည်။ ယခုအခါတွင် အမေရိကန်နိုင်ငံ၌ ဆေးရွက်ကြီးသုံးစွဲသူဦးရေမှာ လွန်ခဲ့သည့် မျိုးဆက် နှစ်ခုထက်စာလျှင် လွန်စွာ လျှော့နည်းသွားပြီ ဖြစ်သည်။ ဆေးရွက်ကြီးသုံးစွဲမှု ပိုမိုလျှော့ချရန်၊ စားသုံးမှုပုံစံပြင်ဆင်ရန်နှင့် ကိုယ် အလေးချိန် လျှော့ချခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း စသည့် အလေ့အထများ ရရှိစေရန် မျိုးဆက် (၂)ဆက်ခန့် ကြာလိမ့် ဦးမည် ဖြစ်သည်။ သို့ရာတွင် ဖြစ်လာ နိုင်သေးသည်။ ထိုသို့ဖြစ်လာလျှင် ကျွန်တော်တို့၏ မြေး၊မြစ်များသည် ကျွန်တော်တို့ မျိုးဆက်အား လည်ပြန်ကြည့်ပြီး ကျွန်တော်တို့ အကြောက်ရွံ့ဆုံးဖြစ်နေသော ရောဂါဆိုးကြီးမှ လွတ်မြောက်ရန် နေထိုင်မှုပုံစံအား ပြောင်းလဲလိုက်ခြင်း အားဖြင့် ပြုလုပ်နိုင်သည်ကို အဘယ်ကြောင့် ဤမျှ အချိန်ယူခဲ့ရ သနည်း ဆိုသည့် မေးခွန်းကို ခေါင်းကုတ်၍ အဖြေရှာနေပေတော့မည်။

လင်းဦး (စိတ်ပညာ)

Read More...