Friday, July 17, 2009

ANTIEMETICS


ANTIEMETICS အအန်ပျောက်ဆေးများ

(ဘလော့ခ်)ကျေးဇူးလို့ ပြောရပါမည်။ ၂ ရက် ၃ ရက်လောက်က သိလိုသူ တစ်ယောက်က အအန်ပျောက်ဆေး နှင့် မြန်မာပြည်က ဈေးကွက် အခြေအနေကို သိချင်သည်ဟု ဆိုလာပါသည်။ ဆေးဈေးကွက် ဆိုသည် ဆေးရောင်းဘို့ကို အဓိကထား ဆိုင်တင်၊ ကြော်ငြာသည်မှာ နေရာတိုင်းမှာပါ။ အန်လို့ ဆေးပေးပါ ပြောလျှင် ဗီတာမင် ဘီ ၆ ကိုပေးမှာ သေချာသလောက်ပါ။ ကားစီးတာမူးပြီး အန်ချင်လို့ဆိုက ဘီ ၆ နဲ့ မပျောက်ပါ။ ထိရောက်တဲ့ အအန်ပျောက်ဆေးတွေ ရှိပါသည်။ သို့သော် ဂရုစိုက်စရာတွေ တစ်ပုံကြီး ရှိပါသည်။ ဒါကြောင့် ဒီစာကို ရေးလိုက်ပါသည်။


ပျို့ချင်-အန်ချင် ဖြစ်သည်မှာ မကြာမကြာတွေ့ရသည့် လက္ခဏာတခုဖြစ်သည်။ ရောဂါမဟုတ်ပါ။ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်စေပါသည်။ ကိုယ်ဝန် ရှိစဉ်၊ ခရီးသွားစဉ်၊ ၀မ်းလျောဝမ်းပျက်စဉ် အန်ခြင်းတို့ အပြင် အစာဆိပ်သင့်ခြင်း၊ သည်းခြေအိတ် ရောဂါများ၊ အစား အလွန်အကျွံ စားခြင်း၊ နှလုံးရောဂါ၊ ဦးခေါင်းအား ထိခိုက်မိခြင်း၊ ဦးနှောက်ထဲ အကြိတ် ဖြစ်ခြင်း၊ ကြောက်စိတ် ၀င်ခြင်း၊ အစာအိမ် လေနာ၊ မကြိုက်သည့် အနံ့ဆိုး ရှူမိခြင်း တို့ကြောင့် ပျို့ချင်-အန်ချင် ဖြစ်ရသည်။ အအန်ပျောက်ဆေးများအား antihistamine နှင့် anticholinergic နှစ်မျိုး ရောစပ်ထားသည်။

Anti-Emetics အအန်ပျောက်ဆေးများ
· Antihistamines (Cyclizine, Cinnarizine, Meclozine Hydrochloride, Promethazine) အင်တီဟစ်တမင်း ခေါ် အာလာဂျီဖြစ်ခြင်း (ဓာတ်မတဲ့ခြင်း၊ အင်ပြင်ထခြင်း စသည်)အတွက် အသုံးများသည့် ဆေးများ၊
· Phenothiazines (Prochlorperazine, Trifluoperazine, Levomepromazine) စိတ်ငြိမ်ဆေး၊ အလွန် အန်ခြင်း၊ ကြို့ထိုးခြင်းတို့ အတွက် ဆေးများ၊ အန်ခြင်းအား သက်သာစေသည်သာမက Compazine (Prochlorperazine) ကို IV ထိုးပါက မိုင်ဂရင်း အမူး-အကိုက် ရောဂါကို တားဆီးနိုင်သည်။ ပါးစပ်က သာမက စအိုကလည်း ပေးနိုင်သည်။
· Metoclopramide အစာအိမ်ထဲက အစာကို မြန်မြန်အောက်သို့ ပို့ပေးသည့် အတွက် အစာတင်းနေ၍ အန်ချင်သည်ကို သက်သာစေသည်။ စားဆေး၊ ထိုးဆေး၊ စအိုက ပေးနိုင်သည်။
· Meclizine သည် ဈေးကွက်တွင် Antivert (12.5 mg – 25 mg – 50 mg), Bonine, D-Vert, Dramamine II, Medivert, Driminate II, Meclicot, Ru-Vert-M, Meni-D, Bonine, Bonamine, Antivert, Postafen, Dramamine အမည် အမျိုးမျိုးဖြင့် ရှိနေသည်။ Dramamine, Gravol, Gravamin, and Vertirosan တို့အစား meclizine ကို ပေးနိုင်သည်။ ထိရောက်မှု တူပြီး ဆိုးကျိုး နည်းသည်။ Emesafene = meclizine 1/3 + pyridoxine 2/3.
· Domperidone အစာစားပြီး အန်ချင်သည့်ရောဂါအတွက် ပေးသည်။ အချို့က မိခင်နို့ထွက် များစေရန် သုံးသော်လည်း မသုံးရန် အကြံပြု ထားသည်။
· Serotonin antagonists (5HT3) (Dolasteron, Granisetron, Ondansetron) စားဆေး၊ ကပ်ဆေး၊ ထိုးဆေး၊ ကင်ဆာအတွက် ပေးရသည့် ဆေးများကြောင့် အန်ချင်စိတ်ကို သက်သာစေသည်။
· Dexamethasone စတီရွိုက်ဆေး၊ ရောင်ခြင်း-နီမြန်းခြင်း၊ အလာဂျီ ဖြစ်ခြင်း၊ ပန်းနာ၊ ကင်ဆာတို့အတွက် သုံးသည့်ဆေး။
· Hyoscine hydrobromide (Scopolamine hydrobromide) အသက်ရှူ လမ်းကြောင်းမှ ထွက်သည့် စစ်ထုတ်ရည်အား တားဆီးသည့် ထိုးဆေး၊ မေ့ဆေးပေး၍ ခွဲစိတ်အပြီး အန်ခြင်းကို ကာကွယ်ရန် ပေးသည်။ ခွဲစိတ်ခြင်း မပြုမီ ပေးရသည်။
· Nabilone ကင်ဆာအတွက်ပေးသည့် ဆေးကြောင့် အန်ခြင်း၊ တစ်နေ့ ၂-၃ကြိမ်၊ အစာနှင့် နီးသည် ဖြစ်စေ ဝေးသည် ဖြစ်စေ ပေးနိုင်သည်။
· Aprepitant ကင်ဆာ အတွက် ပေးသည့် ဆေးကြောင့် အန်ခြင်းအတွက် ၁ နာရီ ကြိုပေးရသည်။
· Tigan (Trimethobenzamide) စားဆေး၊ ထိုးဆေး၊ စအိုက ပေးနိုင်သည့်ဆေး၊ မိုင်ဂရင်းအတွက်လည်း ပေးသည်။

ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇၀-၈၅ ရာနှုန်းမှာ ဖြစ်တတ်သည့် ကိုယ်ဝန်ရှိစ အန်ခြင်း Morning sickness အတွက် တစ်ခါတစ်ရံ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မဖြစ်မနေ ပေးရသည့်ဆေးတချို့မှာ လူနာ စိတ်သက်သာ ရစေသည့် ဆေးအဖြစ် ခေါ်သည်။ B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါသည့် ဆေးများ ဖြစ်ပြီး၊ Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်သည်။ Bands Organic Morning Wellness Tea နှင့် Organic Heartburn Relieving Tea QueaseEASE နှင့် Essential Oil Therapy တို့မှာလည်း ခေတ်သုံးဆေးများ ဖြစ်သည်။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကျွံ အန်ခြင်းမှာ ဆိုးရွားသည်။ ကြာလျင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ် ရှိချိန် အဖြစ် များသည်။ ၂၀ ပတ်ဆိုလျင် ၁၀% က လွဲလျင် ပျောက်ကင်း သက်သာ သွားတတ်သည်။ ထိုကဲ့သို့ သက်သာရခြင်း အကြောင်းအရင်းကို တိတိပပ မသိပါ။ ကိုယ်ဝန် ၂၀၀ လျင် ၁ ယောက်မှ ၄ ယောက်ထိ ဖြစ်တတ်သည်။ promethazine, prochlorperazine and metoclopramide တို့ကို ပေးနိုင်သည်။ အနားယူ ခိုင်းပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲစားစေပါ။ ပရိုတင်း များများ ကျွေးသင့်ပြီး အဆီနှင့်အစပ် လျော့သင့်သည်။ Normal saline or Lactated Ringer solution သွင်းပေးဖို့ လိုနိုင်သည်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။ အအန် သက်သာရန် Pyridoxine ဗီတာမင် ဘီ ၆၊ doxylamine 10 mg နှင့် pyridoxine (B6) 10 mg ရောပေးသင့်သည်။ promethazine 12.5-25 mg ကို ၄ နာရီခြား၎င်း၊ prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြား၎င်း ပေးနိုင်သည်။ Meclizine, dimenhydrinate, Metoclopramide တို့ကိုလည်း ပေးနိုင်သည်။ Corticosteroids (methylprednisolone 16 mg စားဆေး or intravenously every 8 hours) ကို နောက်ဆုံး အဖြစ် ပေးနိုင်သည်။ ၃ ရက်နှင့် သက်သာပါက ၂ ပတ် အထိ ဆက်ပေးပါ။ မသက်သာက ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းသည်။ ဂျင်း(ချင်း) Ginger capsules of 250 mg taken 4 times a day သည်လည်း ကောင်းသည်။ တရုပ်အပ်စိုက်နည်းတွင် acupuncture point P6 နေရာတွင် စိုက်ပေးရသည်။

ခွဲစိတ်ကုရာတွင် မေ့ဆေးကြောင့် ပျို့-အန်ခြင်း၊ A Serotonin antagonist နှင့် phenothiazine or dexamethasone ရောထားသည့် ဆေးသည် 90% ကောင်းသည်။ phenothiazines, metoclopramide, 5HT3 antagonists, antihistamines and dexamethasone) တို့ကို ကာကွယ်ရန်ပေးသည်။

Motion sickness ခရီးသွားစဉ် ပျို့-အန်ခြင်း၊ ခရီးသွားစဉ် မူးဝေ အော့အန်ခြင်း ဖြစ်ရသည်မှာ မျက်စိက မြင်သိ၍ ဦးနှောက်ဆီ ပို့လွှတ်သည့် အာရုံကြော စနစ်၏ ပေးပို့ချက်နှင့် ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ ဖြစ်သည်အား နားအတွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်သည့် ပေးပို့ချက်တို့ သဟဇတ မဖြစ်ခြင်းကြောင့် မူးဝေ အော့အန် ဖြစ်စေခြင်း ဖြစ်သည်။ Hyoscine, Cyclizine, cinnarizine, promethazine တို့ကို ပေးနိုင်သည်။ နားအတွင်းက လာမည့် ပေးပို့ချက်အား ဦးနှောက်၏ အန်ခြင်းကို ဖြစ်စေသည့် နေရာသို့ မရောက်စေရန် တားဆီးမည့် ဆေးကို ပေးရခြင်း ဖြစ်သည်။

အသုံးအများဆုံး ဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင် ကားမောင်သူအား မပေးရ။ အရက်နှင့် မတွဲရ။ အခြား အိပ်ချင်စေသည့် ဆေးများ (အအေးမိ သက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ။

ခရီးသွားစဉ် မူးဝေ အော့အန်ခြင်း အတွက် ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီ ကြိုတင် သောက်ရမည်။ အချို့ဆေးက ၄ နာရီခံပြီး အချို့က ၂၄ နာရီခံသည်။ ဆေးကို ရေ တစ်ဖန်ခွက် အပြည့်ဖြင့် သောက်ပါ။ နားကြောင့် ဖြစ်ရသည့် ခေါင်းမူးရောဂါ အတွက် ဆေးကို တစ်နေ့လျင် ၄-၆ ကြိမ် သောက်ရသည်။

သတိထားရမည်မှာ အအန်ပျောက်ဆေးများကို ညွှန်ကြားသည်ထက် ပို၍ မသုံးသင့်။ ပန်းနာ၊ အသက်ရှူရောဂါ၊ ရေတိမ်၊ ယောက်ျား ဆီးကျိတ်ကြီး ရောဂါရှိသူများနှင့် ဆေးမတည့်သူများ မသုံးရ။ အသက် ၁၂ နှစ်အောက် မပေးသင့်။
ဆေး၏ မကောင်းကျိုးများမှာ မျက်စိအမြင် ၀ါးခြင်း၊ အာခေါင် ခြောက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ မူးဝေခြင်း၊ အိပ်ချင်ခြင်းတို့ ဖြစ်သည်။ အန်နေသူအား စားဆေး-သောက်ဆေး တိုက်လျှင် အကျိုး မများနိုင်ပါ။ ၀ယ်လို့ လွယ်သည့် ဆေးကို အားကိုးရတတ် ပါသည်။ အန်လွန်းနေသူ တစ်ယောက်ကို အလွယ်ရှာ ရနိုင်သော Chloropromazine စားဆေး-ထိုးဆေး (စိတ်ရောဂါ နှင့် ကြို့ထိုးခြင်း တို့အတွက် သုံးသည့် ဆေးလည်း ဖြစ်သည်။)ကို အချိန်အဆနှင့် ပေးနိုင်ပါသည်။ Dramamine ဆေးကို ကားဆိပ်၊ ရေဆိပ်၊ လေဆိပ်များမှာ အလွယ် ၀ယ်ယူ ရစေရန် စီစဉ်ခြင်းက ကောင်းပါသည်။ Chloropromazine, Promathazine တို့ကို ကိုယ်အလေးချိန်ဖြင့် တိတိကျကျ ပေးရပါမည်။

အန်ပြီးလျင် ၀မ်းလျောသူများလို ဆားဓါတ် နည်းသွားမည်။ အစာအိမ်ထဲက အက်စစ်ဓါတ်များ နည်းသွားပါမည်။ ထို့ကြောင့် ဓါတ်ဆားရေ တိုက်ရပါမည်။ လိုအပ်လျင် သွေးပြန်ကြောထဲ သွင်းပေးရပါမည်။

ဒေါက်တာတင့်ဆွေ
၁၇-၇-၀၉


Related Posts :



4 comments:

Nge Naing said...

ဆရာရေ
ကျေးဇူးတင်ပါတယ်။ Pharmacology နဲ့ ပတ်သက်တဲ့ပို့စ် ဒါပထမဦးဆုံးပဲ။ ဆေးကို ဆရာဝန် အညွှန်းမလိုပဲ ကြိုက်သလို ၀ယ်လို့ရတဲ့ မြန်မာပြည်က လူတွေအတွက် ဒီလိုဆေးအကြောင်းရေးထားတဲ့ ပို့်စ်က က သိပ်ပြီး လိုအပ်တယ်။ ကျွန်မလည်း Antihypertensive အကြောင်း တခါ တင်ဖို့ မြန်မာလို ရိုက်ထားဖူးတယ်။ ကွန်ပြူတာပျက်သွားတဲ့အထဲ ပါသွားလို့ မတင်ဖြစ်ခဲ့ဘူးး။ ဆရာအချိန်ရရင် နောက်ထပ်လည်း Pharmacology နဲ့ ပတ်သက်တဲ့ ပို့စ်တွေ ဆက်ရေးဖို့ တိုက်တွန်းပါတယ် ဆရာ။

tune said...

thanks !

Anonymous said...

ကျေးဇူးတင်ပါတယ် ဆရာရေ
လေးစားလျှက်
မွန်းသက်ပန်

Unknown said...

အင်ပြင်နေ့တိုင်းထွက်တာကိုဘယ်လိုကာကွယ်သင့်လဲမသိဘူးနော်ကျေးဇူးပြုပြီးပြောပြပေးပါနော်