Thursday, July 23, 2009

Ankle Sprain

ကိုယ်တိုင် ခံစားနေရလို့ လိုက်ဖတ်ရင်း အချက်အလက်တွေ တွေ့မိ၊ စုဆောင်းမိ နေပေမယ့် ဘာသာပြန်ရမှာ ရှည်လျားနေတာကြောင့် အပျင်းထူပြီး အခုအချိန်အထိ ကြာသွားတာပါ။
ခြေထောက် လုံးဝ ပြန်ကောင်းတဲ့ အနေအထားကို မရောက်သေးခင် ပို့စ် တင်ဖြစ်တယ် ဆိုတော့ သိပ် အချိန် ဆွဲတယ်လို့တော့ ပြောလို့ မရဘူး ထင်ပါတယ်။ (ဆင်ခြေ!)
ကိုယ် ဖြစ်မှပဲ ဒီလို ခြေကျင်းဝတ်က အရိုးတွေကို ဆက်တွဲထားတဲ့ အရွတ်တွေမှာ ထိခိုက် ဒဏ်ရာ ရခြင်းဆိုတာက အလွန်ကို အဖြစ်များလှတဲ့ ထိခိုက် ဒဏ်ရာရမှုတွေထဲက တစ်ခု အပါအ၀င် ဖြစ်နေမှန်း သတိပြုမိပါတယ်။
ဘယ်လို အချိန်တွေမှာ အဲဒီလို ထိခိုက်ဒဏ်ရာမျိုးကို ရတတ်သလဲ ဆိုတော့ ခြေထောက်ကို ရုတ်တရက် ဘေးကို လှည့်လိုက်၊ လိမ်လိုက်တဲ့ လှုပ်ရှားမှုမျိုးတွေကြောင့် အဖြစ်များပါသတဲ့။ မညီညာတဲ့ မျက်နှာပြင်တွေ ပေါ်မှာ ခုန်တာ၊ ပြေးတာတို့ကြောင့်လဲ ဖြစ်နိုင်ပါတယ်တဲ့။ ယှဉ်ပြိုင်ရတဲ့ အားကစားတွေမှာ အချင်းချင်း ထိမိ ခိုက်မိ ကြရာကနေလဲ ဖြစ်နိုင်ပါတယ်။ ပုံမှန် သွားလာနေရင်းနဲ့ လှေကား အထစ်တွေ၊ ပလက်ဖောင်း အထစ်တွေမှာ ခြေချော် မိရာကနေလဲ ဖြစ်နိုင်ပါတယ်။


အဲဒီလို ဖြစ်သွားတဲ့ အချိန်မှာ ခြေကျင်းဝတ်မှာ ရှိတဲ့ အရွတ်တွေကို အလွန်အမင်း ဆွဲဆန့်ခြင်း ခံလိုက်ရတဲ့အတွက် ထိခိုက်ဒဏ်ရာရမှု ဖြစ်သွားရတာပါ။ ခြေကျင်းဝတ် အရွတ် အနည်းငယ် စုတ်ပြဲသွားခြင်းကနေ လုံးဝ စုတ်ပြဲသွားတဲ့ အထိလဲ ဖြစ်နိုင်ပါတယ်။ အဲဒီလို ထိခိုက် ဒဏ်ရာရမှုက အဓိက အားဖြင့် ပုံစံ နှစ်မျိုးနဲ့ ဖြစ်တတ်ပါတယ်။
အတွင်းဘက်ကို လဲတဲ့ ထိခိုက်မှု
ခြေကျင်းဝတ် အရွတ် ထိခိုက်ဒဏ်ရာရမှုရဲ့ ၉၀ ရာခိုင်နှုန်း လောက်မှာ တွေ့ရပါတယ်။
ခြေထောက်က အတွင်းဘက်ကို ခေါက်သွားတဲ့ အတွက် ခြေကျင်းဝတ်ရဲ့ အပြင်ဘက်က အရွတ်တွေမှာ ထိခိုက် ဒဏ်ရာရ တတ်ပါတယ်။ အပြင်ဘက်ကို လဲတဲ့ ထိခိုက်မှု
ခြေကျင်းဝတ်က အပြင်ဘက်ကို ခေါက်ပြီး အတွင်းဘက်က ဒဲလ်တွိုက်လို့ ခေါ်တဲ့ အရွတ်မှာ ထိခိုက် ဒဏ်ရာရတာပါ။

ထိခိုက်ဒဏ်ရာရမှုရဲ့ လက္ခဏာများ
တွေ့ရတာများတဲ့ လက္ခဏာတွေကတော့ ခြေကျင်းဝတ်မှာ ယောင်ယမ်းနေတာ၊ အညိုအမဲ စွဲနေတာနဲ့ အတူ နာကျင်နေခြင်းပါ။ ခံစားရတဲ့ ဝေဒနာ ပြင်းထန်မှုက အရွတ်တွေကို ထိခိုက် ဒဏ်ရာရမှုရဲ့ အဆင့်တွေ အပေါ်မှာ မူတည်ပါတယ်။
ထိခိုက်ဒဏ်ရာရမှုကို အဆင့်သုံးမျိုး ခွဲပြီး ပြောလေ့ရှိပါတယ်။
ခြေကျင်းဝတ် အရွတ် ထိခိုက် ဒဏ်ရာရမှု အဆင့် (၁)
အဲဒီအဆင့်မှာ ခြေကျင်းဝတ် အရွတ်က ဆွဲဆန့် ခံလိုက်ရတဲ့ အဆင့်မှာပဲ ရှိတဲ့အတွက် ခံစားရတဲ့ ဝေဒနာက မပြင်းထန်လှပါဘူး။ အများစုက နာကျင်မှုနဲ့ ယောင်ယမ်းမှု လောက်ပဲ ခံစားကြရပြီး အကူအညီ မပါဘဲ လမ်းလျှောက်နိုင်စွမ်း ရှိကြပါတယ်။ ဒါပေမယ့် ပြေးနိုင်စွမ်း၊ ခုန်နိုင်စွမ်းတွေတော့ မရှိတော့ဘူးပေါ့။
ခြေကျင်းဝတ် အရွတ် ထိခိုက် ဒဏ်ရာရမှု အဆင့် (၂)
အဲဒီအဆင့်မှာ ခြေကျင်းဝတ် အရွတ်က တစ်ဝက်တစ်ပျက် စုတ်ပြဲသွားပါတယ်။ အရေပြားအောက်မှာ သွေးထွက်ခြင်းကြောင့် သိသာ ထင်ရှားတဲ့ နာကျင်မှုနဲ့ ယောင်ယမ်းမှုကို ခံစားရလေ့ ရှိပါတယ်။ လမ်းလျှောက်တဲ့ အခါမှာ နာကျင်နေတတ်ပေမယ့် လမ်း အနည်းငယ် လျှောက်နိုင်ပါသေးတယ်။
ခြေကျင်းဝတ် အရွတ် ထိခိုက် ဒဏ်ရာရမှု အဆင့် (၃)
ဒီအဆင့်မှာ ခြေကျင်းဝတ် အရွတ်က လုံးဝ စုတ်ပြဲသွားပါတယ်။ ခြေကျင်းဝတ်မှာ နာကျင်နေပြီး လမ်းလျှောက်တိုင်းလဲ နာကျင်နေပါလိမ့်မယ်။ ခြေကျင်းဝတ်ကို ငြိမ်အောင် မထိန်းနိုင်တာမျိုး၊ လဲပြိုချင်သလို ခံစားမှုမျိုးကိုလဲ ခံစားရတတ်ပါတယ်။
ထိခိုက်ဒဏ်ရာ ရတဲ့ နေရာတွေမှာ သွေးခြေဥ၊ အညိုအမဲ စွဲနေတာတွေက ရက်အနည်းငယ် ကြာလာတဲ့အခါ ခြေဖျားဖက်ကို စုသွားတတ်ပါတယ်။ အဲဒါက ကမ္ဘာမြေရဲ့ ဆွဲအားကြောင့် ထွက်ထားတဲ့ သွေးတွေက ခြေဖျားဘက်ကို ဆင်းသွားတာပါ။

ဘယ်လို အချိန်တွေမှာ ဆရာဝန်ပြဖို့ လိုမလဲ
- လမ်းမလျှောက်နိုင်တာ
- ထိခိုက်ဒဏ်ရာရတဲ့ နေရာမှာ သိသိသာသာကြီး ယောင်ယမ်းနေတာ
- ခံစားရတဲ့ ဝေဒနာတွေက မသက်သာဘဲ ရက် အနည်းငယ် ကြာတဲ့အထိ ဆက်ရှိနေတာ
- ခြေထောက်နဲ့ ခြေကျင်းဝတ်ရဲ့ အထက်ဘက်ပိုင်းမှာ နာကျင်နေတာ
စတဲ့ လက္ခဏာတွေက ဆရာဝန်နဲ့ ပြသသင့်တဲ့ အနေအထားတွေထဲက အချို့သော လက္ခဏာတွေပါ။ တစ်ခါတစ်ရံမှာ ထိခိုက်ဒဏ်ရာရမှုက အရိုးကျိုး သွားစေသလား၊ မကျိုးဘူးလားဆိုတာကို ခွဲခြားသိဖို့ ခက်ပါတယ်။ အဲဒီလို အချိန်မှာ ဓာတ်မှန် ရိုက်ဖို့ လိုပါတယ်။ သံသယ ရှိတဲ့ အနေအထားတွေ အားလုံးအတွက် ဆေးခန်းသွား၊ ဆရာဝန် ပြတာက အကောင်းဆုံးပါပဲ။

အစောပိုင်း ကုသမှု
ခြေကျင်းဝတ် ထိခိုက် ဒဏ်ရာရမှု အတွက် ပထမဆုံး လုပ်သင့်တာက အင်္ဂလိပ်လို RICE လို့ အတိုကောက် မှတ်ထားလို့ ရမယ့် rest , ice, compression နဲ့ elevate ပါ။
Rest ( အနားပေးခြင်း)
ထိခိုက် ဒဏ်ရာရပြီး ပထမ ၂၄ နာရီ ကနေ ၄၈ နာရီ အထိ အချိန်ကာလတွေက လှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့် ထားသင့်တဲ့ ကာလပါ။ အဲဒီနောက်မှာမှ ကိုယ် ခံနိုင်ရည် ရှိသလောက် တဖြည်းဖြည်းချင်း လမ်း ပြန်လျှောက် သင့်ပါတယ်။
Ice ( ရေခဲတင်ခြင်း)
ထိခိုက် ဒဏ်ရာရပြီး ၄၈ နာရီ အချိန် အတွင်းမှာ ထိခိုက် ဒဏ်ရာရတဲ့ နေရာကို ၃-၄ နာရီခြား တစ်ခါ ရေခဲတင်ပေးပြီး ခြေထောက်ကို မြှင့်ထားသင့်ပါတယ်။ တစ်ခါ ရေခဲတင်ရင် မိနစ် ၂၀ ထက် ပို မတင်သင့်ပါဘူး။ မိနစ် ၂၀ ထက် ပိုတင်ရင် သက်သာအောင် လုပ်ရာ မကျဘဲ ကြွက်သားမျှင်တွေကို ပျက်စီးအောင် လုပ်သလို ဖြစ်ပါလိမ့်မယ်။ ရေခဲကို မျက်နှာသုတ် ပ၀ါလို တစ်ခုခုနဲ့ ထုတ်ပြီးမှ ကပ်ပါ။ ရေခဲတုံးကို တိုက်ရိုက် အသားပေါ် တင်ပြီး ကပ်မယ်ဆိုရင် တစ်နေရာတည်းမှာ ကြာကြာ မကပ်ပါနဲ့။ မကြာခဏ နေရာ ရွှေ့ပေးဖို့ လိုပါတယ်။
Compression (ဖိအားပေးခြင်း)
ခြေထောက်ကို မြှင့်ထားတဲ့ အချိန်မှာ တစ်ခုခုနဲ့ စည်းပြီး ဖိအားပေး ထားသင့်ပါတယ်။ ခြေဖျားကနေ ခြေသလုံးအထိ ကျုံ့နိုင် ဆန့်နိုင်တဲ့ အစွတ် (သို့) ပတ်တီးနဲ့ ပတ်ထားပေးသင့်ပါတယ်။ တင်းတင်းရင်းရင်း ရှိအောင် ပတ်ထား သင့်ပေမယ့် သွေးကြောတွေကို ဖိထားတဲ့ အထိ မဖြစ်သင့်ပါဘူး။ ခြေထောက်တွေ အေးလာ၊ ပြာလာတယ်ဆိုရင် ပြန်ဖြုတ်၊ တင်းအားကို လျှော့ပြီးမှ ပြန်ပတ်သင့်ပါတယ်။
Elevate (မြှင့်ထားခြင်း)
ထိခိုက်ဒဏ်ရာ ရထားတဲ့ ခြေကျင်းဝတ်ကို မိမိ နှလုံးထက် ပိုမြင့်တဲ့ နေရာကို မြှင့်ထားသင့်ပါတယ်။ ညအိပ်တဲ့ အချိန်မှာလဲ ထိခိုက်ဒဏ်ရာရထားတဲ့ ခြေထောက် အောက်ကို စာအုပ်လို ၊ ခေါင်းအုံးလိုမျိုး မြှင့်ထားပေးနိုင်မယ့် အရာ တစ်ခုခု ခံပြီး အိပ်သင့်ပါတယ်။

ကိုယ့် ထိခိုက် ဒဏ်ရာ ရမှုက ပြင်းထန်တယ် ဒါမှမဟုတ် အရိုး ထိခိုက်မှု ရှိတယ်၊ ဒါမှမဟုတ် ရက်တွေ ကြာလာပေမယ့် ပိုပြီး သက်သာ မလာဘူး ဆိုရင် ဆရာဝန်နဲ့ ပြသ တိုင်ပင်သင့်ပါတယ်။

ဆရာဝန်နဲ့ ပြသ ပြီး၊ ဓာတ်မှန် ရိုက်ပြီး ဘာမှ ထိခိုက်မှု ကြီးကြီးကျယ်ကျယ် မရှိဘဲ နာကျင်မှုကို ဆက်လက် ခံစားနေရတယ် ဆိုရင်တော့ ရိုးစင်းတဲ့ လေ့ကျင့်ခန်း အချို့ကို ပြုလုပ်ပေးခြင်းက ခြေကျင်းဝတ်ကို ပုံမှန် အတိုင်း ပြန်ဖြစ်အောင် အကူအညီ ပေးနိုင်ပါတယ်။
ထိခိုက် ဒဏ်ရာရပြီး ခြေကျင်းဝတ်ကို မလှုပ်ရှားဘဲ နေတာက နေရ၊ ထိုင်ရတာ သက်သာ စေပေမယ့် အဲဒါလို မလှုပ်ဘဲ နေတာ သိပ်ကြာသွားရင် ခြေကျင်းဝတ်ကို တောင့်တင်းသွားစေပြီး ထိခိုက်ဒဏ်ရာ ရထားတဲ့ နေရာကို ပုံမှန် အတိုင်း ပြန်ဖြစ်ဖို့ အချိန် ပိုကြာစေတတ်ပါတယ်။ ဒါ့အပြင် အဲဒီနေရာကိုလဲ ထပ်မံ ထိခိုက် ဒဏ်ရာ ရရှိစေတတ်ပါတယ်။ စုတ်ပြဲသွားတဲ့ အရွတ်က ပြန်ပြီး အနာကျက်တဲ့အခါ ပုံမှန်ထက် အမာရွတ် ပိုတက်သွားရင် လမ်းလျှောက် ရာမှာ နာကျင်တာ၊ ထပ်မံ ထိခိုက်ဒဏ်ရာတာတွေ ဖြစ်နိုင်ပါတယ်။ လွယ်ကူတဲ့ လေ့ကျင့်ခန်း အနည်းငယ်ကို ပြုလုပ်ပေးခြင်းအားဖြင့် ဒီဖြစ်ရပ်တွေကနေ ကာကွယ်နိုင်ပါတယ်။
လိုအပ်တဲ့ လေ့ကျင့်ခန်းတွေက လှုပ်ရှားမှု အတွက်၊ သန်စွမ်းမှု အတွက်၊ ထိန်းညှိမှု အတွက် ပြန်လည် ထူထောင်မှု ပြုရတဲ့ လေ့ကျင့်ခန်းတွေပါ။
လှုပ်ရှားမှု အတွက် ဆိုရင် ခြေဖနောင့် အထက်ဘက်မှာ ရှိတဲ့ အာခိလိ အရွတ်ကို ဆွဲဆန့်ပေးတဲ့ လေ့ကျင့်ခန်းကို အလွယ်တကူ ထိုင်နေရင်း၊ လဲလျောင်းနေရင်း လုပ်ပေးနိုင်ပါတယ်။ ခြေချောင်းတွေကို မျက်နှာသုတ်ပ၀ါ အသေးလေးနဲ့ ပတ်ပြီး ပုံမှာ ပြထားတဲ့အတိုင်း အနောက်ဘက်ကို လှန်ပြီး ဆွဲဆန့်ပေးတာကို တစ်နေ့ ၃ - ၄ ကြိမ်၊ တစ်ကြိမ်ကို မိနစ် အနည်းငယ် လုပ်ပေးသင့်ပါတယ်။
နောက်တစ်ခုက ခြေချောင်းလေးတွေနဲ့ စာရေးတာ။ ထိုင်နေရင်းနဲ့ ဖြစ်ဖြစ်၊ လဲလျောင်းနေရင်းနဲ့ပဲ ဖြစ်ဖြစ် လေထဲမှာ ခြေချောင်းလေးတွေနဲ့ စာရေးသလို လှုပ်ရှားမှုမျိုး ပြုလုပ်မယ် ဆိုရင် လိုအပ်တဲ့ လှုပ်ရှားမှုဆိုင်ရာ လေ့ကျင့်ခန်း တစ်ခုကို ရမှာ ဖြစ်ပါတယ်။
သန်စွမ်းမှု အတွက်ဆိုရင် ခြေချောင်းလေးတွေကို မြှင့်တဲ့ လေ့ကျင့်ခန်းကို လုပ်လို့ ရပါတယ်။ လှေကားလို အထစ်ရှိတဲ့ နေရာမှာ ခြေဖနောင့်ကို လွှတ်ထားပြီး ရပ်ပါ။ ပြီးတော့ ခြေဖနောင့်ကို ပိုနိမ့်တဲ့ အဆင့်ကို ထိအောင် ဖြည်ဖြည်းချင်း ချပေးပါ။ ၁၀ကြိမ် ကနေ အကြိမ် ၂၀ လောက် တစ်နေ့ကို လေးကြိမ် လုပ်ပေးသင့်ပါတယ်။
ထိန်းညှိမှု အတွက်က ပုံမှာ တွေ့ရတဲ့ wobble board လို့ ခေါ်တဲ့ ထိန်းညှိမှုကို လေ့ကျင့်ပေးနိုင်တဲ့ အပြားလေးတွေ ပေါ်မှာ ရပ်ပြီး လေ့ကျင့်ပေးနိုင်ပါတယ်။ ခြေကျင်းဝတ်ရဲ့ အာရုံသိမှု လျော့ပါးသွားတဲ့ သူတွေအတွက် ခြေကျင်းဝတ်ရဲ့ အာရုံ သိစိတ်ကို ပြန်နှိုးပေးနိုင်တဲ့ လေ့ကျင့်ခန်းပါ။
အခြေခံ သဘောတရားလောက်ကိုပဲ ဗဟုသုတ ရအောင်၊ သိထားအောင် ပြန်မျှပေးတာမို့ လုံးဝ ပြည့်စုံမှာ မဟုတ်ပါဘူး။ ပိုပြီး ပြည့်ပြည့်စုံစုံ သိချင်ရင် အောက်မှာ ပေးထားတဲ့ မူရင်း link ကို ဖတ်သင့်သလို၊ တကယ် ကြုံတွေ့ ခံစားရရင် တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်၊ ဆေးပညာရှင်တွေနဲ့ သေသေချာချာ ပြသ တိုင်ပင်ခြင်းက အကောင်းဆုံးပါ။

စာကိုး - Ankle Sprain by Jonathan Cluett, MD
(လေ့ကျင့်ခန်း ပြုလုပ်တဲ့ နမူနာပြပုံကို - http://www.aafp.org/afp/20010101/93.html က ရယူပါတယ်။
ခြေကျင်းဝတ် ထိခိုက်ဒဏ်ရာရမှု ပုံစံ အမျိုးမျိုးကို ပြတဲ့ ပုံကိုhttp://myhealth.ucsd.edu/library/healthguide/en-us/images/media/medical/hw/h9991457_003.jpg က ရယူပါတယ်။)


Related Posts :



1 comment:

ar kar said...

ကျွန်တော် ဖြစ်နေဒါကတော့ဒီ ဟာနဲ့ နည်းနည်းဆင်တယ် ကျွန်တော်ခြေတောက်က ဒီအတိုင်းလမ်းလျှောက်နေရင်ကောင်းတယ်ဗျ ခန ၁၀ မိနစ် ၁၅မိနစ်လောက် ထိုင်လိုက် နားလိုက်ပြီးပြန် ထမတ်တက်ရက် ရင်ခြေဖနောက်က အရမ်းနာတယ် ပြန်ရပ်လို့ ကိုမရဒါ ဗျ ဆရာဝန်တော့် ပြကြည့် တယ်ဗျ မသက်သာဘူး သူပေးတဲ့ ဆေး zolterol(diclofenac sodium 75 mg) ကို သောက်တယ် ဆေးသောက်ပြီးရင် နည်းနည်းကောင်းလာတယ် နောက်ပြီးရင် ဗိုက်ကအောင့်အောင့်လာတယ် ဗျ ,,,,,,ကျေးဇူးပြုပြီးကူညီပါအုံး ......အာကာမိုး
in malaysia