Wednesday, February 4, 2009

Upstream and Downstream Approach


ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆရာတစ်ယောက် ပြောတဲ့ မှတ်သားစရာ စကားလေးကို ပြန်ဝေမျှ ချင်ပါတယ်။အဲဒါက "လူတွေကို အမှား လုပ်ဖို့ ခက်အောင် လုပ်ပေးပါ။ ပြီးတော့ အမှန်လုပ်ဖို့ လွယ်ကူအောင် လုပ်ပေးပါ" တဲ့။
ဥပမာ ပြောရရင် ဆေးလိပ် မသောက်ရတဲ့ နေရာ သတ်မှတ်တာမျိုးလို့ ပြောလို့ရမယ် ထင်ပါတယ်။



ပြည့်သူ့ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ချည်းကပ်နည်းတွေကို upstream နဲ့ downstream ဆိုပြီး ဥပမာပေးလေ့ရှိပါတယ်။ အဲဒီလို လူတွေကို အမှားလုပ်ရခက်အောင် လုပ်တာမျိုးက upstream ထဲမှာ ပါပါလိမ့်မယ်။
အဲဒီ upstream နဲ့ downstream အကြောင်းကို ပြောထားတဲ့ ပုံပြင်လေးတစ်ပုဒ်ကိုလဲ ပြန်ဝေမျှပေးချင်ပါတယ်။ မြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ ရွာလေးတစ်ရွာက ရွာသားတွေက ရေကူး အလွန် ကျွမ်းကျင်ကြပါသတဲ့။ တစ်နေ့မှာ သူတို့က မြစ်ထဲက အော်သံကြားလို့ ပြေးကြည့်ကြတော့ လူတစ်ယောက် ရေနစ်နေတာကို တွေ့ရပါသတဲ့။ အဲဒါနဲ့ အဲဒီလူကို သူတို့တစ်တွေ ၀ိုင်းဆယ်ကြပါတယ်။
ဒါပေမယ့် မကြာဘူး။ နောက်ထပ် တစ်ယောက် ရေနစ်နေတာကို သူတို့ တွေ့ရပြန်ရောတဲ့။ အဲဒါနဲ့ သူတို့တစ်တွေ မနားနိုင်ဘဲ ထပ်ပြီး ကယ်ကြရပြန်တာပေါ့။ အဲဒီလိုပဲ မကြာခင်မှာ နောက်တစ်ယောက် ရေထဲကနေ အကူအညီတောင်းနေတာကို တွေ့ရတော့ သူတို့ ထပ်ကယ်ကြရပြန်ရော။
အဲဒီလို ရေထဲကျတဲ့သူတွေကို တစ်နေကုန် ကယ်ဆယ်နေရတာ သူတို့တစ်တွေ ခြေကုန်လက်ပမ်းတွေ ကျကုန်ကြတဲ့ အထိပါပဲ။ တစ်ချိန်မှာတော့ အဲဒီလို ရေနစ်နေတဲ့သူတွေ ထပ်ပေါ်မလာတော့ဘဲ ရပ်သွားပါတယ်။
အဲဒီအချိန်မှာ သူတို့ရွာထဲက ရွာသားတစ်ဦး လေကလေးချွန်ပြီး လျှောက်လာတာတွေ့လိုက်ရတော့ သူတို့က "မင်းက ဘယ်သွားနေတာလဲ၊ ငါတို့ တစ်နေကုန် ရေနစ်တဲ့သူတွေကို ဆယ်နေတာ မင်းက ဘာလို့ မကူညီတာလဲ" လို့ ၀ိုင်းပြီး အပြစ်တင်ကြတာပေါ့။
အဲဒီတော့ အဲဒီရွာသားက "အဲဒီလို လူတစ်ယောက်ပြီး တစ်ယောက် ရေနစ်နေတာကို တွေ့ရတော့ ငါ့စိတ်ထဲမှာ မြစ်ကို ဖြတ်တဲ့ တံတားမှာ ပြဿနာ တစ်ခုခုတော့ ရှိနေပြီလို့ ထင်တာနဲ့ သွားကြည့်လိုက်တာ။ ဟိုရောက်တော့ အပေါက်ကြီး ဖြစ်နေတာကို တွေ့ရတယ်။ ငါ အခု အဲဒါကို ပြန်ပြင်လိုက်တော့ လူတွေ ထပ်ပြီး မြစ်ထဲ မကျကြတော့ဘူးပေါ့" တဲ့။
တွေးစရာလေးတွေ ရမယ်လို့ ထင်ပါတယ်။


Related Posts :



4 comments:

Anonymous said...

Nice post. :)

tune said...

thank you.

Ye-Mon said...

တယ်ကောင်းတဲ့ ပုံပြင်လေးပဲ။

tune said...

:D