Sunday, February 22, 2009

Light Bulb & Candle

လျှပ်စီးမီးလုံးနှင့် ဖယောင်းတိုင်
(၁)


အိမ်ပြန်ရောက်တော့ အတော်ပင် မှောင်နေပြီ။ ယူကေ ဆောင်းတွင်းမှာ ညနေ လေးနာရီကျော် ကတည်းက အမှောင်ထု လွှမ်းနေတာမို့ သူမ အိမ်ပြန်ရောက်ချိန်မှာ အမှောင်ထု သိပ်သည်း နေတတ် စမြဲ။ ဧည့်ခန်းထဲ ရောက်လာတော့ မီးခလုတ်ကို သူမ ဖွင့်လိုက်သည်။ သားလေးက တွန်းလှည်းလေးထဲမှာ အိပ်ပျော်နေတုန်း စာအမြန် ဖတ်ဦးမှ။ ညနေ အလုပ် ဆင်းသည်နှင့် ဆိုင်တစ်ဆိုင်ဆိုင်မှာ ကပျာကယာ မုန့်ဝင်စားပြီး၊ ညသန်းခေါင်ထိ ဖွင့်တဲ့ ကျောင်းစာကြည့်တိုက်မှာ သန်းခေါင်ချိန်ထိ စာထိုင်ဖတ် ပြီးမှ အိမ်ပြန်လာလေ့ရှိတဲ့ အတိတ်ဘ၀လေးကို သတိရမိသွားသည်။ အိမ်ပြန်ရောက်သည့် အခါတိုင်း သက်မဲ့စာအုပ်တွေ မဟုတ်တော့ဘဲ သက်ရှိ စာအုပ်လေးကို ဖတ်နေဖြစ်ခဲ့တာ နှစ်နှစ်တောင် ကြာလာခဲ့ပြီပဲ။ ဘာပဲပြောပြော ဒီညတော့ သက်မဲ့ စာလေး ထိုင်ဖတ်ဦးမှပါလေ။

သို့ပေမယ့် သူမ စိတ်ကူးတို့က ချက်ချင်း အကောင်အထည် ပေါ်မလာ။ မီးခလုတ် နှိပ်ပေမယ့် မီးက လင်းမလာခဲ့။ ဖွင့်လိုက်ပိတ်လိုက် ပြန်လုပ်ကြည့်သည်။ အိပ်ခန်းထဲက မီးခလုတ်ဖွင့်ကြည့်သည်။ ဒီတော့မှ အဖြေက ပေါ်လာသည်။ ဧည့်ခန်းထဲက မီးလုံးလေး ကျွမ်းသွားသည်ပဲ။ ညကြီးမင်းကြီး စတိုခန်း ဖွင့်ပြီးလဲ မီးလုံးသစ်နဲ့ လှေကားလဲ သွားမယူချင်။ သားပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အိပ်ခန်းထဲမှာလဲ မထိုင်ချင်။ ဒီတော့ အကြံထုတ်ရသည်။ ထမင်းစား စားပွဲပေါ်မှာ တစ်ခါတစ်ရံ ထွန်းလေ့ရှိသည့် ဖယောင်းတိုင်လေး ရှိနေတာမို့ အဆင်ပြေသွားသည်။ လူပင်ပန်း၊ စိတ်ပင်ပန်းနှင့် သိပ်ပင်ပန်းသည့် ညများမှာ မီးညှိပြီး အနားယူဖို့ ထားထားသည့် အနံမွှေးသော ဖယောင်းတိုင်လေးများကလဲ ရှိသေးသည်။ အားလုံး ထွန်းညှိလိုက်တော့ စာဖတ်လို့ ရလောက်သည့် အလင်းရောင်လေး ရလာသည်။

သူမ ဖတ်ဖြစ်သည့် စာအုပ်က Raymond Lamont-Brown ရေးသားသည့် Kamikaze ဆိုတဲ့ စာအုပ်။ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်စစ်သင်္ဘောများပေါ်သို့ လေယာဉ်များ ထိုးစိုက်ချပြီး အသေခံ တိုက်ပွဲဝင်သွားသည့် ဂျပန် အသေခံ ဆာမူရိုင်းများ အကြောင်း ရေးထားသည့် စာအုပ်။ ဒီလို စာအုပ်လေးတွေကို သူမ စိတ်ဝင်စားသည်။ အထူးသဖြင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အိုင်ဒီရော်လော်ဂျီများ။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုပြီး ရန်သူကို အသေခံ ချေမှုန်းသွားသည့် အဆိုပါ ဆာမူရိုင်းများ၊ တိုင်းပြည် ကံကြမ္မာအတွက် ရန်သူ သေနတ် ပြောင်းဝရှေ့ကို လက်နက် တစ်စုံတစ်ရာ မပါဘဲ တိုးဝင်သွားရဲခဲ့ကြသည့် ကမ္ဘာအရပ်ရပ်မှ အကြမ်းမဖက် ဆန္ဒပြသူများ၊ ယုံကြည်ချက် တစ်စုံတစ်ရာကြောင့် ကြိုးစင်ထက်ကို ရဲရဲဝံ့ဝံ့ လှမ်းတက်သွား ခဲ့ဖူးသည့် တော်လှန်ရေးသမားများ၊ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေသော အသေခံ ဗုံးဖောက်ခွဲမှု လုပ်နေသည့် အစွန်းရောက်များ။ သူတို့အားလုံး၏ ကလေးသူငယ် ဘ၀ ဖြတ်သန်းမှု စိတ်နေစိတ်ထား၊ ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်၊ သူတို့ ဘ၀မှာ သက်ရောက်မှု ရှိခဲ့သည့် အတွေးအခေါ်တွေ၊ တွန်းအားတွေ၊ ဒါလေးတွေကို လေ့လာပြီး တစ်နေ့ကျရင်တော့ သုတေသန လေ့လာ ဆန်းစစ်ချက်လေး တစ်ခု လုပ်ဦးမယ်လို့ စိတ်ကူးထားမိသည်။ ဒါကြောင့်လဲ ပတ်သက်သမျှ စာအုပ်စာတမ်းလေးတွေကို သီအိုရီ ရှုထောင့်မှ မဟုတ်ဘဲ၊ တစ်ဦးချင်းစီရဲ့ အတိတ်ဘ၀လေးတွေ အထိ စိတ်ဝင်တစား လေ့လာနေမိသည်။

ကလော့စ်ဝစ် ဆိုခဲ့ဖူးသည့် friction ဆိုတဲ့ လွဲချော်မှုလေးတွေဟာ စစ်ပွဲများတင် မကဘဲ နေရာတိုင်းမှာ ရှိသည် ထင်ပ။ စာအုပ်လေးကို ကိုင်ပြီး ဖတ်မယ် လုပ်ခါမှ အစီအရီ ထွန်းထားသည့် ဖယောင်းတိုင်လေးတွေကို ကြည့်မိရင်း သူမ အတွေးထဲသို့ တစ်စုံတစ်ရာက ချဉ်းနင်း ၀င်ရောက်လာသည်။ ပထမ အစကျတော့ တန်ဆောင်တိုင် ပွဲတော်လေး။ နောက်တော့ မွေးရပ်မြေ။ နောက်တော့ မြန်မာနိုင်ငံ၊ ဒီလိုနဲ့ အတွေးတွေက တစ်စတစ်စ ကျယ်ပြန့်သွားရင်း လတ်တလော ဖြစ်နေကြသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ၊ ဆင်းရဲနွမ်းပါးမှု ဆိုင်ရာ ငြင်းခုံ ဆွေးနွေးနေကြမှုများဆီ အတွေးက ရောက်သွားသည်။

(၂)


ဖွံ့ဖြိုး တိုးတက်ရေး။

ဒီစကားလုံးလေး သူမ အတွေးထဲသို့ ခိုဝင်လာခဲ့သည်မှာ သူမ ငါးနှစ်ခန့်က ဖြစ်မည် ထင်သည်။ ဒီတုန်းက တီဗွီမှာ မြန်မာသတင်းကလဲ မိနစ်နှစ်ဆယ်ခန့်သာ ပြသည်။ နိုင်ငံတကာ သတင်းကလဲ ခဏတာမျှသာ။ သို့ပေမယ့် အဖိုးနဲ့အတူ နိုင်ငံတကာ သတင်း ကြည့်ဖို့ ထိုင်စောင့်ရတာက ထိုစဉ်က အလုပ်တစ်ခု။ ဒီအချိန်ကာလက ကမ္ဘာတစ်ဝှမ်း သတင်းများမှာ အီသီးယိုပီးယား ငတ်မွတ် ခေါင်းပါးမှု ပြဿနာက နေရာယူ လွှမ်းမိုး ထားသည့် ကာလ။ ရွက်ဖျင်တဲလေးတွေ။ ကလေးငယ်လေးတွေ။ ပုံရိပ်များက သူမ နှလုံးသားထဲ တိုးဝင် လာခဲ့ကြသည်။ ဘာမှန်းတွေ သေချာ မသိပေမယ့် အဖိုး ပြောပြနေသည့် ငတ်မွတ် ခေါင်းပါးမှု ပြဿနာ၊ ဖွံ့ဖြိုး တိုးတက်ရေးဆိုသော စကားလုံးလေးတွေကိုတော့ မှတ်မှတ်ရရ သတိရနေ ဖြစ်ခဲ့သည်။ နောက်ပိုင်းကျတော့ ကျောင်းသူ ဘ၀တစ်လျှောက်မှာ မေမေ ခေါ်သွားဖူးသည့် အေအိုင်ဒီအက်စ် ပညာပေးပြပွဲများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး ပြပွဲများကို ရောက်ခဲ့ရ ပြန်သည်။

သူမသာ ဆေးကျောင်းပြီးအောင် တက်ဖြစ်ခဲ့လျှင် နောက်ပိုင်းမှာ ပြည်သူ့ ကျန်းမာရေး ဘာသာရပ်ကို အထူးပြု ဖြစ်ခဲ့လိမ့်မည် ဖြစ်သည်။ ဘယ်လိုပဲ ပြောပြော အခြေအနေ အရ နောက်ပိုင်းကာလ ပြည်ပမှာ ကျောင်းပြန်တက် ဖြစ်တော့ ငယ်စဉ်က စိတ်ဝင်စားမှုလေးများကို သေချာ လေ့လာခွင့် ရလာခဲ့တော့သည်။ စီးပွားရေး ဆိုင်ရာ မဟာဘွဲ့ တက်ဖြစ်တော့ အဓိက သင်ရမည့် သုံးဘာသာအပြင် နောက်ထပ် ငါးဘာသာကို ကြိုက်ရာ ရွေးချယ်ခွင့်ရခဲ့သည်။ မဆိုင်းမတွပင် political economy အထူးပြု ကဏ္ဍမှ ကျန်းမာရေးဆိုင်ရာ (Health Economics), ပညာရေးဆိုင်ရာ (Economics of Education), ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (Development Economics), ကာကွယ်ရေးဆိုင်ရာ (Defence Economics) နှင့် ဒေသဆိုင်ရာ၊ မြို့ပြဆိုင်ရာ (Regional & Urban Economics) တို့ကို ရွေးချယ်လေ့လာဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ နိုင်ငံရေးဆိုင်ရာ သုတေသနဘွဲ့များ ဆက်တက် ဖြစ်သွားတာမို့ နိုင်ငံရေး၊ စစ်မဟာဗျူဟာ လေ့လာရေးနှင့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဆိုင်ရာတွေမှာ သုတေသီ ဖြစ်လာခဲ့ပေမယ့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဘာသာရပ်များကတော့ သူမရဲ့ research interests အနေနဲ့ ရှိနေခဲ့ဆဲ။ Public Health and Civil Wars in Burma ဆိုတဲ့ စာတမ်းလေး တစ်ခု သုတေသနလုပ်ဖို့ စပြီးမှ လိုချင်တဲ့ data တွေ အစုံအလင် မရနိုင်တာမို့ ရပ်ထားရ ပြန်သည်။ data မစုံလျှင် Information Bias ရှိနေလိမ့်မည်။ သုတေသီ တစ်ယောက်နဲ့ ၀ါဒ ဖြန့်ချီရေးသမား တစ်ယောက် ထမ်းဆောင်ရမယ့် တာဝန်ချင်းက သဘောသဘာဝ မတူညီတာမို့ အချက်အလက် မစုံဘဲနဲ့တော့ သူမ မလုပ်ချင်ပါ။

ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း စဉ်းစားရင်း ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍရဲ့ အရေးကြီးဆုံး လုပ်ငန်းဆောင်တာ တစ်ခုဖြစ်သော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးသို့ သူမ အတွေးများက ရောက်သွားသည်။ နိုင်ငံတစ်နိုင်ငံမှာ ချမ်းသာ၊ ဆင်းရဲ ကွာဟမှု ကြီးထွားနေသရွေ့၊ အခြေခံ ကျန်းမာရေးနှင့် ပညာရေးကို နိုင်ငံသူ၊ နိုင်ငံသား အားလုံး ခံစားခွင့် မရှိနေသရွေ့၊ လူတစ်ဦးအတွက် နေ့စဉ် လိုအပ်သော အာဟာရဓာတ်ကို ဖြည့်ဆည်း ပေးနိုင်သည့် အစာအာဟာရကို လူသားတိုင်း စားသောက်ခွင့် မရှိ နေသရွေ့ အဆိုပါ နိုင်ငံကို ဖွံ့ဖြိုး တိုးတက် နေပြီဟု ပြော၍ မရနိုင်ပါ။ ကမ္ဘာ့ဘဏ်မှ ၁၉၉၀ ခုနှစ်တွင် ထုတ်ဝေသည့် ကမ္ဘာ့ ဖွံ့ဖြိုး တိုးတက်ရေး အစီရင်ခံစာ အရ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၏ အခြေခံ အကျဆုံးသော ရည်မှန်းချက် တစ်ရပ် ဖြစ်ပါသည်။

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် လိုအပ်သော ချဉ်းကပ် နည်းလမ်းများနှင့် ပေါ်လစီများ၊ ပါဝင်ရမည့် လုပ်ငန်းဆောင်တာ အဖွဲ့များကို ပညာရှင်များက macro level, meso level, micro level ဟူ၍ အဆင့် ၃ ဆင့်ခွဲ၍ ဆန်းစစ် သတ်မှတ် ကြပါသည်။


  1. macro level

ထိုအဆင့် အနေဖြင့် အဓိက ကြိုးပမ်း ဆောင်ရွက်ရမည့် ချဉ်းကပ် နည်းလမ်းနှစ်ခုမှာ စီးပွားရေး အရ တည်ငြိမ်မှု(economic stabilization) ရှိလာစေရန် ဖြစ်ပါသည်။ ထိုသို့ ဖြစ်ရန် အတွက် စီးပွားရေး ပေါ်လစီတွင် exchange-rate depreciation ပေါ်လစီဖြင့် ညှိယူရပါမည်။ သွယ်ဝိုက် အခွန်များ မြှင့်တင်ခြင်းကို မပြုလုပ်ရပါ။ ဤနည်းလမ်းကို ယူဂန်ဒါတွင် (၁၉၉၀)တွင်လည်းကောင်း၊ မော်ရေးရှတွင် (၁၉၈၀)မှ (၁၉၈၂)အထိ လည်းကောင်း၊ အင်ဒိုနီးရှားတွင် (၁၉၈၀)မှ (၁၉၉၇)အထိ လည်းကောင်း ပြုလုပ်ခဲ့ကြပါသည်။ နောက်တစ်နည်းမှာ social capital တည်ဆောက်ခြင်း ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်ရန် နိုင်ငံ အုပ်ချုပ်သူ အစိုးရမှ reputation for trust ကို တည်ဆောက် ရပါမည်။


  1. Meso level

ဒီအဆင့်တွင် ချဉ်းကပ် လုပ်ကိုင်နည်း သုံးနည်း ရှိပါသည်။ ပထမတစ်နည်းမှာ လုပ်အား အသုံးပြု ကဏ္ဍများသို့ အရင်းအမြစ်များကို လွှဲပြောင်း အသုံးပြု ရပါမည်။ ထိုသို့ လုပ်ကိုင်ရန် လုပ်ငန်းငယ်များ အများအပြား ပေါ်ပေါက် လာစေရန် အားပေး ဆောင်ရွက်ရမည်။ အစိုးရမှ အခြေခံ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ထိရောက်စွာ ဆောင်ရွက်ရမည်။ တောင်ကိုးရီးယား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများတွင် ဤနည်းလမ်း အသုံးပြု၍ အောင်မြင်မှုများ ရှိခဲ့ပါသည်။

ဒုတိယ နည်းလမ်းမှာ ပြည်သူ့ဘဏ္ဍာ ခွဲဝေ သုံးစွဲမှုများကို ပြန်လည် ပြုပြင်ရေး ပြုလုပ်ရပါမည်။ ထိုသို့ ပြုလုပ်ရာတွင် ဆင်းရဲနွမ်းပမှု ပပျောက်ရေးကို ဦးတည် ဆောင်ရွက်ရပါမည်။ စီးပွားရေး ကဏ္ဍများတွင် လုပ်အား အခြေပြု သီးနှံများ ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး၊ စက်မှုနှင့် စွမ်းအင် နည်းပညာများ (ဥပမာ - မိုက်ခရို ဟိုက်ဒရို) စသည်တို့ ဖွံ့ဖြိုးတိုးတက်လာရေးကို ဆောင်ရွက် ရပါမည်။ Informal sector များကိုလည်း ထောက်ခံ အားပေး ရပါမည်။

တတိယ နည်းလမ်းမှာ ကဏ္ဍမျိုးစုံအတွက် လူမှုရေး ရံပုံငွေများ ဖြစ်ပါသည်။ ထိုရံပုံငွေများမှာ ပြုပြင် ပြောင်းလဲရေးနှင့် ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ရေ အရင်းအမြစ် စသည်တို့ အတွက် နိုင်ငံတကာမှ လှူဒါန်းသော ရံပုံငွေများ ဖြစ်ပါသည်။ ထိုရံပုံငွေများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် institution autonomy တော့ လိုအပ်ပါလိမ့်မည်။ လက်တွေ့ အကောင်အထည် ဖော်ရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ပါသည်။


  1. Micro level

ဒီအဆင့်တွင် ချဉ်းကပ်ရမည့် နည်းများကို ပညာရှင်များက ခြောက်နည်းခန့် ခွဲခြား ဖော်ပြထားပါသည်။ ပထမတစ်နည်းမှာ social safety nets များ ဖြစ်ပါသည်။ အန်ဂျီအိုများမှ ဖြစ်စေ၊ ပုဂ္ဂလိကများမှ ဖြစ်စေ အခြေခံ အစားအသောက်များ ပြည့်ဝစွာ ရရှိစေရေး၊ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ကြိုတင် ကာကွယ်ရေး စသည်များကို ကူညီ ဆောင်ရွက်ပေးမှုများ ဖြစ်ပါသည်။ ဒုတိယတစ်နည်းမှာ Public employment ပရောဂျက်များဖြစ်ပါသည်။ လုပ်အားခြေပြု လုပ်ငန်းဆောင်တာများ ဖြစ်စေရပါမည်။ တတိယနည်းလမ်းမှာ ထွက်ကုန်နှုန်း မြင့်မားသော သီးနှံများအား ဆင်းရဲနွမ်းပါးသော ဒေသမှ တောင်သူများကို စိုက်ပျိုး ထုတ်လုပ်စေခြင်း ဖြစ်ပါသည်။ အရေးအလွန်ကြီးသော နောက်ထပ် နည်းလမ်း တစ်ခုမှာ ပိုင်ဆိုင်မှု ခွဲဝေမျှတခြင်း (Asset Redistribution) ဖြစ်ပါသည်။ ထို့အတွက် ဆင်းရဲနွမ်းပါးသူများဘက်မှ ဘက်လိုက်သော လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး မလွဲမသွေ ပြုလုပ် ရပါမည်။ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရပါမည်။ ထုတ်လုပ်မှုအတွက် အရေးကြီးသော water rights ကို ဆင်းရဲနွမ်းပါးသူများ ထံသို့ ချေးငှားမှု ပုံသဏ္ဍာန်ဖြင့် လွှဲပြောင်း ပေးထား ရပါမည်။

ထိုမျှ မကသေး။ ကျေးလက်ဒေသများတွင် အဖြစ်များသော financial exclusion ကို ဖယ်ရှားနိုင်မည့် နည်းလမ်းများ (ဥပမာ - ကြွေးမြီ ဈေးကွက်ကို အောက်ခြေသို့ တိုးချဲ့ခြင်း) စသည်များကို ပြုလုပ် ပေးရပါမည်။ အုပ်စုလိုက် ချေးငှားခြင်းများ ပြုလုပ်ပေးပြီး၊ အာမခံထားခြင်း၊ စုဆောင်းခြင်း စသည့် risk management devices များကိုလည်း ဆောင်ရွက် ထားရပါမည်။ ထို့အပြင် ကျန်းမာရေးနှင့် ပညာရေး ပရိုဂရမ်များကိုလည်း တိုးချဲ့ ဆောင်ရွက် ရပါမည်။


(၃)


အဆိုပါ အချက်များမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပပျောက်ရေး ဆောင်ရွက်ရန် နည်းလမ်းများနှင့် ပေါ်လစီများ ဖြစ်ပါသည်။ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကျမ်းတစ်စောင် မဟုတ်၍ အသေးစိတ်ချဲ့ကာ မပြောချင်တော့ပါ။ ထိုအချက်များအား ပြန်လှန် စဉ်းစားနေမိရင်း အတွေးများက လက်ရှိ အငြင်းပွား နေကြသော ကိစ္စရပ်များဆီသို့ ရောက်သွားခဲ့ ပြန်သည်။ ဒီလူတွေ ဘာအတွက်ကြောင့်များ ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ ငြင်းခုန် နေကြပါလိမ့်လို့ သူမ တွေးနေမိ ပြန်သည်။ အဖြစ်က ဒီလိုပါ။

မြန်မာပြည် အရေးမှာ စစ်အုပ်စုကို တိုက်ခိုက်ရန် မလို။ လက်တွေ့ကျသော လုပ်ဆောင်ချက်များ ဖြစ်သည့် ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပမှု ပပျောက်ရေးတို့ကိုပဲ လုပ်ဆောင်ရမည်ဟု အချို့က ဆိုနေကြပါသည်။ နအဖ အတိုက်အခံထဲမှ တချို့ကလဲ စစ်အုပ်စုကို တိုက်ခိုက်ရန် လိုသည့် အဆိုကို ပြောကြရင်း စစ်အုပ်စု ပြုတ်ကျမှ ဖွံ့ဖြိုးရေး လုပ်ရမည်လိုလို အဆင့်ထိ ရောက်ကုန်ကြသည်။ နှစ်ဖက်လုံးက သူ လုပ်တာ ထိရောက်တယ်၊ ကိုယ် လုပ်တာ ထိရောက်တယ် ဟူ၍ ငြင်းနေကြ ပြန်သည်။

အမှန်တော့ ပေါ်လစီ ရေးရာများ၊ ချဉ်းကပ် နည်းလမ်းများကိုသာ လေ့လာထားလျှင် ငြင်းစရာ လုံးဝ မလိုတော့သည့် အချက်ပင် ဖြစ်သည်။ micro level မှာ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း တစ်နိုင်တစ်ပိုင် လုပ်လို့ ရသည့် ကိစ္စများ ရှိပါသည်။ ထို့အတူ macro level, meso level များမှာ အုပ်ချုပ်သူ အစိုးရ ကိုယ်တိုင်က စေတနာ ရှေ့ထားပြီး တစ်တပ်တစ်အား ဦးဆောင် အကောင်အထည် ဖော်ပါမှ လုပ်လို့ ရသည့် ကိစ္စများလည်း ရှိပါသည်။ စစ်အုပ်စု အုပ်ချုပ်ရာ ကာလ တစ်လျှောက်တွင် စစ်အသုံးစရိတ် ကြီးမားမှု၊ စစ်မျိုးစစ်နွယ် များမှသာ စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ်မှု၊ စီးပွားရေး ပေါ်လစီများ၊ ဘဏ္ဍာရေး ပေါ်လစီများ ထိရောက်စွာ မချမှတ်နိုင်မှု ဆိုသည့် အားနည်းချက်များကို ပြည်သူတို့ ခါးစည်း ခံနေကြရပါသည်။ ထို့ကြောင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် စစ်အုပ်စုအား မဖယ်ရှားဘဲ မရပါ။ (စကား အသုံးအနှုန်းကို ရှင်းစွာ ပြောထားပါသည်။ စစ်အုပ်စုဟု သုံးထားပါသည်။ တပ်မတော်ဟု မသုံးထားပါ။ တပ်မတော်ဟူသည် နိုင်ငံတစ်ရပ်၏ ပြည်သူ၊ အစိုးရ၊ စစ်တပ် ဆိုသော ဖြစ်တည်မှုသဏ္ဍာန် သုံးရပ်တွင် ပါဝင်ပြီးသား ဖြစ်၍ တပ်မတော်ကို မည်သူကမှ ဖယ်ရှား၍ မရပါ။ တပ်မတော်ကို တိုင်းပြည်အတွက် လိုအပ်သည့် ပုံသဏ္ဍာန် အနေဖြင့် မဟုတ်ဘဲ ပြည်သူ့ ချဉ်ဖတ် အနေဖြင့် သွတ်သွင်းနေသည့် စစ်အုပ်စုနှင့် စစ်အာဏာရှင် စနစ်ကို ဖယ်ရှားရန် လိုအပ်ခြင်းကိုသာ ဆိုလိုပါသည်)

သို့ဖြစ်ရာ စစ်အာဏာရှင်စနစ် (ရာနှုန်းပြည့်ဖြစ်ဖြစ်၊ ၂၅ ရာခိုင်နှုန်းပဲဖြစ်ဖြစ်) ရှိနေသရွေ့ macro level ပေါ်လစီများကို ထိရောက်အောင် ဆောင်ရွက်၍ ရမည် မဟုတ်ပါ။ meso level အချို့နှင့် micro level အပိုင်းတွင် လုပ်လျှင် အတိုင်းအတာ တစ်ခုအထိ ထိရောက်မည်များလည်း ရှိပါသည်။ မြန်မာများ အနေနှင့်က မြန်မာပြည်ကို စေတနာ ရှိသည်ဆိုလျှင် အဆိုပါ အဆင့်များနှင့် ပတ်သက်၍ အငြင်းပွား မနေသင့်ကြပါ။ micro level နှင့် meso level လုပ်ငန်းဆောင်တာများကို စိတ်ဝင်စားသူများ တကယ် လုပ်ကိုင်ကြပါ။ (တစ်ခုတော့ ရှိပါသည်။ ဘာမှ မလုပ်ဘဲနှင့် macro level ကို အကောင်အထည် ဖော်ရန် အတွက် စစ်အုပ်စုကို တိုက်ဖျက်နေသည့် အတိုက်အခံများကိုတော့ အကြောင်းမဲ့ လိုက်လံ တိုက်ခိုက် မနေပါနှင့်။ နှစ်ဦးနှစ်ဘက် အချိန်ကုန်ပါသည်။ လုပ်စရာ ရှိတာကို ကိုယ့်ဘာသာကိုယ် လုပ်ရန်သာ ဖြစ်သည်)

ထို့အတူ တိုင်းပြည် ခြွင်းချက် မရှိ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သည့် macro level ပေါ်လစီများ ချမှတ်နိုင်ရေး အတွက် စစ်အုပ်စုကို တိုက်ရမည့် သူများကလည်း အာဏာရှင် စနစ် ချုပ်ငြိမ်းရေး အတွက် အားစိုက် ကြိုးပမ်း တွေးဆရင်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် ကြရမည်။ သူ့ဘာသာသူ လူမှု ထောက်ကူ ကိစ္စ လုပ်သူများကို နိုင်ငံရေးထဲ မပါလို့ ဟူ၍ သွားရောက် တိုက်ခိုက် ပြောဆိုခြင်း မပြုလုပ်မိစေရန် သတိထား ကြရမည်။

နှစ်ဦးနှစ်ဘက် တိုက်နေကြလို့ကတော့ ဘယ်တော့မှ မပြီးပါ။ ဆေးရုံ ဆရာဝန်က ဆေးကုပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ပေါ်လစီ ရေးဆွဲသူများက ကျန်းမာရေး စီမံကိန်းများ ချမှတ်ပါသည်။ အားလုံး ကိုယ့်နည်းကိုယ်ဟန်ဖြင့် အကျိုးပြု နေသူများ ဖြစ်ပါသည်။ အခြေအနေ တစ်ခုကို တွေးကြည့်ပါ။ ဆရာဝန် ရှိပြီး ဆေးရုံနှင့် ဆေးဝါးများ မရှိပါက ပြည်သူ့ကျန်းမာရေးကို မည်သို့ စောင့်ရှောက်မည်နည်း။ ထို့အတူပဲ ပေါ်လစီသမားများမှ ပေါ်လစီချမှတ်ပြီး အကောင်အထည် ဖော်မည့် ကျန်းမာရေး ၀န်ထမ်းများ မရှိပါက မည်သို့မည်ပုံ ဆောင်ရွက်ကြမည်နည်း။ ထိုနည်းလည်းကောင်းပင်။ ကျောင်းဆရာများရှိပြီး သင်ရိုးနှင့် ပညာရေး စီမံကိန်းများ မရှိပါက မည်သို့ ဖြစ်နေမည်နည်း။ စီမံကိန်းများ ရှိပြီး ဆရာမရှိပါက မည်သို့မည်ပုံ စာသင်ကြ မည်နည်း။

ယခုကိစ္စများမှာလဲ ထိုနည်းလည်းကောင်းပင် ဖြစ်ပါသည်။ “ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရမည်။ အတိုက်အခံများ လုပ်နေသည်မှာ အကျိုးမရှိ” ဟု ပြည်ပတွင် ငုတ်တုတ် ထိုင်ရင်း ဝေဖန် လေကန် နေသူများသည် မြန်မာပြည်တွင်းတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်ခဲ့ဖူးသေးခြင်း မရှိကြောင်း သေချာလှ ပေသည်။ စစ်အုပ်စုနှင့် ဆက်စပ်လုပ်ကိုင်ခြင်း မရှိသည့် အဖွဲ့အစည်းများ၊ စေတနာရှင်များ ကြုံတွေ့နေတတ်သည့် အခက်အခဲများ၊ လူမှုကယ်ဆယ်ရေးကိုတောင် လာဘ်ပေးလာဘ်ယူ ပြုလုပ်၍ ခွင့်ပြုချက်ယူရမှုများကို မသိနားမလည်၍ “ငါ့စကားနွားရ” ပြောနေကြခြင်းသာ ဖြစ်သည်။ သားဆက်ခြားရေးအတွက် တစ်အိမ်တက်ဆင်း ပညာပေး ဟောပြောမှုများကိုပင် နိုင်ငံရေး အရောင်ပါမှာစိုးလို့ ဆိုပြီး၊ ရ၀တ၊ ကြံ့ဖွံ့တစ်ယောက်မှ တစ်ကောက်ကောက် လိုက်နေသည့် အခက်အခဲမျိုးကို ကြုံတွေ့ဖူး ပါရဲ့လား။ နွမ်းပါးသည့် ရွာငယ်လေးမှာ ညနေပိုင်း အခမဲ့ ကျုရှင်လေး ဖွင့်ဖို့ကိုတောင် အဆင့်ဆင့် လပေါင်းများစွာ ခွင့်ပြုချက်တင် နေရပြီး၊ ပညာသင်နှစ် ကုန်သွားသည် မျိုးကိုကော ကြုံဖူးပါရဲ့လား။ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ကိစ္စများ မဟုတ်သေး။ လူမှုရေး၊ ပညာရေးတွင်တောင် ဤမျှအထိ ကန့်သတ် တားမြစ်ချင်များနေသော စစ်အုပ်စုအား ဖယ်ရှားရန် ကြိုးစားနေခြင်းကို လိုက်လံ တိုက်ခိုက်ပြောဆိုနေသည့် ထိုလူများ၏ ဖွံ့ဖြိုးတိုးတက်ရေးပဲ လုပ်ဖို့ လိုတယ် ပြောနေသော စကားသံများရဲ့ စေတနာမှာကော တကယ် မှန်ကန်ပါရဲ့လား။

ထိုနည်းတူပင်။ အတိုက်အခံများ၏ နိုင်ငံရေးရာ ကိစ္စများတွင် တစ်ခွန်းတစ်ပါဒမှ လာရောက် ပါဝင် ပြောဆို တိုက်ခိုက်ခြင်း မရှိဘဲ သူ့ဘာသာသူ လူမှု ထောက်ကူ ကိစ္စများ၊ လုပ်လို့ ရနိုင်သလောက် ပညာရေး၊ ကျန်းမာရေးများတွင် လုပ်ကိုင် ဆောင်ရွက်နေသူ များအား အချို့သော အတိုက်အခံများမှ တိုက်ခိုက် ပြောဆိုခြင်းမှာကော မှန်ကန် နည်းလမ်း ကျပါရဲ့လား။

အရေးကြီးသည်ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ပင် ဖြစ်သည်။ ကိုယ်က ကျွမ်းလောင်ပြီး ပျက်နေသည့် မီးလုံးကို လှေကားထောင် တက်လဲပြီး မီးလုံးသစ် အစားထိုးမည်လား။ (သို့မဟုတ်) အလင်းရောင် ခဏတာ ပေးဖို့ ဖယောင်းတိုင်လေး သွားထွန်း ပေးမည်လား။ နှစ်မျိုး စလုံး သူ့နည်း သူဟန်နှင့်တော့ လောက အလှဆင် နေသူများသာ ဖြစ်သည်။ တစ်ခုတော့ ရှိပါသည်။ ဖယောင်းတိုင် ထွန်းမည့်သူကလဲ ထွန်းပေးနိုင်သည်မှာ ခဏတာပဲ ဆိုသည့် သဘောကို နားလည် ရပေမည်။ မီးလုံးလောက်တော့ လင်းလာမှာ မဟုတ်တာကို သဘောပေါက် ရပေမည်။ ထို့အတူ မီးလုံးတက်လဲမည့် သူကလဲ အချို့သော နေရာများမှာ ဖယောင်းတိုင် အလင်းလေးတွေ ယာယီ လိုအပ်သည်ကို နားလည် ရပေမည်။ ကိုယ် မှန်တယ်၊ သူ မှန်တယ် ငြင်းစရာ မလိုပါ။ ကိုယ့်အလုပ်ကိုယ် ထိရောက်စွာ လုပ်ဖို့သာ လိုအပ်သည်။

မီးလုံးလဲမည် ဆိုပြီး တက်ရမည့် လှေကားကို ဟိုအမှတ်တံဆိပ်ပါ လှေကား၊ ဒီအမှတ်တံဆိပ်ပါ လှေကား ရွေးနေခြင်း၊ လှေကား ပေါ်တက်မည့်သူကို ဟိုတီရှပ် တံဆိပ်၊ ဒီတီရှပ် တံဆိပ် ၀တ်တက်ပါ လုပြော နေခြင်း၊ တစ်ယောက်က တက်မည် လုပ်သည်ကို နောက်တစ်ယောက်က ဆွဲချခြင်း၊ မီးလုံးပျက်အား လက်ညှိုးထိုးပြပြီး လုပ်စားနေခြင်းများ မရှိလျှင်တော့ မီးလုံးလဲမည့် သူများမှ ကိုယ့်အလုပ်ကိုယ် လုပ်နေသည် ဆိုနိုင်ပါသည်။

ထိုနည်း လည်းကောင်းပင်။ ဖယောင်းတိုင် ၀ယ်ရန် အကြောင်းပြပြီး ပိုက်ဆံ တောင်းစား နေခြင်း၊ ပြည်ပ စေတနာရှင်များ၏ ထောက်ပံ့ကြေးများကို အာဏာပိုင်နှင့် ပေါင်း၍ ဝေစားမျှစား လုပ်ခြင်း၊ မီးလုံးသာ လဲနိုင်သွားလျှင် ကိုယ့်နေရာ ပျောက်မည် စိုး၍ လိုက်လံ ပိတ်ဆို့ တားဆီး နေခြင်း၊ ဖယောင်းတိုင် မီးညှိရန် စေတနာတရား အမှန်တကယ်လဲ မရှိပါဘဲနှင့်၊ တကယ်လဲ မီးညှိရန် ကြိုးစားနေခြင်း မရှိပါဘဲနှင့် မိမိ နာမည်ရရေး အတွက် မီဒီယာများ ပေါ်တက်ပြီး အသံကောင်း ဟစ်နေခြင်း စသည်များ မရှိလျှင်တော့ ဖယောင်းတိုင် ထွန်းသူများမှ ကိုယ့်အလုပ်ကိုယ် လုပ်နေသည် ဆိုနိုင်ပါသည်။

ထိုအချက်များကို တွေးနေမိရင်း သူမ ထိုင်နေရာမှ အသာ ထလိုက်ပါသည်။ ပျက်ယွင်းနေသော လျှပ်စီးမီးလုံးလေးကို လဲရပါဦးမည်။ ဘယ်လိုပဲဖြစ်ဖြစ် ခဏတာ အလင်းရောင်ပေးသည့် ဖယောင်းတိုင်လေး များကိုလဲ သူမ ကျေးဇူးတင် နေမိပါသည်။


ခင်မမမျိုး (၂၁၊ ၂၊ ၂၀၀၉)


Related Posts :



3 comments:

Nge Naing said...

ခင်မမမျိုး
ပို့စ်လေးက တင်ပြထားတာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် ကျန်းမာရေးကို Biological အရသာ နားလည်ထားတဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ဒီလိုပို့စ်မျိုးကို ကျန်းမာရေး ရှုဒေါင့်ကနေပြီး နားလည်နိုင်ဖို့ ဆိုရင် နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပြည်သူ့ကျန်းမာရေး ပေါ်လစီတို့ the Principle of Primary Health Care နဲ့ လူတွေရဲ့ အခြေခံ အခွင့်ရေး စတာတွေက ကျန်းမာရေးနဲ့ ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာ ပါတဲ့ မိတ်ဆက်ပို့စ်တခု ကြားမှာ လိုနေလိမ့်မယ်ထင်တယ်။ ဒီလို မိတ်ဆက်ပို့စ်တခုကို ခင်မမမျိုး ထပ်တင်ပေးနိုင်ရင်တော့ ပိုကောင်းပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် Health Issue ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားခြင်းမရှိတဲ့ စာဖတ်ပရိတ်သတ်တွေအနေနဲ့ ဒီပို့စ်ကို ကျန်းမာရေးအကြောင်းမပြောပဲ နိုင်ငံရေးအကြောင်းတွေပဲ ပြောထားတယ်လို့ ထင်နေနိုင်လို့ အကြံပြုရတာပါ။

chenaddy said...

အစ်မတို့တွေအားလုံးပြန်မာပြည်ပြန်လာကြပါလားဟင်?
မြန်မာပြည်မှာအစ်မတို့လိုလူတွေအများကြီး၊အများကြီး
လိုနေပါတယ်။ ပြန်လာပြီးအကျိုးပြုနိုင်မယ်ဆိုရင်တော့ ဒီအပေါ်မှာရေးနေတာထက်ပိုအကျိုးရှိမှာပါ။
မီးလုံးပဲလဲလဲ၊ ဖယောင်းတိုင်ပဲထွန်းထွန်း မြန်မြန်ပြန်လာဖို့ကပိုအဓိက ကျပါတယ်
မျှော်နေမယ့်
မောင်အောင်မျိုး

Dust in the Wind said...

Greeting from Sendai, Japan. Thank for nice post.