Pro-Choiceအမျိုးသမီးတစ်ဦးသည် မိမိ ကိုယ်ခန္ဓာကို မိမိပိုင်သည်။ ထို့ကြောင့် မိမိ ကိုယ်ခန္ဓာအတွင်း ဖြစ်တည်လာသော ကိုယ်ဝန်ကို ၄င်း အမျိုးသမီး၏ သဘော ဆန္ဒအရ (ဖျက်ချလိုက) ဖျက်ချပိုင်ခွင့်ရှိသည် ဟု ယုံကြည်ယူဆချက်။ စကားချပ်။ ။ ယခင်က Anti-life ဟုလည်း ခေါ်သည်။ သို့ရာတွင် Anti ဆိုသည်မှာ အနုတ်သဘောလက္ခဏာ ဆောင်သဖြင့် နောက်ပိုင်း အသုံးနည်းလာသည်။ | Pro-Lifeသန္ဓေသား ဆိုသည်မှာ လူသားတစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် လူသားတစ်ဦး၏ ရပိုင်ခွင့်ဖြစ်သော အသက်ရှင်သန်ခွင့်ကို သန္ဓေသားတိုင်း ရပိုင်ခွင့် ရှိသည် ဟု ယုံကြည်ယူဆချက်။ ဆင့်ပွား ယူဆချက်မှာ ကိုယ့်ကိုယ်ကို သတ်သေခြင်း၊ သေဒဏ်ပေးခြင်း၊ သေလုမျောပါး ဝေဒနာ ခံစားနေရသူ လူနာအား အဆုံးစီရင်ပေးခြင်း (Euthanasia)၊ လူကို တုပပြုလုပ်ခြင်း (cloning)၊ သန္ဓေသား ဆဲလ်များကို အသုံးချ သုတေသနပြုခြင်း (Human embryonic stem cell research) စသည်တို့ကိုလည်း ဆန့်ကျင်သည်။ စကားချပ်။ ။ ဤယုံကြည်ချက် ရှိသူသည် ကိုယ်ဝန်ဖျက်ချခြင်းကို မည်သည့် အကြောင်းပြချက်နှင့်မျှ လက်မခံပါ။ |
ဒီလိုဆိုရင် Pro-Choice နဲ့ Pro-Life တို့ဟာ ခေါင်းနဲ့ပန်း၊ မီးနဲ့ရေ၊ အဖြူနဲ့အမည်းလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသလား။ Are they dichotomous?
သာဓကများနှင့် ရှင်းပြလျှင် ပိုမို သင့်လျော်မည်။
ဥပမာ (၁)
အမျိုးသမီး တစ်ဦးသည် သားဆက်ခြားနည်းများကို သုံးစွဲရကောင်းမှန်း သိသည်၊ တတ်လည်း တတ်နိုင်သည်၊ ၀ယ်ယူရန်လည်း လွယ်ကူသည့် အနေအထားမှာ ရှိသည်၊ ဆေးမတည့်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများလည်း မရှိပါလျှက် သားဆက်ခြားခြင်း နည်းလမ်းများကို မသုံးစွဲ။ ကိုယ်ဝန်ရလာမှသာ သွားရောက် ဖျက်ချလေသည်။ထိုကိစ္စမျိုး တစ်ကြိမ်မက ဖြစ်လာသောအခါ … မိမိကိုယ်ကို Pro-Choice ဟု သတ်မှတ်ထားသူကပင်လျှင် ထိုသို့ မဖြစ်သင့်ကြောင်း၊ သားဆက်ခြားနည်း မှန်မှန်သုံးပြီး ကိုယ်ဝန်ဖျက်ခြင်းကို ရှောင်သင့်ကြောင်း ၀င်ရောက် ပြောဆိုသည်။
ထိုအခါ Pro-Choice ကို ယုံကြည်သူသည် အမှန်တကယ် ယုံကြည်သူ ဖြစ်ပါသေးသလော။
ဥပမာ (၂)
အမျိုးသမီး တစ်ဦးတွင် နှလုံးရောဂါ ကြီးကြီးမားမားရှိသဖြင့် ဆရာဝန်များက ကလေးမယူရန် တားမြစ်ထားသည်။ ပဋိသန္ဓေ တားနည်းလည်း သုံးနေပါလျက် မတော်တဆ ကိုယ်ဝန် ရရှိသွားလေသည်။ ထိုအမျိုးသမီး၏ နှလုံးအခြေအနေသည် မိခင်နှင့် ၀မ်းတွင်းက သန္ဓေသား နှစ်ဦးလုံး အတွက် လုံလောက်အောင် အလုပ် မလုပ်ပေးနိုင်ချေ။ ထိုအခါ အမျိုးသမီးမှာ အသက် အန္ဓရာယ် ရှိလာလေသည်။ အမျိုးသမီး အသက် သေဆုံးသွားပါက ၀မ်းတွင်းမှ သန္ဓေသားမှာလည်း အသက် သေဆုံးပေမည်။ထိုအချိန်တွင် Pro-Life ဟု မိမိကိုယ်ကို သတ်မှတ်ထား သူကပင်လျှင် ထိုကိုယ်ဝန်ကို ဖျက်ချပေးသင့်ပါကြောင်း ပြောလာလေသည်။ မိခင်သေလျှင် သန္ဓေသားလည်း သေမည်။ အသက် နှစ်သက်နှင့် တစ်သက် လဲရန်ဟု အကြောင်းပြလေသည်။
ထိုအခါ Pro-Life ကို ယုံကြည်သူသည် အမှန်တကယ် ယုံကြည်သူ ဖြစ်ပါသေးသလော။
တစ်ဦးချင်း အယူအဆမှ အဖွဲ့လိုက် အယူအဆသို့
ဤအယူအဆတို့သည် လူတစ်ဦးချင်းစီတွင် ရှိနေနိုင်သလို အသင်းအဖွဲ့ တစ်ခု နိုင်ငံ တစ်နိုင်ငံတွင်လည်း ရှိနေနိုင်သည်။ အသင်းအဖွဲ့ တစ်ခု၏ ဖွဲ့စည်းပုံ၊ ပေါ်လစီ၊ ခေါင်းဆောင်များ၏ ပြောဆိုချက်များပေါ် မူတည်၍ ထိုအဖွဲ့သည် Pro-Choice နှင့် နီးသလား Pro-Life နှင့် နီးသလား ဆိုသည်ကို ခန့်မှန်းနိုင်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ Pro-Choice/Pro-Life အယူအဆကို ထိုနိုင်ငံတွင်ရှိ အမျိုးသမီး ကျန်းမာရေး၊ မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။စာရှုသူများ တွေး၍ မှတ်ချက်ရေးပေးပါရန်
- အထက်ပါ ဥပမာ (၁) နှင့် (၂) ကဲ့သို့ အလားတူ သာဓက တစ်ခုစီလောက် စဉ်းစားကြည့်ပါ။
- မြန်မာနိုင်ငံတွင် လူအများစုသည် မည်သည့် နေရာတွင် ရှိနေမည် ထင်ပါသနည်း။
- စာရှုသူ ကိုယ်တိုင်ကရော မည်သည့် နေရာတွင် ရှိပါသနည်း။ (ဖြေလိုမှ ဖြေပါရန်။)
တက္ကသိုလ် လှမွန်
စာကိုး
http://en.wikipedia.org/wiki/Pro-choice
http://en.wikipedia.org/wiki/Pro-life



သွားတွေ ထပ်တဲ့အတွက် အစာတွေက သွားထပ်တဲ့ ကြားတွေထဲဝင်ပြီး သွားတိုက်လို့လည်း မပြောင်နိုင်တဲ့အတွက်၊ အသက်ငယ်ငယ်မှာဘဲ ကြီးသွားတွေ ပိုးစားရရှာပါတယ်။ ကလေးမိဘတွေ သတိပြုစရာပါ။







