Thursday, January 7, 2010

Infertility ကလေးမရနိုင်ခြင်း

“သာဝတ္တိပြည်တွင် သူကြွယ်လင်မယား ရှိကြ၏။ သူကြွယ်ယောက်ျားကား စေတနာသဒ္ဓါတရားနှင့် ပြည့်စုံသလောက် သူကြွယ်၏ ဇနီးကား စေတနာ သဒ္ဓါတရားမရှိ။ မာန်မာနကြီး၏ အမျက်မာန်စောင်းကြီး၍ ဣသာမစ္ဆရိယစိတ် များ၏။ ထိုမယားကား သားသမီးလည်း မထွန်းကား၊ အမြုံမ ဖြစ်၏။”

လူတယောက်မှာ ဆီးချိုရှိနေတာ၊ (လူကီးမီးယား) ဖြစ်နေတာ တွေ့ရင် ဘယ်သူ့သွား အပြစ်တင်မလဲ။ အတူတူပါဘဲ၊ စုံတွဲတတွဲ ကလေး မရတာကိုလဲ၊ အပြစ်တင်လို့ မရပါ။ ဗမာတွေက “အမြုံမ” လို့ခေါ်တာ သိပ်နှိမ်လွန်းရာကျတယ်။ သူများတွေ ဆီမှာတော့ I Married a Monster from Outer space, Village of the Damned, Inseminoid (စပေ့စ်) ထဲက ဂြိုဟ်သားနဲ့ မိတ်ဖက်ပြီး၊ ဆူပါကလေး မွေးတဲ့ ရုပ်ရှင်ကားတွေ ပေါ်ပြူလာဖြစ်နေတယ်။ လူနဲ့မှ ကလေး မရရင် ဒါလုပ်မယ်လို့ သင်ပေးရာ ကျနေတယ်။ လူနဲ့ဘဲ ကလေးရစေဘို့ ဒီစာကလေး ရေးပါတယ်။

တကမ္ဘာလုံးမှာ ကျား-မ ၇ တွဲရှိရင်၊ ၁ တွဲက၊ ကလေးမရဖြစ်နေတယ်လို့ ခန့်မှန်းပါတယ်။ Reproductive Endocrinologists ဆိုတဲ့ မျိုးပွါးပညာ အထူးကု ဆရာဝန်များကတော့ ၃၄ နှစ် အောက် အမျိုးသမီးများ၊ ၁၂ လတိတိ၊ ပဋိသန္ဓေတားနည်း တခုမှ မသုံးဘဲ၊ ၆ အထိ အတူနေလို့မှ ကိုယ်ဝန်မဆောင်နိုင်တာကို Infertility ကလေးမရနိုင်ခြင်း လို့ သတ်မှတ်ပါသတဲ့။ Subfertility, Primary infertility, Secondary infertility ဆိုတဲ့ အမျိုးအစားခွဲတွေလဲ ရှိသေးတယ်။

အပျိုဖေါ် ဝင်ကတည်းကစပြီး၊ သွေးမဆုံးမချင်း အမျိုးသမီးတိုင်းဟာ လူ့မျိုးဆက်ပြန့်ပွါးဘို့ ဖြစ်နိုင်ရပါတယ်။ ရာသီလ အလည်ရက်မှာ မျိုးဥအိမ်ကနေ မျိုးပွါးစေနိုင်တဲ့ မ-မျိုးဥ ၁ ဥ ထွက်ပေးနေတယ်။ အဲဒီ သန်စွမ်းတဲ့ ဥနဲ့ ကျား-သုတ်ပိုး အကောင်း ၁ ခု ထိတွေ့ရ၊ ပေါင်းစပ်ကြရရင် ကိုယ်ဝန်ရစေပါတယ်။

အမျိုးသမီးများ အသက်ကြီးတာနဲ့ ကလေးရနိုင်စွမ်း နည်းလာတယ်ဆိုတာ ဆရာဝန်မဟုတ်လဲ သိကြတယ်။ ယောက်ျားတွေလဲ အိုလာရင် ကလေးရဘို့လမ်း နည်းလာတာပါဘဲ။ အသက်ကြီးတာအပြင် ဘာ့လို့ ကလေးမရကြသလဲ။ ခင်ပွန်းဘက်က ချို့ယွင်းချက် ၂ဝ%၊ ဇနီးဘက်က ၄ဝ-၅ဝ% နဲ့ ၂ ယောက်လုံးနဲ့ ဆိုင်တာ ၃ဝ-၄ဝ% ရှိတယ်လို့ ဆိုပါတယ်။ ရှင်းမပြနိုင်တဲ့ အခြေအနေတွေကလဲ ၁၅% ရှိပါတယ်။

ကျားသုတ်ပိုး အရေအတွက် နည်းတာနဲ့ Endometriosis ဆိုတဲ့ သားအိမ်ရောဂါ၊ သားအိမ်ပြွန်မှာ ပြဿနာရှိတာတွေက အများဆုံး တရားခံတွေပါ။ မျိုးဗီဇကိုလဲ ထည့်သွင်း စဉ်းစားရပါတယ်။ DNA defects on the Y chromosome ဖအေမှာ ရှိရင် သားကို အမွေပေးတယ်။ ဆီးချို၊ လည်ပင်ကြီး၊ Adrenal နဲ့ Hypopituitary ဆိုတဲ့ ဟော်မုန်း ထွက်တဲ့ (ဂလင်း) တွေမှာ ရောဂါရှိတာလဲပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကိုပါ စဉ်းစားတယ်။ ဂျာမန် ဆရာဝန် တွေကတော့ (ဗိုင်းရပ်စ်) တမျိုးကို လက်ညှိုးထိုးပါတယ်။

ဒီရောဂါကုဘို့ ဆရာဝန်တွေက အပြစ်ရှာတာနဲ့ စရတယ်။ ယောက်ျားကို အပြစ်ရှာရရင် သုတ်ပိုး နည်းတာ၊ ပုံမမှန်တာ၊ သုတ်ရည်က နောက်ပြန်ထွက်တာ၊ သုတ်ရည်လမ်း ပိတ်နေတာ၊ Varicocele အကြောထုံးရောဂါ၊ Testosterone ကျား ဟော်မုန်းနည်းတာ၊ မျိုးဗီဇ ချွတ်ယွင်းတာ၊ ရောဂါပိုးဝင်တာ၊ မွေးကတည်းက ကျားအစေ့ အောက်မကျဘဲရှိနေတာ၊ Hypospadias ဆီးထွက်ပေါက် မွေးရာပါ နေရာမမှန်တာ၊ Cystic fibrosis ရောဂါရှိတာ၊ စိတ်သောက များတာ၊ အာဟာရ နည်းလွန်းတာ၊ အဝလွန်တာ၊ ကင်ဆာ ဖြစ်တာနဲ့ ကုသမှု ခံနေတာ၊ ဇိုးသမား၊ ဆေးသမား၊ အသက်ကြီးတာတွေ ပါတယ်။

အမျိုးသမီးများမှာ အပြစ်ရှာရရင်၊ သားအိမ်ပြွန် ပိတ်နေတာ နဲ့ မကောင်းတာ၊ အကုရခက်တဲ့ Endometriosis သားအိမ် ရောဂါ၊ ခွဲထုတ်လို့ လွယ်တဲ့ Fibroids သားအိမ်အလုံးရှိတာ၊ မျိုးဥအိမ်ရောဂါ၊ Hyperprolactinemia, Polycystic ovary syndrome ရောဂါတွေ၊ သွေးဆုံးချိန်စောတာ၊ အဖြူဆင်းပြီး ဆီးစပ်နာရာကနေ တင်ပဆုံတွင်းရောဂါ ရလာတာ၊ လည်ပင်ကြီးရောဂါ၊ ကင်ဆာဖြစ်တာနဲ့ ကုသမှု ခံနေရတာ၊ အသက်ကြီးသွားတာ၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်သောက်တာ၊ စည်ပိုင်းလို အဝလွန်တာ နဲ့ ငါးဖေါင်ရိုးခြောက်လို ပိန်တာတွေ ပါတယ်။

အပြစ်ရှာပြီးပါပြီ၊ ကုဘို့ ကြိုးစားပါမယ်။ ကုသနည်းတွေထဲမှာ ဆေးပေးနည်း၊ ကရိယာသုံးနည်း၊ ခွဲစိတ်နည်းတွေ ရှိတယ်။ လိုအပ်ရင် နည်းတခုမက တွဲလုပ်ပေးရတယ်။ ၂ဝဝ၇ ခုနှစ်မျာ FDA အတည်ပြုပေးတဲ့ Conception device ဆိုတာက ခင်ပွန်းရဲ့ Semen ထဲက သုတ်ပိုးအားလုံး ဇနီးရဲ့ သားအိမ်အဝထဲ အကုန်အစင် ဝင်စေအောင် ကူပေးနည်းပါ။ အိမ်မှာတင် ကိုယ့်ဖါသာ လုပ်ရတာမို့ အပန်းမကြီးပါ။ ၂ဝဝဝ ခုနှစ်မှာ Harvard Medical School ကနေ Group psychological intervention အုပ်စုလိုက် စိတ်ပိုင်းဆိုင်ရာ ဝင်ရောက် ကူညီခြင်းဆိုတာ လုပ်ပေးတော့ တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။

ဆရာဝန်ပါမှရတာ လာပါမယ်။ ကျားသုတ်ရည် အပြင်က ထည့်ပေးခြင်းနည်း Artificial Insemination ဆိုတာက ၁၉၇ဝ ကတည်းက စတယ်။ Intracervical insemination (ICI) နဲ့ Intrauterine Insemination (IUI) ၂ နည်းရှိတယ်။ (IUI) ကပို ခေတ်စားတယ်။ 5% to 25% အောင်မြင်လမ်း ရှိတယ်။ အကူညီပေးတဲ့ဆေးပါ တွဲပေးရင် အခွင့်အလမ်း ပိုများတယ်။ ဆေးတွေကတော့ Progesterone, Gonadotropins, GnRH Agonists, GnRH Antagonists, Clomiphene Citrate, Human Menopausal Gonadotropin ဆိုတာတွေပါ။ ဒီနည်းမှာ ခင်ပွန်းရဲ့သုတ်ရည်ကိုသာ သုံးပါတယ်။

Artificial Insemination by Donor Sperm ဆိုတာက ခင်ပွန်းမဟုတ်သူ အလှူရှင်ဆီက သုတ်ပိုးကို ထည့်ပေးနည်းပါ။ အသက် ၁၈-၃၅ နှစ်အတွင်း၊ အားကောင်း၊ မောင်းသန်၊ အမျိုးမျိုး ဆေးစစ်တာ အောင်သူတွေ၊ ခေတ်သစ် အလှူရှင် ဖြစ်နိုင်တယ်။ ဝေဿန္တရာမင်းကြီး မလုပ်နိုင်ခဲ့တဲ့ ဒါနပါရမီပေါ့။ Intracytoplasmic Sperm Injection (ICSI) ကတော့ ပိုပြီး လက်ဝင်သလို၊ အကုန်အကျလဲ များတယ်။ အနုကြည့် မှန်ဘီလူး သုံးပြီး၊ တခုတည်းသော ကျားသုတ်ပိုးကို မ-မျိုးဥ အတွင်းထဲ ထိုးထည့်ပေး။ ပြီးတော့ သားအိမ်ထဲ ပြန်ထည့်ပေးတယ်။ အမျိုးသမီးကို ဆေးပေး၊ ကျန်းမာသန်စွမ်းတဲ့ မျိုးဥ ထွက်စေအောင် လုပ်ပြီး၊ Vaginal ultrasound နည်းသုံးရတယ်။ ကျားသုတ်ပိုးကိုလဲ အမှုံအမွှားတွေနဲ့ ခွဲထုတ်ဘို့ Embryology laboratory ထဲမှာ Centrifuge လုပ်ပေးရသေးတယ်။ အင်မတန်တော်တဲ့ ပန်းတိမ်ဆရာလို Micromanipulation specialist အနုစိတ်ပညာရှင်က Glass needle ဆိုတာ သုံးရတယ်။

Assisted reproductive technology (ART) မျိုးပွါး အထောက်အကူပြုနည်း ဆိုတာရှိပါတယ်။ Fertility medication ဆိုတဲ့ ဆေးကူပေးတာပါ။ လိုအပ်ရင် In vitro fertilization (IVF) ဆိုတဲ့ သားအိမ်ပြင်ပနည်းကိုပါ တွဲလုပ်တယ်။ (IVF) ကို ထပ်ချဲ့လုပ်ပေးနည်းတွေကတော့ (OCR, AZH, ICSI, ZIFT) နဲ့ (PGD, GIFT, SSR) အမျိုးမျိုးရှိတယ်။ အရင်ဆုံး မ-မျိုးဥ ထွက်လာအောင် ဆွပေးရတယ်။ ထွက်လာတဲ့ ဥကို ထုတ်ယူ၊ ဓါတ်ခွဲခမ်းထဲမှာ ကျားသုတ်ပိုးနဲ့ ပေါင်စပ်ခိုင်းပြီး၊ ၄ဝ နာရီ စောင့်၊ နောက် ပေါင်းစပ်ပြီးတဲ့ ဥကို သားအိမ်ထဲ ထည့်ပေးတယ်။ မဒီဒေဝီလို ပါရမီဖြည့်မဲ့ သားအိမ်အငှား လုပ်သူကိုလဲ သုံးနိုင်တယ်။ AIDS ရှိသူတွေ မွေးလာမဲ့ ကလေးကို မကူးအောင်လဲ ဒီနည်း သုံးတယ်။ Embryo transfer လို့ခေါ်တယ်။ ၁၉၇၈ ကတည်းက စသုံးပါတယ်။ ၂ဝဝ၆ အကုန်အထိ US မှာ ဒီနည်းနဲ့ မွေးတဲ့ ကလေးပေါင်း ၅ သိန်းရှိပြီတဲ့။

၂ဝဝ၂ တုံးက IVF နည်း လုပ်ပြီးနောက်၊ အပ်စိုက်နည်းနဲ့ ကူပေးတာလဲ ပိုကောင်းစေတယ်လို့ ဆိုတယ်။ Floatation therapy ဆိုတာက ကမ္ဘာ့ဆွဲအား မဲ့အောင် ဖန်တီးပြီး၊ စိတ်တင်းအား လျော့စေတဲ့နည်း။ ၂ဝဝ၄ ခုနှစ်မှာ Manual physical therapy မ-မျိုးပွါးလမ်းမှာ တွယ်ကပ်နေတာ မှန်သမျှ ဖယ်ရှင်း ထုတ်ပေးပြီး၊ သဘာဝအတိုင်း သန္ဓေရစေအာင်လုပ်နည်း။ ၂ဝဝ၉ ခုနှစ်မှာ ပေါ်တဲ့ နည်းသစ်တခုကတော့ Hormone-antioxidant combination therapy ခေါ်တယ်။ ကျားသုတ်ပိုးကို ပိုများအောင် နဲ့ ပိုလှုတ်ရှားမှု ရှိအောင် လုပ်ပေးနည်း ဖြစ်ပါတယ်။

သဘာဝမဟုတ်ဘဲ ကလေးရအောင်လုပ်ရတာမှာ Ethics ကျင့်ဝတ်ပိုင်းကိုလည်း ထည့်တွက်ရမှာပါ။ အောင်မြင်တာ မအောင်မြင်တာ နောက်ထား စမ်းသပ်မှုတွေ လုပ်ရတာကိုက ကုန်ကျစရိတ် အလွန်မတန် ကြီးတယ်။ သူတို့ဆီမှာ ၁၂၄ဝဝ ဒေါ်လာ ကုန်ကျတယ်။ အပြင်မှာ တည်အောင် လုပ်ပေးတဲ့သန္ဓေကို ဥပဒေအရလဲ စကားပြောစရာတွေ ရှိသလို၊ ဘာသာ အမျိုးမျိုးတွေကနေ တမျိုးတမျိုး ဆိုကြတယ်။

စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကလဲ အတော် ကြီးမားလှတယ်။ ကလေး မရလေ၊ ရချင်လေစိတ်က တနေ့တခြား၊ ပြင်းပြလာတယ်။ အိမ်ထောင်ကွဲရတာလဲ မနည်းဘူး။ ဇနီးဘက်က ချို့ယွင်းတာ သေခြာသိလို့ နောက်အိမ်ထောင် ပြုသွားတဲ့ ယောက်ျားကို အပြစ်တင်ရမှာလား။ မတင်သင့်ဘူးလား။ စောစောက ဖေါ်ပြခဲ့တဲ့ပုံပြင်မှာ “သူကြွယ်သည် အနွယ်ကို လိုသဖြင့် မျိုးဆက်မပြတ်ရန် အလို့ငှာ အမျိုးနွယ်တူသည့် အမျိုးသမီးတစ်ဦးကို လက်ထပ်ယူလိုက်သည်။”

ဘေးထွက်ဆိုးကျိုးတွေလဲ ရှိပါတယ်။ မလုပ်စေချင်လို့တော့ မဟုတ်ပါ သိထားဘို့လိုလို့ အကုန်အစင် ရေးရရင် - ကလေး တယောက်မကဖြစ်ခြင်း၊ Ovarian hyperstimulation syndrome မ-မျိုးဥအိမ် ရောဂါတမျိုးရခြင်း၊ သွေးယိုခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အလေးချိန် နည်းလွန်းတဲ့ကလေး မွေးခြင်း၊ ကလေးမှာ မွေးရာပါချို့ယွင်းချက် ပါခြင်း။

သိပ်မကြာသေးပါဘူး။ Fertility tourism ဆိုတဲ့ဝေါဟာရ ပေါ်လာရတယ်။ ကလေးရဘို့ ခရီးသွားရတာတဲ့။ ကျွန်တော်တို့ တိုင်းပြည်မှာ ကြာပြီလို့ ကြွားချင်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ထုတ်ဝေသူ စွယ်စုံရ “ဝင်းဦး” ကို ငယ်သူတွေ သိချင်မှ သိကြမယ်။ သူ့ခေတ်မှာတော့ တယောက်ဆို တယောက်ပါ။ “ပရက်စလေ” ခေတ်ကပေါ့။ သူရေးတဲ့ ဝတ္တုရှည်တပုဒ် ရှိတယ်။ ဇာတ်လိုက်မင်းသား သြစတေးလျ သွားပြီး၊ (မဲလ်ဘွမ်း) မှာနေတဲ့ အင်မတန် ချောလှတဲ့ အမျိုးသမီးနဲ့ “တညတာ” ကြုံရဆုံရတယ်။ တညပြီးတဲ့နောက် ဆက်ဆံရေး ကန့်လန့်ကာ အပြီးချ လိုက်လို့ မင်းသားခမြာ လွမ်းရ၊ ဆွေးရတာပေါ့။ လွမ်းခန်း ကောင်းနေတုံး၊ မင်းသမီးက အိမ်ထောင်သည် ဆိုတာကို ဖေါ်ပြလိုက်တယ်။ အိမ်ထောင်သက် ကြာပေမဲ့၊ ကလေးမရဘူးတဲ့။ ကျေကွဲရမှာလား၊ ကျေနပ်ရမှာလား မသိပါ။ ဇာတ်လမ်း အဆုံးမှာ မင်းသားနဲ့ တညတာ ဖူးဇာဆုံအပြီး၊ ဇာတ်လိုက်သမီးက သားလေးတယောက် ထွန်းပေါက်ပါသတဲ့။

မှန်းကြည့်တာကတော့ ခင်ပွန်းသည်မှာ ချို့ယွင်းနေတယ်။ အခုရေးတဲ့စာမျိုးလဲ ဖတ်ဖူးပုံရတယ်။ လင်ရော မယားပါ တညတာဇာတ်လမ်ကို အကွက်ချခဲ့တာနေမယ်။ ဝတ္တုကို Dee S. Knight ရဲ့ စာအုပ်အတိုင်း If Only For a Night ဆိုပြီး နာမယ်ပေးလိုက်ရင် မကောင်းလား။

Dr. တင့်ဆွေ
၇-၁-၂ဝ၁ဝ


Related Posts :



11 comments:

Unknown said...

အခုလို ဗဟုသုတတွေရေးပေးတာကျေးဇူးပါဆရာ
ကလေးမရနိုင်ခြင်းအကြောင်းရေးတဲ့နေရာ ပြောင်းပြန်မေးတယ်လို့တော့မထင်ပါနဲ့ဆရာ
သုတ်ရေကို ပါးစပ်ကမျိုချမိရင် ကိုယ်ဝင်ရနိုင်ပါသလား

Anonymous said...

မရနိုင်ပါ။ သုတ်ရေထဲက သုတ်ပိုးသည် အစာလမ်းကြောင်း (ပါးစပ်၊ အစာမြိုပြွန်၊ အစာအိမ်) ထဲ ရောက်သွားပါက ကြာကြာ မရှင်နိုင်ပါ။ လူကိုတော့ ဘာမှ မဖြစ်စေနိုင်ပါ။ ကိုယ်ဝန်ရရန် သန်စွမ်းသည့် ကျားသုတ်ပိုးသည် ကျန်းမာနေသော မ-မျိုးဥ နှင့် မ-မျိုးပွားလမ်းကြောင်း (သားအိမ်ပြွန်၊ သားအိမ်) တနေရာရာမှာ တွေ့ရှိ-ပေါင်းစပ် ရပါမည်။ ထို့နောက် သားအိမ်၏ အတွင်းနံရံမှာ လာ၍ တွယ်ကပ်ရပါမည်။ မွေးလမ်းကြောင်း မဟုတ်သော အခြား (အစာလမ်း၊ ဆီးလမ်း စသည်) တို့မှာ မ-မျိုးဥဖြစ်စေ ကျား-သုတ်ပိုးဖြစ်စေ မရှင်နိုင်ပါ။

Unknown said...

ကျေးဇူးပါဘဲဆရာ။
ကျွန်မတို့ ဇနီးမောင်နှံက ခွဲနေရတာများပါတယ်။ OG တွေနဲ့ပြကြည့်တော့လည်း ကလေးမရနီုင်တဲ့အကြောင်း မတွေ့ပါဘူးဆရာ။ အသက်ကလည်း ၃၅ ကျော်နေပြီမို့ သားသမီး အလွန်ရချင်ပါတယ်။ ရာသီစက်ဝိုင်းအလည် လောက်ရောက်ချိန်တွေမှာ အတူနေရင် သားသမီးရနိုင် တယ်လို့ ဆိုကြတာ ဟုတ်ပါသလားဆရာ။ ဘယ်လိုတွက်ချက် ပြီးနေရင် ရနိုင်ပါသလဲ။ သမီးမျိုးဥ ကြွေဆေးလည်း တစ်ခါနှစ်ခါစားဖူးပါတယ်။ ဆရာဝန်ညွှန်ကြားချက် အရပါ။ မထူးခြားခဲ့ပါဘူး။
စိတ်သောက အကြီးအကျယ် ရောက်နေရလို့ အကြံကောင်းရှိရင် ညွှန်ကြားပေးပါရှင်။ သားသမီး ရနိုင်တဲ့ ရက်များမှာ သမီးတို့ အတူနေနိုင်အောင် ကြိုးစားကြည့်ချင်လို့ပါဆရာ။

Anonymous said...

စိတ်အားမပျက်ဘို့တော့ အားပေးပါတယ်။ ပွင့်ပွင့်လင်းလင်းတော့ ရေးပါရစေ။ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ ကြိုးစားပါ။

“ရာသီစက်ဝိုင်းအလည် လောက်ရောက်ချိန်တွေမှာ အတူနေရင် သားသမီးရနိုင်တယ်လို့ ဆိုကြတာ” မှန်ပါတယ်။ လစဉ် ရာသီလာတာ တခါနဲ့တခါ စုစုပေါင်း ၂၈ ရက်၊ ၃ဝ ရက်၊ စသဖြင့် ကွာခြားပါတယ်။ အဲဒါကို တလလို့ယူပါ။ အလယ်ရက်ဟာ မ-မျိုးဥထွက်တဲ့ရက် ဖြစ်ပါတယ်။ ဆိုပါစို့ ၂၈ ရက်သမားအတွက် အရင်လ ရာသီစဆင်းတဲ့နေ့ရဲ့နောက် ၁၄ ရက်ဖြစ်မယ်။ ၃ဝ ရက်သမားအတွက်က နောက် ၁၅ ရက်မှာဖြစ်တယ်။ ဆိုလိုတာက တခါဆင်းတာနဲ့ နောက်ဆင်းတာ ၂ ခုရဲ့ အလယ် တည့်တည့်ရက် ဖြစ်ပါတယ်။ ရက်တွက်ရင် ရာသီ စဆင်းတဲ့ရက်ကို ၁ လို့ မှတ်ပါ။ စဆင်းရက်ဆိုတာက မမှားနိုင်ဘူး။ ပြီးသွားတဲ့ရက် ဆိုတာက မသေခြာဘူး မဟုတ်လား။

အဲဒီနေ့မှာ မ-မျိုးဥထွက်တယ်ဆိုရင် အမျိုးသမီးရဲ့ကိုယ်အပူချိန်ဟာ နဲနဲလေး တက်လာပါတယ်။ ကရိကထ ခံနိုင်ရင် တလလုံး မနက် အိပ်ရာထမှာ Body temperature ကိုယ်အပူချိန် တိုင်းပြီး မှတ်ရတယ်။ မ-မျိုးဥ ထွက်တဲ့နေ့မှာ နဲနဲတက်လာတာကို သိရမယ်။

အလယ်တည့်တည့်ရက် ၁ ရက်ထဲသာ မဟုတ်ပါ။ မတိုင်ခင် ၂-၃ ရက်၊ နောက် ၂-၃ ရက်တွေကလည်း ကိုယဝန်ရှိနိုင်တဲ့ ရက်တွေချည်း ဖြစ်ပါတယ်။

ကိုယ်ဝန်တားနည်းတွေ တခုမှ မလုပ်ပါနဲ့။ အတူနေပြီးပြီးချင်း၊ ရေမဆေးပါနဲ့။ ဇနီးက ပက်လက်အနေအထားကိုသာ ၅-၁ဝ မိနစ် နေပါ။ လိုအပ်ရင် အဲဒီအချိန်လေးမှာ အောက်ပိုင်းကို နဲနဲမြှင့်ထားရင် ပိုကောင်းပါတယ်။ အထဲဝင်ရမှာတွေ ထွက်မကျစေဘို့ပါ။

အခုဟာက သဘာဝနည်းတွေသာ ဖြစ်ပါတယ်။ ဆေးကူရမှာတွေကိုတော့ စာနဲ့ရေးထားပြီ ဖြစ်ပါတယ်။ အသစ်တခု အကြံပြုပါတယ်။

နှစ်ဦးစလုံး စိတ်ထဲမှာလဲ ကြည်ကြည်လင်လင်နဲ့ ဆုတောင်းသလို Concentration ထားပါ။ စိတ်ရဲ့တန်ခိုးဟာ ဆေးတန်ခိုးထက် အဆများစွာ သာလွန်ပါတယ်။ Autosuggestion ဆိုတဲ့ မသိစိတ်မှာကိုက လိုလိုလားလား၊ စူးစူး စိုက်စိုက်၊ ထပ်ခါတလည်း၊ အဆင့် တခုတိုင်း၊ တခုပြီးတခု၊ စဉ်တိုက်၊ ဆက်တိုက်၊ အလေးအနက် အမိန့်ပေးတဲ့ စိတ်ရဲ့စွမ်းအာကို အသုံးချကြည့်ပါ။ တကယ်ဘဲလို့ မြင်-သိနေပါ။ ဖြစ်အောင် လုပ်ပေးနေပါ။ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ အမိန့်ပေးနေပါ။

ကိုယ်စား တွေးပေးမယ်။ ဆိုပါတော့ -
• Sperm ကျားသုတ်ပိုးတွေဟာ အခု Vagina မွေးလမ်းထဲက၊ ဟို အတွင်းဆုံးနေရာက Cx သားအိမ်အဝမှာ ရောက်နေကြပြီး၊ သားအိမ်အဝ အထဲကို မြန်မြန် ဆန်ဆန် ဝင်ချင်နေကြပြီ၊
• သန်မာလှတဲ့ သုတ်ပိုးတွေက သန်းနဲ့ချီရှိတာ၊ အလုအယက်၊ အမြန်အဆန်၊ သားအိမ်အဝထဲကို ဝင်လာကြပြီ။
• သားအိမ်အဝကလဲ နွေးနွေးထွေးထွေး၊ လက်ကမ်းကြိုနေတယ်။ သားအိမ်အဝက ကျိချွဲချွဲအရည်လေးတွေကလဲ ကူညီနေကြရှာတယ်။ အဆင်ပြေလိုက်တာ။ အနွေးဓါတ်ကလဲ သူတို့ အကြိုက်ဘဲ။ လမ်းကလဲ ဖြောင့်လို့၊ တန်းလို့။
• Ovary မျိုးဥအိမ်က ထွက်လာတဲ့ ကျန်းမာလှတဲ့ Ovum မ-မျိုးဥကလဲ ဝင်လာနေကြတဲ့ ကျားပိုးတွေနဲ့ တွေ့ရ၊ ဆုံရ၊ ပေါင်းစပ် ချင်လှပြီ။ မျှော်နေတာ ကြာပြီလေ။
• မျိုးဥလေးက Tube သားအိမ်ပြွန်ကနေ အထဲဝင်လာနေပြီ။ ဘာအခက်အခဲမှလဲ မရှိဘူး။ အဆင်ပြေလိုက်တာ။
• အထဲကိုရောက်ပြီ၊ လိုက်ရှာနေပြီ။ အလုအယက် ဝင်လာနေကြတဲ့ အင်မတန် စွဲမက်စရာကောင်းလှတဲ့ ကျားသုတ်ပိုးတွေဆီကို မ-မျိုးဥက အကြော့သား ဆင်းလာနေပြီ၊
• ကျားသုတ်ပိုးကလဲ အကင်းပါးလိုက်တာ မပြောပါနဲ့တော့၊ ဘယ်မှာရှိမယ်ဆိုတာ အတတ်သိ။
• ဟော သူတို့တတွေ ဖူးဇာဆုံ၊ ရေစက်ပါတာမို့ တွေ့ကြ၊ ပေါင်းကြပြီ။ အရင်ဘဝတွေမှာ အတူတူ ကုသိုလ် ပြုခဲ့သူတွေ ဖြစ်နေတာကိုး။
• ပျော်စရာ၊ နှစ်သက်စရာ၊ စွဲမက်စရာ အင်မတန် ကောင်းလှပါလား။ တမျိုးနဲ့တမျိုး သံလိုက်ဓါတ် အဖိုနဲ့အမလို ကပ်သွား လိုက်ကြတာ။ ဘယ်လိုမှ ခွါထုတ်လို့ မရတော့ဘူး။ Bravo!
• သန်းနဲ့ချီတဲ့ ကျားသုတ်ကောင် သန်သန်မာမာတွေက သူ့ထက်ငါ အစွမ်းပြနေကြတယ်။ သူတို့ထဲက အကောင်းဆုံး၊ အတော်ဆုံး၊ အချောဆုံး၊ အလှဆုံး၊ ကံအကောင်းဆုံးတခုက အနိုင်သွားပြီး။ မမျိုးဥကနေ သူ့ကို စကာတင် ရွေးလိုက်ပြီဘဲ။ Congratulations!
• ဟော သူတို့က ပေါင်းသွားလိုက်ကြတာ နှစ်ကိုယ့်တစိတ်။ တခုထဲ လုံးလုံးဖြစ်သွားပြီ။
• Uterus သားအိမ်ထဲက အခြေ အနေတွေကလဲ အလွန်ကို အဆင်ပြေလိုက်တာ။ လိုလေသေးမရှိ အကုန် အဆင်ချောအောင် လုပ်ပေးနေတယ်။
• မှန်ဘီလူးနဲ့ ကြည့်လိုက်ရင် ဆဲလ် တွေ ၁ ခုက ၂ ခု၊ ၂ ခုကနေ ၄ ခု၊ ၈ ခု၊ ၁၆ ခု ပွါးများလာလိုက်ကြတာ။ မြန်လဲမြန်၊ မှန်လဲမှန်။ အသက်ရှိတယ်ဆိုတာ ဒါမျိုးပြောတာ။
• ငါ့ သွေး၊ သူ့သွေး စစ်လို့။ ငါ့မျိုးဆက်၊ သူမျိုးဆက် ပေါင်းဖက်ကြပြီ။ ဒို့မျိုးဆက် ဖြစ်လာနေပြီ။
• ငါ့ သားအိမ်ထဲက အကောင်းဆုံး နေရာလေးကို လိုက်ရှိနေပြီ။ တွေ့ပြီ၊ တွေ့ပြီ။ ဒီနေရောလေး။ မြုပ်ဝင်သွားပြီ။ ရေခံမြေခံ ကောင်းလှတယ်ဆိုတာ ဒါဘဲ။
• မျိုးလဲမှန်၊ မိုးလဲသန်။ သားအိမ်ကနေ လိုတာတွေ အကုန်အစင် လိုလေသေးမရှိ ဖြည့်ဆီးပေးနေတယ်။ ဆဲလ်လေးတွေ ဆက်ဆက် ပွါးများလာကြတယ်။
• ဟော ဒို့လိုချင်နေကြတဲ့ သန္ဓေသား၊ အမိစစ်-အဖစစ်ရဲ့ မျှော်နေရတဲ့ သန္ဓေသား၊
• ၅၂၈ အသစ်တခု လူ့လောကထဲမှာ လာနေပါပေါ့လား။ Welcome to the beautiful World!

DTS

Anonymous said...

ကျွန်တော့် ဖြေစာထဲမှာ "ဆန်ခါတင်" လို့ သတ်ပုံပြင် ဖတ်ပါခင်ဗျား။

Unknown said...

ကျေးဇူးတင်ပါတယ်ဆရာ။

Unknown said...

သိချင်တာလေးရှိလို့ ထပ်မေးပါရစေ ဆရာ၊ သုတ်ရည်ပြောင်းပြန်ဖြစ်ခြင်းဆိုတာ သုတ်ရည်က သားအိမ်ထဲကို မရောက်ဘဲ အမျိုးသမီး လမ်းကြောင်းက ပြန်ထွက်သွားတာကို ဆိုတာလားဆရာ။ အတူနေပြီးနောက် နာရီအတော်ကြာငြိမ်နေသော်လည်း မနက်ပိုင်းမှာ အမျိုးသမီး လမ်းကြောင်း အရည်တချို့ပြန်ထွက်ပါတယ်၊ အဲလိုမျိုးကို သုတ်ရည်ပြောင်းပြန်ဖြစ်တယ်လို့ ခေါ်တာလားဆရာ။
သမီးမေးတဲ့အထဲမှာ ရိုင်းသွားတာပါရင် ခွင့်လွှတ်ပါဆရာ။ ကုသလို့ရတဲ့ နည်းရှိရင်လည်း သိပါရစေ။

Unknown said...

သိချင်တာလေးရှိလို့ ထပ်မေးပါရစေ ဆရာ၊ သုတ်ရည်ပြောင်းပြန်ဖြစ်ခြင်းဆိုတာ သုတ်ရည်က သားအိမ်ထဲကို မရောက်ဘဲ အမျိုးသမီး လမ်းကြောင်းက ပြန်ထွက်သွားတာကို ဆိုတာလားဆရာ။ အတူနေပြီးနောက် နာရီအတော်ကြာငြိမ်နေသော်လည်း မနက်ပိုင်းမှာ အမျိုးသမီး လမ်းကြောင်း အရည်တချို့ပြန်ထွက်ပါတယ်၊ အဲလိုမျိုးကို သုတ်ရည်ပြောင်းပြန်ဖြစ်တယ်လို့ ခေါ်တာလားဆရာ။
သမီးမေးတဲ့အထဲမှာ ရိုင်းသွားတာပါရင် ခွင့်လွှတ်ပါဆရာ။ ကုသလို့ရတဲ့ နည်းရှိရင်လည်း သိပါရစေ။

Anonymous said...

ဆက်ဆံအပြီး အမျိုးသမီးရဲ့ အင်္ဂါထဲကနေ အပြင်ဘက်ကို အရည်ပြန်ထွက်တာက ပုံမှန်မှာလဲ ပြန်ထွက်တာပါ။ အရည်တချို့က အထဲဝင်ပါတယ်။

သုတ်ရည် ပြောင်းပြန်သွားခြင်း Retrograde ejaculation ဆိုတာ ဆက်ဆံအပြီး Orgasm ရတဲ့အခါမှာ Sperm တွေ ပါနေတဲ့ Seman သုတ်ရည် က Urethra ဆီးသွားပြွန်ကနေ ပန်းအဖျားဘက်ဆီ သွားရမှာကို မသွားဘဲ Bladder ဆီးအိမ်ဆီ နောက်ပြန်သွားတာကို ပြောတာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ဆီးအိမ်ရဲ့အောက်မှာရှိနေတဲ့ အထိန်း Sphincter ကနေ လမ်းမှန်အတိုင်းသွားအောင် လုပ်ပေးတယ်။

ယောက်ျားဆီးကြိတ် Prostate ရောဂါရှိရင်၊ ဆီးထွက်ပြွန်ကနေ ကရိယာထည့် ခွဲစိတ်ထားရင်၊ အော်တိုနောမစ် အာရုံကြောစနစ်ကို သွားထိခိုက်မိလို့ ဖြစ်တာပါ။ Testes (တက်စ်တိစ်) ကျားအစိ ကင်ဆာဖြစ်လို့ (လင့်ဖ်-နုတ်) တွေကို ခွဲထုတ်ရင်လဲ ဖြစ်တတ်တယ်။ ဒါ့ကြောင့် အဲလိုမဖြစ်ရအောင် လေဆာသုံးခွဲစိတ်တာ လုပ်ပါတယ်။

ဆေးကြောင့်လဲ ဖြစ်တတ်တယ်။ Prostate လို့ ခေါ်တဲ့ ယောက်ျားဆီးကြိတ်က ကင်ဆာမဟုတ်ဘဲ၊ အသက်ကြီးချိန်မှာ ကြီးလာတဲ့ရောဂါ BPH ကိုကုတဲ့ Tamsulosion ဆေး။ နောက်ပြီး စိတ်ရောဂါကုတဲ့ ဆေးတချို့။ ဆီးချိုရောဂါရှိရင်လဲ ဖြစ်နိုင်တယ်။

အဲဒီပြဿရှိနေသူကို ကလေးရချင်ရင် ယောက်ျားရဲ့ ဆီးကို Centrifuge လုပ်ပြီး သုတ်ရည်ကို ဇနီးရဲ့ မွေးလမ်းထဲ ထည့်ပေးတာ လုပ်နိုင်တယ်။

အထောက်အကူနည်း တခုကတော့ ဆက်ဆံလို့ ပြီးသွားချိန် Orgasm မှာ ယောက်ျား အပြင်လိင်အင်္ဂါ ရှိတဲ့နေရာတဝှိုက် Perineum မှာ နှိပ်နယ်ပေးတာ လုပ်တယ်။

DTS

Unknown said...

ဗဟုသုတတွေ အများကြီးရလို့ ကျေးဇူးအထူးတင်ပါတယ် ဆရာ။ ဆရာလည်းဘဲ ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပါတယ်။

Myo Zaw Win said...

ဆရာ
ဒါကျွှန်တော်ပထမဆုံးရေးတဲ့စာဖြစ်လို့ အမှားများပါခဲ့ပါကခွင့်လွှတ်ပေးပါဗျာ ။ ပွင့်လင်းလွန်းပီးရိုင်းသွားခဲ့ရင် အနူးအညျွှတ်တောင်းပန်ပါတယ် ဆရာ ။ ကျွှန်တော်က အသက် ၂၀ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ ။ ကျွှန်တော့်ကောင်မလေးက ကျွှန်တော့်ထက် ၄ နှစ်ကြီးပါတယ် ။ ကျွှန်တော်တို့ လွန်ခဲ့တဲ့ ၁ ပတ်လောက်က အတူနေခဲ့ကြပါတယ် ။ ကျွှန်တော့ကောင်မလေး အပျိုမို့ လို့ ဆက်ဆံရတာ ခက်ခဲပါတယ် ။ ကျွှန်တော်လည်းသူနာမှာဆိုးလို့ အဂ်ါထဲအထိ မထည့်ပဲ ဆီးစပ်နားမှာပဲ ဆက်ဆံခဲ့ပါတယ် ။ ကျွှန်တော့် sperm တွေအ၀နားမှာပဲထွက်သွားပါတယ် ။ ပီးတော့ Tissue နဲ့ သုတ်ပစ်လိုက်ပီးတော့ ၁၀ မိနစ်လောက်ကြာတော့ သူဆေးလိုက်တယ် ။ သူအခု ရာသီမလာတာလည်းကြာပီ ။ ခါတိုင်းဆို ရာသီပုံမှန်မလာရင် ဆေးထိုးပီးတော့ ရာသီလာအောင် လုပ်ပါတယ် ။ အခုအကြိမ်ဆေးထိုးထားတာတောင် ရာသီမလာသေးဘူးဖြစ်နေတယ်ဗျာ ။ ကိုယ်ဝန်ရှိသွားမှာအရမ်းစိတ်ပူမိပါတယ် ဆရာ ။ အခုအချိန်တားဆေးသုံးရင်ကော မှီသေးလား ဆရာ ။ ကျွှန်တော့အနေနဲ့ လည်း
သူ့ ကိုလပ်ထပ်နိုင်တဲ့အခြေအနေမဟုတ်လို့ ပါ ။ ကျွှန်တ်ေတို့ ဆက်ဆံပီး တစ်ပတ် ၁၀ ရက်လောက်နေမှ တားဆေးသုံးလို့ ကော ရနိုင်သေးလား ဆရာ ။ ကျေးဇူးပြုပီး ဖြေကြားပေးပါ ။ ကျေးဇူးတင်ပါတယ် ။