Saturday, January 16, 2010

တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သတင်းကောင်း



မြန်မာနိုင်ငံ၌ A/H1N1 တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုသည် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိတော့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ A/H1N1 တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများကို လေဆိပ်၊ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ဓာတ်ခွဲစမ်းသပ်မှုများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိလူတုပ်ကွေး ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လျော့ကျလျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်တော့ကြောင်း၊ ရောဂါကူးစက်မှုကို ဂရုစိုက် စောင့်ကြပ် ကြည့်ရှုရမည့် အခြေအနေ၌ သာရှိတော့ကြောင်း၊ အခြားနိုင်ငံများ၌လည်း အေတုပ်ကွေး ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လျော့နည်းကျဆင်းလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၌ လူတုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားရခြင်းမှာ ပြည်ပမှ ပြန်ရောက်လာသူများမှတဆင့် ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသား များပြားလာသော်လည်း ဖျားနာသူ ပါဝင်မှုမှာ နည်းသွားပြီ ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဖျားနာသူ ပါဝင်မှုနှုန်း လျော့နည်းကျဆင်းသွားခြင်းမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ မတိုင်မီမှစ၍ လျော့နည်းသွားခြင်းဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျန်းမာရေး ဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအခြေအနေအထိ မြန်မာနိုင်ငံတွင် လူတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၆၉ ဦးထိရှိပြီး နောက်ဆုံးဖြစ်ပွားသူ တစ်ဦးမှာ India နိုင်ငံမှ ပြန်ရောက်လာသူဖြစ်ကြောင်း၊ အဆိုပါ လူနာမှာလည်း ယခုအခါ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


Reference: The Voice Weekly Journal Vol.6/No.11


Related Posts :



No comments: