Sunday, November 18, 2007

Depression

စိတ်ဖိစီးမှုတွေနဲ့ လှုပ်ရှားရုန်းကန်ရတဲ့ ဘ၀ကြီးမှာ လူတိုင်းကိုယ်စီ စိတ်မချမ်းမြေ့မှု လေးတွေ ကြုံရစမြဲပါ။ ဒါပေမယ့် ထိုခဏတာ စိတ်မကြည်လင် မှုလေးတွေက အချိန်ယူပြီး ဖြေဖျောက် လိုက်ရင် ပျောက်ကွယ် သွားတတ်ပါတယ်။ Depression ဆိုတဲ့ စိတ်ကျ ဝေဒနာကတော့ ပိုပြီးပြင်းထန် တဲ့ စိတ်ခံစားမှုမျိုးပါ။ လူတယောက်ဟာ စိတ်ကျခြင်းဝေဒနာကို ခံစားရပြီဆိုရင် အလိုအလျောက် ၀မ်းနည်းနေတတ်မယ်၊ မိမိကိုယ်ကို ယုံကြည်မှုတွေလည်း နည်းပါးလာမယ်၊ ကိုယ်နေ့တဓူဝ လုပ်နေတဲ့ အလုပ်တွေမှာလည်း စိတ်ဝင်စားမှု လျော့ပါးလာမယ်။ ကိုယ့်ကိုကိုယ်လည်း တန်ဖိုးမရှိတဲ့ လူသား တယောက်လို့ မြင်လာပြီး အဲလိုစိတ်ခံစားမှုလေး တွေကို ရက်ပေါင်း လပေါင်းများစွာ ခံစားနေရပြီဆိုရင် Depression ခေါ် စိတ်ကျခြင်းဝေဒနာကို ခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။



စိတ်ကျဝေဒနာ ခံစားရခြင်းနဲ့ ဦးနှောက်နဲ့ ဘယ်လိုဆက်နွယ်နေမလဲ


လူ့ဦးနှောက်ထဲမှာ nerve ကြောလို့ ခေါ်တဲ့ အာရုံကြောလေးတွေ အချင်းချင်းကြား သတင်း အချက်အလက် လေးတွေပေးပို့နေတဲ့ neurotransmitter လေးတွေ ပါရှိပါတယ်။ အချို့သော neurotransmitter လေးတွေဟာ လူတယောက်ရဲ့ စိတ်ခံစားမှုလေးတွေကို ထိန်းညှိပေးပါတယ်။ ၄င်း neurotransmitter လေးတွေ နှေးကွေးစွာ လှုပ်ရှားမှုကြောင့် လူတွေမှာ ဒေါသထွက် စိတ်တို လွယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း တွေဖြစ်စေတယ်လို့ ဆေးပညာအရ ဆိုပါတယ်။

ဘာကြောင့် စိတ်ကျခြင်း ဝေဒနာကို ခံစားရသလဲ

အမှန်ဆိုရင် စိတ်ကျခြင်းကိုဖြစ်စေတဲ့ တိတိပပ အကြောင်းပြချက် ဆိုတာထက် လူတယောက်ရဲ့ ဘ၀အဖြစ်အပျက် လေးတွေနဲ့ သူရှင်သန်လှုပ်ရှားရတဲ့ လူမှုအသိုင်းအ၀ိုင်းရဲ့ လွှမ်းမိုးမှုလေး တွေကြောင့် စိတ်ကျခြင်း ဆိုတာကို ခံစားရတာများပါတယ်။

ဘယ်လိုလက္ခဏာလေးတွေပြမလဲ

(၁) အချိန်ကာလအတော်ကြာ ဖြေသိမ့်မရနိုင်ဘဲ ကိုယ့်ကိုယ်ကို ၀မ်းနည်းနေခြင်း

(၂) တကိုယ်လုံး အားအင်မရှိဘဲ နုံးချည့်နေခြင်း

(၃) မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း နီးနီးကပ်ကပ် မဆက်ဆံပဲ တကိုယ်တည်း သီးသန့်နေလာခြင်း

(၄) ကိုယ်အရင်က ပျော်ပျော်ရွှင်ရွှင် လုပ်ခဲ့တဲ့ အလုပ်တွေကိုလည်း စိတ်မပါတော့ခြင်း

(၅) အလုပ်တခုခု လုပ်ပါကလည်း အာရုဏ်စူးစိုက်မှု လျော့နည်းလာခြင်း

(၆) အလိုလိုနေရင်း စိတ်အလိုမကျလိုက်၊ ဒေါသထွက်လိုက်နှင့် စိတ်လှုပ်ရှားမှုများလာခြင်း

(၇) သိသိသာသာကို ကိုယ်အလေးချိန် တက်လာခြင်း သို့မဟုတ် ကိုယ်အလေးချိန် ကျသွားခြင်း

(၈) အိပ်တဲ့အမူအကျင့်လေးတွေ ပြောင်းသွားခြင်း (လုံးဝအိပ်မပျော်တာ သို့မဟုတ် တနေကုန် အိပ်နေတတ်ခြင်း)

(၉) ရောဂါရမယ် ရှာမရဘဲ တကိုယ်လုံး နုံးချိလိုက် ကိုက်ခဲလိုက်ဖြစ်ခြင်း

(၁၀) ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ပဲ ခံစားနေရပြီး ကိုယ်ဟာ ဘာမှအသုံးမကျတဲ့ လူအဖြစ် ထင်မြင်လာခြင်း

(၁၁) ပစ္စုပ္ပန်၊ အနာဂတ် ဘယ်အရာကိုမှ စိတ်မ၀င်စားတော့ဘဲ တဖြေးဖြေး ဆိုးလာပါက ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တဲ့အထိ ဖြစ်လာနိုင်ပါတယ်

အထက်ပါလက္ခဏာလေးတွေထဲက ၅ ခုနဲ့အထက်ကို အချိန်ကာလ ၂ပတ်နဲ့ ၂ပတ်အထက် ခံစား နေရပြီဆိုရင် စိတ်ကျခြင်း ဝေဒနာကို ခံစားနေရပြီလို့ ယူဆနိုင်ပါတယ်။

ဘယ်လိုကုထုံးလေးတွေရှိမလဲ

စိတ်ကျခြင်းဝေဒနာဟာ စိတ်ပေါ့သွပ်ပြီး ရူးသွပ်ခြင်းနဲ့ အခြေအနေချင်း ကွာခြားပါတယ်။ Depression ဖြစ်တာနဲ့ Crazy ဖြစ်နေတယ်လို့ ပြောလို့မရပါဘူး။ နားလည် တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလေးတွေ လုပ်မယ်၊ ကိုယ်ခံစားနေရတာတွေကို ဖွင့်ဟတိုင်ပင် နိုင်တဲ့ Talk Therapy လေးတွေ လုပ်ပေးမယ် ဆိုရင် နဂိုမူလ အရင်လို ပျော်ပျော်ရွှင်ရွှင် ပြန်နေနိုင်မှာပါ။ Anti-depressant လို့ခေါ်တဲ့ ဆေးလေးတွေကိုလည်း စိတ်ကျဝေဒနာ ခံစားရသူတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ မှီဝဲခိုင်း နိုင်ပါတယ်။ အရေးကြီးတာကတော့ စိတ်ကျဝေဒနာ ခံစားနေရသူကို ပစ်ပယ်မထားဘဲ သူ့ကို အားပေး ဆွေးနွေး အကြံပေးတာလေးတွေကို အချိန်မှီ လုပ်ပေးနိုင်ဖို့ပါ။ ဒီဝေဒနာဟာ ကုသလို့ မပျောက်တဲ့ ရောဂါမျိုး မဟုတ်ပါဘူး။ တိုင်ပင်ဆွေးနွေးနိုင်မယ့် သူမျိုးနဲ့ တွေ့ဆုံပြီး ကုထုံးလေးတွေ ခံယူမယ်ဆိုရင် အရင်လို ကျန်းမာပျော်ရွှင်တဲ့ ဘ၀မျိုးကို ပြန်လည် ရရှိနိုင်မှာပါ။အားလုံးဘဲ ကျန်းမာပျော်ရွှင်သော လူမှုဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

စိတ်ကျဝေဒနာ ခံစားရခြင်းကို နေထိုင်မှု ပုံစံလေးတွေ ပြောင်းလဲပေးခြင်းနှင့် ဝေဒနာ လျော့ပါး အောင် ပြုလုပ်ခြင်း နည်းများကို ဆက်လက်ဖော်ပြပါမည်။


Related Posts :



13 comments:

waiwai said...

ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ Blog ရေးတဲ့သူတွေကို ကျေးဇူးတင်မိပါတယ်၊ တကယ်တော့ depression ဆိုတာ ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး ခံစားနေရပြီး ခံစားနေကြရတာပါ၊ Stress management ဆိုတာ တကယ်ကိုလိုလာမျိုးဆိုတော့ အခု blog လေးကို ကျေးဇူးတင်ပါတယ်

May Zaw said...

ူဒီပို့စ်လေးကိုဖတ်ရလို့ သိပ်ကိုကျေးဇူးတင်မိပါတယ်။ ကျမ ဘ၀တလျှောက်လုံး ခံတွင်းနံ့ဆိုးရောဂါကြောင့်
Depression ရနေသူပါ။ တတ်နိုင်ရင် အဲဒီရောဂါနဲ့
ပတ်သက်တဲ့ ပိုစ်လေးတခုလောက် တင်ပေးပါနော်၊ ကျမ
သွားနဲ့ခံတွင်း၊ အစာအိမ်နဲ့အူလမ်းကြောင်း၊ နားနှာခေါင်းလည်ချောင်း ဆရာဝန်တွေနဲ့ပြကြည့်ပြီးပါပြီ
ဘာရောဂါမှမရှိဘူးပဲပြောပါတယ်။ လူမှု့ရေးဆုံးရှုံ့းမှု့တွေများလွန်းလို့သတ်သေဖို့ထိ တွေးမိပြီး ခုစိတ်ကုဆ၇ာဝန်နဲ့ depression အတွက် ကုနေရပါတယ်၊ တတ်နိုင်ရင် ကူညီပါနော်။

tune said...

ဒီမှာ depression နဲ့ ပတ်သက်တဲ့ တခြားပို့စ်တွေလဲ ရှိပါတယ်။
အဲဒါတွေကိုလဲ ဖတ်ကြည့်ပါ။
မာတိကာကပဲ ရှာရှာ၊ ဒီပို့စ်အောက်က link တွေကပဲ သွားသွား၊ label အောက်က depression ကို ပဲ သွားသွား တွေ့နိုင်ပါတယ်။
ကိုယ့်အနေအထားကို ကိုယ့်ဖာသာကိုယ် သိနေပြီဆိုတော့ အဲဒီအခြေအနေက ရုန်းထွက်ဖို့ နည်းလမ်းတွေ ရှာလို့ ရမှာပါ။
ဆရာဝန်နဲ့လဲ ပြနေတယ်ဆိုတော့ နည်းလမ်းမှန်ပါတယ်။

Anonymous said...

ခံတွင်းနံ့ ဆိုးတယ်ဆိုတဲ့ အစ်မကို ကိုယ်ချင်းစာလို့ ဝင်ပြောပါရစေ။
စိတ်ဓာတ်မကျပါနဲ့ အစ်မရေ။ ဆရာဝန်တွေနဲ့ စစ်ပြီးတာ ဘာရောဂါမှ မတွေ့ဘူးဆိုတော့ သွားအောက်ခြေမှာ ကျောက်တည်တာတွေ သွားခေါင်းပေါက်ထဲ အစာဟောင်းတွေ ဝင်နေတာတွေကြောင့် ခံတွင်းနံ့ နံတာလဲ မဟုတ်ဘူးပေါ့။
ဒါဆို စိတ်ထင်ပြီး စွဲနေတာ ဖြစ်နိုင်သလို ဝဋ်ကြွေးတစ်ခုခုကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒီလိုပြောလို့ အစ်မ စိတ်မဆိုးနဲ့နော်။ ကျွန်တော် အကြောင်းမဲ့ ကိုယ်နံ့နံ့လာတာ လတော်တော်ကြာ ခံရဖူးတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးလဲ ခါတိုင်းလို ပုံမှန်လုပ်တာပဲ။ ဘာကြောင့် ဖြစ်လာမှန်း နားကိုမလည်ဘူး။ ကျွန်တော်က အနံ့မရပေမယ့် အနားက လူတွေက ရတော့ မိတ်ဆွေတွေက ထုတ်ပြောလာတာ။ ချွေးနံ့ပျောက်ဆေးတွေလဲ မကယ်နိုင်ဘူး။ ကျွန်တော့်အနံ့ကြီးက တော်တော်ဆိုးနေပုံရတယ်။ ဘုရားကို ပန်းကပ်၊ ဘုရားပုံတော်ကို ရေမွှေးဖြန်းလုပ်တာ အခု အဲဒီပြဿနာ မရှိတော့သလောက် ဖြစ်သွားပြီ။
လူ့ဘဝက တိုတိုလေး။ ပျော်ပျော်နေပါ အစ်မရေ။ စိတ်ညစ်စရာတွေကို ဖြေရှင်းပါ။ သတ်မသေပါနဲ့။

Zawana said...

စိတ်ဓာတ်ကျရောဂါနဲ့ ပတ်သက်တဲ့ ကိစ္စဆိုတော့ အားကိုးချင်လို့ ဝင်မေးပါရစေ။

ရဟန်းဘဝမှာ ပျော်ပေမယ့် မိသားစုက သဘောမတူ တာဝန်မယူလို့ လူထွက်ခဲ့ရတယ်။ အခု လူ့ဘဝမှာလဲ မပျော် စိတ်ညစ် စိတ်ဓာတ်ကျသလို ဖြစ်နေလို့ ဆရာဝန်တွေဆီက အကြံယူချင်လို့ပါ။ သီချင်းနားထောင်ဖို့၊ ဂီတလိုက်စားဖို့ အကြံတွေ ပေးကြပေမယ့် ရဟန်းဘဝက လာခဲ့တော့ ဒါတွေ မလုပ်ချင်ဘူး။ တချိန် သာသနာ့ဘောင် ပြန်ဝင်ချင်တာကြောင့် အကျင့်မလုပ်လိုတာလဲ ဖြစ်ပါတယ်။ လူမထွက်ချင်ဘဲ ထွက်လာကာစက လူတွေကို နှုတ်ကသာ အစ်မအစ်ကို နင်ငါနဲ့ သုံးနေပေမယ့် စိတ်ထဲက ဒကာ ဒကာမ ခေါ်မိနေတယ်။ လူ့ဘဝကို မနေချင်ပေမယ့် အလုပ်ကြိုးစားလုပ် ငွေရှာပြီး တာဝန်တွေ ကျေပြီးရင် ရဟန်းဘဝ ပြန်မယ် ဆုံးဖြတ်ထားတော့ လူထွက်စကတော့ တော်တော်နဲ့ စိတ်ဓာတ်မကျပါဘူး။

အခု ရဟန်းဘဝကိုလဲ လောလောဆယ် ပြန်ဖို့ အခြေအနေ မပေးသေးတော့ လူ့ဘဝကိုလဲ မပျော်ပိုက်နဲ့ စိတ်ဓာတ်ကျလာတယ်။ ဘုရားသားတော် ဘဝက လာခဲ့သူ၊ ဒကာဒကာမတွေ စိတ်ဓာတ်မကျအောင် အားပေးဖို့ တာဝန်ရှိသူက ဒီလိုဖြစ်တယ်ဆိုတာ ရှက်ဖို့ ကောင်းမှန်းလဲ သိပါတယ်။ တရားအားထုတ် ဓမ္မစာပေတွေ ဖတ်ရှု တရားနှလုံးသွင်းတဲ့ နည်းနဲ့ ယောနိသောမနဿီကာရ လုပ်တယ်။ စိတ်ဆင်းရဲ စိတ်ဓာတ်ကျမှုက အပြီးတိုင် မပျောက်ဘူး။ အတိတ်ဘဝက ဝဋ်ကြွေးလဲ ပါပါလိမ့်မယ်။ ဒေါက်တာတို့ဆီက ကုထုံး ကူညီစေလိုပါတယ်။

Zawana said...

စိတ်ဓာတ်ကျရောဂါနဲ့ ပတ်သက်တဲ့ ကိစ္စဆိုတော့ အားကိုးချင်လို့ ဝင်မေးပါရစေ။

ရဟန်းဘဝမှာ ပျော်ပေမယ့် မိသားစုက သဘောမတူ တာဝန်မယူလို့ လူထွက်ခဲ့ရတယ်။ အခု လူ့ဘဝမှာလဲ မပျော် စိတ်ညစ် စိတ်ဓာတ်ကျသလို ဖြစ်နေလို့ ဆရာဝန်တွေဆီက အကြံယူချင်လို့ပါ။ သီချင်းနားထောင်ဖို့၊ ဂီတလိုက်စားဖို့ အကြံတွေ ပေးကြပေမယ့် ရဟန်းဘဝက လာခဲ့တော့ ဒါတွေ မလုပ်ချင်ဘူး။ တချိန် သာသနာ့ဘောင် ပြန်ဝင်ချင်တာကြောင့် အကျင့်မလုပ်လိုတာလဲ ဖြစ်ပါတယ်။ လူမထွက်ချင်ဘဲ ထွက်လာကာစက လူတွေကို နှုတ်ကသာ အစ်မအစ်ကို နင်ငါနဲ့ သုံးနေပေမယ့် စိတ်ထဲက ဒကာ ဒကာမ ခေါ်မိနေတယ်။ လူ့ဘဝကို မနေချင်ပေမယ့် အလုပ်ကြိုးစားလုပ် ငွေရှာပြီး တာဝန်တွေ ကျေပြီးရင် ရဟန်းဘဝ ပြန်မယ် ဆုံးဖြတ်ထားတော့ လူထွက်စကတော့ တော်တော်နဲ့ စိတ်ဓာတ်မကျပါဘူး။

အခု ရဟန်းဘဝကိုလဲ လောလောဆယ် ပြန်ဖို့ အခြေအနေ မပေးသေးတော့ လူ့ဘဝကိုလဲ မပျော်ပိုက်နဲ့ စိတ်ဓာတ်ကျလာတယ်။ ဘုရားသားတော် ဘဝက လာခဲ့သူ၊ ဒကာဒကာမတွေ စိတ်ဓာတ်မကျအောင် အားပေးဖို့ တာဝန်ရှိသူက ဒီလိုဖြစ်တယ်ဆိုတာ ရှက်ဖို့ ကောင်းမှန်းလဲ သိပါတယ်။ တရားအားထုတ် ဓမ္မစာပေတွေ ဖတ်ရှု တရားနှလုံးသွင်းတဲ့ နည်းနဲ့ ယောနိသောမနဿီကာရ လုပ်တယ်။ စိတ်ဆင်းရဲ စိတ်ဓာတ်ကျမှုက အပြီးတိုင် မပျောက်ဘူး။ အတိတ်ဘဝက ဝဋ်ကြွေးလဲ ပါပါလိမ့်မယ်။ ဒေါက်တာတို့ဆီက ကုထုံး ကူညီစေလိုပါတယ်။

tune said...

ဘာသာရေးကို စိတ်ပါတယ်ဆိုရင် တရားမှတ်တာ၊ တရားထိုင်တာထက် ပိုကောင်းတာ မရှိနိုင်တော့ဘူးလို့ ထင်မိပါတယ်။
ဒီမှာ တင်ထားတဲ့ စိတ်ကျ ရောဂါနဲ့ ပတ်သက်တဲ့ ပို့စ်ကလေးတွေကိုလဲ ရှာဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။
ကိုယ်လက်လှုပ်ရှားမှုက စိတ်ဓာတ်ကျ ရောဂါကို သက်သာစေတယ်ဆိုတာတွေကိုလဲ တွေ့ထားပါတယ်။
ကိုယ်လက် လှုပ်ရှားမှုကိုလဲ အကြံပေးပါရစေ။
အဲဒီထက်မှ ပိုပြီး လိုအပ်တယ်ထင်ရင် နားလည်ကျွမ်းကျင်တဲ့ စိတ်ရောဂါကု ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။
မနုသွဲ့ရေ ..
ရောက်ဖြစ်ရင် စိတ်ဓာတ်ကျခြင်းနဲ့ ပတ်သက်လို့ မေးထားတာလေးတွေ ဖြေပေးပါဦး။

Nu Thwe said...

ကျွန်မ ရေးထားတဲ့ စိတ်ဓာတ်ကျရောဂါ (Depressive Disorder) အကြောင်း ဒီဘလော့ဂ်မှာပဲ ရှာဖတ်ကြည့်ပါ။

အရပ်စကားအခေါ် စိတ်ဓာတ်ကျတာဟာ နေ့စဉ်ဘ၀မှာ အဆင်မပြေတာတွေ ကြုံရင် ဖြစ်တတ်ပါတယ်။ ဒါကို စိတ်ဆရာဝန်တွေက စိတ်ဓာတ်ကျရောဂါလို့ မသတ်မှတ်ပါဘူး။ လူတိုင်းမှာ လူ့သဘာဝ စိတ်ခံစားမှုတွေ ရှိပါတယ်။ ဒါဟာ ပြဿနာ သို့မဟုတ် ရောဂါ မဟုတ်ပါဘူး။ ခဏနေရင် သူ့ဖာသာသူ သက်သာသွားတတ်ပါတယ်။

စိတ်ဓာတ်ကျရောဂါကတော့ အနည်းဆုံး နှစ်ပတ် ဆက်တိုက် လက္ခဏာတွေ ခံစားနေရပြီး ဆေးကုမှ ပျောက်တာပါ။ ဒါဟာ စိတ်ဖိစီးစေတဲ့ အကြောင်းများ (stressors) ကြောင့် ဦးနှောက်တွင်း ဓာတုပစ္စည်းများ မျှခြေပျက်သွားလို့ ဖြစ်ပါတယ်။ ဒါကို ဆေးနဲ့ တန်ပြန်မှ မြန်မြန် ပြန်ကောင်းနိုင်ပါတယ်။ ဒါဟာ ရောဂါ ဖြစ်ပါတယ်။ ပျော့ညံ့မှု မဟုတ်ပါဘူး။ ရှက်စရာလည်း မဟုတ်ပါဘူး။ ဆေးမသောက်ပဲ ပေခံနေမယ်ဆိုရင်တော့ လနဲ့ချီပြီး ဝေဒနာ ခံစားရမှာပေါ့။ ကိုယ့်ဘ၀နဲ့ စွမ်းဆောင်ရည်တွေ ထိခိုက်တာကို ကြာရှည် ခံနိုင်မလားဆိုတာ ကိုယ်တိုင် စဉ်းစားရွေးချယ်နိုင်ပါတယ်။

ဦးဇ၀န မေးတာကို ဖြေရရင် ကိုယ်က လူ့ဘောင်ကို ခဏ ပြန်လာတာ။ ရည်ရွယ်ချက်တွေ ဖြည့်ပြီးရင် ကိုယ်ပျော်ရာကို ပြန်မှာပဲ-လို့ ကိုယ့်ကိုကိုယ် မျှော်လင့်ချက် ပေးလို့ မရဘူးလား။ ပိတ်မိနေတယ်လို့ တွေးမိခဲ့ရင် ထွက်ပေါက်တခုကို ရှာတွေးဖို့ လိုပါတယ်။

နောက်တခုက တယောက်တည်း မနေပါနဲ့။ လူအများနဲ့ စကားမပြောချင်ရင်တောင် အနည်းဆုံး အပြင်တော့ ထွက်သင့်ပါတယ်။ လူတွေနဲ့ ထိတွေ့နေတာပေါ့။ အများကို ကူညီတဲ့ ကိစ္စမျိုးမှာ ပါဝင်နိုင်ရင် ကိုယ်လည်း စိတ်ပြောင်းစိတ်လွဲဖြစ်၊ သူများလည်း အကျိုးရှိပါတယ်။ ဒါမျိုး လုပ်လို့ ရမလား။

အနည်းဆုံး တနေ့တာ လုပ်ငန်းဆောင်တာတွေကို ပုံမှန် အချိန်ဇယားလေး ထားပြီး လုပ်သင့်ပါတယ်။ အချိန်အားတွေ သိပ်များနေရင် မပျော်ပိုက်တဲ့ စိတ်မှာပဲ တ၀ဲလည်လည် ဖြစ်နေတတ်လို့ပါ။

စိတ်ဓာတ်ကျရောဂါဆေးတွေဟာ စွဲစေတဲ့ ဆေးမျိုး၊ အိပ်ဆေးမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံး ကိုးလလောက်တော့ ပုံမှန် သောက်ရမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဖြတ်သင့်ပါတယ်။ စိတ်ဓာတ်ကျရောဂါဆိုတာ ပြန်ဖြစ်တတ်တဲ့ သဘာဝရှိလို့ ပြန်ဖြစ်နိုင်ချေကို နည်းနိုင်သမျှ နည်းအောင် လုပ်တဲ့ သဘော ဖြစ်ပါတယ်။

ဒီအကြောင်းကို အချိန်ရရင် ပို့စ်တပုဒ် ကြိုးစားရေးပါမယ်။ ကျွန်မ ဖြေတာ ပြည့်စုံပါရဲ့လား။

mg kyaw said...

လေးစားရပါသောဆရာမခင်ဗျာ။လုံးဝရူးသွားရင်လည်း
အရူးဆိုပြီး ဆေးရုံတတ်ကုလို့ရပါတယ်။ဒီပရက်ရှင်း နဲ့
ပတ်သတ်ပြီး စာတွေ့ကိုယ်တွေ့ ကြုံဖူးသူတွေအတွက်
တိုင်ပင်မေးမြန်းအကြံတောင်းခံဖို့ ဒီဝက်ဆိုဒ်မျိုး လိုအပ်
နေတာအမှန်ပါပဲ။ ဒီပရက်ရှင်းဖြစ်နေသူတွေအတွက်
ဒီလိုစာမူလေးတွေဖတ်ရတာ အားအင်တစ်မျိုး ရစေပါ
တယ်။အမေး အဖြေပုံစံမျိုးစသဖြင့် အလျင်းသင့်သလို
အဆက်မပြတ် များများရေးပါလို့ တိုက်းတွန်းပါရစေ...

mg kyaw said...

မေးခွင့်ပြုပါ...ဒီထဲကပို့စ်တွေအားလုံး ဖတ်ခြင်းအားဖြင့်
ဒီပရက်ရှင်းဖြစ်နေမှန်းလည်းသိနေတယ်။ပျော်ရွှင်အောင်
ဘယ်လိုနေသင့်တယ် ဆိုတာလည်းသိနေတယ်။အချိန်
အကန့်အသက်လေးတခုလောက်ဘဲ တောင့်ထားနိုင့်ပြီး
ပြန်ဖြစ်လာစမြဲပဲ။ငယ်ငယ်ကတည်းက ဖြစ်ဖူးတယ်။
အစ်မကတော့ စိတ်အလိုမကျတဲ့ရောဂါ လို့ပြောပါတယ်။
ဘာဖြစ်နေမှန်း မသိခဲ့လို့စိတ်ပိုင်းဆိုင်ရာစာအုပ်တွေ ဖတ်
ပြီး ဆရာဝန်ထံ စာရေးဖူးတယ်။လူကိုယ်တိုင် ၂ကြိမ် သွားပြဖူးတယ်။အထက်တန်းတုန်းကတခါ တက္ကသိုလ်မှာ
တုန်းကတစ်ခါ ဆရာဝန်ဆီသွားဖူးတယ်။ပြောပြမတတ်
လို့ ဖြစ်နေတာတွေအသေးစိတ်စာရေးပြီး ပြခဲ့တာပါ။
ဆေးအပျော့စားလေးတွေသောက်ဖူးတယ်။မမှတ်မိတော့
ပါ။သူတို့အားလုံးပြောတာတော့ ပင်ကိုစိတ်ကပျော့တယ်
သာမန်ဖြစ်တတ်တာထက် စိုးရိမ်စိတ်ကနည်းနည်းပိုနေ
တာပါတဲ့။လူအများကြာထဲရောက်လျှင် ကိုယ့်ကိုကိုယ်
သိမ်ငယ်နေခြင်း ကြောင်တောင်တောင်ဖြစ်နေခြင်း
ဘာကိုမှစဉ်းစားမရဖြစ်တတ်ခြင်း ခေါင်းတွေခြောက်
လာပြီး နထင်ကြောတွေတင်းလာခြင်း ဖြစ်ပါတယ်။ပင်ကို
ကစကားနဲအေး၂ဆေး၂နေတတ်ပေမဲ့ ဆန္ဒကလူငယ်ပီပီ
ဖျတ်ဖျတ်လတ်လတ်တတ်တတ်ကြွကြွနေချင်တာပါ။
ဘီယာ အရက်ကိုမကြိုက်ပေမယ့် ထွက်ပေါက်အနေနဲ့
တခါတရံသောက်ပါတယ်။သောက်ထားတုန်းခဏလေးပဲ
စိတ်အားတတ်ကြွနေပြီး နောက်ပြန်ဖြစ်တာပါဘဲ။တရား
စခန်းတွေဝင်ပြီး ဆန်းစစ်ဖူးတယ်။ဘာမှမစဉ်းစားတဲ့ အတွက်စိတ်သက်သာရာရခဲ့ပေမယ့်လည်းရေရှည် မသက်သာဘူး။ဆရာတော်ဦးဇော်တိကရဲ့ စိတ်အားမြင့်
တင်ရေးစာအုပ်တွေဖတ်တယ်။စိတ်ထဲကခံစားချက်တွေ
ကို သတိလေးနဲ့ ကြည့်တတ်လာပါတယ်။အဲဒီကျေးဇူး
တော်ကြောင့်ပဲ ဒီအထိရပ်တည်နေနိုင်တာ လို့ပြောလို့ရ
ပါတယ်။ဒါပေမယ့်သူများထက်စာလျှင်ကိုယ့်က စိတ်အား
ဦးနှောက်အားပိုစိုက်ထုတ်နေရပြီး ပိုပြီးပင်ပန်းနေသလို
ပါပဲ(တခါတရံ စကားပြောတာကအစ သာမန်လုပ်လေ့
လုပ်ထကိစ္စတွေမှာပါ)။ကိုယ့်အားနည်းချက်ကို ကိုယ့်ပို
သိလာပြီးပြင်ယူရမယ့်အစား ကိုယ့်ကိုကိုယ်ပိုပြီးစိုရိမ်လာ
တယ် ပိုပြီးကြောက်လာတယ် ပိုပြီးသိမ်ငယ်လာတယ်
ကိုယ့်ကိုကိုယ်ယုံကြည်မူတည်ဆောက်လို့ မရတော့ဘူး
ဖြစ်လာတယ်။အဖြေရှာမရတဲ့ပုစ္စာတပုဒ်ကိုစဉ်းစားနေရ
သလိုပဲ။တခါတရံ နထင်ကြောတွေတင်းလာပြီး ရင်တုန်
လာပြီး ရင်ဘတ်ထဲမှာ ပူလိုက်အေးလိုက် ဖြစ်လာတာပဲ။
စာသင်ခန်းထဲဝင်ရမှာကြောက်လာတယ်။အများနဲ့ ယှဉ်လျှင်ကိုယ်က အသိနောက်ကျနေတယ် သူလို ကိုယ်လိုက်လုပ်နိင်မှာ မဟုတ်ဘူးဆိုပြီး အများကိုအားကျနေတတ်ပြီး ကိုယ်ကို
ကိုယ် အားမလိုအားမရဖြစ်နေခြင်း အပြစ်တင်နေခြင်းမျိုး
ခဏခဏ ဖြစ်ပါတယ်။လွန်ခဲ့တဲ့၂ပတ်လောက်ကပြင်း၂ထန်၂ခံစားနေရပြီး အခုတော့ခံစားချက်ကသာ လျော့
သွားတာ စိတ်နောက်ကျိနေတာတော့ မပျောက်သေးပါ
ဘူး။စိတ်က မကောင်းမှန်းသိရင် ပယ်ဖို့ခတ်ခဲလှပါတယ်။
ဖြစ်လာရင်ဖြစ်လာတဲ့ ခံစားမူလေးကို စောင့်ကြည်နေဖို့
ဆရာတော်ရဲ့စာအုပ်တွေက ညွှန်းပါတယ်။ကြာတော့ ကိုယ့်ကိုကိုယ်ဟန်ဆောင်နေရသလိုမျိုး ဖြစ်လာတယ်။
အဲဒါဟာ ဦးနှေက်နဲ့အာရုံကြော အားနည်းနေလို့လား။
မှတ်ညာဉ်ထိန်းသိမ်းနိုင်မူစွမ်းအားနည်းနေလို့ပါလား။
ဆရာဝန်နဲ့ပြသင့်ပါသလား။ဆေးကုသဖို့ခံယူသင့်ပါလား။
စိတ်ကိုအလိုလိုက်တာများနေတယ်။စိတ်ကိုဂရုစိုက်တာ
များနေတယ်လို့ ထင်ရပေမယ့် တခါတရံ အတွေးထဲမှာ
ကော စိတ်ထဲမှာကောရှင်းနေတယ်။တခါတရံကျတော့
အတွေးထဲမှာရှင်းနေပြီး စိတ်ထဲမှာနောက်ကျိလာတတ်
တယ်။ကိုယ့်စိတ်နဲကိုယ့်ကို အလိုမကျတာမျိုး ခဏခဏ
ဖြစ်ဖူးတယ်။အဖေကတော့ မှတ်ချက်ပေးခဲ့ဖူးပါတယ်...
ကိုယ့်စိတ်ကိုကိုယ်ဒုက္ခပေးပြီး ကိုယ့်ဟာကိုယ်ရူးအောင်
လုပ်နေတာပါတဲ့....

Nu Thwe said...

ဒီပို့စ်ကို ကျွန်မ မရေးပေမယ့် ဖြေတဲ့သူ မရှိလို့ အကျဉ်းချုံး ဖြေလိုက်ပါတယ်။ အချိန်မရလို့ အမေးအဖြတွေ ခဏခဏ မလုပ်ပေးနိုင်တာပါ။

ပြောတာတွေ နားထောင်ရသလောက်ဆို anxiety နဲ့ ပိုတူပါတယ်။ စိတ်ပူပန်တတ်တာကနေ ဂနာမငြိမ် ဖြစ်တာအထိပေါ့။ ကြာတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပါ ထိခိုက်လာတယ်။ စိတ်ဓာတ်ကျရောဂါ လက္ခဏာတွေ နောက်ဆက်တွဲ ပေါ်လာတတ်ပါတယ်။

စိတ်ဓာတ်ကျရောဂါ တန်ပြန်ဆေးတွေက အတိုင်းအတာတခုထိ သက်သာစေပါတယ်။ အကောင်းဆုံးကတော့ အမူအကျင့်ကို ပြင်တဲ့ ကုထုံးပါ။ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်သေးပါဘူး။ ဦးစားပေး ရေးပါ့မယ်။ သဘောတရား သိချင်ရင် Cognitive Behaviour Therapy/ Behaviour Therapy ကို ရှာဖတ်နိုင်ပါတယ်။

ယေဘူယျ အကြံပေးချင်တာကတော့ စိုးရိမ်လို့ ဟိုဟာ မလုပ်၊ ဟိုနေရာ မသွား စတဲ့ ရှောင်ကြဉ်ခြင်း (avoidance) အကျင့်တွေကို တတ်နိုင်သလောက် ဖျောက်ပါ။ ဒါတွေက ကိုယ့်နေ့စဉ်ဘ၀ကို ကျဉ်းကျုံ့အောင် လုပ်ထားတယ်။ ဒါကို တိုက်ဖျက်ရမယ်။ အားလုံး ချက်ချင်း ဖျောက်ဖို့ ခက်ရင် နည်းနည်းချင်း ဖျောက်ပါ။ စိတ်တော့ ခိုင်ရလိမ့်မယ်။ စိတ်ပူတာတွေ အခိုက်အတန့် ပိုတက်လာမယ်။ ခံရခက်မယ်။ ဒါပေမယ့်
ဒီနည်းကသာ အထိရောက်ဆုံးနဲ့ အစွဲမြဲဆုံး ရလဒ်ကို ပေးပါတယ်။

Juicy said...

Doctor ရှင်.။သမီးအသက် ၂၃ ပါ။ Singapore မှာ ဘွဲ.လွန်ပညာသင်နေပါတယ်။သမီးကမိသားစုဆွေမျိုးတွေထဲမှာအငယ်ဆုံးပါ။အားလုံးကဘာမဆို စေတနာပိုပြီးဝေဖန်စိုးမိုးတာခံရသူပါ။သမီးကစကားလည်းနည်းပါတယ်။မကျေနပ်တာ အဆင်မပြေတာရှိလည်းဖွင်.မပြောတတ်ပါဘူး။မမျှော်လင်.ပဲနောက်ဆုံးနှစ်စာမေးပွဲကျသွားပါတယ်။ဘဝမှာဒါပထမဆုံးကျရျှံး တာဖြစ်လို.အလွန်စိတ်ဆင်းရဲပါတယ်။
အလုပ်ကိုင်ရရေးလည်းနှောင်.နှေးသွားပါတယ်။ကိုယ်တိုင်ကစိတ်ဆင်းရဲနေချိန်မှာ ဘေးကဝေဖန်မှုတွေ၊များပြားတဲ.အကြံဥာဏ်တွေကြားမှာ စိတ်တွေဂယောက်ဂယက်ဖြစ်နေရပါတယ်။
အလုပ်မရှိသေးတာကို ဝေဖန်နေတဲ.မိသားစုကိုလည်းမကျေနပ်ဖြစ်နေပြီး၊ အဝေးကိုထွက်သွားချင်တယ်။
စိတ်ဆင်းရဲမှုတွေကြားထဲမှာ ကျရှုံးခဲ.တာ၊အဆင်မပြေတာတွေးရင်း၊ရုန်းမထွက်နိုင်အောင်ဖြစ်နေပါတယ်။ အလွန်စိတ်တိုလွယ်ပြီး၊ဘာကိုမှအလိုမကျပါဘူး။
နေ.စဉ်လိုလိုအိပ်ခန်းထဲမှာတွေးရင်း၊ငိုတာနဲ.အိပ်တာကလွဲပြီးဘာမှမစဉ်းစားနိုင်၊ မလုပ်နိုင်ဖြစ်နေပါတယ်။ အဆိုးဆုံးက လျှောက်တွေးမိပြီး ကိုယ်.ကိုကိုယ်နာကျင်အောင်လုပ်မိတာပါပဲ။အသားနာသွားမှ စိတ်ထဲကနာကျင်တာတွေသက်သာသွားသလိုပါပဲ။ အလကားနေရင်းလည်းအရင်ကစိုးမိုးခံခဲ.ရတာတွေ၊မကျေနပ်ခဲ.တာတွေပြန်တွေးပြီး၊ကိုယ်.ကိုကိုယ်ထုရိုက်နေမိတယ်။ စိတ်တိုလာတိုင်းလည်းဝုန်းဒိုင်းကြဲမိနေပါတယ်။ သမီးရဲ.အိပ်ခန်း နံရံလေးဘက်ဟာတစ်နေ.တခြားကျဉ်းမြောင်းလာသလို ခံစားရပါတယ်။ဘ၀ဟာမျှော်လင်.ချက်မဲ.နေပါတယ်။အဲဒီလိုခံစားရလေ၊ အသားကိုနာကျင်အောင်လုပ်မိလေပါပဲ။စိတ်ကိုဘယ်လိုမှ Control လုပ်လို.မရပါဘူး။ဒီဝေဒနာဟာတော်တော်ခံရခက်ပါတယ်။သမီးအရင်ကလို ပြန်ဖြစ်ချင်ပေမဲ.ဘယ်လိုမှ Control မလုပ်နိုင်ပါဘူး။ ဘုရားရှိခိုးတရားထိုင်လုပ်လည်းမရပါဘူး။ဆရာဝန်နဲ.ပြသင်.ပါသလား။ သက်သာစေမဲ. ဆေးဝါး၊အစားအသောက်များရှိရင်လည်းညွှန်ကြားပေးပါရှင်.။Doctor ရဲ.အကြံပြုချက်ကို သမီးလေးစားစွာစောင်.မျှော်နေပါ.မယ်။

Nu Thwe said...

သမီး Juicy ပြောတာ နားထောင်ရသလောက် Depressive disorder (Depression) နဲ့ တူပါတယ်။ ဆရာဝန် (ဖြစ်နိုင်ရင် စိတ်ရောဂါ အထူးကု) နဲ့ သွားပြပါ။ ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်တာတွေပါ ရှိနေတော့ ရိုးရိုးဆရာဝန်က အတွေ့အကြုံ မရှိရင် လိုတာ၊ ပိုတာတွေ ဖြစ်ကုန်မှာ စိုးလို့ပါ။ ဒီခေတ်ကြီးမှာ စိတ်ရောဂါ အထူးကုနဲ့ ပြတာဟာ ဘာမှ ရှက်စရာ မဟုတ်ပါဘူး။ လိုအပ်ချက်ကို ထိထိရောက်ရောက် ရှာဖွေ ဖြေရှင်းတဲ့ သဘောပါပဲ။ ဒီလို သိတာကို ဂုဏ်တောင် ယူသင့်သေးတယ်။
ဆေးသောက်လိုက်ရင်တော့ အမြန်ဆုံး သက်သာမှာပေါ့။ ဆေးတွေကတော့ potential side effects ရှိတယ်။ ဆေးဗူးမှာ ပါတဲ့ စာကို သေချာ ဖတ်ကြည့်ပါ။ အသက်ငယ်သူတွေမှာ ဘာမှ မဖြစ်တာ များပါတယ်။ ဖြစ်လည်း ပျို့ချင်၊ အန်ချင်လောက်ပဲ ခဏ (တပတ်လောက်) ဖြစ်တတ်တာပါ။ ဆရာဝန်ရဲ့ ညွှန်ကြားကြီးကြပ်မှုနဲ့သာ သောက်သင့်တယ်။
စိတ်ဆရာဝန်နဲ့ သွားတွေ့တဲ့အခါ မိသားစုဝင်တယောက်ကို ခေါ်သွားပါ။ မိသားစုရဲ့ နားလည်မှု၊ ဖေးမမှု အရေးကြီးပါတယ်။ သူတို့က စေတနာလို့ ထင်တာတွေဟာ ကိုယ့်မှာ ဝေဒနာ ဖြစ်နေရတာကိုလည်း သူတို့ကို ဆရာဝန်က ရှင်းပြရဦးမှာ။ သမီးကို သိပ်မမွန်းကြပ်စေပဲ ချစ်ခင်ကူညီဖို့ သူတို့ နားလည်အောင် ပြောပြပေးရမယ်လေ။
ခုလောလောဆယ်မှာ သိပ်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ခဏ ဆိုင်းထားပါ။ လူ ကျန်းမာဖို့ ပထမ ဦးစားပေး ဖြစ်ပါတယ်။ ကျန်တာတွေက နောက်ပြန်လုပ်ယူလို့ ရတယ်။ ဒါကို မိသားစုကပါ နားလည်ပြီး အားပေးဖို့ လိုတယ်။
စိတ်ဓာတ်ကျရောဂါဟာ တခြား ခန္ဓာကိုယ် ရောဂါတွေလိုပဲ “ရောဂါ” ဖြစ်ပါတယ်။ ဆေးကုရပါမယ်။ ပျောက်လည်း ပျောက်ပါတယ်။ ကုတတ်ဖို့တော့ လိုတာပေါ့။ တရားထိုင်တာ ကောင်းပါတယ်။ ဒါပေမယ့် ဒါက ရေရှည် စိတ်တည်ငြိမ်အောင် လုပ်ဖို့ ပိုအသုံးတည့်ပါတယ်။ စိတ်ဓာတ် အရမ်းကျနေတဲ့ (ရောဂါ လက္ခဏာတွေ ပြနေတဲ့) အချိန်မှာ သိပ်အားကိုးလို့ မရပါဘူး။ ဆက်တော့ လုပ်ကြည့်ပေါ့။ စိတ်အာရုံစိုက်လို့ မရတော့ ဘာမှတော့ သိပ်ထိရောက်မယ် မထင်ဘူး။ ဒါကို ပို စိတ်ညစ်သွားနိုင်တယ်။ သတိထားပါ။
အချုပ်ကတော့ စိတ်ဆရာဝန်နဲ့ သွားပြပါ။ ဆေးသောက်ဖို့ လိုမယ်။ ကျွန်မ ရေးထားတဲ့ Depressive Disorder တို့၊ စိတ်ဆရာဝန်နဲ့ တွေ့ဆုံခြင်းတို့ကို ဖတ်ကြည့်ပါ။ အဆင်ပြေပါစေ။