Tuesday, November 20, 2007

Depression

စိတ်ပျော်ရွှင်အောင်

စိတ်ကျခြင်း ဝေဒနာဟာ သူ့ဘာသာ ပျောက်သွားတတ်တဲ့ ဝေဒနာမျိုး မဟုတ်ပါဘူး။ မိမိကိုယ် တိုင်ကလည်း ပြုပြင် ပြောင်းလဲမှုလေးတွေ လုပ်ပြီး ကိုယ့်ကိုယ်ကို အားပေးတတ် ရပါမယ်။ တိုင်ပင်ဆွေးနွေး နိုင်တဲ့သူတွေနဲ့ Talk Therapy လေးတွေ ယူတာအပြင် ကိုယ်တိုင်ကိုယ် ကျ နေထိုင်မှုပုံစံလေးတွေ ပြောင်းပေးခြင်းအားဖြင့် တဘက်တလမ်းကနေ စိတ်ကိုပြန်လည် တက်ကြွ လန်းဆန်းလာစေ ပါလိမ့်မယ်။ ဒီအချက်လေးတွေက အနည်းနဲ့ အများတော့ ကူညီနိုင်ပါလိမ့်မယ်။


(၁) လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်မယ်

စိတ်ကျဝေဒနာ ခံစားရသူ တယောက်ဟာ သာမန်လူလို တက်တက်ကြွကြွနဲ့ လေ့ကျင့်ခန်း အားကစားလေးတွေ လုပ်ဖို့ ခက်ခဲလှပါတယ်။ ဒါပေမယ့် ကြိုးစားပြီးတော့ လုပ်ဖြစ်အောင် လုပ်ပါ။ ကိုယ်တယောက်တည်း စိတ်မပါရင် သူငယ်ချင်း မိတ်ဆွေတယောက်ကိုပါ အဖော်ညှိပြီး စိတ်ပါလာ အောင်လုပ်ပါ။ တနေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်ထိ လမ်းလျောက်ပေး ပါ။ ဖြစ်နိုင်ရင် ကိုယ်နှစ်သက်တဲ့ လှုပ်ရှားမှုလေးတွေ စက်ဘီးစီးတာ၊ ပြေးတာ စသဖြင့် ကိုယ်ဝါသနာပါတဲ့ အားကစားတခုခုကို လုပ်ပေးပါ။ ယောဂကျင့်စဉ်ကို ကျင့်တတ်ရင်လည်း ယောဂကျင့်ပေးပါ။ အသက်ရှုလေ့ကျင့်ခန်း လုပ်ပေးခြင်း၊ တရားထိုင်ခြင်း ကလည်း စိတ်ကို တည်ငြိမ် အေးချမ်းမှုလေးတွေ ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း တခုမဟုတ် တခုကိုတော့ ကြိုးစားပြီး လုပ်ကြည့်ပေးပါ။ အစပျိုးပြီး လုပ်မိလိုက်တာနဲ့ တဖြေးဖြေးချင်း စိတ်ပြန်ပါလာမှာပါ။

(၂) အာဟာရပြည့်ဝအောင် ကြိုးစားပြီးစားပေးပါ

စိတ်ကျနေသူတယောက်ဟာ လုံးဝစားချင်စိတ်မရှိတာ ဖြစ်နိုင်သလို ပုံမှန်ထက် ပိုစားတဲ့ အမူအကျင့်လေး အဖြစ်လည်း ပြောင်းလဲနိုင်ပါတယ်။ ခံစားရသူ တယောက်နဲ့တယောက် မတူညီတတ်ပါဘူး။ အရေးကြီးဆုံးက အာဟာရပြည့်ဝအောင် မျှမျှတတလေး ကြိုးစားပြီး စားပေးဖို့ပါ။ အစာကို ပုံမှန်စားပေးခြင်းကလည်း လူတယောက်ရဲ့ mood ပေါ်မှာ သက်ရောက်မှုလေးတွေ ရှိပါတယ်။ဘာမှ မစားချင်ဘူး ဆိုရင်တောင် အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

(၃) အဖြေရှာပါ။ ဒါပေမယ့် ပြသာနာထဲမှာ နစ်မနေပါနဲ့

ကိုယ်ဘာကြောင့် ဒီလို စိတ်မတက်မကြွ ဖြစ်နေရလည်း ပြန်သုံးသပ်ပြီး အဖြေရှာပါ။ ဘာကြောင့်ဆိုတာသိရင် ကိုယ်ရင်းနှီးသူ တယောက်နဲ့ ဖွင့်ဟတိုင်ပင်ပါ။ အကောင်းဆုံး နည်းလမ်းကို စဉ်းစားပါ။ တယောက်ယောက်ကို ကိုယ့်ပြသာနာကို ထုတ်ပြောလိုက်တာ ကလည်း စိတ်ကိုပေါ့ပါးစေတာ အမှန်ပါ။ ပြသာနာထဲမှာ တ၀ဲလည်လည်နဲ့ စိတ်ကို နစ်မထားဖို့ အရေးကြီးပါတယ်။

(၄) ကိုယ့်စိတ်ပျော်တာလေးတွေလုပ်ပေးပါ

စိတ်ကျခြင်းကို ခံစားရရင် လူတယောက်ရဲ့ စွမ်းရည်နှင့် သူ့ရဲ့ လုပ်ရည်ကိုင်ရည်တွေကို ပါ ထိခိုက်စေတတ်ပါတယ်။ ထိုအခါမျိုးမှာ ကိုယ်ဝါသနာပါတဲ့ တခုခုကို လုပ်နေပေးပါ။ ပန်းချီဆွဲတာ ဖြစ်ဖြစ်၊ သီချင်းနားထောင်တာ ဖြစ်ဖြစ်၊ တခုခုကို လုပ်ပြီး စိတ်ကို ထွက်ပေါက်ပေးပါ။ ဟာသ ရုပ်ရှင်တွေ ကြည့်ပေးပါ။ တဖြေးဖြေးနဲ့ စိတ်ပြန်လည် နိုးကြွလာအောင် လုပ်ယူပါ။

(၅) အကောင်းမြင်ပါ

စိတ်ကျ ဝေဒနာကို ခံစားနေရရင် ဘယ်အရာမှ အကောင်းမမြင်နိုင်တော့တာ သဘာဝပါ။ ကြိုးစားပြီး အကောင်းမြင်ပေးပါ။ ကိုယ်အရင်က ပျော်ရွှင်ခဲ့တာလေးတွေကို ပြန်စဉ်းစားပါ။ ထောင့်စုံကနေ အကောင်းဘက် ရောက်အောင် လှည့်တွေးပေးပါ။

အရေးကြီးဆုံးကတော့ စိတ်ကျဝေဒနာ ခံစားနေရရင် စိတ်ကို ပိတ်လှောင်မထားဖို့ပါ။ ဘယ်အရာမှ လုပ်ဖို့စိတ်မပါရင်တောင် အနည်းဆုံး ကိုယ်ခင်မင်တဲ့ သူတွေနဲ့ စကားစမြည်ပြောပါ။ ကိုယ့်ကိုလည်း သူတို့က ကူညီချင်မှာပါ။ ကိုယ်ဖြစ်နေတာတွေကို ဝေမျှပေးနိုင် တဲ့အခါမှာ အဖြေဆိုတာကိုလည်း တွေ့လာမှာပါ။ အဓိက က စိတ်ရှည်ပါ။ အချိန်ယူပြီး ကိုယ့်စိတ်ကို ပြင်ယူပါ။ ခုဖြစ်ခုပျောက် ဝေဒနာမျိုး မဟုတ်တာကို လက်ခံပါ။ စိတ်ရှည်ရှည်နဲ့ အထက်က အချက်လေးတွေကို ကြိုးစားပြီး လုပ်ကြည့်မယ်ဆိုရင် တနည်းနည်းနဲ့တော့ စိတ်ပြန်လည် နိုးကြွလာပြီး ပျော်ရွှင်ချမ်းမြေ့မှုကို ရရှိနိုင်မှာပါ။ အားလုံးဘဲ ကျန်းမာပျော်ရွှင်သော လူမှုဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။


Related Posts :



2 comments:

Unknown said...

talk therapy ဘယ်​မှာယူလို့ရမလဲရှင့်

Unknown said...

talk therapy ဘယ်​မှာယူလို့ရမလဲရှင့်