Sunday, September 20, 2009

စိတ်ဆရာဝန်နှင့် တွေ့ဆုံခြင်း


အသစ် မရေးနိုင်သေးလို့ ကိုယ်ပိုင်ဘလော့ဂ်မှာ တင်ပြီးသားကိုပဲ ပြန်တင်လိုက်ပါတယ်။ မဖတ်ရသေးသူများအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

“ David Smith ရှိပါသလား”

“ကျွန်တော်ပါပဲ”

“ဒါဆို ကျွန်မနောက်က လိုက်ခဲ့ပါ”

“ဟုတ်ကဲ့ ခင်ဗျ။ ဒါနဲ့ ကျွန်တော့် ဇနီးရော လိုက်လာလို့ ရမလား”

“လူနာ့ သဘောပါ။ ရှင် ခေါ်ချင်တယ်ဆို ခေါ်လာနိုင်ပါတယ်။ ကျွန်မအတွက်က ပြဿနာ မဟုတ်ပါဘူး။ ပံ့ပိုးသတင်း (collateral information) ရလို့ ပိုတောင် ကောင်းပါသေးတယ်”

“သြော် ဟုတ်ကဲ့။ ကျေးဇူးပဲ”

“ကဲ ထိုင်ကြပါ။ ကျွန်မကတော့ စိတ်ရောဂါ ဆရာဝန် သွဲ့ပါ။ တွေ့ရတာ ၀မ်းသာပါတယ် Mr. Smith”

“ကျွန်တော့်ကို David လို့ပဲ ခေါ်ပါ ခင်ဗျ။ တွေ့ရတာ ၀မ်းသာပါတယ်”

“ကျွန်မက Sharon ပါ။ တွေ့ရတာ ၀မ်းသာပါတယ်”

“ဟုတ်ကဲ့။ တွေ့ရတာ ၀မ်းသာပါတယ် Sharon”

“သိတဲ့အတိုင်းပဲ။ ရှင့်ရဲ့ အထွေထွေ ဆရာဝန် GP က လွှဲလို့ ကျွန်မတို့က ဒီနေ့ ပြင်ပလူနာဌာနမှာ appointment ကို ပေးတာပါ။ လူနာသစ် ဖြစ်လို့ တွေ့ဆုံမေးမြန်းခြင်း interview အတွက် အချိန် တစ်နာရီ ရပါတယ်။ ပထမ မိနစ်လေးဆယ်မှာ ကျွန်မက မေးခွန်းတွေ အများကြီး မေးမယ်။ မျှော်လင့်ပြီးသား ဖြစ်မယ် ထင်ပါရဲ့”

“ဆိုပါတော့”




“အချိန် အကန့်အသတ်ကြောင့်မို့ တချို့နေရာတွေမှာ ကျွန်မက စကား ဖြတ်ပြောကောင်း ပြောရမယ်။ ဒါကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျန်တဲ့ အချိန်ကတော့ ရှင်တို့ မေးချင်တာ မေးဖို့ရယ်၊ ကျွန်မရဲ့ ထင်မြင်ချက်နဲ့ ရှေ့ကုထုံးကို ဆွေးနွေးဖို့ရယ်ပေါ့။ ဒီမှာ ပြောတဲ့ စကားတွေကို မလိုအပ်တဲ့ ပြင်ပပုဂ္ဂိုလ်တွေဆီ ဖွင့်ဟခြင်း မပြုဘူးဆိုတာ ပြောပြချင်ပါတယ်။ ရှင့်ရဲ့ GP ဆီကိုတော့ အသေးစိတ် အကြောင်းကြားစာ ရေးပါမယ်။ ဒီစာရဲ့ မိတ္တူကို ရှင်လိုချင်တယ်၊ မလိုချင်ဘူး ဒီစာရွက်မှာ ရွေးချယ်ပြီး လက်မှတ်ထိုးပါ”

“ကျွန်တော် သိချင်ရင် ကျွန်တော့် GP ဆီ အချိန်မရွေး သွားမေးလို့ ရနေတာမို့ မိတ္တူ မလိုပါဘူးဗျာ”

“ကောင်းပြီလေ”

“ကဲ ဒီနေ့ ကျွန်မဆီကို လာတွေ့ရတဲ့ အကြောင်းရင်းလေး ပြောပါဦး”

“ကျွန်တော် စိတ်ဓာတ်ကျနေတယ်။ ကုန်းကောက်စရာ မရှိလောက်အောင် ကျတာ။ တစ်နေ့ တစ်နေ့ ခေါင်းပေါ်မှာ တိမ်တိုက်မဲကြီး အုံ့နေသလိုပဲ”

“တခြားရော ဘာတွေ ခံစားရသေးလဲ”

“တချိန်လုံး နုံးချိပြီး ဘာမှ မလုပ်ချင်ဘူး။ ဘာကိုမှလည်း စိတ်မ၀င်စားတော့ဘူး။ အစားတောင် မိန်းမက တိုက်တွန်းလို့သာ စားရတာ၊ ခံတွင်း မတွေ့လှဘူး။ ညညလည်း အိပ်လို့ မရဘူး”

“နောက်ထပ်ရော”

“သတိလည်း မကောင်းတော့ဘူးဗျ။ မေ့လွယ်နေတယ်။ စိတ်က အာရုံမစိုက်နိုင်ဘူး”

“ဒီလို ဖြစ်တာ ဘယ်လောက် ကြာပြီလဲ”

“ခြောက်လလောက် ရှိပြီ။ GP ပေးတဲ့ anti-depressant နဲ့လည်း မသက်သာပဲ ပိုဆိုးလာလို့ စိတ်ရောဂါ အထူးကုနဲ့ လာပြတာ”

“ရှင်က ဆေးမှန်မှန် သောက်ဖြစ်လို့လား”

“သောက်ပါတယ်”

“ဆေးပြင်းအားက ဘယ်လောက်တုံး”

“စကတည်းက အတိုင်းပဲ။ မတိုးထားဘူးဗျ”

“ဘာဆေးလဲဆိုတာ မှတ်မိလား”

“ဆေးနာမည် မမှတ်မိဘူး။ P နဲ့စတယ် ထင်တယ်”

“ထားပါတော့။ ဒီလိုဖြစ်နေတာ ခြောက်လ ကြာပြီဆိုရင် ဒီခြောက်လ မတိုင်ခင်မှာ ရှင့်ဘ၀ သို့မဟုတ် ပတ်ဝန်းကျင်မှာ ဘာများ အပြောင်းအလဲ ဖြစ်ခဲ့သလဲ”

“အလုပ်မှာ တာဝန်တွေ ပိုပိလာတယ်ဗျ။ သူများတွေ အလုပ်ပြုတ်တော့ သူတို့အလုပ်တွေ ကိုယ့်ပေါ် ရောက်လာတာပေါ့။ ကိုယ်ကလည်း တည်မြဲရေး ကြောက်နေရတော့ မညည်းရဲဘူး”

“အလုပ်မှာ ဆက်ဆံရေးကရော ဘယ်လို နေလဲ”

“ကျွန်တော် ခုတလော လူတွေကို ရှောင်သလို၊ စိတ်လည်း ဆတ်နေတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောတယ်”

“ဒေါသကြောင့် ကိုယ့်ကိုကိုယ် တစ်ခုခု ထိခိုက်အောင် လုပ်မိတာ ရှိလား၊ သူများကို နှုတ်အား၊ကိုယ်အားနဲ့ ရန်ပြုမိတာ ရှိလား”

“မရှိဘူးဗျ၊ ကျွန်တော်က ပင်ကိုယ်စိတ် နူးညံ့သူပါ”

“ လူတိုင်းကို မေးသင့်တဲ့ မေးခွန်းတွေ မေးနေကျမို့ ပုဂ္ဂိုလ်ရေးအနေနဲ့ မမြင်စေချင်ဘူး”

“နားလည်ပါတယ် ခင်ဗျ။ ဆရာမ တာဝန်ရှိသလို မေးချင်တာအားလုံး မေးပါ။ ကျွန်တော်က အမှန်အတိုင်း ဖြေပါမယ်။ ကျွန်တော့်အကျိုးအတွက်ပဲလေ”

“ကောင်းပါပြီ။ စိတ်ဓာတ် အရမ်းကျသူတွေဟာ တခါတရံ ထူးဆန်းတဲ့ အတွေ့အကြုံတွေ ရတတ်တယ်။ ရှင် ဒါမျိုး ကြုံဖူးသလား”

“မေးခွန်းကို မရှင်းလို့ ပြန်ပြောပြပေးပါဦး”

“ဘယ်သူမှ အနားမရှိပဲ အသံတွေ ကြားတာမျိုး၊ ကိုယ့်ကို သူများက စောင့်ကြည့်နေတယ်လို့ ထင်တာမျိုးပေါ့”

“မရှိသေးဘူးဗျ။ တော်ပါသေးရဲ့”

“အရင်က ဒီလို စိတ်ဓာတ်ကျဖူးလား”

“ကျဖူးတယ်။ ဒါပေမယ့် ဒီလောက် မကြာဘူး၊ မဆိုးဘူး။ ဆေးမသောက်ပဲ ပြန်ကောင်းသွားတယ်”

“သွေးသားရင်းချာထဲမှာ အလားတူ ဒါမှမဟုတ် စိတ်ရောဂါ တစ်မျိုးမျိုး ခံစားရသူ ရှိလား”

“အမေကတော့ စိတ်ကြွစိတ်ကျရောဂါနဲ့ ဆေးရုံတက်ရဖူးတယ်။ ကြာလှပါပြီ။ ခုတော့ Lithium သောက်ပြီး ကောင်းနေတာပဲ”

“အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး သုံးသလား”

“ဘီယာလေးတော့ နှစ်ပိုင့်လောက် ညတိုင်း သောက်ဖြစ်တယ်။ စိတ်ပြေလက်ပျောက်ပါ။ သောက်နေကျပဲဗျ။ ကျန်တာတော့ မလုပ်ပါဘူး”

“ဘယ်လောက် ကြာပြီလဲ။ အရင်ကထက် ပိုသောက်ဖြစ်သလား”

“ကျွန်တော် ဆယ့်ကိုးနှစ်သားကတည်းက သောက်တတ်တာ။ ပုံမှန်သောက်တာကတော့ ခု နောက်ပိုင်းမှပါ။ သုံးနှစ်လောက်တော့ ရှိပြီ။ စသောက်ကတည်းက ဒီလောက်ပါပဲ”

“တခြား အရက်တွေ၊ ၀ိုင်တွေရော”

“မသောက်ပါဘူး”

“ကားမောင်းလား”

“မောင်းပါတယ်”

“ယာဉ်စည်းကမ်းဆိုင်ရာ အရေးယူခံရတာ ရှိလား”

“မရှိပါဘူး”

“ရုံးရောက် ဂတ်ရောက် ဖြစ်ဖူးလား”

“မဖြစ်ဖူးပါဘူးဗျာ”

“ကဲ ကဲ ရှင့်ကို အနားပေးပြီး ရှင့်ဇနီးကို မေးလိုက်ဦးမယ်။ ပြီးရင် ရှင့်အလှည့် ပြန်ရောက်လာမယ်”

“ကျွန်တော် အခန်းပြင် ထွက်ပေးရမလား”

“မလိုပါဘူး။ ရှင်တို့ လင်မယားချင်း ကျေနပ်ရင် ကျွန်မအတွက်က ဘာမှ မထူးပါဘူး”

“ဒါဆို ကိုယ် ဆက်နေရင် ရတယ် မဟုတ်လား Sharon? ”

“ Of course, you can”

“ David ပြောသွားတာအပေါ် Sharon အနေနဲ့ ဘာများ ထပ်ဖြည့်ပြောချင်သလဲ”

“သူပြောသွားတာတွေ အတိုင်းပါပဲ။ ကိုယ်က ဘေးလူဆိုတော့ ပိုမြင်တာလေးတွေ ရှိတာပေါ့။ ဥပမာ သူ အရင်ကလို ဆုံးဖြတ်ချက်တွေ မပြတ်သားတော့ဘူး။ တွေတွေဝေေ၀နဲ့။ နောက်ပြီး စကား အထအနတွေလည်း ကောက်လာသလိုပဲ။ ဘာမဟုတ်တာလေးနဲ့ ထပြီး ငြင်းချင်ငြင်းနေရော။ အရင်က ဒီလို လုံးဝ မဟုတ်ဘူး။ ခုဆို ကျွန်မမှာ တခုခု ပြောဖို့ ဆနေရတယ်။ ကြက်ဥခွံပေါ် လမ်းလျှောက်နေရသလိုပဲ။ စိုးရိမ်နေမိတာ။ မလိုအပ်ပဲ စကား မများချင်လို့။ သူ့ကိုလည်း စိတ်သောက မဖြစ်စေချင်ဘူးလေ။ ခုလို ပြောတာ စိတ်မရှိပါနဲ့ David ”

“ ကိုယ် နားလည်ပါတယ်။ ကိုယ့်ဖာသာ ကိုယ်လည်း ထင်တော့ ထင်နေတာ။ ထုတ်မေးမလို့။ ခုလို ပြောပြတာ ကျေးဇူးပဲ Sharon ”

“ နောက်တစ်ခုကတော့ ခုနောက်ပိုင်း အိမ်ထောင်ရေးသုခ မရှိတော့ဘူး။ သူ စိတ်မပါပဲ ဖြစ်နေတတ်တာ သတိထားမိတယ်။ ကျွန်မတို့ မအိပ်ဖြစ်တာ လနဲ့တောင် ချီနေပြီ။ ဒါပေမယ့် loss of libido (ကာမဆန္ဒ လျော့ပါးခြင်း) ဟာ စိတ်ဓာတ်ကျသူတွေမှာ ဖြစ်တတ်တယ်ဆိုတာ ကျွန်မ သိထားပါတယ်။ သူ ကျွန်မကို မချစ်တော့လို့ မဟုတ်ဘူးဆိုတာလည်း သိပါတယ်။ ဒါပေမယ့် သိပ်လိုလားဖွယ် ကိစ္စတော့ မဟုတ်ဘူးရှင့်”

“ဟုတ်ပါတယ်။ တခြားရောဂါလက္ခဏာတွေရော၊ ဒီလက္ခဏာပါ ဝေဒနာရှင်နဲ့ အနီးကပ်သူတွေအတွက် အတော် ခံရခက်မယ် ဆိုတာ စာနာကြည့်လို့ ရပါတယ်။ အိမ်ထောင်ဖက်က နားလည်မှု ရှိတော့ ကောင်းတာပေါ့။ သို့တစေ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူးဆိုတာ သဘောပေါက်ပါတယ်။ ကျန်တာလေးတွေ ဆက်ဆွေးနွေးကြရအောင်”

“ ရှင် ဒီဇာတိပဲလား David?”

“ မဟုတ်ဘူးဗျ။ ကျွန်တော့်ကို မြောက်ပိုင်း အိုင်ယာလန်မှာ မွေးတာ။ နောက်မှ အင်္ဂလန်ဖက် ပြောင်းလာတာ”

“ ကလေးဘ၀ကို ဘယ်လို မှတ်မိပုံဖော်မလဲ”

“ ပျော်စရာပဲ။ ကျွန်တော်တို့မိဘတွေက စက်ရုံဝန်ထမ်း လခစားတွေဆိုတော့ မပိုလျှံကြဘူး။ ချို့တဲ့တယ်။ ဒါပေမယ့် သားသမီးကို ဦးစားပေးတယ်။ ချစ်တာကို ပြတတ်တယ် ပြောရမှာပဲ။ ဒါပေမယ့် ကျွန်တော် ငယ်ငယ်က အကြီးနှစ်ယောက်နဲ့ အသက် နည်းနည်း ကွာတော့ တစ်ယောက်တည်း ကစားဖြစ်တာ များတယ်”

“ အနိုင်ကျင့်ခံရတာ (being bullied) ရှိခဲ့ဖူးလား။ စိတ်အားဖြင့်၊ ကိုယ်အားဖြင့်၊ သို့မဟုတ် sexual abuse? ”

“ အလယ်တန်းကျောင်း ပြောင်းခါစက သူငယ်ချင်း သိပ်မရှိသေးခင် အတန်းကြီးတစ်စုရဲ့ ပစ်မှတ် ဖြစ်ဖူးတယ်။ ကျွန်တော် ငယ်ငယ်က အရပ် ကလန်ကလားနဲ့ လူကြားထဲမှာ သိသာနေတာကိုး။ သူတို့က ကျွန်တော့်ကို အော်ဟစ်နောက်ပြောင် အရှက်ရအောင် အတော်လုပ်ခဲ့တယ်။ နောက် ကျွန်တော် သူငယ်ချင်းတွေ ရလာတော့ သူတို့ ငြိမ်သွားတယ်။ ကိုယ်ထိလက်ရောက် physical abuse တို့ sexual abuse တို့တော့ မကြုံခဲ့ရပါဘူး”

“ အဲဒီနောက်ပိုင်း သူများနဲ့ ဆက်ဆံရေး ဘယ်လို ရှိသလဲ”

“ ဘာမှ ထူးထူးထွေထွေ မဖြစ်ပါဘူး။ ပုံမှန် သူငယ်ချင်း အသိုင်းအ၀ိုင်း ရှိပါတယ်”

“ ကျောင်းထွက်တော့ ရှင့်အသက် ဘယ်လောက် ရှိပြီလဲ။ ကောလိပ် ဆက်တက်ဖြစ်လား”

“ ၁၆ နှစ်မှာ အထက်တန်း အောင်တယ်။ ကောလိပ်မှာ လျှပ်စစ်ပညာ ဆက်သင်ပြီး နှစ်နှစ်ကြာတော့ ခုအလုပ်ကို ရောက်တာပဲ။ သြော် မေ့လို့၊ အရင် အလုပ်တစ်ခု လုပ်သေးတယ်။ ခြောက်လလောက်ပဲ ကြာတယ်။ မကြိုက်လို့ ပြောင်းခဲ့တာ”

“ ဒါဆို ဒီအလုပ်မှာ ဆယ့်ငါးနှစ်လောက် ရှိပြီပေါ့။ အဆင်ပြေလား”

“ ပြေတယ် ဆိုရမှာပဲဗျ။ မန်နေဂျာရော၊ လုပ်ဖော်ကိုင်ဖက်တွေရော နားလည်မှု ရှိကြတယ်။ အချင်းချင်း ယိုင်းပင်းတာ များတော့ စည်းလုံးတဲ့ စိတ်ဓာတ်လေး ရှိနေတယ်”

“ ခုလောလောဆယ် အလုပ်နားထားလား”

“ ကျွန်တော့် GP က ဆေးခွင့်လေးပတ် ရေးပေးထားတယ်။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံး ပြန်သွားချင်တာပေါ့”

“ မောင်နှမ ဘယ်နှစ်ယောက် ရှိလဲ။ သူတို့နဲ့ ဆက်ဆံရေးက ဘယ်လို ရှိလဲ”

“ အမတစ်ယောက်၊ အကိုတစ်ယောက် ရှိတယ်။ အမက ခြောက်နှစ် ကြီးတယ်။ အကိုက လေးနှစ် ကြီးတယ်။ ပုံမှန် အဆက်အသွယ် ရှိပါတယ်။ အမမိသားစုနဲ့ အဖေအမေတို့က အိုင်ယာလန်မှာပဲ။ ခရစ်စမတ်မှာတော့ ကျွန်တော်တို့ သွားဆုံလေ့ရှိတယ်။ အကိုမိသားစုကတော့ တောင်ပိုင်းမှာပါ”

“ ရှင်တို့ အိမ်ထောင်ကျတာ ဘယ်လောက် ကြာပြီလဲ”

“ ကျွန်တော့်အသက် နှစ်ဆယ်ကဆိုတော့ ဆယ့်လေးနှစ်ပေါ့”

“ ကလေး ရှိလား”

“ သမီးနှစ်ယောက် ရှိတယ်။ ရှစ်နှစ်နဲ့ ငါးနှစ်။ လိမ်မာကြပါတယ်။ ကျောင်းစာလည်း လိုက်နိုင်ကြတယ်”

“ အိမ်တွင်းသောက ရှိသလား။ ငွေရေးကြေးရေး၊ အိမ်ကြွေး (mortgage) စသဖြင့်”

“ Sharon က အိမ်မှာနေပြီး ကလေးထိန်းတဲ့ child minder ပါ။ နှစ်ယောက်ပေါင်း ၀င်ငွေလေးနဲ့ လောက်ငပါတယ်။ အပိုတွေတော့ အရမ်း မသုံးနိုင်ဘူးပေါ့။ မဆိုးဘူးလို့ ကိုယ့်ဖာသာတော့ ထင်ခဲ့တာပဲ။ ခု စီးပွါးပျက်ကပ်မှာတော့ ရေရှည် ဘယ်လို ရှိမယ် မပြောတတ်သေးဘူး”

“ ဒီကိစ္စက ရှင့်ကို ဘယ်လောက်ထိ ပူပန်စေလဲ”

“ အရမ်းကို ပူပန်စေတာပေါ့။ ကျွန်တော့် မိသားစုလေးက ကျွန်တော့်ကို အဓိက မှီခိုနေရတာလေ။ ကျွန်တော် အလုပ် အဆင်မပြေရင် အားလုံး ဒုက္ခရောက်ကုန်မှာ”

“ အလုပ်မှာ သတိပေး သင်္ကေတ နိမိတ်တွေ ပြေးနေပြီမို့လား”

“ အလုပ်ရှင်ကတော့ ကျွန်တော့် ကျွမ်းကျင်မှုကို တန်ဖိုးထားတယ် ပြောတာပဲ။ ဒါလည်း ကျွန်တော်ကတော့ ပူတုံးပဲ။ ပုဂ္ဂလိက စီးပွါးရေး လောကမှာ လုပ်ငန်းကို ကယ်ဆယ်ဖို့ လူတွေကို ရက်စက်ရတာတွေ အကြိမ်ကြိမ် မဟုတ်လား”

“ သက်သေ သက္ကာရ ရှိတာထက် ပိုပြီး ပူပန်နေတာလို့ ရှင့်ကိုရှင် မထင်ဘူးလား”

“ တခါတလေတော့လည်း တကယ့်ကို ဖြစ်လာတော့မှာလို့ကို ယုံကြည်မိတာဗျ။ များသောအားဖြင့်တော့ ဒါ မဖြစ်နိုင်ပါဘူးလို့ ကိုယ့်ကိုကိုယ် နားချလို့ ရပါတယ်”

“ တခြား ရောဂါတွေ ရှိလား။ တခြားဆေးတွေ သောက်နေရလား”

“ မရှိ၊ မသောက်ရပါဘူး”

“ ဆေးမတည့်တာ ရှိလား”

“ သိသလောက်တော့ မရှိပါဘူး”

“ ကိုယ့်ကိုကိုယ် ဘယ်လိုလူလို့ ပြောမလဲ။ နေကောင်းနေတုံးက ဘယ်လိုလဲ ဆိုတာလေး သရုပ်ဖော်ပြပါဦး”

“ အခက်ဆုံး မေးခွန်းပဲဗျ။ ဘယ်လို ပြောရမလဲ။ ကိုယ့်ကိုကိုယ်တော့ အေးအေးဆေးဆေးသမားလို့ ထင်မိတာပဲ။ ကူညီနိုင်သလောက် ကူညီတတ်တယ်။ စကား သိပ်အများကြီး မပြောတတ်ဘူး”

“ ဘ၀မှာ အခက်ခဲဆုံး အချိန်ဆိုတာမျိုး ကြုံခဲ့ပြီလား။ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့လဲ”

“ အခက်ခဲဆုံးရယ်လို့ မဟုတ်ပေမယ့် ခက်ခဲခဲ့တာလေးတွေတော့ ရှိခဲ့တယ်ဗျ။ ကျွန်တော်က စကား သိပ်ပြောလေ့ မရှိတော့ ပိုလို့တောင် ငြိမ်ကျသွားတတ်သေး”

“ အရေးအကြောင်းဆို ဘယ်သူနဲ့ တိုင်ပင်တတ်သလဲ”

“ ကျွန်တော့်မှာ သူငယ်ချင်းတွေ ရှိပေမယ့် အတွင်းကျကျ ပြောဆိုတိုင်ပင်လေ့ရှိတဲ့ အနီးကပ် သူငယ်ချင်း မရှိဘူးဗျ။ အဲလိုအချိန်မျိုးမှာ တစ်ယောက်တည်း ဖြစ်သွားတတ်တယ်”

“ အိမ်ထောင်ဖက်နဲ့ရော”

“ ပြောလေ့ သိပ်မရှိဘူးဗျ။ ကျွန်တော်က အုံ့ပုန်းသမား”

“ ဟုတ်တယ်၊ သူက မြုံစိစိနဲ့။ ကျွန်မကပဲ လိုက်မေးနေရတာ။ ခုဆို ပိုဆိုးတာပေါ့”

“ ၀ါသနာပါရာ hobbies များ ရှိသလား”

“ ထူးထူးထွေထွေ မရှိပါဘူး။ တခါတလေ သူငယ်ချင်းတွေနဲ့ bowling သွားတတ်တယ်။ သွားခဲပါတယ်”

“ ခုလောလောဆယ် စိတ်အနေ (mood) ကို ဘယ်လောက်လို့ သတ်မှတ်မလဲ”

“ ဗျာ”

“ တစ်က စိတ်ဓာတ် အောက်ဆုံးကို ကျနေပြီး တစ်ဆယ်က အရမ်းပျော်တာ ဆိုရင် ရှင့်စိတ်က ဘယ်လောက်မှာလို့ ပြောမလဲ”

“ နှစ် သုံးလောက်ထက် မများဘူးဗျ”

“ ရှင့်ကို ရှင် နေကောင်းတယ်လို့ ထင်လား၊ နေမကောင်းဘူးလို့ ထင်လား”

“ နေမကောင်းဘူးလေ။ စိတ်ဓာတ်ကျနေတယ်။ ဆေးပြောင်းသောက် ဆိုလည်း သောက်ပါ့မယ်။ မြန်မြန် ပျောက်အောင်သာ ကူညီပါ”

“ ဆက်ဆွေးနွေးတာပေါ့”

“ ကျွန်မရဲ့ ထင်မြင်ချက်ကို ပြောရမလား”

“ ပြောပါ။ ကျွန်တော်တို့ အရှိအတိုင်းပဲ သိချင်ပါတယ်။ အကြံပေးတာကိုလည်း လိုက်နာပါ့မယ်”

“ ရှင် ဖြစ်နေတာ အလယ်အလတ်စား စိတ်ဓာတ်ကျရောဂါပဲ။ အရင်ကတည်းက အခံလေး ရှိတယ်။ အလုပ်ဖိအားကြောင့် သိသိသာသာ ဖြစ်လာတယ်။ ဖြစ်နေတဲ့ စိတ်သောကကို မမျှဝေတတ်တော့ အတွင်းမှာ အောင်းပြီး ပိုဆိုးလာတာပေါ့။ ဒီလို ပြောတာ ရှင့်ဖြစ်ရပ်ကို ထင်ဟပ်တယ်လို့ ခံစားရသလား”

“ မှန်တာပေါ့ဗျာ။ ကျွန်တော်တို့က ဒါကို တတ်ကျွမ်းနားလည်သူ မဟုတ်ပေမယ့် အင်တာနက်မှာတော့ ရှာကြံဖတ်ရှုမိပါတယ်”

“ အင်တာနက်ဟာ အင်မတန် ကောင်းတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးပါပဲ။ စိတ်ချယုံကြည်ရတဲ့ ဆိုတ်တွေကို ရွေးတတ်ရင်ပေါ့လေ။ မဟုတ်လို့ကတော့ သညာအမှားတွေ ရပြီး အန္တရာယ်ပဲ”

“ ဟုတ်ပါတယ်။ ကျွန်တော် နားလည်သလောက်က စိတ်ဓာတ်ကျ တန်ပြန်ဆေးတွေ (anti-depressants) က ကောင်းသလို စကားပြောကုထုံးများ (talking therapies) ကလည်း အသုံးတည့်မလားလို့”

“ အနုစား စိတ်ဓာတ်ကျရောဂါတွေမှာ ဆေးမသောက်သေးပဲ စကားပြောကုထုံးနဲ့ ကုရင်လည်း ရပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိဘူး။ နည်းနည်းတော့ ကြာနိုင်တယ်။ စကားပြောကုထုံး ကျွမ်းကျင်သူ therapist နဲ့ တွေ့ဖို့ စောင့်ရတာလည်း ရှိသေးတာကိုး။ အပြင်မှာ Private therapy ယူရင်လည်း ရတာပဲ။ ဘာနဲ့မှ မကုပဲလည်း သူ့အလိုလို ပျောက်သွားနိုင်သေးတယ်။ ပျမ်းမျှခြင်း ကိုးလလောက်တော့ ကြာတတ်တယ်။ ဒီကြားထဲ ဆိုးမလာဘူးလို့ ဘယ်သူမှ အာမမခံနိုင်သလို ဒီရောဂါ လက္ခဏာတွေကို ရှင် ဘယ်လောက် ဆက်ခံစားချင်၊ ခံစားနိုင်မလဲ ဆိုတာတော့ ရှင့်ဆုံးဖြတ်ချက်ပဲပေါ့”

“ ကျွန်တော် ဘာလုပ်ရင် ကောင်းမလဲ မသိဘူး”

“ ရှင်က အလတ်စား စိတ်ဓာတ်ကျရောဂါလေ။ ဆေးလည်း သောက်လက်စ ဖြစ်နေပြီ။ စဉ်းစားပေါ့။ ဆေးက သောက်တဲ့သူတိုင်း ရလဒ်ကောင်း (ရောဂါ သက်သာ ပျောက်ကင်းခြင်း) ရတာတော့ မဟုတ်ဘူး။ ၆၀-၆၅% ပျောက်ကင်းနှုန်း ရှိတာမို့ ဆေးသောက်သူ သုံးယောက်မှာ နှစ်ယောက်က သက်သာမယ်။ တစ်ယောက်ကတော့ ဆေးမတိုးတဲ့ သဘောပေါ့။ response rate ကောင်းတဲ့ ဆေးမျိုးထဲမှာတော့ ပါတယ်“

“ ကျွန်တော်များ အဲဒီ ၃၅% ထဲ ပါနေပြီလား ဒေါက်တာရေ”

“ ကျွန်မကတော့ ဒီလို မထင်ပါဘူး။ ရှင်က ဆေးမှန်မှန် သောက်တယ် ဆိုပေမယ့် ဆေးစွမ်းအင်က အနိမ့်ဆုံးကိုပဲ စမ်းကြည်ဖူးသေးတယ်လေ။ ဆေးပြင်းအား dose ကို မြှင့်လို့ ရသေးတယ်။ နောက်ထပ် မှတ်ချက်တွေ မချခင်၊ ဆေးတွေ လျှောက်မပြောင်းခင် ဒါကို ပထမ ဦးစားပေး လုပ်ကြည့်သင့်တယ်။

နောက်တစ်ခုက အရက် သောက်တဲ့ ကိစ္စ။ အရက်ကို တစ်ပတ်လုံးမှာမှ ၂၁ ယူနစ် (ဘီယာဆို ဆယ်ပိုင့်၊ ၀ိုင်ဆို ဆယ့်လေးဖန်ခွက်) ပဲ အများဆုံး သောက်သင့်တယ်ဆိုတာ အများသိကြတဲ့အတိုင်းပဲလေ။ ဒါတောင် ဆေးသောက်နေသူဆိုရင် သိသိသာသာ လျှော့ သို့မဟုတ် ရပ်နိုင်ရင် ပိုကောင်းတယ်။ အရက်က အသည်းကို ပိုအလုပ်ပေးတော့ အသည်းအင်ဇိုင်းတွေက ဆေးတွေကို မြန်မြန် ချေဖျက်ပစ်လိုက်တာနဲ့ ဆေးအာနိသင် လျော့ကုန်ရော။ ဆေးသောက်လျက်နဲ့ အကျိုး မခံစားရဘူးပေါ့”

“ ဒါကို ကျွန်တော် မသိခဲ့ဘူးဗျ။ ဒီလိုဆို ကျွန်တော် လျှော့နိုင်ပါတယ်။ အင်း ဖြတ်တောင် ဖြတ်လို့ ရတယ်”

“ ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါဆို ဆေးပြင်းအားကို မမြှင့်သေးဘူး။ ဒီတိုင်းပဲ ဆက်သောက်ဦး။ အရက် ဖြတ်လိုက်ရင် ဆေးအာနိသင် ရှင် သိလာနိုင်တယ်။ ကျွန်မတို့က မလိုပဲ ဆေးပြင်းအားကို မတင်လိုဘူး။ ဘေးထွက်ဆိုးကျိုးတွေရော ရှင် ခံစားရဖူးလား။ များသောအားဖြင့်တော့ အစာလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ရတတ်တယ်။ ပျို့တာ၊ သိပ်ဆိုးရင် အန်တာ၊ ဗိုက် မကောင်းဖြစ်တတ်တာ၊ ၀မ်းချုပ် သို့မဟုတ် ၀မ်းပျက်တတ်တာ စသဖြင့်။ နောက်ပြီး sexual side effects (လိင်မှုဆိုင်ရာ ဘေးထွက်ဆိုးကျိုး)တွေ ရကောင်း ရနိုင်တယ်။ ဥပမာ ခံစားချက်သိမှု လျော့သွားတာ၊ ကာမဆန္ဒ နည်းသွားတာ၊ ဆက်ဆံဖို့ မစွမ်းနိုင်တာ အထိ ဖြစ်နိုင်ချေ ရှိတယ်။ ဒီလောက်ထိ ဖြစ်တဲ့ ရာခိုင်နှုန်းတော့ နည်းပါတယ်။

ဆေးဗူးထဲမှာပါတဲ့ စာရွက်လေးကို ဖတ်ကြည့်ရင်တော့ ရှိရှိသမျှ အကုန်ရေးထားတာပဲ။ ဆေးကုမ္ပဏီတွေကလည်း ဥပဒေကြောင်း လိုအပ်ချက်အရ ရှိသမျှ ဘေးထွက်ဆိုးကျိုးတွေကို ကြေညာရတာကိုး။ ရေးထားတိုင်း ကိုယ့်မှာ ဖြစ်ရမယ်တော့ မဟုတ်ဘူး။ ဖတ်တော့ ကြည့်သင့်တယ်။ ဒါမှ ဘယ်လို လက္ခဏာကို စောင့်ကြည့်ရမယ်ဆိုတာ သိမှာ။ side effects တွေက လူတိုင်းမှာ ဖြစ်တာ မဟုတ်လို့ အရမ်းကြီး စိတ်ပူစရာ မလိုဘူး။ ဖြစ်ခဲ့ရင်တော့ ခပ်ပျော့ပျော့နဲ့ ရေတိုပဲ ဖြစ်တတ်ပါတယ်။ သိပ်ဆိုးရင်တော့ ဆေးကို ရပ်ဖို့ လိုတာပေါ့။ ရှင်က ခုချိန်ထိ ဘာမှ မဖြစ်ခဲ့တာမို့ ခုမှ အသစ် ထဖြစ်မှာတော့ မဟုတ်ဘူး။ ဆေးပြင်းအား တိုးမယ်ဆိုရင်တော့ side effect ရကောင်းရနိုင်တယ်။ ခုပြောတာ နောင်အတွက် လိုကောင်းလိုမယ် ဆိုပါတော့။ ကျွန်မပြောတာကို ဒီအထိ ရှင်းလား။ ဘာမေးချင်သလဲ”

“ ရှင်းပါတယ်။ ကျွန်တော် သောက်လက်စ ဆေးကိုပဲ ဆက်သောက်လို့ ရမယ်ဆို ကောင်းတာပေါ့။ ဆက်သောက်မယ်ဗျ။ ဒါနဲ့ ဆေးအကြောင်း ဖတ်စရာ စာရွက်စာတမ်းလေးများ ရနိုင်မလား။ ဖတ်ကြည့်ချင်လို့ပါ”

“ ရနိုင်တာပေါ့။ ဒါပေမယ့် ခုလောလောဆယ် ကျွန်မမှာ မရှိဘူး။ မနက်ဖြန် စာတိုက်ကနေ ပို့ခိုင်းလိုက်မယ်။ မရှင်းတာ၊ နောက်ထပ် သိချင်တာ ရှိရင် နောက်တစ်ခါ ပြင်ပလူနာ ရက်ချိန်းမှာ မေးပါ။ မဟုတ်ရင်လည်း ဆေးရုံဖုံးနံပါတ်ကို ဆက်ပါ။ ကျွန်မတို့ team ရဲ့ အတွင်းရေးမှူးက ကျွန်မဆီကို သတင်းပို့ပေးပါလိမ့်မယ်။ ဆေးရုံချိန် (၉နာရီမှ ၅ နာရီ) ပြင်ပမှာ အရေးကြီးရင်တော့ အရေးပေါ် crisis team သို့မဟုတ် ရှင့်ရဲ့ ဆရာဝန် (GP) ကို ဆက်သွယ်ပါ။ လိုမယ်တော့ မထင်ဘူး။ ရှင့်မှာ အကြီးအကျယ် ပူရမယ့် ရောဂါ လက္ခဏာတွေမှ မရှိတာ။ ဒီလို ပြောလို့ ရှင်ခံစားနေရတာတွေကို အသိအမှတ် မပြုဘူး မထင်ပါနဲ့။ professional opinion အားဖြင့်ကြည့်ရင် ကောင်းတယ်၊ ကောင်းဖို့ လွယ်တယ်လို့ ပြောချင်တာပါ”

“ တော်ပါသေးရဲ့ဗျာ။ ကျွန်တော်တို့မှာ ဆေးသောက်လျက်နဲ့ မကောင်းနိုင်လို့ စိတ်ပူနေတာ။ ခုလို တတ်ကျွမ်းနားလည်သူက ပြောလိုက်တော့ အားတက်သွားတယ်။ ကျေးဇူးတင်လိုက်တာ”

“ ဟုတ်ပါတယ် ဒေါက်တာရယ်။ ကျွန်မမှာလည်း စိတ်မအေးနိုင်ဘူး။ သူ ကောင်းကောင်း နေမကောင်းရင်တော့ ဆေးရုံများ အကြာကြီး တက်နေရမလား။ မိသားစု စားဝတ်နေရေးပါ ထိခိုက်တော့မလားဆိုပြီး စိတ်ညစ်နေတာ။ ကျေးဇူးတင်တာ အရမ်းပဲ”

“ မလိုပါဘူးရှင့်။ ကျွန်မရဲ့အလုပ်ကို ကျွန်မ လုပ်တာပါ။ လူနာအတွက် အကျိုးရှိတယ်ဆို ကျွန်မရဲ့ အချိန်တွေ ပေးရကျိုးနပ်တာပါပဲ။ ဆေးရုံကို မလိုပဲနဲ့ မတင်ပါဘူး။ လူနာတွေကို ကိုယ့်အိမ်မှာပဲ ကိုယ်နေစေပြီး ကုပါတယ်။ ဒီတော့ ဒီဆေးကိုပဲ ဒီ dose အတိုင်း ဆက်သောက်ပါ။ လနဲ့ချီသောက်ရမယ်။ စွဲစေတဲ့ သတ္တိ မရှိဘူး။ ရှင်က တခြားဆေးတွေလည်း သောက်မနေလို့ drug interactions အတွက်လည်း ပူစရာ မလိုဘူး။ နေမကောင်းခင်က ပင်ကိုယ် စိတ်အနေနဲ့ အလုပ်လုပ်နိုင်စွမ်းကို ပြန်ရောက်တဲ့အချိန်ကျရင် ဆေးရပ်ဖို့ကို ဆွေးနွေးမယ်လေ။ အဲဒီအချိန်ကနေ အနည်းဆုံး ခြောက်လတော့ ဆေးဆက်သောက်ရမယ်။ သေသေချာချာ ကောင်းသွားတာ အရှိန်ရ၊ အခြေခိုင်သွားအောင်လို့။ ရောဂါပြန်ဖြစ်နှုန်း (relapse rate) နည်းအောင်လို့ပါ။ ကိုယ့်သဘောနဲ့ကိုယ် မရပ်ပါနဲ့။ Discontinuation symptoms (ရုတ်တရက် ရပ်ခြင်းကြောင့် တုံ့ပြန်လက္ခဏာများ) ရကောင်းရနိုင်တယ်။ ကျွန်မတို့က လူနာတွေကို မလိုပဲ ဆေးမပေး၊ ရေရှည်ဆွဲမကုပါဘူး။

နောက်လေးပတ်မှာ တိုးတက်မှု ရှိ/မရှိ ပြန်ကြည့်မယ်။ Follow-up appointment မို့ တစ်နာရီတော့ မဟုတ်တော့ဘူး။ မိနစ်နှစ်ဆယ်ပဲ ရမယ်။ ဒါဟာ ဆွေးနွေးစရာတွေအတွက် လုံလောက်တဲ့ အချိန်ပါ။ မေးချင်တာလေးတွေ စာရင်း လုပ်လာခဲ့ပေါ့။ Talking therapy အကြောင်း ရှင်းပြတဲ့ စာစောင်လည်း ပို့ပေးလိုက်မယ်။ နောက်တစ်ခါလာတဲ့အခါ ဒီကိစ္စကို ဆက်ဆွေးနွေးပြီး လိုအပ်ရင် လွှဲစာ (referral) ပါ ရေးတာပေါ့”

“ သိပ်ကောင်းတဲ့ အကြံပဲ။ ကျွန်တော်တို့ကို စိတ်ရှည်လက်ရှည် အချိန်ပေး မေးမြန်းဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်”

“ My pleasure! နောက်လေးပတ်မှာ တွေ့မယ်လေ”

ဖြည့်စွက်ချက်

ယူကေရဲ့ အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု National Health Service စနစ်ဟာ အစိုးရက ထောက်ပံ့တဲ့ စနစ် ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာငွေ (Taxpayers' money) ကနေ ပေးတာ ဖြစ်ပါတယ်။ ဒါကို ပြည်သူတွေက ပေးတဲ့ အခွန်အတုတ် (tax) နဲ့ အမျိုးသား အာမခံ (National Insurance) က ရပါတယ်။ ဆေးလက်မှတ်တစ်စောင်ကို ဘယ်လောက်တန်ဖိုးရှိတဲ့ ဆေးဖြစ်ဖြစ် လူနာက 7.20 Pounds Sterling ပဲ ကျခံရပါတယ်။ ဆေးဆိုင်ကျမှ ပေးရတာပါ။ ကျန်တာကို အစိုးရက စိုက်ပါတယ်။

ဆရာဝန်တွေကို NHS က လခပေးထားပြီးသားပါ။ ဆေးကုမ္ပဏီတွေနဲ့ ဆရာဝန်အကြား ဆက်ဆံပတ်သက်မှုကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်မှုတွေ အများကြီး ရှိပါတယ်။ Promotional materials တွေဆို စာရေးကိရိယာတွေပဲ အဓိက ပေးပါတယ်။ Conference sponsorship တွေ ဘာတွေဆိုရင် စာနဲ့ အတိအကျ ရေးပြီး သွားလိုခြင်း ရည်ရွယ်ချက်၊ မျှော်လင့်သော အကျိုး စသဖြင့် အသေးစိတ်တွေ ပါလာပါတယ်။ အလွယ်တကူ မမေးမမြန်း မပေးပါဘူး။ ဆရာဝန်တွေ အရမ်းကာရော အနိုင်ကျင့်လို့ မရဘူးပေါ့။

ဆေးလက်မှတ်ရေးရင် ဆရာဝန်အားလုံးလိုလိုက ဆေးရဲ့ မူလဓာတုအမည် generic name ကိုပဲ ရေးပါတယ်။ ကုမ္ပဏီက ပေးတဲ့ သီးသန့် commercial name ကို ရှောင်ပါတယ်။ ဆေးလက်မှတ်ကို လူနာက ကြိုက်တဲ့ ဆေးဆိုင် (Qualified Pharmacist တွေပဲ ဆေးဆိုင် ဖွင့်ခွင့် ရှိပါတယ်) မှာ သွားဝယ်နိုင်ပါတယ်။ Pharmacist က ဆေးကို ကြည့်ပြီး သူ့ဆီ လာသွင်းထားတဲ့ ကုမ္ပဏီရဲ့ဆေးကို ရောင်းလိုက်တာပဲ။ ဒါကို မကြိုက်ရင် လူနာက ဆိုင်ပြောင်း ၀ယ်လို့ ရပါတယ်။

လူနာက ပေးတဲ့ လက်ဆောင်ဆို 25 Pounds Sterling တန်ဖိုးထက် ကျော်ရင် ဌာနကို သတင်းပို့ရပါတယ်။ ယူခွင့်လည်း မရှိပါဘူး။ ( ဒီတန်ဖိုးဟာ လူနှစ်ယောက် တော်ရုံ စားသောက်ဆိုင် အလတ်စားမှာ စားစရိတ်ပဲ ရှိပါတယ်) လူနာတွေ အများစုက နှုတ်အမူအရာအားဖြင့် ကျေးဇူးတင်ကြောင်း အသိပေးတာ များပါတယ်။ သိပ်ကျေးဇူးတင်မှ Thank You Card ဒါမှမဟုတ် ဖွဲ့နွဲ့ရေးထားတဲ့ စာတိုစာရှည် ဒါမှမဟုတ် ချောကလက်ဗူးလောက် ပို့လေ့ရှိပါတယ်။ ဆရာဝန်တွေကလည်း ကဒ်ပြားလေးတွေ၊ စာလေးတွေကိုပဲ တခုတ်တရ သိမ်းတတ်ကြပါတယ်။ Portfolio (တစ်နှစ်တာ လုပ်ဆောင်မှု မှတ်တမ်း) မှာ ထည့်တဲ့သူကလည်း ထည့်တယ်ပေါ့။

အခြေခံ အဆောက်အဦ (Infrastructure) တွေ အခြေကျနေခြင်းနဲ့ လိုအပ်သလို စောင့်ကြည့် ပြုပြင်ခြင်း (monitoring and modification) ရဲ့ အသီးအပွင့်တွေလို့ ဆိုနိုင်ပါတယ်။


Read More...

Friday, September 18, 2009

Online Tobacco Control Training

ဆေးလိပ် အပါအ၀င် ဆေးရွက်ကြီး သုံးစွဲမှုတွေကြောင့် သေဆုံးနေကြရသူတွေက တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို ၅ သန်း ပတ်ဝန်းကျင် ရှိနေပါတယ်။ ဒါဟာ အေအိုင်ဒီအက်စ်နဲ့ ငှက်ဖျားကြောင့် သေဆုံးရသူ အရေအတွက်တွေကို ပေါင်းတာထက်တောင်မှ ပိုများနေပါသေးတယ်။

ဆေးလိပ်ကို ဆန့်ကျင်ပြီး ပြောမိပြီ ဆိုရင် “ ဆေးလိပ် မသောက်လဲ အဆုတ်ကင်ဆာက ဖြစ်ချင် ဖြစ်တာပဲ မဟုတ်လား “ “ ဆေးလိပ်ကို ၀ါဒဖြန့် ရှူံ့ချနေကြတာပါ .. တကယ်က ဒီလောက် မဆိုးပါဘူး “ စသဖြင့် ဆေးလိပ် စွဲနေသူတွေထံက တုံ့ပြန် စကားလေးတွေကို ကြားရလေ့ရှိပါတယ်။ ပြီးတော့ ဘေးကနေ အငွေ့ရှူရင်း ကျန်းမာရေး ထိခိုက်ရတဲ့ ပြဿနာကို ခံစားရတယ် ဆိုတာရော တကယ်ဟုတ်ရဲ့လား? အဲဒီလို ကျန်းမာရေးထိခိုက်မယ် ဆိုရင်ရော၊ ဆေးလိပ်သောက်သူတွေ ဘက်က ဆင်ခြင်ဖို့ လိုလို့လား?

ဆေးလိပ် ကုမ္ပဏီ တစ်ခုက ပြောထားတဲ့ ကောက်နုတ်ချက်ကလေးက
“ တကယ်လို့ ကလေးတွေက ဆေးလိပ်သောက်တဲ့ အခန်းတွေကို မကြိုက်ဘူး ဆိုရင် သူတို့ ထွက်သွားကြမှာပေါ့ .. တစ်နှစ်အောက် ကလေးလေးတွေဆိုလဲ တွားသွားပြီးတော့ပဲ ဖြစ်ဖြစ် လမ်းလျှောက်ပြီးတော့ပဲ ဖြစ်ဖြစ် ထွက်သွားလို့ ရတာပဲ”တဲ့။ ( သူ ပြောထားတဲ့ အတိုင်း တိုက်ရိုက်ပြန်ရင်တော့ တစ်နှစ်အောက် ကလေးတွေက တစ်ချိန်မှာ လေးဘက်ထောက်ဖို့၊ နောက်တော့ လမ်းလျှောက်ဖို့ သင်ယူကြမှာပဲ မဟုတ်လားလို့ ပြန်ရမှာပါ။ ဒါပေမယ့် သူပြောတဲ့ စကားအဓိပ္ပာယ်ကို ကျွန်မက အဲဒီလို နားလည်ပါတယ်) (The Tobacco Atlas, 3rd Edition, Chapter 9, page 36)

ပြောပုံလေးက ချစ်စရာ မကောင်းဘူးလား။

ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေက ဆေးလိပ်ကို ဥပဒေနဲ့ ကန့်သတ်လာကြတဲ့ အခါ ဆေးလိပ် ကုမ္ပဏီတွေက သူတို့ရဲ့ ဈေးကွက်ကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေဘက်ကို ဦးလှည့်လာကြပါတယ်။

နဂိုကမှ ကူးစက် ရောဂါတွေရဲ့ ဒဏ်ကို အလူးအလဲ ခံနေရတဲ့ ဒီနိုင်ငံတွေက ဆေးလိပ်ကြောင့် ပိုတိုးလာတဲ့ ရောဂါပေါင်းစုံရဲ့ ဒဏ်ကို စတင် ခံစားနေကြရပါပြီ။

အဲဒါကို ဘယ်လို ပါဝင်ကူညီ ဆောင်ရွက်ကြမလဲ။
ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို နားလည် သဘောပေါက်လို့ ကို ဆေးလိပ် ဆန့်ကျင်တားဆီးရေးမှာ ပါဝင် ကူညီချင်တဲ့ သူတွေ အမြောက်အမြား ရှိပါတယ်။

ဒါပေမယ့် သတင်းအချက်အလက်တွေ အလုံအလောက် မရဘဲ ဘယ်လို ကူညီမလဲ။
ဆေးလိပ်နဲ့ ပတ်သက်လို့ အန္တရာယ် မရှိပါဘူးလို့ ငြင်းနေသူတွေကို နားလည်သဘောပေါက်အောင် ဘယ်လို ပြန်ပြောပြကြမလဲ။
ဘယ်အရာတွေက ဆေးလိပ်ကို လူတွေ စသောက်ဖြစ်အောင်၊ ပိုသောက်ဖြစ်အောင်၊ မဖြတ်နိုင်အောင် ဆွဲဆောင်နေကြတာလဲ။

အဲဒီလို လူတွေကို ဘယ်လို အကူအညီ ပေးမလဲ။
ဘယ်လို ဥပဒေအရ ထိန်းချုပ်မှုတွေ လိုအပ်နေသလဲ၊ ဘာကြောင့်လဲ။

စတဲ့ မေးခွန်းတွေရဲ့ အဖြေကို ဒီ online tobacco control training လေးက ဖြေပေးနိုင်မယ်လို့ ထင်ပါတယ်။

သူ ညွှန်ကြားတဲ့ အတိုင်း လိုအပ်တဲ့ သတင်းအချက်အလက်ကလေးတွေ ဖြည့်၊ sign up လုပ်ပြီးရင် internet ကနေ တစ်ဆင့် ကိုယ် အဆင်ပြေတဲ့ အချိန်မှာ အဲဒီ training ကို နိုင်သလောက် ဖြည်းဖြည်းချင်း တက်လို့ ရပါတယ်။

Johns Hopkins တက္ကသိုလ်၊ ပြည်သူ့ ကျန်းမာရေးကျောင်းက ပေးတဲ့ online training ဖြစ်ပါတယ်။
Training ပြီးသွားရင် Certificate လဲ ရပါတယ်။
သင်ကြားတဲ့ PowerPoint နဲ့ PDF file တွေကိုလဲ download လုပ်ပြီး သိမ်းဆည်း၊ မျှဝေလို့ ရပါတယ်။

Read More...

(အလာဂျီ) သို့မဟုတ် မတည့်အတူနေ

ကျွန်တော် ခရီးဝေးတခုသွားရင်း၊ (တက်စီ)သမားနဲ့ လေပေးဖြောင့်လာတော့ သူကမေးတယ်။ ခုခေတ်မှာ (အလာဂျီ) ဆိုတာ သိပ်ပေါတယ်။ ဘာလို့လဲတဲ့။ ကားဆရာအရွယ်က လူကြီးပိုင်းမို့ အတွေ့အကြုံအရ ပြောတာနေမှာပါ။ အရင်က အဲလိုမရှိပါဘူးတဲ့။

ဆိုချင်တာက ကျွန်တော်တို့ဆီမှာသာမဟုတ် သူများတိုင်းပြည်တွေမှာပါ (အလာဂျီ)က ဒုက္ခပေးပါတယ်။ အရင်တုံးက မရှိခဲ့တာတွေ အခုရှိလာနေလို့ ဖြစ်ရတယ်လို့ ပြောရမှာပါ။ အရင်ကမရှိတာတွေထဲမယ် အစားအသောက်နဲ့ အသုံးအဆောင်တွေ အစုံပါဘဲ။ အသစ်ထွင်လိုက်တဲ့ ပစ္စည်းမျိုးစုံ၊ အစားအသောက်မျိုးစုံ၊ ဒါတွေကြောင့် နောက်ဆက် ဖြစ်လာရတဲ့ အနံ့အသက်အသစ်တွေ၊ နောက်ပြီး လူပြောများနေပြီဖြစ်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းလာတာတွေကိုပါ လက်ညှိုးထိုးရပါလိမ့်မယ်။

(အလာဂျီ)ဆိုတာ ဖြစ်ရင် အတော် အခံရခက်တယ်။ ဒုက္ခသေးသေးလေးကနေ အသက်ကိုပါ ရန်ရှာနိုင်တယ်။ နှာရည်တွေ တယိုယို ဖြစ်နေတာ။ ပန်းနာရောဂါ၊ နှင်းကူနာ၊ မတည့်ခြင်းပေါင်းစုံ (ပန်းနာ + နှင်းကူးနာ + နှာရည်ယို) အတူတွဲ ဖြစ်နေတာ ဆိုပြီးရှိပါတယ်။ သန်း-မှက်-လှေးစတဲ့ အင်းဆက် ကိုက်ခံရတာ၊ ချိတ်သံကောင် ရှိတာ၊ ပန်း-မြက်-သစ်ပင်-ပေါင်းပင်တွေရဲ့ ၀တ်မှုံတွေ၊ (ဖန်းဂတ်စ်)မှို၊ အိမ်မွေးတိရစ္ဆာန် ကြောင်၊ ခွေးတွေဟာလည်း (အလာဂျီ)ကို ရစေတဲ့ အရာတွေပါဘဲ။

မတည့်တဲ့အရာတွေထဲမှာ အများဆုံးလည်းဖြစ်၊ အဆိုဆုံးလည်းတစ် ဖြစ်တာကတော့ ဆေးတမျိုးမျိုးနဲ့ မတည့်တာ ဖြစ်ပါတယ်။ (ဆေး)ဆိုတဲ့ ဗမာစကားဟာ အတော်ကို ကောင်းတာပါ။ ဆေးလို့ ပြောတာနဲ့ ရောဂါဘယ ကင်းစေမယ်။ ခွန်အားကိုပေးမယ်။ ပျောက်စေဆိုတဲ့ စေတလုံးပိုင်လို့ အဓိပ္ပါယ်ကို ဆောင်တာပါ။ တကယ်တော့ ဆေးဟာ အကောင်း-အဆိုး ဒွန်တွဲနေတာမျိုးပါ။ ဘယ်ဆေးမှာမဆို (ဆိုက်-အဖက်)ဆိုတဲ့ ဘေးထွက်ဆိုးကျိုးတွေ အနည်းနဲ့အများ ရှိကြတယ်။ အဲဒါတွေထဲမယ် (အလာဂျီ)ဆိုတာက တခုပါတယ်။

Anaphylaxis ခေါ်တဲ့ (ရှော့ခ်) အပြင်းအထံ မတည့်ခြင်းကတော့ အသက်ရှူတာ နှလုံးခုန်တာတွေ မမှန်ဖြစ်လာပြီး အရေးပေါ် ဆေးကုမှ အသက်ရှင်နိုင်တဲ့အထိ ဆိုးပါတယ်။

အစားအသောက်ကြောင့်ဖြစ်ရတာကို (အလာဂျီ) အမျိုးအစား(၁)လို့ သတ်မှတ်ပါတယ်။ အစားတမျိုးမျိုးနဲ့ မတည့်တာထဲမှာ နွားနို့၊ ဥ၊ ငါး၊ အစေ့အဆံများ၊ အချဉ်သီးများ၊ ခရမ်းချဉ်သီးတို့ပါတယ်။ အသားတွေကသာ (အလာဂျီ) ရစေတာ မဟုတ်ဘူး။

မတည့်တာတခုခု ကိုယ်ခန္ဓာထဲ ၀င်လာရင် လူကနေ သူ့ကိုတန်ပြန်နိုင်စွမ်းရှိတဲ့ (အင်တီဘော်ဒီ)ဆိုတဲ့ ဆေးပညာလို ပြောရရင် IgE တနည်းပြောရရင် အတွင်းအား ဆိုတာ အလိုလိုထွက်လာတယ်။ သူတို့တတွေ ရန်ဖြစ်-စစ်ခင်းကြတာကို (အလာဂျီ)လို့ ခေါ်လိုက်တာပါဘဲ။ နှာရည်တွေထွက်၊ ယားယံ၊ မျက်လုံးတွေနီရဲ၊ အရေပြား အဖုအပိန့်ထွက်၊ ၀မ်းပျက် စတာတွေ ဖြစ်လာမယ်။

စစ်ကိုင်းဆေးရုံကြီးမှာ တာဝန်ကျတုံးက အပြာဝတ်ဆရာမတဦးရဲ့ခင်ပွန်း ဆံပင်ဆိုးဆေးတခုသုံးမိတာ ဆေးရုံတောင် တက်ကုရတယ်။ ဒါ့ကြောင့် ဆံပင်ဆိုးဆေးမှန်သမျှကို မသုံးခင်စမ်းရတယ်။ လက်ဖျံပေါ်မှာ ဆိုးဆေးကို တို့ထားပြီး ၅ မိနစ် ၁၀မိနစ် စသည် စောင့်ကြည့်ရတယ်။ နီရဲ၊ ယားယံလာတာမဖြစ်မှ ဆံပင်ကို ဆိုးရမယ်။

အနာသိ ဆေးရှိလို့ ဆိုပေမဲ့ အနာထပ်မဖြစ်အောင် ဘာကိုမတည့်တာလည်းဆိုတာ သိဘို့ လိုလာတယ်။ အများစုသော လူနာများက ကိုယ်က ဘာကိုမတည့်တာလဲဆိုတာ မသိကြဘူး။ ဒါ့ကြောင့် ဖြစ်တတ်တဲ့လူတွေ ထပ်ဖြစ်နေရတာပေါ့။ မတည့်ဘူးထင်တာကို သေခြာအောင်၊ အတိအကျ သိအောင်လုပ်တဲ့နည်းကတော့ သွေးစမ်းနည်းနဲ့ အရေပြားစမ်းနည်း ဆိုပြီးရှိပါတယ်။ ကရိကထ အတော်များပါတယ်။

ဒီလိုမျိုးလုပ်နိုင်တဲ့ အခွင့်အလမ်းမရှိရင် ကိုယ့်အားကိုယ်ကိုးရပါလိမ့်မယ်။ ငါ ဘာနဲ့ တကယ်မတည့်တာလဲဆိုတာ စနစ်တကျ ဆန်းစစ်-ရွေးထုတ်-ရှောင်ကျဉ်ပါလေ။ မဲမဲမြင်တိုင်းတော့ သရဲမမှတ်ပါနဲ့။ လူသုံးပုံတပုံလောက်က အစား တမျိုးမျိုး ရှောင်နေကြတယ်လို့ ပြောနိုင်ပေမဲ့ တကယ်မတည့်တာကတော့ ၃ ရာနုန်း လောက်သာရှိတယ်လို့ သုတေသန လုပ်တော့ တွေ့ပါတယ်။ သူငယ်ချင်းချင်း နောက်တာရှိတယ် မဟုတ်လား၊ နင်အရင်စားကြည့်၊ နင်ဘာမှမဖြစ်မှ ဒို့စားမယ်။ ဒါ့ အတော်ပညာရှိတဲ့နည်းဗျ။

ဗမာလူမျိုးတွေက ခန့်မှန်းတာကို လွယ်လွယ်ကြီး လုပ်တတ်တယ်။ ဘေးက လူတွေကလည်း စေတနာတော့ စေတနာပေါ့၊ ဟိုဟာက မတည့်ဘူးအေ့။ ဒီဟာကို မစားနဲ့ကွ။ ဒီလိုနဲ့ ရှောင်လိုက်ရတာများ စားစရာကို မရှိတော့ဘူး။ အသားကြောင့် ထင်လို့ (ဗက်ဂျီ) လုပ်လိုက်ရတဲ့အဖြစ်က ဒါ့ကြောင့်ပေါ့။

အမှန်က မတည့်တာက တမျိုးထည်း ဖြစ်လေ့ရှိတာပါ။ တမျိုးမှာတောင် တိတိကျကျ ပြောရရင် တမျိုးထဲကမှ တမျိုးက မတည့်တာမျိုး။ ခေါင်းရှုတ်မသွားနဲ့၊ ဒီလိုပါ။ ဟင်းတခွက်ချက်ရင် အမယ်မျိုးစုံ ထည့်ချက်ရတယ် မဟုတ်လား။ အဲဒီထဲက နံနံပင်ဖြစ်ချင်ဖြစ်မယ်။ ကြက်သွန်နီဖြစ်ချင်ဖြစ်မယ်။ ကိုယ်နဲ့မသင့်တာက တခုခုထဲဖြစ်မှာပါ။

ဟင်းချက်သလိုဘဲ၊ အသုံးအဆောင်တွေမှာလည်း အဲလိုဘဲ။ ခေါင်းလျှော်ရည်တခုမှာ အမယ်စုံထည့်လုပ်တာကိုး။ မွှေးအောင်လုပ်တဲ့ ဓါတုပစ္စည်းလေး တခုကြောင့် ခေါင်းလျှော်ရည်နဲ့ မတည့်တာဖြစ်စေတယ်။ (ကော့စ်မက်တစ်) လို့ခေါ်တဲ့ အလှသုံး ပစ္စည်းတွေ၊ နေ့စဉ်သုံး ပစ္စည်းတွေထဲက တမယ်မယ်ကနေ ကိုယ်နဲ့မသင့်တာ ဖြစ်တတ်ပါတယ်။ မိတ်ဆွေတဦးရဲ့ ဇနီးဆိုရင် ဆပ်ပြာမှန်သမျှ မတည့်တဲ့ဘ၀ ရောက်နေရရှာတယ်။ သူတို့ အမေရိကားရောက်တော့လည်း ဒီအတိုင်းဘဲတဲ့။

ရှောင်ရန် မသိသေးရင် ဆောင်ရန်ကတော့ (အင်တီဟစ်စတမင်း) ဆေးများပါဘဲ။ (အလာဂျီ) ကုစရာ (ဘာမီတွန်)လို ဆေးတွေကို လူတိုင်းလောက် သိနေကြပြီ။ ဒီဆေးမျိုးတွေဟာ ကောင်တာပေါ်တင်ပြီး၊ ဆရာဝန်ဆေးလက်မှတ် မလိုဘဲ၊ အလွယ်တကူ ၀ယ်ယူနိုင်တဲ့ ဆေးအမျိုးတွေထဲမှာ ပါတယ်လေ။ ဆေးပြားသာမက အရေးပေါ်လိုရင် ထိုးဘို့ ထိုးဆေး၊။ လိမ်းဆေး၊ ရှူဆေးနဲ့ မျက်စဉ်းတောင်ရှိပါတယ်။

(အင်တီ-ဟစ်တမင်း)တွေဟာ အိပ်ချင်၊ ခေါင်းကိုက်၊ မျက်စိမြင်ေ၀၀ါး၊ ၀မ်းချုပ်၊ အာခြောက်၊ ခေါင်းမူး၊ ဆီးသွားရခက်၊ ခေါင်းမကြည်မလင်ဖြစ်တတ်တဲ့ ဘေးထွက် မကောင်းကျိုးတွေရှိပါတယ်။ ခုခေတ်မှာတော့ အိပ်ချင်စေခြင်းမရှိတဲ့ (အင်တီ-ဟစ်တမင်း) ဒုတိယ၊ တတိယမျိုးဆက် ဆိုတာတွေ ပေါ်လာပါပြီ။

တကယ်လို့ ထပ်သိချင်ရင် ဆက်ဖတ်ပါ။ ဆေးညွှန်းစာတွေကို သေသေခြာခြာဖတ်လို့ Alimemazine (trimeprazine), Chlorphenamine (chlorpheniramine), Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုဒါတွေ ဖြစ်နေရင် သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီဆေးတွေက အိပ်ချင်စေပါတယ်။ အလုပ်လဲ လုပ်စရာမရှိအောင် ကံကောင်းသူများဆိုရင်တော့ ကိစ္စမရှိဘူးပေါ့လေ။

Acrivastine (Semprex, Benadryl), Cetirizine (Zirtec, Zyrtec), Desloratadine (Neoclarityn), (Telfast 120, Telfast 180, Allegra), Loratadine (Clarityn, Clarityne, Boots Antihistamine Tablets, Claritin), Mizolastine (Mizollen, Mistamine) ဆိုတာတွေကတော့ အိပ်ချင်စေခြင်းမရှိတဲ့ (အင်တီ-ဟစ်တမင်း) ဒုတိယမျိုးဆက်မို့ ပိုကောင်းတယ်လို့ ညွှန်းလိုက်ပါတယ်။

(အလာဂျီ)ရတတ်သူများ လက်ကိုင်အိပ်ထဲမှာ Zyrtec (Cetirizine hydrochloride) ကို ဆောင်ထားပါ။ စားဆေး၊ သောက်ဆေး။ သူက 5 mg and 10 mg ဆိုပြီးလာတယ်။ အသက် ၆ နှစ်အထက်ဆိုရင် တနေ့ တပြား။ အစာနဲ့နီးမှ ဝေးမှဆိုတာ မရှိဘူး။ ရောဂါပြင်းရင်တော့ ပိုသောက်ရမယ်ပေါ့။ တနေ့ကို နှစ်ခါခွဲသောက်လဲရတယ်။ အသက်ငယ်ရင် ကိုယ်အလေးချိန်အလိုက် လျှော့သောက်ရမယ်။ တ၀က်၊ လေးပုံတပုံ။

ဈေးချိုချို၊ ပေါပါလွယ်လွယ် ၀ယ်ရတဲ့ ဗမာပြည်မှာ Burmeton နဲ့ ကုလားပြည်မှာ Avil တို့ဟာ Pheniramine maleate ဆေးပဌမမျိုးဆက်တွေပါ။ သုံးနိုင်ပါတယ်။ ပြောခဲ့သလို အိပ်ချင်လိမ့်မယ်။ စိုးရိမ်တတ်ရင် ထိုးဆေးနဲ့ ဆေးထိုးအပ်ပါ ဆောင်ထားပါ။ ပုလိပ်နဲ့တွေ့ရင်တော့ သေသေခြာခြာ ရှင်းပြပေါ့။

ပုရွက်ဆိတ်ကိုက်ရင်၊ ခြင်ကိုက်ရင် လိမ်းဘို့ ပရုပ်ဆီအနီ အသုံးကျပါတယ်။ (အင်တီ-ဟစ်တမင်း) ပါတဲ့လိမ်းဆေးလည်း သုံးနိုင်သလို၊ Xylocaine (Lidocaine) 2% ထုံဆေးပါတဲ့လိမ်းဆေး၊ Calamine Lotion တို့က ချက်ချင်းဆိုသလို ယူပစ်သလို၊ အနာ-အယား သက်သာသွားမယ်။ အဲ ဆေးပျယ်သွားတော့ ပြန်သုံးပေါ့။

ငယ်တုံးက မတည့်ပေမဲ့ ကြီးလာတော့ ရှောင်စရာ မလိုတော့တာလည်း ဖြစ်တတ်တယ်။ လူကြီးများ ဒီနေရာမှာ ကံကောင်း တယ်ပေါ့။ စက်ရုံတွေ ပေါတဲ့နေရာ၊ လူတွေရှုတ်တဲ့ မြို့ကြီးတွေမှာ ပိုဖြစ်တတ်တယ်။ တောသူတောင်သားတွေက ဒီနေရာမှာ သာသွားပြီ။ ယောက်ျားလေးများက မိန်းကလေးတွေထက် အဖြစ်များသတဲ့။ အမျိုးသမီးများ ဂုဏ်ယူကြပါလေ။ (အလာဂျီ)ဆိုတာ မိဘမျိုးရိုး လိုက်တတ်တယ်။ ဒါ့ကြောင့် အမေ-အဖေကိုလည်း ရွေးပြီးမှ အမျိုးတော်ကြပါလေ။

Dr. တင့်ဆွေ

Read More...

Sunday, September 13, 2009

Poverty and premature death still firmly linked

၂၀ရာစုအတွင်း ဆေးပညာ၊ လူမှုရေး၊ နိုင်ငံရေး၊ စသည်တို့ တိုးတက် ပြောင်းလဲလာသော်လည်း ဆင်းရဲမွဲတေမှု နှင့် အသေစောကြရခြင်းတို့၏ ဆက်စပ်မှုမှာ မပြောင်းလဲကြောင်း အင်္ဂလန်တွင် ၁၉၉၀ မှ ၂၀၀၁ ခုနှစ်များ အတွင်း ၆၃၄ ခရိုင်အား လေ့လာရာမှ သိရှိလာရသည်။

သေဆုံးမှုနှုန်းကမူ သိသိသာသာ လျော့ကျခဲ့သည်။ ဥပမာ ၁၉၉၀ ခုနှစ်များက ၅ နှစ်အောက်သေနှုန်း ၃၃% ရှိခဲ့ရာမှ ၁၃% သို့လျော့လာသည်။ လူ့သက်တမ်းလည်း ယောက်ျားများတွင် ၄၆ နှစ်မှ ၇၇ နှစ်၊ အမျိုးသမီးများတွင် ၅၀ နှစ်မှ ၈၁ နှစ်သို့ တိုးတက်လာသည်။

ယခင်က သေဆုံးရသည်မှာ ကူးစက်ရောဂါများ၊ အဆုပ်နှင့်ပတ်သက်သည့် ရောဂါများကြောင့်ဖြစ်ခဲ့ပြီး ယခုမူ ကင်ဆာ၊ နှလုံးရောဂါတို့က လူတွေကို ပို၍သေစေလာသည်။

ဆင်းရဲမွဲတေမှု၏ အဓိပ္ပါယ်အား ဖွင့်ဆိုရာတွင် ယခင်က လူတဦး၏ အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံ လိုအပ်ချက်များ မပြည့်စုံခြင်းဟု ယူဆခဲ့ရာမှ ယခုမူ လူတဦး၏၀င်ငွေနှင့် အခြားလူတို့၏၀င်ငွေ ခြားနာခြင်း ဖြစ်သည်ဟု ယူဆလာကြသည်။

သို့ရာတွင် ယင်း ပြောင်းလဲမှုများ ရှိစေကာမူ ဆင်းရဲမွဲတေမှု နှင့် စောစောသေဆုံးကြရခြင်းတို့၏ ဆက်စပ်မှုမှာ မပြောင်းလဲပါ။

Poverty and premature death still firmly linked

Read More...

Saturday, September 12, 2009

ဝယ်လိုအား


ဒီစာမူလေးကို ရေးထားခဲ့တာ ကြာပါပြီ။ အခုမှ စာမူ အဟောင်းတွေကို ပြန်ရှာရင်း ပြန်တွေ့တာပါ။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တားဆီးကာကွယ်ရေး ရှုထောင့် ဘက်က ကြည့်မယ်ဆိုရင်လဲ သက်ဆိုင်မယ်လို့ ယူဆမိလို့ ဒီမှာ တင်လိုက်တာပါ။
မဂ္ဂဇင်း၊ ဂျာနယ် တစ်ခုခုမှာ ပုံနှိပ် ဖော်ပြခဲ့ဖူးသလား၊ မဖော်ပြခဲ့ဖူးဘူးလား ဆိုတာကိုတော့ မမှတ်မိတော့ပါဘူး။




" ရှားပါး တိရိစ္ဆာန်တွေကို ကာကွယ် စောင့်ရှောက်ပေးကြဖို့အတွက် ကမ္ဘာကျော်မင်းသား မင်းသမီးတွေက သူတို့ရဲ့ ပရိတ်သတ်တွေကို ရှားပါး တိရိစ္ဆာန်တွေကနေ ရရှိတဲ့ ပစ္စည်း အသုံးအဆောင်တွေကို မဝယ်ကြဖို့ တားမြစ်တဲ့ ကြော်ငြာကို ကြည့်ဖူးပါတယ်။ သူတို့က ပြောတယ်။
'ဝယ်ယူမှုတွေ ရပ်ဆိုင်း သွားမယ်ဆိုရင် သတ်ဖြတ်တာလည်း ရပ်ဆိုင်းသွားနိုင်ပါတယ်'တဲ့။

*** **** *** *** *** *** *** *** *** **** *** *** *** *** *** ***

သူက ကာရာအိုကေ စားသောက်ဆိုင်တွေ၊ ကာရာအိုကေ သီချင်းဆိုခန်းတွေနဲ့ အနှိပ်ခန်းတွေကို အမြဲတမ်း သွားနေတတ်သူ တစ်ဦးပါ။ အဲဒီမှာ အလုပ်လုပ်နေတဲ့ ကောင်မလေးတွေက အဲဒီဘဝကနေ မတက်တော့တဲ့သူတွေ၊ အဲဒီကနေ ပျက်စီးသွားတဲ့သူတွေကို တွေ့တော့ သူ စိတ်မကောင်း။ ဒါကြောင့် အဲဒီလို သွားရင်းနဲ့ အဲဒီမှာ လုပ်စားနေကြတဲ့ ကောင်မလေးတွေနဲ့ ခင်မင်လာတဲ့အခါ သူတို့ကို ဘဝအတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေ ကြိုးစားဖို့ တိုက်တွန်းမိပါတယ်။ ဒါပေမယ့် ကောင်မလေးအများစုက သူ့ကို မုန့်ဖိုးသာ ပိုတောင်းကြပါတယ်။ တခြားအလုပ်လုပ်စားဖို့ အရင်းအနှီးတို့၊ ပညာထပ်သင်ဖို့ စရိတ်တို့ကို မလိုချင်ကြပါဘူးတဲ့။ အလွန်နည်းတဲ့ အရေအတွက်ကလေးကတော့ ပညာထပ်သင်ဖို့ လိုလားကြပါတယ်။ အဲဒီလူတွေကို လိုအပ်တဲ့ ပညာတွေ ထပ်သင်ဖို့ သူ ထောက်ပံ့ ကူညီခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထဲက လက်ချိုးရေတွက်လို့ လက်တစ်ဖက်တောင် မပြည့်တဲ့သူတွေကဘဲ ကိုယ့်ကိုကိုယ် ပြုပြင်ပြောင်းလဲပြီး ပိုကောင်းရာ ဘဝကို ရောက် ရှိသွားကြပါတယ်။ ကျန်တဲ့သူတွေကတော့ သင်တန်းတွေ တက်အပြီးမှာ ဒီနေရာတွေမှာပဲ ပြန်တွေ့နေရပါတယ်။ သူ ဒီလို လူတွေကို တွေ့ရတော့ အလွန်စိတ်ပျက်လှပါတယ်။ ဘာလို့များ ကူညီ ဆယ်တင်လို့ မရနိုင် ရတာပါလိမ့်။ ဒီမိန်းကလေးတွေကို သူ နားမလည်နိုင်ပါဘူး။
ဒါပေမယ့် သူကတော့ အဲဒီနေရာတွေကို အမြဲ မပြတ်သွားမြဲ။ အနှိပ်ခံမြဲ။ မုန့်ဖိုးပေးမြဲ။ ပန်းကုံးစွပ်မြဲလေ။"

Read More...

Friday, September 11, 2009

National Sucide Prevention Week of the US

ယခုနှစ်ရဲ့ စက်တင်ဘာလ ၆ ရက်ကနေ ၁၂ အထိကို တစ်နိုင်ငံလုံး ဆိုင်ရာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကို ကာကွယ်ရေး သီတင်းပတ် အဖြစ် အမေရိကန် နိုင်ငံမှာ သတ်မှတ်ထားပါတယ်။
စီးပွားရေး ကျဆင်းမှု အနေအထားကြောင့် အခုအချိန်မှာ အကူအညီလိုတဲ့ သူတွေ ပုံမှန်ထက် ပိုများနေလို့ ဖုန်းကနေ တစ်ဆင့် အကူအညီပေးနေတဲ့ သူတို့ရဲ့ national sucide prevention lifeline 1-800-273-TALK (8255)က မနည်းကို ကြိုးစားပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းနေရပါတယ်တဲ့။

ကိုယ့်ကိုယ်ကို အဆုံး စီရင်ချင်တဲ့ လက္ခဏာတွေက ဘာတွေလဲလို့ သိချင်ရင် ဒီမှာ နဲ့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။
အမေရိကန် နိုင်ငံရဲ့ national sucide prevention lifeline အကြောင်းကို ပိုသိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ကာကွယ်ရေးနေ့ကလဲ စက်တင်ဘာလ ၁၀ရက်နေ့လို့ သိရပါတယ်။
အဲဒီ အကြောင်းကို သိချင်ရင် ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

Read More...

Wednesday, September 9, 2009

Blood facts in general


သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။

သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့ ခုနစ်ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

သွေးဟာ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သယ်ဆောင်ပေးပါတယ်။

သွေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အညစ်အကြေးဓါတ်များကို စွန့်ထုတ်ဖျက်ဆီးစေဖို့အတွက် အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို သယ်ဆောင်ပေးသွားပြန်တယ်။



သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့ ကူညီပေးသေးတယ်။

အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက သွေးအမျိုးအစားအုပ်စုကြီး လေးခုရှိပါတယ်။

သွေးအမျိုးအစားတိုင်းမှာ မျောက်သွေးလို့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း ရှိပြန်သေးတယ်။

သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုး ပေါင်းစပ်ပါဝင်နေတယ်။

သွေးဖြူဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့ တာဝန်ယူပေးထားပါတယ်။ သွေးဖြူဥတွေရဲ့ သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ်လောက်ပဲ သက်တမ်းရှိပါတယ်။ သွေးစက်လေးတစ်စက်မှာ သွေးဖြူဥဆဲလ်ပေါင်း ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိ ရှိတတ်ပါတယ်။ ကိုယ်ထဲကို ၀င်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင် သွေးဖြူဥဆဲလ် အရေအတွက် ဒီထက်မက များပြားလာတတ်ပါတယ်။

သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို အဓိက သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေကို အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။

သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။ သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်းအထိဟာ သွေးဥမွှားလေးတွေပါ။ သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးပါတယ်။

သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့ အ၀ါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။ သွေးရည်ကြည်ထဲမှာ ရေဓါတ်၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။ သွေးရည်ကြည်ရဲ့ ၉၅ ရာခိုင်နှုန်းက ရေတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓါတ်တွေ၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေပေါ့။

သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။

သွေးနီဥကို သာမာန်အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။

အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့ အထက် သိမ်းထားလို့ရပါတယ်။

သွေးဥမွှားကတော့ ၅ ရက်အတွင်း အသုံးပြုရပါတယ်။

သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ သွေးသွင်းကုသမှုမှာ အသုံးပြုပါတယ်။

သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊ ဟိုမုန်းဓါတ်တွေ၊ အင်ဇိုင်းတွေကိုလည်း သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။

အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ ထားလို့ရပါတယ်။

လူရဲ့သွေးထဲမှာ ပါဝင်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်တွေကို ရိုးတွင်းခြင်ဆီကနေ သဘာဝအလျှောက် ထုတ်လုပ်ပေးတာပါ။

Read More...

Monday, September 7, 2009

(စီ) ပိုး၊ Hepatitis C


စကားထာဖွက်မယ်။ အေမဟုတ် ဘီမဟုတ်ဆိုတာ ဘာလဲ။

အသဲရောင်အသားဝါရောဂါဟာ ရာဇ၀င်နဲ့ပါ။ လွန်ခဲ့တဲ့ ရာစုနှစ်တ၀က်လောက်က တမျိုးထဲဆိုရလောက်အောင် လူသိလဲ နည်း၊ ဆိုးဝါးတာလဲ မဟုတ်ပါ။ မကြာခင် နောက်တမျိုးပေါ်လာတယ်။ နောက်ပေါ်က အတော် ဆိုးတယ်။ နာမည်တပ်တော့ အလွယ်ဆုံး ရွေးလိုက်တယ်။ အကြီးကောင်က အေ၊ နောက်ပေါက်ကို ဘီ။ မကြာပါဘူး၊ လူဦးရေ တိုးလာတော့ တတိယ အကောင်ကို အေမဟုတ် ဘီမဟုတ်လုပ်လိုက်ကြရော။ ခုဆို မွေးချင်း ၆ ယောက်တောင် ရှိနေပြီ။ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ နဲ့ ဂျီ။ တကယ်လို့ ၂၆ ထက်ကျော်ရင် ကားနံပါတ်ပေးရသလို လုပ်မှာပေါ့။

လူတကိုယ်မှာ အသဲတခုသာရှိပြီး၊ သူ့ကို စက်ရုံတခုလို့ တင်စားကြတယ်။ စားသမျှ၊ သောက်သမျှ၊ ကိုယ်ကနေ ထုတ်သမျှထဲက အဆိပ်အတောက် မှန်သမျှကို ခြေဖျက် သန့်စင်ပေးတယ်။ (ပရိုတင်း) နဲ့ အချို(သကြား)တွေကိုလဲ အသဲကပဲ ခန္ဓာကိုယ်ကနေ အသုံးပြုနိုင်အောင် ပြုပြင်ပေးတယ်။ ဒါတင်မက ဗီတာမင်၊ ဟော်မုန်း၊ (ကိုလက်စတီရော)၊ နဲ့ ဓါတ်ဆားတွေကိုလဲ လိုတဲ့အခါ ထုတ်ပေးဘို့ ဂိုထောင်လုပ်ပေးသေးတယ်။ စက်ရုံရော (၀ဲယားဟောက်စ်)ပါ ဖြစ်ရော။

အသဲရောင်ရတဲ့ အကြောင်းတွေထဲမှာ ဗိုင်းရပ်စ် အပြင် ဆေးတချို့၊ ရောဂါတချို့၊ အဆိတ်အတောက် နဲ့ ဗက်တီးရီးယား တွေလဲပါတယ်။ ဗိုင်းရပ်စ် အသဲရောင်ရောဂါကို ပိုးနာမယ်တွေအတိုင်း A, B, C, D, E, G ဆိုပြီး၊ ၆ မျိုး ခွဲထားတယ်။ (အေ) နဲ့ (အီး)တို့က ပါးစပ်ကနေ၀င်၊ စအိုကနေထွက်တဲ့လမ်းကြောင်းကနေ ကူးစက်တာ။ သိပ်မခံရပါဘူး။ ကုရတာကလည်း အနားယူ၊ ရေနဲ့အရည် များများအသောက်ခိုင်းယုံပါ။ (အီး)က ကုလားဗျ။ နယူးဒေလီမှာ စတွေ့ခဲ့တာ။ (ဘီ) အကြောင်းကိုတော့ ဆိုးလို့ သီးခြားရေးထားပါတယ်။ နောက်မှပေါက်တဲ့ရွှေကြာပင် (ဂျီ)ကတော့ လူမသိ-သူမသိ ရှိပါသေးတယ်။ (အက်ဖ်)ဆိုတာကို လူရာမသွင်းဘူး။

(စီ)က အဆိုးဆုံး။ (ဘီ)လိုဘဲ ဆိုးတာချင်းအတူတူ ကာကွယ်ဆေး မပေါ်သေးဘူး။ (စီ)ပိုးက ဒုတိယကမ္ဘာစစ် လောက်ကတည်းက ရှိခဲ့ပေမဲ့ နာမယ်ပေး ကင်ပွန်းတပ်ခံရတာက အသက် ၅၀ ရှိလို့ ၁၉၈၉ ကြမှပါ။ အရင်ကတော့ သူ့ကို အေမဟုတ်-ဘီမဟုတ်လို့ ခေါ်ခဲ့တဲ့အကောင်ပေါ့။

Hepatitis C virus (HCV) ဗိုင်းရပ်စ် စီ ပိုးဝင်ရင် သာမန်ကာရှန်ကာ ၁ ပါတ် ၂ပါတ်လောက်သာ ခံစားရတာမျိုးနဲ့ အသက်ကိုပါ ရန်ရှာတဲ့အဆင့်မျိုး ဖြစ်နိုင်တယ်။ အဆိုးနှစ်ကောင်ဖြစ်တဲ့ ဘီ နဲ့ စီ မတူတာက ဘီပိုးဟာ အထဲဝင်ပြီး၊ ကင်းစင်သွားနိုင်ပေမဲ့ စီပိုးကတော့ အမြဲ ရှိနေတတ်တယ်။ ဘီပိုးက လိင်ကနေတဆင့် ကူးစက်တာ များပြီး၊ စီပိုးကတော့ သွေးကတဆင့် ကူးတာက အဓိက ဖြစ်တယ်။

(စီ) ဖြစ်ရင် ရောဂါလက္ခဏာမရှိဘဲ နေတတ်လို့၊ အတော်များများက ဆေးစစ်တဲ့အခါ အမှတ်မထင် ပိုးရှိနေတာကို တွေ့ကြရတယ်။ တယောက်ယောက်မှာ (စီ)ပိုး တွေ့တယ်လို့ဆိုရင် သူဟာ ကမ္ဘာပေါ်က လူပေါင်း သန်း ၁၇၀ ထဲက တယောက်ပါ။ အကြောက်မကြီးအောင် ပြောရရင် ၁၀၀ မှာ ၈၀-ဂ၅ ယောက်လောက်က နာတာရှည် မဖြစ်ကြပါ။ နာတာရှည်ကနေ နောက်ဆက်တွဲ ဆိုးဝါးတာတွေဖြစ်တဲ့ ရာနှုန်းကလည်း ၅ ဂဏန်းအောက်မှာပါ။

နာမည်ကြီးလူဆိုး AIDS ဖြစ်စေတဲ့ HIV နဲ့ မတူတာက ပိုးရှိတဲ့မအေကနေ ကလေးကို စီမှာက ၅% လောက်သာ ကူးစေနိုင်ပါတယ်။ ဖအေမှာ စီပိုးရှိနေပေမဲ့ သူ့ကလေးကို (သွေးမထိမချင်း) မကူးဘူး။ လိင်လမ်းကနေ ကူးတာကလဲ HIV နဲ့ B တို့လောက် မဟုတ်ပြန်ဘူး။ (စီ)ကို တလင်တမယား လိင်ကနေကူးတယ်ဆိုတာ ရှားပါတယ်။

သွေး(မစစ်ဘဲ)သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ် လဲဝတ်တာ၊ မုတ်ဆိပ်ရိတ်ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ (တက်တူး)ထိုးတာ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်တာတွေကနေ ကူးရတာပါ။ ဒါပေမဲ့ ပိုးရှိနေသူ ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲလျောက်တာ၊ နှာခြေ၊ ချောင်းဆိုး၊ တစ်အိမ်တည်း အတူနေတာနဲ့လဲ မကူးဘူး။ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေ မကူးပါ။ ပိုးရှိတဲ့မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။

(စီ)ပိုး အ၀င်ခံရရင် အစတော့ တုပ်ကွေးလိုပါဘဲ။ မစားချင်မသောက်ချင်၊ အားယုတ်၊ ပျို့ချင်သလိုနေ၊ အဆစ်တွေ အသားတွေနာ၊ သတိထားရင် အသဲရှိရာ ဗိုက်ညာဘက်အထက်နားမှာ နာမယ်။ ကိုယ်ပူတာလဲရှိနိုင်တယ်။ ကြာလာရင် ၀ါလာမယ်။ အများသိကြတဲ့ (ဂျွန်းဒစ်)။ ကြာတယ်ဆိုတာ ဆယ်စုနှစ်နဲ့ချီနိုင်တယ်။ ရောဂါလက္ခဏာမပေါ်ပေမဲ့ ပိုးက အသဲကို ဖျက်နေပြီ၊ သူများကိုလဲ ကိုယ့်သွေးနဲ့ထိရင် ကူးနိုင်နေပြီ။

အသဲက စဖြစ်တော့ မာလာမယ်၊ နောက် အမာရွတ်လိုဖြစ်လာမယ်။ ၁၇% ကနေ ၂၀% လောက်က Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။ ဆိုးဝါးလွန်းတဲ့ အဆင့်ရောက်ရင် အသားတွေ ၀ါမယ်၊ စိတ်က တွေးရ-ကြံရတာတွေေ၀၀ါးလာမယ်၊ အရည်တွေများလာလို့ ဗိုက်ဖေါင်းလာမယ်၊ အစာလမ်းကနေ သွေးယိုတာဖြစ်မယ်။ ကံဆိုးသူ ၂% ကတော့ Hepatocellular Carcinoma ခေါ်တဲ့ အသဲကင်ဆာမှာ အဖြစ်အများဆုံးရောဂါ ဖြစ်နိုင်တယ်။

သေခြာအောင်လုပ်ရမှာက သွေးစစ်ပါ။ ပိုးရှိ-မရှိ၊ ပိုးဘယ်လောက်များလဲ၊ Liver biopsy အသဲရဲ့ အသားစ ထုတ်ယူ စစ်ဆေးတာက အသေခြာဆုံးပါ။ နောက် Hepatitis C antibody test နဲ့ PCR test အပြင် အသဲအခြေအနေကို ဆန်းစစ်ဘို့ Liver function tests လုပ်ရတယ်။ တိကျအောင် Hepatitis C Genotype test ဆိုတဲ့ ပိုး အမျိုးအစား ခွဲတာလဲ လုပ်ရပြန်ပါသေးတယ်။ (စီ) ရှိနေရင် HIV ကိုပါ စစ်ပါ။ နှစ်ခုလုံး တွဲရှိသူတွေ ရှိတယ်။ HIV က ပိုဆိုးတာက ကိုယ်ရဲ့ ခုခံအားစနစ်ကြီးကို ဖျက်ပြစ်လို့ပါ။ နဲနဲကောင်းတာက HIV ကို ကုဘို့ ဆေးတွေရှိနေပြီ။ နဲနဲလို့ ပြောရတာက ဆေးက သက်သာစေဘို့သာ ဖြစ်ပြီး၊ အပျောက်မရသေးလို့ပါ။

မကူးအောင် ကာကွယ်နည်းအတိုင်း (စီ)ပိုးရှိသူတွေ ဆင်ခြင်ရပါမယ်။ မူးယစ်ဆေးသုံးတာ၊ (တက်တူး)ထိုးတာ၊ ဟိုကွင်း-ဒီကွင်းတပ်တာ၊ ကွန်ဒွန်းမပါ လိင်ဆက်ဆံတာတွေ ရှောင်ပါ။ အရက်ဖြတ်ပါ။ ကောင်းကောင်းနား၊ ကောင်းကောင်းစားပါ။ အသီးအရွက်၊ အသီးအနှံ၊ အစေ့အဆံ ဆိုရင် တခုလုံးပါတာမျိုး စားပါ။

ပိုးတွေ့ရင် ဆေးကုဘို့လို-မလို ဆရာဝန်ကဆုံးဖြတ်ပါမယ်။ ရောဂါက အန္တရာယ်နည်းနေရင် ဆေးပေးချင်မှ ပေးပါလိမ့်မယ်။ ဆေးက ထိုးဆေးရော စားဆေးပါပေးမှာပါ။ တနည်းက ၄၈ ပါတ်ကြာမှာဖြစ်ပြီး၊ တနည်းက ၂၄ ပါတ်။ လိုရင် နောက် တကြော့။ ဆေးက ၂ မျိုးသုံးနေပါတယ်။ Interferon ထိုးဆေး နဲ့ Ribavirin စားဆေး တွေပါ။ Injection Interferon ကို ၇ ရက် တပါတ်မှာ ၃ ကြိမ်ထိုးတယ်။ နောက်ပေါ်ဆေး Pegylated ကတော့ ၁ ပါတ်မှာ ၁ ကြိမ်နဲ့ရတယ်။ Ribavirin စားဆေးကို ၁ ပြား တနေ့ ၂ ကြိမ်။ ဆေး ၂ မျိုးတွဲကုတာမို့ Combination therapy ခေါ်ကြတယ်။ ပူးတွဲစစ်ဆင်ရေး ပေါ့ဗျာ။ ၆ လ ကနေ ၁၂ လကြာပါမယ်။

ဆေးတွေကတော့ ပြင်းတော့ တုပ်ကွေးခပ်ဆိုးဆိုး ဖြစ်နေသလို ခံစားရမယ်။ မောပန်း၊ ခေါင်းကိုက်၊ အဆစ်အမြစ်နာ၊ ချမ်း၊ အအိပ်ပျက်၊ ကိုယ်ပူ၊ စာကြည့်မရ၊ အာရုံစိုက်မရ၊ စိတ်ဓါတ်ကျတာလဲ ဖြစ်နိုင်တယ်။ နောက်ဆုံးကတော့ အသဲ အစားထိုးပေးရတာပါ။ နားလည်ဘို့က အသဲအစားထိုးပေမဲ့ ပိုးသေအောင် ဆေးလိုနေမှာပါ။ စီပိုးရှိသူတွေကို အေ နဲ့ ဘီ ကာကွယ်ဆေးတွေ ထိုးခိုင်းပါမယ်။

စီပိုးရှိသူများ အကိုက်အခဲ ပျောက်ဆေး Acetaminophen (Tylenol, Panadol) ကို ရှောင်ရမယ်။ Ibuprofen က အသဲမခြောက်သေးရင် သောက်လို့ရတယ်။ Aspirin ကတော့ အစာအိမ်ပြဿနာမရှိသ၍ သောက်နိုင်တယ်။ သံဓါတ်စားဆေး Iron supplements မပေးသင့်ဘူး ပြောကြတယ်။ အစားထဲပါသလောက် သံဓါတ်က ဘာမှမဖြစ်ပါ။

တခြားဆေးကုနည်းတွေလဲ ရှိပါသေးတယ်။ Aromatherapy အနံ့နဲ့ဆေးကုနည်း၊ Massage therapy အနှိပ်ခံနည်း၊ Yoga ရောဂနည်းတွေပါ။ အပန်းလဲမကြီး၊ စခန်းလဲနီးရင် သုံးပါ။ Meditation စိတ်တည်ငြိမ်အောင် ရှုမှတ်နည်းလဲ ပါတယ်။ စိတ်ရဲ့စွမ်းအားကို ကျွန်တော်တို့လူမျိုးတွေက အသိဆုံးမဟုတ်ပါလား။

Dr. တင့်ဆွေ
၇-၉-၀၉

Read More...

Saturday, September 5, 2009

သနားစိတ်၊ စာနာစိတ် နှင့် ဆရာဝန်


ဆေးလောကမှာ တူသလိုလိုနဲ့ ကွဲပြားတဲ့ ဝေါဟာရ နှစ်ခုရှိတယ်။ ကွဲပြားပေမဲ့ တွဲသွားတာနှစ်ခုလဲဖြစ်တယ်။

လူနာတဦးရဲ့ ရောဂါအခြေအနေကို ညှာတာစိတ်နဲ့ သက်သာအောင် လုပ်ပေးချင်တာကို သနားစိတ် Sympathy လို့ ခေါ်မယ်။ လူနာတဦး ဖြစ်ပျက်ခံစားနေရတာကို ကိုယ်ချင်းစာပြီး၊ လူနာနဲ့ မျှဝေခံစားတာကို စာနာစိတ် Empathy လို့ ခေါ်ပါရစေ။

အဆက်အစပ် သဘောအရဆိုရင် Sympathy က နိမ့်ကျနေသူ၊ ကံအကြောင်း မလှသူတွေအပေါ်ထားတဲ့ စိတ်သဘော ဖြစ်ပြီး၊ Empathy ကတော့ ဆွေးမျိုး၊ မိတ်သင်္ဂဟတွေအပေါ် ထားတာမျိုး၊ အသိဥာဏ်ကလာတဲ့ ပရဟိတသဘော ဖြစ်တယ်။

ဥပမာ ခင်ဗျားမှာ ဒီရောဂါဖြစ်ရတာ ကျွန်တော် စိတ်မကောင်းပါဘူးဗျာလို့ ပြောတာ-ကိုယ်အမူအယာပြတာဟာ Empathy စိတ်။ ခင်ဗျားမှာ ဒီရောဂါဖြစ်နေရတာကို ကျွန်တော် ဒီလိုအကောင်းဆုံးလုပ်ပေးပါမယ်လို့ မပြောရင်တောင်မှ တကယ် လုပ်ပေးတာမျိုးက Sympathy စိတ်။

နှစ်မျိုးက တူပေမဲ့ ခြားနာပါတယ်။ Sympathy စိတ်က သူများဝေဒနာကို အသိအမှတ်ပြုရာရောက်ပြီး၊ Empathy စိတ်က ထပ်တူထပ်မျှ ခံစားတဲ့သဘောဆောင်ပါတယ်။ Empathy စိတ်ဟာ နှစ်ဦးသားအကြား ပြောမပြကြပေမဲ့ တိုင်ပင်ဆုံးဖြတ် လုပ်ဆောင်ကြတာမှာ သွားတူနေတာမျိုးပါ။ လူနည်းစုလေးတခုမှာ ရှိတတ်တဲ့ ယဉ်ကျေးမှုမျိုးပေါ့။ Sympathy စိတ်က Empathy လို တဖက်သား အနားမှာရှိမှ ဖြစ်တတ်တာ မဟုတ်ပါ။

စိတ်နှစ်မျိုးဟာ ဆက်စပ်နေပြန်တယ်။ လူနာကို ကုသပေးတဲ့နယ်ပယ်မှာ မတူတဲ့ အကျိုးတွေ ရစေတယ်။ ဆရာဝန်က Empathy စိတ်ထားရင် သူဟာ လူနာရဲ့ ဝေဒနာခံစားနေရတာကို နားလည်ပြီး ဝေဒနာရဲ့ အမျိုးအစားနဲ့ အရည်အသွေး (ဘာရောဂါလဲ၊ ဘယ်လိုဆိုးသလဲ) ဆိုတာအပေါ် အာရုံထားပါမယ်။ Sympathy စိတ်နဲ့ကြည့်တဲ့ ဆရာဝန်ကတော့ လူနာရဲ့ ခံစားမှုနဲ့ အရည်အသွေး (ဘယ်လောက်အထိ ခံစားနေရသလဲ) ဆိုတာကို မျှဝေခံစားတာမျိုး။

(သိမြင်မှုဆိုင်ရာ သဘောဝ) cognitive nature အရ Empathy စိတ်လွန်ကဲခြင်းသည် လူနာ-ဆရာဆက်ဆံရေးမှာ အကျိုးများစေတယ်။ Empathy စိတ် ပိုလေလေ၊ ရောဂါကိုကုသရာမှာ အကျိုးများလေ ဖြစ်နိုင်ပြီး၊ Sympathy ဟာ သက်ရောက်မှုသဘော ရှိတဲ့အတွက် သနားစိတ်လွန်ကဲခြင်းကြောင့် ဆရာဝန်ဟာ အလုပ်ကို ဆုံးဖြတ်-ဆောင်ရွက်ရာမယ် လိုအပ်ချက်တရပ်ဖြစ်တဲ့ ကြားနေမှုသဘော ပျက်ယွင်းသွားစေနိုင်တယ်။

တိတိကျကျ ပြောရရင် Empathy စိတ်ဆိုတာက မျဉ်းဖြောင့်သွားသလို များလေ၊ တိုးလေဖြစ်တယ်။ Sympathy စိတ်များတာက (ဂ)ငယ်မျဉ်းလို အစပိုင်းများတာက (အကောင်းသဘော) အတက်ဆီ ဦးတည်ပြီး၊ နောက် ဆက်များလာတာနဲ့ အောက်ပြန် ဆင်းသွားတာမျိုး။

သက်ရောက်မှုနှင့် စိတ်လှုတ်ရှားမှုကို အခြေခံသော Empathy စိတ်၊ အသိတရားနှင့် နားလည်မှုကို အခြေခံသော Sympathy စိတ်လို့ဆိုနိုင်တယ်။ Empathy စိတ်သည် (သိမြင်မှုဆိုင်ရာသဘောဝ)ကို အခြေပြုတဲ့အတွက် မိမိအရည်အသွေး တိုးတက်လာမှု၊ အလုပ်အပေါ် အားရကျေနပ်မှု၊ ဆေးပညာဆိုင်ရာ အကျိုးရလဒ်ကောင်းမွန်မှု ဆိုသည်များ ရလာစေမယ်။ Sympathy စိတ်ကတော့ ပြောင်းပြန်အကျိုး ရစေနိုင်တယ်။

ဟောပြောပွဲတခုမှာ တယောက်က “ပြောသွားတဲ့ဘာသာရပ်ကို သူဘယ်လောက် ဂရုတစိုက်လေ့လာသလဲ empathetic study of the subject ဆိုတာ နားလည်နိုင်တယ်။” လို့ မှတ်ချက်ချမယ်။ နောက်တယောက်က “ငါတော့ သူဘာသာရင်ကို ပိုင်ပိုင်နိုင်နိုင် မရှိတဲ့အပေါ် only sympathize သနားတောင်သနားသေး။”လို့ ပြောတာမျိုး။

အခြေအနေတခုမှာ Empathetic ဖြစ်ပေမဲ့ Sympathetic မဖြစ်ဘဲရှိနိုင်တယ်။ ဥပမာ လူနာဟာ မဆင်မခြင်နေလို့ ရောဂါ ဆိုးဝါးသွားတာကို ဆရာဝန်က သူ ဘာ့လို့ ဒီလိုဖြစ်သွားရတာပါလိမ့်လို့ စောကြော ဆန်းစစ်တာဟာ Empathetic ဖြစ်တာပါ။

မိမိလူနာတယောက် ဆုံးပါးသွားတဲ့အခါ ဆရာဝန်ဖြစ်တဲ့စိတ်မျိုးက Empathetic ဖြစ်တာ။ ဆရာဝန်ရဲ့ဆွေမျိုးသားချင်း ဆုံးတဲ့အခါမျိုးမှာတော့ Empathetic ရော၊ Sympathetic ရောဖြစ်တာ။

Empathetic ဖြစ်ဘို့ ဆရာဝန်-လူနာဆက်ဆံရေးက အရေးပါတယ်။ Communications ကြွမ်းကျင်ပါမှ Empathy ကောင်းမယ်။ မတူတာ နောက်တခုကတော့ Sympathy စိတ်ဆိုတာကို မွေးယူ၊ သင်ပေးလို့မရပါ။ Empathy စိတ်ကိုတော့ သင်ယူ လေ့ကျင့်ပေးလို့ တိုးပွါးလာနိုင်ပါတယ်။

Empathy စိတ်နဲ့ Sympathy စိတ် နှစ်မျိုးလုံးဟာ ကရုဏာစိတ် Compassion ရဲ့အခြေခံတွေဖြစ်ကြပြီး၊ မေတ္တာ Love ဆိုတာမှာလဲ နှစ်မျိုးလုံး အကြုံးဝင်ကြပါတယ်။

၅-၉-၀၉

PS
စိတ်ပညာရှင်တွေအဆိုအရ စာနာစိတ်တခုတည်းဟာ (မိုတီဗေးရှင်း) ဖြစ်ဘို့ မလုံလောက်ဘူး၊ စိတ်ရဲ့အတွင်းက လာတဲ့ ဆန္ဒပါမှ ပြီးမြောက်တယ်လို့ ဆိုပါတယ်။ စိတ်ပညာရှင်တွေ ငြင်းကြတာလဲရှိပြန်တယ်။ အစဉ်အလာအယူအဆ Folk concepts အရ တစုံတရာကို လုပ်ဆောင်တာဟာ ဆန္ဒရှိရာကနေ ပြီးမြောက်အောင်လုပ်တာက စိတ်ရဲ့အလုပ်တဲ့။ Maze’s theory အရကတော့ ဒီလို ဖြစ်တာ-လုပ်တာက သဘာဝဘဲတဲ့။ ဦးနှောက်တနေရာမှာ လူတွေဟာ ငတ်တဲ့အခါ၊ ကိုယ့်ကိုယ်ကို ကာကွယ်တာ၊ လိင်စိတ်ဖြစ်တာ စတာတွေနဲ့ပတ်သက်တာတွေအတွက် အထိန်းနေရာ ရှိတယ်တဲ့။ (ကြိုက်မရှက်၊ ငတ်မရှက်၊ ကြောက်မရှက် ဆိုတာနဲ့ သွားတူမလားဘဲ။) ဘယ်ဆရာက ဘယ်လိုပြောပြော၊ ဘယ်စာက ဘယ်လိုရေးရေး Cognitive science ထဲက Emotion research ဟာ အနှစ် ၂၀ တောင်မရှိသေးဘူး။

၇-၉-၀၉

Read More...

Tuesday, September 1, 2009

သေခြင်းတရားနှင့် ရင်ဆိုင်ခြင်း



Norman သည် အသက် ၇၄ နှစ် ရှိပြီး ကြမ်းတမ်းသော ဘ၀ကို ဖြစ်သန်းခဲ့သူဖြစ်သည်။ သူ ဆိပ်ကမ်းတွင် အလုပ်လုပ်ခဲ့တုန်းက သူ့ဘ၀ဟာ အမြဲတမ်း အထီးကျန်ဆန်ခဲ့ပြီး အရက်ဘားထောင့် တိတ်ဆိတ်သောနေရာ တစ်နေရာတွင် တစ်ကိုယ်တည်း ဆေးလိပ်ခဲလျက် ထိုင်နေလေ့ရှိတတ်သည်။ သူသည် အိမ်ထောင်တစ်ခါကျဖူးပြီး ထိုအိမ်ထောင်နဲ့ ကွဲသွားသည်မှာလည်း ကြာပြီဖြစ်သည်။ သူ့ထံတွင် သားသမီးလည်း မရှိဘဲ အမျိုးဆိုလို့ Adelaide (Australia) တွင် နေထိုင်သော Frank ဆိုသည့် အစ်ကို တစ်ယောက်သာ ရှိသည်။ တကယ်တမ်း ကျတော့ Norman ၏ အကြောင်းကို Frank ပြောပြ၍ သာကျွန်တော်သိရခြင်းဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Norman ကို ကျွန်တော် တွေ့ရသောအချိန်၌ Norman သည် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားပြီ ဖြစ်ပါသည်။



အချိန်က ညနေ ၇ နာရီခန့်၊ ရက်စွဲကတော့ သိပ်ပြီးမကြာသေးခင် ကာလကပေါ့။ ကျွန်တော် အရေးပေါ်လူနာဋ္ဌာနတွင် တာဝန်ကျနေတုန်း အရေးပေါ် ဖုန်းလိုင်းမှ အသည်းအသန် လူနာတစ်ယောက်ကို တင်ဆောင်ထားသော လူနာတင်ကားတစ်စီးသည် ဆေးရုံဆီသို့ ဦးတည်လာနေကြောင်း ဖုန်းဝင် လာလေသည်။ လူနာ အကြောင်းအကျဉ်းချုပ်ကတော့ “အသက် ၇၄ နှစ်ရှိသော အဆုတ်ကင်ဆာ ဝေဒနာသည် အမျိုးသားလူနာတစ်ဦး သတိလစ်လျက်ရှိပြီး အသက်ထွက်လုဆဲဆဲ၊ နောက်ထပ် လေးမိနစ် ခန့် တွင်ရောက်မည်” ဟူ ဖြစ်သည်။ ကျွန်တော်တို့ ဆေးအဖွဲ့မှ လိုအပ်သော ပစ္စည်းများကို ပြင်ဆင်ပြီး လူနာအလာကို စောင့်နေခိုက် ကျွန်တော်က အနားတွင်ရှိသော ဆေးကျောင်းသားတစ်ယောက်အား အဆိုပါ လူနာကဲ့သို့ အသက်ကြီးပြီး အဆုတ်ကင်ဆာရှိသော လူတစ်ယောက်တွင် သတိလစ်သွားနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး စာမေးလျက်ရှိပါသည်။ ဖြစ်နိုင်ခြေများသော အကြောင်းအရာများကို သူ့အား ကျွန်တော်က ပြောပြပါသည်။ အဆုတ်ထဲတွင် သွေးများ ခဲသွားလို့လား (pulmonary embolus)၊ ဒါမှမဟုတ် ခုခံအားစနစ်မကောင်းသောကြောင့် ရောဂါပိုးတွေဝင်ကာ သွေးဆိပ်သင့်ခြင်းလား(septicemia)၊ ဦးနှောက်ထဲကို ကင်ဆာဆဲလ်တွေ ပြံ့နှံ့ သွားရာမှ ဦးနှောက်အတွင်း သွေးယိုစီးခြင်းလား၊ အဆုတ်က ကောင်းစွာ အလုပ်မလုပ်တော့သဖြင့် ကာဗွန်ဆိုင်အောက်ဆိုက် အဆိပ်သင့်ခြင်းလား(type 2 Respiratory Failure)၊ အစရှိသည့် လားပေါင်းများစွာကို ကျွန်တော် စဉ်းစားနေမိသည်။ ကျွန်တော်တို့သည် ကုသပေး၍ ရသော အကြောင်းအရာများကို ကုသပေးမည် ဖြစ်သော်လည်း အဆိုပါဆေးကျောင်းသားအတွက်မူ ယခု case သည် သူ့အား လူ့အသက်တစ်ချောင်းကို မည်ကဲ့သို့ ကယ်တင်ရမည်ကို သင်ပေးလိမ့်မည် မဟုတ်ပေ။ လူနာသေဆုံးခြင်းကို ဆရာဝန်တစ်ယောက်အနေဖြင့် မည်ကဲ့သို့ စီမံခန့်ခွဲရမည်ကိုသာ ဖြစ်ပါသည်။ Norman ရောက်လာချိန်တွင် သူ၏ မျက်နှာကို ကျွန်တော် ကြည့်လိုက်မိသည်။ ပိန်ချုံးချိနဲ့နေသော သူ၏ မျက်နှာနှင့် ဆန့်ငင်ဆန့်ငင် ဖြစ်နေသော သူ၏ အသက်ရှုပုံကို ကြည့်ရှုခြင်းအားဖြင့် ကျွန်တော်တို့ လုပ်ပေးနိုင်တာ သိပ်မကျန်တော့ကြောင်း ကျွန်တော်သိလိုက်ပါသည်။ ဒါပေမယ့် Norman သည် ကျွန်တော်တို့ဆေးရုံတွင် တက်ရောက်ကုသဖူးသူ မဟုတ်သောကြောင့် ကျွန်တော်တို့ အကောင်းဆုံး တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ကြိုးစားပြီး ကုသပေးလျက်ရှိပြီး အနီးအနားတွင် ရှိသော ဆေးရုံများကို ဖုံးဆက်ကာ Norman နှင့် ပတ်သက်သည့် ဆေးမှတ်တမ်းများကို မေးမြန်းခဲ့ပါသည်။

နောက်ဆုံးတွင်တော့ Adelaide တွင် နေထိုင်သော Norman ၏အစ်ကိုဖြစ်သူ Frank အား အဆက်အသွယ် ရပါသည်။ Frank ပြောပြသည်မှာကား Norman သည် အချိန်ကြာမြင့်စွာ ဆေးလိပ်သောက်ခဲ့ခြင်းကြောင့် အဆုတ်ရောဂါရခဲ့ကာ လွန်ခဲ့သော နှစ် နှစ်ခန့် က အဆုတ်ကင်ဆာအတွက် ခွဲစိတ်ကုသမှုခံယူခဲ့ပြီး Chemo ဆေးသွင်းကုသမှုကို ဆက်လက် ခံယူခဲ့ပါသည်။ Norman သည် ကျန်အချိန်များတွင် အမှီအခို ကင်းမဲ့စွာနေထိုင်နိုင်ခဲ့ပြီး လွန်ခဲ့သော ၆ လခန့်က အဆုတ်ရောင် နမိုးနီးယားရောဂါဖြစ်ပွားရာမှ ကင်ဆာရောဂါပြန်လည်ဖြစ်ပွားနေကြောင်း သိခဲ့ရသည်။ ထို့ကြောင့်သူသည် သူ့ဘ၀၏ နေ၀င်ချိန်သို့ ရောက်နေပြီဖြစ်ကြောင်း သေချာသွားပြီဖြစ်ပါသည်။

Frank မှ ဆက်လက် ပြောပြသည်မှာကား Norman သည် နောက်ဆုံး အချိန်သို့ရောက်နေပြီဖြစ်ကြောင်းကို သိသော်လည်း သူရဲကောင်းဆန်သော ကယ်တင်မှုမျိုးကို အလိုမရှိတော့ပေ။ Norman နောက်ဆုံး ဆေးရုံတက်ခဲ့စဉ်က ဆေးမှတ်တမ်းများကို Fax ၀င်လာလေသည်။ Fax ထဲတွင် Norman ၏ ရောဂါ အခြေအနေနှင့် မည်မျှဆိုးဝါးနေပြီ ဖြစ်ကြောင်းကို ဖော်ပြထားပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ ကုသမှုသည် အသက်ကယ်တင်ရေးမှ သည် ဝေဒနာသက်သာရေးဆီသို့ ဦးတည်ချက်ပြောင်းလိုက်ရပါသည်။ သို့မှသာ သူသည် ဂုဏ်သိက္ခာရှိရှိ နှင့် သက်တောင့်သက်သာ ဘ၀ကူးနိုင်မည် ဖြစ်သည်။

Norman သည် ဘာသာတရား ကိုင်းရှိင်းသော ကက်သလစ် ဘာသာဝင်တစ်ဦး ဖြစ်သောကြောင့် ဘုန်းတော်ကြီး (priest) တစ်ပါးကို ပင့်ဆောင်ပြီး တရားရွတ် ဆိုစေပါသည်။ များသောအားဖြင့် အဆိုပါ အခြေအနေမျိုးတွင် အနားတွင်ပါသော မိသားစုသည် ဘုန်းတော်ကြီး၏ တရားရွတ်ဆိုမှုများမှတဆင့် စိတ်ဖြေကြရပါသည်။ ဒါပေမယ့် အခုတော့ Norman သည် သတိလစ်နေပြီး အနီးကပ်ဆုံးမိသားစုဝင် Frank မှာလည်း တခြားပြည်နယ်တစ်ခုတွင် ရောက်နေလေသည်။ အရေးပေါ်လူနာခန်းထဲတွင် အခြားလူနာများကို ကျွန်တော်တို့ ကုသပေးနေတုန်း အဆိုပါ ဘုန်းတော်ကြီး၏ တည်ငြိမ်အေးဆေးသော တရားရွတ်ဆိုသံကို ကြားနေရပါသည်။ ဤ အခြင်းအရာသည်ကား Norman ရယ်၊ ဘုန်းတော်ကြီးရယ် နှင့် ဘုရားသခင်တို့ ကြားထဲတွင် ဖြစ်ပွားနေခြင်းသာဖြစ်တော့သည်။

ခေတ္တမျှကြာပြီးနောက် Norman ကို အရေးပေါ်အခန်း၏ဘေးတွင်ရှိသော တိတ်ဆိတ်သည့် အခန်းတစ်ခန်းထဲသို့ ရွှေ့ထားလိုက်ပါသည်။ သူ့ထံတွင် စိတ်အနှောက်အယှက်ရှိသည့်ပုံမရဘဲ သူသည် လုံးဝသတိလစ်လျက်ရှိပြီး နာကျင်သည့်ဝေဒနာလည်း ခံစားရသည့်ပုံ မရှိပေ။ အဆိုပါအဖြစ်အပျက်တို့သည် သူမသေဆုံးမီ တစ်နာရီခန့်အလိုတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး အချိန်ကား ကုန်ဆုံးရန်ကြာလွန်းလှသည်ဟု ထင်ရပါသည်။ ထိုညသည် အရေးပေါ်ဋ္ဌာန၌ အလုပ်ရှုပ်သော်လည်း Norman ၏ ကုတင်သို့ မိနစ် အနည်းငယ်ကြာတိုင်း ကျွန်တော်သွားရောက်ကြည့်ရှုခဲ့မိသည်။ ကျွန်တော်သည် ထိုကဲ့သို့ အထီးကျန်ဆန်လှသော သေဆုံးရခြင်းမျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ဘူးပါ။

လူတို့သည် အိပ်ပျော်နေခိုက် သေဆုံးရသောအခါမျိုးတွင် တစ်ဦးတည်း သေဆုံးလေ့ရှိပါသည်။ ဆေးရုံအရေးပေါ်ဋ္ဌာနတွင် သေဆုံးကြရသော လူနာများမှာ အသက်ကယ် လုပ်ထုံး လုပ်နည်းများ (Resuscitation) လုပ်ဆောင်နေစဉ် သော်လည်းကောင်း၊ မိသားစုများ မိတ်ဆွေများ ရှေ့မှောက်တွင် သော်လည်းကောင်း သေဆုံးရလေ့ရှိသော်လည်း Norman အတွက်မူ နောက်ဆုံး အဖော်မှာ ကျွန်တော်တစ်ယောက်တည်းသာ ရှိပါသည်။ Norman ၏ နောက်ဆုံးမိနစ်များအကြောင်းကို ပြန်လည်ပြောပြသောအခါ Frank က ကျွန်တော့်အား အလွန် ကျေးဇူးတင်ကြောင်း ပြောပြပါသည်။ ကျွန်တော်တို့ နှစ်ယောက် အသုဘ ကိစ္စများကို တိုင်ပင်ဆေးနွေးခဲ့ကြပြီး နောက်တစ်နေ့တွင် အသုဘကိစ္စများကို ဆက်လက်ဆောင်ရွက်ရန်အတွက် လူမှုရေးလုပ်သားတစ်ဦး နှင့် မိတ်ဆက် ပေးလိုက်ပါသည်။

သေခြင်းတရားဆိုသည်မှာ အရေးပေါ်ဋ္ဌာနတွင် အဆန်းတကြယ်ကိစ္စမဟုတ်သော်လည်း ကျွန်တော်တို့ အလုပ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ဟာ လူနာများကို ရောဂါရှာဖွေကုသ အသက်ကယ်တင်ရန် အတွက် လေ့ကျင့်သင်ကြားခဲ့ရသလိုပဲ ကျွန်တော်တို့ မကယ်တင်နိုင်သော လူနာတို့၏ မိသားစု၊ ဆွေမျိုးမိတ်ဆွေများကို ကူညီပေးရန်အတွက်လည်း သက်ဆိုင်သော အရည်အချင်းများရှိရန်အတွက် လိုအပ်ပါသည်။ စဉ်းစားကြည့်လိုက်ရင်တော့ Norman သေဆုံးသွားခြင်းဟာ အသေကောင်းတစ်ခုပါ။ သူ၏ ဝေဒနာများမှ လွတ်မြောက်သွားခြင်းဖြစ်ပြီး ကျွန်တော့်အတွက် သူ၏ တည်ငြိမ်အေးဆေးမှုသည် အမှတ်ရစရာအဖြစ် ကျန်ခဲ့ပါသည်။

သေခြင်းဆိုသည်ကား တစ်ခါတစ်ရံတွင် မမျှော်လင့်ဘဲရောက်လာတတ်သလို တရားမျှတမှုလည်း မရှိတတ်ပါ။ တစ်ခါတုန်းက ဇနီးသည် သေဆုံးသွားသောကြောင့် ၀မ်းနည်း ပက်လက် ဖြစ်နေသော ခင်ပွန်းတစ်ယောက်သည် သူ၏ကလေးငယ်များအား သူတို့အမေဆုံးပါးသွားကြောင်းကို ပြောပြရန်အတွက် ညတွင်းခြင်းနှိုး၍ ပြောရမည်လား၊ သို့မဟုတ် နောက်တစ်နေ့ နံနက်ကို ရောက်မှ ပြောရမည်လား ဟ၍ူ ကျွန်တော့်ကို မေးဖူးပါသည်။ တစ်ခါတုန်းကလည်း စက်ရုံမတော်တစ်ဆဖြစ်ရာမှ သေဆုံးသွားသော အမျိုးသားတစ်ယောက်၏ မိသားစုအား အဆိုပါ အမျိုးသားသေဆုံးကြောင်းကို ပြောပြရာမှ ထိုသတင်းကို ကြားကြားခြင်း အော့အန်ကြသည်ကို လည်း ကြုံတွေ့ဖူးပါသည်။ တစ်ခါတစ်လေကြတော့လည်း မိသားစုဝင်များ သေဆုံးသွားသောအခါ ၀မ်းနည်းပူဆွေးမှုကြောင့် အချို့လူများသည် အရေးပေါ်ဋ္ဌာနရှိ မဆူညံရဟူ ရေးထားသော နံရံကို ထုကြကန်ကြ ပြုလုပ်ကြသည်ကို လည်း တွေ့ကြုံဖူးပါသည်။

အရေးပေါ်ဋ္ဌာနရှိ ၀န်ထမ်းများအားလုံးသည် သေခြင်းတရားနှင့် ကြုံတွေ့ရခြင်းကို ကျွန်တော်တို့အလုပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခံယူထားကြပါသည်။ ဒါပေမယ့် တစ်ချို့သော သေဆုံးမှုများသည် ကျွန်တော်တို့အပေါ်တွင် သိသိသာသာ ပိုမိုသက်ရောက်သည်များလည်း ရှိပါသည်။ ဥပမာ။ ။ ရုတ်တရက် မမျှော်လင့်ဘဲ သေဆုံးမှု၊ ကလေးငယ်များနှင့် လူငယ်များ သေဆုံးမှု နှင့် ကျွန်တော်တို့ နှင့် နီးစပ်သော သူများ သေဆုံးကြသော အခါများတွင် ကျွန်တော်တို့သည် ပိုပိုသာသာ ခံစားရပါသည်။ တစ်ခါတစ်လေကျတော့လည်း ကျွန်တော်တို့၏ မိတ်ဆွေတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်တော်တို့က ပြန်လည် ဖြေသိမ့်ပေးရတာတွေလည်း ရှိခဲ့ဖူးပါတယ်။ ထိုသို့အခါမျိုးတွင် ကျွန်တော်ကော ဘာလုပ်သနည်း။ ကျွန်တော်ကတော့ အိမ်ပြန်ပြီး အိမ်တွင်ရှိသော ဇနီးသည် နှင့် သားသမီးတို့ကို အရင်ကထက် ပိုမိုဖက်ထားမိခဲ့သည်။ ဤသည်ကား ကျွန်တော့် စိတ်ဖြေနည်းပင်။

သေခြင်းတရားဆိုသည်ကား ရှောင်လွှဲလို့မရနိုင်သည့် ဘ၀၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ကား အမှန်ပင် ဖြစ်ပါသည်။ ထိုအချက်ကို ကျွန်တော်တို့ လက်ခံနိုင်ဖို့ သင်ယူရမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုများကို နားလည်မှုဖြင့် အကောင်းဆုံး ကူညီပေးရမည် ဖြစ်ပါသည်။ လူနာသည် မည်သို့သော ရောဂါဝေဒနာကို ခံစားရပြီး မည်သည့်အတွက်ကြောင့် သေဆုံးသွားရသည်ကို မိသားစုဝင်များ ဖြေသာစေရန်အတွက် ကျွန်တော်တို့ ကြိုးစားကာ ရှင်းပြပေးပါသည်။ တစ်ခါတစ်ရံတော့လည်း ချစ်ကြည်နူးစရာ ဇာတ်လမ်းလေးတွေ နားဆင်ရသည်။ တစ်ခါတစ်ရံတော့လည်း သူတို့နှင့်အတူ မျက်ရည် ထပ်တူထပ်မျှ ကျခဲ့ဖူးသည်။ ကျွန်တော်တို့ ပေးဆပ်နိုင်တာတွေကတော့ tissue စက္ကူလေးတွေ၊ အစာပြေစားစရာ တို့နှင့် အတူ ကိုယ်ချင်းစာနာစိတ်တို့ ဖြစ်ကြပါသည်။ လိုအပ်လာတဲ့အခါမှာလည်း အသုဘကိစ္စနဲ့ ပတ်သက်ပြီး အကြံဥာဏ်နဲ့ သတင်းအချက်အလက်တွေ ပြောပြပေးရတာတွေလည်း ရှိခဲ့ဖူးပါတယ်။ တစ်ခါတစ်လေကျတော့လည်း မှုခင်းဆရာဝန်ထံ လူနာလွှဲရန်အတွက် စီစဉ်ပေးရပါတယ်။

အခုလောလောဆယ်တော့ Norman ၏ အခန်းထဲတွင် တစ်ယောက်တည်း ကျွန်တော်ရပ်နေမိသည်။ တစ်ခန်းလည်း တိတ်ဆိတ်လျက်ရှိပြီး သူ၏ မျက်လုံးများသည်ကား ချိုင်ဝင်လျက်။ သူ၏ အသားအရေတို့သည်လည်း ဖြူစွတ်နေကာ အေးစက်နေလေသည်။ သွေးခုန်နှုန်း မရှိတော့ပါ။ အသက်လည်း မရှူတော့။ သူငယ်အိမ်သည် ကျယ်လျက်ရှိပြီး လှုပ်ရှားမှု မရှိတော့ပေ။

လူနာသေဆုံးချိန် - ၈ နာရီ ၁၅ မိနစ်

Reader's Digest June 09 issue တွင်ပါဝင်သော Dr. Tim Green ရေးသားသည့် Witness to the Inevitable ဆောင်းပါးကို တိုက်ရိုက်ဘာသာ ပြန်ဆိုခြင်းဖြစ်ပါသည်။

Dr. Tim Green သည် Australia နိုင်ငံ Sydney မြို့ရှိ Royal Prince Alfred ဆေးရုံ၏ အရေးပေါ်လူနာဋ္ဌာန၏ ဒါရိုက်တာ ဖြစ်ပါသည်။

Dedicated to doctors and nurses who worked together with me when I worked at North Okkalapa General Hospital and Thingagyun Sanpya General Hospital

Read More...