Wednesday, May 19, 2010

လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်။ Peptic ulcer

၁၉၈၂ အရင် ဆရာဝန်ဖြစ်ကြသူတွေက လေနာဆိုတာ ရောဂါပိုးနဲ့ မဆိုင်ဘူးလို့ သင်ခဲ့ကြရတယ်။ စားချိန်-သောက်ချိန် မမှန်သူ၊ စိတ်ဖိစီးမှု များသူတွေမှာ ဖြစ်ကြရတယ်လို့ ဆိုခဲ့တယ်။ အလုပ်များတဲ့ ဆရာဝန်၊ ဆယ်တန်းဖြေမဲ့ ကျောင်းသား အဖြစ်များလို့လည်း Stress ulcer ခေါ်ခဲ့ကြပါတယ်။ အလုပ်မများတဲ့ ဆရာဝန်၊ (စထွက်စ်) မများတဲ့ ကျောင်းသား ကံကောင်းသလား မမေးနဲ့။ တကယ်တော့ ထင်သလောက် ကံမကောင်းပါ။ ၁၉၈၂ ရောက်တော့ သြစတေးလျ ဆရာဝန် နှစ်ယောက်ကနေ လေနာနဲ့ Helicobacter pylori (H. pylori) ပိုး ဆက်စပ်တာကို သိလာရလို့ပါ။

အနာမျိုး ၉၆ ပါးမှာ လေနာ ၃၂ ပါး၊ ပါတယ်လို့ မြန်မာဆေးကျမ်းက ဆိုပါတယ်။ ကုန်းဘောင်ခေတ်မှာ ၀န်ကြီးတပါး အလုပ်များလား မသိပါ၊ လေနာ စွဲနေလို့ "ပခန်းမှာ-လေ၊ လောင်းရှည်မှာ-ဓား၊ ခန်းပတ်မှာ-နား၊ ရေနံ တတိုင်ချင်းနှင့် လင်းပါ့မလား။" လို့ ဗန်းမော်ဆရာတော်က သရော်ခဲ့ဘူးတယ်။ ပြင်သစ်ဘုရင် ချားလ်စ် နံပါတ် ၉ မှာလည်း ရှိသတဲ့။ ဒါလဲ သရော်တာ မဟုတ်ပေမဲ့ St. Bartholomew’s Day Massacre လူသတ်ပွဲကြီးဟာ ကိုယ်တော်မြတ်မှာ လေနာထလို့ ဖြစ်ရသလိုလို ဆိုပါတယ်။

Peptic Ulcer (PU) လေနာမှာ Gastric ulcer (GU) အစာအိမ်နာ နဲ့ Duodenal (DU) (ဒူယိုဒီနယ်)နာ ဆိုပြီး၊ ၂ မျိုး ရှိတယ်။ (ဒူယိုဒီနမ်) ဆိုတာ အူသိမ်အစပိုင်း “င” ပုံနေရာလေးကို ခေါ်တာပါ။ DU ဟာ အသက် ၃ဝ က ၅ဝ နှစ် အတွင်း အဖြစ်များတယ်။ အမျိုးသမီးတွေ လေ(စကား) များချင် များမယ်၊ ကံ ပိုကောင်းကြတယ်။ ယောက်ျားတွေလောက် လေနာ မဖြစ်ဘူး။ GU ကြတော့ အသက် ၆ဝ ကျော်တွေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ဖြစ်ရင်လည်း ၄% က အစာအိမ်-ကင်ဆာ ဖြစ်တတ်တယ်။ ကံမကောင်းပြန်ဘူး။

DU ၉ဝ% လောက် နဲ့ GU ၈ဝ% တို့ဟာ (H. pylori) ခေါ်တဲ့ ဗက်တီးရီးယားကြောင့်နဲ့၊ ကျန်တာက (NSAIDs) ခေါ်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေကြောင့် ဖြစ်တာပါ။ ဆေးလိပ်စွဲ၊ အရက်စွဲ၊ ကော်ဖီ-လက်ဘက်ရည် စွဲသူတွေမှာ ပိုဖြစ်တယ်။ မျိုးနဲ့ရိုးနဲ့ ဆိုသလို အမေ-အဖေ ဖြစ်ရင် သား-သမီးမှာလည်း ဖြစ်တာတွေ ရှိတယ်။ အရင်က လက်ညှိုးထိုးခဲ့ကြတဲ့ အပူအစပ်နဲ့ စိတ်ရှုတ်တာတွေကတော့ လေနာရှိနေရင် ပိုဆိုးစေတယ်လို့သာ လက်ခံကြတော့တယ်။

စားနေကျ အချိန်ကျရင် အစာအိမ်က အစာခြေအရည် ထွက်လာတာက အကျင့်ဖြစ်လာတယ်။ ထမင်း မကျက်သေးလို့ ဖြစ်ဖြစ်၊ မအားလို့ဖြစ်ဖြစ်၊ ပိုက်ဆံမရှိလို့ဖြစ်ဖြစ် အချိန်ရောက်ရင် အက်စစ်ဓါတ်က အလိုက်မသိ ထွက်လာပြီး၊ ၀မ်းထဲမှာ တဂျုတ်ဂျုတ် မြည်လာတယ်။ ဘုန်းကြီးကျောင်းက ဆွမ်းစားတုံးခေါက်သံ ကြားတာနဲ့ ခွေးတွေ၊ ကျီးကန်းတွေ အူကြ၊ အာကြတယ်။ ဒီအကောင်တွေ ဗိုက်ထဲမှာလည်း အစာခြေရည်တွေ ထွက်လာတာကိုး။

PU ရဲ့လက္ခဏာတွေကတော့ သိတဲ့အတိုင်း ဗိုက်နာမယ်၊ လေတက်မယ်၊ အစာမကျေဖြစ်မယ်၊ ပျို့-အန်မယ်။ ကြာရင် အစားပျက်တော့ အလေးချိန်လျှော့၊ အားပြော့တာတွေ ဆက်လိုက်လာမယ်။ နာပုံနာနည်းက ပူပြီးနာတာ၊ အောင့်တာ၊ စူးနာတာ အမျိုးမျိုး ဖြစ်တယ်။ နှလုံးနဲ့ ဘာမှမဆိုင်ဘဲ၊ Heartburn လို့ခေါ်တာက အစာမြိုပြွန်ထဲကို အက်စစ်ရည်တွေ ဆန်တက်လို့ နာတာကို ခေါ်တယ်။ Gastro-esophageal Reflux Disease (GERD) ဆိုပြီး ရောဂါနာမည်သစ် ထွင်လိုက်ကြတယ်။ GU က အစာစားရင် နာတတ်ပြီး၊ DU က စားလိုက်ရင် သက်သာလို့ “ဆာနာ” လို့ ခေါ်တယ်။

ရက်တိုနဲ့ နာတာရှည် နှစ်မျိုးရှိတယ်။ ကြာတော့ အနာက ကျယ်လာပြီး၊ သူ့အနီးအနားတွေကိုပါ နယ်ချဲ့နိုင်သေးတယ်။ နောက်ဆက်တွဲ ရောဂါတွေက အတော်ဆိုးတာတွေပါ။ အစာလမ်းကြောင်းကနေ သွေးယိုတာ၊ အနာဖြစ်နေတဲ့ အစာအိမ်-(ဒူယိုဒီနမ်) ပေါက်တာ၊ အောက်ဆင်းလမ်း ကျဉ်းသွားလို့ စားပြီး အန်နေတော့တာ။ “တာ” သုံးတာဟာ အရေးပေါ်တွေပါ။ အစာအိမ်ပေါက်လို့ နာတာက စူးရှပြီး နာတာမျိုး။ ဗိုက် မနေနိုင်-မထိုင်နိုင် တအားနာပြီး၊ ဆေးရုံကို အပြေးအလွှား လာရတယ်။ အချိန်မတော်က များတယ်။ ရိုးရိုး ဓါတ်မှန် ရိုက်တာနဲ့ အစာအိမ်ပေါက်တာကို အသေအခြာ သိနိုင်တယ်။ “အသဲ” ပေါ်မှာ “လခြမ်းကွေးကွေးလေး” ကို မြင်ရတယ်။ စိတ်ကူးယဉ်စရာ မကောင်းပါလား။ မကောင်းပါ၊ ခွဲတာစိတ်တာ ခံရရှာပါတော့မည်။

သွေးအန်တာကို (Hematemesis) ခေါ်တယ်။ TB ဖြစ်လို့ ချောင်းဆိုးသွေးပါ (Hemoptysis) နဲ့ မတူဘူး။ ကော်ဖီနှစ်လို ညိုမဲမဲ အရည်တွေ အန်တာ။ အန်မထွက်ဘဲ အောက်ဆင်းရင် သွေးက၀မ်းထဲပါမယ်။ အချိန်ကြာတာမို့ ၀မ်းက မဲနက်နေမယ်။ (Melaena) လို့ ခေါ်တယ်။ ကတ္တရာစေးလိုနေတာ။ အစာအိမ်က သွေးယိုတာ မဟုတ်တာလည်း အဲလိုဘဲ ဖြစ်နိုင်တယ်။ အသဲခြောက်ရောဂါရှိသူ၊ အစာမြိုပြွန် အောက်အဖျားက သွေးပြန်ကြောအထုံးတွေ ပေါက်လို့ဖြစ်နိုင်တယ်။ မျက်စိနဲ့ မမြင်သာပေမဲ့ ၀မ်းထဲမှာ သွေးနည်းနည်းချင်း ပါနေတာကို အနုကြည့် မှန်ဘီလူးနဲ့စစ်မှ သိရမယ်။

လေနာရှိနေတာကို Barium meal ဆေးမြိုပြီး၊ ဓါတ်မှန်ရိုက်တာနဲ့ Endoscopy ကရိယာထည့်ကြည့်တာနဲ့ သေခြာအောင် စစ်ရတယ်။ မီးတောင်ကို အပေါ်က ကြည့်ရသလို၊ အလည်မှာ အနာနေရာက ခွက်နေ၊ အနားဇောက်က အောက်ကို တည့်တည့်ကျနေပြီး၊ ဘေးမှာ ချော်ရည် ဆင်းတဲ့လမ်းတွေလို ဖြာထွက်နေတယ်။

လေနာကို ကုဘို့ ဘာ့ကြောင့်ဖြစ်သလဲဆိုတာ သိရမယ်။ ရှောင်ရမယ်။ အဖြစ်များလို့ ဆရာလည်း များတယ်။ ဆေးပေးကုတဲ့ Medications လည်း မနည်းဘူး။ ပိုးကိုနိုင်တဲ့ဆေးနဲ့ အစာခြေရည်ကို သက်ရောက်တဲ့ဆေး၊ နှစ်မျိုးက မပါမဖြစ် ပေးပါတယ်။ ပိုးအတွက် Antibiotics ပဋိဇီဝဆေး၊ Amoxacillin, Tetracycline, Claithromycin, Metronidazole တွေကို သုံးတယ်။

Antacids အက်စစ်ဓါတ်ပျယ်ဆေးတွေ အများကြီးရှိတယ်။ ဗမာပြည်မှာ (ဂျဲလ်မက်)၊ ကုလားပြည်မှာ (ဒိုင်ဂျင်း) လူအတော် များများ ၀ါးစာနေကြ။ အခုထုတ်သေးလားတော့ မသိဘူး။ (ဆိုဒါမင့်) ဆိုတဲ့ဆေးပြား အလည်မှာ ချိုင့်ခွက်လေးနဲ့မို့၊ “ချက်ပုံပါတဲ့ဆေး” လို့ အရပ်ထဲမှာ ခေါ်ကြတယ်။ စာအုပ်ကြီးတော့ ဆန်နေမှာဘဲ။ ဆေးသောက်ပုံ-သောက်နည်းကိုပါ ထည့်ရေးပါရစေ။

Aluminium Hydroxide and Oxide, Magnesium Trisilicate 250-1500 mg တနေ့ ၃ ကြိမ်၊ Magnesium Carbonate, Magnesium Oxides, Magnesium hydroxide 200-400 mg တနေ့ ၃ ကြိမ်၊ Calcium Carbonate 1250-1500 mg တနေ့ ၃ ကြိမ်။

အက်စစ် အထွက်နည်းဆေး Atropine Sulphate 0.5-1.0 mg IM ထိုးဆေး၊ Proton pump inhibitors (Omeprazole, Rabeprazole) 20-40 mg တနေ့ ၁ ကြိမ်၊ ၁ လ၊ ၁ လခွဲ သောက်ပါ။ Histamine H 2-receptor Antagonists (Ranitidine) 150 mg တနေ့ ၂-၃-၄ ကြိမ်။

DU ဆိုရင် Cimetidine 800 mg အိပ်ရာဝင်၊ 300-400 mg အစာစားပြီးတိုင်း တနေ့ ၂-၃-၄ ကြိမ်၊ ၁ လ၊ ၁ လခွဲ သောက်ပါ။ သက်သာလာရင် ည 400 mg သောက်ပါ။ လတ်တလော အစာအိမ်နာဆိုရင် 800 mg အိပ်ရာဝင်၊ ဒါမှမဟုတ် 300 mg အစာစားပြီးတိုင်း၊ ၂ လသောက်ပါ။ အစာခြေရည်တွေ အထက်ဆန်တာဖြစ်ရင် 400-800 mg တနေ့ ၂-၃ ကြိမ်၊ ၁ လခွဲ သောက်ပါ။ Heartburn နဲ့ အစာမကျေဖြစ်ရင် 200 mg တနေ့ ၁-၂ ကြိမ်၊ အစာမစားခင် နာရီဝက်ကြို သောက်ပါ။

Mucosal protective agents ဆိုတာကတော့ အစာလမ်း အတွင်းလွှာကို ကာကွယ်ဘို့ဆေးပါ။ အန်တဲ့သူတွေအတွက် Metoclopramide 10-15 mg စားဆေး တနေ့ ၃-၄ ကြိမ်ပေးရတယ်။

ဗိုက် တအားနာရင် Buscopan, Hyoscine 10-20 mg IV/IM ထိုးဆေး။ စားဆေး တနေ့ ၃-၄ ကြိမ်။ Diclofenac 25-75 mg စားဆေး တနေ့ ၂ ကြိမ်၊ Spasmocip, Spasmonil, Spasmo-Proxyvon စားဆေး တနေ့ ၂-၃-၄ ကြိမ်။ လိုအပ်ရင် ခွဲစိတ်ကုသတာ လုပ်ရတတ်တယ်။ Laparoscopic surgery, Vagotomy, Antrectomy, Pyloroplasty နောက်ပြီး G-J ခေါ်တဲ့ အစာအိမ်နဲ့ အူကို ဆက်ပေးတဲ့နည်းက စိတ်ဝင်စားဘို့ ကောင်းတယ်။

Lifestyle ဆိုတဲ့ လူနေမှုပုံစံပါ ပြောင်းဘို့ လိုနိုင်တယ်။ အပူအစပ် ရှောင်၊ ကော်ဖီ လျော့၊ ဆေးလိပ်-အရက် ဖြတ်ပါ။ စိတ်ဖိအားများတဲ့ အလုပ်ကနေ ပြောင်းလို့ရရင် ပြောင်းပါ။ တနေ့ နာရီဝက် လေ့ကျင့်ခန်း လုပ်ပါ။ (မယ်ဒီတေးရှင်း) လုပ်တာ ကောင်းတယ်။ “လေနာ ရောဂါရှိရင် စတုမဓူ၊ သကြား၊ ထန်းလျက်၊ ဆေး၊ စားတာဟာ ဥပုသ်စောင့်ပေမဲ့ သီလမပျက်ဘူး။” လို့ သတ်မှတ်ပါတယ်။

(ကာဗွန်ဒိုင်အောက်ဆိုက်) ကို ဖိအားနဲ့ထည့်ထားတဲ့ Carbonated beverage ခေါ်တဲ့ ဘီယာ၊ ဆိုဒါ၊ (စပရင်း-၀ါးတား)၊ ကိုကာကိုလာ၊ စပရိုက်၊ (အင်နာဂျီ-ဒရင့်ခ်) တွေက လေနာအတွက် မကောင်းပါ။ Sodium bicarbonate (Baking powder) ဆော်ဒါမှုံ့ သောက်ရင် ချက်ချင်းလို သက်သာပေမဲ့ ကြာရင် အစာအိမ် ပေါက်စေနိုင်တယ်။

ဘာဆေးမှ မရှိတုံး နာလာရင် ရေ တခွက်-နှစ်ခွက် သောက်လိုက်ပါ။ နွားနို့ သောက်ပါ။ သွားလေရာ ဆေးယူသွားပါ။ ဆာရင်စားဘို့ စားစရာတခုခု ယူသွားပါ။ ကျော်တဲ့အစားတွေ ရှောင်ပါ။ အစေ့အဆံတွေ၊ တိုဖူး၊ ပဲပုတ်၊ ပဲအမျိုးမျိုး၊ ပင်လယ်ထွက် အသီးအနှံတွေ၊ ဟင်းနုနွယ်ရွက်တွေ တည့်ပါတယ်။ အသားမှာ red meats ကိုလျော့ပြီး၊ lean meats, cold-water fish ပိုစားပါ။ ပြုပြင်ထားတဲ့ဆီ trans-fat လေနာနဲ့ မတည့်ပါ။

အစာကို နည်းနည်းချင်း ခဏခဏစားပါ။ စားနေကျ အစားအစာတွေသာ စားတာ ကောင်းတယ်။ အစာလမ်းက သူချက်လုပ်ပေးနေကြဟာကို ပိုကြွမ်းကျင်ပါတယ်။ အီတာလျန်-ပီဇာ၊ ဘာဂါ-ယန်းကီး၊ ဆူရှီး-ဂျပန်၊ ကုလားမှန်-ရိုတီး၊ ထမင်းချည်းစားတာ ဗမာ၊ တရုပ်ဟာ ခေါက်ဆွဲ။ ဘာဘဲဖြစ်ဖြစ် စားနေကြဘဲ ကောင်းတယ်။

အရပ်သုံး ဆေးနည်းမှာ Basil leaves ပင်စိမ်းရွက်ကို စားခိုင်းတယ်။ ဂျင်း (ချင်း)စိမ်းသည် လေနာ၊ ၀မ်းဗိုက်-ရင်ခေါင်းနာ တို့ကိုနိုင်၏လို့ ဆိုတယ်။ တိုင်းရင်းဆေး တခုက Vitamin C ဟာ လေနာနဲ့ မတည့်ဘူးရေးတာ ဖတ်ရတယ်။ မဟုတ်ပါ။ ဗီတာမင်စီ 500 mg တနေ့ ၂ ကြိမ် သောက်ရင်၊ သွေးယိုတာအတွက်ပါ အကျိုးရှိတယ်။ ချယ်ရီသီး၊ ဘလူးဘယ်ရီသီးလိုဘဲ ခရမ်းချဉ်သီးကလည်း အဆိပ်အတောက် ပြေစေပါတယ်။ ဒါပေမဲ့ ရှေးဗမာဆေးနည်းက တမျိုးဆိုတယ်။

စကားအရာမှာ နာမည်တလုံးနဲ့ ရှိခဲ့တဲ့ “စကားတောင်စား အမတ်” ဟာ ဘုရင်က ခရမ်းချဉ်သီး စားကောင်းတယ် ဆိုတော့ အလိုက်သင့် လျှောက်လိုက်တယ်။ မကြာခင် ဘုရင်မှာ ခရမ်းချဉ်သီးကြောင့် လေနာထတော့ "မှန်လှပါ အရှင်မင်းမြတ်ရဲ့ “ကျွန်” မို့ အရှင့် အလိုကို လိုက်ပြီး၊ တင်ရကြောင်းပါဘုရား။" လို့ လျှောက်ပြန်တယ်။

ရောဂါဘယများသည် တချို့လူတွေထက် သတ္တိကောင်းကြသည်။ အုပ်ချုပ်သူတွေအလို မလိုက်ပါ။ “ကျွန်” မဟုတ်သော လူများသည် သတ္တိ-ဗျတ္တိ ကောင်းကြသည်။ ဘုရင်ဆိုးများ ဗိုက်နာရင် ဆုမွန်ကောင်း တောင်းပေးကြမည် မဟုတ်ပါ။

Dr. တင့်ဆွေ
၁၉-၅-၂၀၁၀


Related Posts :



22 comments:

Unknown said...

ဆရာခင်ဗျား ကိုယ်ဝန်တာနည်းတမျိုးကြားရလိုပါ လက်မောင်းထဲ ဆေးတောင့်ထည့်တာလို့သိရပါသည် မည်ကဲ့သို့ဟာမျိုး ဖြစ်သလဲဆိုတာ နားမလည်ပါ၍ ဆရာစီ အကူအညီတောင်းခံ ပါသည် ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည်

Unknown said...

အမျိုးသမီး လက်မောင်းထဲ ထည့်တာဟုသိရပြီး ဆင်ခြေဖုန်း ရက်ကွက်များတွင် who မှ လုပ်ပေးနေသည်ဟုသိရပါသည်

Unknown said...

ရန်ကုန်ရှိဆေးခန်းများတွင် လုပ်၍ရမရလည်းသိခြင်ပါသည်

Anonymous said...

The contraceptive implant အရေပြားအောက် ထည့်ရသည့် ဆေးချောင်း
ဆံညှပ်အရွယ်၊ ကွေးနိုင် ဆန့်နိုင်သော ပြွန်ချောင်းလေးတခု ဖြစ်သည်။ လက်မောင်းအတွင်းဖက် အရေပြားအောက်၌ ထုံဆေး-ပိုးသန့်ခြင်းနည်း သုံး၍ ထည့်ထားရသည်။ ၄င်းမှ progestogen ဟော်မုန်းအား ၃ နှစ်ကြာ ထုတ်ပေးနေမည်။ Implanon ဟု ဆေးနာမည် ခေါ်သည်။

progestogen ဟော်မုန်းသည် လစဉ် မ-မျိုးဥအိမ်မှ မမျိုးဥမထွက်စေရန် တားဆီးသည်။ သားအိမ်အဝရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မဝင်စေအောင် တားထားသည်။ သားအိမ် အတွင်းသား နံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ ၉၉%မက ထိရောက်သည်။ အလေးချိန် များသူများလည်း သုံးနိုင်သည်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့မှ စထည့်ထားပါက ချက်ချင်း ထိရောက် ကာကွယ်သည်။ ကလေးနို့တိုက်ခြင်းကို သက်ရောက်မှုမပြု။ လစဉ် ရာသီမလာမီ လက္ခဏာများကို သက်သာစေသည်။

သို့သော် ရာသီဆင်းများတတ်သည်။ မမှန်ဖြစ်တတ်သည်။ ဝက်ခြံပေါက်တတ်သည်။ ရင်သား တင်းတတ်သည်။ ကိုယ်ဝန်ရှိနေလျင်၊ အသဲရောဂါ ရှိနေလျင်၊ ယခု သို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ သွေးကြောကျဉ်း ရောဂါရှိလျင်၊ (မိုင်ဂရင်း) အမူးရောဂါရှိလျင် မသုံးသင့်။

http://yamuna-clinic-delhi.blogspot.com/ တွင် ဖတ်နိုင်ပါသည်။

Unknown said...

ကျေးဇူးအထူးတင်ရှိပါသည်။

လေးစားစွာဖြင့်

AungNN said...

ဆရာခင်ဗျား၊

အစာအိမ်မကောင်းတာကြာပါပြီ၊ Barium meal X'ray ရိုက်ဘူးတယ်၊ H pylori အတွက် endoscopy & biopsy လုပ်ပြီး H Pylori ရှိတယ် ဆိုလို့ဆေးစားပြီးစစ်တော့ကောင်းသွားပြီဆိုလို့အစားလဲသိတ်မရှောင်ရတော့၊ဒါပေမဲ့တလလောက်မှာဒိုင်းကနဲ ပြန်ဖြစ်တာ-လေပြန်ထဒါ၊ တဖြေးဖြေးနဲ့ပိုပိုဆိုးလာတာ-အခု - ကော်ဖီ၊လဖက်ရည်၊ငရုပ်သီး၊မဆလာ၊ခရမ်းချင်သီး၊ လိမ်မော်သီး စားလို့မရ၊သောက်လို့မရပါ၊ anti acid တွေသောက်နေရ၊ အခု့ nexium တနေ့တလုံးသောက်၊ ဒီကြားတဲလိုရင်လိုသလို anti acid လဲသောက်ရပါတယ်။
နောက်ပိုင်းမှာ ရင်ညွန့်အောင့်လို့ gas pressure လာလာဆေင့်တဲ့သဘောပါ။ နောက်လေ့လာကြည့်တာ anti acid ထဲက calcium ကြောင့်မသင်ကာတာနဲ့ anti acid တတ်နိုင်သလောက်မစားဘဲနေတော့ အောင့်တာ gas pressure ဖြစ်စင်နဲသွားပါတယ်။
အခု Nsaid တွေသောက်နေရလို့ anti acid နဲ့ Buffer လုပ်ပြီးသောက်နေရပါတယ်။

ကော်ဖီပြန်သောက်နိုင်အောင်ဘာဆက်လုပ်သင့်ပါသလဲ၊
အကြံပေးပါရန် - ကျေးဇူးတင်ပါတယ်ခင်ဗျား။

Anonymous said...

အစာမကျဖြစ်ခြင်း Indigestion နဲ့ ရင်ပူလောင်ခြင်း heartburn အတွက် လူသန်းပေါင်းများစွာ မှီဝဲသုံးစွဲနေကြ တဲ့ Proton pump inhibitors တွေဖြစ်ကြတဲ့ Omeprazole (Prilosec), Lansoprazole (Prevacid), Rabeprazole (Aciphex), Pantoprazole (Protonix), Esomeprazole (Nexium), and Zegarid ဆေးတွေကြောင့် Osteoporosis အရိုးရောဂါ ဖြစ်စေတယ်လို့ ၃၀-၅-၂၀၁၀ နေ့က လန်ဒန်မှာ သုတေသနစာတမ်းတခု ထုတ်ပြန်လိုက်တယ်။

Osteoporosis ဆိုတာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်။ အမျိုးသား ၁၂ ယောက်မှာ ၁ ယောက်ဖြစ်နေတဲ့ အသက်ကြီးရင် အရိုးကျိုးလွယ်တတ်တဲ့ ရောဂါဖြစ်တယ်။ National Institute for Health and Clinical Excellence က ဒီဆေးမျိုးဟာ ထိရောက်တာ မှန်ပေမဲ့ သိပ်ကြာကြာ (၂ လက်ထက် ပိုကြာအောင်) မသုံးသင့်ဘူးလို့ အကြံပြုလိုက်ပါတယ်။

DTS
30-5-2010

Unknown said...

ဆရာခင်ဗျာ ...
ကျနော်ရဲ့ ဗိုက်ညာဘက်အခြမ်း ချက်ဘေးက နေရာတစ်ဝိုက်ကို ဖိကြည့်လျှင် နာကျင်တာကို ဖြစ်ပေါ်စေပါတယ် ။ အဲဒါကလည်း ငယ်ငယ်က ဆေးခန်သွားပြရင် ဆရာဝန်တွေ ဗိုက်ကိုဖိဖိကြည့်လို့ သတိထားမိတာနဲ့ စမ်းကြည့်မိပါတယ် ။ အခုလည်း အဲဒီ ချက်ညာဘက် လက်လေးလုံးလောက်အကွာမှာ နာကျင်ခြင်းကိုခံစားနေရပါတယ် ။ ထမင်းစားရင်လည်း ဗိုက်ကပြည့်ပြည့်သလို ခံစားရတဲ့အတွက် အချိန်ကြာကြာယူပြီးမှ ကုန်အောင်စားရပါတယ် ။ ( ဒါတောင် ထမင်းကိုအပျော့ချက်ပြီးစားတာပါ ဆရာ ) ဗိုက်ဆာရင်လည်း ဆာမှန်းကို မသိတော့ဘူးဖြစ်နေပါ တယ်ခင်ဗျာ ။ အနည်းအကျဉ်းတော့သိပါတယ် ။ အရင်လိုဗိုက်ဆာတာနဲ့လည်းမတူပါ ။ အစာလည်းမကျေပါ ။ ပျို့ခြင်းတော့ဖြစ်တက်ပါတယ် ဆရာ ။ အန်တာတော့ မဖြစ်ဖူးပါ ။ ပြီးတော့ လေနာနေတာနဲ့ရောပြီး နာနေတဲ့ဗိုက်ရဲ့ညာဘက်နေရာက ဆက်စပ်နေတာကိုလည်း သတိထားမိပါတယ် ။ ဗိုက်ရဲ့ညာဘက်က ပုံမှန်နာနေတာထပ်ပိုပြီး နာလာလျှင် လေကချက်တည့်တည့်သွားပြီးခါမှ လေလည်လိုက်မှ တော်တော်နာကျင်တာ သက်သာလာပါတယ် ။ ဒါပေမယ့် ချက်ရဲ့ညာဘက်နေရာကတော့ နာမြဲနာနေတုန်းပါ ။ ဝမ်းလည်းပုံမှန်သွားပါတယ် ။ ၁ နေ့နှစ်ကြိမ်တော့မှန်အောင် စားပေမယ့် အချိန်တော့မမှန်ပါဆရာ ။ အရင်လလယ်လောက်က အဲဒီညာဘက်တစ်ဝိုက်က ကျနော် အိပ်နေတုန်း တစ်ရေးနှိုးလို့ထတဲ့အခါမခံခရပ်နိုင်အောင်နာပါတယ် ။ ထလို့ကိုမရပါဘူး ဆရာ ။ အူအတက်ပေါက်ပြီးလာမသိဘူးလို့တောင်ထင်ပါသေးတယ်ဆရာ ။ အဲဒါနဲ့ဘယ်ဘက်စောင်းပြီးထတော့ နာတဲ့နေရာက အလုံးတစ်လုံး ဘယ်ဘက်ကိုဆင်းပြီးကျသွားသလိုခံစားရပါတယ် ။ နောက်နေ့အိပ်နေရင်း တစ်ကြိမ်ဖြစ်ပါသေးတယ်ဆရာ ။ နောက်ပိုင်း အဲဒီလိုထပ်မဖြစ်တော့ပါ ။ လကုန်ခါနီးမတိုင်ခင် တစ်ရက်မှာဘယ်ရီသွားပြီးရိုက်ဖြစ်ပါတယ် ။ မနက်ခင်းကျတော့ အရင်လိုနာခြင်းမျိုး အိပ်ရာထထခြင်းမှာဖြစ်ပါတယ် ဆရာ ။ အဲဒီနေ့နောက်နေ့တွေကစလို့ အဲဒီညာဘက်နေရာတစ်ဝိုက်က နာနာနေပါတယ် ။ ဒီကြားထဲ လေကလည်းအောင့်အောင့်နေလို့ ခံရခပ်နေပါတယ်ဆရာ ။ မခံမခရပ်နိုင်အောင်တော့မဟုတ်ပါ ။ ဗိုက်ရဲ့အဲဒီနားတစ်ဝိုက်က ဘာဖြစ်လို့ဖြစ်မှန်းကိုမသိပါဘူးဆရာ ။ ဆရာစီ အကူအညီ တောင်းခံအပ်ပါသည် ။ ရှင်းပြပေးရန်လည်း မေတ္တာရပ်ခံပါတယ် ဆရာ ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ ...

Unknown said...
This comment has been removed by the author.
Anonymous said...

taw said...

Dear

“ဘယ်ရီသွားပြီးရိုက်ဖြစ်ပါတယ်” ဆိုတာ ဘာပြောလဲ မသိပါ။ ဆောရီး။ ခံစားနေရသူက ယောက်ျားလေး ဟုတ်ပါသလား။ သူ့အသက်လဲ သိချင်ပါတယ်။ Ultrasound လုပ်သလား။ ဆရာဝန်ပြသလား။ ၀မ်းကိုက်ဘူးသလား။ သံကောင် ကျဘူးသလား။ သွေးဝမ်းသွားဘူးသလား။ လူက ပိန်ပိန်လာသလား။ ထူးပြီး မောပမ်းလာသလား။

တဆ
၂-၈-၂၀၁၀

Unknown said...
This comment has been removed by the author.
Unknown said...

ဘယ်ရီသွားပြီရိုက်တယ်ဆိုတာက အိပ်ထမတင်လုပ်တာကိုပြောတာပါ ။ ကျနော် ယောက်ျားလေးပါခင်ဗျာ ။ အသက် ၂၄ ကျော်ကျော်ပါ ။ Ultrasound မရိုက်ဖူးပါ ။ ဆရာဝန်မပြဖူးပါ ။ ဝမ်းကိုက်ဖူးပါသည် ။ သံကောင်မကျဘူးပါ ။ သွေးဝမ်းမသွားဘူးပါ ။ လူကတော့ တော်တော့ကိုပိန်လာပါတယ်ခင်ဗျာ ။ အားကစားလုပ်ပြီးတိုင်း အရင်ထက်စာရင် လူက မောပန်းလာပါတယ် ။

Unknown said...

ဘယ်ရီသွားပြီရိုက်တယ်ဆိုတာက အိပ်ထမတင်လုပ်တာကိုပြောတာပါ ။ ကျနော် ယောက်ျားလေးပါခင်ဗျာ ။ အသက် ၂၄ ကျော်ကျော်ပါ ။ Ultrasound မရိုက်ဖူးပါ ။ ဆရာဝန်မပြဖူးပါ ။ ဝမ်းကိုက်ဖူးပါသည် ။ သံကောင်မကျဘူးပါ ။ သွေးဝမ်းမသွားဘူးပါ ။ လူကတော့ တော်တော့ကိုပိန်လာပါတယ်ခင်ဗျာ ။ အားကစားလုပ်ပြီးတိုင်း အရင်ထက်စာရင် လူက မောပန်းလာပါတယ် ။

Anonymous said...

ဝေါဟာရသစ်တခုမေးရင်း နောက်တခုပါတိုးသိရတယ်ဗျို့။
Abdominal Pain နာတယ်ဆိုတာ မကောင်းပါ http://dts-medicaleducation.blogspot.com/2010/07/abdominal-pain.html
ကိုလည်း ဖတ်စေချင်ပါတယ်။ စမ်းဘို့လိုတာ စမ်းလို့လဲ မရတဲ့ ရောဂါ ဖြစ်နေလို့ ဆရာဝန် ပြစေချင်ပါတယ်။ အလုံးတခုခု ရှိနေသလို ဖြစ်နေတယ်။ ယောက်ျားတွေမှာ အဲဒီနေရာ အလုံး-နာတာ ဖြစ်ရင်၊ အူအတက် မဟုတ်ရင် ရှားပါးတာမျိုး ဖြစ်နိုင်လို့ပါ။ အာလ်ထွာဆောင်း ရိုက်ခိုင်းမယ် ထင်ပါတယ်။ ထူးရင်လည်း ပြောပါအုံး။ ကျန်းမာပါစေ။ သိပ် စိုးရိမ် မနေနဲ့အုံးနော်။

Unknown said...

ဆရာခင်ဗျာ ...
တစ်လက်စတည်း ကျနော်သိချင်တာပါ မေးခွင့်ပြုပါခင်ဗျာ ။ ချောင်းဆိုးတာ တစ်လနီးပါး ချောင်းဆိုးပါတယ် ။ ချောင်းဆိုးရင်တော့ သွေးတော့မပါဘူးပါ ။ ညနေခင်းပိုင်း နဲ့ ညခင်းအိပ်ခါနီးလောက်ဆို အဖျားနည်းနည်းရှိနေပါတယ် ။ ခန့်မှန်းခြေမနက်ခင်း ၈ နာရီလောက်ထိ အဖျားနည်းနည်းရှိတုန်းပါ ။ အဲဒီနောက်ပိုင်း လူကောင်းပတိအတိုင်းပါ ဖျားခြင်းနာခြင်းလုံးဝမရှိပါ ။ အစားအသောက်လည်း လုံးဝပျက်လာပါတယ် ။ အားကစားလုပ်တိုင်း ခါတိုင်းနဲ့မတူ ပိုပြီးအမောလွယ်နေပါတယ် ။ နောက်တော့ လူကအရမ်းကိုပိန်လာပါတယ် ။ ဘယ်လောက်ဘဲစားစား ဝမလာတော့ပါ ။

အပေါ်က လက္ခဏာတွေက တီဘီ ဖြစ်နေတာကိုဆိုလိုတာပါလား ဆရာ ။ တီဘီဖြစ်နေတယ်ဆိုလျှင် ဆေးသောက်ရုံနဲ့ပျောက်ပါသလားဆရာ ။ ဆရာဝန်နဲ့ပြ ဆေးရုံတက်ပြီး ကုသပြီးမှပျောက်နိုင်တာမျိုးလား ။ ဆေးသောက်ရုံနဲပျောက်နိုင်တယ်ဆို ဘာဆေးတွေသောက်ရလဲညွှန်းပေးပါ ဆရာ ။

အဆင်ပြေသွားတာ တစ်ခုရှိပါတယ် ( ချောင်းဆိုးတဲ့ ၃ ပတ်မြောက်လောက်မှာ သောက်ဖြစ်တာပါ )။ အဲဒါက ချောင်းဆိုးလွန်းအားကြီးလို့ဆိုပြီး ဆိုင်မှာသွားဝယ်တဲ့ ဆေးကိုသောက်ကြည့်တော့ ဆေးလည်းကုန်ရော ချောင်းဆိုးတော်တော်ကို သက်သာသွားပါတယ် ။ ချောင်းဆိုးအဆင်ပြေသွားတော့ အစားအသောက်ပျက်တာရယ် လူချောင်ကျသွားတာရယ်က နဂိုမူရင်းက မူရင်းအတိုင်းပါဘဲ ထူးခြားမလာပါဘူး ။

နောက်တစ်ခုဆိုးတာက အစာက စားချင်သည်ဖြစ်စေ ၊ မစားချင်သည်ဖြစ်စေ မရရအောင် ကောင်းကောင်းစားသောက်ြပီးနေပါတယ် ။ ဝမ်းပုံမှန်သွားပါတယ် ။ ဒီလိုနေထိုင်ပါလျက်နဲ့ လူကပိန်မြဲပိန်နေပြီ စားတဲ့ အစားစာအာဟာရတွေ ဘယ်ရောက်ကုန်မှန်းမသိပါ ။ အဲဒါလေးလည်းသိချင်ပါတယ် ဆရာ ။


ကျေးဇူးတင်ပါတယ် ခင်ဗျာ ...

Anonymous said...

taw said...
ဒီမေးခွန်း မဖတ်ရခင်ကလေးက တီဘီ အကြောင်း ရေးခဲ့တာကို ပြန်စစ်ပြီး၊ နောက်ဆုံးထုတ် ၂၀၁၀ ဆေးစာအုပ်အတိုင်း ဆေးနည်း ပြင်ရေးနေခဲ့တယ်။ တိုက်တိုက် ဆိုင်ဆိုင်ပေါ့ဗျာ။

ဟုတ်ကဲ့ တီဘီ ရှိ-မရှိ စစ်တာ မမှားပါ။ ပြောတာတွေ အတော်များများက ရောဂါနဲ့ ဆင်တူနေတယ်။ ခုခေတ်မှာ တိုင်းပြည်တိုင်းလိုလို ဒီရောဂါဒဏ် ခံနေကြရတယ်။ များသောအားဖြင့် ဆေးရုံမတက်ရပါ။

ဓါတ်မှန်ရိုက်ရမယ်။ သလိပ်စစ်ရတယ်။ လိုအပ်ရင် သွေးစစ်မယ်။ ကောင်းတာက ရင်ပတ်အထူးကု၊ သမားတော်၊ ရိုးရိုးဆရာဝန်၊ တနေရာရာမှာ ပြပြီး သူတို့ခိုင်းတာ စစ်ပါ။ ဓါတ်မှန်ရိုက်ရင် ဓါတ်မှန် ဖတ်ပေးတဲ့နေရာမှာ ရိုက်ပါ။

ဖြစ်တယ်ဆိုရင် ၂ မျိုးဖြစ်နိုင်တယ်။ (၁) သလိပ်ပိုးတွေ့၊ အဆုပ်မှာတွေ့။ (၂) သလိပ်ပိုးမတွေ့၊ အဆုပ်မှာတွေ့။ ဘာဖြစ်ဖြစ် ဆေးကုလို့ရတာတွေချည်းပါ။ မပူပါနဲ့။ ၆ လ ၉ လ အလွန်ဆုံး ကြာတယ်။ ဆေးပေးနည်း နေရာ တခုနဲ့တခု နဲနဲစီ မတူကြဘူး။ သေခြာတာက ပျောက်မဲ့ရောဂါပါ။ စောစောသိ၊ စောစောကုလေ ကောင်းလေပါ။ ခုခေတ်မှာ ထိုးဆေး သိပ်မသုံးကြတော့ဘူး။ ဆေးကောင်းတွေ ပေါ်နေပါပြီ။ ကံမကောင်းသူတွေ၊ နောက်ကျသူတွေ၊ ဆေးပါတ် မလည်သူတွေဆိုရင် ဆေးယဉ်တဲ့ပိုး ဖြစ်လို့ ဆေးအဆန်းတွေနဲ့ ကုရတယ်။

ဆေးစစ်ပြီး လိုရင် ပြောပါ။ အားမနာပါနဲ့။ ကျန်းမာမှာ ဘာမဆို လုပ်နိုင်တယ် မဟုတ်လား။

အချိန်ရရင် Tuberculosis (TB) တီဘီ http://www.dts-medicaleducation.blogspot.com/2008/10/tuberculosis-tb.html ကို ဖတ်ပါ။

Dr. တင့်ဆွေ
၆-၈-၂၀၁၀

Anonymous said...

ကျွန်တော်ဖြေတာ ရှည်လို့ နေရာက လက်မခံဘူးတဲ့။ သပ်သပ် တင်ရတော့မှာဘဲ။

Unknown said...

ဆရာခင်ဗျာ ...
ကျနော် ဆေးသွားစစ်ခဲ့တာတော့ ကြာပါပြီ ။ ကျောင်းတစ်ဖက်လည်းဖြစ်တာကြောင့် အခုမှပြန်ပြီး မေးရခြင်းပါ ။ အဲဒီလကဘဲ ကျနော် ဆေးရုံမှာ ဆေးသွားစစ်ခဲ့ပါတယ် ။ ဒီကဆရာဝန်တွေ ကိုယ်တိုင်လည်း အဖြေမတွေ့သေးတဲ့အတွက် အမြဲတမ်း Check လုပ်ဖို့ခေါ်ပါတယ် ။ Check လုပ်တာကတော့ Ultrasound ရိုက်ပါတယ် ။ ဆီးစစ် ၊ သွေးစစ်လုပ်ပါတယ် ။ အားလုံးပုံမှန်ဘဲဖြစ်နေပါတယ် ။ အဲဒါနဲ့ထပ်ပြီး စစ်ပါသေးတယ် ။ အဲဒီစစ်တာက နာမည်ဘယ်လိုခေါ်လဲတော့ ကျနော်လည်း မပြောတက်ပါ ။ လူတစ်ကိုယ်လုံးကို ပတ်လက်အနေထားနဲ့ စက်ထဲသွင်းပြီး စစ်တဲ့ဟာပါ ။ နာရီဝက်စောင့်ခိုင်းပြီး ဓာတ်မှန်ဖလင်ပြား ပေးပါတယ် ။ ပြီးတော့ အဲဒီဖလင်ပြားကို နောက်ထပ်ဌာနခွဲတစ်ခုက ဆရာဝန်ဆီသွားပြီး ပြပေးရပါတယ် ။ အဲဒီ ဆရာဝန်ဆီမှာ ပြတော့ ပါးစပ်ကနေ ပိုက်သွင်းပြီး အထဲက အစာအိမ်ကို ကြည့်ပါတယ် ။ တော်တော်လေးကို အဆင်မပြေခဲ့ပါဘူး ။ နောက်တစ်ပတ်ခြားမှာ တစ်ခါပိုက်သွင်းပြီး ကြည့်ပါတယ် ။ နောက်ထပ်တစ်ခါ ဆီးစစ် သွေးစစ် လုပ်ပါတယ် ။ ကျနော်လည်း မေးကြည့်ပါတယ် ။ Result ကတော့ မထွက်သေးဘူးလို့တော့ပြောပါတယ် ။ အဲဒါနဲ့ နောက်တစ်ခါ ဓာတ်မှန်ရိုက်ရင် အဖြေထွက်လိမ်မယ့်ထင်တယ်တဲ့ ။ ဓာတ်မှန်လည်းရိုက်ပြီးရော ၁၅ မိနစ်အတွင်းမှာ ဖလင်လိပ်ပေးလိုက်ပါတယ် ။ အားလုံးပြီးလို့ မေးကြည့်ပါသေးတယ် ။ အဖြေမကမထွက်သေးပါ ။ တစ်လခွဲကျော်ကျော်ထိ ဆေးစစ်တာ အဖြေမတွေ့ရှိခဲ့ပါ ။ အဲဒီနောက်ပိုင်း ကျောင်းလည်းဖွင့်ပြီမို့ ဆေးစစ်တာကို ရပ်နားလိုက်ပါတယ် ။ စားတာသောက်တာတော့ ပုံမှန်ပြန်ဖြစ်လာပြီး ဗိုက်ကအရင်လို နာကျင်တာမျိုးမဖြစ်တော့ပါ ။ Result လည်းမသိခဲ့ရပါ ။ ဒါက ဆေးစစ်ပြီးလို ပြန်လည်ပြောပြတာပါ ဆရာ ။ နောက်ထပ် မေးချင်တာ ၊ သိချင်တာလေးတွေရှိပါသေးတယ် ခင်ဗျာ ။ အားလပ်တဲ့အချိန်ခါမှ ဖြေပေးပါဆရာ ။
ပြန်လည်ဖြေကြားပေးတဲ့ ဆရာကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

Anonymous said...

taw said...
သိရ ဖတ်ရတာ (ဆောရီး) ဗျာ။ ကျွန်တော်တို့ ဆရာဝန်တွေ ဆေးရုံတွေက အဲလိုဘဲ။ အထူးကုဖြစ်လေ အဲလို ကြံ့ကြာလေ၊ ကြီးကျယ်လေဘဲဗျ။ (ကျွန်တော်က ဘာအထူးကုမှ မဟုတ်လို့ ပြောတာပါ။)
စိတ်ပျက်စရာ မရှိတော ပြောရရင် ခုထိ ရောဂါ မတွေ့သေးရင် ရောဂါမရှိသေးသလို ထင်နိုင်ပါတယ်။
ခံစားနေရတာ ရှိရင်တော့ အကြံလိုရင် ပြောပါ။ ဒီနေရာကနေ သက်ဆိုင်ရာ ဆရာ-ဆရာမတွေကနေ ပြောပြနိုင်ပါလိမ့်မယ်။ လေနာက အဲလိုဖြစ်တတ်တယ်။ ဖြစ်လိုက် သက်သာလိုက်နေတတ်တယ်။ လောလောဆည် သောက်နေကြ ဆေး၊ အစားအစာကိုသာ ဆက်လုပ်ပါချင်ဗျား။
တဆ
၂၉-၁၁-၂၀၁၀

Unknown said...

ဆရာတို့ ကျ​နော်​ကိုကူညီပါ ဘယ်​ဘက်​ရင်​ဘတ်​က​အောက့်​တယ်​ အစာအိမ်​​ဆေးစားတာ ၂လရှိပြီး မသက်​သာ​သေးဘူးထိုင်းမှာအလုပ်​လာလုပ်​ပါတယ်​ဗျာ

Unknown said...

ဆရာသမီးရင်ခေါင်း က အမြဲအောင့်နေတယ်။တခါတလေပြန်ကောင်းသွားပြန်ရော။ရင်ခေါင်းကိုဖိ ပီးစမ်းကြည့်ရင်အရမ်းနာတယ် ultrasound တော့ရိုက်ဖူးပါတယ် အစာအိမ်ရောင်တာလည်းမရှိဘူးတဲ့ သမီးကလေးဘက်နာဆိုလည်း၅၈၉လောက်ရှိပါတယ် နှလုံးလည်းကြီးတယ် အစားအမာနည်းနည်းစားမိရင် ရင်ခေါင်းကအောင့်ပီးလေလည်မှသက်သာပါတယ် ညဆိုလေ တွေခဏခဏ အပေါ်ဆန်တက်ပီးအိပ်လို့လည်းမရပါဘူး မောလည်းမောတယ် အစာ အိမ်က ဖြစ်တာလားသိချင်ပါတယ် ဘယ်လိုအစားစားရမလဲမသိဘူး

Unknown said...

ဆရာသမီးရင်ခေါင်း က အမြဲအောင့်နေတယ်။တခါတလေပြန်ကောင်းသွားပြန်ရော။ရင်ခေါင်းကိုဖိ ပီးစမ်းကြည့်ရင်အရမ်းနာတယ် ultrasound တော့ရိုက်ဖူးပါတယ် အစာအိမ်ရောင်တာလည်းမရှိဘူးတဲ့ သမီးကလေးဘက်နာဆိုလည်း၅၈၉လောက်ရှိပါတယ် နှလုံးလည်းကြီးတယ် အစားအမာနည်းနည်းစားမိရင် ရင်ခေါင်းကအောင့်ပီးလေလည်မှသက်သာပါတယ် ညဆိုလေ တွေခဏခဏ အပေါ်ဆန်တက်ပီးအိပ်လို့လည်းမရပါဘူး မောလည်းမောတယ် အစာ အိမ်က ဖြစ်တာလားသိချင်ပါတယ် ဘယ်လိုအစားစားရမလဲမသိဘူး