Wednesday, June 24, 2009

Electro-Convulsive Therapy (ECT)


ECT ကို လူတွေ ကြောက်တယ် ဆိုတာ အဆိုးတွေကိုပဲ ပုံကြီးချဲ့ပြတဲ့ မီဒီယာတွေ၊ သြဇာရှိသူတွေရဲ့ သက်ရောက်မှုတွေကြောင့်သာ ဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာတွေ့ရှိတဲ့ အန္တရာယ်ရှိမှုကြောင့် မဟုတ်ပါဘူး။ တနည်းအားဖြင့် အရပ် ပြောနဲ့ပဲ ရမ်းကြောက်နေကြတာ ဖြစ်ပါတယ်။

ခုခေတ်မှာတော့ လူနာကို ရှော့ခ်ပေးချိန် မိနစ်ပိုင်းလေးအတွင်း မေ့ဆေး ပေးထားလို့ ရတယ်။ ရှော့ခ်ကြောင့် တက်တဲ့အခါ ကြွက်သားတွေ အရမ်း မလှုပ်ရှားရလေအောင် ဖြေဆေး ပေးထားတယ် ဆိုတော့ မလိုအပ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေ မရှိတော့ပါဘူး။ လူနာကလည်း ဟန်မပျက်လေး ပြန်နိုးလာ လက်ဖက်ရည် သောက်ပြီး နာရီဝက်လောက် နေရင် လူနာဆောင်ထဲ ပြန်နိုင်တာပဲ။ အဲဒီလို စိတ်ချရတဲ့ ကုထုံး ဖြစ်ဖို့ ခေတ်မီ စက်ကိရိယာ၊ ဆေးဝါးနဲ့ တတ်သိကျွမ်းကျင်မှုတွေတော့ အများကြီး လိုတာပေါ့။

ECT သို့မဟုတ် လျှပ်စစ်ဓာတ်နဲ့ ရှော့ခ်ရိုက် ကုသခြင်းကို (၁၉၃၈) ခုနှစ်မှာ အီတာလျံလူမျိုး သုတေသန ပညာရှင် နှစ်ဦး ( Cerletti and Bini) က ခွေးတွေမှာ စမ်းသပ်ရင်း တွေ့ရှိခဲ့ပါတယ်။ ဒီ့မတိုင်ခင် (၁၉၃၄) ခုနှစ်တုံးက ဟန်ဂေရီလူမျိုး စိတ်ရောဂါကု ဆရာဝန် Meduna က စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) နဲ့ အတက်ရောဂါ (Epilepsy) လက္ခဏာတွေ အတူတွဲ မဖြစ်တတ်တာကို ပထမ လေ့လာမိခဲ့တာ ဖြစ်ပါတယ်။ ဒါပေါ် မူတည်ပြီး အီတာလျံနှစ်ယောက်က လူတွေမှာ ဒီကုထုံးကို စသုံးကြည့်ရာကနေ တွင်ကျယ်လာခဲ့တာပါ။



ခုခေတ်မှာတော့ လူနာကို ရှော့ခ်ပေးချိန် မိနစ်ပိုင်းလေးအတွင်း မေ့ဆေး ပေးထားလို့ ရတယ်။ ရှော့ခ်ကြောင့် တက်တဲ့အခါ ကြွက်သားတွေ အရမ်း မလှုပ်ရှားရလေအောင် ဖြေဆေး ပေးထားတယ် ဆိုတော့ မလိုအပ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေ မရှိတော့ပါဘူး။ လူနာကလည်း ဟန်မပျက်လေး ပြန်နိုးလာ လက်ဖက်ရည် သောက်ပြီး နာရီဝက်လောက် နေရင် လူနာဆောင်ထဲ ပြန်နိုင်တာပဲ။ အဲဒီလို စိတ်ချရတဲ့ ကုထုံး ဖြစ်ဖို့ ခေတ်မီ စက်ကိရိယာ၊ ဆေးဝါးနဲ့ တတ်သိကျွမ်းကျင်မှုတွေတော့ အများကြီး လိုတာပေါ့။

ECT သို့မဟုတ် လျှပ်စစ်ဓာတ်နဲ့ ရှော့ခ်ရိုက် ကုသခြင်းကို (၁၉၃၈) ခုနှစ်မှာ အီတာလျံလူမျိုး သုတေသန ပညာရှင် နှစ်ဦး ( Cerletti and Bini) က ခွေးတွေမှာ စမ်းသပ်ရင်း တွေ့ရှိခဲ့ပါတယ်။ ဒီ့မတိုင်ခင် (၁၉၃၄) ခုနှစ်တုံးက ဟန်ဂေရီလူမျိုး စိတ်ရောဂါကု ဆရာဝန် Meduna က စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) နဲ့ အတက်ရောဂါ (Epilepsy) လက္ခဏာတွေ အတူတွဲ မဖြစ်တတ်တာကို ပထမ လေ့လာမိခဲ့တာ ဖြစ်ပါတယ်။ ဒါပေါ် မူတည်ပြီး အီတာလျံနှစ်ယောက်က လူတွေမှာ ဒီကုထုံးကို စသုံးကြည့်ရာကနေ တွင်ကျယ်လာခဲ့တာပါ။

ပထမတော့ ဒီကုထုံးကို စိတ်ကစဉ့်ကလျားရောဂါ ဝေဒနာရှင်တွေမှာပဲ အသုံးများခဲ့ပါတယ်။ မေ့ဆေးလည်း မသုံး၊ ကြွက်သား ဖြေလျော့ဆေးတွေလည်း မသုံးပဲ အစိမ်း ရှော့ခ်ရိုက်တာ ဆိုတော့ အတော်ပဲ ကြောက်စရာ ကောင်းခဲ့ပါတယ်။ လူအများ ကြောက်ခဲ့တာကလည်း ဒါမျိုးကို နာမည်ကြီး ရုပ်ရှင် (One Flew Over the Cuckoo's Nest) မျိုးမှာ တွေ့ခဲ့ကြတာကိုး။ (A Beautiful Mind ဇာတ်ကားထဲမှာ သုံးတာကတော့ Insulin Shock / Insulin Coma Therapy ဖြစ်ပါတယ်။ တော်တော် ကြောက်စရာကောင်းပြီး သိပ္ပံနည်း မကျတဲ့ ကုထုံး ဖြစ်လို့ နောက်ပိုင်းမှာ ဆက်မသုံးတော့ပါဘူး)

ဒီလိုဆိုတော့ ECT ကရော သိပ္ပံနည်းနဲ့ အတိအကျ နားလည်ပြီးသား ကုထုံးလားလို့ မေးရင် မဟုတ်သေးပါဘူး။ ဦးနှောက်ထဲက ဓာတုပစ္စည်းတွေ အပေါ် သက်ရောက်မှု ရှိတယ် ဆိုတာ သိပေမယ့် ဘယ်လို mechanism of action နဲ့ အတိအကျ အလုပ်လုပ်တယ် ဆိုတာ အသေးစိတ် မသိကြသေးပါဘူး။ သို့သော် မေ့ဆေး၊ ကြွက်သားဖြေလျော့ဆေးတွေနဲ့ ဘေးထွက်ဆိုးကျိုး နည်းအောင် လုပ်လို့ ရလာတာရယ်၊ လက်တွေ့ စမ်းသပ်ချက်တွေ အရ ရောဂါ လက္ခဏာတွေ သက်သာပြီး အကျိုး ရှိမှန်း သေချာ သိလာတာရယ်ကြောင့် ECT ကတော့ စိတ်ရောဂါကုထုံး တစ်ခုအနေနဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဆေးနဲ့ ကုလို့ မရမှ သုံးတဲ့နည်းပါ။ First-line treatment တော့ မဟုတ်ပါဘူး။

ECT ကို မူလက စိတ်ကစဉ့်ကလျား ရောဂါ (Schizophrenia) မှာ သုံးပေမယ့် နောက်ပိုင်း စမ်းသပ် တွေ့ရှိချက်တွေအရ အဲဒီရောဂါမှာ မထိရောက်လှတာ သိလာလို့ မသုံးတော့ပါဘူး။ ခုခေတ်မှာတော့ ECT ကို အပြင်းထန်ဆုံး စိတ်ဓာတ်ကျရောဂါ (မစားမသောက်နဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးကိုပါ ခြိမ်းခြောက် ထိခိုက်လာတဲ့ သို့မဟုတ် သတ်သေဖို့ အလားအလာ သိပ်များနေတဲ့ အနေအထားမျိုး) မှာ အရေးပေါ် အနေနဲ့ သုံးပါတယ်။ မြန်မြန်နဲ့ အာနိသင် ရတတ်လို့ အသုံးတည့် အသက်ကယ်ရာ ရောက်ပါတယ်။ သုံးသင့်တဲ့ နေရာ ဆိုရမှာပေါ့။ အသက်ကြီးသူ လူနာတွေကျတော့ ဆေးတွေကို ပြင်းအားများများ တင်လိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးဒဏ် မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခါမှာ တခြားနည်းလည်း မရှိတော့တဲ့အတွက် ECT ကို အဆိုပြု အသုံးချတတ်ပါတယ်။ တချို့ကျတော့ ဆေးတွေ အမျိုးစုံကို ဂိတ်ဆုံးရောက်တဲ့ထိ တင်တာတောင် အကျိုး မခံစားရလို့ (တနည်းအားဖြင့် ဆေးမတိုးလို့) သုံးရတာ ရှိပါတယ်။

ဘာကြောင့်ပဲ သုံးမယ်လို့ ဆုံးဖြတ် ဆုံးဖြတ်၊ လူနာကို အရင် ရှင်းပြပြီး သူ သဘောတူမှ ပေးရတာပါ။ လူနာက မဆုံးဖြတ် နိုင်လောက်အောင် စိတ်ရောဂါ ဖိစီးနေရင်တော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဒုတိယ ထင်မြင်ချက်ပေး ဆရာဝန်ကြီး (second opinion doctor) ကို တိုင်ပင်ပြီးမှ ပေးပါတယ်။ အရမ်း လုပ်လို့ မရပါဘူး။

ရှော့ခ်ရိုက်တယ် ဆိုရာမှာ လျှပ်စစ်ဓာတ် ပြင်းအားအနည်းငယ်ကို ဦးခေါင်းရဲ့ ဂျိုစောင်း တစ်ဖက်တစ်ချက်ကနေ electrode နဲ့ စက္ကန့်ပိုင်းလေး ပေးတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာ လူနာကို မေ့ဆေးဆရာဝန်က စစ်ဆေးပြီး မေ့ဆေးအတိုစားနဲ့ ကြွက်သား ဖြေလျော့ဆေး ကြိုပေးထားပါတယ်။ တက်တဲ့အချိန်မှာ လူနာ ဘာမှ မသိဘူးပေါ့။ ကြွက်သားတွေလည်း မတရား တောင့်တင်း သွားခြင်း မရှိတဲ့ အတွက် ခြေလက်တွေ ကောက်ကွေး တက်ချက် ကျိုးပဲ့တာ မဖြစ်တော့ပါဘူး။ ဒါဟာ ခေတ်မီ ပြုပြင်ပြောင်းလဲထားတဲ့ modified ECT ပါပဲ။ အနောက်နိုင်ငံတွေမှာ လက်ရှိ သုံးနေဆဲ ဖြစ်ပါတယ်။ အသေအချာ ရွေးပြီး သုံးတာ ဖြစ်ပြီး လူနာလည်း အကျိုးကျေးဇူး ခံစားရပါတယ်။ စိတ်လည်း ချရပါတယ်။

ECT ရဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့ မေ့ဆေးနဲ့ ပတ်သက်တဲ့ အန္တရာယ် (အခြားသော အသေးစား ခွဲစိတ်ခြင်းများမှာ အတိုင်း) ရှိတတ်တာရယ်၊ မှတ်ဥာဏ်ကို ထိခိုက်တာရယ် (ECT ရှော့ခ်ရိုက်ခါနီး အချိန်က အဖြစ်အပျက်တွေကို မမှတ်မိပေမယ့် ကျန်တဲ့ မှတ်ဥာဏ်က ဘာမှ မဖြစ်ပါဘူး) အဓိက ဖြစ်ပါတယ်။ ECT တစ်ခါ ပေးပြီးတိုင်း ခေါင်းကိုက် ခေါင်းမူးတတ်တာ၊ ကြွက်သားတွေ ကိုက်ခဲတတ်တာ၊ ပျို့အန်ချင်ပြီး အစားမစားနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။

ECT ကုထုံးကို ဦးနှောက်တွင်း ဖိအားများနေတဲ့ (ဦးနှောက်အကြိတ် တစ်မျိုးမျိုး ရှိနေ) သူတွေ၊ မကြာသေးမီက နှလုံးရောဂါ ရထားသူတွေ၊ နှလုံး သွေးကြောမကြီး သို့မဟုတ် ဦးနှောက်တွင်း သွေးကြောဖောင်းနေတဲ့ ရောဂါ (cerebral / arotic aneurysms) ရှိသူတွေမှာ မသုံးရပါဘူး။ ECT ကြောင့် သွေးဖိအား၊ ဦးနှောက်တွင်း ဖိအားတွေ ပိုများလာပြီး ရောဂါ ပိုဆိုး၊ အသက်အန္တရာယ် ရှိနိုင်လို့ပါ။

လူနာတစ်ယောက်ဟာ ECT နဲ့ ကုရပြီ ဆိုရင် တစ်ပတ်မှာ နှစ်ကြိမ် treatment ယူရပါတယ်။ နေ့တိုင်းကိစ္စ မဟုတ်ပါဘူး။ တတိယပတ်လောက် ရောက်လာရင် ရောဂါလက္ခဏာတွေ တော်တော်ပဲ သက်သာ ပျောက်ကင်းနေတတ်ပြီ။ စုစုပေါင်း (၆) ကြိမ်ကနေ (၈) ကြိမ် treatment ယူရတတ်ပါတယ်။ အများဆုံး (၁၂) ကြိမ်ပေါ့။ ECT ကြောင့် ရောဂါ သက်သာခြင်းဟာ အဖြစ်မြန် အပျက်မြန်လို့ အရေးပေါ် အခြေအနေမှာပဲ အသုံးတည့်ပါတယ်။ ရေရှည်ထိန်းတဲ့ ကုထုံးအဖြစ် အသုံးမ၀င်ပါဘူး။ ဒီ့အတွက် ပုံမှန် သောက်ဆေးနဲ့ ကုရပါတယ်။

ECT ကို အင်မတန် ကြောက်စရာကောင်းပြီး လူမဆန်တဲ့ ကုထုံးအဖြစ် ပုံဖော်ကြသူများ ရှိသလို ECT ကြောင့် ဘ၀တွေ ပုံမှန် ပြန်ရောက် ဘ၀ တန်ဖိုးတွေ ပြန်ခံစားနိုင်တဲ့ လူနာတွေ၊ သူတို့ရဲ့ မိသားစုတွေလည်း တပုံတပင် ရှိပါတယ်။ ကျွန်မ အလုပ်လုပ်ခါစက လူနာ တစ်ယောက်ကို consent (ကုထုံးအတွက် သဘောတူညီချက်) ယူဖို့ ECT အကြောင်း ရှင်းပြတော့ အစအဆုံးလည်း ပြောပြီးရော သူက “မင်းသာ ငါ့နေရာမှာဆို ဒီကုထုံးကို လက်ခံမလား” တဲ့။ ကိုယ် ပြောတာ ကိုယ် ယုံကြည်တဲ့အတွက် 'of course I would' လို့ ဖြေခဲ့တာ သတိရမိတယ်။ ဆိုလိုတာက တကယ် လိုအပ်သူတွေအတွက် ထိရောက်တဲ့ ကုထုံး ဖြစ်တယ် ဆိုတာပါပဲ။ တွေ့ဖူး သိဖူး ကြားဖူးတာ ရှိရင် အတွေ့အကြုံ ဝေမျှဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေးပြီး ချမ်းသာကြပါစေ။



Related Posts :



4 comments:

Nu Thwe said...

Post ကိုပြန်ပြင်လိုက်လို့ comments တွေကိုပါ ပြန်ရွှေ့ပေးလိုက်ပါတယ်။

Ko Ko said...

စိတ်ကစဥ့်ကလျားရောဂါနဲ့ အတက်ရောဂါက ဘာလို့ တွဲမဖြစ်တာလဲခင်ဗျာ။ ခဏခဏ တက်တဲ့လူတွေရော ဥာဏ်ရည် ထိခိုက်တတ်လား။
ဝတ္ထုထဲမှာ ၁၀ တန်းမှာ ဂုဏ်ထူးအပြည့်မရလို့ ဆုတက်ယူရင်း စိတ်ဖောက်သွားတဲ့ ဇာတ်လိုက်မင်းသမီးကို ရှော့ခ်ရိုက်ပြီး ကုတဲ့အကြောင်း ဖတ်ဖူးတယ်။ အကောင်းကြီးကနေ ဒီလို ဖြစ်သွားရင် ဒီနည်းနဲ့ ကုရတာလားခင်ဗျာ။

June 25, 2009 12:58 AM

Nu Thwe said...

Blogger Nge Naing said...

ဆရာမ နုသွဲ့ရေ
ဒီပို့စ်လေးက စာဖတ်သူတွေအတွက် ဗဟုသုတရစရာ အသစ်အဆန်းလေး ဖြစ်မှာအမှန်ပဲ။ ကျွန်မတော့ ပြီးခဲ့တဲ့နှစ်က အခြေခံ Mental Health subject ကို သင်ရမှ ဒီစကားလုံးနဲ့ ကုထုံးကို စလေ့လာခဲ့ရတယ် အရင်က ECT ဆိုတာ ရုပ်ရှင်ထဲမှာလည်း မကြည့်ဖူးဘူး၊ အပြင်မှာလည်း တခါမှကို မကြားဖူးဘူး။ ကျွန်မအတန်းဖေါ်တွေအထဲမှာတော့ ရုပ်ရှင်ကြည့်ဖူးတဲ့သူတွေ ရှိပါတယ်။ သီအိုရီကို တကယ် ကိုယ်တိုင်လေ့လာရပြီး Clinical သွားလို့ လက်တွေ့မှာ စနစ်တကျ လုပ်နေတာကို တွေ့မှ ECT ဆိုတာ သူတို့ နားလည်ထားတာနဲ့ တခြားစီဖြစ်နေတယ်လို့ ပြောကြတယ်။ ကျွန်မအတွက်တော့ အဲဒီအချိန်ကမှ တွေ့ဖူးတဲ့ အသစ်အဆန်းမို့ တခြားရောဂါတွေလိုပဲ ရောဂါကုထုံးတခုကို စနစ်တကျ သုတေသနပြု စမ်းသပ်တွေ့ရှိထားတာ အောင်မြင်လို့ အသုံးပြုနေတယ် ဆိုတာပဲ နားလည်ပြီး ECT အပေါ် အမြင်ပြောင်းစရာ မရှိခဲ့ဘူး။ ဒါပေမယ့် Mental Health subject ကို သင်ရတဲ့အချိန်မှာတော့ Mental Health နဲ့ ပတ်သက်ပြီး အရင်က ကြားဖူးနားဝ ရှိထားတာနဲ့ လက်တွေ့မှာ ကျင့်သုံးနေတာနဲ့ တခြားစီဆိုတာကိုတော့ သိသွားပါတယ်။ ဒီလိုဖြစ်တာ ကျွန်မတယောက်တည်း မဟုတ်ဘူး။ မနက်က Mental Health Clinical က ပြန်ပြီး တက္ကသိုလ် ပြန်ရောက်ကြတော့ အခုဒီနှစ်အတွက် Special Elective ရွေးစရာ Subject 8ခုအအနက် တခြား Subject တွေကို ရွေးထားသူ အတော်များများဟာ သူတို့ အရင်ရွေးထားတဲ့ Subject တွေကနေ Mental Health ကို ပြောင်းလိုက်ကြတာ အများကြီးရှိခဲ့တယ်။ ကျွန်မလည်း Oppreating Theratre နဲ့ Medical & Surgical ကို Special အဖြစ် ရွေးထားရာကနေ Mental Health ကို ပြောင်းရမလား စဉ်းစားခဲ့သေးတယ်။ ဒါပေယ့် Mental Health က စိတ်ဝင်စားစရာ ကောင်းသလောက် လေ့လာရမယ့် ဥပဒေတွေ၊ စိတ်ပညာပိုင်းဆိုင်ရာ သီအိုရီတွေ များလွန်းတယ်၊ ပြီးတော့ ဒီ Subject အတွက် Assignment ကလည်း တခြား Subject တွေထက် ပိုများတယ်။ Assignment နဲ့ online discussion တွေအတွက် အချက်အလက် အချိန်မီ မရှာနိုင်ပဲ မနိုင်မနင်း ဖြစ်မှာစိုးလို့ ကျွန်မ Mental Health ကို စိတ်ဝင်စားပေမယ့် စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာ မဟုတ်လို့ မူလရွေးထားတဲ့ Acute Care subject ကိုပဲ ယူလိုက်ရတယ်။ ဒါပေမယ့် Mental Health ကို ကိုယ်တိုင် စိတ်ဝင်စားမှုအရ ဆက်လေ့လာနေပါတယ်။Mental Health နဲ့ ပတ်သက်တဲ့ ပို့စ်လေးတွေ နောက်ထပ်လည်း များများ တင်ပေးဖို့ ဆရာမ နုသွဲ့ကို ကျွန်မတိုက်တွန်းချင်တယ်။ မြန်မာစာပြည်က စာဖတ်သူတွေအတွက် အကျိုးရှိပြီး ဗဟုသုတ တိုးစေမှာလည်း သေချာပါတယ်။

June 25, 2009 5:57 AM

Nu Thwe said...

Blogger tune said...

thanks !

June 25, 2009 7:32 AM

Nu Thwe said...

Blogger Nu Thwe said...

(မောင်/ ဦး) ကိုကို မေးတာတွေကို ဖြေရရင် ဒီရောဂါနှစ်ခု ဆက်စပ်မှုဟာ ရှေးဦး ပဏာမ ကံအားလျော်စွာ တွေ့ရှိချက်သာ ဖြစ်ပါတယ်။
တက်တဲ့ ရောဂါ (epilepsy) ရှိတဲ့သူတွေမှာ တက်တိုင်း ဦးနှောက်ကို သွေးရောက်မှု နည်းစေလို့ ကောင်းကောင်း ဆေးမကုရင် မှတ်ဥာဏ် (memory) ကို အနည်းအကျဉ်း ထိခိုက်နိုင်ပါတယ်။ ငယ်ငယ်လေးတည်းက အတက်ရောဂါ ဆိုးရင်တော့ ဥာဏ်ရည် (intelligence) ထိခိုက်နိုင်တာပေါ့။ ကျွန်မက epilepsy ကို အထူးပြုတဲ့ neurologist မဟုတ်ပါဘူး။
ဘာသာရပ်ဆိုင်ရာ ပညာတွေကို သေသေချာချာ မလေ့လာပဲ စွတ်ရမ်းရိုက်တဲ့ ရုပ်ရှင်၊ ရေးတဲ့ ၀တ္ထုတွေဟာ သတင်းမှားတွေကို ပေးတတ်ပါတယ်။ သတိပြုစရာပါ။ ဒီခေတ်မှာ ECT ကို အလွန်ဆိုးတဲ့၊ သောက်ဆေး မတိုးတဲ့၊ မစားမသောက်လို့ အသက်အန္တရာယ် ရှိလာတဲ့ စိတ်ဓာတ်ကျရောဂါ အပြင်းစားမှာမှ သုံးပါတယ်။ အလွယ်ကုထုံး first choice မဟုတ်ပါဘူး။ စိတ်ဝင်တစား မေးမြန်းတာကို ကျေးဇူးတင်ပါတယ်။

မငယ်နိုင် ဖြည့်စွက်ဆွေးနွေးတာကိုလည်း ကျေးဇူးပါ။ နောက်ထပ် ရေးဖို့ စဉ်းစားနေတုံးပဲ။

ရပါတယ် မကျွန်း။ ဆရာ ဆူမှာစိုးလို့ပါး)