Wednesday, July 2, 2008

Post Traumatic Stress Disorder - PTSD



PTSD ဆိုသည်မှာ အကြီးအကျယ် ထိတ်လန့်ခြင်း၊ အသက် ဘေးအန္တရာယ် နှင့် ရင်ဆိုင်ရခြင်း သို့မဟုတ် အခြား ပြင်းထန် ဆိုးရွားသည့် အတွေ့ အကြုံများ ၏ နောက်ဆက်တွဲ အဖြစ် ဖြစ်ပေါ် တတ်သော စိတ်ပိုင်း ဆိုင်ရာ ဝေဒနာ တစ်ခု ဖြစ်ပါသည်။ PTSD ဝေဒနာ ခံစား ကြရသူ များသည် စိတ် မချမ်းမြေ့ ဖွယ် အဖြစ် အပျက် သို့မဟုတ် အဖြစ် အပျက် များအား ပုံစံ တစ်မျိုးမျိုးဖြင့် ပြန်လည် ခံစား ကြရပြီး ထို အဖြစ် အပျက် များအား ပြန်လည် သတိရ စေသည့် နေရာများ၊ လူများ သို့မဟုတ် အခြား အရာများအား ရှောင်လွှဲ လိုကြကာ သာမာန် ဘ၀ အတွေ့အကြုံ များ ကိုပင် ထိခိုက် ခံစား လွယ်ကြ ပေသည်။ ယင်းသို့သော အခြေ အနေများ သည် လူသားတို့ ဘေး ဒုက္ခများ စတင် ခံစား ကြရချိန် ကတည်းက တည်ရှိခဲ့ နိုင်သော်လည်း ၁၉၈၀ ပြည့်နှစ် ရောက်မှသာ PTSD အား တရားဝင် ရောဂါ တွေ့ရှိချက် တစ်ခုအဖြစ် အသိအမှတ် ပြုခဲ့သည်။

သို့သော်လည်း ယင်းကို အစောပိုင်း အချိန်များက အခြားအမည် တစ်မျိုးဖြင့် ခေါ်ဝေါ် ခဲ့ကြကာ အမေရိကန် ပြည်တွင်းစစ် ကာလများ အတွင်းက PTSD ခံစား ခဲ့ကြရသည့် တိုက်ပွဲပြန် စစ်မှုထမ်းဟောင်း များ၏ ဝေဒနာကို စစ်သား နှလုံးရောဂါ 'soldier’s heart' ဟု ခေါ်ဝေါ် ခဲ့ကြသည်။ ပထမ ကမ္ဘာစစ် အတွင်းကမူ PTSD ကဲ့သို့သော ဝေဒနာ များအား တိုက်ပွဲပန်းခြင်း “combat fatigue” ဟု ခေါ်ဝေါ် ခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ထိုသို့သော ဝေဒနာ ခံစားရသည့် စစ်သည်များအား ဆိုးရွားသော စိတ်ဖိစီး ဖောက်ပြန်ခြင်း ဝေဒနာ “gross stress reaction” ခံစားရသူများ ဟု ခေါ်ဝေါ် ခဲ့ကြပြီး ဗီယက်နမ်ပြန် စစ်သည်များ၏ ဝေဒနာကိုမူ ဗီယက်နမ်ပြန် ရောဂါ “post-Vietnam syndrome” ဟု ခေါ်ခဲ့ကြသည်။ PTSD အား တိုက်ပွဲပန်းခြင်း “battle fatigue” နှင့် လက်နက်ကြီးဒဏ် မပြတ် ခံရခြင်း ကြောင့် ဖြစ်သည့် စိတ်ချောက်ချားမှု ဝေဒနာ “shell shock” ဟုလည်း ခေါ်သေးသည်။ အစွဲအလမ်းကြောင့် ဖြစ်သည့် PTSD (Complex Post Traumatic Stress Disorder, C-PTSD) ဝေဒနာမှာမူ စိတ် မချမ်းမြေ့ဖွယ် အဖြစ်အပျက်များအား ကာလရှည်ကြာ သို့မဟုတ် အကြိမ်ကြိမ် ကြုံတွေ့ရာမှာ ဖြစ်ပေါ်တတ်ပြီး စိတ်ခံစားမှုများနှင့် လူမှုရေး အခြေအနေများပါ ရောနှော ပါဝင်သည့် ကြာရှည်ဖြစ်ပေါ် တတ်သည့် ပြဿနာ အဖြစ် သတ်မှတ်ကြသည်။



ခန့်မှန်း အားဖြင့် အမေရိကန် နိုင်ငံမှ ပြည်သူများ၏ ၇% မှ ၈% အထိသည် ၎င်းတို့၏ ဘ၀တွင် PTSD ခံစား ခဲ့ကြရ ပုံပေါ်ပြီး တိုက်ပွဲပြန် စစ်မှုထမ်းဟောင်းနှင့် မုဒိမ်းကျင့်ခံ ခဲ့ရသူများ၏ ၁၀% မှ ၃၀% ထိသည် PTSD ခံစား ခဲ့ကြရသည်။ အမေရိကန် နိုင်ငံအတွင်း ယင်း ဝေဒနာ ခံစား ရမှုနှုန်းသည် လူဖြူများနှင့် နှိုင်းစာပါက အာဖရိကန် မျိုးနွယ်ဝင်များ၊ စပိန် စကားပြောသည့် လက်တင် မျိုးနွယ်များနှင့် အမေရိကန် ဒေသခံ တိုင်းရင်းသားများတွင် ပိုမို မြင့်မားကြောင်းလည်း တွေ့ရသည်။ ထိုသို့ ကွာခြားရခြင်းမှာ ဘေးဒုက္ခ မကြုံမီနှင့် တွေ့ကြုံ ပြီးချိန်များ တွင် မသိစိတ်မှ လက်ခံနိုင်မှု နိမ့်ကျခြင်း၊ တစ်ဦးချင်း သို့မဟုတ် လူမျိုးစုလိုက်မှ မိမိကိုယ်ကို ပြစ်တင် တတ်ခြင်း၊ လူမှုရေးအရ ထောက်ပံ့မှု နည်းပါးခြင်း၊ ထိုလူမျိုးစုများအပေါ် လူမျိုးရေးခွဲခြားမှု မြင့်မားခြင်းနှင့် လူမျိုးစုအလိုက် ပရိဒေ၀ ဖိစီးမှုအား ဖော်ပြပုံ မတူညီခြင်း တို့ကြောင့် ဖြစ်နိုင်ပေသည်။ PTSD နှင့်ပတ်သက်၍ အခြား အရေးပါသည့် အချက်များမှာ အမေရိကန်နိုင်ငံ အတွင်း တွင် မည်သည့် အချိန်တွင် မဆို ခန့်မှန်းခြေ လူငါးသန်းခန့်သည် PTSD ခံစား နေကြရသည် ဆိုသည့် အချက်နှင့် အမျိုးသမီး များသည် အမျိုးသား များထက် PTSD ခံစား ရနိုင်ခြေ နှစ်ဆ ပိုမိုသည် ဆိုသည့် အချက်တို့ပင် ဖြစ်ပေသည်။ မိဘတစ်ဦးဦး အသတ် ခံရသည်ကို မြင်ခဲ့သူ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရခြင်း သို့မဟုတ် အသုံးချ ခံရခြင်းတို့ ကြုံခဲ့ရသူ ကလေးငယ်များ၏ ၁၀၀% သည် PTSD ခံစား ရနိုင်ပြီး လူအစုလိုက် အကြမ်းဖက်မှုအား ကြုံတွေ့ခဲ့ရသည့် လူငယ်များ၏ သုံးပုံတစ်ပုံသည် PTSD ခံစားရနိုင် ပေသည်။

PTSD ၏ အကျိုးဆက်များ

PTSD အား ကုသခြင်းမရှိပါက ဝေဒနာ ခံစားရသူ၏ လုပ်ဆောင် ဖွယ်ရာနှင့် ဆက်ဆံရေးများ၊ မိသားစုများ ကိုသာမက ၎င်းတို့၏ လူမှု အသိုက်အ၀န်း ကိုပါ အကြီးအကျယ် ထိခိုက် စေနိုင်ပါသည်။ ငယ်ရွယ် သေးချိန်တွင် လိင်ပိုင်ဆိုင်ရာ မတရား ပြုကျင့်ခြင်း ခံခဲ့ရသည့် အမျိုးသမီး များသည် C-PTSD နှင့် ယဉ်ယဉ်လေး ရူးခြင်း (borderline personality disorder) တို့ကို ခံစားရနိုင်ပေသည်။ ကိုယ်ဝန် ဆောင်စဉ် အတွင်း ထိုသို့သော ဝေဒနာ ခံစားခဲ့ရသူ မိခင်မှ မွေးဖွား လာသော ကလေးငယ်သည် ခန္ဓာကိုယ်အတွင်း အနည်းဆုံး ဓာတုဗေဒ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နိုင်ကာ နောက်ပိုင်း ဘ၀တွင် PTSD ခံစားရနိုင်ချေ မြင့်မားပေသည်။ ထိုသို့သောဝေဒနာ ခံစားရသူများတွင် ဆေး ဘက်ဆိုင်ရာ ပြဿနာများ ပိုမို ဖြစ်ပေါ်နိုင်ပြီး မျိုးပွားမှု တွင်လည်း အခက်အခဲ ရှိနိုင်ပေသည်။ စိတ်ပိုင်း ဆိုင်ရာ အရလည်း PTSD ဝေဒနာရှင်များသည် အခြား စိတ်ခံစားမှုဆိုင်ရာ ဝေဒနာရှင် များထက် စိတ်ကျန်းမာရေး ကုသမှုများအား လက်ခံရာ တွင် ပိုမို ခက်ခဲကြသည်။ ကလေးငယ်များနှင့် ဆယ်ကျော်သက် များတွင်မူ PTSD သည် ၎င်းတို့၏ လူမှုရေးနှင့် စိတ်ခံစားမှု ဖွံ့ဖြိုးရေးကို အထူး ထိခိုက်စေနိုင်ပြီး သင်ယူနိုင် စွမ်းရည်ကိုလည်း ထိခိုက် နိုင်ပေသည်။

PTSD ဘာကြောင့် ဖြစ်ရသလဲ?

စင်စစ်အားဖြင့် အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော သို့မဟုတ် တစ်ဦး တစ်ယောက်၏ စိတ္တသုခအား အကြီးအကျယ် ထိခိုက် စေသော အဖြစ်အပျက်တိုင်းသည် PTSD ကို ဖြစ်ပေါ် စေနိုင်ပေသည်။ ထိုသို့သော အဖြစ်အပျက် များတွင် ပြင်းထန်သော မတော်တဆမှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက် နာကျင်မှုအား ကြုံတွေ့ခြင်း သို့မဟုတ် မြင်တွေ့ရခြင်း၊ အသက် အန္တရာယ် ဖြစ်လောက်သည် အထိ ရောဂါ ဝေဒနာ ခံစားရခြင်း၊ ပြန်ပေးဆွဲခံရခြင်း သို့မဟုတ် နှိပ်စက်ညှင်းပန်းခံရခြင်း၊ စစ်ပွဲ သို့မဟုတ် သဘာဝ ဘေးအန္တရာယ် သို့မဟုတ် အခြား ဘေးအန္တရာယ် (ဥပမာ-လေယာဉ် ပျက်ကျခြင်း) သို့မဟုတ် အကြမ်းဖက် သမားတို့၏ တိုက်ခိုက်ခြင်း တို့ကို ကြုံတွေ့ခြင်း၊ မုဒိမ်းကျင့် သို့မဟုတ် ရိုက်နှက် လုယူ သို့မဟုတ် ဓါးပြတိုက် သို့မဟုတ် အပြင်းအထန် တိုက်ခိုက် ခံရခြင်း၊ ရုပ်ပိုင်း သို့မဟုတ် လိင်ပိုင်း သို့မဟုတ် စိတ်ပိုင်း ဆိုင်ရာအရ မတရား အသုံးချ ခံရခြင်းနှင့် ပြည်တွင်း ပဋိပက္ခတွင် ပါဝင်ရခြင်း တို့လည်း အကျုံးဝင် ပေသည်။

PTSD ၏ အန္တရာယ်နှင့် ယင်းအား ကာကွယ်နိုင်မှု

PTSD ဖြစ်လောက် သည်အထိ အန္တရာယ် ကျရောက်စေသော အချက်များတွင် စိတ်မချမ်းမြေ့ဖွယ် အဖြစ်အပျက်၏ ဖြစ်ပေါ်ချိန် ကြာမြင့် ခြင်း၊ ယင်း အဖြစ်အပျက်၏ ဖျက်ဆီးနိုင်မှု မြင့်မားခြင်း၊ အဖြစ်အပျက် မတိုင်မီက စိတ်ခံစားမှု အခြေအနေတစ်ခု ရှိခြင်းနှင့် မိသားစုနှင့် မိတ်ဆွေများ ကဲ့သို့သော လူမှုရေးအရ အထောက်အကူပြုမှု နည်းပါးခြင်းတို့ ပါဝင်ပေသည်။ ထို့ပြင် ကလေးငယ်များနှင့် ဆယ်ကျော်သက် များ၊ အမျိုးသမီးများနှင့် သင်ယူနိုင်မှု ချို့ယွင်းနေသူ သို့မဟုတ် အိမ်တွင်း အကြမ်းဖက်ခံရသူများသည် စိတ် မချမ်းမြေ့ဖွယ် အဖြစ်အပျက် နောက်ပိုင်းတွင် PTSD ခံစားရနိုင်မှု ပိုမိုမြင့်မားသည်။

ဘေးဒုက္ခ အဖြစ်အပျက်များတွင် လက်ငင်း ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ထောက်ပံ့ ပို့ဆောင်ရေး ကိစ္စများအတွက် ဘေးအန္တရာယ် အသင့်ဖြစ် ရေး လေ့ကျင့်မှုများ (disaster-preparedness training) သည် ယေဘုယျအားဖြင့် ကောင်းသော အကြံများဖြစ်သကဲ့သို့ပင် PSTD ဝေဒနာအတွက် အရေးပါသော ကာကွယ်မှုကိုလည်း ပေးနိုင်ပေသည်။ သက်သေ သာဓကအနေဖြင့် ပညာရှင်အဆင့် လေ့ကျင့်မှု နှင့် အတွေ့အကြုံ ရရှိထားသူများ (ဥပမာ-ရဲများ၊ မီးသတ်သမားများ၊ စိတ်ကျန်းမာရေးပညာရှင်များ၊ ဆေးဘက်အကူများနှင့် အခြား ဆေးဘက်ပညာရှင်များ) သည် ဘေး အန္တရာယ်များနှင့် ကြုံတွေ့သည့်အခါ ထိုသို့သော လေ့ကျင့်မှုနှင့် အတွေ့အကြုံ မရှိသူများထက် PTSD ခံစားရမှု နည်းပါးကြောင်း တွေ့ရသည်။

အချို့ ဆေးဝါးများသည်လည်း PTSD ဝေဒနာကို ကာကွယ်နိုင်ကြောင်း တွေ့ရသည်။ စိတ်ကျရောဂါ ကုသရန်၊ နှလုံးခုန်နှုန်း လျှော့ချရန် သို့မဟုတ် အခြားသော ကိုယ်ခန္ဓာ ဓါတုပစ္စည်းများ၏ လုပ်ငန်းကို တိုးမြှင့်ရန် အသုံးပြုသည့် အချို့ဆေးဝါးများအား ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရ သူများအား ဘေးဒုက္ခ ကျရောက်ပြီးချိန်တွင် တိုက်ကျွေးပါက PTSD ကို ထိရောက်စွာ ကာကွယ် ပေးနိုင်ကြောင်း တွေ့ရ သည်။

PTSD ၏ ရောဂါလက္ခဏာများ

PSTD အား လေ့လာရာတွင် ခွဲခြားရန်လိုအပ်သည့် ရောဂါလက္ခဏာအုပ်စု သုံးခုမှာ-

* ဘေးဒုက္ခအား အကြိမ်ကြိမ် ပြန်လည် ခံစားနေရခြင်း (ဥပမာ-စိတ်ပျက်ဖွယ်အကြောင်းအရာများအား မှတ်မိနေခြင်း၊ ဘေးအန္တရာယ် အဖြစ်အပျက်များအား ပြန်လည် မြင်ယောင်ခြင်း၊ ဘေးအန္တရာယ်နှင့်ပတ်သက်၍ အကြိမ်ကြိမ် အိပ်မက်ဆိုးများ ပြန်မက်ခြင်း)
* ဘေးအန္တရာယ် ကျရောက်ခဲ့သည်ကို ပြန်လည် အမှတ်ရစေသည့် နေရာ၊ လူများနှင့် အတွေ့အကြုံများအား ထိတ်လန့် ရှောင်လွှဲ လိုခြင်းနှင့် စိတ်ခံစားမှုအရ အလိုက်သင့် တုံ့ပြန်နိုင်စွမ်းများ ယေဘုယျအားဖြင့် ထုံထိုင်းသွားခြင်း
* အိပ်စက်မရခြင်း၊ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ စိတ်ကသိကအောက် ဖြစ်လွယ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ အာရုံစိုက်မှု အားနည်းခြင်း၊ မှတ်ဉာဏ်ပျောက်ခြင်း သို့မဟုတ် မှတ်သားရန် ခက်ခဲခြင်း၊ ခြောက်လှန့်မှုအား တုံ့ပြန်မှု မြင့်မားခြင်းနှင့် အန္တရာယ်အား လိုသည်ထက် ပို၍ သတိဝီရိယရှိခြင်း စသည့် နိုးကြားမှုလွန်ကဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ နာတာရှည် လက္ခဏာများ ဟူ၍ ဖြစ်ပေသည်။

PTSD ကြောင့် စိတ်ခံစားမှုပိုင်း ထုံထိုင်းသွားခြင်းသည် ယခင်နှစ်ခြိုက်ခဲ့သည့်အရာများအား စိတ်ဝင်စားမှု လျှော့နည်းခြင်း (anhedonia)၊ စိတ်ခံစားမှု ဆိတ်သုဉ်းခြင်း၊ အခြားသူများနှင့် ဝေးရာတွင်နေခြင်း သို့မဟုတ် တိုတောင်းသော ရှေ့အနာဂါတ်ကိုသာ မျှော်တွေးခြင်း (ဥပမာ-လူတစ်ဦးသည် ကြာရှည် အသက်ရှင် နေနိုင်သည်ဟု မယုံကြည်တော့သဖြင့် အနာဂါတ်အကြောင်း မတွေးနိုင်ခြင်း သို့မဟုတ် အနာဂါတ် စီမံကိန်း မချနိုင်ခြင်း) စသဖြင့် လက္ခဏာ ပြပေလိမ့်မည်။ PTSD အဖြစ်သတ်မှတ်ရန် အနည်းဆုံး တစ်လအတွင်း ဘေး ဒုက္ခအား ပြန်လည် ခံစားရခြင်း တစ်ကြိမ်၊ ဒုက္ခအား ပြန်လည် သတိရစေသည် များအား ရှောင်လွှဲခြင်း သို့မဟုတ် ခံစားမှု ထုံထိုင်းခြင်း သုံးကြိမ်နှင့် နိုးကြားမှုလွန်ကဲခြင်း နှစ်ကြိမ် ဖြစ်ပေါ်ခံစားရမည်ဖြစ်ပြီး သိသိသာသာ စိတ်ဓါတ်ကျနေခြင်း သို့မဟုတ် လုပ်ကိုင် ဆောင်ရွက်မှု ပျက်ပြား နေခြင်း လက္ခဏာများ ရှိရပေမည်။ PTSD သည် သုံးလ သို့မဟုတ် ထို့ထက် ပိုကြာပါက ရောဂါ တာရှည်သည်ဟု သတ်မှတ် ရပေမည်။

ရောဂါ လက္ခဏာ တူညီသော အခြား ဝေဒနာတစ်မျိုးမှာ အကြီးအကျယ် စိတ်ဖိစီးမှု ဝေဒနာ (acute stress disorder, ASD) ဖြစ်ပေ သည်။ ယင်း ဝေဒနာနှစ်ခုအကြား အဓိက ကွာခြားချက်မှာ ASD သည် နှစ်ရက်မှ လေးပတ်အထိသာ ကြာတတ်ပြီး ရောဂါ သတ်မှတ်ရာ တွင် PTSD နှင့်နှိုင်းယှဉ်ပါက ရောဂါလက္ခဏာ အနည်းငယ်သာ ပြရန် လိုအပ်ပေသည်။

ကလေးများ တွင်မူ ဘေးဒုက္ခအား ပြန်လည် ခံစားရမှုသည် ဘေးဒုက္ခကြီးအား ပြန်လည် မြင်ယောင်ခြင်းမျိုးမဟုတ်ဘဲ စိတ်ဓါတ်ကျဖွယ် အိပ်မက်များ မြင်မက်ခြင်းကိုသာ ယေဘုယျ အားဖြင့် တွေ့ရသည်။ အရွယ်ရောက်ပြီး သူများတွင်မူ အနည်းဆုံး တစ်လအတွင်းတွင် ပြန်လည် မြင်ယောင်ခြင်း တစ်ကြိမ်၊ ဒုက္ခအား ပြန်လည် သတိရစေသည် များအား ရှောင်လွှဲခြင်း သို့မဟုတ် ခံစားမှု ထုံထိုင်းခြင်း သုံးကြိမ်နှင့် နိုးကြားမှုလွန်ကဲခြင်း နှစ်ကြိမ် ဖြစ်ပေါ် ခံစား ရမည်ဖြစ်ပြီး သိသိသာသာ စိတ်ဓါတ် ကျနေခြင်း သို့မဟုတ် လုပ်ကိုင် ဆောင်ရွက်မှု ပျက်ပြား နေခြင်း လက္ခဏာများ ရှိနေလျှင် PTSD အဖြစ် သတ်မှတ် ရမည် ဖြစ်သည်။ လက္ခဏာ ပြသချိန် တစ်လထက် နည်းပါက ASD စစ်ဆေးမှု ပြုလုပ် နိုင်ပေသည်။

PTSD ကို ဘယ်လိုရင်ဆိုင်ကြမလဲ?

PTSD လူနာများအား ၎င်းတို့၏ ဝေဒနာကို ရင်ဆိုင်ရန် အကြံပြုရာတွင် ဝေဒနာ အကြောင်း ပိုမိုလေ့လာခြင်းနှင့် မိတ်ဆွေများ၊ မိသားစုဝင် များ၊ ပညာရှင်များနှင့် PTSD ဝေဒနာခံစားဖူးပြီး ပျောက်ကင်း သက်သာပြီးသူ များနှင့် စကားပြောခြင်း နည်းလမ်းများ ပါဝင် ပေသည်။ PTSD ဝေဒနာရှင်များ အချင်းချင်း စုဝေး ပေါင်းသင်းခြင်း သည်လည်း အထောက်အကူ ပြုနိုင်ပေသည်။ အခြား နည်းလမ်းများ တွင် သက်တောင့်သက်သာ ဖြစ်စေသော နည်းလမ်းများ (ဥပမာ-အသက်ရှုလေ့ကျင့်ခန်း၊ အကောင်းမြင်ခြင်း)၊ ပညာရှင်များမှ ညွှန်ကြားသည့် အတိုင်း တက်ကြွစွာ ဆောင်ရွက်ခြင်း၊ အပြုသဘော ဆောင်သော ဘ၀နေမှုပုံစံအား တိုးမြှင့်ခြင်း (ဥပမာ-လေ့ကျင့်ခန်း ယူခြင်း၊ ကျန်းမာရေးနှင့်ညီစွာ စားသောက်ခြင်း၊ အလုပ်လုပ်ကိုင်သူ ဖြစ်ပါက ကျန်းမာရေးနှင့် လျှော်ညီသော အလုပ်ချိန်ဇယား ထားရှိခြင်း၊ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ခြင်း) နှင့် ငွေကြေးဥစ္စာ အလွဲသုံးစားပြုခြင်း၊ တစ်ကိုယ်တည်း သင်းကွဲနေခြင်း၊ အလုပ် အလွန်အကျွံ လုပ်ခြင်းနှင့် မိမိကိုယ်ကို ဖျက်ဆီးခြင်း သို့မဟုတ် သတ်သေခြင်း ကဲ့သို့သော အဖျက်သဘော ဆောင်သည့် ဘ၀နေမှု ပုံစံ များအား လျှော့ချ ခြင်းများ ပါဝင်ပါသည်။

(PTSD ဆိုသည်မှာ နာဂစ်အလွန် မြန်မာ ပညာရှင်များအကြား အပြောများ လာသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခု ဖြစ်ပါသည်။ မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများ အနက် ၂၂ ရာခိုင်နှုန်းခန့်သည် ထိုသို့သော ဝေဒနာများ ခံစား နေကြရသည် ဟုလည်း Post-Nargis Joint Assessment အရ သိရှိရပါသည်။ ထိုကြောင့် မိတ်ဆွေများ လေ့လာနိုင်ရန် ဖော်ပြ လိုက်ရခြင်း ဖြစ်ပါသည်။)

Ref: www.medicinenet.com, “Posttraumatic Stress Disorder” by Roxanne Dryden-Edwards and Melissa Conrad Stöppler

(စတန်လေ)

ကိုစတန်လေ ထံ မှ ကူးယူ ဖေါ်ပြပါသည်။


Related Posts :



2 comments:

- said...

သိရှိမှတ်သားရတဲ့အတွက်
ကိုစတန်လေ ကိုကျေးဇူးတင်ပါတယ်။
ထပ်ဆင့်ဖော်ပြပေးတဲ့
ကိုကြီးစိုးထက်ကိုလဲ ကျေးဇူးတင်တယ်။
လေးစားလျက်
ဝင်းဇော်

byakga said...

PTSD အတွက် (ခံစားရသူ အားလုံး အတွက် တပြိုင်နက်) Mass Therapy ရှိပါသလား။ Public Media တွေ ရဲ့ အကူအညီနဲ့ (eg Mass Counselling) ဆိုရင်ကော ဖြစ်နိုင်ပါမလား။

နောက်တချက်က ရံပုံငွေရှာရေးအဖွဲ့တွေ၊ သတင်းဌာနတွေရဲ့ နာဂစ်ရဲ့ ဆိုးဝါးပုံ နောက်ကြောင်းလှန်ဖေါ်ပြမှုတွေ၊ နာဂစ်သီချင်းတွေ၊ နာဂစ်ကဗျာတွေကကော PTSD effected 22% of local population ကို ဘယ်လို သက်ရောက်မှု ရှိနိုင်ပါသလဲ။