Friday, July 25, 2008

Dengue Haemorrhagic Fever

သွေးလွန်တုပ်ကွေး


သွေးလွန်တုပ်ကွေး ၊ ဒီအချိန်ဆို မိဘတွေကို စိုးမိုးထားလေ့ရှိသည်ပဲ။ ဖျားလျှင်၊ ခြင်ကိုက်ဖုလေး တွေ့လျှင်၊ ကလေး မှိန်းလျှင် ဒီရောဂါလား စိုးရိမ်ကြသည်။

ဘာကြောင့် ကြောက်ကြသနည်း။ အသက်အန္တရာယ် စိုးရိမ်ရသော ရောဂါ ဖြစ်သောကြောင့်သာ ဖြစ်သည်။

သွေးလွန်တုပ်ကွေးသည် Flavivirus တစ်မျိုးကြောင့် ဖြစ်သည်။ အရှေ့တောင် အာရှ၊ အိန္ဒိယ နှင့် အာဖရိက အချို့ဒေသ များတွင် ဖြစ်ပွားလေ့ရှိသည်။ ရောဂါပိုးသယ်ဆောင်ထားသော အေးဒီးစ် (Aedes aegypti or Aedes albopictus) ခြင်များ ကိုက်စက်ခြင်းမှ ကူးစက် ဖြစ်ပွားခြင်း ဖြစ်သည်။



အေးဒီးစ် ခြင်တွေဟာ ရေငြိမ်မှာ အဓိက ပေါက်ပွားလို့ ရေအိုးရေခွက်တွေ၊ ကားတာယာ အဟောင်းတွေက အဓိက ပေါက်ပွားရာ နေရာတွေ ဖြစ်တယ်။

သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ Dengue virus ဟာ serotype ခေါ်တဲ့ အမျိုးအစား ၄ မျိုးရှိတယ်။ A, B, C and D ဆိုပြီး ခွဲခြားထားတယ်။

ပထမဆုံး စတင် ရောဂါပိုး ဝင်ရောက်တဲ့အခါ လူရဲ့ ခန္ဓာကိုယ်က အဲဒီပိုးအမျိုးအစားကို ခံနိုင်ရည်ရှိတဲ့ ပဋှိဇီဝ ပစ္စည်းတွေ ထုတ်ပေး လေ့ရှိတယ်။ အဲဒီ ထွက်ရှိလာတဲ့ ပဋိဇီဝပစ္စည်းဟာ တစ်သက်စာ ရောဂါပိုးကို ခံနိုင်ရည် ရှိတယ်။ ဒါဟာ serotype လေးမျိုး ရှိတဲ့ အထဲက ဖြစ်ပွားတဲ့ တစ်မျိုးကိုပဲ ခံနိုင်ရည် ရှိတာ ဖြစ်တယ်။ ဥပမာ A ဖြစ်ရင် နောက်တစ်ခါ A အမျိုးအစားကို သယ်ဆောင်ထားတဲ့ ခြင်ထပ်ကိုက်ရင် A ကြောင့် ဖြစ်တဲ့ တုတ်ကွေး မဖြစ်နိုင်ဘူး။ ဒါပေမယ့် တခြား အမျိုးအစား (ဥပမာ B, C) တွေ ကိုက်ရင်တော့ မကာကွယ်နိုင်တဲ့ အပြင် ပိုဆိုးနိုင်တယ် လို့ လက်ရှိမှာ ယူဆကြတယ်။

ရောဂါပိုး ပထမဆုံး စတင်ဝင်ရောက်တဲ့ အခါ တချို့ ကလေးတွေမှာ ရောဂါ လက္ခဏာ ပြသလို တချို့လည်း ရောဂါ လက္ခဏာ မပြတာလည်း ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာ တွေဟာလည်း ရိုးရိုးအအေးမိ လက္ခဏာတွေနဲ့လည်း ဆင်တူ နိုင်ပါတယ်။ ဒါကြောင့် သွေးလွန်တုတ်ကွေး ဖြစ်တဲ့အခါ ဘယ်အကြိမ်မှာ ပိုဆိုးမလဲ ဆိုတာ မှန်းဆဖို့ ခက်ခဲ နိုင်ပါတယ်။

ရောဂါလက္ခဏာ အပျော့စား အနေနဲ့ platelets ခေါ်တဲ့ သွေးခဲစေတဲ့ ပစ္စည်း နည်းသွားတာ (thrombocytopenia) နဲ့ သွေးရည် ပျစ်သွားတာ (haemoconcentration) တို့ ဖြစ်နိုင်ပါတယ်။ "thrombocytopenia" ကို သွေးဖောက် စစ်ဆေးကြည့်နိုင်ပြီး၊ haemoconcentration ကိုတော့ PCV လို့ ခေါ်တဲ့ သွေးနီဥ ပမာဏ (packed cell volume) ကို ဆက်တိုက် စစ်ဆေး ကြည့်ရင် သိနိုင်ပါတယ်။

ရောဂါပိုဆိုးတဲ့ လက္ခဏာ တွေကတော့ သွေးပေါင်ချိန် ကျသွားပြီး circulatory failure လို့ ခေါ်တဲ့ ရှော့ခ် ရ (သွေးလန့်) သွား နိုင်တာ ဖြစ်ပါတယ်။

ဘယ်လို ကုသကြမလဲ။

ဒါက ရှင်းပါတယ်။ ကလေးကို ဒီအချိန်မှာ ဂရုစိုက်ဖို့ လိုပါတယ်။ ဖျားရင် သိရမယ်။ ကလေးမှိန်းရင် သိရမယ်။ အစား မဝင်ရင် သိရမယ်။ ကလေး အန်ရင် သိရမယ်။

ဖျားရင် အနီးဆုံး ဆေးရုံဆေးခန်းကို သွားပြပါ။ ဆရာဝန်က လိုအပ်သလို စစ်ဆေး အကြံပေးပါလိမ့်မယ်။ အဖျားက တစ်ခါတစ်လေ နှစ်ရက် သုံးရက်နဲ့ မကျတတ်ပါဘူး။ စိတ်ပူပြီး အဖျား မကျကျအောင် ဆေးမြီတိုတွေ မသုံးပါနဲ့။ အရေးကြီးတာက အဖျားကျတိုင်း ရောဂါ ပျောက်တာ မဟုတ်ဘူး ဆိုတာ သိထားရမယ်။ အဖျားကျအောင် လုပ်တဲ့ နည်းတွေထဲက အန္တရာယ် အကြီးဆုံးကတော့ မက်ကလောင် ဖောက်တာပဲ။ နှစ်စဉ် မက်ကလောင် ဖောက်တာကနေ ပိုးဝင်ပြီးတော့ အသက် ဆုံးရှုံးသွားတဲ့ ကလေးတွေ မနည်းလှဘူး။

နောက်တစ်ချက်က သွေးလွန်တုပ်ကွေး ဆိုတာ ဖြစ်တာ သေချာရင် ပိုမဆိုးအောင် တားဆီးလို့ ရတာမျိုး မဟုတ်ပဲ လိုအပ်တဲ့ ကုသမှုကို လိုအပ်ချိန်မှာ အမြန်ရဖို့ အရေးကြီးတာ ဖြစ်တယ်။ စပြီး သွေးပေါင်ချိန် ကျချိန်မှာ normal saline ကို သွေးပေါင်ချိန်ကို ထိန်းထားနိုင်ဖို့ သွင်းဖို့ အရေးကြီး သလို၊ ဆိုးလာလို့ သွေးသွင်းဖို့ သွေးရည်ကြည် သွင်းဖို့ လိုလာရင် အချိန်မီ သွင်းပေးနိုင်ဖို့ ပါပဲ။

ဒီနေရာမှာ ကျနော့် အတွေ့အကြုံ အရပြောရရင် ကလေး ဆေးရုံက ကုသမှု အတွက် စိတ်အချရဆုံး နေရာ ဖြစ်ပါတယ်။ ၂၄ နာရီ အတွေ့အကြုံ ရှိတဲ့ အထူးကု ဆရာဝန်တွေ၊ ဘွဲ့လွန် ကျောင်းသားတွေ၊ လက်ထောက် ဆရာဝန်တွေ၊ အလုပ်သင် ဆရာဝန်တွေ၊ အတွေ့အကြုံရှိ ဆရာမတွေ ဒါမျိုးကို ဘယ်မည်သည့် ပုဂ္ဂလိက ဆေးရုံမှာ မှ ရမယ် မထင်ပါဘူး။

အကျဉ်းချုပ် အနေနဲ့ ပြောရရင်

၁။ ကလေးကို ခြင်ကိုက် မခံရအောင် ဂရုစိုက်ပါ။
၂။ ဖျားတဲ့ ကလေးတိုင်းကို ဆေးခန်းပြပါ။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးဝယ်တိုက်တာ အန္တရာယ် ရှိပါတယ်။
၃။ မက်ကလောင် ဖောက်တာ လုံးဝ မလုပ်ပါနဲ့။
၎။ ကလေး အန်လျှင် (အမဲရောင် ကော်ဖီမှုန့်လို အဖတ် အဖတ်လေးတွေ ပါရင်)၊ မှိန်းလွန်းအား ကြီးလျှင်၊ ခြေဖျား လက်ဖျားတွေ အေးလျှင်၊ ဝမ်းမည်းမည်း တွေ သွားလျှင် ဆေးခန်း၊ ဆေးရုံကို ချက်ချင်းသွားပါ။
၅။ ကလေး ဆေးရုံ တင်ရလျှင် သွေးလှူမည့်သူ (အမျိုးထဲမှ စိတ်ချရသူ) ရှာထား သင့်ပါတယ်။



ကျနော်ရေးတာ မရှင်းတာ ရှိရင် ကျနော့် email ကို ရေးပြီး မေးလို့ ရပါတယ်။
dr Junior
mmtun2005@gmail.com



Related Posts :



2 comments:

Nge Naing said...

သွေးလွန်တုပ်ကွေးရောဂါက မြန်မာပြည်က တောဘက်တွေမှာ သိပ်အဖြစ်များတယ်။ ကျွန်မငယ်ငယ်ကတောင် ဖြစ်ဖူးပါတယ်။ ရောဂါ ဖြစ်တိုင်းလည်း ဆရာဝန်ရှားတော့ ဆရာဝန်နဲ့ပြတာ သိပ်နည်းပြီး အရပ်ဆေးတွေနဲ့ ကုတာလည်း အမှန်ပဲဖြစ်တယ်။ အခုလို ရောဂါလက္ခဏာတွေ တိတိကျကျနဲ့ ဒါဖြစ်လာရင် ဘယ်လောက် အန္တရယ်ရှိပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ ဖေါ်ပြပေးထားတော့ မသိတဲ့သူတွေထဲက အနည်းဆုံး ဒီ Post ကို တယောက်လောက် ဖတ်မိရင်တောင်မှ တော်တော်လေး အကျိုးရှိပါလိမ့်မယ်။ Post ရေးတဲ့ Dr Junior ကို ကျေးဇူးတင်ပါတယ်။

Dr. Junior said...

Nge Naing ကွန်မန့်ပေးသွားတာ ကျေးဇူးပါ။ တောဘက်တွေမှာ သိပ်အဖြစ်များလား မများလားတော့ မသိဘူး။ ကျနော် အလုပ်သင်ဘဝတုန်းက ရန်ကုန်ကလေး ဆေးရုံမှာ တနေ့တနေ့ကို ဒီရောဂါနဲ့ ဆေးရုံတင်ရတာ တစ်ရက် ၂၀၀ ဝန်းကျင်လောက်မှာ ရှိတယ်။ ခြင်က ကူးစက်တဲ့ ရောဂါ ဖြစ်တော့ လူနေထူထပ်တဲ့ ဒေသတွေမှာ ကူးစက်မှု ပိုမြန်တယ်။ ဒေသအလိုက် ဖြစ်ပွားမှုနှုန်းကိုတော့ ကျနော် ရှာမတွေ့လို့ မဖော်ပြလိုက်နိုင်ဘူး။