Tuesday, April 15, 2008

Teaching Method and Dream !

ပညာသင်ကြားမှု၊ စနစ် နှင့် ပညာရေး အိမ်မက်


ကျွန်တော်တို့ ငယ်စဉ်ကတည်းက ယခုအချိန်ခါအထိ စဉ်ဆက်မပြက် လုပ်ဆောင်ခဲ့သော အရာမှာ အတတ် ပညာ တစ်စုံတရာကို သင်ယူခြင်းပင် ဖြစ်၏။ ထို့ကဲ့သို့ မြောက်များစွာ သင်ယူခဲ့သော ကျွန်တော်တို့သည် ဆရာတို့အပေါ်၌ စိတ်ဝင်စားခြင်း လေးစား ခြင်းတို့ ရင်ထဲ နှလုံသားထဲ ၌ တည်ရှိ နေကြပါသည်။ ဆရာတို့ အပေါ်စိတ်ဝင်စားမှု နှင့်အတူ စာသင်ကြား လိုသော ဆန္ဒလည်း ပေါက်ဖွားခဲ့ ပါသည်။ ကျွန်တော်တို့၏ ရင်ထဲ၌ ငယ်စဉ်က ဆရာများ၏ ပုံရိပ်များမှာ အရှိန်အ၀ါ ကြီးကြီး ဖြင့်ထင်ရှားစွာ တည်ရှိနေဆဲ ဖြစ်ပါသည်။



ဆရာမသည် သူ၏ အတက်အကျ မရှိသော အသံဝါကြီးဖြင့် ဓါတုဗေဒ ဘာသာရပ်ကို ငြိမ်သက်စွာ ဘာသာပြန် ပြနေပါသည်။ ကျွန်တော်၏ အနောက် ဘက်ခုံ၌ ဇေလွင်မိုး နှင့် ကျော်ကျော် တို့ စစ်တုရင် ကစား နေကြမှန်း ဆရာမ မှအပ တစ်တန်းလုံး သိကြ၏။ ကျွန်တော်လည်း ယနေ့ ကျူရှင်တွင် စာမေးပွဲ ဖြေရမည် ဖြစ်သဖြင့် ကျူရှင် စာအုပ်ကို မသိမသာ ခိုးဖတ် နေပါသည်။ စကားသံများ ဖြင့် အတန်းမှာ အတော် ကလေး ဗြောင်းဆန်နေရာ ကျွန်တော်ပင် ဆရာမကို အထူး အားနာမိသည်။

ဆရာမ၏ အသံတွင် ကြည်လင် ပြတ်သားခြင်း၊ အင်တိုက် အားတိုက် ရှိခြင်း တို့နှင့် အတူ မျက်နှာ၌ လည်း အကြောင်းအရာ အပေါ် စိတ်ဝင်စားမှုမှာ အတိုင်းသား ပေါ်လွင်နေပါသည်။ ဆရာမ၏ မျက်လုံးတို့သည် ကျွန်တော်တို့ တစ်ယောက်စီ တစ်ယောက်စီကို ကြည့်နေ သည်သို့ ထင်ရသည်။ ဆရာမလက်၌ စာအုပ်ကိုင်မထား။ ကြိမ်လုံးလည်းမရှိ။ သို့တစေ တစ်တန်းလုံး ငြိမ်နေကြသည်မှာ အံ့သြ စရာ။ ကျွန်တော်တို့ မျက်လုံးများမှာ အရောင်လဲ့ နေကြမည် ထင်သည်။ အချို့မှာ မေးကလေးများ ပင် ထောက်၌ နေကြ သေးသည်။ မြန်မာစာ ဆရာမ ဖြစ်ပါသည်။

ဆရာမ၏ အသက်သည် ကျွန်တော်တို့ထက် အလွန်ဆုံးကြီးလှ ၇ နှစ် ၈ နှစ်မျှသာ ဖြစ်ပါလိမ့်မည်။ ဆရာမ၏အသံမှာ မာ၏ မျက်နှာတင်း၏ ကြိမ်လုံးနှင့်လက်နှင့်ပျက်သည်မရှိ။ ဆရာမအချိန်၌ ကျွန်တော်တို့အားလုံး ယားလို့မှ မကုတ်ရဲပါ။ ဆရာမ ပြောနေကြ စကားတစ်ခွန်း မှာ သူကြိုးစား သလောက် ကျွန်တော်တို့ တိုးတက် မလာခြင်းပင်။ ရူပဗေဒ သင်သော ဆရာမ ဖြစ်ပါသည်။

ကျွန်တော်တို့ ကျောင်းတွင် သန်းဟိန်း သည် အတော်ဆုံး ကျောင်းသား။ သူက စာလိုလားသည်၊ ဉာဏ်ကောင်းသည်၊ ၀ီရိယ အားကောင်း သည်၊ နည်းစနစ် မှန်ကန်သည်။ သူက အဆင့်တစ် နေရာကို မူပိုင် ယူထားသူ ဖြစ်သည်။

မောင်ဘကတော့ ဉာဏ်ကောင်း လှ၏ သူ၏ သိလွယ်၊ တတ်လွယ်၊ မြင်လွယ် တတ်လွန်းမှု တို့ကြောင့် ဆရာဆရာမ တို့၏ အရေးပေးမှု အခံရ ဆုံးသော ကျောင်းသား ဖြစ်ပါသည်။ သူက အဆင့် (၃) ဖြစ်လိုက်၊ (၆) ဖြစ်လိုက်၊ (၁၀) ဖြစ်လိုက် နှင့် မတည်ငြိမ် လွန်းလှသူ ဖြစ်၏။

ကျွန်တော်သည် အဆင့် (၂) နေရာကို လက်မလွှတ်တမ်း ယူထား သူဖြစ်၏ ကျွန်တော်က စာလိုလားသည်၊ ဉာဏ်ရည် သင့်တင့်သည်၊ နည်းစနစ် မှန်ကန် သည်။ ၀ီရိယသင့်တင့် သည်ထင်ပါသည်။

မောင်မောင်ကတော့ စာလည်းမလိုလား၊ ၀ီရိယလည်း မရှိ၊ ရည်းစားပြဿနာလည်း ရှိနေသည်၊ သူ၏အဖေနှင့်မေမှာ ကွဲနေသည်ဟု သိရသည်။ သူကတော့ ဘာသာစုံကျ၌ နောက်ဆုံးနေရာကို မူပိုင် ယူထားသူ ဖြစ်၏

ဆရာ ညီညီသည် မောင်မောင် ကဲ့သို့သော ကျောင်းသား များကိုပင် ပြောင်းလဲ နိုင်ခဲ့သူဖြစ်သည်။ မောင်မောင် သည် (၂) နှစ်ကျပြီးမှ ဆယ်တန်း အောင်ခဲ့သူ ဖြစ်သည်။ ဓါတုဗေဒ ဘာသာရပ်၌ (၇၀) ရရှိခဲ့ရာ ကျွန်တော်တို့ အဖို့  အံ့ဖွယ်လိလိ။ ဆရာစာ သင်ပုံမှာ လူပြက် ဆန်၏။ တခါတလေ ဆဲပင် ဆဲတတ် သေးသည်။ ကျောင်းသားတို့က တဟားဟား၊ ကျောင်းသူ တို့မှာ တ၀ါးဝါး။ သို့သော် သူတို့ စာရ ကြ၏။ သူ၏ ကျောင်းသားတိုင်း လိုလို ဓါတုဗေဒ ဘာသာတော့ အောင်ကြ၏။ ဂုဏ်ထူး ပါသူတွေလည်း မနည်း။ မည်သို့ပင် ဖြစ်စေ ရလဒ် ကောင်းလှ၏ ပုဂ္ဂိလ်ခင်၍ တရားမင်သည် သို့ပင်။

အနှစ်ချုပ်ရလျှင် စာသင်တတ်သော၊ စွဲဆောင်နိုင်စွမ်းရှိ သော၊ တပည့်တို့စိတ်ကိုသိသော ဆရာတို့နှင့် တွေ့လျှင် ကျွန်တော်တို့ ကျောင်းသားများ ရလဒ် ကောင်းကြသည်။ သို့ဆိုလျှင် ထိုအရည်အချင်းများ ဆရာတိုင်းတွင် အဘယ့်ကြောင့် မရှိကြသနည်း။ ဆရာ သင်တန်း ကျောင်းများ၏ လိုအပ်ချက်လော။ သို့မဟုတ် ထိုအရည်အချင်း တို့သည် မွေးရာပါ ဖြစ်၍ သင်ကြား၍ မရနိုင်သလော ကျွန်တော်တို့ လေ့လာသင့်လှ၏ ကျွန်တော့်ယူဆချက်မှာ ထိုအရည်အချင်း တို့သည် မွေးရာပါ ဖြစ်သည်။ သို့သော် သင်ယူ၍ ရနိုင်ပါ၏။

တပည့်ကို နားလည်အောင် သင်ကြား ပေးနိုင်သော ဆရာသည် ဆရာကောင်း။ တပည့်ကိုပါ စောင့်ရှောက်သော ဆရာသည် ပို၍ တော်သော ဆရာ။ တပည့် ကို ဘာသာရပ်၍ မသိရလျှင် မနေနိုင် လောက်အောင် စွဲဆောင်နိုင်သော ဆရာသည် အတော်ဆုံး ဟု မှတ်သား ခဲ့ရဖူး ပါသည်။

စာသင် ကြားခြင်းတွင် တပည့် မည်မျှ နားလည်သည်ကို သေချာစွာ စမ်းစစ် နိုင်ခြင်းသည် အလွန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် နေပါသည်။ သင်ကြားမည့် ဆရာသည် ကိုယ့်တပည့် မည်မျှ တတ်သည်၊ မည်မျှ နားလည် နိုင်စွမ်းရှိသည်။ မည်မျှ စိတ်ပါဝင်စားမှု ရှိသည်ကို နားလည် နိုင်ဖို့ လိုအပ် သည် လူ့ စိတ်ပညာ သဘာဝ ကိုလည်း အထူး နားလည် ထားသင့်ပါသည်။ အဘယ့်ကြောင့် ဆိုသော် လူတွေကို သင်ကြား ရသော ကြောင့်ဖြစ်ပါ၏။

ကျွန်တော့်အမြင်အရမူ ထိုကဲ့သို့ အရည်အချင်းနှင့် ပြည့်စုံသော ဆရာများ မွေးထုတ်ရန်လည်းကောင်း၊ ထိုဆရာများကို သိပ္ပံနည်းကျ လေ့လာချက်များအရ အကောင်းဆုံးဟု ခေါ်နိုင်သော နည်းစနစ်များအတိုင်း အကောင်းဆုံး သင်ကြားနိုင်ရန် အထူး ပြည့်စုံသော ပညာရေး စနစ်တစ်ခု လိုအပ်ပါသည်။

ကျွန်တော်တို့ စိတ်ကူးယဉ် ကြည့်ကြပါစို့။

ထိုစနစ်ကို ရေးဆွဲရန်အတွက် အထူး ကော်မတီ တစ်ရပ် လိုအပ်ပါသည်။ ထိုအဖွဲ့တွင် ပညာရေးအတွက် စိတ်အား ထက်သန်သော၊ စိတ်ကောင်း စေတနာ ပြည့်ဝကာ မျိုးချစ် စိတ်ဓာတ်နှင့် ပြည့်စုံသောသူများ၊ နိုင်ငံခြားသား ပညာရှင်များ ပါဝင်ရန် လိုအပ်ပေလိမ့်မည်။

စာသင်ကြားခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သော ကိုယ်တိုင်ရှာဖွေနိုင်သော၊ ကိုယ်တိုင် ခွဲခြမ်း စိတ်ဖြာနိုင်သော၊ ကိုယ်တိုင် အဖြေ ထုတ်နိုင်သော၊ ပညာရပ်ကို ကောင်းစွာ အသုံးချနိုင်သော အရည်အချင်းများကို သင်တန်းကာလ အပြီး၌ ရရှိစေရန် မျှော်မှန်း ထားသင့် ပါသည်။ ထို့အပြင် ပြောင်းလဲလာသော ကမ္ဘာကြီး နှင့် ရင်ပေါင်တန်းနိုင်ရန် မျှော်မှန်းချက် များ ချမှတ်ထား သင့်ပါသည်။

ထို့နောက် ရည်ရွယ်ချက်များ ချမှတ်ကာ စနစ်တကျ စီမံကိန်းချပြီး ဖြစ်စေရပါမည်။ ကျွန်တော်တို့ ရည်မှန်း ချင်သော ပညာ သင်ကြားရေး မှာ စနစ်ကို အခြေခံ ဖြစ်စေရပါသည်။ ဆရာတော်လျှင် တပည့်တော်၍ ဆရာညံ့လျှင် တပည့်ညံ့ သော ပုဂ္ဂိုလ် အခြေခံ စနစ် မဖြစ် စေရပါ။ ထိုကြောင့် ဆောင်ရွက်ရမည့် အသေးစိတ် အစီအစဉ်များကို ဥပမာ ပုံစံများ နှင့် တကွ ရေးသားထားပြီး ဖြစ်နေစေ ရပါမည်။ ဆန်းစစ် သုံးသပ်ချက် ပြုလုပ်ရန် အတွက် အထူး ပုံစံများ ရေးဆွဲထားပြီး ဖြစ်ရမည့်အပြင် ၄င်း အတွက်လည်း အထူး အဖွဲ့ဖွဲ့ပြီး ဖြစ်နေစေ ရပါမည်။

ထို့နောက် ပညာရေး စနစ် ထူထောင်မှု ပြုလုပ်ရမည် ဖြစ်ပြီး ကြီးကြပ် ဆန်းစစ် ပြုလုပ်ကာ လစဉ် သို့မဟုတ် လိုအပ်သလို ညှိနှိုင်း အစည်း အဝေး ပွဲများ ကျင်းပကာ ဖြေရှင်းသင့်သည် များကို ဖြေရှင်း ရပါမည်။ အပြန်အလှန် အမြင်ရှင်းရေး အထူးဂရုပြု ရပါမည်။

လိုအပ်သော ခွင့်ပြုငွေကို ရရှိရေးသည် အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်နေပါသည်။ အကယ်၍ မလုံလောက်၍ မဖြစ်နိုင်ဟုလည်း မဖြစ်စေရန် ပြည်သူတို့၏ ထောက်ခံမှု လိုအပ်ပါသည်။ ထိုမှသာ ပြည်သူတို့၏ ကူငွေရရှိ အောင် ကောက်ခံနိုင်ပေမည်။

တစ်နှစ်ပြည့်၍ ပြည်လည် စီစစ်သုံးသပ် ကြသောအခါ ၄င်းအတွက် ကြိုတင် ပြင်ဆင် ထားသည့်အတွက် မှန်ကန် အဆင်ပြေ လွယ်ကူ ပေလိမ့်မည်။ ထို့နောက် ပြန်လည် စီမံကိန်းရေး ဆွဲခြင်း လုပ်သည့်အခါ လိုအပ်သလို ပြင်ဆင်ထည့်သွင်း ရေးဆွဲ နိုင်ပေ လိမ့်မည်။ နှစ်စဉ် ပြောင်းလဲ နေသော အချက် အလက်များ ကိုလည်း လိုအပ်သလို ရေးဆွဲ နိုင်ရပါမည်။

ကျွန်တော်တို့ တည်ဆောက်ထားသော အိပ်မက်သည် စနစ်ကိုသာ အခြေခံ ထားခြင်း ဖြစ်၍ မည်သို့သော ဆရာကသင်စေ ပုံစံ ကောင်းကောင်း တစ်မျိုး တည်းသာ ထွက်နေသဖြင့် ဆရာရှိသော မည်သည့်အရပ်က ကျောင်းသား မဆို ပညာ ကောင်းစွာ သင်ကြား နိုင်မည် ဖြစ်သည်။

လက်တွေ့တွင် အခက်အခဲ များစွာ ရှိနိုင်သော်လည်း ဖြစ်နိင်ချေရှိပြီး တစ်မျိုးသားလုံး အတွက် အကျိုးများ စေမှာ အမှန်ပင်ဖြစ်ပါသည်။ ကျွန်တော် ဉာဏ်မှီ သမျှ စိတ်ကူး ယဉ်ကြည့်ခြင်း ဖြစ်ပါ၏ အမှား ထောက်ပြကြရန်လည်း ဖိတ်ခေါ်ပါ၏ လိုအပ်သမျှ ဖြည့်ဆည်း တင်ပြ ကြရန်လည်း မေတ္တာရပ်ခံပါ၏။

အချုပ်ဆိုရလျှင် လူတစ်ဦးစီ အတွက်ဖြစ်စေ၊ တိုင်းပြည် အတွက်ဖြစ်စေ ပညာ သာလျှင် ပဓာနဖြစ်၏။ ပညာရှိလျှင် ဆရာဖြစ်၍ ပညာ မဲ့လျှင် နောက်လိုက် ဖြစ်ရ၏။ ပညာရှိလျှင် မိမိအကျိုးသာမက လောက အကျိုးကိုလည်း ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ရာ ပညာ တိုးပွားရေး သည် အချက်အချာပင် ဖြစ်၏။ ကျွန်တော်တို့ ကဲ့သို့ ဖွံဖြိုးဆဲ နိင်ငံ အနေဖြင့် ပညာရည် မြင့်မားရေးသည် ကျွန်တော်တို့ အားလုံး၏ လက်ရှိ အဦးဆုံး ဆောင်ရွက်ရမည့် တာဝန် ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။


Related Posts :



2 comments:

Futuristics said...

NICE Blog :)

Welcome said...

နာ(၃)နာနဲ့ပြည့်စုံတဲ့ ဆရာ/ဆရာမတွေ မရှိတော့ပီ။
မူကကောင်း၊ လူတွေကမကောင်း။
---
ခုကျောင်းဖွင့်ပြီဆိုတော့ ကလေးမိဘတွေက အတန်းပိုင် တွေဖွင့်တဲ့ ကျူရှင်ကို နီးနီး၊ ဝေးဝေး လိုက်ရတဲ့ဒုက္ခ စပါပြီ။
----
ဆရာ/ဆရာမတွေ ကျူရှင်မသင်ရဆိုတဲ့ ဥပဒေမပြဋ္ဌာန်း တော့ဘူးလားမသိ။ ဒါမဟုတ် လစာနည်းလို့ မျက်နှာလွဲ နေရပြီလားမသိ.....
အမှားပါရင်ခွင့်လွှတ်ပါ...