Saturday, September 22, 2007

Human and Disaster (1)

လူနှင့် သဘာဝဘေးအန္တရာယ် (၁)

မနေ့က မိုးတွေ တအားရွာမှ သဘာဝဘေးအန္တရာယ် ဆိုတာကို ပိုစ့်အဖြစ်တင်ဖို့် ကိုပြန်သတိရရင်း ပိုစ့်ရေးဖြစ်ခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီး ပထမပိုင်း ၊ ဒုတိယပိုင်း နဲ့ တတိယပိုင်း ဆိုပြီး ခွဲရေးချင်ပါတယ်

ပထမပိုင်းမှာ

၁။ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိရန်ကြိုးပမ်းခြင်း

၂။ ဘေးအန္တရာယ်၏ ဆိုးကျိုးများကို သင့်လျော်သလို ဘာသာပြန်ခြင်း

ဒုတိယပိုင်းမှာ…

၃။ သဘာဝဘေးအန္တရာယ် ကြောင့်ဖြစ်တတ်သော ဆိုးကျိုးများကို ပြည်သူအား သိရှိစေခြင်း

၎။ အချိန်မှီ ကာကွယ်မှုများ ပြုလုပ်ခြင်း

တတိယပိုင်းမှာ

၅။ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခြင်း

၆။ လတ်တလော ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခြင်း

၇။ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ခြင်း တို့ဖြစ်ပါတယ်။

ပထမပိုင်း

၁။ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိရန် ကြိုးပမ်းခြင်း
သဘာဝဘေးအန္တရာယ် ဆိုသည့် အရာသည် လူသားတို့ကဲ့သို့ ဟန်ဆောင်တတ်သော အရာများမဟုတ်ရကား ၊ အတိအကျကို မသိနိုင်သည့်တိုင် အချို့သော ဘေးအန္တရာယ်ကို အတိုင်းအတာ တခုအထိ ကြိုတင် သိရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိုးလေ၀သနှင့် ဇလဗေဒ ကျွမ်းကျင်ပညာရှင်များမှ ပြောကြားချက်များကို သိရှိအောင် လုပ်ဆောင်ရပေမည်။ မိုးလေ၀သ သတင်းကို အစဉ်ဂရုစိုက်နားထောင်ရပါမည်။

၂။ ဘေးအန္တရာယ်၏ ဆိုးကျိုးများကို သင့်လျော်သလို ဘာသာပြန်ခြင်း
တခါတရံတွင် ပညာရှင်များ၏ ထုတ်ပြန် ကြေညာချက်များသည် အများပြည်သူအတွက် နားလည်ရန်ခက်ခဲသော စကားလုံးအသုံးအနှုန်းများဖြင့် ရှိတတ်ကြသည်။

ဥပမာ(၁) ဇွန်လ ၂၇ ရက် မြန်မာစံတော်ချိန် ၂၀နာရီ ၂၃ မိနစ်ခန့်တွင် ရန်ကုန်မြို့ ကမ္ဘာအေးရှိ မြေငလျင်တိုင်းတာစခန်း၏ တောင်ဘက် ၂၄ မိုင်ကွာဝေးသော နေရာကို ဗဟိုပြု၍ ရစ်ချက်တာ စကေး ၅ ဒသမ ၁ အဆင့်ရှိသည့် မြေငလျင်တစခုလှုပ်သွားခဲ့သည်။

ထိုသို့ဆိုပါလျှင် စားဝတ်နေရေး ကျပ်တည်း၍ တစ်နေ့တာ အလုပ်များဖြင့် မွန်းကျပ်နေသော ပြည်သူလူထုသည် မြန်မာစံတော်ချိန် ၂၀နာရီ ၂၃ မိနစ်ခန့် ဆိုသည်ကို စဉ်းစား နိုင်မည်ဖြစ်သော်လည်း ကမ္ဘာအေး မြေငလျင်စခန်း၏ တောင်ဘက် ၂၄မိုင်အကွာသည် သူတို့နေထိုင်သော နေရာဟုတ်မဟုတ် ၊ သူတို့နေထိုင်သော နေရာနှင့် မည်မျှကွာဝေးသော နေရာတွင်ဖြစ်သည် ကို မည်သို့မျှ အချိန်ပေးစဉ်းစားနိုင်မည် မဟုတ်ပေ။ ထို့ပြင် ရစ်ချက်တာ စကေးဆိုတာကို သူတို့စိတ်ဝင်တစား လေ့လာမည် မဟုတ်ပေ။

ဥပမာ (၂) ဇွန်လ ၂၈ရက် မြန်မာစံတော်ချိန် ၁၇နာရီ ၁၀မိနစ်တွင် ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူ၍ မိုးသက်မုန်တိုင်းတစခု ကျရောက်ဖွယ်ရာရှိသည်။ မိုးသက်လေပြင်း ကျစဉ် မြေပြင် ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၈၀ နှုန်းဖြင့် တိုက်ခတ်မည်ဖြစ်သည်။

ထိုသို့ဆိုရာတွင် ထိုလေအရှိန်သည် အိမ်တိုင်ကျွတ်ပါလောက်သော လေအားလော၊ သစ်ပင်များအမြစ်မှ ကျွတ်ထွက်နိုင်သော ပြင်းအားလော စသည်တို့ကို စားဝတ်နေရေးအတွက် ကြိုးပမ်းနေရသော ပြည်သူများ လေ့လာနိုင်အားမည် မဟုတ်ပေ။

ထိုကြောင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိနိုင်သော ထူးခြားသော အခြေအနေများကို ပြည်သူလူထု နားလည်လွယ်သော ဘာသာစကားဖြင့် ပြန်ဆိုပေးသင့်ပါသည်

ဒုတိယပိုင်းမျှော်ရန် …



Related Posts :



1 comment:

စိုးထက် - Soe Htet ! said...

ဥပမာလေးတွေ ပေးပြီး ရှင်းပြထားတာ ထိရောက်ပါတယ် ... ဆက်ရေးပေးပါဦး ... ကျေးဇူး ... :p