Friday, September 21, 2007

Health and Misbeliefs ...

ကျန်းမာရေးနှင့်သက်ဆိုင်သောအယူလွဲများ

ကျွန်မတို့ မြန်မာ လူမျိုးများတွင် ရှေးယခင် အဆက်ဆက် ကပင် လိုက်နာ ကျင့်သုံးခဲ့ကြသော မိရိုးဖလာ အယူအဆပေါင်း များစွာ ရှိနေပါသည်။ အခြားသော အယူအဆများကို မဆွေးနွေး လိုသော်လည်း ကျန်းမာရေး ဆိုင်ရာ အယူအဆ အလွဲများကိုတော့ အနည်းငယ် တင်ပြ ဆွေးနွေး လိုပါသည်။ ..................................

ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သော မြန်မာနိုင်ငံတွင် နေရာဒေသမရွေး ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရန် ကျန်းမာရေး ၀န်ကြီးဌာနမှ ကြိုးပမ်း နေသကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှလည်း မြန်မာနိုင်ငံ အစွန်အဖျား ဒေသများထိတိုင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေပါသည်။ ..............................................................

ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် ပြည်သူလူထု တစ်ရပ်လုံးကပါ ပါဝင်ပေးပါမှ လုပ်ငန်းများ၊ ကြိုးပမ်းမှုများ ပိုမို လျင်မြန် အထမြောက်နိုင်မည် ဖြစ်သည်။ ထိုသို့ ၀ိုင်းဝန်း ကြိုးပမ်း ပေးကြရာတွင် မိမိတို့၏ ယုံကြည် ယူဆချက်များကို ကျန်းမာရေးဆိုင်ရာ အသိနှင့် ယှဉ်ပြီး လက်ခံသင့်သည်ကို လက်ခံခြင်း၊ အယူအဆ အလွဲများအား နားလည် တတ်ကျွမ်းသော ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းများမှ ပြောပြ ဆွေးနွေး ပါက နားလည် သဘောပေါက်ကာ လွဲမှားနေသော အယူအဆများကို ပြုပြင်သင့်သည်ကို ပြုပြင်ခြင်း၊ စွန့်လွှတ်သင့်သည်ကို စွန့်လွှတ်ခြင်းဖြင့် ၀ိုင်းဝန်း ကူညီကြနိုင်ရန် ရည်ရွယ်ပြီး ဒီပို့စ်လေးကို ရေးသား လိုက်ပါတယ်။

ကျွန်မတို့ ဆေးရုံများတွင် အများဆုံး ကြုံတွေ့နေရသော အယူအဆလွဲများထဲမှ အချို့ကို တင်ပြလိုက်ပါတယ်။

  1. မွေးကင်းစ ကလေးငယ်များ၏ ချက်အတွင်းသို့ ဆေးတို့ဖတ်ဟု ခေါ်ဝေါ်ကြသော နနွင်းများ ထဲ့သိပ်ခြင်းမှာ လုံးဝ မှားယွင်းနေသော အယူအဆ တမျိုးပင် ဖြစ်သည်။ မွေးကင်းစ ကလေးငယ်များသည် အလွန် နူးညံ့ကြပြီး ရောဂါပိုးများ အလွယ်တကူ ၀င်ရောက်နိုင်ကြသော အချိန်ဖြစ်သည်။ ထိုအချိန်တွင် ချက်အတွင်းသို့ သန့်ရှင်းသော ဂွမ်းစဖြင့် အရက်ပြန် ဆွတ်ပေးခြင်းမှာ အမှန်အကန်ဆုံးသော နည်းလမ်းပင် ဖြစ်သည်။ နနွင်းထဲ့သိပ် ပေးခြင်းကြောင့် မည်သည့်အကျိုးမှ မရရှိနိုင်သော်လည်း မွေးကင်းစကလေးငယ်၏ ကိုယ်တွင်းသို့ ချက်မှတဆင့် မသန့်ရှင်းသော နနွင်းများ ၀င်သွားခြင်းကြောင့် မွေးကင်းစ ကလေးငယ်သည် မေးခိုင်ရောဂါပိုး ၀င်ရောက်ခြင်း သွေးဆိပ်ပျံ့နှံ့ခြင်းဖြင့် သေဆုံးနိုင်ပါသည်။
  2. ကလေးငယ်များကို မွေးဖွားချိန်မှ စပြီး အသက် အပိုင်းအခြားအလိုက် ကာကွယ်ဆေးများကို သတ်မှတ်ထားသော အချိန်အတိအကျအတိုင်း ထိုးပေးရန် အလွန် အရေးကြီးလှပါသည်။ သို့ပေမယ့်လည်း အချို့အရပ်ဒေသ များတွင် ကာကွယ်ဆေးထိုးခြင်းကြောင့် အကြောသေသည်ဟု ယူဆကာ ကာကွယ်ဆေးထိုးရန် ငြင်းဆိုကြပါသည်။ ကာကွယ်ဆေးထိုးခြင်းနှင့် အကြောသေခြင်းသည် မသက်ဆိုင်ပါ။ အခြား အကြောင်းအရာ တခုခုကြောင့် အကြောသေခြင်းသာ ဖြစ်နိုင်ပါသည်။ ကာကွယ်ဆေးထိုးခြင်း ဆိုသည်မှာ ရောဂါပိုးများ ၀င်ရောက်မလာနိုင်စေရန် ကာကွယ်ပေးခြင်း ဖြစ်သောကြောင့် အကြော သေခြင်းနှင့် မသက်ဆိုင်ပါ။
  3. ကလေးမီးဖွားထားသော နို့တိုက်မိခင်များသည် ကလေးနှင့် မတည့်မည်ကို စိုးရိမ်လွန်ကဲကာ အစား ရှောင်သော အလေ့အထကိုလည်း ပြုလုပ်ကြပါသည်။ အပူအစပ်များ ရှောင်ခြင်းမှာ သင့်သော်လည်း အာဟာရ ဓါတ် ပြည့်ဝစေသော အစားအသောက်များကို ရှောင်ခြင်းမှာ လွဲမှားနေပါသည်။ ဗီတာမင်ဘီ အုပ်စု ကြွယ်ဝစွာ ပါဝင်သော အစားအစာများကို ပိုမိုစားသုံးပေးရန် လိုအပ်လှသည်။ ၄င်းတို့မှာ ပဲ၊ ၀က်သား၊ အမဲသား၊ နွားနို့၊ ဆန်လုံးညိုနှင့် အသည်း တို့ဖြစ်သည်။ မိခင်နို့တွင် အာဟာရဓါတ် လုံလောက်စွာ ပါဝင်မှ ကလေးငယ် သည် အာဟာရဓါတ် လုံလောက်စွာ ရရှိနိုင်မည် ဖြစ်သည်။ ဗီတာမင်ဘီ ချို့တဲ့ခြင်းသည် နို့စို့ကလေးငယ်များတွင် အသက်အန္တရာယ် ပေးနိုင်သည်ထိ အရေးကြီးလှပါသည်။
  4. ကျေးလက်နေ ပြည်သူများသည် ဆေးပေးခန်းများနှင့်ဝေးကွာခြင်း၊ အသိပညာ လုံလောက်စွာ မရှိခြင်းတို့ကြောင့် ပွန်းပဲ့ဒဏ်ရာများ ရရှိပါက အနာအတွင်းသို့ ဖုန်မှုန့်များ ထဲ့သိပ်ခြင်းကို ကျေးလက် ကွင်းဆင်းချိန်တွင် ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ဖူးပါသည်။ ဖုန်မှုန့်များ ထဲ့သိပ်ခြင်းကြောင့် မေးခိုင်ရောဂါပိုး ၀င်ရောက်ကာ အသက် ဆုံးရှုံးနိုင်ပါသည်။ အနာကို သန့်ရှင်းသောရေဖြင့် ဆေးကြောပြီး အရက်ပြန် ထဲ့ပေးခြင်းမှာ မှန်ကန်သော နည်းလမ်းဖြစ်သည်။

အထက်ဖော်ပြပါ အယူအဆအလွဲများ သည်အများဆုံး ကြုံတွေ့ရသော အလွဲများ ဖြစ်သည်။ ကျွန်မတို့ လက်လှမ်းမမီနိုင် သော ပြည်သူလူထု အတွင်းတွင် အခြားသော အယူလွဲများလည်း ရှိနေဦးမည် ဖြစ်သည်။ ....................................

ယခု ရေးသားလိုက်သော ပို့စ်လေးကို ဖတ်မိသော စာဖတ်သူအပေါင်းမှလည်း မိမိတို့ လက်လှမ်းမီသော သူများသို့ ကျန်းမာရေးအသိများ ဆက်လက် ဖြန့်ဝေပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။


Related Posts :



4 comments:

Ye-Mon said...

ခေါင်းစဉ်ကို “နဲနဲလေးတော့လွဲနေမယ်” လို့တတ်ရင် ဘယ်လိုနေမလဲ။ ... နောက်တာပါ။ ဒါမျိုးလေးတွေက အရေးကြီးပြီး မျက်စိလျှံတတ်တဲ့ ကိစ္စမျိုးတွေပဲ။ ကောင်းတယ်ဗျ။ ဆက်လုပ်။

MCT said...

ဟုတ်တယ်နော်အစ်ကို။ခေါင်းစဉ်တင်မကဘူး
စာကြောင်းတွေပါလွဲနေတာလေ။
မညီမညာဖြစ်နေတာတွေကိုပြင်ပေးတဲ့
အစ်ကိုတို့ကိုကျေးဇူးအများကြီးတင်ပါတယ်။
အားပေးတာရောပေါ့

စိုးထက် - Soe Htet ! said...

ညက တော်တော် ပင်ပန်းသွားတယ် ... စာတွေက ညှိလိုက် ပြန်ပျက်လိုက် အရောင်တွေ ပြောင်းသွားလိုက် သေးလိုက် ကြီးလိုက်နဲ့ ... ကိုရဲမွန်ကို လှမ်းပြီး အကူအညီ တောင်းလိုက်မှ ပြဿနာ အဖြေတွေ့တယ် နှစ်ယောက်သား ကိုယ့်အိုင်ဒီယာနဲ့ ကိုယ် ပြင်နေကြတာလေ ... အဖြေထွက်သွားလို့ တော်သေးတယ် အကူအညီတာ မတောင်းမိရင် ကျွန်တော်က မိုးလင်း သွားနိုင်တယ် (ညဘက်မို့ ကိုရဲမွန်ဆီက နေ့ခင်း) ... နောက်ပြီးမှ ကိုရဲမွန် အကုန် ဆက်လုပ် သွားတယ် ... အားလုံး ကျေးဇူး ... :)

Winkabar said...

အစ်မရေ ဖတ်ပြီးရင်လေးတယ်။
အော် ဒီလိုတွေလည်းရှိတယ်နော်။ အရင်ကမသိလို့လေ။
ကောင်းတယ်အစ်မရေ။ နောက်လည်းများများရေးပါနော်။