Tuesday, January 29, 2008

Journals for Qualitative Research

အရည်အချင်းအခြေပြု သုတေသန တွေ့ရှိချက်များ ဖော်ပြရာ ဂျာနယ်များ


Qualitative & Quantitative Research နည်းလမ်းများကို မြန်မာပညာရှင်များ မည်သို့ ဘာသာပြန်သည် မသိပါ။ ကျွန်တော်ကတော့ Qualitative Research ကို အရည်အချင်းအခြေပြု သုတေသန နည်းလမ်းဟု၎င်း၊ Quantitative Research ကိုတော့ အရေအတွက်အခြေပြု သုတေသန နည်းလမ်းဟု၎င်း၊ မြန်မာမှုပြုမယ်လို့ စဉ်းစားပါတယ်။ စာရှုသူများအနေနဲ့ တခြား ပိုမို သင့်လျော်သော ဘာသာပြန်ချက် ရှိလျင် ဖော်ပြပေးပါရန် မေတ္တာရပ်ပါတယ်။

ပြည်သူ့ကျန်းမာရေး ဆိုင်ရာ သုတေသနများအကြောင်း ရေးသားသည့် ဂျာနယ်များတွင် အရေအတွက်အခြေပြု သုတေသနများကသာ လွှမ်းမိုးနေရာယူလေ့ရှိသည်။ သို့ရာတွင် ယခုနှစ်ပိုင်းများမှာတော့ ပြည်သူ့ကျန်းမာရေး သုတေသန လုပ်ငန်းတွေအနေနဲ့ အရည်အချင်းအခြေပြု သုတေသန နည်းလမ်းကို ပိုမို အသုံးပြုသင့်ကြောင်း ပြောဆိုသံတွေက တစ်နေ့တစ်ခြား ကျယ်လောင်လာပါတယ်။ ကျွန်တော် တက်ရောက်နေတဲ့ တက္ကသိုလ်က ပါရဂူဘွဲ့ယူ ကျောင်းသားတွေအထဲမှာလည်း ဒီနည်းလမ်းကို သုံးပြီး ဘွဲ့ယူစာတမ်းပြုစုကြတာတွေကို မကြာခဏဆိုသလို တွေ့လာရပါတယ်။ တစ်ချို့ကတော့ နှစ်မျိုးရောစပ်ပြီး သုတေသနပြုကြပါတယ်။

အရည်အချင်းအခြေပြု သုတေသနပြုချက်များကို မနုဿဗေဒ (Anthropology)၊ လူမှုရေးသိပ္ပံပညာ (Social Science)၊ စိတ်ပညာ (Psychology)၊ နှင့် စိတ်ရောဂါ (Psychiatry) ဘာသာရပ်များတွင် တွေ့ရလေ့ရှိပါတယ်။ စာရှုသူတို့ ထပ်မံ လေ့လာနိုင်ရန်အတွက်၎င်း၊ မိမိအတွက် မှတ်စုအနေဖြင့်၎င်း၊ အဆိုပါ သုတေသနပြုချက်များကို ဖော်ပြလေ့ရှိသည် ဂျာနယ်များ စာရင်းကို ဤနေရာတွင် ဖော်ပြလိုသည်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

Read More...

Wednesday, January 23, 2008

Poverty Reduction

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး


ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

No society can surely be flourishing and happy, of which by far the greater part of the numbers are poor and miserable.

-Adam Smith

ပြည်သူ့ ကျန်းမာရေးနဲ့ ဆင်းရဲနွမ်းပါးမှုဟာ တိုက်ရိုက်ဆက်နွယ်မှုရှိတဲ့ အကြောင်းအရာနှစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးချို့တဲ့မှုကြောင့် ဆင်းရဲနွမ်းပါးမှုဖြစ်စေနိုင်သလို၊ ဆင်းရဲနွမ်းပါးမှုကြောင့် အာဟာရချို့တဲ့မှုဖြစ်ရာက လာဘ်ကြီးတပါးဖြစ်တဲ့ ကျန်းမာရေးပါ ချို့တဲ့မှု ဆက်ဖြစ်သွားတဲ့ သာဓကတွေ အများကြီးပါ။ ဒါကြောင့်လဲ ဆင်းရဲနွမ်းပါးမှုကို ရောဂါတမျိုးအနေနဲ့ အဆိုရှိကြတာ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှုဆိုရာဝယ်

ဆင်းရဲနွမ်းပါးမှု အတိမ်အနက်ကို poverty line နဲ့ တိုင်းတာလေ့ရှိပါတယ်။ ဒီလိုင်းက လူသားတယောက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းမှာ နေထိုင်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ လုံလောက်မှုပမာဏကို ဖော်ပြပေးပါတယ်။ အိန္ဒိယနိုင်ငံကတော့ လူသားတယောက်တနေ့တာစားသုံးဖို့လိုအပ်တဲ့ ကယ်လိုရီပမာဏအတွက် လိုအပ်မယ့်အသုံးစရိတ်အပေါ်မှာ ဒီလိုင်းကို ဆွဲပါတယ်။ ဒီအသုံးစရိတ်ထက် ၀င်ငွေက နည်းနေမယ်ဆိုရင် ဆင်းရဲနွမ်းပါးတယ်လို့ ယေဘုယျသတ်မှတ်ပါတယ်။ သက်ဆိုင်ရာတိုင်းပြည်အလိုက် ကွဲပြားမှုရှိပါတယ်။

ဘယ်လိုပဲကွဲပြားပေမယ့်Below the poverty line မှာ လူဦးရေများပြားနေခြင်းဟာ ဆင်းရဲနွမ်းပါးသူဦးရေများခြင်းကို ညွှန်ပြချက်ပဲ ဖြစ်ပါတယ်။ တိုင်းတာရာမှာ head-count ratio, poverty -gap ratio စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ head-count ratio က poverty line အောက်က population fraction ကို တိုင်းတာပြီး၊ poverty -gap ratio ကတော့ total shortfall of incomes ကို တွက်ချက်တိုင်းတာ တာဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုနှင့်ဝင်ငွေ

ဆင်းရဲနွမ်းပါးမှုကို ၀င်ငွေနဲ့ တိုင်းတာမှုအပေါ်မှာ debate တွေ အမျိုးမျိုး ရှိပေမယ့် Development Economics သဘောတရားအရ ဆင်းရဲနွမ်းပါးမှုနဲ့ nutrition တို့ရဲ့ functional impact ဟာ work capacity အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပြီး၊ work capacity နဲ့ income level ဟာ တိုက်ရိုက်ဆက်စပ်မှုရှိတာကြောင့်၊ ၀င်ငွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနည်းလမ်းလေးသွယ်

ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနည်းလမ်းတွေမှာ government policy intervention ဟာ အရေးကြီးပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းလေးသွယ်ကို အသေးစိတ်ဖော်ပြရရင်

(၁) Relative factor prices အားပြောင်းလဲသောပေါ်လစီများရေးဆွဲ၍ Functional Distribution of Income အား ပြောင်းလဲရန်

ဒီကဏ္ဍမှာ စဉ်းစားရမယ့် အချက်နှစ်ချက်ရှိပါတယ်။ ပထမအပိုင်းက price of labor ပါ။ တနည်းအားဖြင့် ဆိုရင်တော့ လုပ်ခ (wage rate) ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ လုပ်အားခတွေဟာ ၀ယ်လိုအား၊ ရောင်းလိုအားတို့ interplay လုပ်တာနဲ့ determine မလုပ်ပဲ သတ်မှတ်ချင်သလို သတ်မှတ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အလုပ်တခုထဲမှာတင် လုပ်အားခက အမျိုးမျိုးဖြစ်တတ်ပါတယ်။ များသောအားဖြင့် လုပ်အားခတွေဟာ demand, supply forces တွေ free interplay လုပ်ရက ထွက်လာတဲ့ လုပ်အားခတွေထက်များနေတတ်ပါတယ်။ ဒါကို လျှော့ချခြင်းအားဖြင့် လုပ်ငန်းရှင်တွေဟာ capital နေရာမှာ labor ကို ပိုမိုအစားထိုးလာပါလိမ့်မယ်။ ဒီနည်းဖြင့် employment level တက်လာပြီး၊ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေတက်လာပါမယ်။

နောက်တချက်က Capital နဲ့ ဆိုင်ပါတယ်။ များသောအားဖြင့် capital equipment တွေရဲ့ ဈေးနှုန်းတွေကို အစိုးရနဲ့နီးစပ်မှုရှိတဲ့ လုပ်ငန်းရှင်တွေအတွက် လျှော့ချထားလေ့ရှိတယ်။ ငွေလဲလှယ်နှုန်းတွေ အမျိုးမျိုးသတ်မှတ်တာမျိုး၊ လုပ်ငန်းတချို့ကို သီးခြား privileges ပေးတာမျိုးတွေပါ။ ဒါတွေကို ဖယ်ရှားလိုက်မယ်ဆိုရင် price of capital ဟာ market-driven လုပ်တဲ့ level ကို ရောက်ရှိသွားပြီး၊ capital နေရာမှာ factor substitution အနေနဲ့ labor က အစားဝင်လာပါတယ်။ ဒီနည်းနဲ့ employment level တက်လာနိုင်ပါတယ်။ ဒါတွင်မက လုပ်ငန်းရှင်တွေရဲ့ economic returns ကလဲ အရင်ကလို မမြင့်မားတော့ပဲ income level ကျလာတဲ့အတွက် ချမ်းသာသူများနဲ့ ဆင်းရဲသူများအကြားက inequality လျော့နည်းလာနိုင်ပါတယ်။

ဒီနည်းဟာ လုပ်သားအရည်အတွက်များလာပြီး၊ ၀င်ငွေရသူများလာတဲ့အပြင် inequality ကို လျော့ကျစေနိုင်တဲ့အတွက် အကျိုးရှိတာမှန်ပေမယ့် အစိုးရကိုယ်တိုင် လုပ်ငန်းရှင်များနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ တိုင်းပြည်တွေမှာတော့ ဒီနည်းလမ်းကိုသုံးဖို့ အစိုးရကိုယ်တိုင်က နှောင့်နှေးလေ့ရှိကြပါတယ်။

(၂) Asset ownership ကို တိုးမြှင့် redistribute လုပ်ခြင်းအားဖြင့် size distribution ကို modify လုပ်ရန်

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတာက တိုင်းပြည်ဝင်ငွေရဲ့ တ၀က်ကျော်ကို ရရှိသူများဟာ လူဦးရေ စုစုပေါင်းရဲ့ နှစ်ဆယ်ရာနှုန်းခန့်ပဲဖြစ်ပြီး၊ ထုတ်လုပ်မှုအရင်းအမြစ်ရဲ့ ရှစ်ဆယ်ရာခိုင်နှန်းကျော်ကိုလဲ ဒီနှစ်ဆယ်ရာခိုင်နှုန်းလူတွေကပဲ ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒါမျိုးကို size distribution မညီမျှမှုလို့ ခေါ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို ကျန်သူတွေဆီမှာ redistribute လုပ်ခြင်းအားဖြင့် size distribution ညီမျှအောင် လုပ်ယူရပါမယ်။ ပေါ်လစီရေးရာမှာတော့ redistributive polices များလို့ သုံးနှုန်းပါတယ်။

အများအားဖြင့် လုပ်လေ့လုပ်ထရှိတာကတော့ rural poverty group ကို လျှော့ချဖို့ land reform လုပ်ခြင်းပါပဲ။ အလားသဏ္ဍာန်တူပဲ မြို့ပြမှာဆိုရင်လဲ လုပ်ငန်းသေးလုပ်ကိုင်သူများကို commercial credit (ဥပမာ- microloans) ပေးခြင်းအားဖြင့် သူတို့လုပ်ငန်းတွေချဲ့ထွင်ဖို့ရယ်၊ local workers တွေကို ပိုမိုခန့်ထားနိုင်ဖို့ရယ်အတွက် အကျိုးရှိစေပါတယ်။

နောက်တချက်လုပ်နိုင်တာကတော့ Annual savings and investment ထဲက တချို့အစိတ်အပိုင်းများကို low-income groups များအတွက် လွှဲပြောင်းပေးခြင်းပါ။ ဒါ့အပြင် educational opportunities ကိုပဲ wider access ဖြစ်အောင် လုပ်ယူရပါမယ်။ နှစ်ဆယ့်တစ်ရာစုမှာ Human Capital ဟာ နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးအကြီးဆုံး သော့ချက်ဖြစ်လာပါပြီ။

(၃) Income and Wealth Taxes များဖြင့် ချမ်းသာသူများ၏ size distribution ကို လျှော့ချရန်

ဝင်ငွေနည်းတဲ့ အောက်ခြေလူတန်းစား ၄၀% ရဲ့ financial security ရှိဖို့ အတွက် သင့်လျော်တဲ့ အခွန်စနစ်ကို ချမှတ်ရပါမယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတာက အခွန်စနစ်ဟာ ဆင်းရဲနွမ်းပါးသူများမှာ ပိုမိုတင်းကြပ်ပြီး၊ ချမ်းသာသူများကတော့ လာဘ်ပေးလာဘ်ယူနည်းမျိုးစုံနဲ့ အခွန်ရှောင်တတ်ကြပါတယ်။ Progressive taxes တွေဖြစ်ရမယ့်အစား regressive taxes တွေဖြစ်ကုန်ပါတော့တယ်။

(၄) Direct Transfer payments များ၊ Public-consumption goods and services များအား ထောက်ပံ့ခြင်းဖြင့် ဆင်းရဲသူများ၏ size distribution ကို တိုးမြှင့်ရန်

ဆင်းရဲနွမ်းပါးသူများကို public-consumption goods and services များထောက်ပံ့ပေးခြင်းဟာလဲ အကျိုးဖြစ်ထွန်းပါတယ်။ ဥပမာ- ကျေးလက်နဲ့ တိုးတက်မှုနှေးတဲ့ မြို့ပြဒေသများမှာ public health projects များချမှတ်ဆောင်ရွက်ခြင်း၊ ဝေးလံခေါင်ဖျားဒေသတွေမှာ သောက်ရေသန့်နဲ့ လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ခြင်း၊ preschool nutrition supplement programs များ ဖန်တီးအကောင်အထည်ဖော်ခြင်း စတာမျိုးတွေဖြစ်ပါတယ်။

ငွေကြေးများတိုက်ရိုက်လွှဲပြောင်းပေးခြင်းနဲ့ ဆင်းရဲနွမ်းပါးသူများကို အစားအစာများ ပေးဝေခြင်းဆိုင်ရာ ပေါ်လစီများကလဲ အသုံးဝင်ပါတယ်။ အကောင်းဆုံးကတော့ essential foodstuffs တွေရဲ့ဈေးနှုန်းကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လိုအပ်တဲ့ ပေါ်လစီများ ချမှတ်ဆောင်ရွက်ခြင်းပါပဲ။

အထက်ပါနည်းလမ်းလေးသွယ်ကို ဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလေးသွယ်လုံးမှာ government role ဟာ အရေးကြီးဆုံးမို့ သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ attitudes နဲ့ effectiveness ရှိအောင် လုပ်ဆောင်နိုင်မှုတွေပေါ်မှာ မူတည်နေပါတယ်။ Third sector ရဲ့ poverty reduction နဲ့ ပတ်သက်ပြီး ပါဝင်ဆောင်ရွက်နိုင်မှုများအကြောင်းကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဆွေးနွေးသွားပါမယ်။

ခင်မမမျိုး (၂၁၊၁၊၂၀၀၈)

ရည်ညွန်းကိုးကား

Ray, Debraj (1998) Development Economics, Princeton University Press, Princeton

Todaro, C.M & Stephen C. S (2006) Economic Development, 6th edition, Pearson Education, Harlow

Bardham, P. & Udry, C. (1999) Development Microeconomics, Oxford University Press, Oxford



Read More...

Medical Ebooks

I have found the following website links from Ko Kyaw Myint Oo's blog. It was said that original compilation was done by Ko Ye Thwe of Technical-Seven.

Medical Books for Everyone

This blog has more than 200 ebooks from different disciplines of Medicine. You will need to download those ebooks in compressed file format (rar) through RapidShare. Use WinRAR to un-compress the file and obtain PDF.
Medical Community
Ebooks are archived by month posted. A comprehensive list of disciplines of Medicine is available to search. First, you will find a summary of the book. Download link is not that obvious. Pay particular attention to the comment section of each posting and find "x resource until now" where people share their ebooks with you. Then, follow the respective link.
Medical Heaven
Similar to Medical Community. Look at comment section for download link.

Read More...

Thursday, January 17, 2008

Summer Institutes at Hopkins

ဂျွန်စ်ဟော့ပ်ကင်း ပြည်သူ့ကျန်းမာရေးကျောင်းမှ နွေရာသီ သင်တန်းများ

အမေရိကား၏ နွေရာသီ
အမေရိကားတွင် နွေရာသီဟု ခေါ်သော ကာလသည် ကျွန်တော်တို့ မြန်မာပြည်တွင် မိုးဦးရာသီ ကာလဖြစ်သည့် ဇွန်၊ ဇူလိုင်လများပင် ဖြစ်သည်။ ပုံမှန်ဘွဲ့လွန်သင်တန်း (မဟာဘွဲ့၊ ပါရဂူဘွဲ့) တက်နေသူများအတွက် နွေရာသီကျောင်းပိတ်ရက်ဟူ၍ ၃-၄ လခန့် ပိတ်တတ်ပေသည်။ သို့ရာတွင် စာသင်ခန်းများ နှင့် ဆရာများမှာ အနားမရကြပဲ နွေရာသီ သင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် အလုပ်များနေကြသည်။
မည်သို့သော လူများအတွက်နည်း
နိုင်ငံတကာ နှင့် အမေရိကန်ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြသော ပြည်သူ့ကျန်းမာရေး ပညာရှင်များ အနေဖြင့် အလုပ်သဘောသဘာဝအရ သော်လည်းကောင်း၊ နေရာဒေသ အကွာအဝေးအရ သော်လည်းကောင်း ပုံမှန်သင်တန်းများ လာရောက်တက်နိုင်ရန် အခက်အခဲရှိကြပေသည်။ ထို့အပြင် အလုပ်အတွေ့အကြုံရှိပြီးသားဖြစ်၍ မဟာ၊ ပါရဂူဘွဲ့များအတွက် သင်ကြားသော သင်တန်းအားလုံးကို သင်ယူရန် မလိုအပ်သော အခြေအနေမျိုးလည်း ရှိနေနိုင်သေးသည်။ အချို့မှာ ဘွဲ့လွန်သင်တန်းများကို စာပေးစာယူ အနေဖြင့် တက်ရောက်နေကြပြီး ကျောင်းတွင် လာရောက်တက်ရောက်ရန် လိုအပ်သည့် သင်တန်းများကို နွေရာသီတွင် လာရောက် တက်ကြလေသည်။ ထိုသို့သော ပုဂ္ဂိုလ်အမျိုးမျိုးအတွက် ရည်ရွယ်၍ နွေရာသီ သင်တန်းများ ဖွင့်လှစ်လာပေသည်။
မည်သည့်ဘာသာရပ်များ သင်ကြားပေးသနည်း
ဂျွန်စ်ဟော့ပ်ကင်း ပြည်သူ့ကျန်းမာရေးကျောင်း၏ ဌာနတိုင်းလိုလိုမှ ကောင်းနိုးရာရာများကို ရွေးပြီး သင်ကြားပေးသည်။ မိမိ စိတ်ဝင်စားသည့် ဌာန နှင့် သင်တန်းများကို ရွေးချယ် တက်ရောက်နိုင်သည်။ သင်တန်း တစ်ခုထက်ပို၍ တက်ရောက်ရန်မှာ အခက်အခဲရှိနိုင်သည်။ မိမိ တက်လိုသော သင်တန်းနှစ်ခုစလုံးမှာ တပြိုင်တည်း သင်ကြားနေခြင်းမျိုး ဖြစ်နိုင်သောကြောင့်ပင်။
အချိန်မည်မျှ ကြာမည်နည်း
ပုံမှန်သင်တန်းများတွင် တစ်နေ့ ၂ နာရီခန့်ဖြင့် တစ်ပတ်လျှင် ၂ ချိန်၊ ၃ ချိန်ခန့်သင်ကြားပြီး ဘာသာရပ်တစ်ခု ပြီးရန် ၂ လခန့်ကြာလေသည်။ နွေရာသီ သင်တန်းတွင်ကား သင်ခန်းစာ ပမာဏ အတူတူကို တစ်နေ့ ၃-၆ နာရီခန့်ဖြင့် တစ်ပတ်လျှင် ၅ ရက် သင်ကြား၍ စုစုပေါင်း ရက်သတ္တပတ် ၂-၃ ပတ်ခန့်ဖြင့် ပြီးစီးသည်။
မည်မျှ ကုန်ကျမည်နည်း
သင်တန်းကြေးမှာ ပါဝင်သော သင်ခန်းစာ ပမာဏအလိုက် အမေရိကန် ဒေါ်လာ ၁၃၀၀ မှ ၂၀၀၀ ခန့် ပေးရသည်။ နေထိုင်၊ စားသောက်စရိတ် နှင့် ခရီးစရိတ်များ ထည့်ပေါင်းပါ။
ပညာသင်ဆု ရနိုင်ပါသလား
အချို့သော သင်တန်းများတွင် သင်တန်းကြေး အခမဲ့ပေးခြင်းမျိုးဖြင့် ပညာသင်ဆု ပေးတတ်သည်။ နေထိုင်၊ စားသောက် နှင့် ခရီးစရိတ်များကို မိမိဖာသာ အကုန်အကျ ခံရသည်။
ပြည်ဝင်ခွင့်ဗီဇာ နှင့် အထွေထွေ
ပြည်ဝင်ခွင့်ဗီဇာအတွက် လိုအပ်သည့် စာရွက်စာတန်းများကို ကျောင်းမှ ထုတ်ပေးသည်။ အချိန်မီ ဗီဇာရရှိနိုင်ရန် ကြိုတင်စီစဉ်ရန်လိုသည်။
၂၀၀၈ ခုနှစ် နွေရာသီအတွက် ဖွင့်လှစ်မည့် သင်တန်းများ
  • Adolescent Health and Development
  • Health Policy and Management
  • Health, Behavior and Society
  • Leadership in Strategic Health Communication: Making a Difference in Infectious Diseases, HIV/AIDS and Reproductive Health
  • Injury Research and Policy
  • Reproductive Health and Development
  • Epidemiology and Biostatitics
  • Tropical Medicine and Public Health
  • Mental Health
  • American Indian Health
  • Health Emergencies in Large Populations
ပိုမိုသိရှိလိုပါက ...
www.jhsph.edu/summer

Read More...

Sunday, December 23, 2007

Gum Bleeding

သင့်သွားဖုံးဟာ အလိုလိုနေရင်း ဒါမှမဟုတ် သင်သွားတိုက်ရင်း သွေးထွက်လာခဲ့မယ် ဆိုရင် သွားဖုံး သွေးယိုစိမ့်တယ်လို့ ဆိုနိုင်ပါပြီ။

တကယ်လို့များ သင့်သွားဖုံးမှာ သေွးယိုစိမ့်လာပြီဆိုရင် အောက်ပါမေးခွန်းများကို ဖြေကြားသင့်ပါတယ်။

၁။ သင့်သွားဖုံးမှ သွေးယိုစိမ့်နေတာ ဘယ်လောက်ကြာနေပြီ ဖြစ်ပါသလဲ။

သင့်အဖြေဟာ သင့်ခံစားနေရတဲ့ ရောဂါဟာ နာတာရှည်လား ။ အခုမှ ဖြစ်ပေါ်တာလားဆိုတာ သင်ခွဲခြား သိလာပါလိမ့်မယ်။

၂။ သင့်သွားဖုံးမှ သွေးယိုမှု ဖြစ်ပွားအောင် သင့်မှာ ထိခိုက်ဒါဏ်ရာရရှိဖူးပါသလား။

တကယ်လို့ သင့်မှာ အဲလို ထိခိုက်ဒါဏ်ရာ မရှိခဲ့ဖူးဆိုရင် အလိုအလျှောက်ဖြစ်တတ်တဲ့ အခြားသော အကြောင်း အရာများကို ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။


၃။ တခြားနေရာမှ အလိုအလျှောက် သွေးယိုစိမ့်သော လက္ခဏာများကို သင်ခံစားနေရပါသလား။

ဥပမာ၊ နှာခေါင်း သွေးလျှံခြင်း၊ အရေပြားတွင် သွေးချေဥလွယ်ခြင်း၊ သင့်ရဲ့ အဆစ်များ ယောင်ယမ်းနေခြင်း၊ စသည့်တို့ ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ သွေးနှင့်ဆိုင်တဲ့ သွေးမတိတ်တဲ့ရောဂါရှိမရှိကို သေချာ စစ်ဆေးဖို့ လိုတယ်ဆိုတာ ပြတာပါပဲ။

၎။ အခုလို မဖြစ်ခင်မှာ သင့်မှာ လည်ချောင်းနာခဲ့ဖူးပါသလား။

လည်ချောင်းနာတာ ဒါမှမဟုတ် တခြား ဗိုင်းရပ်စ် ရောဂါပိုးတခုခု တကယ်လို့ ဖြစ်ခဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကတဆင့်ဖြစ်ပေါ်တတ်တဲ့ သွေးမတိတ်တဲ့ ရောဂါရှိမရှိကို သေချာစစ်ဖို့လိုပါတယ်။

၅။ သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ ပတ်သတ်ပြီး သင့်ရဲ့ သွားဆရာဝန်ကို နောက်ဆုံးဘယ် အချိန်က ပြခဲ့ ပါသလဲ။

မှန်မှန်ပြသခဲ့ပါသလား။ သွားပိုးစားနေတာရှိပါသလား ။ တကယ်လို့ အဲဒါတွေ ကို မှန်မှန်မလုပ်ခဲ့မိဘူး။ သွားပိုးစားတာလေးတွေ ရှိနေမယ်ဆိုရင်တော့သင့်မှာ သွားဖုံးယောင်တဲ့ရောဂါ ကို သေချာစစ်ဆေးဖို့ လိုပါတယ်။

တခါတလေမှာ တခြားသော ရောဂါလက္ခဏာများကလည်း သင့်ရောဂါ ကိုတွေ့ရှိဖို့ အကူအညီ ပေးတတ်တာကြောင့် ဒီရောဂါလက္ခဏာလေးတွေ ရှိမရှိကို သင်စစ်ဆေး ကြည့်စေချင်ပါတယ် ။

၁။ သွေးခြေဥလွယ်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ မိန်းကလေးများတွင် ရာသီလာသော ပမာဏများနေတတ်ခြင်း စတာတွေဟာ သွေးမတိတ်တဲ့ရောဂါဖြစ်ဖို့ များတဲ့ လက္ခဏာ တချို့ပါပဲ။

၂။ မောပန်းလွယ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ကျလာခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ညဖက်ချွေးထွက်ခြင်း စတာတွေကတော့ Lymphoma နဲ့ သွေးကင်ဆာလို ရောဂါမျိုးမှာ ပိုမိုတွေ့ရတတ်ပါတယ်။

၃။ သွားဖုံးမှာ အနာရှိခြင်းကတော့ သွားဖုံးယောင်ခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါ လက္ခဏာ တခုပါပဲ။

၎။ အရေပြားမှာ အစက်အပျောက်တွေကို တွေ့လာရမယ်ဆိုရင်တော့ သွေးမတိတ်တဲ့ ရောဂါတချိုကို စဉ်းစားရပါလိမ့်မယ်။

၅။ အာခေါင်ခြောက်ခြင်း ကတော့ ဆီးချိုရောဂါ၊ တချို့သောဆေးများ ၊ သွေးအားနည်းခြင်း၊ ခုခံအားကျဆင်းမှုရောဂါ စသည်တို့တွင်တွေ့ရတတ်ပြီး ပါးစပ်ခြောက်ခြင်းကြောင့် သွားဖုံးယောင်ခြင်းကို အားပေးစေပါတယ။်

ဘာ့ကြောင့်လဲ…

သွားဖုံးသွေးယိုစိမ့်ခြင်းဟာ သွားဖုံးကြောင့်ဖြစ်သောရောဂါ အပြင် အခြားသော အကြောင်း အရာများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခြာအကြောင်းအရာ များကိုလည်း ရှာဖွေ ကုသသင့်ပါတယ်။ သွားဖုံးသွေးယိုစိမ့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကတော့

o သွားဖုံးယောင်ခြင်း

o သွားဖုံးတွင်ရောဂါတခုခုရှိခြင်း

o သွေးမတိတ်သော ရောဂါများကြောင့်ဖြစ်ခြင်း

o သွေးကင်ဆာ

o ကိုယ်ဝန်ရှိစဉ် သွားဖုံးသွေးယိုခြင်း

o ဗိုက်တာမင် စီနှင့် အခြားဗိုက်တာမင်များ ချို့တဲ့ခြင်း

o သွားပိုးစားခြင်းမှ တဆင့် သွားဖုံးသွေးယိုခြင်း

o ပါးစပ်အတွင်း ပိုးဝင်ခြင်း

o အရက်သေစာ သောက်စားသော လူများတွင် သွားဖုံးသွေးယိုခြင်း

သွားဖုံးသွေးယိုစိမ့်ခြင်းဟာ များသောအားဖြင့် သွားဖုံးယောင်ခြင်းကြောင့် ဖြစ်ပါတယ်။ အချို ဓါတ်များစွာပါဝင်သော အစာများကိုစားသောက်ခြင်း၊ သွားပုံမှန်မတိုက်ခြင်း သို့မဟုတ် ခံတွင်း သန့်ရှင်းရေးကို သေချာ မလုပ်ခြင်းများဟာ သွားများနဲ့ သွားဖုံးများ ပတ်ဝန်းကျင်မှာ စားကျွင်းစားကျန်စုမှုကို အားပေးပါတယ။် အချိန်ကြာလာတာနဲ့အမျှ ဘက်တီးရီးယားများ ခိုအောင်ဖို့ နေရာ တခုအဖြစ် တည်ရှိကာ သွားဖုံးယောင်ခြင်းကို အားပေးပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် သွားဖုံးတွင်ရှိသော အသားစများ လျော့ရဲကာ ပျော့ပြောင်းလာခြင်း၊ သွေးလျှောက်များလာခြင်းတို့ကြောင့် သွားဖုံးသွေးယိုတာဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း ၊ ဆေးလိပ်သောက်ခြင်း၊ အစာအဟာရ မျှတစွာ စားသောက်မှု မရှိခြင်းတို့ကလည်း သွားဖုံးသွေးယိုခြင်းကို ပိုမိုဖြစ်စေပါတယ်။

ဆီးချိုဝေဒနာရှင်များ ဆီးချိုရောဂါ ထိန်းသိမ်းမှုအား နည်းလျှင် သွားဖုံး သွေးယိုခြင်း ဖြစ်နိုင်သလို၊ တချို့သော ဆေးများကလည်း သွားဖုံးသွေးယိုစိမ့်ခြင်းဖြစ်နိုင်ပါတယ်။

သင်ဘယ်လိုခံစားလာရမလဲ ။

ရောဂါတခုခုရှိပြီဆိုရင်တော့ သွားဖုံးတွေဟာ နီပြီးယောင်လာပါတယ်။ နောက် သွားတိုက်တဲ့ အခါ သွေးထွက်လာတတ်ပါတယ။် သွားဖုံးယောင်လာတာကို သေချာ မကုရင်တော့ အနီးနားမှာရှိတဲ့ အသားမျှင်တွေနဲ့ အရွတ်တွေကိုပါ ထိခိုက်စေပြီး သွားယိုင်နဲ့တာတွေ၊ သွားနဲ့ သွားဖုံးကြားမှာ အခေါင်းပေါက်ဖြစ်လာတွေ ဖြစ်တတ်ပါတယ်။ နောက်ဆုံးမှာ သွားကျွတ်ထွက်တာ၊ သွားဖုံးမှာ အနာဖြစ်တာတွေ အထိဖြစ်တတ်ပါတယ်။

သွားဖုံးများ ယောင်နေခြင်း ဟာ သွေးကင်ဆာ၊ ကိုယ်ဝန်ဆောင်များ၊ ဗိုက်တာမင်စီ ချိုတဲ့သူများ ၊ သွားဖုံးနှင့် သွားခြေယောင်သော သူများတွင်လည်း ဖြစ်တတ်ပါတယ်။

ဗေလုံး

Hodgkin lymphoma ၊ သွေးကင်ဆာ ၊ Lupus erythemtosus ၊ သွေးမတိတ်သော ရောဂါများ ၊ ရိုးတွင်းချဉ်စီမှာ သွေးနှင့်ဆိုင်သော ပစ္စည်းများ မထုတ်လုပ်နိုင်သော သွေးအားနည်းရောဂါများတွင် ဗေလုံးကြီးနေတတ်ပါတယ်။

သွေးချေဥခြင်း

အကြောင်းအမျိုးမျိုးကြောင့် သွေးတိတ်စေသော အရာ ( platelets ) နည်းနေသော အခြေအနေများတွင် ခန္ဓာကိုယ်အနှံ့အပြား၌ သွေးခြေဥကလေးများ (အနီရောင် အစက်အပျောက် ကလေးများ ) ထွက်တတ်ပါတယ်။

ဆောင်ရန် ရှောင်ရန်များ

သွားဖုံးမှာသာမက တခြားနေရာများကပါ အလိုအလျှောက် သွေးထွက်နေပြီးဆိုရင်တော့ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါမှမဟုတ် သွားဖုံးတခုတည်းက သွေးထွက်နေတယ်ဆိုရင်တော့ သွားနှင့်ခံတွင်းကို ကောင်းမွန်သန့်ရှင်းအောင်ထားတာဟာ သွားသွေးယိုစိမ့်တာကို ကာကွယ်ဖို့နဲ့ကုသဖို့ အကောင်းဆုံး နည်းလမ်းတရပ်ပါပဲ။ ဒါကြောင့် သင့်ရဲ့သွားတွေကို သွားတိုက်ဆေးနဲ့ မနက်တကြိမ် ၊ ညအိမ်ရာဝင်တကြိမ် အနည်းဆုံးတိုက်သင့်ပြီး တကြိမ်တိုက်လျှင်လည်း နှစ်မိနစ်ခန့်ကြာအောင် တိုက်ပေးရပါမယ်။

သွားတိုက်တဲ့အခါ သင့်သွားဖုံးတွေ သွေးထွက်တာတတ်တယ်ဆိုရင်တော့ သင်သွားတိုက်တာ ကြမ်းမကြမ်း၊ သင့်ရဲ့ သွားဖုံးတွေကိုကြွတက်လာစေပြီး အောက်က သွားခြေတွေ ပေါ်လာအောင် သင်တိုက်မိသလား ဆိုတာကို အနည်းငယ် စမ်းစစ်ဖို့လိုပါလိမ့်မယ်။ တကယ်လို့ပြုမူမိခဲ့မယ် ဆိုရင်တော့ အဲဒီအကျင့်ကလေးကို ဖျောက်ပြီး မှန်ကန်တဲ့ သွားတိုက်နည်းအတိုင်း တိုက်သင့်ပါတယ်။

သွားတိုက်ခြင်းက သွားများကို သန့်ရှင်းစေဖို့ တခုတည်းသော နည်းလမ်းဖြစ်သလို သွားများကြားကို သန့်ရှင်းဖို့လည်း အလွန် အရေးကြီးပါတယ်။ ဒါကြောင့် သွားများကြားကို သန့်ရှင်းစေဖို့ သွားကြားထိုးတဲ့ကြိုး ကလေးများကို အသုံးပြုပြိး သန့်ရှင်းနိုင်ပါတယ်။ သင့်မှာ အခြားသော ရောဂါများမရှိပဲ သွားနဲံ သွားဖုံးဆိုင်ရာ ရောဂါကြောင့် သွားသွေးထွက်ခဲ့ရင်တော့ သွားတိုက်ခြင်း သွားကြားထိုးတဲ့ကြိုးနဲ့ သွားကြားထိုးခြင်းတို့ဟာ သွေးဆက်ထွက်နိုင်ပေမယ့် နောင်ဖြစ်မဲ့ပြသနာများကို ကျော်လွှားနိုင်ဖို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆက်လုပ်သင့်ပါတယ်။ သွားတိုက်ပြီးသောအခါ ပလုတ်ကျင်းခြင်း၊ ခံတွင်းနံ့မွှေးစေသော ပစ္စည်းများကို သုံးခြင်းဟာလည်း သွားများကြားမှာ ကပ်တွယ်နေတဲ့ အစာများကို ဖယ်ရှားပေးတာကြောင့် အကျိုးရှိစေပါတယ်။

သွားဖုံးသွေးယိုစိမ့် မှု မဖြစ်အောင် ကာကွယ်မယ်ဆိုရင်

ခံတွင်းသန့်ရှင်းမှုကို နေ့စဉ်မပြတ်ပြုလုပ်ပြီနောက် သကြားလုံး၊ ချောကလက်၊ အချိုရည် စသော အချိုများသည့် အစားအသောက်များကို လျှော့စားခြင်း၊ ၊ ကော်ဖီ လက်ဘက်ရည်ထဲသို့ သကြားများများ ထည့်သောက်ခြင်း များကို လျှောင်ကျဉ်သင့်ပါတယ်။ အစာတခုနှင့် တခုကြားတွင် အစာပြေစားခြင်း များကလည်း သွားဖုံးယောင်ခြင်းကို တဖက်တလမ်းမှ အားပေးသောကြောင့် ထိုသို့စားသောက်ခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို နည်းပါးစေပြီး သွားဖုံးများကိုမာကျောစေကာ သွားဖုံးကျန်းမာမှုကို ထိခိုက်စေပါတယ်။ ဆေးလိပ် သောက်သည့် ပမာဏကိုလျှော့ချခြင်း ၊ဖြစ်နိုင်လျှင် ဆေးလိပ် ဖြတ်ခြင်းက သွားဂျီးတက်ခြင်းကို ကာကွယ်ပေးသည့် အပြင် ဘက်တီးရီးယားများ ခိုအောင်းနိုင်သော အလွှာတခုဖြစ်ပေါ်မှုကိုလည်း နှောင့်နှေးစေပါတယ်။

အကယ်၍များသင်ဟာ အံကပ် တပ်ထားရတဲ့သူဖြစ်ပြီး သင့်ရဲ့ အံကပ်ဟာ သင်နဲ့ အဆင်မပြေသေးဘူးဆိုရင်တော့ သင့်ရဲ့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ။် တကယ်လို အဲဒီ ပြသနာကိုလစ်လျှူရှုခဲ့မယ်ဆိုရင် သင့်ရဲ့ အံကပ်ဟာ သွားဖုံးနဲ့ပွတ်တိုက်မိပြီး အနာဖြစ်ကာ ပိုးဝင်ရောက်ဖို့ အခွင့်အလမ်းပိုများလာပါလိမ့်မယ်။

သင်ဟာ သင့်ရဲ့ သွားဆရာဝန်နဲ့ အနည်းဆုံးတနှစ်ကိုတကြိမ် ၊ တကယ်လို့များသင့်မှာ သွားနဲ့ခံတွင်းဆိုင်ရာ ပြသနာတခုခုရှိခဲ့မယ်ဆိုရင်တော့ တနှစ်ကို တကြိမ်ထက်ပိုပြီး သွားရောက်ကာ သင့် ကျန်းမာရေးအတွက် တိုင်ပင်သင့်ပါတယ။်

မွန်းသက်ပန် (ဆေး-၁)

Read More...

Wednesday, December 19, 2007

How to prevent bird-flu infecting human

လူသို့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှု မဖြစ်ပွားအောင် ကာကွယ်ရေး
နှိုးဆော်ချက် (၁) နှင့် (၂)


  1. ကြက်ငှက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်တွင် ဖြစ်ပွားလျက်ရှိပါသည်။ ဆောင်းခို ရေပျော်ငှက်များမှတဆင့် တစ်ပိုင်တစ်နိုင် မွေးမြူထားသော ကြက်၊ ဘဲ၊ ငှက်များ၊ စီးပွားဖြစ် မွေးမြူထားသော ကြက်၊ ဘဲ၊ ငှက်များသို့ ကူးစက်ပျံ့နှံ့ရုံသာမက ခို၊ ကျီးကန်း၊ စာကလေး၊ ကြက်တူရွေး စသည့် ငှက်များနှင့် ၀က်၊ ကြောင်၊ ကျား စသည့် တိရစ္ဆာန်များသို့ပါ ရောဂါကူးစက် သေဆုံးလျက်ရှိပါသည်။

  2. ထိုမှတစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါ လူသို့ကူးစက်မှုကြောင့် နိုင်ငံ ၁၂ နိုင်ငံတွင် ရောဂါဖြစ်ပွားခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်လျက် ရှိပါသည်။ ရောဂါဖြစ်ပွားလျှင်လည်း သေဆုံးမှု ၆၀ ရာခိုင်နှုန်းခန့် ရှိပါသည်။ ရောဂါဖြစ်ပွားနေသော ကြက်၊ ဘဲ၊ ငှက်များ၊ ရောဂါဖြစ်ပွားသေဆုံးသော ကြက်၊ ဘဲ၊ ငှက်များနှင့် ၄င်းတို့၏ အသား၊ ဥ၊ မစင်အညစ်အကြေးများနှင့် အခြား ငှက်ထွက်ပစ္စည်းများကို ထိတွေ့ ကိုင်တွယ်ရာမှ လူသို့ရောဂါ ကူးစက်ခံရခြင်း ဖြစ်ပါသည်။ ရောဂါကူးစက် သေဆုံးသူများတွင် ကလေးများနှင့် ကျန်းမာသော လူငယ်၊ လူရွယ်အများစုဖြစ်ပါသည်။

  3. သို့ဖြစ်ပါ၍ ပြည်သူများသို့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု မရှိအောင် ကာကွယ်ရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါသည်။

  4. (က) ကြက်၊ ဘဲ၊ ငှက်၊ ၀က်များကို ရောနှော မွေးမြူခြင်းမှ ရှောင်ကြဉ်ရန်၊
    (ခ) မိမိတို့ အိမ်အတွင်း (သို့မဟုတ်) အိမ်အောက်တွင် ကြက်၊ ဘဲ၊ ငှက်များ မွေးမြူခြင်းမှ ရှောင်ကြဉ်ရန်၊
    (ဂ) ကြက်၊ ဘဲ၊ ငှက် မွေးမြူသူများသည် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနက ထုတ်ပြန်ထားသော ဇီဝလုံခြုံမှု နည်းစနစ်နှင့်အညီ ဆောင်ရွက်ရန်၊
    (ဃ) လူအများ နေထိုင်ရာနှင့် ကြက်၊ ဘဲ၊ ငှက်မွေးမြူရာ နေရာများသို့ တောရိုင်းငှက်များ၊ ခို၊ ကျီးကန်း၊ စာကလေးများ မလာရောက်စေရန်အတွက် ခိုစာကျွေးခြင်း၊ စပါးနှံအတွဲချိတ်ခြင်း၊ အစားအစာကျွေးခြင်းကို ရှောင်ကြဉ်ရန်၊
    (င) အထူးသဖြင့် ကလေးများကို ကြက်၊ ဘဲ၊ ငှက်များနှင့် ထိတွေ့ ကိုင်တွယ်ခြင်း မပြုလုပ်စေရန်၊
    (စ) ရောဂါပိုးများသည် ရေထဲတွင် ကြာရှည်စွာ အသက်ရှင်သန်နိုင်သဖြင့် ကလေးများအား ရေကန်များ၊ အထူးသဖြင့် ဘဲမွေးကန်များတွင် ရေကူးခြင်း၊ ဆော့ကစားခြင်းများ မပြုလုပ်စေရန်၊
    (ဆ) ကြက်ငှက် အရှင်၊ အသေ၊ အသား၊ သွေး၊ ဥ၊ အရိအရွဲနှင့် မွေးများတွင် ရောဂါပိုး ပါရှိနိုင်သဖြင့် ကိုင်တွယ် ဆောင်ရွက်ပြီးလျှင်ပြီးချင်း လက်များကို ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာ ပွတ်တိုက်ဆေးကြောရန်၊
    (ဇ) ကြက်၊ ဘဲ၊ ငှက်များ၏ မစင်တွင် ရောဂါပိုး အမြောက်အမြား ပါရှိသောကြောင့် ကြက်၊ ဘဲ၊ ငှက်များ၏ မစင်ကို လက်ဖြင့် ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ရန်နှင့် အကာအကွယ်ပစ္စည်း သုံး၍ စနစ်တကျ စွန့်ပစ်ရန်၊
    (ဈ) ရောဂါရနေသော (သို့မဟုတ်) သေဆုံးနေသော ကြက်၊ ဘဲ၊ ငှက်များကို တွေ့ရှိပါက ရောဂါ မကူးစက်စေရန် လက်အိတ်စွပ်ခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ ရင်ကာခါးစည်း (Apron) ၀တ်ဆင်ခြင်း အစရှိသော အကာအကွယ်ပစ္စည်းများ အသုံးပြုပြီးမှသာ ကိုင်တွယ်ခြင်း၊ မြှပ်နှံခြင်း၊ ဖျက်ဆီးခြင်း၊ သက်ဆိုင်ရာသို့ပေးပို့ခြင်း ပြုလုပ်ရန်၊
    (ည) ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားရာ ဒေသတွင် နေထိုင်သူများသည် ကြက်ခြံများ၊ ကြက်ဘဲဒိုင်များ၊ ကြက်ငှက်သတ်သော နေရာများသို့ သွားရောက်ခြင်း မပြုရန်၊
    (ဋ) ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားရာဒေသတွင် နေထိုင်သူများနှင့် အဆိုပါဒေသသို့ သွားရောက်ခဲ့သူများ၌ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ တုပ်ကွေးရောဂါ ကဲ့သို့သော လက္ခဏာများ ပေါ်ပေါက်လာလျှင် နီးစပ်ရာ ကျန်းမာရေး ဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန်။
  5. သို့ဖြစ်ပါ၍ ပြည်သူများသို့ ကြက်ဘဲငှက်များကို ကိုင်တွယ်ချက်ပြုတ်စားသုံးသူများသည် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုမှ ကာကွယ်ရန်အတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါသည်။

    (က) ရောဂါကြောင့် သေဆုံးသော ကြက်၊ ဘဲ၊ ငှက်များနှင့် အကြောင်းမသိဘဲ သေဆုံးနေသေ ကြက်၊ ဘဲ၊ ငှက်များကို စားသုံးခြင်းမှ ရှောင်ကြဉ်ရန်၊
    (ခ) တောငှက်များနှင့် ဆောင်းခိုရေပျော်ငှက်များကို စားသုံးခြင်းမှ ရှောင်ကြဉ်ရန်၊
    (ဂ) ကြက်၊ ဘဲ၊ ငှက်တို့၏ အသား၊ သွေးနှင့် ဥများကို သေချာစွာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးရန်၊
    (ဃ) ကြက်၊ ဘဲ၊ ငှက်တို့၏ အသားနှင့် ဥများကို အစိမ်းစားခြင်း၊ မကျက်တကျက် ချက်ပြုတ်စားခြင်းတို့မှ ရှောင်ကြဉ်ရန်၊ (ချက်ပြုတ်ရာတွင် အသားနှင့် ဥအတွင်း အပူချိန် ၇၀ ဒီဂရီ စင်တီဂရိတ်ရောက်မှ ပိုးသေပါသည်။)
    (င) ချက်ပြုတ်ပြီး အသားများကို အချိန်ကြာမြင့်စွာ ထားသို၍ စားသုံးခြင်းမှ ရှောင်ကြဉ်ရန်၊
    (စ) ကြက်၊ ဘဲ၊ ငှက် အသားစိမ်းများနှင့် ဥများကို ဟင်းသီးဟင်းရွက်များနှင့် ရော၍ သယ်ဆောင်ခြင်း၊ ထားသိုခြင်းမပြုရန်၊
    (ဆ) ကြက်၊ ဘဲ၊ ငှက် အသားစိမ်းများကို ချက်ပြီးဟင်းလျာများနှင့် အတူတကွ သိမ်းဆည်းခြင်း မပြုရန်၊
    (ဇ) စဉ်းတီတုံးနှင့် ဓားကို အသုံးပြုရာတွင် ဟင်းသီးဟင်းရွက်များကို ပထမ လှီးပြီးမှသာ အသားများ ခုတ်ထစ်ရန်အတွက် အသုံးပြုရန်၊
    (ဈ) အသားများကို ခုတ်ထစ်ရာတွင် သုံးသော စဉ်းတီတုံး၊ ဓားနှင့် အသားစိမ်းထည့်သော အိုး၊ ခွက်၊ ပန်းကန်တို့ကို ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာ ဆေးကြောရန်၊
    (ည) အသားများကို ကိုင်တွယ်ခုတ်ထစ်ပြီးလျှင် လက်ကို ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် သေချာစွာ စင်ကြယ်အောင် ဆေးကြောရန်၊
    (ဋ) အသားများကို ခုတ်ထစ်ရာမှ ထွက်လာသော ဘေးထွက်ပစ္စည်းများတွင် ရောဂါပိုး ပါရှိနိုင်သဖြင့် လူ၊ အိမ်မွေး သတ္တ၀ါများနှင့် ငှက်များသို့ ကူးစက်မှု မရှိစေရေးအတွက် စနစ်တကျ စွန့်ပစ်ရန်၊
    (ဌ) မသန့်ရှင်းသောရေတွင် ရောဂါပိုးများ ပါရှိနေသဖြင့် အစားအစာ ချက်ပြုတ်ဆေးကြောရာတွင် သန့်ရှင်းသောရေကိုသာ အသုံးပြုရန်။


လက်ကို သန့်ရှင်းအောင် ဆေးကြောခြင်းသည် ကူးစက်ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန

(၂၀၀၇ ဒီဇင်ဘာလ ၁၈-ရက် နှင့် ၂၀-ရက် နေ့ထုတ် မြန်မာ့အလင်းသတင်းစာများမှ)

Read More...

First Human Bird Flu Case in Myanmar

၁၈၊ ၁၂၊ ၂၀၀၇

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ လူကို ကူးစက်ကြောင်း တွေ့ရှိ

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး လူကိုကူးစက်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက အတည်ပြုပြောကြားသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ရှိ အသက် ၇-နှစ်အရွယ် အမျိုးသမီးတစ်ဦး ကူးစက်ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလလယ်ခန့်က ကြက်များတွင် တုပ်ကွေးရောဂါ ကျရောက်ပြီးနောက် ဆက်လက် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်စဉ် အဆိုပါ လူနာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးငယ်သည် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း စသည့် ဝေဒနာများ စတင်ခံစားရပြီး နိုဝင်ဘာ ၂၇ ရက်တွင် ဆေးရုံတင်ရသည်။ ယခုအခါတွင် ပြန်လည် သက်သာလာပြီဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲခန်း နှင့် ထိုင်းနိုင်ငံရှိ အမျိုးသား ကျန်းမာရေး ဌာနတို့၏ စမ်းသပ်ချက်များတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး (H5N1 ဗိုင်းရပ်စ်ပိုး) တွေ့ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် လက်တွဲလုပ်ကိုင်နေသည့် ဂျပန်နိုင်ငံ အမျိုးသား ကူးစက်ရောဂါ ဌာနကလည်း အဆိုပါ စမ်းသပ်ချက်ကို ထပ်မံအတည်ပြုပေးသည်။

ကျန်းမာရေး ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့မှ ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့က ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းကို သိရှိနိုင်ရန် ကွင်းဆင်း စုံစမ်းလျှက်ရှိသည်။ ကနဦး တွေ့ရှိချက်များအရ ရောဂါလက္ခဏာများ မပြမီ အချိန်တွင် ထိုအမျိုးသမီး၏ အိမ်ပတ်ဝန်းကျင်၌ ကြက်များသေဆုံးမှု ရှိခဲ့သည်။ ယနေ့အချိန်အထိ ထိုအမျိုးသမီး နှင့် တွေ့ထိမှုရှိသော လူများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း နှင့် စောင့်ကြည့်လေ့လာမှုများ ဆက်လက်ပြုလုပ်ရာတွင် ရောဂါကူးစက်ခံရသူ ထပ်မံ မတွေ့ရှိကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၁၄ ဒီဇင်ဘာ ၂၀၀၇ ရက်စွဲပါ ထုတ်ပြန်ချက် ကို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါသည်။

Read More...

Friday, December 14, 2007

Hyperthyroidism & Medicine

သိုင်းရိုက်ဟော်မုန်းများခြင်းနှင့်ဆေးပညာ

သိုင်းရိုက်ဟော်မုန်းများခြင်းဆိုတာ

ကျန်းမာသောလူများတွင် သိုင်းရိုက်ဂလင်းသည် ခန္ဓာကိုယ်အတွက် အရေးကြီးသော သက်ရောက်မှုများပေးသည့် T4နှင့်T3 ဟော်မုန်းနှစ်မျိုးကို မှန်ကန်သောပမာဏ ပေးသည်။ ဒီဟော်မုန်းနှစ်မျိုးက ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်မှု ဖြစ်စဉ်တွေကို ထိန်းချုပ်ပေးပါသည်။ နှလုံးအပါအ၀င် အခြားကိုယ်တွင်းကလီစာတွေကိုလည်း ထိန်းချုပ်ပေးပါသေးသည်။ သိုင်းရိုက်ဟော်မုန်းများခြင်း ဆိုသည်မှာ သိုင်းရိုက်ဂလင်းမှ ဟော်မုန်းများ လွန်ကဲစွာ ထုတ်လုပ်ခြင်းဖြစ်ပါသည်။

သိုင်းရိုက်ဟော်မုန်းက ခန္ဓာကိုယ်ရဲ့တစ်သျှူးတွေအပေါ် သက်ရောက်မှုလွန်ကဲလာသောအခါ သိုင်းရိုက်ဟော်မုန်းများခြင်းဟူသော အခြေအနေဖြစ်ပေါ်လာပါသည်။ ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်မှု များပြားလာသည်နဲ့အမျှ လူနာသည် ပတ်ဝန်းကျင်မှာရှိသော လူများထက် ပိုပူသည်ဟု ခံစားနေရတတ်ပြီး များများစားသော်လည်း ကိုယ်အလေးချိန်က တဖြည်းဖြည်းနဲ့ ကျလာတတ်ပါတယ်။ လူနာရဲ့ စားချင်စိတ်များမှုကြောင့် အလေးချိန်ကလည်း တက်တတ်သဖြင့် အလေးချိန် တက်ခြင်း၊ကျခြင်းကိုတော့ ပုံသေပြောလို့ မရနိုင်ပါ။ သိုင်းရိုက်ဟော်မုန်းများနေတဲ့ လူနာတွေက တနေ့တာကုန်ဆုံးသွားတဲ့ အချိန်တွေမှာ အရမ်းပင်ပန်းတတ်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်မပျော်တတ်ပါဘူး။ လက်တုန်ခြင်း၊ နှလုံးခုန် မူမမှန်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ ထိုလူနာတွေက စိတ်အလိုမကျဖြစ်တတ်ပြီး အလွယ်တကူလည်း ၀မ်းနည်းတတ်ပါသည်။ ရောဂါပိုမိုပြင်းထန်လာပါက အသက်ရှူနှုန်းမြန်ခြင်း၊ ရင်ဘတ်နာကျင်ခြင်း နှင့် ကြွက်သားများ အားနည်းခြင်းတို့ ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာတွေက ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည့်အတွက် လူနာသည် ရောဂါပြင်းထန်လာမှသာ သတိပြုမိတတ်ကြပါသည်။ သက်ကြီးရွယ်အိုတွေမှာဆိုလျှင် လက္ခဏာများ ပြလေ့မရှိဘဲ ကိုယ်အလေးချိန်ကျခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကိုသာ ခံစားရတတ်ပါသည်။

သိုင်းရိုက်ဟော်မုန်းများခြင်း၏လက္ခဏာများ

  • ရင်တုန်ခြင်း
  • အပူဒဏ်မခံနိုင်ခြင်း
  • စိုးရိမ်မှုလွန်ကဲခြင်း
  • အိပ်မပျော်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • ဓမ္မတာနည်းခြင်းနှင့်ထိန်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • မကြာခဏ၀မ်းသွားခြင်း
  • နှလုံးခုန်မြန်ခြင်း
  • လက်တုန်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ကြွက်သားအားနည်းခြင်း
  • အရေပြားပူ၍စွတ်စိုခြင်း
  • ဆံပင်ကျွတ်ခြင်း
  • မျက်လုံးပြူးခြင်း
အဖြစ်များသောကေ့စ်

သိုင်းရိုက်ဟော်မုန်းကို များစေသော အဓိကအချက်ကတော့ ဂရေ့ရောဂါ (Graves disease) ပဲဖြစ်ပါသည်။ ရောဂါကို ပထမဆုံးတွေ့ရှိသော အိုင်းရစ်လူမျိုး ဆရာဝန်ရဲ့ နာမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ။ ဂရေ့ရောဂါကို သိုင်းရိုက်ဂလင်းကြီးခြင်း (လည်ပင်းကြီးခြင်း)ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ဂရေ့ရောဂါသည် autoimmune ရောဂါတစ်မျိုးဖြစ်ပါသည်။ လူနာရဲ့immune systemက ၄င်းရဲ့သိုင်းရိုက်ဂလင်းကို ခုခံသောကြောင့် ဖြစ်ပေါ်လာရပါသည်။ ဂရေ့ရောဂါတွင် ထင်ရှားတဲ့အပိုင်း၃ပိုင်း ရှိပါသည်။

1. သိုင်းရိုက်ဂလင်း သာမန်ထက် ပိုမိုအလုပ်လုပ်ခြင်း

2. မျက်လုံးနားတ၀ိုက်ရှိ တစ်သျှူးများ ယောင်ရမ်းခြင်း

3. ခြေထောက်မှာရှိသော အရေပြားများ ထူလာခြင်း တို့ဖြစ်ပါသည်။

ဂရေ့ရောဂါနဲ့ လူနာအများစုမှာတော့ သိသာထင်ရှားတဲ့ မျက်လုံးယောင်ခြင်းတွေ မပါဝင်ပါဘူး။ သူတို့မျက်လုံးတွေက အလိုမကျတဲ့ အသွင်ရှိနေတတ်ခြင်း သို့မဟုတ် တစုံတခုကို စူးစိုက်ကြည့်နေတဲ့ အသွင်ရှိတတ်ပါသည်။ ဂရေ့ရောဂါဖြစ်နေတဲ့ လူ၂၀တွင် တစ်ယောက်နှုန်းသာ ပိုမိုဆိုးဝါးတဲ့ မျက်စိပြဿနာကို ခံစားရပါသည်။ ၄င်းတို့မှာ မျက်လုံးများဖောင်းခြင်း၊ ပြင်းထန်စွာ ယောင်ယမ်းခြင်း၊ မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း၊ အမြင်ေ၀၀ါးခြင်းတို့ ဖြစ်ပါသည်။ ဒီပြင်းထန်တဲ့ ပြဿနာတွေကို မသိရှိ၍ မကုသနိုင်ပါက မျက်စိကို ထိခိုက်နိုင်ပြီး မျက်လုံးကွယ်တဲ့အထိ ဖြစ်နိုင်ပါသည်။ သိုင်းရိုက်ဟော်မုန်းများခြင်းကို ထိန်းချုပ်နိုင်သည့်အခါ မျက်စိ၏ပြဿနာလေးတွေလည်း ဖြည်းဖြည်းချင်း အဆင်ပြေသွားပါလိမ့်မည်။

ဂရေ့ရောဂါ၏လက္ခဏာများ

  • ဂရေ့ရောဂါက အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပို၍အဖြစ်များပါသည်။ (ရာခိုင်နှုန်းကတော့ 8:1 ပါ။)
  • ဂရေ့ရောဂါတွင် သိုင်းရိုက်ဂလင်းသည် အလွန်အမင်း သို့မဟုတ် အနည်းငယ် ကြီးတတ်သောကြောင့် ၄င်းကို လည်ပင်းကြီးရောဂါလို့လည်း ခေါ်တတ်ကြပါသည်။
  • အသက် ၃၀ နှင့် ၄၀ ၀န်းကျင်တွင် ဂရေ့ရောဂါ ဖြစ်ပွားနှုန်း များတတ်ပြီး အသက်၅၀ကျော်လျှင်တော့ ဖြစ်ပွားနှုန်းနည်းပါသည်။
  • ဂရေ့ရောဂါက မျိုးရိုးလိုက်တတ်ပါသည်။
အဖြစ်နည်းသောကေ့စ်များ

-သိုင်းရိုက်ဂလင်းတွင် သေးငယ်သော အဖုအကြိတ်ထွက်ခြင်း
-သိုင်းရိုက်ဂလင်းယောင်ခြင်းကြောင့် သိုင်းရိုက်ဟော်မုန်း လွန်ကဲစွာထွက်ခြင်း
-ပုံစံမျိုးစုံနဲ့ ရနိုင်သော သိုင်းရိုက်ဟော်မုန်း ပါဝင်သည့်ဆေးများကို သောက်သုံးခြင်း

(ကျမက ဒုတိယနှစ်ကျောင်းသူ အဆင့်ပဲ ရှိသေးသည့်အတွက် တခုခုလွဲမှားခဲ့သော် ခွင့်လွှတ်ကြပါရန်။)


Read More...

Thursday, December 13, 2007

Plagiarism

Plagiarism နှင့်ပတ်သတ်၍

Term Paper တွေကို copy-paste လုပ်ထားခြင်း ရှိ မရှိ အသုံးချပရိုဂရမ်တစ်ခုနဲ့ စစ်ဆေးပြီး စာတမ်းရဲ့ အဆင့်အတန်းကို ထိန်းသိမ်းတယ်ဆိုတာကို အကိုစိုးထက်နဲ့ တစ်ခါစကားပြောတုန်းမှာ စပြီးသိပါတယ်။ ဘယ်လိုဆော့ဝဲလဲဆိုတာကို စိတ်ဝင်တစားရှာကြည့်မိတော့ Software for Detecting Plagiarism ဆိုတာကို တွေ့တယ်။ ဆရာသုံးဆော့ဝဲပဲလို့ပြောရမလားတော့ မသိဘူး။ ဒါပေမယ့် ကိုယ်တိုင်လည်း မိမိစာတမ်းကို မိမိပြုစုရေးသားတဲ့ စာစုကို စစ်ဆေးလို့ရပါတယ်။ ပွဲမ၀င်ခင် ကြိုစစ်လို့ရတယ်ပေါ့ဗျာ။ plagiarized content တွေပါလို့ စာတမ်းကို ပြန်ပြင်ရေးရမှာနဲ့စာရင် တကယ်ကြပ်မတ်တဲ့ တက္ကသိုလ်တွေက ကျောင်းသားတွေအတွက် အသုံးဝင်ပါတယ်။ မိမိအရင်ရေးခဲ့ဖူးတဲ့ စာတမ်းက စာသားတွေကိုတောင် တချို့တက္ကသိုလ်တွေမှာ ပြန်လည် ကူးချခွင့် Self-plagiarise လုပ်ခွင့်မပေးပါဘူး။ စာတမ်းရဲ့တန်ဖိုး တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာ အတွက် Plagiarism နဲ့ ကင်းလွတ်ဖို့လိုပါတယ်။
နောက်တစ်ခုက Plagiarism ဆိုတာ စာတမ်းဆိုင်ရာ တက္ကသိုလ်အသိုင်းအ၀ိုင်းတစ်မျိုးထဲနဲ့ သက်ဆိုင်တာမဟုတ်ဘူးဆိုတာပါပဲ။ အနုပညာဆိုင်ရာ စီးပွားရေးဆိုင်ရာ နိုင်ငံရေးသဘောတရား မူဝါဒပိုင်းဆိုင်ရာ အစရှိသဖြင့် တော်တော်များများနဲ့ သက်ဆိုင်ပါတယ်။
အရင်ဖတ်မှတ်ထားဖူးတာတွေကို မိမိကိုယ်ပိုင် own work တစ်ခုအနေနဲ့ ဖန်တီးတဲ့ အခါမျိုးမှာ copied idea, copied literature သဘောမျိုးဖြစ်သွားတတ်ပါတယ်။ တိုက်ရိုက် ဖြတ်ညှပ်ကပ် လုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပေမယ့်လည်း ဖြစ်တတ်တာကိုပြောတာပါ။ အဲဒီအမျိုးအစားက Unintentional plagiarism ထဲမှာပါပါတယ်တဲ့။ ရှာဖတ်ကြည့်သလောက် တကယ့်ပုဂ္ဂိုလ်ကြီးများလည်း မကင်းခဲ့ကြပါဘူးတဲ့။

Plagirism နဲ့မကင်းခဲ့တဲ့ ကမ္ဘာကျော်များ (၀ီကီပီးဒီးယားအဆိုအရ)
Martin Luther King, Bruce Lee, Stephen Ambrose, William H. Swanson, Lyle Menendez, Helen Keller, Dan Brown, Vladimir Putin.
Source: http://en.wikipedia.org/wiki/Plagiarism#Examples_of_purported_or_actual_plagiarism

Plagiarism ဆိုတာနဲ့ ပတ်သတ်ပြီး အဓိပ္ပယ်က “အခြားသူတစ်ဦး၏ စိတ်ကူး စာပေ တို့ကို မိမိပိုင်အဖြစ် ရယူသုံးစွဲခြင်း ခိုးချခြင်း၊ မူရင်းစာရေးသူ သို့ စာတမ်းပြုစုသူကို အသိအမှတ်ပြု credit မပေးဘဲ ရယူအသုံးချခြင်း၊ မူရင်း စာပေ စာစု အကြံဥာဏ် တို့ကို တည်းဖြတ်ပြီး မိမိကိုယ်တိုင် ဖန်တီးမှုအသစ်တစ်ခုအဖြစ် ဖော်ပြပြောဆိုခြင်း” လို့ Merriam-Webster Online Dictionary က ဖွင့်ဆိုထားပါတယ်။ Copyright infringement မူပိုင်ခွင့်ချိုးဖောက်ခြင်းနဲ့ တူသယောင်ရှိပေမယ့် မူပိုင်ခွင့်ချိုးဖောက်တယ်ဆိုတာမှာ မူပိုင်ရယူထားသူရဲ့ ခွင့်ပြုမှုမပါဘဲ တိုက်ရိုက်ကူးယူသုံးစွဲလိုက်တာပဲ ဖြစ်ပါတယ်။ ကွာတော့ကွာတယ် ဒါပေမယ့် ဒီဘူတာပဲ ဆိုက်တာပဲလို့ ပြောလို့ရတာပါပဲ။

Related Terms:
Plagiarism, Self-plagiarism, Intentional Plagiarism, Unintentional Plagiarism, Online Plagiarism, Blog Plagiarism, Plagiarize, Plagiarism Prevention, Academic Dishonesty or Academic Fraud, Quotation, Citation, Paraphrase, Violation, Consent, Copyright Infringement, Author's Reputation, Intellectual Property

Further Reading:
Wiki
Aboout Plagirism
Learning Center
Plagirism Resource Site
Software for Detecting Plagiarism

အထက်ပါပို့စ်နှင့်ပတ်သတ်၍
အကိုရဲမွန်၏ အကြံပေးချက်အရ ကျွန်တော့်ဘလော့ဂ်တွင် ဖော်ပြပြီးသော ပို့စ်ကို ကျွန်တော်တို့ဘလော့ဂ်တွင် ပြန်လည်တင်ဆက်ပါသည်။

Read More...

Monday, December 10, 2007

Acute Myocardial Infarction - AMI

နှလုံးသားလေးတွေ မနာကျင်ကြစေဖို့



ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေဟာလည်း ပြောင်းလဲလာပါတယ်။ ထိုအခါ ရောဂါအပေါင်းဟာလဲ မဖိတ်ခေါ်ဘဲနဲ့ဝင်ရောက်လာကြပါတယ်။ အထူးသဖြင့် Life Style ပြောင်းလဲခြင်းကြောင့် ဖြစ်ပွါးရသော ရောဂါတွေထဲမှာ နှလုံးရောဂါ ၊ သွေးတိုးရောဂါတွေဟာ လူသားတွေရဲ့ အသက်ကိုခြိမ်းခြောက်နေပါတယ်။ Heart Attack လို့ခေါ်တဲ့ နှလုံးရောဂါကြောင့် ဆုံးရှုံးခဲ့ကြရတဲ့ အသက်ပေါင်းဟာလဲ မနဲလှပါဘူး။ စက္ကန့် ၊ မိနစ်နဲ့အမျှ သေဆုံးနေကြပါတယ်။ ဒါကြောင့် နှလုံးသားလေးတွေ ကျန်းမာကြစေဖို့ ၊ မနာကြင်ကြရစေဖို့ နှလုံးသွေးငတ်ခြင်း ( AMI - Acute Myocardial Infarction ) ၊ နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် Heart Attack ကြောင်းကို တင်ပြပေးလိုက်ပါတယ်။

နှလုံးသွေးငတ်ခြင်း ( AMI ) ဆိုတာဘာလဲ
နှလုံးသွေးငတ်ခြင်း ( AMI - Acute Myocardial Infarction ) ကို များသောအားဖြင့် Heart Attack လို့သိကြပါတယ်။ Myocardial Infarction ဆိုတာ Myocardium ( နှလုံးကြွက်သား ) နှင့် Infarction (သွေးငတ်ခြင်းကြောင့် ကြွက်သားများသေဆုံးခြင်း ) ဆိုတဲ့ စကားလုံးက တဆင့်လာခြင်းဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ AMI ကြောင့်မဟုတ်ဘဲ ၊ Sudden Cardiac Death ကဲ့သို့ အခြားနှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးခြင်းများကိုလဲ Heart Attack လို့ ခေါ်ဝေါ်သုံးစွဲနေကြပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့စဉ်နှင့်အမျှ Heart Attack ကိုခံစားနေရတဲ့ လူနာတွေကို တွေ့နေပါတယ်။ Infarction ဘာကြောင့်ရသလဲဆိုရင် နှလုံးကြွက်သားတွေ ဆီကိုအောက်စီဂျင်သယ်ဆောင်ပေးတဲ့ သွေးကြောလေးတွေ ( Coronary Arteries ) ပိတ်ဆို့မှုကြောင့် နှလုံးကြွက်သားတွေမှာ သွေးလုံလောက်စွာမရသောကြောင့်ဖြစ်ရတာပါ။ သွေးလုံလောက်စွာမရတဲ့အခါ ကြွက်သားတွေနာကြင်လာပါတယ်။နောက်ဆုံးတွင် သွေးလုံးဝမရတော့သည်အထိဆိုးဝါးလာပြီဆိုရင်တော့ ကြွက်သားဆဲလ်တွေသေဆုံးသွားကြပါတယ်။ ထိုအခါ နှလုံးရဲ့လုပ်ဆောင်မှုတွေချို့ယွင်းလာပါတယ်။ နောက်ဆုံး လုံးဝရပ်တန့်သွားပြီး အသက်ဆုံးရှုံးရပါတော့တယ်။ ဆေးလိပ်သောက်ခြင်း ၊ သွေးထဲမှာ အဆီဓါတ်များခြင်းတွေဟာ ဒီရောဂါကိုဖြစ်စေတဲ့အကြောင်းထဲမှာပါဝင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောနံရံလေးတွေ ပျက်ဆီးပြီး ၊ အဆီခဲလေးတွေကြောင့် သွေးကြောတွေပိတ်ဆို့ရပါတယ်။ ဒီလို အဆီခဲများ ( Cholesterol ) နှင့် Fibrous Tissue လေးတွေ စုပုံပိတ်ဆို့မှုကို Atherosclerosis လို့ခေါ်ပါတယ်။ ဒီလိုစတင်ပိတ်ဆို့လာပြီဆိုရင် လူုနာဟာ ရင်ဘတ်အောင့်လိုက်တာ ဆိုပြီး ခံစားရတတ်ပါတယ်။ ဒါကို Angina Pectoris လို့ခေါ်ပါတယ်။ အစပိုင်းမှာ အောင့်လိုက်ပျောက်လိုက်ပါ။ တဖြည်းဖြည်း သွေးကြောပိတ်တဲ့ ပမာဏပိုများလာတာနဲ့အမျှ ရင်ဘတ်အောင့်တဲ့အကြိမ်အရေအတွက် ၊ အောင့်တဲ့ အချိန်ကြာမြင့်စွာခံစားရတတ်ပါတယ်။ နောက်ဆုံးမှာတော့ Heart Attack ကိုခံစားရပါတော့တယ်။

ဖြစ်ပွားမှုနှုန်း
၁၉၉၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံးသေဆုံးမှုများရဲ့ ၁၂.၆ ရာခိုင်နှုန်းဟာ နှလုံးသွေးငတ်မှုကြောင့် ဖြစ်ပါတယ်။ ခုခံအားကျဆင်းမှုရောဂါနှင့် အသက်ရှုလမ်းကြောင်းရောဂါများပြီးလျှင် တတိယမြောက်အဖြစ်အများဆုံးရောဂါဖြစ်ပါတယ်။ ကင်ဆာကြောင့် သေဆုံးမှုများထက်ပင် ပိုများပါတယ်။ အမေရိကန်ပြည်ထောင်စုတွင် လူ ၅ ယောက်သေဆုံးလျှင် တစ်ယောက်မှာ နှလုံးသွေးကြောရောဂါကြောင့်ဖြစ်ပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ရောဂါဖြစ်ဖို့အတွက် အခွင့်အလမ်းပိုများလာပါတယ်။

ဘယ်လိုလူမျိုးတွေမှာအဖြစ်များလဲ
နှလုံးသွေးကြောလေးတွေပိတ်ဆို့တဲ့ Atherosclerosis ကြောင့် နှလုံးသွေးငတ်ခြင်းဖြစ်ရတာမို့လို့ အောက်မှာဖော်ပြထားတဲ့ အချက်တွေဟာ AMI ဖြစ်စေတဲ့ အဓိက ကြောင်းအရင်းခံတွေပဲဖြစ်ပါတယ်။
၁။ ငယ်ရွယ်သူများထက်စာလျှင် အသက်ကြီးသောသူတွေမှာပိုအဖြစ်များပါတယ်။
၂။ ယောက်ကျားလေးတွေမှာ အဖြစ်ပိုများပါတယ်။
၃။ ဆေးလိပ်သောက်ခြင်း ။
၎။ သွေးထဲတွင်အဆီဓါတ်များနေခြင်း ( Hyperlipoproteinemia ) - အထူးသဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ HDL - High Density Lipoprotein တွေနဲနေပြီး ၊ အကျိုးမပြုတဲ့ LDL- low Density Lipoprotein တွေများနေခြင်းဖြစ်ပါတယ်။
၅။ သွေးတိုးရောဂါရှိသူများ ။
၆။ ဆီးချိုရောဂါရှိသူများ။
၇။ အ၀လွန်သောသူများ ။
၈။ ယခင်က နှလုံးသွေးကြောရောဂါရှိဖူးသူများ ၊ လေဖြတ်ဖူးသူများ ( Stroke )။
၉။ မကြာခဏ ရင်ဘတ်အောင့်လေ့ရှိသူများ ( Angina ) ။
၁၀။ စိတ်ဖိစီးမှုများသောသူများ ။
၁၁။ သန္ဓေတားဆေး ( Oral Contraceptive Pills ) သုံးစွဲနေသော အမျိုးသမီးများ။
၁၂။ မိသားစုထဲတွင် သွေးတိုးနှင့် နှလုံးသွေးကြောရောဂါရှိသူများ ။

နှလုံးသွေးကြောဖွဲ့စည်းမှုနှင့် သွေးကြောကျဉ်းခြင်း
ကိုယ်ခန္ဓာအင်္ဂါအစိတ်အပိုင်းအသီးသီးအတွက် အောက်စီဂျင်နဲ့ အာဟာရဓါတ်တွေလုံလောက်စွာရရှိဖို့အတွက် နှလုံးနှင့် သွေးကြောအဖွဲ့အစည်းက သွေးကိုသယ်ဆောင်ပေးကြပါတယ်။ ထို့အတူ နှလုံးကိုယ်တိုင်လဲ သွေးလိုအပ်ပါတယ်။ နှလုံးကြွက်သားတွေဆီကို သွေးသယ်ဆောင်ပေးတဲ့ သွေးကြောလေးတွေကိုတော့ Coronary Arteries လို့ခေါ်ပါတယ်။ ဒီသွေးကြောလေးတွေဟာ သွေးလွှတ်ကြောမကြီး Aorta ကနေထွက်လာပြီး နှလုံးရဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းတွေဆီကို သွေးသယ်ဆောင်ပေးပါတယ်။ အဓိကအားဖြင့် Coronary Arteries နှစ်ချောင်းရှိပါတယ်။ နှလုံးရဲ့ ညာဘက်အခြမ်းကို သွေးပို့ဆောင်ပေးတဲ့ Right Coronary Artery ၊ ဘယ်ဘက်အခြမ်းကို သွေးပို့ဆောင်ပေးတဲ့ Left Coronary Artery တို့ပဲဖြစ်ပါတယ်။ Left Coronary Artery ကနေ Circumflux Artery နှင့် Anterior Descending Artery ဆိုပြီး သွေးကြောနှစ်ချောင်းထပ်မံခွဲထွက်သွားပါတယ်။

Photo Sharing and Video Hosting at Photobucket
နှလုံးသွေးကြောများ

သွေးကြောအသီးသီးက သွေးပို့ဆောင်ပေးတဲ့ နှလုံးအစိတ်အပိုင်းတွေကတော့ -
၁။ Right Coronary Artery - ညာဘက်သွေးဝင်ခန်းနှင့် သွေးလွှတ်ခန်း ၊ ဘယ်ဘက်သွေးလွှတ်ခန်း အောက်ဘက်ပိုင်း ၊ နှလုံးအခန်းတွေကိုပိုင်းခြားထားပေးတဲ့ နံရံ ( Septum ) တွေရဲ့ အနောက်ဘက်အပိုင်း ။
၂။ Circumflux Artery - ဘယ်ဘက်သွေးဝင်ခန်း ၊ ဘယ်ဘက်သွေးလွှတ်ခန်း ဘေးဘက်နှင့် အနောက်ဘက်အပိုင်း ။
၃။ Anterior Descending Artery - ဘယ်ဘက်သွေးလွှတ်ခန်း အရှေ့ ဘက်နှင့် အောက်ဘက်ပိုင်း ၊ Septum တွေရဲ့ အရှေ့ ဘက်ပိုင်း ။
နှလုံးသွေးကြောလေးတွေ ကျဉ်းမြောင်းပိတ်ဆို့သွားမယ်ဆိုရင် ဒီသွေးကြောလေးတွေက သွေးပို့ဆောင်ပေးတဲ့ သက်ဆိုင်ရာ နှလုံးကြွက်သားလေးတွေဟာ သွေးလုံလောက်စွာမရရှိကြတော့ပါဘူး။ သွေးကြော ပိတ်ဆို့မှုဟာ မိနစ် ၂၀ မှ ၄၀ ထိကြာသွားမယ်ဆိုရင်တော့ နှလုံးကြွက်သားတွေသေဆုံးသွားနိုင်ပါတယ်။ နှလုံးကြွက်သားတွေ ပြန်လည်ကောင်းမွန်မှာမဟုတ်တော့ပါဘူး ။ သွေးမရတဲ့အချိန်ပိုကြာလေ သေဆုံးတဲ့ကြွက်သား ပမာဏပိုများလေဖြစ်သည်။ ဒါကြောင့် Time Is Muscle လို့ဆိုရိုးရှိပါတယ်။ သေဆုံးသွားတဲ့ ကြွက်သားတွေနေရာမှာ အနာရွတ် Fibrous တစ်ရှုးတွေနဲ့အစားထိုးပေးပါတယ်။ နှလုံးကြွက်သားများ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ လျှပ်စစ်ဓါတ်တွေဟာ ဒီအမာရွတ်တစ်ရှုးတွေကိုဖြစ်သန်းပြီး မစီးဆင်းနိုင်တော့ပါဘူး ။ ထိုအခါနှလုံးရဲ့လုပ်ဆောင်မှုတွေဟာ စည်းဝါးပျက်ပြီး နှလုံးခုန်တဲ့ ပုံစံမမှန်တော့ပါဘူး ။ ဒါကို Arrhythemia လို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ အလွန်ကြောက်ဖို့ကောင်းပါတယ်။ နှလုံးခုန်တဲ့ပုံစံမမှန်တော့တဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက လိုအပ်တဲ့သွေးပမာဏကို နှလုံးက မညှစ်ထုတ်ပေးနိုင်တော့ပါဘူး ။ အင်္ဂါအစိတ်အပိုင်းတွေဟာ သွေးလုံလောက်စွာမရတော့ပါဘူး ။ ဒါကို Cardiogenic Shock လို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ အသက်အန္တရာယ်ကိုပင် စိုးရိမ်ရပါတယ်။

Photo Sharing and Video Hosting at Photobucket
သွေးကြောပိတ်ဆို့နေပုံ

ရောဂါလက္ခဏာများ
Heart Attack ရပြီဆိုရင် အောက်ပါလက္ခဏာတွေကို ခံစားရပါတယ်။-
၁။ ရင်ဘတ်အောင့်ခြင်း ( Chest Pain ) - ရင်ဘတ်အောင့်တာဟာ Heart Attack မရခင် ကြွက်သားတွေသွေးလုံလောက်စွာမရကတည်းက ခံစားရတဲ့ ရှေးဦးလက္ခဏာတစ်ခုပါ ။ အောင့်လိုက် ပျောက်လိုက်နဲ့ကာလအတော်ကြာခံစားလာရပါတယ်။ အောင့်တဲ့ပုံစံက ရင်ဘတ်ပေါ်မှာ အလေးတုံးဖိထားသလို ၊ နှလုံးကို ဖျစ်ညှစ်ထားသလို ခံစားရပါတယ်။ ရင်ဘတ်မှာအောင့်ပြီး ဘယ်ဘက်ပခုံးထိပ် ၊ တစ်ခါတစ်ရံ လက်ဖျားအထိ ၊ လည်ပင်းနဲ့ မေးရိုးတွေဆီကိုလဲ နာကျင်မှုဟာ ပျံ့သွားတတ်ပါတယ်။ နောက်ကျောဘက်အောင့်ခြင်းကိုလဲ ခံစားရပါတယ်။
နာကျင်မှုခံစားရသောနေရာများ
Photo Sharing and Video Hosting at Photobucket
အရှေ့ ဘက်

Photo Sharing and Video Hosting at Photobucket
အနောက်ဘက်

၂။ အသက်ရှုခက်ခဲခြင်း ( Dyspnoea ) ။
၃။ ချွေးစေးများပျံခြင်း ။
၎။ ပျို့အန်ခြင်း ။
၅။ မူးမေ့ခြင်း ။
၆။ ရင်တုန်ခြင်း ( Palpitation ) ။
ရ။ ခြေဖျားလက်ဖျားများ အေးစက်နေခြင်း ။
နောက်ဆုံးတွင် ရုတ်တရက်သေဆုံးခြင်းများ ဖြစ်တတ်ပါတယ် ။

ဘယ်လိုသိနိုင်လဲ
အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေအပြင် အခြားသောစမ်းသပ်စစ်ဆေးခြင်းများဖြင့်လဲသိရှိနိုင်ပါတယ်။
၁။ ECG - Electrocardiogram
ECG ကိုတော့လူတိုင်းသိပြီးသားဖြစ်ပါတယ် ။ နှလုံးကြွက်သားများအတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ လျှပ်စစ်ဓါတ်ကို ပုံဖော်မှတ်တမ်းတင်ထားပေးတာဖြစ်ပါတယ် ။ လျှပ်စီးလှိုင်းကလေးတွေ ပုံစံပြောင်းလဲမှုကိုကြည့်ပြီး နှလုံးရဲ့လုပ်ဆောင်မှုကိုသိနိုင်ပါတယ်။ Heart Attack ရပြီဆိုရင် ECG ရဲ့ ST အစိတ်အပိုင်းဟာ မြင့်တက်နေနိုင်သလို ၊ နိမ့်ကျနေတတ်ပါတယ်။ T wave ပြောင်းပြန်ဖြစ်နေတာကိုလဲ တွေ့ရတတ်ပါတယ် ( T inversion ) ။ Attack စရတဲ့ အချိန်ပေါ်မှာမူတည်ပြီး တွေ့ရတဲ့ လက္ခဏာတွေဟာလဲမတူပါဘူး ။
၂။ Coronary Angiogram - နှလုံးသွေးကြောများထဲကို ဆေးထိုးပြီး ပိတ်ဆို့နေသော သွေးကြောနေရာကိုရှာဖွေခြင်းဖြစ်ပါတယ်။
၃။ Cardiac Markers - နှလုံးကြွက်သားတွေ ဒဏ်ရာရမယ်ဆိုရင် Creatine Kinase , Troponin I , Lactate Dehydrogenase isozymes လို့ခေါ်တဲ့ဓါတ်တွေကို သွေးထဲမှာ တွေ့ရှိနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါသတ်မှတ်ချက် ( WHO criteria )
၁။ မိနစ် ၂၀ ကျော်အောင် ရင်ဘတ်အောင့်ခြင်း။
၂။ ECG လှိုင်းများပြောင်းလဲခြင်း ။
၃။ Cardiac Marker များတွေ့ခြင်း ။
ဒီလက္ခဏာတွေနဲ့ပြည့်စုံမယ်ဆိုရင် MI အဖြစ်သတ်မှတ်နိုင်ပါတယ်။

အရေးပေါ်ကုသခြင်း
Heart Attack ရတယ်ဆိုတာနဲ့ ကြွက်သားတွေဆီ အောက်စီဂျင်မပြတ်စေဖို့အတွက် အရေးပေါ်ကုသမှုတွေလိုအပ်ပါတယ်။ သက်ဆိုင်ရာ ဆေးရုံကိုဆက်သွယ်ပြီး အရေးပေါ်ကားခေါ်ပါ ။ ကားမလာခင် အောက်ပါပြုစုစောင့်ရှောက်မှုများလုပ်ပေးနိုင်ပါတယ်။
၁။ ခန္စာကိုယ်အနေအထား - အသက်ရှုကောင်းမယ့် သက်တောင့်သက်သာပုံစံမျိုးရှိရပါမယ်။
၂။ လေ၀င်လေထွက်ကောင်းအောင် အိမ်တံခါးများဖွင့်ခြင်း ၊ အင်္ကျီကြယ်သီးများဖြုတ်ပေးပါ ။
၃။ အောက်စီဂျင်ရှိပါက ပေးပါ ။
၎။ သွေးခဲခြင်းကို ကာကွယ်ပေးတဲ့ Asprin ကိုတိုက်ကျွေးနိုင်ပါတယ်။ လူနာကဆေးမမြိုချနိုင်ဘူးဆိုရင် လျှာအောက်မှာ ထားပေးနိုင်ပါတယ်။
၅။ သွေးကြောကျယ်စေသော Glyceryl Trinitrate ကို ညွှန်ကြားထားပါက လျှာအောက်မှာ ထဲ့ပြီးငုံထားနိုင်ပါတယ်။
၆။ လူနာဟာ အသက်ရှုရပ်တန့်သွားမယ်ဆိုရင် CPR - Cardiopulmonary Resuscitation လုပ်ပေးရပါမယ်။

ကုသမှုများ
ပိတ်ဆို့တဲ့သွေးကြော ပမာဏပေါ်မူတည်ပြီး ကုသမှုနည်းလမ်းတွေမတူညီပါဘူး ။
၁။ သွေးခဲခြင်းကို ကာကွယ်ပေးသော ဆေးဝါးများ ။
၂။ ပိတ်ဆို့နေသောသွေးကြောနေရာတွင် Stunt ထဲ့ခြင်း ။
၃။ ပိတ်ဆို့နေသော သွေးကြောကိုကျော်လွန်ပြီး သွေးကြောဆက်ပေးခြင်း ( CABG - Coronary Artery Bypass Graft surgery) ။

နောက်ဆက်တွဲဆိုးကျိုးများ
၁။ နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တော့ခြင်း ( Heart Failure ) ။
၂။ နှလုံးအလုပ်မလုပ်သောကြောင့် အင်္ဂါများတွင် သွေးမလုံလောက်ခြင်း ( Cardiogenic Shock ) ။
၃။ Arrhythemia ။
၎။ နှလုံးအမြှေးပါးရောင်ရမ်းခြင်း ( Pericarditis ) ။
၅။ သေဆုံးသွားသောနှလုံးကြွက်သားများ ပေါက်ပြဲခြင်း ( Myocardial rupture ) ။

အချုပ်အားဖြင့်ဆိုသော် ဒီနှလုံးသွေးကြောရောဂါကြောင့် အသက်ဆုံးရှုံးခြင်းတွေဟာ အချိန်နဲ့အမျှဖြစ်နေပါတယ်။ ရောဂါဖြစ်ပွားရတဲ့ အခြေခံအချက်တွေထဲမှာ လူနေထိုင်မှု life style ပြောင်းလဲမှုတွေဟာလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးသားလေးတွေ မနာကြင်ကြစေဖို့ ဆေးလိပ်၊ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများလုပ်ဆောင်ပါ ။ အဆီများသော အစားအစာများကို မစားပါနှင့် ။ ကိုယ်စိတ်ဖိစီးမှုနဲပါးစေဖို့ တရားထိုင်ခြင်းကဲ့သို့ ဘာသာရေးလိုက်စားမှုများကိုလုပ်ဆောင်ပါ လို့တိုက်တွန်းရင်း လူတိုင်းကျန်းမာချမ်းသာစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။
လေးစားစွာဖြင့် -
စိုးသီဟ


ကိုးကားစာရင်း
၁။ http://en.wikipedia.org/wiki/Acute_myocardial_infarction
၂။ http://www.emedicine.com/EMERG/topic327.htm
၃။ http://www.patient.co.uk/showdoc/40000539/
၎။ http://en.wikipedia.org/wiki/Coronary_artery
၅။ http://www.clevelandclinicmeded.com/medicalpubs/diseasemanagement/cardiology/acutemi/acutemi.htm
၆။ http://images.google.ru/imgres?imgurl=http://www.nhlbi.nih.gov/health/dci/images/stent_placement.gif&imgrefurl=http://www.nhlbi.nih.gov/health/dci/Diseases/stents/stents_all.html&h=585&w=450&sz=69&hl=ru&start=25&um=1&tbnid=G4FGvqDf_IUAZM:&tbnh=135&tbnw=104&prev=/images%3Fq%3Dcoronary%2Barteries%26start%3D20%26ndsp%3D20%26svnum%3D10%26um%3D1%26complete%3D1%26hl%3Dru%26newwindow%3D1%26client%3Dfirefox-a%26rls%3Dorg.mozilla:en-GB:official%26hs%3DBTe%26sa%3DN

Read More...