Friday, January 6, 2012

Miscarriage ကိုယ်ဝန်ပျက်ခြင်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆)

2011/4/26
သမီးတို့ ကလေးလေး ၃-၃-၁၁ မနက်မှာပဲ ပျက်ကျသွားပါတယ်။ ဆရာ့ ပြန်စာတွေနဲ့ အားတင်းထားပေမဲ့ နောက်ဆုံးတော့လည်း ပျက်သွားတယ်။ ဝမ်းနည်းလွန်းလို့ တော်တော်လေးလည်း ငိုခဲ့ရပါတယ်။ အမျိုးသားက ပိုဆိုးတယ်။ သူက ကလေးကို အရမ်း ရူးခဲ့တာလေ။ သမီးတို့ ကလေးပြန်လိုချင်တယ်။ ယူလို့ ရပြီလား ဆိုတာရယ် ကလေးပြန်ယူရင် ပထမကလေးလို မဖြစ်အောင် ဘာတွေ ပြင်ဆင်ရမလဲ၊ သမီးသားအိမ်က ကလေး ပြန်လွယ်လို့ ရပြီးလား ဆိုတာကို သိချင်လို့ပါ။ သူများတွေ ပြောသလို သားအိမ်-အားဆေးတွေ သောက်ဖို့ လိုလား ဆိုတာကိုလည်း သိချင်ပါတယ်။

ကိုယ်ဝန် အလိုလိုပျက်တာကို Miscarriage ဆေးစာလုံး သုံးတယ်။ ဖျက်တာကိုကြ Abortion လို့ ခေါ်တတ်တယ်။ World Health Organization ကမ္ဘာ့-ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်က သန္ဓေသားအလေးချိန် 500 grams ထက် နည်းတာ ပျက်ကျမှသာ သားပျက်တယ်လို့ သတ်မှတ်တယ်။ ဒီသတ်မှတ်ချက်က ကိုယ်ဝန် ၂ဝ-၂၂ ပါတ်နဲ့ တူညီတယ်။

ရှိသမျှ ကိုယ်ဝန်ထဲက Miscarriage ဟာ ၁၅-၂ဝ% ရှိတယ်။ အများဆုံးပျက်တာက ၁၃ ပါတ်ကိုယ်ဝန်အရွယ် ဖြစ်တယ်။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်တာက ဆီးထဲမှာ hCG levels ခေါ်တဲ့ အချင်းနဲ့ဆိုင်တဲ့ ဟော်မုန်း အခြေအနေကို စစ်တာ ဖြစ်တယ်။ စမ်းသပ်ရတာ သိပ်တိကျတော့ ရာသီလာရမဲ့ရက် မရောက်ခင် ကိုယ်ဝန်ရှိနေပြီဆိုတာ သိလာကြရလို့ ကိုယ်ဝန် ပျက်နှုန်း ၆ဝ-၇ဝ% အထိရှိနေတာ သိလာတယ်။

တချို့မှာ ကိုယ်ဝန်ပျက်တာလို့တောင် မသိလိုက်ကြဘူး။ ၈ ပါတ်နဲ့ ဒိထက်စောတဲ့ ကိုယ်ဝန်ဆိုရင် ဆင်းတဲ့ထဲမှာ သန္ဓေ အစအန Sac (အိတ်) နဲ့ Placenta အချင်းကို ကြည့်မရနိုင်ပါ။ ကျားပိုးနဲ့ မ-မျိုးဥတို့ပေါင်းစပ်ပြီး သန္ဓေ ဖြစ်လာပေမဲ့ ၁၅% ဟာ သားအိမ် အတွင်းနံရံကို လာမတွယ်ဘဲ ပျက်ကျကြတယ်။ ကလေးနှလုံးခုန်တာကို စမ်းရတဲ့နောက် ပျက်နှုန်း ၅% သာ ရှိတယ်။

ဘာလို့ ပျက်ရသလဲဆိုတာ တိတိကျကျ မသိတာများတယ်။ ပဌမ ၃ လအတွင်းပျက်သူတွေမှာ -
1. Chromosomal abnormalities (ခရိုမဇုမ်း) မမှန်တာ၊ အများဆုံးဖြစ်တယ်။
2. Lupus (လူးပတ်စ်) ရောဂါ၊
3. Diabetes ဆီးချိုရောဂါ၊
4. Hormonal problems ဟော်မုန်း ပြဿနာ၊
5. Infection ရောဂါပိုးဝင်တာနဲ့
6. Congenital abnormalities of the uterus မွေးရာပါ သားအိမ် ပုံမှန် မဟုတ်တာတွေကြောင့် ဖြစ်နိုင်တယ်။

သက်ရှိတိုင်းမှာ Chromosomal (ခရိုမဇုမ်း) မျိုးဗီဇဆိုတာ ရှိကြတယ်။ လူရဲ့ဆံပင်အရောင်၊ မျက်စိအရောင်၊ စတာတွေကို ဆုံးဖြတ်တယ်။ သန္ဓေဖြစ်စကနေ တိုးတက်ဖွံ့ထွားလာဘို့ (ခရိုမဇုမ်း) တွေက အကြိမ်ကြိမ် ကွဲထွက်ကြရတယ်။ ဒီဖြစ်စဉ် တလျှောက် အမှားဖြစ်စရာ အကြောင်းတွေ အများကြီးရှိတယ်။ ကိုယ်ဝန် ပျက်ဘူးတဲ့ အတွဲတွေမှာ ထပ်ဖြစ်လေ့ ရှိတယ်။ ဒါ့ကြောင့် ကိုယ်ဝန် မယူခင် သွေးစစ်သင့်တယ်။ ပဌမ ၃ လအတွင်း ပျက်ကျတဲ့သန္ဓေသား တဝက်မှာ (ခရိုမဇုမ်း) မမှန်တာတွေ့ ရတယ်။ ဒုတိယ ၃ လမှာ ပျက်ကျရင် ၂ဝ% မှာ အဲလိုတွေ့တယ်။ မိဘတွေဟာ အသက် ကြီးလာလေလေ (ခရိုမဇုမ်း) မမှန်တာ ဖြစ်ဘို့ များလေလေ။ မိခင်လောင်းက ၃၅ နှစ် မကျော်တာ ကောင်းတယ်လို့ ပြောတာ ဒါကြောင့်လဲပါတယ်။

• Collagen vascular diseases ရောဂါတွေဆိုတာ ကိုယ့်ရဲ့ရောဂါပြီးသတ္တိ ပျက်လို့ ကိုယ့်အင်္ဂါအစိတ်အပိုင်းကို ပြန်တိုက်ခိုက်ရာကနေ ဖြစ်ရတာပါ။ Systemic Lupus Erythematosus နဲ့ Antiphospholipid Antibody Syndrome ရောဂါတွေ ပါတယ်။
• Diabetes ဆီးချိုရောဂါကို ထိန်းလို့ ရပါတယ်။ မထိန်းသူတွေမျာ ကိုယ်ဝန်ကို ထိခိုက်နိုင်တယ်။ ကလေးကိုလဲ ထိခိုက်နိုင်တယ်။
• Hormonal factors ဟော်မုန်းကြောင့် ဖြစ်တာတွေထဲမှာ Cushing's Syndrome, Thyroid disease နဲ့ Polycystic Ovary Syndrome (PCOS) တွေပါတယ်။
• Infections ကူးစက်ရောဂါတွေထဲမှာ Listeria monocytogenes, Toxoplasma gondii, Parvovirus B19, Rubella, Herpes simplex, Cytomegalovirus နဲ့ Lymphocytic choriomeningitis virus တွေပါတယ်။
• Uterine septum မွေးရာပါ သားအိမ်မှာ အကန့်ရှိနေတာ၊ Fibroid tumors သားအိမ် အသားပို အလုံးရှိနေတာတွေကိုလဲ စစ်ရမယ်၊ ကုရမယ်။
• စီးကရက် တနေ့ ၁ဝ လိပ်သောက်သူတွေမှာ ကိုယ်ဝန်ပျက်နှုန်း ပိုများတယ်။ အရက်၊ ဖျားနေတာ၊ (ကေဖင်း)၊ အကိုက်အခဲ ပျောက်ဆေး သောက်တာတွေကလဲ ဖြစ်နှုန်းများစေတယ်။

1. ကိုယ်ဝန်ပျက်မယ်ဆိုရင် ဗိုက်အောက်ပိုင်းကနာပြီး မွေးလမ်းကနေ သွေးဆင်းမယ်။ ဒီအဆင့်ကို Threatened abortion စိတ်မချရတဲ့ ကိုယ်ဝန်လို့ သတ်မှတ်တယ်။ ကောင်းချင်လဲ ကောင်းမယ်။ ပျက်ချင်လဲ ပျက်မယ်။ ၇ ပါတ်နဲ့ ၁၁ ပါတ်အတွင်း အထဲက ကလေးမှာ နှလုံးခုန်တာ သိနေရပြီဆိုသူတွေ သွေးဆင်းတာရှိပေမဲ့ ၉ဝ-၉၆% ဆက်ကောင်းကြတယ်။ Pelvic ultrasound (အာလ်ထွာဆောင်း) နဲ့ စစ်ရမယ်။ Fetal heartbeat နှလုံးခုန်နေတာ ရှိနေသမျှ ကလေးက ကောင်းနေတယ်။ မသေခြာသေးရင် Serial human chorionic gonadotrophin (HCG) သွေးစစ်နေရမယ်။ အလုပ်ရော ယောက်ျားနဲ့ နေတာပါ နားထားရမယ်။
2. Complete abortion ဆိုတာ အလိုအလျှောက် အကုန်လုံး ပျက်ကျထွက်ကျလာတာကို ခေါ်တယ်။ ၁၂ ပါတ် မတိုင်ခင်မှာ ဖြစ်တာ များတယ်။
3. Incomplete abortion ဆိုတာ အလိုအလျှောက် တဝက်တပျက် ပျက်ကျထွက်ကျလာတာကို ခေါ်တယ်။
4. Missed abortion ဆိုတာ သန္ဓေက မရှင်နိုင်ခင်မှာ အထဲမှာတင် ပျက်စီး (သေ) သွားတာ၊ ထွက်လဲကျမလာဘူး။
5. Septic abortion ဆိုတာ ကိုယ်ဝန်လဲပျက်၊ ကိုယ်လဲပူ၊ ချမ်း၊ ကိုက်ခဲနာကျင်၊ ဆင်းတာကလဲ နံနေတယ်။ ပိုးဝင်နေလို့ဖြစ်တယ်။

ဆရာဝန်ရဲ့ အလုပ်ကတော့ ပျက်သွားတာတွေ သားအိမ်ထဲမှာ ကျန်မနေဘို့ဖြစ်တယ်။ Fetus သန္ဓေနဲ့ Placenta အချင်း နှစ်မျိုးလုံး ကုန်ရင်တော့ ထူးလုပ်စရာ မလိုသလောက်ပါ။ မကုန်တဲ့ Incomplete abortion ဖြစ်ရင် Dilation and Curettage (D&C) သားအိမ်ခြစ်တာ လုပ်ပေးရတယ်။ ဆေးနည်းလဲ သုံးပါတယ်။

တခါပျက်ပြီး ရာသီ မှန်တာနဲ့ နောက်ကိုယ်ဝန် ယူလို့ရပါတယ်။ တလ၊ နှစ်လထက် စောင့်စရာမလိုပါ။ တဆက်ထဲလည်း ရတာပါဘဲ။ သွေးဆင်းရပ်ရင် မကောင်းတာ ကျန်မနေနိုင်ပါ။

ကိုယ်ဝန် တခါပျက်တာနဲ့ ဆေးစစ်စရာရှိသမျှ အကုန်လုပ်ဘို့ မလိုတတ်ပါ။ ဘာလို့လဲဆိုတော့ တခါပျက်သူဟာ နောင် ၈ဝ% ကနေ ၉ဝ% ကိုယ်ဝန် အကောင်းရနိုင်လို့ပါ။ ၃ ခါဆက် ပျက်ရင်တော့ ဆေးစစ်တာတွေ လုပ်သင့်တယ်။ မိဘတွေမှာ Chromosomal abnormalities ရှိ-မရှိသိအောင် သွေးစစ်တာကို Karyotyping ခေါ်တယ်။ Hysterosalpingogram (HSG) ရိုက်ရင် သားအိမ် ကောင်း-မကောင်း သိလာမယ်။ Antinuclear antibody, anticardiolipin antibody, VDRL, RPR, and Lupus anticoagulant တွေကိုလဲ စမ်းမယ်။ မကောင်းတာ တွေ့ရင် ကုသပေးရမယ်။

၂၆-၄-၂ဝ၁၁ နေ့အထိ ယမုန်နာဆေးခန်းမှာ ကလေး ၁၈၁ ယောက် မွေးပေးရပြီးပြီ။ အလိုလို တဝက်တပျက် ကိုယ်ဝန်ပျက်လို့ သားအိမ် ခြစ်ပေးရသူ ၃၉ ယောက် ရှိတယ်။

တချို့က ခွဲစိတ်ပြုပြင်ရတယ်။ Progesterone ဟော်မုန်း လိုသူတွေက လိုမယ်။ အခြေခံ အကြောင်းတရား တခုခုမရှိဘဲ အလုပ်ကြောင့်၊ လေ့ကျင့်ခန်းကြောင့်နဲ့ လင်မယားအတူနေလို့ကြောင့် ကိုယ်ဝန်ပျက်စေဘို့ ပိုမဖြစ်စေနိုင်ပါ။

Medical abortion ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း နဲ့ Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ ကိုလဲ တွဲဖတ်ပါ။

Dr. တင့်ဆွေ
၂၈-၄-၂ဝ၁၁


Related Posts :



1 comment:

kyawsoe said...

missed abortion အကြောင်း နဲ့ ထပ်မဖြစ် အောင် ကာကွယ်လို့ ရနိုင်မဲ့ နည်းလမ်းရှိရင် သိခွင့်ရချင်ပါတယ် ရှင်...

M-SG