Tuesday, January 24, 2012

သမား၏ သောက

ဆေးပညာဆည်းပူးလေ့လာရခြင်း၏ စိတ်ဖိစီးမှုများအား ယခင်ကပင် ကောင်းစွာမှတ်တမ်းပြုခဲ့ကြသည့် အထောက်အထား များစွာရှိပါသည်။ ဆေးပညာသင်သားတို့အနေဖြင့် ရရှိသည့်ပညာသင်ချိန်နှင့် မနိုင်ရင်ကန်ဖြစ်လောက်အောင် များပြားလှသည့် ပညာရပ်ဆိုင်ရာများကို မှတ်သားသင်ယူနေရခြင်း၊ အချိန်နာရီကြာမြင့်စွာ အလုပ်ခွင်တွင်ရှိနေရခြင်း၊ ရံဖန်ရံခါ ဆေးရုံဆောင်များအတွင်း လှည့်လည်စမ်းသပ်ကုသမှုအပေါ် (လူအချို့ က၊ ဥပမာ အစောင့်ဝန်ထမ်းက) အခွင့်ကောင်းယူ အလွဲသုံးစားမှုများပြုနေခြင်းကို မြင်တွေ့နေရခြင်း၊ နှင့် လူနာအချို့ တို့၏ အခံမရပ်နိုင်အောင်ခံစားနေရမှု နှင့် အသက်ဆုံးရှုံးရမှုအား သိမြင်ကြုံတွေ့နေရခြင်း ဟူသည့်အနိဋ္ဌာရုံများအား ရင်ဆိုင်နေကြရပါသည်။ (Bourgeois et al., 1993; Lubitz and Nguyen, 1996; Silver and Glicken, 1990)

ဆေးပညာသင်ယူမှုအား "လက်လွတ်စပယ် အလွဲသုံးစားပြုတတ်သော မိသားစုစနစ်" ဟု သမုတ်ခေါ်ဝေါ်ခံနေရခြင်းက ဆေးပညာရှင်တို့အပေါ် (ဝေဒနာခံစားနေရသူတို့၏) မယုံသင်္ကာဖြစ်မှုကိုတိုးပွားစေခြင်း၊ "သနားကြင်နာမှု စာနာမှုကင်းမဲ့ကြသူများ" အဖြစ်ကင်ပွန်းတပ်ခံရခြင်းတို့မှသည် ဆေးသမားတော်တို့အနေဖြင့် မိမိကိုယ်မိမိ မယုံတ၀က် ယုံတ၀က် ယုံရခက်ကြီးဖြစ်လာကြသည်(McKegney, 1989:452)။ ဆေးပညာလေ့လာသင်ယူရခြင်းမှရရှိခဲ့သည့် များစွာသော စိတ်ဖိစီးမှုများသည် ဆေးပညာရှင်တို့၏ ကာယသုခ၊ စိတ္တသုခ နှင့် လုပ်ငန်းစွမ်းဆောင်ရည်များအပေါ် မလိုလားအပ်သည့် နာတာရှည်ဆိုးကျိုးများဖြစ်ပေါ်စေမှုနှင့် ဆက်နွယ်နေပေသည်။(Baldwin et al., 1997b; Shanafelt et al., 2002) ။ ထို့အပြင် ဆေးသမားတော်များစွာတို့၌ စိတ်ဖိစီးမှုဖြစ်စေသည့် အရာများအပေါ်လိုက်လျောညီထွေမှု မရှိသည့် တုန့်ပြန်မှုများ (အရက်သေစာသောက်စားခြင်းကဲ့သို့) ပေါ်ပေါက်လာလေ့ရှိခြင်းသာမက ၄င်းတို့ကိုယ်တိုင်၏ကျန်းမာရေးအပေါ် သင့်တော်သည့်စောင့်ရှောက်မှုရယူရန် စီစဉ်မှုမရှိကြကြောင်း တွေ့ရသည်(Baldwin et al., 1997a; Martin, 1986)

ဆေးကျောင်းသို့ ၀င်ရောက်လာသော ကျောင်းသားများစွာတို့တွင် ပို၍ပို၍တိုးလာသော စိတ်ဖိစီးမှုများရှိလာကြကာ၊ ထိုစိတ်ဖိစီးမှုသည် ဆေးပညာသင်ယူနေသည့် (၄)နှစ်တာကာလလုံးလုံး (စာရေးသူတို့နိုင်ငံတွင် ဆေးကျောင်း ၄နှစ်တက်ရခြင်းဖြစ်မည်) အပြင် ဘွဲ့လွန်ပညာဆည်းပူးချိန်နှင့် သမားတော် အဖြစ်ဆေးကုသမှုပေးသည့် အချိန်တိုင်အောင် သူတို့ထံတွင်ရှိနေကြောင်း လေ့လာသုတေသနပြုမှုများစွာက မှတ်တမ်းပြုခဲ့ကြသည် (Clark and Zeldow, 1988; Rosal et al., 1997; Vitaliano et al., 1988) (Clark et al., 1984; Hendrie et al.,1990; Ramirez et al., 1995; Reuben, 1983; Shanafelt et al., 2002; Smith et al.,1986; Vitaliano et al., 1988, 1989)။ ထိုသို့မြင့်မားလာသော စိတ်ဖိစီးမှုများက ဆေးသမားတော်တို့အား စိတ်ပင်ပန်းနွမ်းနယ်စေကာ လူနာများအား ကုသမှုပေးရာတွင် အကောင်းဆုံး ကုသမှုမပေးနိုင်ဖြစ်ရကြောင်း နှင့် သမားတော်တို့အနေဖြင့်လည်း ပညာရပ်ဆိုင်ရာ ကျေနပ်နှစ်သက်မှုမရှိ ဖြစ်ရကြောင်း လေ့လာမှုများအရ သိရှိရသည် (Fields et al., 1995; Shanafelt et al., 2002) ထို့အပြင် ဆေးပညာသင်များစွာနှင့် ဆေးသမားတော်များစွာတို့သည် အလုပ်ခွင်မှစိတ်ဖိစီးမှုများအား အိမ်အထိ သယ်ဆောင်သွားကြကာ မိသားစုတွင်းဆက်ဆံရေးတင်းမာမှုများဖြစ်စေခြင်း၊ မိသားစုအတွင်း နွေးထွေးကြင်နာမှု နည်းပါးလာကာ အိမ်ထောင်ရေးအဆင်မပြေမှုများ များပြားလာခြင်း၊ စိတ်ဖိစီးမှုကြောင့်ဖြစ်ရသည့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများဖြစ်သော ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ အားအင်ကင်းမဲ့ကာ နွမ်းနယ်ခြင်း၊ နှင့် ရင်ဘတ်အောင့်ခြင်းဝေဒနာများ ခံစားကြရတော့သည်(Geurts et al., 1999)

ဆေးကျောင်းများအနေဖြင့် ဆေးကျောင်းသားများစွာတို့၏ စိတ်ဖိစီးမှု၊ စိတ်သောကများ၊ ကသောင်းကနင်းဖြစ်မှုများအား ကာကွယ်နိုင်ရန်၊ မျှတစနစ်ကျသည့် ကိုယ့်ကိုယ်ကို စောင့်ရှောက်မှုများ ရယူနိုင်ရန် ဟူသည့် အရေးကိစ္စများ နှင့်စပ်လျဉ်းကာ ဆောင်ရွက်စရာ များစွာရှိပါသည်။ ဆေးကျောင်းသားများအား စိတ်ဖိစီးမှုစီမံခြင်းနှင့်စပ်လျဉ်း၍ တိတိကျကျ ပုံဖေါ်လေ့လာသုတေသနပြုထားချက်အရ ၄င်းတို့အား စိတ်ဖိစီးမှုလျော့ချသည့် နည်းပညာများသင်ပေးခြင်းက သူတို့၏စိတ်ပိုင်းဆိုင်ရာဖိစီးမှုနှင့် ပူပင်သောကများကို လျော့ချနိုင်ကြောင်း တွေ့ရှိရသည်။ ထိုနည်းပညာများအား သူတို့ဆေးကျောင်းသားဘ၀ တလျောက်လုံးနှင့် သမားတော်ဘ၀တွင်ပါ အသုံးချနိုင်ပေမည်။ ဆေးကျောင်းသားများအား စိတ်ဖိစီးမှုဖြစ်စေမည့် အန္တရာယ်ရှိသည့်အချက်များနှင့် ၄င်းတို့ကိုယ်တိုင်တွင် စိတ်ဖိစီးမှု စိတ်ဓာတ်ကျမှုဖြစ်လာမည့် သတိပြုဖွယ်ရာ လက္ခဏာများအား သင်ကြားပေးနိုင်သည် (Chang et al., 1997; Clark et al.,1984; Firth-Cozens, 2001; Linzer et al., 2001; McCranie and Brandsma, 1988;Shanafelt et al., 2003); ။ ထိုမှနေ၍ သမားတို့၏ ကျန်းမာသုခရစေမည့် နည်းနာများကို ဖေါ်ဆောင်ဖန်တီးနိုင်ရန် နှင့် မိသားစုတွင်းနွေးထွေး၍ ကျန်းမာမှုရှိစေရန်၊ သမားတို့၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးအား ပြတ်ပြတ်သားသားမြင်လာစေရန်၊ နှင့် ၄င်းတို့၏ဘ၀တွင် မျှတကျန်းမာသည့်သုခများ ဖန်တီးနိုင်မည့် နည်းနာများအား လွတ်လပ်စွာ ဆွေးနွေးနိုင်စေရပါမည်။ ဤအရာများအား ဆေးကျောင်းသင်ရိုးညွှန်းတမ်း၏ အပိုင်းတစ်ခုအနေဖြင့် လည်းကောင်း၊ သင်ရိုးညွှန်းတမ်းပြင်ပ စွမ်းဆောင်မှုများ အဖြစ်လည်းကောင်း ပြုလုပ်နိုင်ပေသည်။

ကျောင်းသားများသည် ကိုယ်ရောစိတ်ပါ ကျန်းမာနေချိန်တွင် ကောင်းစွာသင်ယူမှုပြုနိုင်ကြသည်။ သူတို့ဆေးပညာသင်ယူနေချိန်တွင် ဘ၀တွင်မျှတကျန်းမာစွာနေထိုင်တတ်ရန် နှင့် ၄င်းတို့၏ စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာဝေဒနာများအား စောစီးစွာသတိပြုမိကာ ကာကွယ်နည်း ကုသနည်းများ တတ်မြောက်အောင် သင်ယူခဲ့ရမည်ဆိုပါက သူတို့၏ကျောင်းသားဘ၀တလျှောက်လုံးနှင့် ဆေးသမားတော်ဘ၀သို့တိုင် ကျန်းမာသုခနှင့်ရေရှည်ပြည့်စုံစေမည့် အလေ့အထကောင်းများကို ရရှိယူဆောင်လာနိုင်ခဲ့ကြမည်ဖြစ်ပါသည်။

Institute of Medicine of the National Academy မှ ၂၀၀၃ ခုနှစ်တွင် ထုတ်သည့်Enhancing the Behavioral and Social Science Content of Medical School Curricula စာအုပ်ပါ Physician Well-Being ကိုဘာသာပြန်ဆိုပါသည်။ Well-Being ဆိုသော်လည်း စိတ်သောကကို ဦးစားပေးရေးထားသဖြင့် သမား၏သောက ဟု ခေါင်းစဉ်တပ်လိုက်ပါသည်။


Related Posts :



No comments: