Thursday, March 17, 2011

Microgynon 30 ED ကိုယ်ဝန်တားဆေး

ကျွန်မက Microgynon ED ဆိုတဲ့ သန္ဓေတားဆေး သောက်ပါတယ်။ ပြသနာက ကျွန်မက အားဆေး နောက်ဆုံး ၂ လုံးလောက် (သို့) ၁ လုံးလောက် ကျန်တဲ့အချိန်မှ ရာသီလာပါတယ်။ အဖြူပြန်သောက်ရင် ရာသီမလာဘူးဆိုလို့ ရာသီလာပြီးချိန်ထိ စောင့်ပြီးမှ ဆေးအဖြူ ပြန်သောက်ပါတယ်။ အဲတာမှန်ပါသလား။ အခု ၂ လ ရှိပြီ ရာသီ အလွန်နည်းပါတယ်။ ကျွန်မ သားကို ဗိုက်ခွဲပြီးမွေးပါတယ်။ ၆ လ ရှိပါပြီ။ နို့မတိုက်တော့ပါ။ (ကိုယ်ဝန်မရှိခင်တုန်းက အဲဒီဆေး သောက်တာ သွေးတိုးဖူးပါတယ်။)

• Combined oral contraceptives ကိုယ်ဝန်တား စားဆေးဖြစ်တယ်။
• Oestrogen (Ethinylestradiol) နဲ့ Progesterone (Levonorgestrel) ဟော်မုန်း ၂ မျိုး ပါတယ်။
• ၂၈ လုံး ပါတာမှာ အရောင်နု (အဖြူ) ကို စသောက်ရတယ်။ တနေ့ ၁ လုံး။ အတိအကျ သောက်ပါ။ နောက် ၇ လုံး၊ အရောင်ရင့်မှာ ဆေး-ဟော်မုန်း မပါဘူး။
• ပဌမ ၂၁ လုံးသောက်ပြီးရင် သွေးပြန်ဆင်းမယ်။
• ဆေးကပ်ကို သွေးဆင်းရပ်တာ-မရပ်တာ မကြည့်ဘဲ တကပ်ကုန်ရင် နောက်တကပ် ဆက်သောက်ရတယ်။
• ဆေးစသောက်သူဟာ ရာသီစဆင်းတဲ့နေ့ကနေ စရမယ်။
• ရက်နံပါတ် (၁) ဆိုတာ ရာသီ-ကိုယ်ဝန်ဆောင်- မျိုးဥထွက်ရက် ဘာဘဲတွက်တွက် သွေးဆင်းတဲ့ ပဌမရက်လို့ ယူရတယ်။ ရာသီသွေးဆင်းတာက ၃-၄-၅ ရက်ကြာ တတ်တယ်။ နောက်ဆုံးရက်ဆိုတာ ပြောဘို့၊ မှတ်ဘို့ စွန်းယုံလေး စွန်းတော့လား၊ (ဒိုင်ယာပါ) မသုံးရတဲ့နေ့လား၊ မတိကျတတ်ဘူး။ ရာသီသွေး စဆင်းတဲ့နေ့ ဆိုတာ မှားစရာ မရှိဘူး။
• ပြက္ခဒိန်နည်းလဲ ကြားဘူးကြမယ်။ ရာသီစလာတဲ့နေ့ကနေ ၅ ရက်အတွင်းမှာ အတူနေပေမဲ့ ကိုယ်ဝန်မရနိုင်ဘူး။ ဒါ့ကြောင့် ဒီဆေးမျိုး သောက်သူတွေက ၅ ရက်မြောက်နေ့ကနေ စသောက်ရင်လဲ ကလေးမရနိုင်ဘူး။
• ဒါပေမဲ့ တချို့မှာက တလဆိုတာ ရက်တိုတတ်တယ်။ ဆိုပါစို့ ၂၂-၂၃ ရက်နဲ့ ရာသီတပါတ်လည်သူတွေ ရှိတယ်။ သူတို့ဆိုရင် ၅ ရက်အတွင်း စိတ်ချ ကိုယ်ဝန်မရဘူး ပြောဘို့ မှန်ခြင်မှ မှန်တယ်။
• ဆရာဝန်ကနေ စသောက်ပါ ပြောတဲ့ရက်မှာလဲ ကြားရက်ဖြစ်ဖြစ် သောက်နိုင်တယ်။ ကိုယ်ဝန်တားဘို့ မဟုတ်ဘဲ တခြား အကြောင်းကို ကုသဘို့ ညွှန်တာ ဖြစ်မယ်။ ဆေးသောက်တဲ့သူမှာ ကိုယ်ဝန် ရှိမနေဘို့သာ အရေးကြီးတယ်။
• ကလေးဖွါးပြီး ကလေးကို နို့မတိုက်ရသူဆိုရင် မီးဖွါးပြီးနောက် ၂၁ ရက်အကြာမှာ ဆေးစသောက်ရမယ်။
• ကိုယ်ဝန်ပျက်ပြီးနောက်ဆိုရင် အတိအကျ ပြောမရလို့ ကိုယ်ဝန်ပျက်လို့ သွေးစဆင်းပြီး ၇ ရက်နေရင် သောက်ရမယ်။ သွေးဆင်းရပ်တာ မရပ်တာကို မကြည့်ရပါ။
• ဆေးကို နေ့လဲမှန်၊ အချိန်လဲ မှန်မှန်သောက်ပါ။ တကယ်လို့ အချိန်နောက်ကျရင် သတိရတာနဲ့ သောက်ပါ။
• ၁ ရက် နောက်ကျသွားရင် ၂ လုံးတခါထဲ သောက်ပါ။
• နောက်ဆုံး သောက်ရမဲ့ ၇ လုံးက မေ့လဲ ကိစ္စမရှိပါ။
• နောက်ဆုံးသောက်ရမဲ့ဆေးတွေ သောက်နေရင်း သွေးပြန်လာရင် ဆေးကပ်ဟောင်း စွန့်လိုက်ပြီး ဆေးကပ်သစ် စသောက်ပါ။
• သီအိုရီအရ ပြောရရင် ဆေးကပ်ဟောင်းက ဆေးမှန်သမျှ ကုန်အောင်သောက်လို့ သွေးဆင်းနေတာ ၅ ရက် ကြာတယ်ဆိုလဲ နောက်ဆေးသစ် မသောက်သေးပေမဲ့ ပြက္ခဒိန်နည်းအရ ကိုယ်ဝန်မရနိုင်ပါ။
• တကယ်လို့ ဆေးသောက်ဘို့ မေ့တာက ၃ ရက်အထိ ဖြစ်ရင် စိတ်မချရတော့ပါ။ အကာအကွယ်သစ်ပါ သုံးရပါမယ်။ ဆေးလုံး ၂ လုံးထက် ပိုမသောက်ရပါ။ တရက် ၁ လုံးသာ ဆက်သောက်ပါ။
• တကယ်လို့ အတူနေစရာမရှိလဲ ဆေးသောက်ရမှာသာ ဖြစ်တယ်။ ဒါမှ လမှန်လိမ့်မယ်။
• ဒီဆေးမျိုး သောက်နေရင်းနဲ့ (ကွန်ဒွမ်) သုံးနေပေမဲ့လဲ ဆေးကို ရက်မှန်-အချိန်မှန်သောက်ရပါမယ်။
• တကယ်လို့ ဆေးသောက်ဘို့ မေ့တာက တတိယအတန်း (၁၄ ရက်ကနေ ၂၁ ရက်) အတွင်းက ဖြစ်နေရင် နောက်ဆုံး အရောင်မတူ ၇ လုံးကို မသောက်တော့ဘဲ ဆေးကပ်သစ်စပါ။
• ဆေးသောက်ဘို့ မေ့တာက ပဌမအတန်း (၁ ရက်ကနေ ၇ ရက်) အတွင်းဖြစ်နေရင် အရေးပေါ် ကာကွယ်ဆေး Emergency contraception (Morning after pill) သောက်ပါ။
• ဆေးသောက်ပြီး ၂ နာရီအတွင်း အန်တယ်ဆိုရင် မအန်ချင်တဲ့အချိန်မှာ နောက်ဆေး ၁ လုံးထပ်သောက်ပါ။ အန်နေတာက ၂၄ နာရီကျော်သွားရင် သိပ်စိတ်မချရတော့ပါ။ အကာကွယ်သစ်ပါ သုံးပါ။
• ဝမ်းလျောတာ ဆိုးသူတွေလဲ ထိရောက်မှု နည်းတတ်တယ်။
• ဆေး စသုံးဘူးသူတွေဆိုရင် ရာသီမမှန်တာ ဖြစ်တတ်တယ်။
• ဒီဆေး မသုံးသူတွေထက် သွေးခဲစေတာ ပိုဖြစ်နိုင်တယ်။ ရင်သားကင်ဆာ ပိုဖြစ်နိုင်တယ်။
• ကိုယ်ဝန်ရှိနေသူ မသုံးရပါ။ နို့တိုက်နေသူ မသုံးသင့်ပါ။ (ကိုလက်စထော) များနေသူ၊ နှလုံးရောဂါရှိနေသူ၊ သွေးတိုး နေသူ၊ ဆီးချို များနေသူ၊ အသက် ၅ဝ ကျော်သူ၊ စိတ်ကျရောဂါ ဆိုးနေသူ၊ မိုင်ဂရင်း ရောဂါရှိသူ၊ ကျောက်ကပ် မကောင်းသူ၊ အသဲ မကောင်းသူ၊ အသားဝါ ဖြစ်နေသူ၊ သည်းခြေအိတ် ကျောက်ရှိနေသူတွေ မသုံးသင့်ပါ။
• တချို့က ဝတာများတယ်။ တချို့ပိန်မယ်။ ရင်သားတင်း-နာ-ကြီးလာတတ်တယ်။ လိင်စိတ်နည်းတာ တချို့မှာ ဖြစ်တယ်။
• Aprepitant, Bosentan, Barbiturates, Carbamazepine, Eslicarbazepine, Modafinil, Nevirapine, Oxcarbazepine, Phenobarbital, Phenytoin, Primidone, Rifampicin, Rifabutin, Ritonavir ဆေးတွေ ပေးနေရင် ဒီဆေးအစွမ်း နည်းစေတတ်တယ်။
• Melatonin, Selegiline, Tacrolimus, Theophylline, Tizanidine, Voriconazole ဆေးတွေရဲ့အစွမ်းကို ဒီဆေးက သက်ရောက်စေနိုင်တယ်။
• Logynon, Logynon ED နဲ့ Microgynon 30 ဆေးတွေက ဆေးပါတာတူတယ်။
• Microgynon 20 ED ဆေးကို Alesse နာမည်နဲ့ အမေရီကားမှာ ရောင်းတယ်။

Dr. တင့်ဆွေ
၁၇-၃-၂ဝ၁၁


Related Posts :



1 comment:

phyo said...

ကျွန်မအသက်က20ပါစေ့စပ်ထားတဲ့အမျိုးသားနဲ့အကာအကွယ်မပါပဲနေထိုင်မိပါတယ်။။လက်ထပ်ဖို့ပြောဆိုထားတဲ့အချိန်ကလည်းတော်တော်လေးကိုဝေးနေသေးပါတယ်။။ဒါ့ကြောင့်အရေးပေါ်ဆေး2လုံးတွဲ(ecee2)သောက်လိုက်ပါတယ်။ပထမ1လုံးသောက်ပြီး8နာရီအကြာမှာနောက်1လုံးသောက်လိုက်ပါတယ်။မသေချာမှာဆိုးလို့နောက်ရက်ည7နာရီမှာနောက်ထပ်တလုံးနဲ့မနက်5နာရီမှာတလုံးသောက်လိုက်မိပါတယ်။ရင်နည်းနည်းတုန်တယ်.အဖြူနည်းနည်းဆင်းပါတယ်အနံ့မနံ့ပါဘူးတော်တော်လေးဖြူပြီးပျစ်ချွဲနေပါတယ်..မတော်တဆကိုယ်ဝန်ရမှာကိုလည်းကြောက်ပါတယ်ရာသီလာရက်က15ရက်နေ့ပါအခုဆေးသောက်ထားတာ5ရက်ရှိပါပြီရာသီလာရက်ရောက်ဖို့5ရက်ပဲလိုပါတော့တယ်..ရာသီလာမှကိုယ်ဝန်မရတာသေချာတယ်ဆိုလို့ပါ..ဘာဆက်လုပ်သင့်သလဲ...စောင့်ကြည့်နေရမှာလား?ဖြေပေးပါအုံးနော်