Sunday, September 26, 2010

အသည်းနှင့် အသည်းကင်ဆာ

ကျွန်မ မိတ်ဆွေတွေအထဲမှာ အသည်းမကောင်းသူတွေ များစွာ ရှိပြီး အမေရိကားကို ရောက်နေတဲ့ တချိန်က ရင်းနှီးတဲ့ လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေဟောင်း တဦးလည်း အသည်းကင်ဆာ ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိရတယ်လို့ လတ်တလော ကြားသိလိုက်ရလို့ ဒီပို့စ်ကို တင်ဖြစ်ပါတယ်။ အဓိကက အသည်းနဲ့ အသည်းကင်ဆာ အကြောင်းကို တင်ပြဖို့ဖြစ်ပါတယ်။ သို့သော်လည်း အသည်းနှင့် အသည်းကင်ဆာအကြောင်းကို မစခင် ကင်ဆာရောဂါရဲ့ အခြေခံ သဘောသဘာဝ အနည်းငယ်ကို အရင်တင်ပြထားပါတယ်။ ကင်ဆာကို ရှာဖွေတွေ့ရှိပုံ (Dignosis) နဲ့ ကုသမှုအပိုင်းကို ဒီပို့စ်မှာ တင်ပြထားခြင်း မရှိဘဲ နောက်ပိုင်း အလျဉ်းသင့်ရင် သီးသန့်ဖေါ်ပြဖို့ အစီစဉ် ရှိပါတယ်။ ဒီပို့စ်မှာ ကင်ဆာရောဂါ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာပုံကို မိတ်ဆက်ပေးပြီး အသည်းကင်ဆာ အမျိုးအစားနှင့် ရောဂါ အဆင့်သတ်မှတ်ပုံကို အဓိက တင်ပြထားပါတယ်။


ကင်ဆာရဲ့ အခြေခံသဘောသဘာဝ


ပုံမှန်ဆဲလ်ပွားပုံနှင့် ကင်ဆာဆဲလ် ပွားပုံ (ဓါတ်ပုံတွေကို နှိပ်ပြီး ပုံကြီးကို ကြည့်နိုင်ပါတယ်)

ကင်ဆာဆိုတာ ဆဲလ်တွေမှာ ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆဲလ်ဆိုတာကတော့ အနုကြည့်မှန်ပြောင်း (Microscope) ဖြင့် ကြည့်မှသာ မြင်နိုင်တဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံးသော အဖွဲ့အစည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကြီးထွားစေဖို့၊ သက်တမ်းကုန်ဆုံးတဲ့ ဆဲလ်တွေ (သို့) ဒါဏ်ရာ ဒါဏ်ချက် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံး သွားတဲ့ ဆဲလ်တွေကို ပြန်လည် အစားထိုးဖို့အတွက် သက်ရှိတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေဟာ အဆက်မပြတ် ပွား (Multiply) လျက် ရှိပါတယ်။ ဒီလို ပွားတဲ့နေရာမှာ ပုံမှန်အားဖြင့်တော့ ဆဲလ်တွေဟာ သူ့အစီစဉ်နှင့်သူ လမ်းကြောင်းအမှန်အတိုင်း ထိန်းချုပ်မှု အောက်မှာပဲ ပွားလေ့ရှိပါတယ်။ သို့သော်လည်း တခါတရံမှာ အကြောင်းမညီညွတ်ပါက အခန့်မသင့်ဘဲ လမ်းကြောင်းပြောင်းကာ ထိန်းချုပ်လို့မရ ဖြစ်သွားတတ်ပါတယ်။ ဒီလိုဖြစ်သွားရင် ကျူမာ (Tumour) လို့ ခေါ်တဲ့ အစေ့လေးကို စဖြစ်တဲ့နေရာမှာ ဖြစ်ပေါ်စေပါတယ်။

ကျူမာမှာ Benign Tumour နှင့် Malignant Tumour ဆိုပြီး နှစ်မျိုး နှစ်စားရှိပါတယ်။ ဘီနိုင်းကျူမာက မိမိ စတင်ဖြစ်ပေါ်တဲ့ နေရာမှာပဲ ရှိနေတတ်ပြီး တခြားကို လွင့်သွားခြင်းမရှိပါ။ သို့သော်လည်း ကျူမာအလုံးကြီးလာပါက ပတ်ဝန်းကျင်မှာ ရှိတဲ့ တစ်သျှူးတွေ၊ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မကူးစက်မပြန့်နှံ့သော်လည်း သွားပြီးဖိအားပေးကာ နာကျင်ထိခိုက်စေနိုင်ပါတယ်။ ဘီနိုင်းကျူမာကို ကင်ဆာဆဲလ်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်တဲ့အတွက် ဘီနိုင်းကျူမာကို ခန္ဓာကိုယ်ထဲမှာ တွေ့ခြင်းဟာ ကင်ဆာတွေ့ခြင်းမဟုတ်ပါ။ သို့သော်လည်း တချို့ဘီနိုင်းကျူမာများကို မကုသဘဲ ထားပါက ကင်ဆာဆဲလ်များ ဆင့်ပွားဖြစ်လာနိုင်ပါတယ်။

မူလကင်ဆာဆဲလ် စတင်ဖြစ်ပေါ်သည့် နေရာမှ တခြားနေရာသို့ ကင်ဆာဆဲလ် ပြန့်နှံ့ရောက်ရှိပုံ

Malignant Tumour က ကင်ဆာဆဲလ်ဖြင့် ဖွဲ့စည်းထားပြီး ၎င်းစတင်ဖြစ်ပွားတဲ့နေရာကို Carcinoma (ကင်ဆာစတင်ဖြစ်ပေါ်ခြင်း) လို့ ခေါ်ပါတယ်။ စတင်ဖြစ်ပွားရာကနေ တဖြည်းဖြည်း ကြီးထွားလာ၊ ပွားလာပြီး အနီးပတ်ဝန်းကျင် တစ်သျှူးတွေအထိ ပြန့်နှံ့သွားနိုင်ပါတယ်။ ၎င်းအဆင့်ကိုတော့ အစဦးကင်ဆာ (Primary Cancer) လို့ခေါ်ပါတယ်။ အချိန်ကြာမြင့်လာတဲ့ အခါမှာ အနီးအနား ပတ်ဝန်းကျင် တစ်သျှူးမှာတင်မကပဲ ကင်ဆာဆဲလ် တချို့ဟာ အဝေးကို လွင့်သွားပြီး အဝေးမှာရှိတဲ့ အရိုးအပါအ၀င် တခြား အင်္ဂါအစိတ်အပိုင်း တခုခုမှာ သွားပြီးတွယ်ကပ်ကာ ဆက်ပွားပါတယ်။ ၎င်းကို Secondary Cancer/Matastasis (ဆင့်ပွားကင်ဆာ) လို့ခေါ်ပါတယ်။ ဒါကတော့ အသည်းကင်ဆာအပါအ၀င် ကင်ဆာအများစုရဲ့ အခြေခံ ဖြစ်ပါတယ်။

အသည်း၏လုပ်ဆောင်ချက် အကျဉ်း

အသည်း၏ တည်နေရာနှင့် အနီးနားတ၀ိုက် အင်္ဂါအစိတ်အပိုင်းများပုံ

အသည်းကင်ဆာ အကြောင်းကို မပြောခင် အသည်းအကြောင်းကို အနည်းငယ် ဖေါ်ပြသင့်ပါတယ်။ အသည်းက ခန္ဓာကိုယ်မှာ ရှိတဲ့ အတွင်းအင်္ဂါအစိတ်မပိုင်းများအနက် အကြီးဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း နံရိုးတွေ အောက်နား၊ ညာဘက်အဆုပ်နှင့် ကန့်လန့်ကာကြွက်သား (Diaphragm) ရဲ့ အောက်တည့်တည့်မှာ ရှိပါတယ်။ ပိရမစ်ပုံ ရှိပြီး ဘယ်ဘက်နဲ့ ညာဘက် စိတ်အပိုင်းနှစ်ခုအဖြစ် တွယ်ဆက်လျက် ရှိပါတယ်။ အသည်းဟာ အရွယ်အစားကြီးသလောက် ခန္ဓာကိုယ်အတွက် လုပ်ပေးရတဲ့ အလုပ်ကလည်း အင်မတန် များပါတယ်။ အသည်းဟာ နှလုံးမှ အောက်စီဂျင် သယ်လာသော သွေးကိုလက်ခံပြီး နှလုံးမှတဆင့် ခန္ဓာကိုယ်တခုလုံးသို့ ပြန်ဖြန့်ဖြူးရန် နှလုံးသို့ ပြန်လည်ပို့ပေးပါတယ်။ အသည်းက ပို့ပေးတဲ့ အာဟာရကြောင့် ခန္ဓာကိုယ်တခုလုံးအတွက် လည်ပတ်ဖို့ စွမ်းအင်ကို ရရှိပါတယ်။

အသည်းဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ များစွာကို ဆောင်ရွက်ပါတယ်။
(၁) စားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်က အဆင်သင့်အသုံးပြုနိုင်စေရန် သကြားဓါတ်နဲ့ အဆီဓါတ်ဖြစ်အောင် ပြောင်းလဲပေးခြင်း၊
(၂) အာဟာရကို သိုလှောင်ပေးခြင်း
(၃) အဆီကို ခြေဖျက်ရန်အတွက် အသည်းခြေရည်ကို ထုတ်ပေးခြင်း
(၄) ပိုလျှံသော အစားအစာများကို အဆီနှင့် ဂလိုင်ကိုဂျင်ကို သကြားဓါတ်အဖြစ် ပြောင်းလဲကာ သိုလှောင်ထားပေးခြင်း၊
(5) အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင်တချို့နဲ့ သတ္တုဓါတ်တချို့ကို သိုလှောင်ပေးခြင်း
(၆) သွေးအတွက် အသားဓါတ် ထုတ်လုပ်ပေးခြင်း
(၇) သွေးပျစ်ခြင်းနှင့် ကျဲခြင်းကို ခန္ဓာကိုယ်မှာ လိုရင်လိုသလို ပြုပြင်ပေးခြင်း
(၈) ခန္ဓာကိုယ်လည်ပတ်ရန်အတွက် လိုအပ်တဲ့ တခြားဓါတ်ပေါင်းတချို့ကို ထုတ်လုပ်ပေးခြင်း
(၉) အရက်လို ခန္ဓာကိုယ်အတွက် ဒုက္ခပေးတဲ့ အရာတွေကို အဆိပ်မဖြစ်အောင် ခြေဖျက်ပေးခြင်းနှင့် အညစ်ကြေးတွေကို ဖယ်ရှားပေးခြင်း စသည်တို့အပါအ၀င် အသည်းဟာ ခန္ဓာကိုယ်အတွက် လုပ်ငန်းများစွာကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါကြောင့်မို့ အသည်းမကောင်းသော သူတဦးမှာ ဒီလုပ်ငန်းစဉ်တွေအတွက် မထိခိုက်အောင် ဂရုပြုဖို့ အထူးလိုအပ်ပါတယ်။

အသည်းကင်ဆာ
အသည်းကင်ဆာဆိုတာ အသည်းမှာ Malignant Tumour ရှိနေခြင်းဖြစ်ပါတယ်။ အသည်းကင်ဆာမှာ အစဦး အသည်းကင်ဆာ (Primary cancer) နှင့် နောက်ဆက်တွဲ ကင်ဆာ (Secondary cancer) ဆိုပြီး နှစ်မျိုးရှိပါတယ်။

Primary Liver Cancer (အစဦး အသည်းကင်ဆာ)
အစဦးအသည်းကင်ဆာမှာလည်း Cholangio Carcinoma ခေါ် သည်းခြေပြွန်တ၀ိုက်မှာ စတင်ဖြစ်ပေါ်တဲ့ အသည်းကင်ဆာနှင့် hepatocellular carcinoma ခေါ် အသည်းထဲက ဆဲတွေမှာ စတင်ဖြစ်ပွားတဲ့ အသည်းကင်ဆာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီအမျိုးအစားက အသည်းခြောက်ရောဂါ (Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Primary Liver Cancer က Secondary Liver Cancer ထက် အဖြစ်နည်းသည်ကို တွေ့ရှိရပါတယ်။

မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်း
ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်။
(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့် ရောဂါဖြစ်နေသည့် လူနာ
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ
(၃) အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တခုခု ရှိနေသောသူများတွင် Pramary Liver Cancer ကို အများဆုံး တွေ့ရပါတယ်။ သို့သော်လည်း မူလအသည်းကင်ဆာက တဆင့်ခံ အသည်းကင်ဆာထက် အဖြစ်နည်းပါတယ်။

Secondary Liver Cancer (နောက်ဆက်တွဲ အသည်းကင်ဆာ)
တခြားနေရာတွေမှာ အစဦး ဖြစ်ပွားတဲ့ ကင်ဆာဆဲလ်တွေက အသည်းကို ပြန့်နှံ့ရောက်ရှိလာလို့ တဆင့်ခံ ဖြစ်ပွားတဲ့ အသည်းကင်ဆာ ဖြစ်ပါတယ်။ အသည်းဟာ တခြားအင်္ဂါအစိတ်ပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် ပတ်သက်နေတဲ့အတွက်ကြောင့် တခြားအင်္ဂါ အစိတ်ပိုင်းမှာ ကင်ဆာဖြစ်ပါက အသည်းကို အလွယ်တကူ ပြန်နှံ့နိုင်ပြီး အသည်းကင်ဆာရသူ အများစုမှာ Secondary Liver Cancer ရသည့် ဦးရေက မူလအစဦးကင်ဆာ ရသူထက် အဆနှစ်ဆယ် ပိုများပါတယ်။ ထို့အတူ Secondary Liver Cancer ကိုလည်း မူလရောဂါ စဖြစ်တဲ့ နေရာနှင့်ပဲ အမည်ပေးလေ့ရှိပါတယ်။ ဥပမာ စအိုကင်ဆာက ပြန့်နှံ့လာတဲ့ အသည်းကင်ဆာဖြစ်ရင် Metastatic bowel cancer လို့ ခေါ်လေ့ရှိပါတယ်။ မူလဖြစ်တဲ့နေရာမှာ ကင်ဆာကို စတွေ့တဲ့အချိန်မှာ နောက်ဆက်တွဲ ပြန့်နှံ့လာလို့ ဖြစ်လာတဲ့ အသည်းကင်ဆာကိုပါ တခါတည်းတွေ့တာ ရှိသလို နောက်မှ ထပ်တွေ့တာလည်း ရှိနိုင်ပါတယ်။

အသည်းကင်ဆာရဲ့ လက္ခဏာများ
မူလ အသည်းကင်ဆာ၌ အစပိုင်းမှာ ထူးခြားသည့် လက္ခများကို မတွေ့ရပါ။ နောက်ပိုင်း အခြေအနေ ဆိုးလာမှ သိရှိရတဲ့ အသည်းကင်ဆာရဲ့ လက္ခဏာ များကတော့…
(၁) အားနည်းပြီး မောပမ်းနွမ်းနယ်နေခြင်း
(၂) အသည်းတည်ရှိရာ နေရာဖြစ်တဲ့ နံရိုးတွေရဲ့ အောက်ဘက်ရှိ ၀မ်းဗိုက်ရဲ့ ညာဘက်အပေါ်ဒေါင့်မှာ နာကျင်ခြင်း၊
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၄) အစားအသောက်ပျက်ခြင်း
(၅) မျက်လုံးနဲ့ အသားရောင်များ ၀ါလာခြင်း
(၆) ပျို့ချင်အန်ချင်ခြင်း
(၇) ၀မ်းဗိုက်ဖေါင်းပွလာခြင်း
(၈) အဖျားဝင်ခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

အသည်းကင်ဆာကို အဆင့် သတ်မှတ်ခြင်း
ကင်ဆာရောဂါ ရှိကြောင်း စတင်စမ်းသပ်တွေ့ရှိသည်နှင့် ပြန့်နှံ့မှု ရှိမရှိဆိုတာကိုပါ တခါတည်း တွေ့ရှိရပါတယ်။ မူလစတင်ဖြစ်ပွားတဲ့ နေရာကနေ ပြန့်နှံ့မှု ရှိမရှိနှင့် ပြန့်နှံ့မှု ရှိသော်လည်း ဘယ်အတိုင်းအတာထိ ပြန့်နှံ့နေပြီဆိုတဲ့အပေါ် မူတည်ပြီး ရောဂါအဆင့်ကို သတ်မှတ်ပါတယ်။
အဆင့် (၁) ကင်ဆာရဲ့ အရွယ်အစား ၂ ဆင်တီမီတာထက် မပိုသေးခြင်းနှင့် စတင်ဖြစ်ပွားတဲ့နေရာကလွဲပြီး တခြားဘယ်မှ မပြန့်နှံ့သေးသည့်အဆင့်။
အဆင့် (၂) ကင်ဆာက အသည်းထဲရှိ သွေးကြောများအထိ ပြန့်နှံ့နေခြင်း (သို့) ကျူမာအရေအတွက် တခုထက်ပိုရှိနေခြင်း
အဆင့် (၃) A: ကင်ဆာ အရွယ်အစား ၅ ဆင်တီမီတာထက် ပိုကြီးနေခြင်း (သို့) အသည်းရဲ့ အနီးတ၀ိုက် သွေးကြောများအထိ ပြန့်နှံ့နေခြင်း
အဆင့် (၃) B: ကင်ဆာက အသည်းအနီးအနားရှိ တခြားအင်္ဂါအစိတ်အပိုင်း အထိ ပြန့်နှံ့နေခြင်း။ သို့သော်လည်း ပြန်ရည်ကြော အဖုထိ မရောက်သေးခြင်း။
အဆင့် (၃) C: ကင်ဆာက အနီးအနားတ၀ိုက် အင်္ဂါအစိတ်အပိုင်း တခုခု အပြင် ပြန်ရည်ကြောဖုအထိ ပြန့်နှံ့နေခြင်း
အဆင့် (၄) ကင်ဆာက အနီးအနားရှိ အင်္ဂါအစိတ်မပိုင်းများ၊ ပြန်ရည်ကြောဖုအတွင်းနှင့် အဝေးထိ တခြားအင်္ဂါအစိတ်အပိုင်းအထိ ပြန့်နှံ့နေခြင်း စသည်ဖြင့် ၆ ဆင့်ခွဲခြားထားပါတယ်။

Progranosis ကုသနိုင်သည့် အခွင့်အလမ်း
အခြေအနေအပေါ် မူတည်ပြီး Primary Cancer ကို စောစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည့် အခွင့်အလမ်း ရှိနိုင်ပါတယ်။ Secondary Cancer ကိုတော့ ပြန့်နှံ့နေပြီ ဖြစ်တဲ့အတွက် ကုသမှုဖြင့် လုံးဝ အမြစ်မပြတ်နိုင်တော့သော်လည်း အသက်ဆက်လက် ရှင်သန်နိုင်သည့်ကာလကို အတတ်နိုင်ဆုံး ပိုမိုရှည်လျားစေရန်နှင့် နာကျင်ခြင်းကို သက်တောင့်သက်သာ ရှိစေရန် ကုသမှုကို ခံယူနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနေသည်ကို စမ်းသပ်တွေ့ရှိရတဲ့ ဆရာဝန်က ကလေးနှင့်စိတ်ပုံမှန် မဟုတ်သော လူနာမဟုတ်ရင် လူနာရဲ့ ရောဂါနဲ့ အခြေအနေ (ကင်ဆာရောဂါ ရောက်ရှိနေသည့်အဆင့်) ကို ထိန်ချန် ဖုံးကွယ်ထားပိုင်ခွင့် မရှိပါ။ ကုသနိုင်သည့် လမ်းကြောင်း ဘယ်နှစ်ခုရှိပြီး လမ်းကြောင်းတခုစီရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို ဆရာဝန်က လူနာ နားလည်အောင် ရှင်းပြရပါတယ်။ ဆက်လက်ကုသမှုအတွက် ဆရာဝန်ရှင်းပြတဲ့ လမ်းကြောင်းတွေအထဲက မိမိအတွက် အကောင်းဆုံး ထင်တဲ့လမ်းကြောင်းကို လူနာက ရွေးချယ်ရပါတယ်။ မိမိရွေးချယ်တဲ့ ကုသမှု လမ်းကြောင်းရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို မိမိသိဖို့လိုပါတယ်။
အသည်းကင်ဆာကို ကုသရာမှာ အသည်းပြင်ပသို့ ကင်ဆာဆဲလ် မပြန့်နှံ့သေးတဲ့ Primary အဆင့်မှာ ကုသပါက ခွဲစိတ်ကုသပြီး အသည်းအစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်းမှသည် အသည်းအစားထိုး ကုသခြင်းအထိရှိပြီး လုံးဝပျောက်ကင်းအောင် ကုလို့ နိုင်ပါတယ်။ အသည်းကို ခွဲစိတ်ကုသရာမှာ တခြားအင်္ဂါအဖွဲ့အစည်းတွေကို ခွဲစိတ်ကုသထာထက် အားကောင်းသည့် အချက်မှာ အသည်းဟာ သုံးပုံနှစ်ပုံခန့် ဖြတ်ထုတ်ခံရသည့်တိုင်အောင် ဖြတ်ထုတ်ခံရသည့် အစိတ်အပိုင်းနေရာမှာ ဆဲလ်တွေ ပြန်ပွားပြီး နှစ်ပတ်မှ တလနှစ်လ ကာလအတွင်း မူလအသည်း ဖွဲ့စည်းပုံနှင့် အရွယ်အစားအတိုင်း သူ့အလိုလို ပြန်ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်။

မိမိ (သို့) မိမိ မိသားစုအဖွဲ့ဝင် တဦးဦးမှာ ကင်ဆာ ရှိပြီဆိုတာ သိတာနဲ့ Dignosis လုပ်ပေးတဲ့ ဆရာဝန်ကို ကင်ဆာ အမျိုအစားနှင့် အဆင့်အပါအ၀င် ကုသာရန်အတွက် မိမိသိချင်တာ သိသင့်တာ အကုန်မေးဖို့ တကယ်လိုအပ်ပါတယ်။ ရောဂါ ကုသမှုကို တိုင်ပင်ရန် ဆရာဝန်က အဓိကဖြစ်သော်လည်း ကင်ဆာရောဂါကို ကုသရာမှာ Health Care Team တခုလုံးက တာဝန်ယူပါတယ်။ ကျန်းမာရေးကို အစိုးရတာဝန်ယူသည့် နိုင်ငံများတွင် ကင်ဆာ ရရှိသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုအတွက် ဆက်သွယ်ရန် ဌာနတွေ၊ Services တွေ များစွာ ရှိပါတယ်။ လူနာအနေနှင့် ဘယ်လို Services ကို ရရှိနိုင်ပြီး အဲဒီ Service တွေအတွက် ကုန်ကျစာရိတ်ကို အစိုးရက တာဝန်ယူမှု ရှိမရှိ၊ မရှိပါက မိမိအနေနှင့် စိုက်ထုတ်နိုင်ဖို့ ကုန်ကျနိုင်သည့် ခန့်မှန်းခြေစာရိတ် စတာတွေကို ဆရာဝန်နှင့် အကုန်လုံး မေးမြန်းတိုင်ပင်သင့် ပါတယ်။

ဆရာဝန်ကို မေးမြန်းသင့်သည့် မေးခွန်းများ
(၁) မိမိမှာ diagnosis လုပ်ထားတဲ့ အသည်းကင်ဆာက ဘာအမျိုးအစား အသည်းကင်ဆာလဲ။
(၂) ကင်ဆာက အသည်းရဲ့ အပြင်ကို ပြန့်နှံ့နေပြီလား။ အကယ်၍ ပြန့်နှံ့နေပါက ဘယ်အထိ ရောက်နေပြီလဲ။
(၃) မိမိမှာ ရှိတဲ့ အသည်းကင်ဆာက ဘယ်အဆင့်မှာ ရှိလဲ။
(၄) ကုသနိုင်တဲ့ အခွင့်အလေမ်း အတိုင်းအတာက ဘယ်အထိ ရှိလဲ။
(၅) ဘယ်လို စမ်းသပ်မှုတွေကို ထပ်လုပ်ဖို့လိုလဲ။
(၆) ဘယ်လို ကုသမှုကို အကြံပြုတိုက်တွန်းချင်လဲ။
(၇) ကုသမှု တခုစီမှာ ရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆက်ပွားပြဿနာတွေက ဘာတွေလဲ။
(၈) တခြား ရွေးချယ်စရာ ဘာများရှိသေးလဲ။ အကယ်၍ မရှိဘူး ပြောပါက ဘာကြောင့်လဲ။
(၉) တခြား ဖြည့်စွက်ကုသနည်း (Complementary Therapy) တွေနဲ့ ကုသလို့ ရတာ ဘာတွေရှိနိုင်လဲ။
(၁၀) ဆေးရုံမှာ ဘယ်လောက် ကြာကြာနေရမလဲ။
(၁၁) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရမလဲ။
(၁၂) Chemotherapy က ဘာအတွက် အသုံးပြုလဲ။ ဆိုးကျိုးတွေက ဘာရှိလဲ။
(၁၃) ကင်မိုသရဖီအတွက် ကုန်ကျစာရိတ် ဘယ်လောက်ရှိလဲ။
(၁၄) ဒီကုသမှုက မိမိရဲ့ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာကို ထိခိုက်နိုင်ပါသလား။
(၁၅) ဘယ်လောက်မှာ ဘယ်နှစ်ကြိမ် တခါ (How ofteen) စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်သလဲ။
(၁၆) ကုသမှု တခု ပြီးဆုံးသွားပြီးနောက် နောက်တကြိမ် ကင်ဆာ ပြန်ထလာရင် ဘယ်လိုဆက်လုပ်ရမလဲ စသည့်တို့ ပါဝင်နိုင်တဲ့ မိမိ သိချင်တဲ့ အချက်တွေအားလုံးကို ဆရာဝန်နှင့် မေးမြန်း တိုင်ပင်ဖို့ လိုအပ်ပြီး ကုသမှုကို ခံယူသင့်ပါတယ်။



Bibliography
Cancer Council NSW. (2007). Understanding liver cancer: A Guide for people with cancer, their families and friends. NSW: Cancer Conucil NSW.



Related Posts :



12 comments:

Anonymous said...

အစ်မရေ တိုက်ဆိုင်လိုက်ပုံများ။ အစ်မ အသည်းအကြောင်းရေးမှ ကျွန်တော်ကလည်း အသည်းအကြောင်း တင်မိတယ်။

Nge Naing said...

ဟုတ်တယ်နော့် ညှိထားရင်တောင်မှ လွဲဦးမယ်။ ကောင်းတယ် တဆက်တည်း ဖြစ်သွားတာပေါ့။

Unknown said...

အသည်းကင်ဆာနဲ့ ပတ်သက်လို့  မေးပါရစေခင်ဗျာ....
ကင်ဆာဖြစ်နေတဲ့လူက ဘယ်လိုကုသမှုနဲ့ အကောင်းဆုံးဖြစ်နိုင်ပါသလဲ

Nge Naing said...

အောင်ရေ - ကုသမှုက ဖြစ်နေတဲ့ ကင်ဆာရဲ့ အမျိုးအစားနဲ့ အဆင့်အပေါ်မှာမူတည်ပြီး အမျိုးမျိုး ရှိပါတယ်။ အဲဒီမေးခွန်းက ကိုယ်တိုင် စမ်းသပ်ပေးပြီး ကင်ဆာ ဖြစ်နေတယ်လို့ ဆုံးဖြတ်ပေးလိုက်တဲ့ ဆရာဝန်ကို မေးရမှာ ဖြစ်ပါတယ်။ ဆရာဝန်ကို မေးသင့်တဲ့ မေးခွန်းတွေကိုလည်း ပို့စ်ထဲမှာ အကြံပြုထားတာ ရှိပါတယ်။ အောက်က စာပိုဒ်က ကျွန်မပို့စ်ထဲမှာ အကြံပြုထားတဲ့ စာပိုဒ် ဖြစ်ပါတယ်။ ပို့စ်ကို သေသေချာချာ ပြန်ဖတ်ပြီး အကြံပြုထားတဲ့တိုင်း ရောဂါသတ်မှတ်ပေးလိုက်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆောင်ရွက်ဖို့ကို ထပ်ဆင့် တိုက်တွန်းလိုက်ပါတယ်။

((((မိမိ (သို့) မိမိ မိသားစုအဖွဲ့ဝင် တဦးဦးမှာ ကင်ဆာ ရှိပြီဆိုတာ သိတာနဲ့ Dignosis လုပ်ပေးတဲ့ ဆရာဝန်ကို ကင်ဆာ အမျိုအစားနှင့် အဆင့်အပါအ၀င် ကုသာရန်အတွက် မိမိသိချင်တာ သိသင့်တာ အကုန်မေးဖို့ တကယ်လိုအပ်ပါတယ်။ ရောဂါ ကုသမှုကို တိုင်ပင်ရန် ဆရာဝန်က အဓိကဖြစ်သော်လည်း ကင်ဆာရောဂါကို ကုသရာမှာ Health Care Team တခုလုံးက တာဝန်ယူပါတယ်။ ကျန်းမာရေးကို အစိုးရတာဝန်ယူသည့် နိုင်ငံများတွင် ကင်ဆာ ရရှိသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုအတွက် ဆက်သွယ်ရန် ဌာနတွေ၊ Services တွေ များစွာ ရှိပါတယ်။ လူနာအနေနှင့် ဘယ်လို Services ကို ရရှိနိုင်ပြီး အဲဒီ Service တွေအတွက် ကုန်ကျစာရိတ်ကို အစိုးရက တာဝန်ယူမှု ရှိမရှိ၊ မရှိပါက မိမိအနေနှင့် စိုက်ထုတ်နိုင်ဖို့ ကုန်ကျနိုင်သည့် ခန့်မှန်းခြေစာရိတ် စတာတွေကို ဆရာဝန်နှင့် အကုန်လုံး မေးမြန်းတိုင်ပင်သင့် ပါတယ်။)))

Unknown said...

ဆရာတို့ရေ
သမီး မောင်လေးက "B" ပိုးရှိဖူးပါတယ်။ ဒါပေမဲ့ သူက ငယ်သေးတော့ ကောင်းကောင်းစားပေး၊ ကောင်းကောင်းဂရုစိုက်ပေးလိုက်တာရယ် နောက်ပြီး Fame က ထုတ်တဲ့ Hyper B ဆိုတဲ့ ဆေးရယ် သောက်လိုက်တာ 1 နှစ်ကျော်ကျော်ကြာတဲ့အခါ ဆေးပြန်စစ်တော့ B ပိုးမတွေ့တော့ပါဘူးဆရာ။ အခု Anti Body စစ်ပြီး B ပိုးကာကွယ်ဆေး ထိုးထားပါတယ် ဆရာ။ သူက အခု ဆေးလိပ်တွေ ဘီယာတွေ ပြန်သောက်နေပါတယ်။ အဲဒါ ဆိုးကျိုးတွေ ဘယ်လိုတွေ ဖြစ်လာနိုင်လဲ သိပါရစေ။ ကျေးဇူးတင်ပါတယ်နော်။

Nge Naing said...

ပွင့်ဖတ်ဖြူလေး - အသည်းနဲ့ ပတ်သက်ပြီ လိုက်နာသင့်တာတွေကို ဒေါက်တာ ဇိဝက တင်ထားတဲ့ အသက်ရှည်လိုလျင် အသည်းကို ညှာတာပါပို့စ်ကို http://health.ngoinmyanmar.org/2010/09/blog-post_28.html ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ မရှင်းတာ ရှိရင် ပို့စ်အောက်မှာ မေးခွန်းမေးနိုင်ပါတယ်။ ဒီထက်ပို သိချင်ရင် အသည်းနဲ့ ပတ်သက်တဲ့ တခြား ပို့စ်တွေကို Labels အောက်က liver ရေးထားတဲ့ ခေါင်းစဉ်ကို နှပ်လိုက်ရင် http://health.ngoinmyanmar.org/search/label/Liver အဲဒီအထဲမှာ အကြောင်းစုံ ရှိပါတယ်။ အဲဒီအောက်က ပို့စ်တွေကိုသာ ဖတ်ကြည့်လိုက်ပါ။ မရှင်းမှ ပို့စ်အောက်မှာ မေးခွန်းမေးပါနော့်။

nyanlay said...

ဆရာရဲ့ကျန်းမာရေးပို့တွေကို တော်တော်များများဖတ်ဖြစ်ပါတယ် ကျွန်တော်မေးခွန်းလေးမေးချင်ပါတယ် ကျွန်တော်အရင်တစ်ခါကလဲမေးဘူးပါသေးတယ် အခုကျွန်တော်ဖြစ်နေတာလေးတွေကို အရင်ပြောပြချင်ပါတယ် ကျွန်တော် ဗိုက်(ဘယ်ဘက်)ချက်နဲ့တန်းတန်းလောက်မှာအောင့်အောင့်နေတတ်ပါတယ် ဆီးခနခနသွားပါတယ် ခါးနာတယ် နောက်ပြီး ဆရာပြောတဲ့ ၀မ်းဗိုက်အပေါ်ဘက်(ညာဘက်) နံရိုးတွေအောက်နား အသည်းလို့ ဆရာပို့မှာဖတ်ရပါတယ် အဲဒီနားကလဲ တစ်ချက်တစ်ချက် တော်တော်လေးနာတတ်ပါတယ် နောက်ပြီး သွေးတွေယားနေလို့ထင်မိတယ် ဟိုနားကယားသလိုဒီနားကယားသလိုလိုနဲ့အသားတွေလဲပူတယ် ညတိုင်ရင်ဘတ်ပေါ်ကိုလက်တင်အိပ်ရင် လက်နဲ့ရင်ဘတ်နဲ့ထိနေတာအရမ်းကိုပူပါတယ် လက်ဖ၀ါးချွေးတွေလဲထွက်ပါတယ် အားအင်တွေနည်းနေတယ် (အားဆေးသောက်ပါတယ်) အဲဒီလိုခံစားနေရတာတွေကို ဆရာဝန်ကိုသွားပြပါတယ် ကျောင်းဆေးခန်းက ဆရာဝန်ပါ သူက ရေ တစ်ရက်ကို ၅ လီတာလောက်သောက်ခိုင်းပါတယ် ကျွန်တော်သိချင်တာက ကျွန်တော်ဘာလုပ်ဖို့လိုလဲ ဓါတ်မှန်တို့ပါတို့ရိုက်ဖို့လိုလား ကျွန်တော်က အိန္ဒိယနိုင်ငံမှာဆိုတော့ ရောဂါဝေတနာကိုလည်လည်ပတ်ပတ်လည်းမပြောတတ်တော့ ပိုဆိုးနေပါတယ် ဆရာရဲ့အကြံအဥာဏ်လေးကိုရယူချင်ပါတယ် စာရေးတာရည်သွားပါတယ် ဒါပေမယ့် ဒီလိုပြောပြမှလိပ်ပတ်လည်မယ်ထင်လို့ပါ ဆရာရဲ့အကြံပြုစာလေးကို မျှော်နေပါတယ်

zawminhtwe said...

မမကျွန်တော်တို့ မှာ မိသားစုသုံးယောက်ရှိပါတယ်
အဖေက ကျဘမ်းအလုပ်သမားပေါ့ ကျွန်တော်က
ထိုင်းနိုင်ငံရွေ့ ပြောင်းကျောင်းမှာဆရာတစ်ယောက်ပေါ့ 
ကျွန်တော်အမေဗိုက်အောက်တာတစ်လလောက်ရှိပြီ။ဒါပေမဲ့ ဗျ သူ့ ကိုဓါတ်မှန်သွားရိုက်ကြည့် တော့ အသည်းမှာ အလုံးနှစ်လုံးတည်နေတယ်လေ
ဆရာဝန်ကပြောတော့ ကင်ဆာဖြစ်ဖို့ ၉၀ရာခိုင်နှုန်း ရှိတယ်တဲ့ 
ပြီးတော့ အဲဒါဆေးရုံတင်ဖို့  ကလည်းကျွန်တော်တို့ အနေနဲ့ မတက်နိုင်ဘူးလေကျွန်တော်လစာကလည်းအမသိတဲ့ အတိုင်း။ ပြီးတော့နိင်ငံကလည်းကိုယ့် နိုင်ငံမဟုတ် ။
လတ်မှတ်ကလည်းပုလိပ်ကိုကျောက်အစ်မရေ
အကြံလေးပေးပါဦး ဗျာ သူ တကယ်ဘဲကင်ဆာဖြစ်နေပြီးလား ပြီးတော့ သူ ကင်ဆာဖြစ်ရင်ဘယ်လောက်ထိဘဲနေရမှာလဲဟင်။သူပြီးတော့ ဝမ်းတွေလည်းမမှန်ဘူး
သူ့ ကိုအပြတ်ကုသလို့ ရလားဟင်အစ်မ
ပြီးတော့ သူတို့ ဆရာဝန်တွေက ထိုင်းလိုကြီးဘဲတတ်တာလေ။

aung phyo kyaw said...

ဒီပို့စ်ကိုဖတ်ရတဲ့အတွက် ဒေါက်တာ့ကိုကျေးဇူးအထူးတင်ပါတယ်

ကျွန်တော့်ရဲ့ဖေဖေ က လွန်ခဲ့တဲ့နှစ်ရက်ကမှ စီတီ စကန်
ရိုက်ထားတဲ့အဖြေရထားတာပါ

အသည်းကင်ဆာလို့ပြောပါတယ်

ကျွန်တော်အရမ်းစိတ်ပူသွားပါတယ်
ဒီရောဂါကကုသလို့မရဘူးလို့ သိထားတာပါ
ဒေါက်တာက ကုသလို့ရနိုင်တဲ့အခွင့်အလမ်းတွေရှိသေးတယ်လို့ပြောပြတဲ့အတွက်
ကျွန်တော်အားနည်းနည်းရှိသွားပါတယ်

ကျွန်တော်က အစိုးရစက်မှု ၀န်ထမ်းတစ်ယောက်ပါ
အခုနယ်မှာတာဝန်ကျ နေပါတယ်
ဒီနေ့ပဲ အိမ်ကိုပြန်မှာပါ
ဖေဖေ့ရောဂါရဲ့ အမျိုးအစား၊ အဆင့်နဲ့အခြား အချက်အလက်တွေကိုတော့ မသိရသေးပါဘူး

ကျွန်တော်ပြန်ရောက်မှ ကုသနေတဲ့ဒေါက်တာနဲ့တွေ့ပြီးမေးမြန်းရမှာပါ

လူနာကိုယ်တိုင်ကတော့ သူ ကင်ဆာဖြစ်နေတာကိုမသိသေးပါဘူး မေမေ ကပြောမပြထားပါဘူး သိသွားရင်စိတ်ဓါတ်ကျသွားမှာစိုးလို့လို့ပြောပါတယ်
မပြောဘဲထားရင်ပိုကောင်းသလား ပြောပြမှကောင်းမှာလားသိချင်ပါတယ် ဒေါက်တာ

ကင်ဆာနဲ့ပတ်သတ်ပြီးအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရှိနေတယ်လို့လည်းသိရပါတယ်
သူတို့နဲ့ဘယ်လိုဆက်သွယ်ရမလဲ....ပြီးတော့
သူတို့ကဘယ်လိုကူညီမှုတွေပြုလည်းဆိုတာသိချင်ပါတယ်

နောက်တစ်ခုပြောပြချင်ပါသေးတယ် ဒေါက်တာ
ကျွန်တော့်မိတ်ဆွေတွေကပြောနေကြပါတယ်.......အသည်းကင်ဆာက..မြွေပွေးသည်းခြေစားရင်ပျောက်တယ်လို့ပြောကြတယ်
တစ်ယောက်ကဆိုရင် အသည်းကင်ဆာဖြစ်လို့ဆိုပြီး
မြွေပွေးသည်းခြေကို တစ်နေ့သုံးလုံးနှုန်းနဲ့သုံးလစားပြီးတဲ့နောက်မှာ ကင်ဆာပျောက်သွားတယ်လို့ပြောပါတယ် ဒေါက်တာ
ဒီကိစ္စကဖြစ်နိုင်ပါ့မလားဒေါက်တာ

မေမေတို့ကလည်း မြွေပွေးသည်းခြေကိုအသည်းအသန်ရှာနေကြတယ်

ကျွန်တော်သိချင်တာက ဒီလိုစားတာကပျောက်နိုင်သလား
ဘယ်လို side affect တွေရှိနိုင်လဲ
စားပြီပဲထားပါဦးတော့ မလိုအပ်တဲ့ ပိုးမွှားတွေဝင်လာနိုင်ပါသား သိချင်ပါတယ် ဒေါက်တာ

ကျွန်တော်ရေးတဲ့စာ အလွန်ရှည်သွားတဲ့အတွက်တောင်းပန်ပါတယ်
ဒေါက်တာဘက်ကလဲ သဘောထားကြီးစွာနဲ့ ကိုယ်ချင်းစာနိုင်မယ်လို့မျှော်လင့်ပါတယ်

ကျွန်တော့်နာမည်က အောင်ဖြိုးကျော်ပါ
e-mail address က aungphyokyaw1118@gmail.com
jokerphyophyo9@gmail.com ပါ
မန္တလေးမှာနေပါတယ်

ကျေးဇူးပြုပြီးတော့ ကျွန်တော့်မေးခွန်းလေးတွေကိုဖြေပေးစေချင်ပါတယ်
ဒေါက်တာ့ဆီက လမ်းညွှန်မှုတွေကိုလည်းလိုချင်ပါတယ်

ဒေါက်တာ့အနေနဲ့ ဒီဆိုဒ်မှာ ပို့စ်တင်တာပဲဖြစ်ဖြစ်
ကျွန်တော့် မေးဘောက်ထဲကို ပဲဖြစ်ဖြစ် ပို့ပေးပြီးဖြေကြားစေချင်ပါတယ်

ကျွန်တော် အရမ်းလောနေလို့ပါ

ကျေးဇူးအရမ်းတင်ပါတယ်

အောင်ဖြိုးကျော်

Nge Naing said...

Aung Phyo Kyaw- ကျွန်မ အကြောင်းပြန်တာ နည်းနည်းနောက်ကျသွားလို့ တောင်းပန်ပါတယ်။ ကျွန်မက ဆရာဝန်မဟုတ်ဘူး ကျန်းမာရေး ပညာပေးကို စိတ်အားသန်တဲ့ သူနာပြုတယောက်သာ ဖြစ်တယ်။ ပထမဦးဆုံး အကြံပြုလိုတာက လူနာဆိုတာ ကိုယ်တိုင်စမ်းသပ်ကြည့်ရှုမှု မရှိဘဲ ဘာဖြစ်နေတယ်ဘယ်လို အခြေအနေရှိတယ်၊ ဘာဆေးပေးသင့်တယ်ဆိုတာ ဘယ်ကျန်းမာရေးပညာရှင်မှ အသေချာ ပြောနိုင်မှာ မဟုတ်တဲ့အတွက် အောင်ဖြိုးကျော်ရဲ့ အဖေနဲ့ပတ်သက်ပြီး အနီးစပ်ဆုံး ကုသပေးတဲ့ ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်တာဟာ အကောင်းဆုံးဖြစ်တယ် ဆိုတာပဲ ဖြစ်တယ်။ ဒီပို့စ်ထဲမှာ ရေးထားတဲ့အချက်တွေက ယျေဘုယျ အကြံပြုမှုတွေသာ ဖြစ်တယ်။ လက်တွေ့တိုင်ပင် အကြံဥာဏ်ယူရမှာက လူနာကို ကုသပေးနေတဲ့ ဆရာဝန်သာ ဖြစ်ပါတယ်။ ကင်ဆာဆိုတာ သေချာတယ်ဆိုရင် ဘယ်အဆင့်ဆိုတာပါ အသိပေးရမှာဖြစ်တဲ့အတွက် အောင်ဖြိုးကျော်အဖေမှာ အသည်းကင်ဆာ ရှိတယ်လို့ ပြောတဲ့ဆရာဝန်ကို ဘယ်အဆင့်ဆိုတာ အပါအ၀င် ကျွန်မပို့စထဲမှာ ရေးထားတဲ့ မေးခွန်းတွေကို အဲဒီဆရာဝန်ကို မေးဖြစ်အောင် မေးပါ။ ဆရာဝန်ဆိုတာ ဆေးကုဖို့ချည်း တာဝန်ရှိတာမဟုတ်ဘူး လူနာအခြေအနေကို လူနာနဲ့ လူနာမိသားစုကို နားလည်အောင် ရှင်းပြဖို့လည်း တာဝန်ရှိပါတယ်။

လူနာကို ရောဂါအခြေအနေ အမှန်အတိုင်း ပြောပြသင့်မသင့် ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ Health Care Ethnics ကို ဘယ်လိုပုံစံ ရှိတယ်ဆိုတာ ကျွန်မမသိပေမဲ့ အနောက်တိုင်းလူ့အဖွဲ့အစည်းနဲ့ နိုင်ငံတကာ ကျန်းမာရေး ကျင့်ဝတ်အရ စိတ်ပိုင်းဆိုင်ရာ ပုံမှန်ရှိတဲ့ အသက်ကြီးလူနာမှာ မိမိအခြေအနေကို မိမိအမှန်အတိုင်း သိပိုင်ခွင့်ရှိပါတယ်။ စိတ်ရောဂါ လူနာတွေမှာတောင်မှ Involuntary နဲ့ Voluntary ဆိုတာ ရှိပြီး Voluntary စိတ်ရောဂါလူနာတွေဆိုရင် မိမိအခြေအနေ မိမိ အမှန်အတိုင်း သိပိုင်ခွင့် ရှိပါတယ်။ ဘယ်ကျန်းမာရေးပညာရှင်ကမှ လူနာကို အခြေအနေအမှန် ဖုံးကွယ်ထားပိုင်ခွင့် မရှိဘူး။ ဖုံးကွယ်ထားခြင်းအားဖြင့် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေနိုင်ပါတယ်။ အမှန်အတိုင်း အသိပေးခြင်းဖြင့် စိတ်ဓါတ်ရုတ်တရက် ကျပြီး ပူဆွေးသောက ရောက်နိုင်ပေမဲ့ အဆုံးအစွန်ထိကနေ အခြေအနေကို တဖြေးဖြေး တည်ငြိမ်စွာ ရင်ဆိုင်နိုင်တဲ့ စိတ်စွမ်းအားကို ပြန်တည်ဆောက်ဖို့ အချိန်၊ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နိုင်တဲ့ စိတ်အင်အားကို ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ အမှန်အတိုင်း မသိထားရင်တော့ ဘကြီးအောင် ညာခဲ့သလားဆိုတဲ့ သီချင်းထဲကအတိုင်း ကလေးကို မဟုတ်မှန်တဲ့ မျှော်လင့်ချက်ပေးထားသလို အဆိုးဆုံးကို ရင်ဆိုင်လာရတဲ့အချိန်မှာ စိတ်ဓါတ်အင်အားကို ပိုကျဆင်းနိုင်ပါတယ်။ ဘာဖြစ်သင့်တယ်ဆိုတာ ကျွန်မကို မေးရင်တော့ မိသားစုအဖွဲ့ဝင်တွေက မပြောပြဘဲ ကင်ဆာရှိတယ်လို့ ပြောပြတဲ့ဆရာဝန်နဲ့ လူနာကို အမှန်အတိုင်း ပြောပြခိုင်းတာ အကောင်းဆုံးပဲလို့ အကြံပြုပါတယ်။ ရောဂါအခြေအနေမှန်ကို ပြောပြပြီးရင် ကုသမှုနဲ့ပတ်သက်တဲ့ ရွေးစရာလမ်းတွေ၊ ကုသဖို့ ဘယ်နှစ်ရာခိုင်နှုန်း သေချာမသေချာ ဆရာဝန်က စမ်းသပ်တွေ့ရှိထားတဲ့အတိုင်း ပြောပြဖို့ တာဝန်ရှိပါတယ်။

မွေပွေးသည်းခြေပဲဖြစ်ဖြစ် မြန်မာဆေးတွေနဲ့ ပတ်သက်လို့တော့ ယုံကြည်ရာ လုပ်ကြတာ ရှိပါတယ်။ တကယ်ပျောက်မပျောက်ဆိုတာ သုတေသန လုပ်ထားတာ မရှိတော့ အတိအကျတော့ ဘယ်သူမှ အတတ်မပြောနိုင်ပါဘူး။ ဒါကြောင့် မွေပွေးသည်းခြေနဲ့ ပတ်သက်တဲ့ ဒီမေးခွန်းအတွက် ကျွန်မမှာ တိကျတဲ့အဖြေ မရှိပါဘူး။ လူနာနဲ့ လူနာမိသားစုရဲ့ ယုံကြည်မှု စိတ်ဝင်စားမှုအပေါ်မှာသာ အများဆုံးမူတည်နေပါတယ်လို့ပဲ ပြောချင်ပါတယ်။

ဇော်ဖြိုးအောင်ရဲ့အဖေ ကံကောင်းပါစေ။

Nge Naing said...

အပေါ်က Nyanlay နဲ့ Zawminhtwe တို့ရဲ့ မှတ်ချက်တွေကိုလည်း အစ်မ သိပ်အလုပ်များနေတဲ့အချိန်က လာမေးထားတဲ့ မေးခွန်းတွေ ဖြစ်ပုံရတယ်။ အခုမှ သတိထားမိလို့ စိတ်မကောင်းဖြစ်မိတယ်။ အခုထိ ရင်ဆိုင်နေရသေးရင် အနီးစပ်ဆုံးဆရာဝန်နဲ့ပဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖို့ အကြံပြုပါတယ်။

Unknown said...

ပုဇဉ်း