Saturday, August 7, 2010

Q and A TB တီဘီ ဖြစ်နေတာကို ဆိုလိုတာပါလား

Aug 6, 2010 at 10:08 PM
ဆရာခင်ဗျာ ...
ကျနော်သိချင်တာပါ မေးခွင့်ပြုပါခင်ဗျာ။ ချောင်းဆိုးတာ တစ်လနီးပါး ချောင်းဆိုးပါတယ်။ ချောင်းဆိုးရင်တော့ သွေးတော့ မပါဘူးပါ။ ညနေခင်းပိုင်းနဲ့ ညခင်းအိပ်ခါနီးလောက်ဆို အဖျား နည်းနည်း ရှိနေပါတယ်။ ခန့်မှန်းခြေ မနက်ခင်း ၈ နာရီ လောက်ထိ အဖျား နည်းနည်းရှိတုန်းပါ။ အဲဒီနောက်ပိုင်း လူကောင်းပတိပါ။ ဖျားခြင်းနာခြင်း လုံးဝမရှိပါ။ အစားအသောက်လည်း လုံးဝပျက်လာပါတယ်။ အားကစားလုပ်တိုင်း ခါတိုင်းနဲ့မတူ ပိုပြီး အမောလွယ်နေပါတယ်။ နောက်တော့ လူကအရမ်းကို ပိန်လာပါတယ်။ ဘယ်လောက်ဘဲ စားစား ဝမလာတော့ပါ။

အပေါ်က လက္ခဏာတွေက တီဘီ ဖြစ်နေတာကို ဆိုလိုတာပါလား။ တီဘီ ဖြစ်နေတယ်ဆိုလျှင် ဆေးသောက်ရုံနဲ့ ပျောက်ပါသလား။ ဆရာဝန်နဲ့ပြ ဆေးရုံတက်ပြီး ကုသပြီးမှ ပျောက်နိုင်တာမျိုးလား။ ဆေးသောက်ရုံနဲ့ ပျောက်နိုင်တယ်ဆို ဘာဆေးတွေ သောက်ရလဲ ညွှန်းပေးပါ ဆရာ။

အဆင်ပြေသွားတာ တစ်ခုရှိပါတယ် (ချောင်းဆိုးတ့ ၃ ပတ်မြောက်လောက်မှာ သောက်ဖြစ်တာပါ)။ အဲဒါက ချောင်းဆိုးလွန်း အားကြီးလို့ဆိုပြီး ဆိုင်မှာသွားဝယ်တဲ့ ဆေးကိုသောက်ကြည့်တော့ ဆေးလည်းကုန်ရော ချောင်းဆိုး တော်တော်ကို သက်သာ သွားပါတယ်။ ချောင်းဆိုးအဆင်ပြေသွားတော့ အစားအသောက်ပျက်တာရယ် လူချောင်ကျ သွားတာရယ်က နဂိုမူရင်းက မူရင်း အတိုင်းပါဘဲ ထူးခြားမလာပါဘူး။

နောက်တစ်ခုဆိုးတာက အစာက စားချင်သည်ဖြစ်စေ ၊ မစားချင်သည်ဖြစ်စေ မရရအောင် ကောင်းကောင်း စားသောက်ြပီး နေပါတယ်။ ဝမ်းပုံမှန်သွားပါတယ်။ ဒီလိုနေထိုင်ပါလျက်နဲ့ လူကပိန်မြဲပိန်နေပြီး၊ စားတဲ့ အစားစာအာဟာရတွေ ဘယ်ရောက် ကုန်မှန်းမသိပါ။ အဲဒါလေးလည်း သိချင်ပါတယ် ဆရာ။

ဒီမေးခွန်း မဖတ်ရခင်ကလေးက တီဘီ အကြောင်းရေးခဲ့တာကို ပြန်စစ်ပြီး၊ နောက်ဆုံးထုတ် ၂၀၁၀ ဆေးစာအုပ်အတိုင်း ဆေးနည်း ပြင်ရေးနေခဲ့တယ်။ တိုက်တိုက် ဆိုင်ဆိုင်ပေါ့ဗျာ။

ဟုတ်ကဲ့ တီဘီ ရှိ-မရှိ စစ်တာ မမှားပါ။ ပြောတာတွေ အတော်များများက ရောဂါနဲ့ ဆင်တူနေတယ်။ ခုခေတ်မှာ တိုင်းပြည်တိုင်း လိုလို ဒီရောဂါဒဏ် ခံနေကြရတယ်။

ဓါတ်မှန်ရိုက်ရမယ်။ သလိပ်စစ်ရတယ်။ လိုအပ်ရင် သွေးစစ်မယ်။ ကောင်းတာက ရင်ပတ်အထူးကု၊ သမားတော်၊ ရိုးရိုးဆရာဝန်၊ တနေရာရာမှာ ပြပြီး သူတို့ခိုင်းတာ စစ်ပါ။ ဓါတ်မှန်ရိုက်ရင် ဓါတ်မှန် ဖတ်ပေးတဲ့နေရာမှာ ရိုက်ပါ။

ဖြစ်တယ်ဆိုရင် ၂ မျိုးဖြစ်နိုင်တယ်။ (၁) သလိပ်ပိုးတွေ့၊ အဆုပ်မှာတွေ့။ (၂) သလိပ်ပိုးမတွေ့၊ အဆုပ်မှာတွေ့။ ဘာဖြစ်ဖြစ် ဆေးကုလို့ရတာတွေချည်းပါ။ မပူပါနဲ့။ ၆ လ ၉ လ အလွန်ဆုံး ကြာတယ်။ ဆေးပေးနည်း နေရာတခုနဲ့တခု နဲနဲစီ မတူကြဘူး။ သေခြာတာက ပျောက်မဲ့ရောဂါပါ။ များသောအားဖြင့် ဆေးရုံမတက်ရပါ။ စောစောသိ၊ စောစောကုလေ ကောင်းလေပါ။ ခုခေတ်မှာ ထိုးဆေး သိပ်မသုံးကြတော့ဘူး။ ဆေးကောင်းတွေ ပေါ်နေပါပြီ။ ကံမကောင်းသူတွေ၊ နောက်ကျသူတွေ၊ ဆေးပါတ် မလည်သူတွေဆိုရင် ဆေးယဉ်တဲ့ပိုးဖြစ်လို့ ဆေးအဆန်းတွေနဲ့ ကုရတယ်။

ဆေးစစ်ပြီး လိုရင် ပြောပါ။ အားမနာပါနဲ့။ ကျန်းမာမှာ ဘာမဆို လုပ်နိုင်တယ် မဟုတ်လား။

အချိန်ရရင် Tuberculosis (TB) တီဘီ ကို ဖတ်ပါ။ တခြားဆရာတွေ ရေးထားတာလည်း တွေရှိပါတယ်။

Dr. တင့်ဆွေ
၆-၈-၂၀၁၀


Related Posts :



No comments: