Friday, March 19, 2010

ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း

ဆရာရှင့် ကိုယ်ဝန်ဆောင်မိခင်များ သိသင့်သော လိုက်နာရမည့်အချက်များကို ဖော်ပြပေးပါရှင့်။ ဖောလစ်အက်စစ် အပြင် ကိုယ်ဝန်ဆောင် အားဆေးများကို ကိုယ်ဝန်ဘယ်နှစ်ပတ်တွင် စသောက်လို့ရပါလဲ။ ကိုယ်ဝန် 10 ပတ်ခန့်တွင် scan ရိုက်လို့ရပါသလား။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော မြန်မာ website e-book များကိုလည်း ဖော်ပြပေးပါ။ ကျေးဇူးတင်ပါတယ်။ အမိမြေရဲ့အဝေးမှာ ရောက်နေလို့ ဆရာတို့ကိုပဲ အားကိုးပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သိစေဘို့ ဘာသာပြန်ပြီး၊ တင်ပေးကြတာ အများကြီး ရှိနေပါပြီ။ http://yamuna-clinic-delhi.blogspot.com/ နဲ့ http://dts-medicaleducation.blogspot.com/ ထဲမှာလဲ စုံသလောက် ပါနေပါတယ်။ တိုက်ရိုက်လဲ မေးနိုင်ပါတယ်။ တခြားဆရာ-ဆရာမတွေ တင်ပေးတာတွေလဲ မနည်းပါ။ ကိုယ်ဝန်ဆောင်တွေအတွက် လုပ်ပေးရတာ အသက်နှစ်ချောင်း၊ ကုသိုယ် ၂ ဆရတယ် မဟုတ်လား။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ယှဉ်ပြီး လုပ်စရာတွေ အများကြီးရှိတယ်။ ကိုယ်ဝန်ကို အပ်ပါ။ သွားပြီး မွေးဖွါးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာ အပ်တာက ပိုကောင်းတယ်။ ANC (Antenatal Care) ခေါ်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာ တိတိကျကျ ရှိတယ်။ တချို့နေရာတွေမှာ အသေးစိတ် လုပ်ပါလိမ့်မယ်။ အသေး မစိတ်နိုင်ရင်လဲ အစိုးရိမ် မကြီးပါနဲ့။ တောနယ်တွေမှာ လက်သည်တောင်မပါဘဲ မွေးနိုင်ကြသေးတယ်။ တယောက်နဲ့ တယောက် အတော်တော့ မတူကြဘူး။

ANC ဆိုတာ မိခင်လောင်းရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးအပြင်၊ ကလေးအတွက်ပါ လိုတာတွေကို စစ်ဆေး၊ ဆောင်ရွက်ပေးတာပါ။ အရင်ဆုံး ကိုယ်ဝန်ရှိနေတာ သေခြာအောင်လုပ်တာနဲ့ စပါတယ်။ သန္ဓေစတည်ပြီး၊ ၂ ပါတ်ဆိုရင် ဆီးစစ်လို့ရပြီ။ တချို့နည်းတွေက ဒီထက်တောင် စောပြီး စမ်းလို့ရသေးတယ်။ စိတ်ဝင်စားဘို့ကောင်းတာက ဒီနည်းဟာ သန္ဓေသားရှိ-မရှိစမ်းတာ မဟုတ်ဘဲ၊ အချင်း ဖြစ်နေပြီ ဆိုတာကို စမ်းတာဖြစ်ပါတယ်။

နောက်ဆုံး ရာသီလာခဲ့တဲ့လက ပဌမဆုံး သွေးဆင်းတဲ့ရက်ကို မှတ်ပါ။ LMP ခေါ်တယ်။ ဒီရက်ထဲကို ၉ လ နဲ့ ၇ ရက် ထည့်ပေါင်းတာနဲ့ EDD မွေးမဲ့ရက်ကို တွက်ယူနိုင်တယ်။ ပျော်စရာ တမျိုးပေါ့။ Ultrasound လုပ်ရင်တော့ Report မှာ ကိုယ်ဝန်က Weeks ဘယ်လောက် နဲ့ Days ဘယ်လောက်ရှိပြီလို့ ရေးကြတယ်။ သွားရိုက်တဲ့ ရက်ထဲကနေ အဲဒါကို ပြန်နုတ်တော့ ကိုယ်ဝန်စရှိတဲ့ရက် LMP ကို ရတယ်။ Week ကို (၄ ပါတ် ၁ လ) လပြန် ဖွဲ့ပြီးမှ အပေါင်း-အနုတ် လုပ်ရတယ်။ အလုပ်သင် ဆရာမတွေအတွက်တော့ သင်္ချာပညာ စမ်းသလိုဘဲ။ သူတို့ခမြာ အတော် ခေါင်းရှုတ်ကြရှာတယ်။ ကိုယ့်မှတ်ရက်နဲ့ တွက်တာနဲ့ (အာလ်ထွာ-ဆောင်း) ရက်နဲ့ တွက်တာ မတူဖြစ်နေတတ်တယ်။ ကိစ္စမရှိဘူး။ ဘယ်လိုတွက်တွက် ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲတတ်တယ်။ ကျွန်တော့် ဒုက္ခသည်ဆေးခန်းလေးမှာ ၁၂၁ ယောက် မွေးတဲ့အထဲက ရက်အတိအကျ မွေးသွားတာ ၃ ယောက်နဲ့ ၁ ရက်ထဲကပ်လွဲတာ ၄ ယောက်သာ ရှိတယ်။

ကိုယ်ဝန်အပ်ပြီး နောက်ဘယ်တော့ ပြန်လာနေရမလဲဆိုတာက မြန်မာပြည်မှာတော့ ကိုယ်ဝန် ၉ လကို ၃ ပိုင်းခြားပြီး၊ ပဌမ ၃ လမှာ ၁ လ ၁ ခါ၊ ဒုတိယ ၃ လမှာ ၂ ပါတ် ၁ ခါ၊ နောက်ဆုံး ၃ လမှာ ၁ ပါတ် ၁ ခါ ခေါ်လေ့ ရှိတယ်။ ထူးခြားရင်လဲ အချိန်မရွေး လာဘို့မှာတယ်။ ထူးတယ်ဆိုတာတွေက ကိုယ်ဝန်နုချိန်မှာ ဆီးအောင့်တတ်တယ်။ ပျက်ကျတတ်တယ်။ ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ဆိုးတာဖြစ်တတ်တယ်။ သွေဖိအား အထက်က ၁၀၀ မပြည့်ရင် ဗီတာမင်ပါတဲ့ Drip သွင်းတာ ကောင်းတယ်။ ကိုယ်ဝန်နောက်ပိုင်းမှာ စောမွေးတာ၊ ခါးနာတာ၊ တမျိုးမျိုး (အရည်၊ သွေး) ဆင်းတာ စသဖြင့် ဖြစ်တတ်တယ်။

ကိုယ်ဝန်ဆောင် အားဆေးတွေကို စောပြီးသောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ အမျိုးသမီးတိုင်း ယောက်ျားတွေထက် ပိုလိုတာက သိတဲ့အတိုင်း သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင် ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။ ဆေးကုပ္မဏီတွေကလဲ ရောင်းကောင်းအောင် ဆေးအမျိုးမျိုးကို ကြော်ညာကောင်းကောင်းနဲ့ ထုတ်တယ်။ သံဓါတ်ဆေးကို မြန်မာပြည်မှာ (ယူနီဆက်ပ်) ကနေ အလကား ဝေတယ်။ တကမ္ဘာလုံး ဝေရတာမို့ ဈေးချိုချို ဖြစ်အောင် လုပ်ရတယ်။ ဗူးခွံရိုးရိုး၊ ဆေးကို သကြားအုပ် မထားတာမျိုး။ သံချေးနံ့တော့ ရတာပေါ့။ အမှန်က ကောင်းပါတယ်။ “ထောပတ်ကောင်း စလောင်းနှင့်တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။ သံဓါတ်ကို ဆေးရည်လုပ်၊ ဗူးလှလှနဲ့ထည့် ရောင်းတော့ ဈေးကြီးသွားရော။

တခါတည်းပြီးအောင် သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ အကြံကောင်းပါတယ်။ ဗီတာမင် ဘီ နဲ့ စီ ရောလေ့ရှိတယ်။ အခုထုတ်သေးလား မသိဘူး။ BPI ကနေ Furamin BC ထုတ်တယ်။ Prenatal capsule ဆိုပြီးလဲ ထုတ်တယ်။ ဘယ်ဆေးမဆို ထုတ်လုပ်တဲ့ ဆေးကုပ္မဏီနာမည်ရှိတာကို ရွေးစေချင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို ပုံမှားရိုက်နေကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့ဗျာ။

သံဓါတ်က ၀မ်းချုပ်စေတတ်တယ်။ ဒါပေမဲ့ သောက်ရမှာပါ။ ၀မ်းချုပ်ရင် တခြားဝမ်းနုတ်ဆေးတွေထက် ၀မ်းပြော့ဆေးမျိုးက ပိုသင့်တယ်။ Milk/Cream of Magnesia ဆိုတာ ဇွန်းကြီး ၂ ဇွန်း၊ ညမအိပ်ခင် သောက်ရတယ်။ ရေ၊ အရည် များများ သောက်။ အသီးအရွက်၊ အသီးအနှံ များများစားပေးပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့် မှီဝဲပါ။ မိခင်လောင်း တဦးချင်း မတူတာတွေလဲ ရှိတတ်သေးတယ်။ သူများထက် ဗီတာမင် ဘီ ၁၊ ၂၊ အေ နည်းနေတာ။ နောက် တခြားရောဂါ တခုခု ရှိနေတာ။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ပန်းနာ စသဖြင့်ပေါ့။ သံဓါတ်နည်းလွန်းနေရင်၊ ပါးစပ်က မသောက်ချင်ရင်၊ သံဓါတ် ထိုးဆေး ထိုးပါ။ နားလည်တဲ့သူက ထိုးပါစေ။ ဒီဆေးက အပ်မသေး-မတိုတာနဲ့ တင်ပါးမှာ ခပ်နက်နက်ထိုး၊ ဆေးသွင်းပြီး အပ်ပြန်နုတ်ရင် စောင်းနုတ်ရတယ်။ မခြေရဘူး။ ဆေးထိုးတဲ့နေရာ မဲသွားမှာစိုးလို့။

ဗိုက်လာအပ်ရင် လုပ်ပေးမှာလေးတွေ ပြောပါအုံးမယ်။ အထွေထွေ စစ်ဆေးခြင်းဆိုတဲ့ ကိုယ်အလေးချိန်၊ အရပ်၊ သွေးဖိအား တိုင်းတာတွေနဲ့ နှလုံး၊ အဆုပ် နားထောင်တာတွေ လုပ်ပါမယ်။ သိတဲ့အတိုင်း အရပ်ပုရင် ခက်တတ်တယ်။ သိပ်မစိုးရိမ်နဲ့ အရပ်မရှည်၊ အသက်ငယ်ငယ်နဲ့ လွယ်လွယ် မွေးတာတွေ ရှိတာဘဲ။ ကိုယ်ဝန်ရင့်လာလို့ Doppler နဲ့ စမ်းရင် မွေးလာမဲ့ သူ့ကလေး နှလုံးခုန်သံကို ကြားရလို့ မိခင်လောင်းမှာ ပီတိတွေဖြာနေတာ သိပ်သဘောကျဘို့ ကောင်းလှတယ်။

သေခြာပေါက် ဗိုက်စမ်းပေးမယ်။ ဆီးစပ်ရိုး အထက်မှာ စပြီး စမ်းလို့ရရင် ကိုယ်ဝန်က ၁၂ ပါတ်ရှိနေပြီ။ ချက်အောက်နားဆို ၂၀ ပါတ်၊ ချက်အထက်နားရှိနေရင် ၂၂ ပါတ်။ ရင်ခေါင်းဆိုက်တယ်လို့ခေါ်ကြတဲ့ အမြင့်ဆုံးဆိုတာ ၃၈ ပါတ်။ မွေးမှာက ၄၀ ပါတ်။ ကလေးခေါင်းက အောက်ဆင်းလာလို့ နိမ့်သွားတာပါ။ ၂၀ ပါတ်ဆိုရင် ကလေးလှုတ်တာ သိမယ်။ မကြာခင် အဲဒီ ပုဂ္ဂိုလ်လေးက မအေဗိုက်ကို ကန်အုံးမယ်။ ကိုယ့်ကလေးကြောင့် နာရတာကို ပြုံးနေတတ်တာ မိခင်မေတ္တာ။

သွေးစစ်တာမှာ A, B, AB, O သွေးအုပ်စု၊ Rh factor နဲ့ Hb ဖြစ်တယ်။ မိခင်က Rh-negative ဖြစ်နေရင် ကလေးနဲ့ သင့်-မသင့် စစ်ရပါမယ်။ သွေးအား နည်းနေ-မနေဆိုတာ Hb အနည်းအများနဲ့ သိစေတယ်။ VDRL for Syphilis ဆစ်ဖလစ်၊ Hepatitis B ဘီပိုး နဲ့ HIV ရှိ-မရှိတွေလဲ စမ်းရမယ်။ တချို့နိုင်ငံတွေမှာ German measles ကိုလည်း စစ်တယ်။

ဆီးစစ်တာက ၂ မျိုးပါ။ ကိုယ်ဝန်ဆောင်စမှာ ဆီးထဲ Albumin ပါနေတတ်တယ်။ ဆီးလမ်းပိုးဝင်ရင်လဲ ပါတယ်။ ဆေးသောက် ပျောက်တာပါ။ ဆီးချိုရှိ-မရှိ စမ်းရသေးတယ်။ ဆီးချိုရင် ကလေးထွားတတ်တယ်။

Ultrasound Scan ကို ကိုယ်ဝန်နုတုံး ၁ ခါနဲ့ ရင့်တော့ ၁ ခါ ရိုက်တာ ကောင်းတယ်။ အစားအများကြီး မစားဘဲ၊ ရေအများကြီး သောက်သွားပါ။ အောက်ပိုင်း အ၀တ်အစား ချွတ်လို့ လွယ်တာ ၀တ်သွားပါ။ ကိုယ်ဝန်ရှိတာကို ၅ ပါတ် ကတည်းက Scan မှာ သိနိုင်ပြီ။ ၇ ပါတ်မှာ နှလုံးအလုပ်လုပ်နေတာ သေခြာပြီ။ ၅ လ (၂၀ ပါတ်)ကျမှ ကလေးအင်္ဂါ ချို့ယွင်းမှု ရှိ-မရှိကို စစ်ဆေးတာ ကောင်းတယ်။ နောက် သိချင်တာက သားအိမ်ထဲ မဟုတ်ဘဲ သန္ဓေတည်နေတာလား။ ကိုယ်ဝန် ၆ ပါတ်ကတည်းက သိနိုင်တယ်။ အမွှာဆိုတာလဲ သိမယ်။ ရေမွှာရည် အနည်း-အများ၊ ဒေါင်လိုက်၊ ကန့်လန့်။

ကိုယ်ဝန် နောက်ပိုင်းမှ ရိုက်ရင် အရေးကြီးတဲ့အချက် ၂ ခုသိမယ်။ အချင်းနေရာနဲ့ ကလေးက ခြေကဖွါး ဖြစ်-မဖြစ် သိဘို့ ဖြစ်တယ်။ ၉၀% ကျော် ကိုယ်ဝန်တွေက ကလေးဟာ ခေါင်းက အောက်မှာ။ မဟုတ်ရင် တင်ပါးဆုံပြုနေတတ်တယ်။ စောစော ရိုက်တုံးက တင်ပါးဆုံဖြစ်နေပေမဲ့ ကလေးဟာ သူ့ဖါသာသူ လှည့်သွားတတ်တယ်။ ဒါ့ကြောင့် Scan ကို စောစောရိုက်ထားရင် နောက် ထပ်ရိုက်တာ ကောင်းတယ်။ တင်ပါးဆုံပြုဆိုရင် လှည့်ပေးဘို့ လိုချင်လိုမယ်၊ မွေးရင်လဲ ပိုပြီး ဂရူစိုက်ရမယ်။ နောက်တချက်က အချင်းဟာ ပုံမှန်ဆိုရင် သားအိမ်အ၀နဲ့ ဝေးရတယ်။ နီးတာနဲ့ ဖုံးနေတာဆိုရင် သေခြာပေါက် ဗိုက်ခွဲ မွေးရမယ်။ Scan ရဲ့ကျေးဇူးဘဲ။

ကိုယ်ဝန်ဆောင်တုံး ATT မေးခိုင်ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြာပြီး ထိုးပါ။ ကိုယ်ဝန်ဆောင်နေတုံး မသောက်သင့်တဲ့ ဆေးတွေလဲရှိတယ်။

အောက်မှာ ရေးတာတွေက ဆေးခန်းအကူ ဆရာမတွေကို သင်ပေးရတာတွေပါ။ နားနားနေနေ ဖတ်ကြည့်ပေါ့။ အထဲက ရင်သွေးကလေးလဲ နားထောင်နေလိမ့်မယ်။ နားနီးတော့ သူကြီးလာရင် ဆရာဝန်ဖြစ်ချင်ဖြစ်လာမှာပေါ့။

Dr. တင့်ဆွေ
၁၉-၃-၂၀၁၀

ကိုယ်ဝန်ဆောင်စ လက္ခဏာများ Morning sickness
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြားပြောင်းလဲမှုများရှိမည်၊ သွင်ပြင်လက္ခဏာများ နှင့် စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာသည်။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံ အန်ခြင်း။ ဆိုးရွားသည်။ ကြာလျင် ကိုယ်အလေးချိန်လျှော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ်မှာ အဖြစ်များသည်။ အနားယူပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲစားပါ။ ပရိုတင်းများများ စားသင့်ပြီး၊ အဆီနှင့်အစပ် လျှော့သင့်သည်။ DNS/NS/RL သွင်းပေးဘို့ လိုနိုင်သည်။ ORS သောက်ပါ။ ဂလူးကို့စ်၊ ဗီတာမင် B 1, B 6, မဂ္ဂနီဆီယမ် ပေးရမည်။
အအန်သက်သာရန် Doxylamine 10 mg နှင့် Vitamin B6 10 mg ရောပေးသင့်သည်။ Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြားပေးနိုင်သည်။ Meclizine, Dimenhydrinate, Metoclo-pramide တို့ကိုလည်း ပေးနိုင်သည်။ ဂျင်း(ချင်း) Ginger capsules of 250 mg taken 4 QID လည်း ကောင်းသည်။

ကိုယ်ဝန်ဆောင်စဉ် ခံစားရမှုများအား ကုသပေးခြင်း
• ခါးနာခြင်း၊ အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်း၍မ မရ။ မလုပ်ရ။ ခြေထောက်အား အမြင့်တွင်တင်၍ နားပါ။ ဒူးကွေး၍ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲခြင်း၊ ခါးမတ်မတ် ထိုင်ပါ။ အိပ်လျင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ခြင်း၊ ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာခြင်း၊ (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားလျင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ခြင်း၊ မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ခြင်း၊ တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• ပျို့-အန်ခြင်း၊ အိပ်ရာထ ထချင်း ဘီစကစ်။ ပေါင်မုံ့ကင်စားပါ။ အိပ်ရာထလျင် ချက်ချင်း အိပ်ရာကမဆင်းရ။ မကြိုက်သည့် အနံ့အသက် ရှောင်ပါ။ အန်တာများက ဆရာဝန်ပြပါ။
• Varicose veins သွေးပြန်ကြောထုံးခြင်း၊ ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိပ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ခြင်း၊ ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမည်၊ နာမည်၊ တင်းမည်။ Nipple ထိပ်ဖျား အရောင် ရင့်လာမည်။ ထိပ်ဖျားဝင်နေပါက ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ Areola ခေါ် နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမည်။ ရင်သားတွင် အလုံး-အကြိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ Antenatal Care (ANC) Prenatal care
မိခင်လောင်းတိုင်းအား သာမန်အားဖြင့် ရက်သတ္တ ၄ ပါတ်မှ ၂၈ ပါတ် အတွင်း တလတကြိမ်။ ၂၈ ပါတ် မှ ၃၆ ပါတ် အတွင်း တလ ၂ ကြိမ်၊ ၃၆ ပါတ် မှ မွေးသည်အထိ တပါတ်တကြိမ်၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း ANC လုပ်ပေးရ မည်။ ကိုယ်ဝန်နှင့် ပတ်သက်သော အသိပညာပေးရမည်။ Body weight အလေးချိန်၊ Blood pressure သွေးဖိအား တိုင်းပါ။ ကလေးအနေအထားနှင့် ကြီးထွားမှုများ မှတ်တမ်းတင်ပါ။ ကလေးနှလုံးခုန်သံ။ Fetal Heart Sound (FHS) နားထောင်ပါ။ ကိုယ်ဝန်ဆောင် အားဆေးများပေးပါ။ ဆီး၊ သွေး၊ စစ်ပါ။

ANC မှတ်တမ်းတင်ခြင်း။ ကိုယ်ဝန်ရှိဘူးသမျှ အရေအတွက်ကို G ဟု၎င်း၊ အရှင်မွေးသမျှကို P ဟု၎င်း ရေးမှတ်ရသည်။ Primigravida သားဦး ကိုယ်ဝန်ကို G 1 ဟု မှတ်ပြီး၊ နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 စသည် ခေါ်သွားသည်။ တခါမှ မမွေးဖူးလျင် P 0 ဟုမှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှမွေးမည်။ ပျက်တတ်သည်။ ကိုယ်ဝန်ပျက်သည့် အရေအတွက်ကို P ၏ နောက်က အပေါင်းလက္ခဏာဖြင့် ရေးသည်။ ဥပမာ G 3, P 1+1 ဆိုသည်မှာ တတိယကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၍ ၁ ခါ ကိုယ်ဝန်ပျက်ဘူး။

နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့ Last Menstrual Period (LMP) နောက်ဆုံး သွေးဆင်းသောလတွင် ပဌမဆုံး စလာသည့် နေ့ကိုယူပါ။ မွေးဖွားမည့်ရက် Expected Due Date (EDD) တွက်ပါ။ LMP ထဲသို့ ၉ လနှင့် ၇ ရက် ပေါင်းထည့်ပါက EDD ရသည်။ EDD ၏ ရှေ့-နောက် ၂ ပါတ်အတွင်း မွေးနိုင်သည်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်အပြီး ရက်ပေါင်း ၂၈ဝ သို့မဟုတ် ရက်သတ္တပါတ် ၄ဝ ဖြစ်သည်။ သို့သော် (၃၇-၄၂) ပါတ်လည်း ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင် မှတ်တမ်း ရေး မှတ်ရာတွင် ၁ ပါတ် = ၇ ရက်၊ တလ = ၄ ပါတ်၊ တလ = ၃ဝ ရက်၊ ဖြင့်သာ တွက်ယူပါ။

ဓါတ်ခွဲစမ်းသပ်ခြင်းများ
အောက်ပါတို့ကို ကိုယ်ဝန်ဆောင်အားလုံး စစ်ဆေးရမည်။
• Blood grouping (A, B, AB, or O)
• Rh factor
• Hemoglobin (Hb)
• Hepatitis B virus
• Urine Sugar
• Urine Albumin
• (STDs, STIs) VDRL
• Ultrasound

ကိုယ်ဝန်ဆောင်စဉ် ပေးရမည့် ဆေးများ
Anti Tetanus Toxoid (ATT) တလခြားပြီး၊ မမွေးမီ ၂ ခါထိုးပြီး ဖြစ်စေရမည်။ Iron သံဓါတ်၊ Folic acid ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီအုပ်စု၊ Calcium ကယ်လ်စီယမ်၊ ဗီတာမင် B 12

ဘာ့ကြောင့် အလေးချိန် တိုးလာသသနည်း
မိခင်၏အာဟာရများ = ၇ ပေါင်
တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
တိုးလာသောနို့ = ၂ ပေါင်
ကြီးလာသောသားအိမ် = ၂ ပေါင်
ကလေး၏အလေးချိန် = ၇့၅ ပေါင်
ရေမြွှာရေ = ၂ ပေါင်
အချင်း၏အလေးချိန် = ၁့၅ ပေါင်
စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင်

ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်တဲ့ဆေးများ။
Arbor vitae, Beth root, Black cohosh, Blue cohosh, Cascara, Chaste tree berry, Chinese angelica (Dong Quai), Cinchona, Cotton root bark, Feverfew, Ginseng, Golden seal, Juniper, Kava kava, Licorice, Meadow saffron, Pennyroyal, Poke root, Rue, Sage, ပွေးကိုင်း Senna, Tansy, White peony, Wormwood, Yarrow, Yellow dock, Vitamin A (large doses)
ဝက်ခြံပျောက်ဆေး၊ Isotretinoin (Accutane) and Etretinate (Tegison)
အတက်ပျောက်ဆေး၊ Phenytoin (Dilantin) and Carbamezapine (Tegretol)
အမူးပျောက်ဆေး၊ Ergotamine and Methysergide
အကိုက်အခဲ-အနာပျောက်ဆေးများ၊ Aspirin, ibuprofen, and other (NSAIDs)
သွေးမခဲဆေးများ၊ Anticoagulant drugs
ပဋိဇီဝဆေးများ၊ Azithromycin, Zithromax, Zmax, Zathrin, Erythromycin, Clarithromycin
ဝမ်းပျက်ခြင်း၊ ခရီးသွားဝမ်းပျက်ခြင်း၊ ဝမ်းကိုက်ခြင်းအတွက်ဆေး၊ Furazolidone
အရောင်လျှော့၊ နီခြင်းကိုသက်သာ၊ (အလာဂျီ) ဖြစ်ခြင်းကို သက်သာစေသည့်ဆေး၊ Prednisolone

Comment by Dr. Win Than Naing
အရမ်းကောင်းပါတယ်ဆရာ။ ဆရာ့ရဲ့ဘလော့ကိုဖတ်ရင်း အလုပ်သင်တုန်းကလုပ်ခဲ့ရတာတွေကို ကွက်ကွက်ကွင်းကွင်း ပြန်မြင်ယောင်မိစေအောင်ကို ပြည့်စုံပေါ်လွင်ပါတယ်ခင်ဗျာ။ ဒီမှာတော့ Oxytocin 10 Units ကို ရှေ့ပုခုံးမွေးဖွားချိန်မှာ ထိုးခိုင်းထားပါတယ်။ ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။

ကျေးဇူးတင်ပါတယ် ဆရာ။
Oxytocin/Ergotmetrine/Syntometrine ဆိုတဲ့ Uterotonic တွေကို မွေးပြီးသွေးဆင်းခြင်း နဲ့ မွေးဖွါးခြင်း တတိယအဆင့် ခေါင်းစဉ်တွေအောက်မှာ ရေးသား၊ ဆွေးနွေးလေ့ရှိပါတယ်။ နောက်ပြီး ဒီ သားအိမ်ညှစ်အား အကူအညီပေးတဲ့၊ မွေးပြီး သွေးဆင်းခြင်းကို ကာကွယ်ရာကျတဲ့ဆေး တမျိုးမျိုးကို ပေးဘို့ ကလေးက အမွှာမဟုတ်တာ ဆိုတဲ့ အချက်ကိုလည်း ထည့်တွက်ရပါတယ်။ လက်တွေ့အရပြောရရင်လည်း ဒုက္ခသည်ဆေးခန်းမျိုး၊ LHV သားဖွါး၊ အရံသားဖွါး၊ သင်တန်းပေးပြီး အရပ်လက်သည် တယောက်တည်းကနေ မွေးပေးရတဲ့ အခါမျိုးတွေမှာ ရှေ့ပခုံးထွက်တာနဲ့ ဆေးထိုးပါဆိုတာကို လက်တွေ့လုပ်ဘို့ အတော်ကြီးမဖြစ်တတ်ပါ။ နောက်တခါ ရှေ့ပခုံးမွေးပြီး နောက်ပခုံး အမြန်လိုက်ထွက်တာမျိုးကလဲ ကြုံရတတ်သေးတယ်။ တောနယ်တာဝန်ကျ ဆရာမတွေကို (အခုတော့ မသိပါ) Ergotmetrine စားဆေးကိုသာ ပေးထားတယ်။ မွေးလူနာကို ကလေးတကိုယ်လုံး မမွေးခင် အသောက်ခိုင်းလို့ မရတာ များတယ်။ ဆေးတွေကလည်း ဘယ်ဟာဖြစ်ဖြစ် သက်ရောက်မှုက မြန်ကြတာမို့ အချိန်ကလေး နည်းနည်းနောက်ကျလဲ ကိစ္စမရှိလောက်ဘူးလို့ ကိုယ့်ဘက်ကိုယ်ရက် တွက်မိသေးတယ်။

ဒါ့ကြောင့် Prophylactic Oxytocin for the third stage of labor အရ တတိယဆင့်အောက်မှာ ရေးတာပါလို့ ပြောပါရစေ။

ဘာဘဲဖြစ်ဖြစ် ကိုယ့်ကို ကန့်ကူလက်လှည့်သင်ပေးလိုက်တဲ့ OG တွေပြောသလို လိုက်နာတာ တပည့်ကောင်းပီသပါတယ်။ ဆရာကောင်းတွေလည်း ငယ်ငယ်က တပည့်ကောင်း ဖြစ်ခဲ့ကြသူတွေပါဘဲ။

ကျွန်တော် ဆေးပညာ စာလေးတွေက ဆေးခန်းမှာ လာကူနေကြတဲ့ (ဗော်လန်တီယာ) တွေအတွက် စာသင်ပေးဘို့၊ အဖတ်ခိုင်းဘို့ မှန်းပြီး ရေးဖြစ်သွားတာပါ။ ဒါ့ကြောင့် အတော်များများက ခပ်ပေါ့ပေါ့၊ ခပ်လွယ်လွယ်တွေသာ ဖြစ်နေတယ်။

Dr. တင်ဆွေ
၂၈-၃-၂၀၁၀


Related Posts :



12 comments:

Unknown said...

Hi Doc,
I'm Lynn and nice to know you.Thanks for your sharing and I'm very appreciate it.And may I ask you are you working for NGO or UN? I just want to know.
Buddha bless you.
Regards,
Lynn

Anonymous said...

Dear Lynn

Thanks for your appreciation. I am just an ordinary Burmese doctor. I was forced to live outside due to my involvement in the struggle. I have only single degree from IMM.

Best wishes to you too!

DTS

Unknown said...

Ohhhhh! I see, good to hear that and for our Burmese sake.Keep on going and I'm also anti.................


Buddha will bless us.


Best regards,
Lynn

Unknown said...

မဂ်လာပါဆရာ
ကျွန်မနံမည်က နီနီပါ။ အသက် ၃၂ နှစ်ရှိပါပြီ။ သားဦးကိုယ်ဝန် ပျက်ခဲ့ဘူးပါတယ်။ နောက်ထပ်ကလေးတစ်ယောက် ကိုအရမ်းထပ်လိုချင်နေပါတယ်
ဒါပေမယ့် နောက်ကိုယ်ဝန်မှာထပ်ဖြစ်မှာ ကို အရမ်းစိုးရိမ်နေပါတယ်။ တချို့ ကပြောကြတယ်။ သဘော်သီးမှည့် စားရင် ကိုယ်ဝန်ပျက်တတ်တယ်တဲ့။ အဲဒါ ဟုတ်ပါသလား။ နောက် ဘာတွေကိုရှောင်ရမလဲဆိုတာသိချင် ပါတယ်။ ကျွန်မ အလုပ်က မတ်တပ်ရပ် ရတာများပါတယ်။ နောက် ကိုယ်ဝန်ရှိတုန်းက ကိုယ်နဲနဲ ပူတယ်။ မေးခိုင်ကာကွယ်ဆေးထိုးတုန်းကပါ။ ဒါဟာကိုယ်ဝန်ပျက်ကျစေနိုင်ပါသလား။ ကိုယ်ဝန်က ၁၀ ပတ်မှာပျက်ကျခဲ့တာပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။ ကျေးဇူးတင်ပါတယ်။

Anonymous said...

ပဌမဆုံး ပြောရမှာက သင်္ဘောသီးမှည့်နဲ့ မေးခိုင်ကာကွယ်ဆေးတွေက ကိုယ်ဝန် မပျက်စေပါ။ မေးလာလို့ ရေးရတာမို့ စုံအောင်တော့ ရေးပါ့မယ်။ စာရင်းရှည်ကြီး ဖတ်ပြီး အစိုးရိမ် မကြီးပါနဲ့။ ဆရာဝန်တွေက တကမ္ဘာလုံးက အမျိုးသမီးမှန်သမျှ အဲဒီဒုက္ခ ရောက်ရတာတွေကို စုပြီး၊ သုတေသန လုပ်ထားတာမို့ ပြည့်စုံအောင် ထည့်ထားတာပါ။ ရှာမှရှား ဖြစ်တတ်တာလည်း ပါနေတယ်။

Common causes of Abortion ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေကို စာရင်းချရင် ၃၂ မျိုးရှိတယ်။ အများဆုံး ဖြစ်တတ်တဲ့ ရောဂါ ၃ မျိုး၊ ဖြစ်လေ့ရှိတဲ့ ရောဂါ ၁ မျိုး၊ ဖြစ်ခဲတဲ့ ရောဂါ ၁ မျိုး၊ ရှားရှားပါးပါး ဖြစ်တတ်စေတတ်တဲ့ ရောဂါ ၂ မျိုးနဲ့ တခြားအကြောင်း ၂၆ မျိုး ဆိုပြီး ရှိတယ်။

အဲဒီရောဂါနဲ့ အခြေအနေတွေထဲက Amniocentesis ရောဂါ၊ Anticardiolipin syndrome ရောဂါ၊ Carboprost tromethamine ရောဂါ၊ Cervical incompetence ရောဂါ၊ Chronic villus sampling လုပ်တာ၊ Cone biopsy of cervix လုပ်တာ၊ Endometrosis ရောဂါ၊ Gemeprost သွေးဆင်းရပ်ဆေး၊ Listeria monocytogenes ရောဂါ၊ Misoprostol အနာ-အကိုက် ပျောက်ဆေးကြောင့်ဖြစ်တဲ့ လေနာကာကွယ်ဆေး၊ Paroxysmal nocturnal hemoglobinuria ရောဂါ၊ Paroxyvirus B19 infection ရောဂါ၊ Rubella ဂျာမန်ဝက်သက် ရောဂါ Sickle cell disease သွေးရောဂါ၊ Systemic lupus erythematosus ရောဂါ နဲ့ Dinoprostone ကိုယ်ဝန်ဖျက်ဆေး၊ Mifepristone ကိုယ်ဝန်ဖျက်ဆေးတွေဟာ ကိုယ်ဝန်တခါမက ပျက်နိုင်ပါတယ်။

ကျန်တာတွေကတော့ Alloimmune ရောဂါ၊ Antifetal antibodies ရောဂါ၊ Antiphospholipid antibodies ရောဂါ၊ သန္ဓေသား အင်္ဂါချို့ယွင်းခြင်း၊ အစာဆိပ်သင့်ခြင်း၊ (ကေဖင်း) အများကြီးသောက်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ကိုယ်ဝန်မရှိအောင် သားအိမ်ထဲ IUCD ပစ္စည်းထည့်ခြင်း၊ Japanese skimmia ရောဂါ၊ Luteal phase defect ရောဂါ၊ ကင်ဆာအတွက် ဓါတ်ကင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သူ့အလိုလိုပျက်ကျခြင်း၊ သားအိမ် ပုံမှန် မဟုတ်ခြင်း နဲ့ အရက်သောက်ခြင်းတွေ ဖြစ်ပါတယ်။

တခါပျက်ပြီး လ နည်းနည်းခြာပြီးမှ ကိုယ်ဝန်ယူသင့်တယ်။ ဆေးတိုင်းခပ်လွယ်လွယ် မသောက်ပါနဲ့။ သံဓါတ်၊ ဗီတာမင် B အုပ်စု နဲ့ ဖေါလစ်အက်စစ် သောက်ပါ။ STD/STI မရှိအောင်လုပ်ပါ။ အရက်-ဆေးလိပ် ရှောင်။ ကော်ဖီ မများစေနဲ့။ အာဟာရ ပြည့်တဲ့ Balance diet စားပါ။

သက်ဆိုင်တဲ့ဆေးပညာစာတွေ အချိန်ရရင် ဖတ်ပါ။
ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း http://dts-medicaleducation.blogspot.com/2010/03/anc-antenatal-care.html
Become pregnant ကိုယ်ဝန် ရနိုင်ခြင်း http://dts-medicaleducation.blogspot.com/2010/04/become-pregnant.html
Child birth ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ http://dts-medicaleducation.blogspot.com/2009/12/child-birth.html
Normal Labor ကလေး မီးဖွါးခြင်း http://dts-medicaleducation.blogspot.com/2010/03/normal-labor.html
Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html
Ultrasound and Pregnancy ကိုယ်ဝန်ဆောင် (အာလ်ထွာ-ဆောင်း) ရိုက်ခြင်း http://dts-medicaleducation.blogspot.com/2010/07/ultrasound.html

နောက်တခါ ရှိတယ် ထင်တာနဲ့ OG ပြပါ။ လိုသေးရင် မေးပါ။

ကျန်းမာပါစေ၊ ကလေးမိခင် ဖြစ်ပါစေ။

Dr. တင်ဆွေ
၃-၈-၂၀၁၀

Anonymous said...

Common causes of Abortion ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတွေ
ဆိုပြီး တင်လိုက်ပါတယ်။

berbi said...
This comment has been removed by the author.
berbi said...

ဆ၇ာရှင့် အရေပြားနဲ့ပတ်သက်ပြီးတော့မေးချင်လို့်ပါ
တတ်နိုင်သမျှဖြေပေးစေလိုပါတယ်..
ကျွန်မလက်ထိပ်မှာအေ၇ကြည်ဖုလေးတွေဖြစ်ပါတယ်
ပြီးရင်ပေါက်သွားလိုက်ပြန်ဖြစ်လိုက်နဲ့
လက်ချောင်းတိုင်းမဖြစ်ဘူး ဘယ်ညာလက်မလက်ညှိုး
ဖြစ်ပါတယ် ညာဘက်ကအဖြစ်များပါတယ်
ခြေထောက်လဲအဲလို၂ချောင်းပဲဖြစ်တယ်
ညာဘက်အဖြစ်များတယ်ဆရာ
အရေပြားအထူးကုနဲ့ပြတော့လဲ မထူးဘူးဆရာ
ခနသက်သာတယ် ပြီးရင်ပြန်ဖြစ်တယ်ဆရာ
နီကယ်လ်alleigicလို့ပြောပေမယ့် အဲဒါနဲ့ဆိုင်တဲ့
ဆိုဒ်တွေကြည့်တော့ မတူဘူးဖြစ်နေတယ်
ပထမရက်မှာအရေကြည်ဖုသေးသေးလေးတွေ
အများကြီးမြင်တယ် နောက်ရက်ဆိုရင်နဲနဲပြူးလာတယ်
ပြီးရင်ပေါက်သွားတယ် ခနခနအဲလိုဖြစ်တယ်ဆရာ
တခါထဲအမြစ်ဖြတ်ပျောက်ချင်တယ် ကူညီပြီးအကြံပေးပါလို့.. လေးစားလျှက်..

Anonymous said...

To berbi said...
ဖြစ်နိုင်တာ ၂ မျိုးရှိတယ်။ (၁) ရေယုံ နဲ့ (၂) မတည့်လို့ဖြစ်တဲ့ အနာ။ မတည့်တာကနေဖြစ်ဘို့များတယ်။ ပြန်ပြန်ဖြစ်နေလို့ပါ။ ကြာရင် နှင်းကူနာ သဘောဘက် ရောက်လာနိုင်တယ်။
မတည့်တာ အမျိုးမျိုးရှိတယ်။ လက်နဲ့ခြေတွေနဲ့ ထိ-ကိုင်တာ တခုခုဖြစ်မယ်။ ဆပ်ပြာ၊ အလှသုံးပစ္စည်း၊ အ၀တ်အစား၊ အစားအသောက်နဲ့ ရာသီဥတု တခုခု ဖြစ်မယ်။ တခုမကဘဲလဲ တွဲမတည့်တာ ရှိသေးတယ်။
မတည့်တာသိရင်ရှောင်ပါ။ တခါတလေ မသိပါ။ ရှောင်လို့ ခက်တာလဲ ရှိတယ်။
ရက်တိုဆို တမျိုး၊ နာတာရှည်ဆို တမျိုး ဆေးပေးမယ်။
Calamine lotion ဆိုတာက အပြော့ဆုံး လိမ်းဆေး၊
Antihistamine ဥပမာ Citrizine စားဆေး သောက်နိုင်တယ်။ ပြန်ဖြစ်နေရင်၊ ကြာနေရင် (ကော်တီဇုန်း) ပါတဲ့ လိမ်းဆေး လိမ်းရတယ်။ နာမည်တွေ အမျိုးမျိုးရှိတယ်။ နာတာရှည်သမားတွေကို (ကော်တီဇုန်း) စားဆေးပါ ရက်သိပ်မကြာဘဲ ပေးမယ်။
ထပ်ဆင့်ဖြစ်လာတဲ့ ပိုးဝင်တာ ရှိနေရင် ပိုးသေဆေး လိုမယ်။ စားဆေး နဲ့ လိမ်းဆေး။ ကော်တီဇုန်း နဲ့ ပိုးသေဆေး တခါထဲ ရောထားတာလဲ ရှိတယ်။
လိုမယ် ထင်ရင် ဖြစ်တဲ့နေရာကို ဓါတ်ပုံရိုက်ပြီး ပို့နိုင်ပါတယ်။
drswe01@gmail.com

berbi said...

မေးလ်ပို့ထားပါတယ်ဆရာ
ပုံလဲattachလုပ်ထားပါတယ်
ဆရာပြန်ဖြေပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ဆရာ..


လေးစားလျှက်

ဝေေ၀ said...

ဝေေ၀
ကျွန်မအသက်၂၃နှစ်၇ှိပါပြီ။လွန်ခဲ့တဲ့၁နှစ်ခွဲလောက်က
ကိုယ်ဝန်၅လကျော်မှပျက်ကျခဲ့ဘူးပါတယ်။အခုကျွန်မထပ်
ပြီးကိုယ်ဝန် ၁၈ပတ်၇ှိနေပါပြီ။ဆ၇ာဝန်နဲ့လဲပြန်ပါတယ်၊
အား၇ှိတဲ့အစာတွေလဲစားပါတယ်။ဘယ်နှလလောက်ဆို၇င်
စိတ်ချ၇ပါပြီလဲ။ဒီတခါတခုခု ဖြစ်မှာအ၇မ်းစိုး၇ိမ်လို့ပါ။
ဘာတွေေ၇ှာင်၇မလဲ သိချင်ပါတယ်။အခုတော့အသက်၇ှုကျပ်ပြီး မောတာ၊
ခေါင်းမူးတာတွေဖြစ်ပါတယ်။ဖြေကြားပေးပါ၇ှင့်။အမိမြေမှာမဟုတ်လို့ပါ။

Anonymous said...

http://dts-medicaleducation-adult.blogspot.in/2012/06/morning-sickness.html