Sunday, March 14, 2010

နေ နှင့် အိပ်စက်သူများ


ကျမတို့ ဆေးကျောင်းတက်စဉ်ကာလက ကျောင်းခန်းထဲမှာ အိပ်ငိုက်သူများ ၊ ဆေးရုံ ward round ဆရာကြီး စာသင်ချိန်မှာ သန်းဝေနေတတ်သူများကို ဆရာကြီးက ဒီကလေးမ Sleeping sickness ရောဂါရှိနေပြီလို့ ကျီစယ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Sleeping sicknessရောဂါရဲ့ လက္ခဏာတွေထဲက တစ်ခုဟာ နေ့ဘက်မှာ ငိုက်မျဉ်းနေတတ်ပြီး ညဘက်အိပ်မပျော်နိုင်လို့ဘဲဖြစ်ပါတယ်။ ဒီလိုနေ့ည အကျင့်များပြောင်းလဲတတ်မှုဟာ အသည်းသမားများမှာလည်းဖြစ်တတ်ပေမယ့် အာဖရိကတိုက်တစ်နေရာမှ လူတစ်ဦး၊ ဒါမှမဟုတ် အာဖရိကတိုက်ကို နယ်လှည့်ခရီးသွားလာနေခဲ့တဲ့ လူတစ်ဦးမှာ ဒီလို ရောဂါဝေဒနာခံစားရပြီ ဆိုရင်တော့ သတိထားရမဲ့ရောဂါတွေထဲမှာ Sleeping sickness က ရှေ့ဆုံးကပါဝင်တဲ့ရောဂါတွေထဲက တစ်ခု ဖြစ်ပါလိမ့်မယ်။



Sleeping sickness လို့ခေါ်တဲ့ African Trypanosomiasis ရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ရောဂါမဟုတ်ပေမယ့် sub-saharn Africa နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လူသန်းပေါင်းများစွာကို ခြောက်လှန့်နေတဲ့ရောဂါတမျိုးဖြစ်ပါတယ်။ လက်ရှိခန့်မှန်းခြေအရ လူပေါင်း ၅ သောင်းမှ ၇ သောင်းခန့်အထိ ဝေဒနာခံစားနေရတယ်လို့ ဆိုပါတယ်။ အာဖရိကနိုင်ငံအတော်များများမှာ ခုခံအားကျဆင်းမှုရောဂါဖြင့် သေဆုံးမှုဟာ အမြင့်ဆုံးဖြစ်နေပေမယ့် African Trypanosomiasis ဟာလည်း ဒုတိယ ဒါမှမဟုတ် သေဆုံးမှုအမြင့်ဆုံးထဲကတစ်ခုအဖြစ် ပညာရှင်များ ခံယူထားခဲ့တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
Trypanosomiasis ကို African Trypanosomiasis နှင့် American Trypanosomiasis ဆိုပြီး ဒီရောဂါဟာ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသများမှာ အဖြစ်များပြီး Trypnosoma brucei လို့ခေါ်တဲ့ ကပ်ပါးကောင် parasite ကြောင့်ဖြစ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေမှာကျက်စားလေ့ရှိတဲ့ Tsetse flies လိုခေါ်တဲ့ အကောင်ကိုက်ခြင်းအားဖြင့် African Trypanosomiasis သို့မဟုတ် sleeping sickness ရောဂါကိုခံစားရမှာဖြစ်ပါတယ်။ Trypnosoma brucei ကို အနောက်နဲ့ အလယ်ပိုင်း အာဖရိကမှာ တွေ့ရတတ်တဲ့ Trypnosoma brucei gambiense နဲ့ အရှေ့အာဖရိက နိုင်ငံတွေ မှာတွေ့ရတတ်တဲ့ Trypnosoma brucei rhodesiense ဆိုပြီး ၂မျိုးခွဲခြား နိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ နှစ်မျိုးကို ယေဘူယျအားဖြင့် ခွဲခြားလို့ မရနိုင်ပါဘူး။
Trypnosoma brucei gambiense ဟာ လေ့လာတွေ့ရှိတဲ့ ဖြစ်ပွားမှုနှုန်းရဲ့ ၉၀% ခန့်ရှိပြီး နာတာရှည်ရောဂါအဖြစ် ရှိတတ်ပါတယ်။ ဝေဒနာရှင်ဟာ ပိုးဝင်ရောက်ပြီး လပေါင်းများစွာမှ နှစ်ပေါင်းများစွာအထိ ရောဂါလက္ခဏာများကို မခံစားရတတ်ပါဘူး။ ရောဂါ ကျွမ်းနေနှင့်ပြီးဖြစ်တဲ့ ဦးဏှောက်အာရုံကြောစနစ်ကို ပိုးဝင်ရောက်တဲ့အခါကျမှ သာ ရောဂါလက္ခဏာများကို စတင်ခံစားရတာကို တွေ့ရတတ်ပါတယ်။
Trypnosoma brucei rhodesiense ကတော့ ဖြစ်ပွားမှုနှုန်းရဲ့ ၁၀ ရာခိုင်းနှုန်းခန့်သာ ရှိပြီး လတ်တလော ဖြစ်ပွားတဲ့ရောဂါအဖြစ် တွေ့ရတတ်ပါတယ်။ ဝေဒနာရှင်ဟာ ရောဂါလက္ခာများကို ပိုးဝင်ပြီး ရက်ပိုင်းလပိုင်းမှာ ခံစားရတတ်ပြီး အာရုံကြောစနစ်ကို လျှင်မြန်စွာ ထိခိုက်စေနိုင်ပြီး သေစေနိုင်တာကို တွေ့ရပါတယ်။

ဖြစ်ပွားမှုနှင့် ဖြစ်ပွားသည့်နိုင်ငံများကတော့ ပုံမှာ ပြထားတဲ့အတိုင်းဖြစ်ပါတယ်။


ရောဂါလက္ခဏာများ

ပထမအဆင့်
၁။ Tseses flies ကိုက်လိုက်တဲ့နေရာမှာ နာကျင်ခြင်း ၊
၂။ အကောင်ဝင်သွားတဲ့ နေရာမှာ နီရဲနေခြင်း ၊အနာဖြစ်ခြင်း ဖြစ်တတ်ပါတယ်။

ဒုတိယအဆင့် (သွေးတွင်းပျံ့နှံ့သောအဆင့်)
ဒီအဆင့်မှာတော့ Protozoa တွေဟာ သွေးထဲကိုရောက်သွားပြီဖြစ်တာမို့ ဖျားနာခြင်း၊ အပြင်းအထန်ခေါင်းကိုက်ခြင်း၊ အသားစိုင်များ နာကျင်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း စတဲ့ အခြားရောဂါတွေမှာ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကို ခံစားရမှာဖြစ်ပါတယ်။
၂။ ပြန်ရည်ကျိတ်တွေ ကြီးလာတာကိုလည်းတွေ့ရတတ်ပြီး Trypnosoma ကြောင့် ပြန်ရည်ကျိတ်ကြီးခြင်းကို Winterbottom’s sign လို့ ခေါ်လေ့ရှိပါတယ်။
၃။ ယားယံခြင်း၊ အရေပြားပေါ်တွင် အကွက်များ အစက်အပျောက်များ ထွက်ခြင်း တို့ကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

တတိယအဆင့် (ဦးဏှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်သော အဆင့်)
တတိယအဆင့်မှာတော့ ဦးဏှောက် အမြှေးပါးယောင်ခြင်း အဆင့်ဖြစ်တာမို့ ယင်းရဲ့လက္ခဏာများဖြစ်တဲ့
၁။ ခေါင်းကိုက်ခြင်း
၂။ နေ့အချိန်တွင် အလွန်အမင်း အိပ်ငိုက်ခါ ညအချိန်တွင် အိပ်မပျော်တတ်ခြင်း။
၃။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများဖြစ်တဲ့
၃.၁။ မူမမှန်တော့ခြင်း၊
၃.၂ ။ စိတ်တိုလွယ်ခြင်း သို့မဟုတ်စိတ်ဆတ်ခြင်း
၃.၃။ အာရုံစူးစိုက်၍ မရခြင်း
၎။ ဗလုံးဗထွေး စကားပြောခြင်း ၊ စကားပြောရာတွင် အခက်အခဲရှိခြင်း
၅။ လမ်းလျှောက်ရာတွင် အခက်အခဲရှိလာခြင်း
၆။ တက်ခြင်း
၇။ သတိကောင်းကောင်းမရတော့ခြင်း၊ သတိလစ်ခြင်းမှ coma အထိခံစား ရတာကို တွေ့ရမှာဖြစ်ပါတယ်။

ရောဂါရှာဖွေ စစ်ဆေးခြင်း
ရောဂါဖြစ်ပွားနိုင်တဲ့ နေရာ၊ ခရီးသွားရာဇ၀င် ပေါ်မူတည်ပြီး ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းမှ ဝေဒနာရှင်အား သေချာ စမ်းသပ်စစ်ဆေးခြင်းက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

Microscopy
အကောင်ကိုက်ခံရသောနေရာ၊ ပြန်ရည်ကျိတ်မှ စုတ်ယူထားသော အရည်၊ သွေး၊ ရိုးတွင်းချဉ်ဆီ သို့မဟုတ် ခါးဆစ်ရိုးမှ စုပ်ယူရရှိသောအရည် များကို အဏုကြည့်မှန်ပြောင်း (microscopy) တွင် တိုက်ရိုက်ကြည့်ခြင်းဖြင့်သော်လည်းကောင်း ၊ Giemsa ဟုခေါ်သော ဆိုးဆေးသုံး၍ သော်လည်းကောင်း သိရှိနိုင်ပါတယ်။ အဲဒီအခါမှာ အရွယ်အစားအားဖြင့် အနံ၁၄ မှ ၃၃ မိုက်ခရိုမီတာ နဲ့ အလျား ၁.၅ မှ ၃.၅ မိုက်ခရိုမီတာ ရှိတဲ့ Tryptosoma parasite များကိုတွေ့ရမှာ ဖြစ်ပေမယ့် Trypnosoma brucei gambiense နဲ့ Trypnosoma brucei rhodesiense စတဲ့ tryptosoma ရဲ့ မျိုးစိတ်များကိုတော့ ခွဲခြားလို့ရမှာ မဟုတ်ပါဘူး။

Antibody Detection
CATT လို့ခေါ်တဲ့ Card Agglutination Tryptosomiasis Test ကို Trypnosoma brucei gambiense ဖြစ်ပွားမှုနှုန်းကို စစ်ကြောခြင်းမှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်

Cerebro Spinal fluid (ခါးဆစ်ရိုးမှ စုပ်ယူရရှိမည့် အရည်) မှတွေ့ရှိချက်များ
ဒါကိုတော့ African Trypanosomiasis ကို ရောဂါအတိအကျသိနိုင်ဖို့အတွက်နဲ့ သူရဲ့အဆင့်တွေ ခွဲခြားဖို့အတွက် သုံးလေ့ရှိပါတယ်။ ဥပမာအားဖြင့် တစ်မိုက်ခရိုလီတာမှာ သွေးဖြူဥ ၅ လုံးထက်များနေရင် ရောဂါအဆင့်သုံးကို စဉ်းစားပါမယ်။ ဒုတိယအဆင့်မှာတော့ သွေးဖြူဥဟာ ပုံမှန်ကနေ ၁၀၀ က နေ ၃၀၀ ထိရှိနေနိုင်ပါတယ်။
သွေးဖြူဥတွေကိုအများအပြားကိုလည်း ပုံစံအမျိုးမျိုးနဲ့တွေ့ရမှာဖြစ်ပြီး။ များသောအားဖြင့် ဘီအမျိုးအစား သွေးဖြူဥ (B cells) တွေကိုတွေ့ရမှာဖြစ်ပါတယ်။
အဲဒီအရည်မှာ Trypanosomes ( Tryptosoma ဘ၀ဖြစ်စဉ်ထဲမှ အဆင့်တခု) ကို တွေ့ရမယ်ဆိုတော့ အခြားဘယ်လို လက္ခဏာမှ မတွေ့ပဲ နေပါစေ ရောဂါအဆင့်သုံးကို စဉ်းစားမှာဖြစ်ပါတယ်။

ကုသနည်း
Sleeping sickness ကို ဖြစ်ပေါ်နေတဲ့ ရောဂါအဆင့်ပေါ်မူတည်ပြီး ကုသမှာဖြစ်ပါတယ်။ အဆင့် သတ်မှတ်ရာတွင်လည်း အချို့သော နေရာများတွင် ပထမအဆင့်ကို သွေးတွင်းသို့ Protozoa ရောက်သည့်အဆင့်ဟု သတ်မှတ်ပြီး အချို့သော နေရာများတွင် Tsese Fly ကိုက်ပြီးစတင်ဖြစ်ပေါ်သော အဆင့် (စာရေးသူအခု ခွဲခြားထားသကဲ့သို့) ဟူ၍ခွဲခြားလေ့ရှိတာကို တွေ့ရပါလိမ့်မယ်။ ယေဘူယျအားဖြင့် ယခုစာမူတွင် ဖော်ပြထားသော အဆင့်တစ်တွင် ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်မှုဟာ အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ပြီး Tryptosomiasis ကုသမှုတွင် သုံးစွဲသော ဆေးများကို ပေးလေ့မရှိသေးပါဘူး။

ဒုတိယအဆင့်
အာဖရိက အနောက်နိုင်ငံများတွင် ဖြစ်လေ့ရှိသော Tryptosomiasis ဒုတိယအဆင့် ကုသနည်း
ဒီရောဂါများတွင်တော့ Pentamidine လို့ခေါ်တဲ့ ၁၉၄၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ ဆေးတစ်မျိုးကို Trypnosoma brucei gambiense ကြောင့်ဖြစ်တဲ့ sleeping sickness မှာသုံးစွဲလေ့ရှိပါတယ်။ 10mg/kg /day ပမာဏဖြင့် ၁၀ ရက်သုံးစွဲမှာဖြစ်ပါတယ်။
အချို့သော နေရာများမှာ Eflonithine ဆိုတဲ့ဆေးကို 40mg/kg/day ပမဏအားဖြင့် တနေ့လျှင် လေးကြိမ်ခွဲခါ အကြောဆေးအဖြစ် ၁၄ ရက်တာ ပေးလေ့ရှိပါတယ်။

Trypnosoma brucei. rhodesiense ကြောင့်ဖြစ်တဲ့ sleeping sickness ကိုတော့ ၁၉၂၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ ဆေးတစ်မျိုးဖြစ်တဲ့ Suramin ၁ဂရမ် ကို ၁ရက်၊ ၃ ရက်၊ ၇ ရက်၊ ၁၄ ရက်နဲ့ ၂၁ ရက်မြောက်နေ့များမှာ သွေးပြန်ကြောအတွင်းသို့ ထိုးသွင်းခြင်းဖြင့် ကုသနိုင်ပါတယ်။ ပထမဆုံး ဆေးအကြိမ်ကိုတော့ ဆေးတည့်မတည့် စမ်းသပ်ပြီးမှ ပေးရမှာဖြစ်ပါတယ်။ Suramin ဟာ ယားယံခြင်းနဲ့ ဆီးလမ်းကြောင်းမှာ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်တာမို့ သတိထားပြီး သုံးသင့်ပါတယ်။

တတိယအဆင့်
ဒီအဆင့်မှာတော့ ဝေဒနာရှင်ဟာ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများကို ခံစားနေရမှာဖြစ်ပါတယ်။
တတိယအဆင့်အတွက်တော့ ၁၉၄၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ Melasoprol 2-3.6 mg/kg/day ကို အကြောတွင်းသို့ ပေးသွင်းခြင်းကို သုံးရက်ကြာပေးမှာဖြစ်ပါတယ်။ တပတ်ကြာတဲ့အခါ 3.6mg/kg/day ဆေးပမာဏကို ၃ ရက်ကြာပေးမှာဖြစ်ပြီး နောက်ထပ် ၁၀မှ ၂၁ ရက်ကြာတဲ့အခါမှ ထပ်မံပေးမှာဖြစ်မှာဖြစ်ပါတယ်။ Melarsoprol ဟာ တခါတရံမှာ ဦးဏှောက်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေပြန်ပါတယ်။ ယခုအခါ အလယ်ပိုင်းအာဖရိကနိုင်ငံတွေမှာ နဲ့အချို့သောနေရာတွေမှာ Malarsoprol ကိုယဉ်ပါးနေတဲ့ Tryptosoma များကို တစစပိုမိုတွေ့ရှိလာတာကိုတွေ့ရပါတယ်။
Eflonithine ဆိုတဲ့ဆေးကို 40mg/kg/day ပမဏအားဖြင့် တနေ့လျှင် လေးကြိမ်ခွဲခါ အကြောဆေးအဖြစ် ၁၄ ရက်တာပေးလေ့ရှိပါတယ်။ Elorinithine ဟာ Melarsoprol ထက်စာရင် ဘေးထွက်ဆိုးကျိုးနည်းပေမယ့် ယင်းဆေးဟာ Tryptosoma gambiense တမျိုးတည်းအတွက်သာ ထိရောက်မှုရှိပါတယ်။ ၁၉၉၀မှာ စတင် စာရင်းသွင်းခဲ့တဲ့ Eflonithine ကို Melarsoprol ရဲ့အခြားအစားထိုး ဆေးအဖြစ်နဲ့သုံးစွဲ နိုင်ပေမယ့် အခက်အခဲရှိဆဲလို့ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးမှ အာဖရိကတိုက်မှ ရောဂါတစ်မျိုးဖြစ်တဲ့ African Trypanosomiasis သို့မဟုတ် sleeping sickness ကို ကုသနိုင်တဲ့ ကုထုံးသစ်ကို စတင်သုံးစွဲနေပြီဆိုတဲ့အကြောင်းကို ကျမမွန်းသက်ပန် ဘာသာပြန်သတင်းတို ရေးသားထားတာမို့ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်ပါတယ်။

African Tryptosomiasis ဟာ ရောဂါပိုးဝင်ရောက် နေပေမယ့်လည်း ရောဂါကျွမ်းမှသာ ဝေဒနာ လက္ခဏာများကို ပြသတတ်ကာ အသက်ဆုံးရှုံးသည်အထိ ဆိုးရွားနိုင်တဲ့ရောဂါဖြစ်တာမို့ ရောဂါမဖြစ်မှီကြိုတင်ကာကွယ်ခြင်း၊ စစ်ဆေးခြင်း များပြုသင့်ပါတယ်။ Tsetse flies ကိုက်ခြင်းမှ ထိုရောဂါပိုး ၀င်ရောက်တယ်လို့ သိရပေမယ့် အချို့သော ဒေသများမှာ Tsetse flies များရှိပေမယ့်လည်း African Trypanosomiasis ဖြစ်ပွားမှုမရှိခြင်းကိုတော့ ကျွမ်းကျင်သူများအနေဖြင့် ဖြေရှင်းချက် မတွေ့နိုင်သေးပါဘူး။ သို့ပေမယ့်လည်း ရောဂါဖြစ်ပွားနိုင်တဲ့ နေရာများမှာ နေထိုင်သူများ၊ နယ်လှည့်ခရီးသွား လာသူများအနေဖြင့်လည်း ထိုရောဂါပိုးကို သယ်ဆောင်တဲ့ ယင်ကောင်တစ်မျိုးဖြစ်တဲ့ Tsetse flies အကိုက်ခံရခြင်းမှ ကာကွယ်ဖို့ ကလည်းအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။

မူရင်းနှင့် မှီငြမ်း
1. WHO. WHO rolls out new combination treatment for sleeping sickness. Geneva: WHO; 2009 [cited 2009 09 November ]; Available from: http://www.who.int/neglected_diseases/disease_management/new_sleeping_sickness_treatment/en/index.html.
2. University Mahidol. African Tryptosomiasis. In: Tropical Medicine MU, editor. Thailand,2008-2009.
3. WHO. African trypanosomiasis (sleeping sickness). 2006; Available from: http://www.who.int/mediacentre/factsheets/fs259/en/.



Related Posts :



2 comments:

ချစ်ကြည်အေး said...

Insomnia အတွက် ကုထုံးလေး ရေးစေချင်ပါ တယ်ရှင်....:)

မွန်းသက်ပန် (ဆေး-၁) said...

အတိအကျကြီးမဟုတ်ပေမယ့် ဒီဆောင်းပါးကလေးက တော့ အတန်အသင့် အသုံးဝင်မယ်ထင်ပါတယ် ရှင်။

http://www.moonthetpan.com/2007/07/blog-post_09.html

ဒီလင့်ခ်ကလေးမှာ ဖတ်ကြည့်ပါနော်။ ကျေးဇူးပါ။