Wednesday, October 7, 2009

ကာကွယ်ရေး နှင့် ကုသရေး

ဆေးပညာ စသင်ရလောက်ကတည်းက ကြားကြားနေရ၊ အခုထိ ခိုးလိုးခုလု ရှိတုံးမို့၊ ရေးချင်တာလေးတခုက ကုသရေးနဲ့ ကာကွယ်ရေး။

သူများတွေတော့ မပြောတတ်ဘူး၊ ကာကွယ်ရေးနှင့် လူမှုရေး ဆေးပညာဆိုတာ သင်ရတော့ ကျွန်တော့် အဖို့တော့ အတော် ပျင်းရိခဲ့တဲ့ ဘာသာရပ်ပါ။ သင်ပေးတဲ့ ဆရာအပေါ်လဲ တည်နိုင်တယ်။ ဘာသာရပ်ရဲ့ ဆွဲဆောင်မှုလဲပါမယ် ထင်တာဘဲ။ သေခြာတာကတော့ အသင်ခံရတဲ့ မောင်ကျောင်းသားရဲ့ အခံကိုက အထုံနည်းတာ ဖြစ်မယ်ထင်ပါရဲ့။ နောက်ကြမှ “အော့့် ငါ့ကိုယ်ငါကြ ဗီဇအထုံ လွဲချပြီး၊ အာစရိယနွယ်ဝင် သင်ဆရာကိုတော့ အသင်အပြ မကောင်းဘူး ထင်ခဲ့မိတာ အပြစ် မလွတ်ပါလား” လို့ သဘောပေါက်မိ ပါတယ်။ ကန်တော့ပါ ဆရာ။

ကျောင်းပြီးသွားတော့ အသီးသီး အသကအသက နေရာဒေသအမျိုးမျိုး ရောက်ကုန်ကြရော။ ဆေးကုပေးရတဲ့ ဆေးရုံဆရာဝန်တို့၊ ရောဂါတိုက်ဖျက်ရေး လုပ်နေရတဲ့ စီမံကိန်းဆရာဝန်တို့၊ အုပ်ချုပ်ရေးဘက် ရောက်သွားတဲ့ ဆရာဝန်တို့၊ စသဖြင့် လိုင်းတွေ ကွဲပြားသွားရတော့တယ်။

အဲဒီခေတ်က ကိုယ်ဖြစ်ချင်၊ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် ရွေးဘို့ဆိုတာ သာမန်ပြောရရင် မဖြစ်နိုင်ခဲ့ဘူး။ အခုတော့ မသိပါ။ အနည်းစုဆိုရင် ဆရာဝန်တောင်ဖြစ်ချင်တာ မဟုတ်ဘဲ၊ ဆေးကျောင်း ရောက်လာရတာ ရှိသတဲ့။ ကျောင်းပြီး ပြန်တော့လဲ စာဆက်သင်ချင်သူတွေ-ဆက်သင်နိုင်သူတွေ ရှိသလို၊ မသင်ချင်-မသင်နိုင်သူတွေလဲ ရှိတာပေါ့။ ဘွဲ့လွန် တက်ချင်ပြန်အုံးတော့ ၀ါသနာ အပထားလို့၊ ဘာဘွဲ့လွန် ရရတောင် လုပ်မရတာတွေ အများကြီးဘဲ။ တဗြစ်တောက်တောက် ဘယ်လောက် ပြောပြော၊ ဗမာပီပီ နောက်ဆုံးကြ ကံပေါ့ဗျာ။

သားလေး လေးတန်းအောင်ကတည်းက ကျောင်းထုတ် အလုပ်လုပ်ခိုင်းရသလိုမျိုး၊ ၇ နှစ်ပြီးလို့ အလုပ် လုပ်ရသူဆရာဝန်က ပိုးများတယ်။ ဒီခါကြပြန်တော့ တမျိုး။ နယ်စွန်-နယ်ဖျားရောက်ရသူနဲ့ ဆေးရုံကြီးငယ်တွေ ရောက်သူနဲ့။ အကပ်-အယပ် မတော်သူများ၊ ကံတရားဘဲ မဟုတ်ပြန်ပါလား။ စွန့်စွန့်စားစားလို့ ဆိုရမလား၊ ကိုယ်ခံ ကောင်းသူတွေလို့ ချီးမွမ်းရမလား၊ တိုင်တပါး ရောက်သွားသူတွေကလည်း မနည်းပါ။ ဆယ်နှစ်၊ အနှစ် နှစ်ဆယ်လောက်မှာ ပြန်ကြည့်လိုက်တော့ အရောင် အသွေးစုံညီ၊ ဘ၀ကိုယ်စီနဲ့ပေါ့။ နဲနဲ ကဗျာဆန်သွားပြီ။

ဘယ်နေရာတွေ၊ ဘာတွေ၊ ဘယ်လို၊ အမျိုးစုံနေအောင် ကွဲပြားပေမဲ့ ချုပ်လိုက်ရင် နှစ်မျိုးထဲလို့ ပြောကြည့်မယ်။ လူနာကို ဆေးကုနေရသူတွေနဲ့ တိုက်ရိုက်ဆေးမကုရသူတွေ။ ဒါကလဲ အလုပ်အကိုင်နဲ့ ခွဲခြားတာမို့ ပြဿနာလုပ်စရာ မရှိပါ။ ရေးချင်တာက အထင်-အမြင် မတူကြတာကိုပါ။ ဆေးကုနေသူတွေကို “ဆေးဘဲကုနေတယ်၊ ကာကွယ်ရေး မလုပ်ဘူး” ဆိုကြတယ်။ ယဉ်ယဉ်ကျေးကျေး ကဲ့ရဲ့တာလို့ ပြောရင် ပြောတဲ့လူက ရိုင်းရာကြဦးမယ်။

ကျန်းမာရေးမှာ ကာကွယ်ရေးဆိုတာ အင်မတန် အရေးကြီးတာကို လက်ခံပါတယ်ဗျာ။ အကြွင်းမဲ့လို့တောင် သုံးလိုက် ချင်သေးတယ်။ ကျွန်တော် ပြောချင်နေတာက ကုသရေးနဲ့ ကာကွယ်ရေး ဘယ်ဟာက ပိုအရေးပါတယ်-မပါဘူး မဟုတ်ပါ။ ကုသရေးနဲ့ ကာကွယ်ရေး၊ လိုင်းတခုမှာ လုပ်နေတဲ့ ဆရာဝန် တယောက်ဟာ နောက်လိုင်းကို မလုပ်ဘဲ မနေဘူး ဆိုတာကို ထောက်ပြပါရစေ။ ဒီအချက်ကို သဘောတူရင် ဘာလို့များ အပြစ်ဆိုနေရသလဲ။ ကဲရဲ့ သဂြုင်္ိဟ် ပြုနေရသလဲ။

တနေ့ကဘဲ ဆရာဝန်တွေ စုရေးနေတဲ့ အင်တာနက်အုပ်စုမှ ဖတ်လိုက်ရတာရှိတယ်။ စပါယ်ရှယ်လစ်တွေ သူ့ စပါယ်ရှယ် မဟုတ်တဲ့ ရောဂါလူနာတွေကို ကုပေးတာကို ရေးတဲ့ဆရာက (အက်သစ်) ရှုဒေါင့်ကနေ ရေးတယ်။ “သိုးမဲ” လို့တောင် ခေါ်လိုက်သေး။ ဒီတော့ (ဂျနရယ်လိုက်စ်) လုပ်လိုက်ရင် “ဆရာဝန်များ ဆေးကုကြသည်။” ဆက်ချင်တာက “ဆေးကုယင်းနဲ့ ပညာပေး-ကာကွယ်ရေးလဲ လုပ်ကြသည်”လို့ ဖြစ်ပါတယ်။

တိုင်းပြည် အပြင်ရောက်နေတဲ့ ဆရာဝန်တွေ အများကြီးရှိတယ်။ (ဖေါ်ဂွတ်) တော့ (ဖေါ်ဂွတ်)ဘဲ။ ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ် ရွေးချယ်ပြီး၊ ကောင်းဘို့ ထွက်လာရင် (ဖေါ်ဂွတ်)ပေါ့။ ကောင်းတာ မကောင်းတာက ကဏ္ဍတခု။ အဲဒီပုဂ္ဂိုလ်တွေ အကြား ပြောကြတာက “ဆေးမကုတဲ့ ဆရာဝန်”၊ “ဆေးဘဲကုနေတဲ့ ဆရာဝန်”။

ဆေးမကုတဲ့ ဆရာဝန်ဆိုတာ ကျန်းမာရေးနဲ့ မဆိုင်တဲ့ တခြားတာဝန်ကို ရွေးလိုက်ကြလို့ပါ။ ဆေးဘဲကုနေတဲ့ ဆရာဝန် ဆိုတာက ဆေးဘိုးဝါးခယူပြီး၊ ဆေးကုနေသူတွေကို ဆိုလိုတာ မဟုတ်ပြန်ပါ။ ထွက်လာစဉ်က ရည်ရွယ်ချက်အတိုင်း ဆရာဝန်အလုပ် မဟုတ်တာ လုပ်နေရင်းက ရသမျှ အချိန်ကလေးမှာ ဆေးကုပေးနေရသူတွေကို ဆိုလိုတာပါ။ ဒီဆရာဝန်မျိုးတွေက ဆေးဘဲ ကုပေးနေတယ်၊ ပြည်သူ့ကျန်းမာရေး မလုပ်ဘူလို့ လက်ညှိုးထိုးတာကို ပြောချင်တာပါ။

တတ်လဲ တတ်လေတော့ အကိုးအကား၊ အညွှန်းတွေတောင် ထည့်ပြောသေးတယ်။ (အယ်လ်မာတာ) ကြေညာချက် ၁၉၈၇ ကနေ စပြောတယ်။ အခု ကဇာကစ္စတန်နိုင်ငံပေါ်လာတော့ (အယ်လ်မတီ) ဖြစ်သွားပြီနော်။ ပန်းသီးတို့ တိုင်းပြည် ဆိုဘဲ။ သိတော့ သိတာပေါ့ဗျာ။ “အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ” ဆိုတာကို အော်ခဲ့၊ လုပ်ခဲ့တာဟာ ဆရာဝန်တိုင်း မဟုတ်ပါလား။

ဆေးပညာကနေ ကျန်းမာရေးလို့ ခေါ်လိုက်တာနဲ့ နိုင်ငံရေး ပါလာပြီ။ နိုင်ငံရေးဆိုတာက တခြားတော့ မထင်ပါနဲ့၊ ကွန်မြူနတီ၊ တိုင်းပြည်၊ ကမ္ဘာ၊ စသဖြင့် ကျယ်ပြန့်တဲ့ အတိုင်းအတာကို ထည့်တွက်ရ၊ လုပ်ရတာတို့၊ ဆေးပညာ သိသူတွေအပြင် တခြားနယ်ပယ်က ပုဂ္ဂိုလ်တွေပါ ပါလာရတာတို့၊ စီမံခန့်ခွဲဘို့ အုပ်ချုပ်ရေးက ပုဂ္ဂိုလ်တွေပါ ပါလာရတာတို့၊ ဒါတွေ စုပေါင်း-စပ်ပေါင်း၊ ဆောင်ရွက်ရတာမျိုးကို ပြောချင်တာပါ။ ဒီအခါမှာ “ဆရာဝန်များက ဆေးစကားထက်မက ပိုပြောလာကြတယ်။” ကွန်မြူနတီ ခေါင်းဆောင်လို၊ အုပ်ချုပ်ရေး ခေါင်းဆောင်လို ပြောလာကြတယ်။ ဒါ့ကြောင့် အတူတူချင်းကို အတူတူ မဟုတ်ဘူး ထင်မြင်လာတာ နေမယ်ထင်ပါတယ်။

သိပ် ခေတ်နောက်ကျန်နေတဲ့ နေရာဒေသတွေအတွက် “ဆရာဝန်မရှိရင်၊ ဘယ်လိုလုပ်မလဲ”။ “အမျိုးသမီးများ ဆရာဝန် မရှိရင် ဘာလုပ်မလဲ”၊ စတဲ့ စာအုပ်တွေဟာ အကြိမ်ကြိမ်ထုတ်၊ ဘာသာပေါင်စုံပြန်ဆိုရတဲ့အထိ ခေတ်စားလာတယ်။ ဗမာပြည်အတွက်လည်း တကယ် အသုံးဝင်လှပါတယ်။ နယ်စပ်တွေ၊ ဒုက္ခသည်တွေရှိတဲ့ နေရာတွေမှာဆို ကျန်းမာရေး (ဘိုင်ဘယ်) ဖြစ်ရော။ အသုံးတော့ အတော်ဝင်ပါရဲ့၊ ဒါပေမဲ့ ကျွန်တော့်အမြင်က သူ့နေရာနဲ့သူ ဖြစ်သင့်တယ်ထင်တယ်။

ဓါတ်ဆားရည်ဖျော်နည်းဆိုရင် သိပ် သင်ဘို့၊ ဟောပြာဘို့ ကောင်းတဲ့ အကြောင်းအရာ တခုပါ။ နဲနဲ အဆီအငေါ် မတည့်တာလေးတခု ရေးရအုံးမယ်။ နိုင်ငံကြီးတခုရဲ့ မြို့တော်မှာ ၀မ်းပျက်တာကို ဆရာဝန် မရှိရင်၊ ဘယ်လိုလုပ်မလဲ စာအုပ်ထဲက ဓါတ်ဆားရည်ဖျော်နည်းအတိုင်း ဆရာဝန်က အလုပ်ခိုင်းပါတယ်။ သူ့လူနာ ဆရာကတော်က ပြန်ပြောတယ်။ “ကျမတော့ ရှင့်နည်းအတိုင်း လုပ်မနေနိုင်ဘူး၊ ဆိုင်က ၃ ကျပ်ပေး ၀ယ်သောက်မယ်” တဲ့။

ဒီလိုဆရာသမားမျိုးတွေက ပြည်သူ့ကျန်းမာရေး ဆူပါ-စပါယ်ရှယ်လစ်တွေ ဖြစ်တယ်။ ဆေးကုတဲ့ ဆရာဝန် ဆိုရင် ကျပ်မပြည်တဲ့ လူတွေလို့ ထင်နေသလား မပြောတတ်ဘူး။ (ပရောဂျက်) ဆရာတွေ၊ ဟိုကော်မတီ၊ ဒီကော်မတီမှာ တာဝန်ရှိဆရာတွေက တမျိုး။ ဆေးကုနေတဲ့ ဆရာဝန်မျိုးဆိုရင် အမျိုးသားကျန်းမာရေး အပြင်ဘက်က လူတွေလို့ အစည်းအဝေးတွေ၊ သင်တန်းတွေမှာ ပို့ချတတ်တယ်။

ကျန်းမာရေးပညာပေးတဲ့ အလုပ်ဆိုတာ အတော် မလွယ်တဲ့ အလုပ်ပါ။ ရိုးရိုး ရှင်းရှင်းလေးနဲ့ မရတဲ့ အလုပ်မျိုးလို့ ထင်ပါတယ်။ “ကဲ့ လာကြပါ၊ ပညာပေးဟောပြောမယ်” ဆိုတာက နည်းတခုတည်းသာ ဖြစ်တယ်။ ပညာပေးပွဲတခု လုပ်ပြီးပြီလို့တော့ အစီရင်ခံစာထဲ ထည့်ရေးနိုင်တာပေါ့။ (ပင်ပလက်)တခု ထုတ်မယ်၊ လေးရောင်ခြယ် ပုံတွေနဲ့။ ကောင်းပါတယ်။ ပညာပေး စာအုပ်တအုပ် ဘာသာပြန်မယ်။ ကောင်းတာဘဲ။ ကက်ဆက် ခေတ်ကုန်ပြီ စီဒီ နဲ့ ထုတ်မယ်။ ဗွီစီဒီ ပိုကောင်းတာဘဲ။ သင်တန်းပေးမယ်။ တဖွဲ့က ဘယ်နှစ်ယောက်စီ။ ခွဲတမ်းချ။ ကောင်းပြန်သေးတာပဲ။ အဲ့ နှစ် အတော်ကြာလို့ ပြန်ဆန်းစစ်လိုက်ရင် ဘယ်လောက် အကျိုးများလာသလဲဆိုတာက ပိုအရေးကြီးပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကျန်းမာရေး အဆင့် ပြောရရင် ရှက်စရာပါဗျာ။ ကိုယ့်အောက်မှာ ဘယ်နှစ်နိုင်ငံဘဲ ရှိသလဲ။ အားလုံးမှာ တာဝန်မရှိဘူးလား။

ဆေးကုနေသူဆရာဝန်ဟာ တကယ် မကျန်းမာသူ လူနာတွေနဲ့ နဖူးတွေ့-ဒူးတွေ့ တွေ့နေရတယ်။ ဆိုပါစို့ အသဲရောင် အသားဝါလူနာ။ ဆရာက လူနာကို ဘယ်လိုက ဘယ်လိုဖြစ်တာ၊ ဘယ်လိုနေပါ၊ စသဖြင့် ပြောရတယ် မဟုတ်လား။ နှစ်ကိုယ်ခြား ပြောရတာ မဟုတ်ဘူးလေ။ လူနာစောင့်တွေလဲ ပါတယ်။ ဘေးမှာလဲ တခြားလူနာတွေ ရှိတယ်။ အဲဒါ ပညာပေးနေတာ မဟုတ်ဘူးလား။ ကာကွယ်ရေးလုပ်နေတာ မဟုတ်လား။ လူ့စိတ်ဆိုတာ သိတဲ့အတိုင်း အခုဖြစ်နေတာကို ပိုအာရုံစိုက်တတ်တယ်။ ဟောပြောပွဲလာ နားထောင်ရတာမျိုးနဲ့ မတူဘူး။ ဒီဘက်မှာ ကျန်းမာရေး ဟောပြောပွဲလုပ်ရင် (အင်ဂျီအို)က ဆိုက်ကားခပေးမှ၊ ဆရာဝန်က ဟောပြောပြီးရင် ဆေးကုပေးမှ လူလာတယ်။ ကိုယ့်ရောဂါအတွက် ကိုယ့်စရိတ်နဲ့ကိုယ် လာတဲ့လူနာကို ဖမ်းပြီး ပြောပြရတာက ပိုရောက်တာ တွေ့လာရတယ်။

အထူးကုဆရာဝန်တဦးကို ဆေးကုတဲ့ဆရာလို့ သတ်မှတ်ကြမယ်ထင်ပါတယ်။ အဲဒီဆရာတွေက ကျန်းမာရေး ပညာပေး စာတွေ ရေးမယ်။ ရေဒီယိုနဲ့ တီဗွီကနေ သူ့ဘာသာရပ်အကြောင်း ဟောပြောကြတယ်။ ကျန်းမာရေး ပညာပေးတာဟာ ကာကွယ်ရေးအတွက် လုပ်နေတာ မဟုတ်ပါလား။

ဆရာဝန်၊ သူနာပြုတွေထဲမယ် စာရေးဝါသနာပါသူ၊ စာရေးတော်တဲ့သူတွေ မနည်းပါ။ သူတို့တတွေက ရေးရင် ပရိတ်သတ် အားကောင်းလို့ ပညာပေးတာ ထိရောက်တယ်။ (ဘလော့ခ်)တွေ ပေါ်လာတော့ နည်းပေါင်းစုံနဲ့ ရေးကြတယ်။ အတုံးလိုက် အတစ်လိုက် မဟုတ်တော့ဘူး။ အသံတွေ၊ ရုပ်တွေ၊ (မူဗွီ)တွေပါလို့ ဆွဲဆောင်မှု ပိုရှိတယ်။ တချို့တွေဆိုရင် ဆေးကုနေသူလဲ မဟုတ်၊၊ (ပရောဂျက်)ဆရာတွေလဲ မဟုတ်ဘူး။ ဆရာဝန် နှစ်မျိုး နှစ်စားမက ဖြစ်သွားရော။ ရောက်ရာ အရပ်ကနေ တတ်သိပညာ-မနေသာ ဆိုသလို ရေးတာ၊ ဘာသာပြန်တာ၊ ဆွေးနွေးတာတွေ လုပ်နေကြတယ်။ ဟို(ဘလော့ခ်) ကနေ ဒီ(ဘလော့ခ်) ထပ်ဆင့် ဖြန့်ပေးသူရှိရင် ပရိသတ် ပိုများသွားပြီပေါ့။ ရုပ်ရှင် ကြိုက်သူများ အားလပ်ချိန်မှာ အောက်နားက ပညာပေးစာလေး ၀င်ဖတ်သွားတတ်သလို၊ ဘာသာရေး (ဘလော့ခ်) ထဲက ရေးထားတာလေး တွေ့သွားမျိုးလဲ ရှိတယ်လို့ (စီ-ဘော်က်စ်) ကနေသိရတယ်။

ဆေးခန်းတွေကနေ (ကွန်ဒွန်) ဝေတာတို့၊ ရေသန့်ဆေးပြားပေးတာတို့၊ ဆရာမတွေကနေ အမျိုးသမီးချင်း လိင်ကတဆင့် ကူးစက်ရောဂါအကြောင်း ပြောပေးတာတို့၊ သားဖွါးပေးရင်း မျိုးပွါးပညာ ပြောပြတာတို့၊ ဒါတွေဟာ ထိရောက် လက်တွေ့ကျတဲ့ ကာကွယ်ရေး-ပညာပေးရေးတွေပါဘဲ။ ပြည်သူ့ကျန်းမာရေးလို့ မသတ်မှတ်ချင်ရင် ဘယ်သူ့ကျန်းမာရေး ပါလဲ။

ချုပ်လိုက်ချင်တာက ဆရာဝန်များသည် ဆရာဝန်တို့ လုပ်အပ်သည်များကို တတ်စွမ်းသရွေ့လုပ်ကြသည်။ ဆေးကု-ကာကွယ်-ပညာပေး၊ အရေးသုံးပါး အားလုံးဖြစ်ပါသည် ခင်ဗျား။

Dr. တင့်ဆွေ


Related Posts :



2 comments:

Ye Myat Ko said...

ပြည်သူ့ကျန်းမာရေးဆိုတာ ပြောရင်ပြောနိုင်သလောက် ကျုယ်ပြန့်လှပါတယ်။ ဆေးကုတဲ့ဆရာဝန်တွေကို ကာကွယ်ရေးမလုပ်ဘူးလို့ပြောတာက တကယ်တမ်းကြတော့ technically မှားပါတယ်။ သူတို့က primary prevention မလုပ်ရင် မလုပ်မယ်။ secondary တို့ tertiary prevention တို့တော့ လုပ်ပါတယ်။ သူတို့မရှိရင် public health ဆိုတဲ့ ဘာသာရပ်လည်း ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။ တစ်ခုတော့ရှိတယ် ။ ဆေးကုတဲ့နေရာမှာ စိတ်ထားလေးမှန်ဖို့တော့လိုတာပေါ့။ public health ဆိုတိုင်း ဆရာဝန်တွေကိုပဲ ပြေးမြင်နေလို့လည်း မရဘူးလေ။ ဆရာဝန်အရေအတွက် သိန်းဂဏန်းလောက်ကလေးက ပြည်သူ သန်း 50 လုံးကို ကျန်းမာအောင် ဒေါင်ဒေါင်မြည်အောင် ဘယ်လိုလုပ်နိုင်မှာလဲ။ ကိုယ့်ရပ်ကွက် ကိုယ့်မြို့ရွာ လောက်စီကို ကိုယ်တတ်နိုင်သလောက် ကုသပေးနေတဲ့ဆရာဝန် တွေကလည်း public health သူရဲကောင်းတွေပါပဲ။ ပိုက်ဆံယူပဲယူဖို့သိတယ်လို့ ပြောလိုက်ရင်တော့ သိပ်မတရားလှပါဘူး။ တကယ်ဆိုးတဲ့သူ အနည်းငယ်အတွက် စေတနာ ဆရာဝန်မြောက်များစွာကို စော်ကားရာရောက်ပါတယ်။ ဆေးမကုဘူး ကာကွယ်ရေးပဲလုပ်တယ်ဆိုတဲ့ လူတွေတောင် ဒေါ်လာစားပြီးနေကြသေးတာပဲ။ GP ထိုင်တဲ့ ဆရာဝန်တွေ နှပဲခြောက်ပြားလောက် စားတာကို အပြစ်မပြောသင့်ဘူးလေ။ တစ်ခါတစ်လေမှာ ကျင့်ဝတ်တွေ လုပ်ထုံးလုပ်နည်းတွေ ကအရေးကြီးမှန်းသိပေမယ့် ဘ၀ပေးအခြေအနေ မပေးလို့ မလိုက်နာနိုင်တာလေးတွေရှိနိုင်ပါတယ်။ အပြစ်တင်နေမယ့်အစား ပြဿနာရဲ့ အရင်းအမြစ်ကို နားလည်အောင် လုပ်ဖို့လိုပါတယ်။

tune said...

ဒီကွန်မန့်က ဒီပို့စ်နဲ့ မဆိုင်ဘူး ထင်တယ်နော်။ ဆိုင်များနေသလားလို့ အပြန်ပြန် အလှန်လှန် ပြန်ဖတ်ကြည့်နေတာ။
ဟုတ်ပါတယ်။
လူတိုင်း အသက်ရှင် ရပ်တည်ဖို့အတွက် အတိုင်းအတာ တစ်ခုအထိ ၀င်ငွေလိုပါတယ်။
မတရားလုပ်နေတာတွေ မသမာတဲ့ နည်းတွေ မဟုတ်ရင် ပြီးတာပါပဲ။
ကိုယ် မှန်တယ်ဆိုတာကို ပြောပြဖို့အတွက် သူများမှားတယ်လို့ လက်ညှိုးထိုးစရာလဲ မလိုပါဘူး။
ပြည်သူ့ကျန်းမာရေးကတော့ ဆေးကုနေတဲ့ ဆရာဝန်တွေတင် မကပါဘူး .. လူတိုင်း လူတိုင်းနဲ့ သက်ဆိုင်ကြောင်း ကျွန်မ ပို့စ်တစ်ခုမှာ ရေးခဲ့ဖူးပါတယ် ။ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းမွန်မွန် တာန်ကျေကျေ လုပ်နေတဲ့ သူတိုင်း ပြည်သူ့ကျန်းမာရေးကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်စေ ကူညီရာ ရောက်ပါတယ်။
ဆရာလေး .. ဘာတွေ မကျေမနပ် ဖြစ်နေပါသလဲ။ ပို့စ်အသစ် တင်ပါဦး။