Friday, October 30, 2009

မပေးသင့်တဲ့အမွေ



မိဘဘိုးဘွားအမွေ...ဆိုတာပြောသံကြားဖူးကြမှာပါ။ အမွေရတယ်၊ အမွေဆိုင်တယ်၊ အမွေလုတယ်..စသည်ဖြင့် လောကီလူ့ဘောင်မှာအမွေဆိုင်ရာစကားလုံးတွေအများကြီးတွေ့နိုင်ပါတယ်။ မိဘဘိုးဘွားတိုင်းလိုလိုနောင်လာနောက်သား သားသမီးမြေးတွေကို ကောင်းမွေဘဲပေးချင်ကြတယ်။ ဥစ္စာအမွေ၊ ပညာအမွေ၊ ဓနအမွေ...အမျိုးမျိုးပေါ့လေ။

ဒီလိုအမွေတွေထဲမှာ မပေးသင့်တဲ့အမွေကို၊ မသိလိုက်ဘဲပေးမိခဲ့ကြတဲ့၊ ပေးမိနေကြတဲ့မိဘဘိုးဘွားတွေအများကြီးရှိပါလိမ့်မယ်။ ဒါကတော့ သွားပိုးစားရောဂါဖြစ်စေတဲ့ S. Mutans လို့ခေါ်တဲ့ရောဂါပိုးအပါအ၀င်ဘက်တီးရီးယားပိုးတွေပါ။
အဖြစ်ကဒီလိုပါ။....

မွေးခါစ၊ အမိဝမ်းကထွက်ခါစမှာ ကလေးတွေအားလုံးရဲ့ခံတွင်းဟာ ရောဂါပိုးမွှားကင်းစင်နေခဲ့ပါတယ်။ မိခင်နို့ကိုစို့ချိန်၊ နို့ဘူးစို့ချိန်၊ ကိုယ့်လက်ကိုပြန်စုပ်တတ်ချိန်တွေကစလို့၊ မိခင်ရဲ့အရေပြား၊ နို့ဘူးနဲ့ ကိုယ့်လက်မှာကပ်ညိလာတဲ့သာမန်အားဖြင့်ရောဂါမပေးတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ၊ ကလေးခံတွင်းထဲကိုစတင်ရောက်ရှိပြီး၊ ပါးစောင်၊ လျှာ၊ သွားမပေါက်သေးတဲ့သွားဖုံးသားတွေပေါ်မှာ ကပ်ညိနေထိုင်ကြပါတော့တယ်။ ဒီအချိန်ကစပြီး၊ နေ့စဉ်စားတဲ့အစာ၊ ထိတွေ့တဲ့အရာဝတ္ထုစတာတွေကနေ အမျိုးမျိုးသောပိုးမွှားတွေ တစစရောက်လာကြပြီး လူကိုအမှီပြုပြီး အသက်ရှင်နေထိုင်လိုက်ကြတာ ပိုးအမျိုးပေါင်း ၅၀၀ကျော်အထိရှိတာကိုတွေ့ကြရပါတယ်။ ဒီပိုးတွေက လူနဲ့ပိုးမွှားရဲ့သဟဇာတမျှနေမှု balance ပျက်သွားတာနဲ့ ရောဂါတွေကိုပေးနိုင်ပါတယ်။ အဲဒီထဲက အဆိုးဆုံးကတော့ Streptococcus Mutans (S. Mutans) လို့ခေါ်တဲ့ဘက်တီးရီးယားဖြစ်ပါတယ်။

တွယ်ကပ်တဲ့ပရိုတိန်းဓာတ်တွေထုတ်နိုင်တဲ့ ဒီပိုးကစပြီး သွားမျက်နှာပြင်၊ ပါးစောင်စတဲ့မျက်နှာပြင်တွေပေါ်အရင်တွယ်ကပ်ပြီး၊ တခြားပိုးတွေသူ့အပေါ်မှာပွားများပြီးနေနိုင်အောင်ဖန်တီးပေးလို့ပါဘဲ။ သွားပိုးစားရောဂါဖြစ်စေတဲ့၊ စားကြွင်းစားကျန်တွေကနေ အက်စစ်ဓာတ်ထုတ်တဲ့လုပ်ငန်းစဉ်မှာလည်း ဒီပိုးက အရေးကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်သွားပိုးစားနိုင်တဲ့အလားအလာ Caries Risk များမများကို၊ S. Mutans အနည်းအများနဲ့သတ်မှတ်နိုင်ပါတယ်။ အချိုတွေစားပေမယ့် တချို့ကပိုးစားတယ်တချို့ကပိုးမစားဘူး၊ သွားတနေ့တခါဘဲတိုက်ပေမယ့်ပိုးမစားဘူး..စသည်ဖြင့် လူတစ်ယောက်နဲ့တစ်ယောက် သွားပိုးစားနှုန်းချင်းကွာတာဟာ၊ ဒီပိုးပမာဏကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ့်ခံတွင်းထဲမှာ အမြဲနေနေကြတဲ့ဒီ S. Mutans ပိုးတွေများနေရင်၊ သူများတွေထက်သွားပိုးစားနိုင်ခြေပိုများနေမှာဖြစ်ပါတယ်။

အမွေကိုပြန်ဆက်ရရင်၊ မိဘဘိုးဘွားတွေရဲ့ကလေးပြုစုစောင့်ရှောက်တဲ့ဓလေ့ကိုပြောရပါလိမ့်မယ်။ အထူးသဖြင့် ရှေးလူကြီးလို့ ကျွန်တော်တို့သုံးနှုံးခေါ်ဝေါ်တဲ့ လူကြီးတွေတော်တော်များများက သွားမပေါက်သေးတဲ့ကလေးတွေကို အစာဝါးပြီးခွံ့လေ့ရှိကြပါတယ်။ ကလေးအတွက်သီးသန့်ထုတ်တဲ့အသင့်ဖျော်ကျွေးလို့ရတဲ့အစာတွေသုံးတာ ခေတ်မစားသေးတဲ့ မြန်မာနိုင်ငံနေရာတော်တော်များများမှာဒီဓလေ့ရှိနေနိုင်ပါသေးတယ်။ လူကြီးတွေဝါးပြီးထုတ်လိုက်တဲ့အစာတွေမှာ ခံတွင်းထဲက၊ သွားမျက်နှာပြင်ပေါ်က၊ တံတွေးထဲက ရောဂါပိုးမွှားတွေဘယ်လောက်တောင်များလိမ့်မလဲဆိုတာ မှန်းကြည့်နိုင်ပါတယ်။ ကိုယ့်ခံတွင်းထဲကပိုးမွှားတွေကို ကိုယ်သိပ်ချစ်တဲ့ သားသမီး၊ မြေးလေးကို အမွေပေးမိခြင်းပါဘဲ။ ဒါကို မပေးသင့်တဲ့အမွေလို့ကျွန်တော်က သုံးရခြင်းဖြစ်ပါတယ်။ ဒီပို့စ်မှာသွားပိုးစားရောဂါဖြစ်စေတဲ့ဘက်တီးရီးယားကိုဘဲ အဓိကပြောထားပေမယ့် အသည်းရောင်အသားဝါဘီ-စီပိုးလို တံတွေးထဲမှာရှိနိုင်တဲ့ ဆိုးဝါးတဲ့ရောဂါတွေလည်းကူးနိုင်ပါသေးတယ်။

ဝါးပြီးခွံ့တာအပြင်၊ ကလေးနှုတ်ခမ်းကိုနမ်းရှုံ့တာ၊ ကလေးလက်ကိုကိုယ့်ခံတွင်းထဲထည့်စေပြီးကျီစယ်ကစားတာ၊ နို့ဘူးရဲ့နို့သီးခေါင်းကို နှုတ်ခမ်း-လျှာစတာတွေနဲ့ ပူမပူစမ်းကြည့်တာ၊ လူကြီးစားတဲ့ ဇွန်း-ခရင်း-တူ စတာတွေနဲ့ကလေးကိုခွံ့ကျွေးတာစတဲ့ အပြုအမူတွေကလည်း လူကြီးဆီကနေ ကလေးဆီကို ဘက်တီးရီးယားအမွေပေးတာတွေပါဘဲ။

ဒီပို့စ်ကိုဖတ်မိတဲ့စာဖတ်သူတွေကတဆင့် မြန်မာပြည်က ကိုယ်နဲ့နီးစပ်ရာ မိတ်ဆွေ-ဆွေမျိုးတွေကိုအသိဖြန့်ဝေပေးကြမယ်ဆိုရင်၊ နောင်မျိုးဆက်သစ်ကလေးတွေအတွက် မပေးသင့်တဲ့အမွေမပေးမိစေဖို့ အသိပညာဒါနပြုလုပ်ခြင်းတမျိုးအနေနဲ့ ကုသိုလ်တွေရကြမယ်လို့မျှော်လင့်ပါကြောင်း..........

Ref: Caufield PW, Griffen AL. Dental caries. An infectious and
transmissible disease. Pediatr Clin North Am, 2000; 47; 1001-19.

Posted by Dr. Nyan

Read More...

Thursday, October 29, 2009

Apology


စိတ်မြန်တဲ့ အကျိုးသက်ရောက်မှုပါပဲ။

ပြီးခဲ့တဲ့ Anti-smoking ads ဆိုတဲ့ ပို့စ်ကို မှန်ကန်မှု ရှိလား မရှိလား အရင် မစုံစမ်းဘဲ ပို့စ်ကို အရင်တင်ခဲ့မိတယ်။

တင်ပြီးမှ စိတ်ထဲမှာ မကျေနပ်ဖြစ်လွန်းလို့ လိုက်စုံစမ်းတော့ အဲဒီ တန်ပြန်ကြော်ငြာတွေက အစစ်အမှန်မဟုတ်ဘဲ တမင် သရော်ပြီး လုပ်ထားတဲ့ နေရာက လာတာလို့ သိရတယ်။

The onion ဆိုတဲ့ website က သတင်းတွေ၊ ပညာပေးကြော်ငြာတွေကို လှောင်ပြောင်ပြီး အတည်လိုလိုနဲ့ တင်နေတဲ့ နေရာဆိုတာကို ဒီနေ့မှ သိလိုက်ရတယ်။

သူက ယုံကြည်စိတ်ချရတဲ့ အမေရိကန် နိုင်ငံက စီဒီစီ နာမည်ကို သုံးပြီး အတည်နဲ့ လုပ်ထားတဲ့ ကြော်ငြာ ဖြစ်တာရယ်၊ အတန်းထဲမှာ ပြဖြစ်သွားတာရယ်ကြောင့် ကျွန်မက အတည်လို့ ယူဆလိုက်မိတယ်။

သူတို့ နိုင်ငံက သူတွေကတော့ the onion website ကို သိပြီးသား ဖြစ်နေတာလား၊ ဒါမှ မဟုတ် သူတို့ ကိုယ်တိုင် မသိတာလား ဆိုတာကိုတော့ နောက်တစ်ပတ် အတန်းချိန်ကျမှပဲ မေးလို့ရပါလိမ့်မယ်။

ဆရာက ကိစ္စရှိလို့ ထွက်သွားခါနီးမှာ ကျောင်းသူ တစ်ဦးက ပြလိုက်တာကြောင့် ထင်ယောင်ထင်မှား ဖြစ်စရာတွေ ဖြစ်သွားခဲ့တာပါ။

အဲဒီပို့စ်တစ်ခုလုံး သုံးလို့ မရတော့ပေမယ့် ဘာတွေေ ရးခဲ့မိတယ် ဆိုတာ ကိုယ့်ဖာသာကိုယ် မှတ်မှတ်သားသား ရှိအောင် ဆက်ထားရမလား၊ အဲဒီပို့စ်ကိုပဲ ဖတ်မိတဲ့ သူတွေက အတည်လို့ ထင်မှာ စိုးလို့ ဖျက်ပစ်လိုက်ရမလားလို့ စဉ်းစားလို့ မရတာနဲ့ တခြား admin တစ်ဦးကို လှမ်းတိုင်ပင်အပြီးမှာ ပြန်ဖြုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာပါ။

ကျွန်မ အတွက် အလွန်ကို ကြီးမားတဲ့ သင်ခန်းစာပါပဲ။

နောက်ကို အတည်ပြုနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ နေရာတွေကို သေသေချာချာ မတွေ့ရဘဲ ပြောဖို့ ရေးဖို့ တော်တော်ကို ခက်သွားပါပြီ။

ကိုယ့်ရဲ့ ယုံကြည်စိတ်ချရမှုကိုလဲ ကိုယ်တိုင် ပြန်စစ်ဆေးမိပါတယ်။

မဖျက်ခင်က ဖတ်မိသွားတဲ့ သူတွေ အားလုံးကိုလဲ ဒီပို့စ်နဲ့ တောင်းပန်ပါတယ်။

Read More...

Sunday, October 18, 2009

ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ

ဆရာဝန်တွေကို တီဘီရောဂါ ရှာဖွေစမ်းသပ်မှုနဲ့ ကုသရေးကို အရင်ကလို သင်ပေးခြင်းမရှိတာကို World Medical Association (WMA) ကမ္ဘာ့ဆေးပညာအသင်းက စိုးရိမ်တယ်လို့ ၁၆-၁၀-၀၉ နေ့က ပြောလိုက်ပါသတဲ့။ ဒါ့ကြောင့် (အွန်လိုင်း) ကနေ မွမ်းမံသင်တန်းပေးမယ်လို့လဲ ဆိုပါတယ်။

ဒီသင်တန်းမှာ တီဘီရောဂါရဲ့ အခြေခံ သတင်း အချက်အလက်တွေ၊ နောက်ဆုံးပေါ် ရောဂါရှာဖွေနည်းတွေ၊ ဘယ်လို ကုသရမယ်၊ နောက်ပြီး ဆေးပေါင်းစုံ ခံနိုင်ရည်ရှိတဲ့ တီဘီ အကြောင်းအရာတွေ ပါမယ်လို့ ဆိုပါတယ်။ နောက်တခါ လူနာတွေအဘို့ ဆေးကုသမှုအပေါ်မှာ စဉ်ဆက်မပြတ် လိုက်နာနေဘို့နဲ့၊ နေရာဒေသမရွေး အသုံးချနိုင်အောင် တကမ္ဘာလုံး ခြုံ့ကြည့်တတ်ဘို့ ဆိုတာတွေလည်း ပါပါအုံးမယ်။

၂၀၀၆ ခုနှစ်မှာ Multidrug-resistant tuberculosis (MDR-TB) ဆေးပေါင်းစုံ ခံနိုင်ရည်ရှိတဲ့ တီဘီ အကြောင်းကို (အွန်လိုင်း) ကနေစလုပ်ခဲ့တုံးက ဆရာဝန်တွေဟာ တီဘီရောဂါရဲ့ အခြေခံ အချက်အလက်တွေကို မေ့နေကြတာကို သိလာရတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်က နေရာ အတော်များများမှာ ဒီရောဂါက ပပျောက်သွားပြီမို့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ တီဘီလူနာဆိုတာကို ဆရာဝန်တွေ မြင်တောင် မမြင်ဘူးကြတော့ဘူး။ ဒါ့ကြောင့်လဲ တီဘီရောဂါ ရှာဖွေ စမ်းသပ်တာ နဲ့ ကုသရေးကို သင်ပေးစရာ မလိုတာမျိုး ဖြစ်သွားရပါသတဲ့။

အခုတော့ တီဘီဟာ ခေါင်းပြန်ထောင်လာတာမို့ တကမ္ဘာလုံးက ဆရာဝန်မှန်သမျှ တီဘီကို အခြေခံကအစ သိထားဘို့ လိုတာမို့ (အွန်လိုင်း) မွမ်းမံသင်တန်းဟာ တီဘီအဖြစ်များတဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အတော်အသုံးဝင်ပါလိမ့်မယ်။

သင်ရိုးညွှန်းတမ်းကို ကမ္ဘာ့ဆေးပညာအသင်းအတွက် New Jersey Medical School Global Tuberculosis Institute, USA ကနေ ရေးသားပြုစုတာပါ။ တီဘီကို “အတိတ်ကဝေဒနာ” လို့တောင် ထင်ထားကြပါတယ်။ တကယ်တော့ တနေ့ တနေ့ လူပေါင်း ၄၅၀၀ ဟာ တီဘီကြောင့် သေနေကြရတာပါ။ သေရသူတွေကလည်း အလုပ် လုပ်နိုင်တဲ့ အရွယ် ၁၅ နှစ် ကနေ ၅၄ နှစ်အရွယ်တွေ ဖြစ်ပါတယ်။ လူ ၉ သန်းဟာ တီဘီဖြစ်လာနေပြီး၊ နှစ်တိုင်း ၂ သန်းဟာ တီဘီကြောင့် သေရတယ်။ တကမ္ဘာလုံးဆိုရင် လူပေါင်း ၂ ဘီလျံဟာ တီဘီဝေဒနာသယ်တွေပါ။ HIV ရှိသူတွေရဲ့ ၇၅%ဟာ တီဘီ ရှိနေကြပါတယ်။

သင်တန်းသစ်ဟာ တကမ္ဘာလုံးက လက်ခံ ကျင့်သုံးနေတဲ့ တီဘီကို ဘယ်လို ထိန်းမလဲဆိုတဲ့ နိုင်ငံတကာ ဗျူဟာနဲ့ လိုက်လျော ညီထွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဆေးပညာအသင်းက လွန်ခဲတဲ့ ၂ နှစ်ကတည်းက ပေးနေတဲ့ ဆေးပေါင်းစုံပြီးတဲ့ တီဘီ အစီအစဉ်နဲ့ပါ ဆက်နေပါမယ်။ အစိုးရဌာနဆရာဝန်ဖြစ်ဖြစ် အလွတ်ဆရာဝန်ဖြစ်ဖြစ်ကို အခမဲ့ပေးမဲ့ သင်တန်း ဖြစ်ပါတယ်။ သင်တန်းပြီးထားရင် (ခရက်ဒစ်)ဆိုတဲ့ ဆရာဝန်ရဲ့ပညာ-အတွေ့အကြုံ မှတ်တမ်းမှာ အမှတ်ရပါမယ်။ ဒါဟာ စဉ်ဆက်မပြတ် ဆေးပညာ သင်ယူရေး အစီအစဉ် Continuing medical education programme အရ ဖြစ်ပါတယ်။ အင်္ဂလိပ် ဘာသာအပြင် ပြင်သစ်၊ စပိန်၊ တရုပ်နဲ့ ရုရှားလိုပါ သင်ပေးမှာပါ။

ဒီပညာသင်အစီအစဉ်ကို Lilly MDR-TB Partnership ကနေ တီဘီထိန်းချုပ်ရေးအတွက် Global Plan to Stop TB 2006-15 ကို အထောက်အကူပေးတဲ့အနေနဲ့ ကန့်သတ်မှုမရှိ ငွေကြေး အထောက်အပံ့ ပေးမှာပါ။ ဒီလိုလုပ်နေတာဟာ တကမ္ဘာလုံးက ဖွံ့ဖြိုးရေး အဖွဲ့အစည်းနဲ့၊ အတတ်ပညာသင် (အင်စတီကျု) ပေါင်း ၂၀ ကနေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Dr. တင့်ဆွေ

Read More...

Monday, October 12, 2009

အစာအိမ်နာနှင့် စပ်မိစပ်ရာ

အစာအိမ်နာနဲ့ပတ်သတ်ပြီး ရှေးရိုး အစဉ်အဆက်က သိထားနှင့်ပြီးသား အချက်တွေရှိပေမယ့် ဆေးဘက်ဆိုင်ရာ အတွေး အမြင်သစ်တွေကို ဖတ်မိတဲ့အခါ စိတ်ဝင်စားစရာမို့ စပ်မိစပ်ရာလေးတွေ ရေးဖြစ်ခဲ့ပါတယ်။

အစာအိမ်နာနှင့် စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဟာ ရောဂါအတော်များများကို ဖြစ်စေတယ်လို့ ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းက ယူဆခဲ့ကြပါတယ်။ San Francisco မှာရှိတဲ့ California တက္ကသိုလ် အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာ ဌာန လက်ထောက် ပါမောက္ခ ဒေါက်တာ mathy က စိတ်ဖိစီးမှုဟာ ကျန်းမာရေးစနစ်မှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်ပေမယ့် အစာအိမ်နာဖြစ်စေဖို့ ဒါမှမဟုတ် ပျောက်ကင်းစေဖို့ကိုတော့ သိပ်မစွမ်းဆောင်နိုင်လှပါဘူးလို့ ဆိုပါတယ်။


အစာအိမ်နာနှင့် အပူအစပ်စာ
အပူအစပ်တွေစားပြီးတဲ့အခါ ရင်ပူ၊ ရင်ခေါင်းအောင့်တတ်တဲ့ အတွေ့အကြုံတွေ ရှိပေမယ့်လည်း spice ကို capsaicin ဆိုတဲ့ငရုတ်ကောင်းတမျိုးမှရတဲ့ ဓါတ်တမျိုးမှတဆင့် ထုတ်လုပ်ထားတာဖြစ်ပြီး အဲဒီငရုတ်ကောင်းဟာ အစာအိမ်နာကိုမဖြစ် စေပါဘူး။ ဒေါက်တာ Mathy ကတော့ တချို့သောအစားအစာတွေဟာ အစာအိမ်နာမဖြစ်စေပေမယ့် အစာအိမ်နာရှိနေတဲ့သူကို ဝေဒနာပိုဆိုးအောင်စွမ်းဆောင်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ capsaicin ပါဝင်မှုနည်းတဲ့ တရုတ် အစားအစာကို စားသုံး သူတွေမှာ အိန္တိယ၊ မလေးအစားအစာ စတဲ့ အပူအစပ်စာ စားတဲ့သူတွေထက် အစာအိမ်နာဖြစ်ပွားမှုသုံးဆ ပိုတာကို တွေ့ရတာပါဘဲ။ သုတေသီတွေကတော့ capsaicin ဟာ အစာအိမ်မှာရှိတဲ့ အာရုံကြောတွေကို လှုံ့ဆော်ပြီး အစာအိမ်နာကို ကာကွယ်ပေးတဲ့ ဓာတုပစ္စည်းများ ထုတ်ပေးတယ်လို့ယူဆကြပါတယ်။ အဲဒီလိုပါပဲ capsaicin အစာအိမ်မှာရှိတဲ့ အက်ဆစ် ပမာဏကို ပြောင်းလဲစေပြီး အစာအိမ်နာကို ဖြစ်စေတဲ့ Helicobacter pylori ကိုသေစေတယ်လို့လည်း ယူဆကြပြန်ပါတယ်။

အစာအိမ်နာနှင့် နွားနို့သောက်သုံးမှု
အပူအစပ်တွေဟာ အစာအိမ်နာဖြစ်တယ်လို့ လူအတော်များများ ယုံကြည်ကြသလိုပဲ နွားနို့သောက်ခြင်းဟာလည်း အစာအိမ်နာကို ပျောက်ကင်းစေတယ်လို့ ယူဆတာတွေရှိပါတယ်။ အခုနောက်ဆုံး အယူအဆကတော့ နွားနို့ဟာ အစာအိမ်နာကို ပျောက်ကင်းစေတာ မဟုတ်ပဲ သက်သာရုံသက်သာ စေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ဒေါက်တာ Mathy က နွားနို့သောက်သုံးခြင်းဟာ အစာအိမ်ကို တံတိုင်းတစ်ခုလို အလွှာတစ်ထပ်နဲ့ ကာရံပေးပေမယ့်လည်း အစာအိမ်နာကို ပျောက်ကင်းအောင်တော့ မစွမ်းဆောင်နိုင်ပါဘူးလို့ ဆိုထားပါတယ်။

အဲဒီအပြင် Los Angeles, California တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Weinstein က လည်း လူဦးရေရဲ့ ၆၅%ဟာ lactose နဲ့ မတည့်တတ်ကြပြီး အဲဒီလိုဓါတ်မတည့်ခြင်းဟာ အသက်ရလာတာနဲ့အမျှ များလာတယ်လို့ဆိုပါတယ်။ ဒါကြောင့် အစာအိမ်နာကို ပျောက်ကင်းအောင် နွားနို့သက်သက်ချည်း သောက်သုံးတာဟာ သင့်လျှော်တဲ့နည်းလမ်း မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

အစာအိမ်နာနှင့် အကျိုးပြုဘက်တီးရီးယား
ဒေါက်တာ Mathy ရဲ့ ရှင်းလင်းချက်အရ ခန္ဓာကိုယ်တွင်းရှိ အချို့သော အကျိုးပြုဘက်တီးရီးယားများဟာ လေထခြင်း၊ လေပွခြင်းတို့ကို သက်သာစေတယ်ဆိုပါတယ်။ ဒါပေမယ့် အဲဒီဘက်တီးရီးယားတွေဟာ အစာအိမ်နာကို ပျောက်ကင်းစေဖို့အထိတော့ ကြာရှည်မနေနိုင်ကြဘူးလို့ ဆိုပါတယ်။

အစာအိမ်နာနှင့် အရက်၊ အစာအိမ်နာနှင့် caffeine ဓါတ်
အရက်သေစာကို အလွန်အကျွံသောက်သုံးခြင်းကလည်း အစာအိမ်နာဖြစ်ပွားမှုကို ဦးတည်စေပါတယ်။ အဲဒီအပြင် အရက်ကို အလွန်အကျွံသောက်သုံးခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေပါတယ်။

Caffeine ဓါတ်ဟာ အစာအိမ်ရဲ့ အက်ဆစ် ထုတ်လုပ်မှုပမာဏကိုများပြားစေတာကြောင့် caffeine ဓါတ်ပါတဲ့ ကော်ဖီ၊ ကိုလာကိုလာ အများအပြား သောက်သုံးသူတွေမှာ ပြသနာဖြစ်ပွားနိုင်တာမို့ အလွန်အကျွံသောက်သုံးမှုမှ ရှောင်ကျဉ်သင့်တယ်လို့ DR Weinstein က ဆိုပါတယ်။

အစာအိမ်နာနှင့် ဆေးလိပ်
ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှုဟာ နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှုကို ပြောင်းလဲစေပြီး အစာအိမ်ယောင်ယမ်းမှုကို ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ အစာအိမ်နာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်ပေါက်ခြင်း ၊ အစာအိမ်သွေးယိုခြင်းတို့ကိုလည်း ဖြစ်စေပြီး အနာကျက်မှုကိုလည်းနှောင့်နှေးစေပါတယ်။

Eleanor Roberts P. Ulcer Myths and Facts

Eating spicy foods does not cause an ulcer, and neither milk nor probiotics can heal them: everyday health; 2009 [updated 8.12.209; cited 2009]. ကို သင့်လျှော်သလို ဘာသာပြန်ပါသည်။
မွန်းသက်ပန် (ဆေး-၁)

လောကအလှ အွန်လိုင်း မဂ္ဂဇင်း

၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်

Read More...

Friday, October 9, 2009

ဆေးရုံလှလှ ကောင်းကောင်းမှာ လာတက်ကြမလား

အိမ်အ၀င်မှာ “ကြိုဆိုပါ၏” စာတမ်းလေးချိတ်ထားတာ မင်္ဂလာရှိလှပါတယ်။ ဆေးရုံလို၊ လူအိုရုံလို၊ နေရာမှာ (၀ဲလ်-ကမ်း) ဆိုတာ ရေးထားရင်တော့ တမျိုးကြီး မဟုတ်ပါလား။

နိုင်ငံကြီးများက မြို့ကြီးများရဲ့ ပုဂ္ဂလိကဆေးရုံကြီးတွေမှာ ရောဂါရှာဖွေတာ နဲ့ ဆေးကုသတာတွေမှာ မြန်လဲမြန်၊ စိတ်လဲ ချရတဲ့ ခေတ်ရှေ့ပြေး ကရိယာတန်းဆာပလာ မှန်သမျှ တပ်ဆင်ထားကြပါပြီ။ နည်းပညာအရသာမက လူနာတွေ သက်တောင့် သက်သာ ကိုယ့်အိမ်မှာကိုယ် ရှိနေသလို ခံစားစေရပြီး၊ ရောဂါပျောက်လည်း မြန်ဆန်အောင် စီမံလာထား နေကြပါပြီ။

ခွဲစိတ်ကုသပြီးတဲ့ လူနာတယောက်ရဲ့ အရေးကြီးလက္ခဏာတွေဖြစ်တဲ့ သွေးဖိအား၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း တွေကို ဆရာဝန်က Wireless telemetry ခေါ်တဲ့ အဝေးကနေ ထိန်းကြည်နိုင်တဲ့ စနစ်နဲ့ စောင့်ကြည့် နိုင်ပါတယ်။ အထူးကု ဆရာဝန်တဦးအဖို့ အထူးခန်း ICU ထဲကလူနာရဲ့ အခြေအနေကို ဖုန်းခဏခဏ ဆက်မေးနေစရာ မလိုပါ။ အဲဒီ Telemetry ဆိုတာဟာ ခေတ်ရှေ့ပြေးနည်းပညာ တိုးတက်မှုတွေထဲက တခုဘဲ ရှိပါသေးတယ်။

ဆေးရုံတွေက လူနာ သက်တောင့်သက်သာရှိပြီး အစစအဆင်ပြေစေအောင် အဆက်မပြတ် ဆောင်ရွက် လာကြပါတယ်။ ဆေးရုံးကြီးတွေမှာ စာရွက် မသုံးတော့သလို၊ လူနာတွေကလည်း စာရွက်စာတမ်း၊ ဖလင်ပြား၊ ရီပို့တ်တွေ သယ်လာဘို့ မလိုတော့ပါ။ သူ့ (အိုင်ဒီ)နံပါတ်သာ မှတ်ထားရင် ရပြီ။ ဆေးရုံက အင်တာနက်မှာ အားလုံးကို သိုမှီး သိမ်းဆီးထားပါတယ်။ နောက်ပြီး ဆရာဝန်ကညွှန်းတဲ့ ဆေးဝါးကိုလဲ (ဖါမဆီ-နက်တ်ဝပ်ခ်)ကို တခါတည်း ပို့လိုက်တာမို့ ဆေးဆိုင်ကို သွားနေစရာ မလိုယုံမက ဆေးဆိုင်ကနေ အိမ်တိုင်ယာရောက် လာပို့ပါမယ်။

ဓါတ်မှန်ကိုလည်း ကွန်ပြူတာမျက်နှာပြင်မှာ အချိန်မရွေး ကြည့်နိုင်ပါတယ်။ ဆေးရုံထဲ တနေရာက တနေရာ သယ်ရ-သွားရချိန် နည်းစေအောင် လေစုပ်အား-လေဟာနယ်စနစ် Pneumatic chutes ကို အသုံးပြုထားလို့ လူနာရဲ့ သွေးနမူနာ စတာတွေကို လူနာစောင့်က ဓါတ်ခွဲခန်းတို့ သွေးဘဏ်တို့ကို သွားပို့ပေးစရာ မလိုတော့ပါ။

ဆရာဝန်နဲ့တွေ့ဘို့ ရက်ချိန်းကိုလည်း (အွန်လိုင်း)ကနေ လုပ်နိုင်တယ်။ ဆရာဝန်၊ သူနာပြု ခွင့်ရက်ကအစ ကွန်ပြူတာ (အွန်လိုင်း)မှာ ရှိနေတယ်။

ရောဂါရှာတာ၊ ကူသမှုပေးတာတွေမှာလည်း တိုးသည်ထက် တိုးတက်လာပါတယ်။ Digital x-rays, 64 slice CT-scan, MRI, PET-Scan နဲ့ ၄၀၀၀ သော ဓါတ်ခွဲစမ်းသပ်နည်းတွေကို ပိုမိုတိကျတဲ့ အဖြေရစေကာမို့ ထိရောက် မြန်ဆန် လှပါတယ်။ လူ့အမှားဆိုတာလဲ နည်းစေပါတော့တယ်။ Cutting-edge technologies နည်းပညာတွေ ရယူ သုံးစွဲထား နိုင်လို့ပါ။

ဗိုက်ဖွင့်-ရင်ဖွင့် ခွဲစိတ်နည်းနေရာမှာ ဒါးရာ အနည်းဆုံးနဲ့ အတွင်းထဲ ထည့်ကရိယာတွေ သုံးလာပါတယ်။ ခွဲစိတ်ဆရာဝန်များဟာလည်း လူနာတင်ထားတဲ့ ကုတင်ဘေးမှာ မဟုတ်ဘဲ၊ ခိုင်းသလိုလုပ်ပေးမဲ့ (ရိုးဘော့) စက်ရုပ်တွေကို အမိန့်ပေးတဲ့ ကွန်ပြူတာအနားမှာ ထိုင်ရပါတယ်။ လူ့အမှားနည်း၊ လူ့အသား ထိခိုက်မှုလည်းနည်း၊ ပိုးအ၀င်လည်း နည်းစေပါတယ်။ အပျောက်လည်း မြန်ဆန်၊ လူနာ့အဖို့ အနာလည်းသက်သာ၊ သွေးထွက်နည်းပြီး၊ အိမ်မြန်မြန် ပြန်နိုင်စေပါတယ်။ ကောင်းမှကောင်း ဆိုတာမျိုးပေါ့။

လေပြွန်ထဲကရိယာထည့်ကြည့် စစ်ဆေးတဲ့ Endoscopy and Bronchoscopy အတွက် လူနာကို ဆေးရုံတင်ဘို့ မလိုတော့ပါ။ အရင်က တပါတ်စာအလုပ်တွေဖြစ်ကြတဲ့ သည်းခြေအိပ်ထုတ်တာ၊ အူအတက်ထုတ်တာ၊ သွေးလွှတ်ကြော စစ်ဆေးတာ၊ သွေးလွှတ်ကြော ကျဉ်းတာကို ကုတာတွေဟာ တနေ့ထည်းပြီး ကိစ္စတွေသာ ဖြစ်လာပါတော့တယ်။

ဆေးရုံအတွင်းဒီဇိုင်းကိုလည်း (ဖိုက်စတား) ဟော်တယ်တွေလို Aesthetic Interiors နည်းတွေနဲ့ ပြုပြင် တည်ဆောက် ထားလို့ လူနာအဖို့ ကိုယ့်အိမ်မှာ နေနေရသလို ခံစားစေအောင် လုပ်ပေးတားပါတယ်။ အမြင်၊ အထိအတွေ့၊ အနံ့၊ နဲ့ စိတ်ခံစားမှု လေးမျိုးကို အဲလိုနေအောင် လုပ်ထားတာပါတဲ့။

လီယိုနာဒို-ဒါဗင်ချိ၊ အိုက်ဆက်-နူတန် တို့ခေတ်က စခဲ့တဲ့ (ကာလာ သီအိုရီ) တွေ အခြေခံပြီး၊ အရောင်တွေရဲ့ လူ့စိတ်အပေါ်လွှမ်းမိုးမှု သဘောတရားကို အသုံးပြုတာလို့ ဆိုပါတယ်။ ဆေးရုံဆိုရင် ထုံးစံရိုးရာ အဖြူရောင်အစား အရောင်နုကလေးတွေ သုတ်ခြယ်လာပါတယ်။ ကလေးလူနာဆောင်၊ သားဖွါးမီးယပ်ဆောင်တွေဆိုရင် အရောင်ကို ပိုဂရုစိုက်ရပါတယ်။ Loud colors ဆိုတဲ့ အရောင်စိုစို၊ အရုပ်ထင်းထင်း ပန်းချီရုပ်တွေ ရေးဆွဲထားပါတယ်။

အပြင်လှမ်းကြည့်လိုက်ရင်လဲ စိမ်းစိုနေမယ်။ ကလေးတွေ ကစားဘို့ နေရာ-ပစ္စည်းတွေလဲ ထားတယ်။ ဆေးရုံအဆင်း (ဆူဗီနာ)လက်ဆောင်ဝယ်သွားဘို့ ဈေးဆိုင်ကန္နားများလည်း ထားပေးပါတယ်။

ကိုင်း ရောဂါဖြစ်ချင်စရာ ဆေးရုံတက်ချင်စရာ ဘယ့်လောက် ကောင်းပါသလဲ။ မစည်ကားအပ်သော အရပ်တွေထဲမယ် ဆေးရုံဆိုတာလဲ ပါမယ်။ အခုလို ဆေးရုံမျိုးတွေမှာ လူသိပ်စည်မယ်တော့ မထင်ပါ။ ဈေးကြီးလှလွန်းလို့။

ဒီလို ဆေးရုံကြီးမျိုးတခု ကုန်ကျစရိတ်ဟာ RHC ခေါ်တဲ့ ကျေးလက်ကျန်းမာရေးဌာန ၁၀၀ မကကို တိုးတက်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ ဒီလိုဌာနမျိုးမှာတော့ လူစည်စေချင်ပါတယ်။

Dr. တင့်ဆွေ

Read More...

Wednesday, October 7, 2009

ကာကွယ်ရေး နှင့် ကုသရေး

ဆေးပညာ စသင်ရလောက်ကတည်းက ကြားကြားနေရ၊ အခုထိ ခိုးလိုးခုလု ရှိတုံးမို့၊ ရေးချင်တာလေးတခုက ကုသရေးနဲ့ ကာကွယ်ရေး။

သူများတွေတော့ မပြောတတ်ဘူး၊ ကာကွယ်ရေးနှင့် လူမှုရေး ဆေးပညာဆိုတာ သင်ရတော့ ကျွန်တော့် အဖို့တော့ အတော် ပျင်းရိခဲ့တဲ့ ဘာသာရပ်ပါ။ သင်ပေးတဲ့ ဆရာအပေါ်လဲ တည်နိုင်တယ်။ ဘာသာရပ်ရဲ့ ဆွဲဆောင်မှုလဲပါမယ် ထင်တာဘဲ။ သေခြာတာကတော့ အသင်ခံရတဲ့ မောင်ကျောင်းသားရဲ့ အခံကိုက အထုံနည်းတာ ဖြစ်မယ်ထင်ပါရဲ့။ နောက်ကြမှ “အော့့် ငါ့ကိုယ်ငါကြ ဗီဇအထုံ လွဲချပြီး၊ အာစရိယနွယ်ဝင် သင်ဆရာကိုတော့ အသင်အပြ မကောင်းဘူး ထင်ခဲ့မိတာ အပြစ် မလွတ်ပါလား” လို့ သဘောပေါက်မိ ပါတယ်။ ကန်တော့ပါ ဆရာ။

ကျောင်းပြီးသွားတော့ အသီးသီး အသကအသက နေရာဒေသအမျိုးမျိုး ရောက်ကုန်ကြရော။ ဆေးကုပေးရတဲ့ ဆေးရုံဆရာဝန်တို့၊ ရောဂါတိုက်ဖျက်ရေး လုပ်နေရတဲ့ စီမံကိန်းဆရာဝန်တို့၊ အုပ်ချုပ်ရေးဘက် ရောက်သွားတဲ့ ဆရာဝန်တို့၊ စသဖြင့် လိုင်းတွေ ကွဲပြားသွားရတော့တယ်။

အဲဒီခေတ်က ကိုယ်ဖြစ်ချင်၊ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် ရွေးဘို့ဆိုတာ သာမန်ပြောရရင် မဖြစ်နိုင်ခဲ့ဘူး။ အခုတော့ မသိပါ။ အနည်းစုဆိုရင် ဆရာဝန်တောင်ဖြစ်ချင်တာ မဟုတ်ဘဲ၊ ဆေးကျောင်း ရောက်လာရတာ ရှိသတဲ့။ ကျောင်းပြီး ပြန်တော့လဲ စာဆက်သင်ချင်သူတွေ-ဆက်သင်နိုင်သူတွေ ရှိသလို၊ မသင်ချင်-မသင်နိုင်သူတွေလဲ ရှိတာပေါ့။ ဘွဲ့လွန် တက်ချင်ပြန်အုံးတော့ ၀ါသနာ အပထားလို့၊ ဘာဘွဲ့လွန် ရရတောင် လုပ်မရတာတွေ အများကြီးဘဲ။ တဗြစ်တောက်တောက် ဘယ်လောက် ပြောပြော၊ ဗမာပီပီ နောက်ဆုံးကြ ကံပေါ့ဗျာ။

သားလေး လေးတန်းအောင်ကတည်းက ကျောင်းထုတ် အလုပ်လုပ်ခိုင်းရသလိုမျိုး၊ ၇ နှစ်ပြီးလို့ အလုပ် လုပ်ရသူဆရာဝန်က ပိုးများတယ်။ ဒီခါကြပြန်တော့ တမျိုး။ နယ်စွန်-နယ်ဖျားရောက်ရသူနဲ့ ဆေးရုံကြီးငယ်တွေ ရောက်သူနဲ့။ အကပ်-အယပ် မတော်သူများ၊ ကံတရားဘဲ မဟုတ်ပြန်ပါလား။ စွန့်စွန့်စားစားလို့ ဆိုရမလား၊ ကိုယ်ခံ ကောင်းသူတွေလို့ ချီးမွမ်းရမလား၊ တိုင်တပါး ရောက်သွားသူတွေကလည်း မနည်းပါ။ ဆယ်နှစ်၊ အနှစ် နှစ်ဆယ်လောက်မှာ ပြန်ကြည့်လိုက်တော့ အရောင် အသွေးစုံညီ၊ ဘ၀ကိုယ်စီနဲ့ပေါ့။ နဲနဲ ကဗျာဆန်သွားပြီ။

ဘယ်နေရာတွေ၊ ဘာတွေ၊ ဘယ်လို၊ အမျိုးစုံနေအောင် ကွဲပြားပေမဲ့ ချုပ်လိုက်ရင် နှစ်မျိုးထဲလို့ ပြောကြည့်မယ်။ လူနာကို ဆေးကုနေရသူတွေနဲ့ တိုက်ရိုက်ဆေးမကုရသူတွေ။ ဒါကလဲ အလုပ်အကိုင်နဲ့ ခွဲခြားတာမို့ ပြဿနာလုပ်စရာ မရှိပါ။ ရေးချင်တာက အထင်-အမြင် မတူကြတာကိုပါ။ ဆေးကုနေသူတွေကို “ဆေးဘဲကုနေတယ်၊ ကာကွယ်ရေး မလုပ်ဘူး” ဆိုကြတယ်။ ယဉ်ယဉ်ကျေးကျေး ကဲ့ရဲ့တာလို့ ပြောရင် ပြောတဲ့လူက ရိုင်းရာကြဦးမယ်။

ကျန်းမာရေးမှာ ကာကွယ်ရေးဆိုတာ အင်မတန် အရေးကြီးတာကို လက်ခံပါတယ်ဗျာ။ အကြွင်းမဲ့လို့တောင် သုံးလိုက် ချင်သေးတယ်။ ကျွန်တော် ပြောချင်နေတာက ကုသရေးနဲ့ ကာကွယ်ရေး ဘယ်ဟာက ပိုအရေးပါတယ်-မပါဘူး မဟုတ်ပါ။ ကုသရေးနဲ့ ကာကွယ်ရေး၊ လိုင်းတခုမှာ လုပ်နေတဲ့ ဆရာဝန် တယောက်ဟာ နောက်လိုင်းကို မလုပ်ဘဲ မနေဘူး ဆိုတာကို ထောက်ပြပါရစေ။ ဒီအချက်ကို သဘောတူရင် ဘာလို့များ အပြစ်ဆိုနေရသလဲ။ ကဲရဲ့ သဂြုင်္ိဟ် ပြုနေရသလဲ။

တနေ့ကဘဲ ဆရာဝန်တွေ စုရေးနေတဲ့ အင်တာနက်အုပ်စုမှ ဖတ်လိုက်ရတာရှိတယ်။ စပါယ်ရှယ်လစ်တွေ သူ့ စပါယ်ရှယ် မဟုတ်တဲ့ ရောဂါလူနာတွေကို ကုပေးတာကို ရေးတဲ့ဆရာက (အက်သစ်) ရှုဒေါင့်ကနေ ရေးတယ်။ “သိုးမဲ” လို့တောင် ခေါ်လိုက်သေး။ ဒီတော့ (ဂျနရယ်လိုက်စ်) လုပ်လိုက်ရင် “ဆရာဝန်များ ဆေးကုကြသည်။” ဆက်ချင်တာက “ဆေးကုယင်းနဲ့ ပညာပေး-ကာကွယ်ရေးလဲ လုပ်ကြသည်”လို့ ဖြစ်ပါတယ်။

တိုင်းပြည် အပြင်ရောက်နေတဲ့ ဆရာဝန်တွေ အများကြီးရှိတယ်။ (ဖေါ်ဂွတ်) တော့ (ဖေါ်ဂွတ်)ဘဲ။ ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ် ရွေးချယ်ပြီး၊ ကောင်းဘို့ ထွက်လာရင် (ဖေါ်ဂွတ်)ပေါ့။ ကောင်းတာ မကောင်းတာက ကဏ္ဍတခု။ အဲဒီပုဂ္ဂိုလ်တွေ အကြား ပြောကြတာက “ဆေးမကုတဲ့ ဆရာဝန်”၊ “ဆေးဘဲကုနေတဲ့ ဆရာဝန်”။

ဆေးမကုတဲ့ ဆရာဝန်ဆိုတာ ကျန်းမာရေးနဲ့ မဆိုင်တဲ့ တခြားတာဝန်ကို ရွေးလိုက်ကြလို့ပါ။ ဆေးဘဲကုနေတဲ့ ဆရာဝန် ဆိုတာက ဆေးဘိုးဝါးခယူပြီး၊ ဆေးကုနေသူတွေကို ဆိုလိုတာ မဟုတ်ပြန်ပါ။ ထွက်လာစဉ်က ရည်ရွယ်ချက်အတိုင်း ဆရာဝန်အလုပ် မဟုတ်တာ လုပ်နေရင်းက ရသမျှ အချိန်ကလေးမှာ ဆေးကုပေးနေရသူတွေကို ဆိုလိုတာပါ။ ဒီဆရာဝန်မျိုးတွေက ဆေးဘဲ ကုပေးနေတယ်၊ ပြည်သူ့ကျန်းမာရေး မလုပ်ဘူလို့ လက်ညှိုးထိုးတာကို ပြောချင်တာပါ။

တတ်လဲ တတ်လေတော့ အကိုးအကား၊ အညွှန်းတွေတောင် ထည့်ပြောသေးတယ်။ (အယ်လ်မာတာ) ကြေညာချက် ၁၉၈၇ ကနေ စပြောတယ်။ အခု ကဇာကစ္စတန်နိုင်ငံပေါ်လာတော့ (အယ်လ်မတီ) ဖြစ်သွားပြီနော်။ ပန်းသီးတို့ တိုင်းပြည် ဆိုဘဲ။ သိတော့ သိတာပေါ့ဗျာ။ “အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ” ဆိုတာကို အော်ခဲ့၊ လုပ်ခဲ့တာဟာ ဆရာဝန်တိုင်း မဟုတ်ပါလား။

ဆေးပညာကနေ ကျန်းမာရေးလို့ ခေါ်လိုက်တာနဲ့ နိုင်ငံရေး ပါလာပြီ။ နိုင်ငံရေးဆိုတာက တခြားတော့ မထင်ပါနဲ့၊ ကွန်မြူနတီ၊ တိုင်းပြည်၊ ကမ္ဘာ၊ စသဖြင့် ကျယ်ပြန့်တဲ့ အတိုင်းအတာကို ထည့်တွက်ရ၊ လုပ်ရတာတို့၊ ဆေးပညာ သိသူတွေအပြင် တခြားနယ်ပယ်က ပုဂ္ဂိုလ်တွေပါ ပါလာရတာတို့၊ စီမံခန့်ခွဲဘို့ အုပ်ချုပ်ရေးက ပုဂ္ဂိုလ်တွေပါ ပါလာရတာတို့၊ ဒါတွေ စုပေါင်း-စပ်ပေါင်း၊ ဆောင်ရွက်ရတာမျိုးကို ပြောချင်တာပါ။ ဒီအခါမှာ “ဆရာဝန်များက ဆေးစကားထက်မက ပိုပြောလာကြတယ်။” ကွန်မြူနတီ ခေါင်းဆောင်လို၊ အုပ်ချုပ်ရေး ခေါင်းဆောင်လို ပြောလာကြတယ်။ ဒါ့ကြောင့် အတူတူချင်းကို အတူတူ မဟုတ်ဘူး ထင်မြင်လာတာ နေမယ်ထင်ပါတယ်။

သိပ် ခေတ်နောက်ကျန်နေတဲ့ နေရာဒေသတွေအတွက် “ဆရာဝန်မရှိရင်၊ ဘယ်လိုလုပ်မလဲ”။ “အမျိုးသမီးများ ဆရာဝန် မရှိရင် ဘာလုပ်မလဲ”၊ စတဲ့ စာအုပ်တွေဟာ အကြိမ်ကြိမ်ထုတ်၊ ဘာသာပေါင်စုံပြန်ဆိုရတဲ့အထိ ခေတ်စားလာတယ်။ ဗမာပြည်အတွက်လည်း တကယ် အသုံးဝင်လှပါတယ်။ နယ်စပ်တွေ၊ ဒုက္ခသည်တွေရှိတဲ့ နေရာတွေမှာဆို ကျန်းမာရေး (ဘိုင်ဘယ်) ဖြစ်ရော။ အသုံးတော့ အတော်ဝင်ပါရဲ့၊ ဒါပေမဲ့ ကျွန်တော့်အမြင်က သူ့နေရာနဲ့သူ ဖြစ်သင့်တယ်ထင်တယ်။

ဓါတ်ဆားရည်ဖျော်နည်းဆိုရင် သိပ် သင်ဘို့၊ ဟောပြာဘို့ ကောင်းတဲ့ အကြောင်းအရာ တခုပါ။ နဲနဲ အဆီအငေါ် မတည့်တာလေးတခု ရေးရအုံးမယ်။ နိုင်ငံကြီးတခုရဲ့ မြို့တော်မှာ ၀မ်းပျက်တာကို ဆရာဝန် မရှိရင်၊ ဘယ်လိုလုပ်မလဲ စာအုပ်ထဲက ဓါတ်ဆားရည်ဖျော်နည်းအတိုင်း ဆရာဝန်က အလုပ်ခိုင်းပါတယ်။ သူ့လူနာ ဆရာကတော်က ပြန်ပြောတယ်။ “ကျမတော့ ရှင့်နည်းအတိုင်း လုပ်မနေနိုင်ဘူး၊ ဆိုင်က ၃ ကျပ်ပေး ၀ယ်သောက်မယ်” တဲ့။

ဒီလိုဆရာသမားမျိုးတွေက ပြည်သူ့ကျန်းမာရေး ဆူပါ-စပါယ်ရှယ်လစ်တွေ ဖြစ်တယ်။ ဆေးကုတဲ့ ဆရာဝန် ဆိုရင် ကျပ်မပြည်တဲ့ လူတွေလို့ ထင်နေသလား မပြောတတ်ဘူး။ (ပရောဂျက်) ဆရာတွေ၊ ဟိုကော်မတီ၊ ဒီကော်မတီမှာ တာဝန်ရှိဆရာတွေက တမျိုး။ ဆေးကုနေတဲ့ ဆရာဝန်မျိုးဆိုရင် အမျိုးသားကျန်းမာရေး အပြင်ဘက်က လူတွေလို့ အစည်းအဝေးတွေ၊ သင်တန်းတွေမှာ ပို့ချတတ်တယ်။

ကျန်းမာရေးပညာပေးတဲ့ အလုပ်ဆိုတာ အတော် မလွယ်တဲ့ အလုပ်ပါ။ ရိုးရိုး ရှင်းရှင်းလေးနဲ့ မရတဲ့ အလုပ်မျိုးလို့ ထင်ပါတယ်။ “ကဲ့ လာကြပါ၊ ပညာပေးဟောပြောမယ်” ဆိုတာက နည်းတခုတည်းသာ ဖြစ်တယ်။ ပညာပေးပွဲတခု လုပ်ပြီးပြီလို့တော့ အစီရင်ခံစာထဲ ထည့်ရေးနိုင်တာပေါ့။ (ပင်ပလက်)တခု ထုတ်မယ်၊ လေးရောင်ခြယ် ပုံတွေနဲ့။ ကောင်းပါတယ်။ ပညာပေး စာအုပ်တအုပ် ဘာသာပြန်မယ်။ ကောင်းတာဘဲ။ ကက်ဆက် ခေတ်ကုန်ပြီ စီဒီ နဲ့ ထုတ်မယ်။ ဗွီစီဒီ ပိုကောင်းတာဘဲ။ သင်တန်းပေးမယ်။ တဖွဲ့က ဘယ်နှစ်ယောက်စီ။ ခွဲတမ်းချ။ ကောင်းပြန်သေးတာပဲ။ အဲ့ နှစ် အတော်ကြာလို့ ပြန်ဆန်းစစ်လိုက်ရင် ဘယ်လောက် အကျိုးများလာသလဲဆိုတာက ပိုအရေးကြီးပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကျန်းမာရေး အဆင့် ပြောရရင် ရှက်စရာပါဗျာ။ ကိုယ့်အောက်မှာ ဘယ်နှစ်နိုင်ငံဘဲ ရှိသလဲ။ အားလုံးမှာ တာဝန်မရှိဘူးလား။

ဆေးကုနေသူဆရာဝန်ဟာ တကယ် မကျန်းမာသူ လူနာတွေနဲ့ နဖူးတွေ့-ဒူးတွေ့ တွေ့နေရတယ်။ ဆိုပါစို့ အသဲရောင် အသားဝါလူနာ။ ဆရာက လူနာကို ဘယ်လိုက ဘယ်လိုဖြစ်တာ၊ ဘယ်လိုနေပါ၊ စသဖြင့် ပြောရတယ် မဟုတ်လား။ နှစ်ကိုယ်ခြား ပြောရတာ မဟုတ်ဘူးလေ။ လူနာစောင့်တွေလဲ ပါတယ်။ ဘေးမှာလဲ တခြားလူနာတွေ ရှိတယ်။ အဲဒါ ပညာပေးနေတာ မဟုတ်ဘူးလား။ ကာကွယ်ရေးလုပ်နေတာ မဟုတ်လား။ လူ့စိတ်ဆိုတာ သိတဲ့အတိုင်း အခုဖြစ်နေတာကို ပိုအာရုံစိုက်တတ်တယ်။ ဟောပြောပွဲလာ နားထောင်ရတာမျိုးနဲ့ မတူဘူး။ ဒီဘက်မှာ ကျန်းမာရေး ဟောပြောပွဲလုပ်ရင် (အင်ဂျီအို)က ဆိုက်ကားခပေးမှ၊ ဆရာဝန်က ဟောပြောပြီးရင် ဆေးကုပေးမှ လူလာတယ်။ ကိုယ့်ရောဂါအတွက် ကိုယ့်စရိတ်နဲ့ကိုယ် လာတဲ့လူနာကို ဖမ်းပြီး ပြောပြရတာက ပိုရောက်တာ တွေ့လာရတယ်။

အထူးကုဆရာဝန်တဦးကို ဆေးကုတဲ့ဆရာလို့ သတ်မှတ်ကြမယ်ထင်ပါတယ်။ အဲဒီဆရာတွေက ကျန်းမာရေး ပညာပေး စာတွေ ရေးမယ်။ ရေဒီယိုနဲ့ တီဗွီကနေ သူ့ဘာသာရပ်အကြောင်း ဟောပြောကြတယ်။ ကျန်းမာရေး ပညာပေးတာဟာ ကာကွယ်ရေးအတွက် လုပ်နေတာ မဟုတ်ပါလား။

ဆရာဝန်၊ သူနာပြုတွေထဲမယ် စာရေးဝါသနာပါသူ၊ စာရေးတော်တဲ့သူတွေ မနည်းပါ။ သူတို့တတွေက ရေးရင် ပရိတ်သတ် အားကောင်းလို့ ပညာပေးတာ ထိရောက်တယ်။ (ဘလော့ခ်)တွေ ပေါ်လာတော့ နည်းပေါင်းစုံနဲ့ ရေးကြတယ်။ အတုံးလိုက် အတစ်လိုက် မဟုတ်တော့ဘူး။ အသံတွေ၊ ရုပ်တွေ၊ (မူဗွီ)တွေပါလို့ ဆွဲဆောင်မှု ပိုရှိတယ်။ တချို့တွေဆိုရင် ဆေးကုနေသူလဲ မဟုတ်၊၊ (ပရောဂျက်)ဆရာတွေလဲ မဟုတ်ဘူး။ ဆရာဝန် နှစ်မျိုး နှစ်စားမက ဖြစ်သွားရော။ ရောက်ရာ အရပ်ကနေ တတ်သိပညာ-မနေသာ ဆိုသလို ရေးတာ၊ ဘာသာပြန်တာ၊ ဆွေးနွေးတာတွေ လုပ်နေကြတယ်။ ဟို(ဘလော့ခ်) ကနေ ဒီ(ဘလော့ခ်) ထပ်ဆင့် ဖြန့်ပေးသူရှိရင် ပရိသတ် ပိုများသွားပြီပေါ့။ ရုပ်ရှင် ကြိုက်သူများ အားလပ်ချိန်မှာ အောက်နားက ပညာပေးစာလေး ၀င်ဖတ်သွားတတ်သလို၊ ဘာသာရေး (ဘလော့ခ်) ထဲက ရေးထားတာလေး တွေ့သွားမျိုးလဲ ရှိတယ်လို့ (စီ-ဘော်က်စ်) ကနေသိရတယ်။

ဆေးခန်းတွေကနေ (ကွန်ဒွန်) ဝေတာတို့၊ ရေသန့်ဆေးပြားပေးတာတို့၊ ဆရာမတွေကနေ အမျိုးသမီးချင်း လိင်ကတဆင့် ကူးစက်ရောဂါအကြောင်း ပြောပေးတာတို့၊ သားဖွါးပေးရင်း မျိုးပွါးပညာ ပြောပြတာတို့၊ ဒါတွေဟာ ထိရောက် လက်တွေ့ကျတဲ့ ကာကွယ်ရေး-ပညာပေးရေးတွေပါဘဲ။ ပြည်သူ့ကျန်းမာရေးလို့ မသတ်မှတ်ချင်ရင် ဘယ်သူ့ကျန်းမာရေး ပါလဲ။

ချုပ်လိုက်ချင်တာက ဆရာဝန်များသည် ဆရာဝန်တို့ လုပ်အပ်သည်များကို တတ်စွမ်းသရွေ့လုပ်ကြသည်။ ဆေးကု-ကာကွယ်-ပညာပေး၊ အရေးသုံးပါး အားလုံးဖြစ်ပါသည် ခင်ဗျား။

Dr. တင့်ဆွေ

Read More...

Tuesday, October 6, 2009

ပါဝင် ကူညီနိုင်သည့် HIV ဆေး ရရှိရေး ဆောင်ရွက်မှု


အိတ်ခ်ျအိုင်ဗွီပိုး ပွားမှုကို ရပ်တန့်စေတဲ့ အေအာတီ ဆေးကို လိုအပ်သူတွေ ပိုမို လက်လှမ်းမီ ရရှိနိုင်ရေးအတွက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဆောင်ရွက်နေမှုကို မေးလ်ကနေ တစ်ဆင့် သတင်းရလို့ ပြန်မျှ လိုက်ပါတယ်။
ဒီအကြောင်းတွေကို အသေးစိတ် သိချင်ရင် ဒီ စာမျက်နှာမှာ ဖတ်ရှုလို့ ရပါတယ်။
ပါဝင်ကူညီချင်တယ် ဆိုရင် ဒီစာမျက်နှာမှာ ကိုယ့်နာမည်၊ မေးလ်လိပ်စာနဲ့ အေအာတီဆေး ထုတ်လုပ်နေတဲ့ ဆေးကုမ္ပဏီတွေကို နှစ်ဦးနှစ်ဖက် အကျိုးများစေမယ့် UNITAID Patent Pool ထဲ ပါဝင်ဖို့ အတွက် တွန်းအားပေးနိုင်ပါတယ်။
သူတို့ရဲ့ ဆောင်ရွက်ချင်တွေ အကြောင်း ဗီဒီယိုနဲ့ ရှင်းပြထားတာကို ဒီမှာ ပြန်တင်ပေးလိုက်ပါတယ်။



Read More...

Friday, October 2, 2009

HIV .. AIDS ကြောက်သင့် မကြောက်သင့်


HIV/ AIDS နဲ့ ပတ်သက်လို့ ခက်ခဲလှတဲ့ ကိစ္စတွေထဲက တစ်ခုက တစ်ဖက်က နောက်ထပ် ရောဂါပိုး ပြန့်ပွားမှုတွေ များမလာအောင် ထိန်းချုပ်နိုင်ဖို့ ကာကွယ်ရေး ဆိုင်ရာ အသိပညာတွေကို ပေးရသလို တစ်ဖက်ကလည်း ရောဂါပိုးနဲ့ နေထိုင်ရသူတွေ ခွဲခြား ဆက်ဆံ မခံရအောင် နာမည်ဆိုး သတ်မှတ် မခံရအောင် ကြိုးစားနေရခြင်းပါ။
ကုလို့ မပျောက်တဲ့ ရောဂါ၊ သေမှာပဲ လို့ ပြောခဲ့၊ ပညာပေးခဲ့မိလို့ ရောဂါပိုး ရှိသူတွေကို အန္တရာယ် ပြုခံခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
တခြား နာတာရှည် ရောဂါလိုပဲ။ ရောဂါပိုးနဲ့ ရှင်သန် အသက်ရှည် နေလို့ ရပါတယ်လို့ ပြောပြန်တော့ အစွန်းရောက်သူတွေက “ ကာကွယ်ဖို့ မလိုတော့ဘူးလား ” လို့ ယူဆကြပြန်တယ်။
ရောဂါပိုးနဲ့ နေထိုင်ရသူတွေထဲမှာ အပြုအမူပိုင်းဆိုင်ရာမှာ အပြစ်ပြောစရာ လုံးဝ မရှိတဲ့ ကလေးငယ်တွေ၊ အိမ်ရှင်မတွေ၊ အမျိုးသား၊ အမျိုးသမီးတွေလဲ ပါနေတာမို့ အပြုအမူတွေကို အပြစ်ပြောဖို့လဲ ခက်ပါတယ်။
တကယ်ကတော့ ရောဂါပိုး ကူးစက်မှာကို ကြောက်ရွံ့ရင် ရောဂါပိုး ရှိသူတွေကို ရှောင်ရမှာ မဟုတ်ပါဘူး။
ရောဂါပိုး ကူးစက်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်ရမှာ။

အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ပုံ ကူးစက်နည်း အဓိက နည်းလမ်း သုံးခုကို အခါခါ ကြားဖူးပြီးသား ဖြစ်မှာ ဖြစ်ပေမယ့် သတိရအောင် ထပ်ပြောပါရစေ။
- အကာအကွယ်မဲ့ လိင်ဆက်ဆံတာ (စအို၊ ပါးစပ်၊ လိင်အင်္ဂါ စတဲ့ နည်း အားလုံး)
- သွေးကနေ တစ်ဆင့် ( သွေးပေနေတဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေကို မျှသုံး ပေါင်းသုံး ရောသုံး ရာကနေလဲ ကူးနိုင်တယ် .. ဥပမာ - ဆေးထိုးအပ် မျှသုံးတာ)
- ကိုယ်ဝန်ဆောင် မိခင် ၊ နို့တိုက်မိခင်ကနေ ကလေးကို ကူးစက်တာ

ဆေးရှိနေပြီပဲ။
ရောဂါပိုးက အရေးကြီးသလား ?

တကယ် ဆေးသောက်နေရတဲ့ သူတွေကို မေးကြည့်ပါ။
လွယ်သလားလို့။
ဆေးရဖို့ ခက်သလို၊ ဆေးရပြီးတဲ့ အခါမှာလဲ ဘေးထွက် ဆိုးကျိုးတွေကို အလူးအလဲ ခံရတာ ဘယ်လောက်ခက်တယ် ဆိုတာ ပြောရင် ပိုးရှိပြီးသား သူတွေကို စိတ်ဓာတ်ချ သလို ဖြစ်မလား။
မကြာသေးခင်က UNAIDS က ထွက်လာခဲ့တဲ့ ကြေငြာချက်ကလေးမှာ အခုအချိန်မှာ အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်သူ လူလေးသန်းကျော်က အိတ်ခ်ျအိုင်ဗွီပိုး ပွားမှုနှုန်းကို ရပ်တန့် စေနိုင်တဲ့ အေအာတီ ဆေးကို ရရှိပြီ ဖြစ်ပါသတဲ့။ ဒါက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြွယ်ဝမှု အလယ်အလတ် ရှိတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို ကြည့်ပြီး ပြောထားတာပါ။ အဲဒါက ပြီးခဲ့တဲ့ နှစ်ကထက် စာရင် ၃၆% တက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ငါးနှစ်ကာလနဲ့ နှိုင်းယှဉ်ရင် ဆယ်ဆတောင် တက်လာတာ ဖြစ်ပါသတဲ့။
ဒါပေမယ့် ဒါက အေအာတီ ဆေးကို လိုအပ်နေသူတွေရဲ့ ၄၂% ပတ်ဝန်းကျင်ပဲ ရသေးတာ။
အဲဒီတော့ ဆေးမရသေးတဲ့သူ ၅၈% ပတ်ဝန်းကျင် ကျန်နေသေးတယ်။
ပြီးတော့ ယခု လက်ရှိ အခြေအနေ အရ အေအာတီဆေး နှစ်ယောက် ရတိုင်းမှာ အသစ် ထပ်ပြီး ပိုးကူးခံလိုက်ရတဲ့ သူက ငါးယောက်နှုန်းလောက် ဖြစ်နေတယ်လို့လဲ UNAIDS က ပြောပါတယ်။
ဒီနှုန်းအတိုင်း သွားနေရင် ဆေးက လုံလောက်မှု ရှိပါ့မလား။
ပုံမှန် ဆေးနဲ့ မနိုင်တဲ့ ပိုးအမျိုးအစားတွေ ရှိနေသေးတာကို မပြောဘဲ ထားမယ် ဆိုရင်တောင် အားတက်စရာ အများကြီး မရှိလှသေးဘူး။
ဒီလို ဆေးတွေ ရဖို့၊ ပေါ်လစီတွေ ပြောင်းဖို့ကို ကြိုးစားတဲ့ သူတွေက အသေအကြေ ကြိုးစားနေကြရချိန်မှာ လူတိုင်းလူတိုင်းကလဲ ကိုယ့်တာဝန် ကိုယ် ယူနိုင်သလောက် ယူသင့်တယ်လို့ ယူဆမိတယ်။
ကျွန်မ ပြောလေ့ရှိတာကတော့ ပိုးရှိသူ တစ်ဦးက နောက်တစ်ယောက်ကို ကူးစေခဲ့ရင် ကိုယ့်အတွက် ဆေးရနိုင်ခွင့် တစ်ယောက်စာ ပိုနည်းသွားအောင် လုပ်တာနဲ့ မတူဘူးလားလို့။

အိတ်ခ်ျအိုင်ဗွီပိုး ရှိသူနဲ့ မရှိသူတွေ အိမ်ထောင်ပြုထားကြတာတွေ ရှိပါတယ်။
တော်ရုံ မေတ္တာတွေနဲ့ ဟုတ်ကြမယ် မထင်ပါဘူး။
ကျွန်မ သိတဲ့ စုံတွဲကလေးကတော့ ကာယကံရှင် ပိုး ရှိသူ အမျိုးသားလေးက သူ့အမျိုးသမီးလေးအတွက် အမြဲတမ်း စိုးရိမ်သောက ရောက်နေရတယ်။
သွေးစစ်တိုင်း သူ့မှာ ကူးပြီလားလို့ ရင်တထိတ်ထိတ်နဲ့။
ဒါကို အားပေးတိုက်တွန်းမှာ မဟုတ်သလို၊ ကန့်ကွက် အပြစ်တင်မှာလဲ မဟုတ်ပါဘူး။
Comment မှာ ဖြေထားသလိုပဲ နှစ်ယောက် စလုံး ကိုယ့်အန္တရာယ်တွေကို သေသေချာချာ သိနားလည်ဖို့ လိုပါတယ်။
ပြီးတော့ အဲဒါတွေကို ဘယ်လို ကာကွယ် ရမယ် ဆိုတာကိုလဲ သေသေချာချာ သိနားလည်ထားဖို့ လိုပါတယ်။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ ပို့စ်တွေ ဒီမှာ ရှိပြီးသားမို့ အများကြီး မပြောချင်တော့ပါဘူး။
ပိုနားလည်ချင်ရင် အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ စာတွေကို များများ ဖတ်စေချင်ပါတယ်။
အသစ်တွေ့လာတဲ့ နည်းလမ်းတွေ၊ ကာကွယ်ဆေးတွေ၊ ပိုးသတ်ဆေးသုံးတာတွေကို သုတေသန ပြုလုပ်သူတွေက အကျိုးသက်ရောက်မှု အတိုင်းအတာ တစ်ခုအထိ ရှိတယ်လို့ပဲ ပြောနိုင်တာပါ။
ကာကွယ်နိုင်တဲ့ ရာခိုင်နှုန်းတွေက နည်းပါးနေပါသေးတယ်။

ယူဂန်ဒါ သမ္မတ ပြောဖူးတဲ့ စကားလေးကိုပဲ ပြန်ပြောရမယ် ထင်တယ်။
“ တကယ်လို့ သင့်လက်ကို ခြတောင်ပို့ထဲ သွားထည့်လို့ မြွေကိုက်ခံရတယ်ဆိုရင် ဘယ်သူ့ အပြစ်လဲ” တဲ့။
ပြောချင်တာက ခြတောင်ပို့ တိုင်းထဲမှာ မြွေရှိချင်မှ ရှိမှာပါ။
ဒါပေမယ့် မြွေရှိနိုင်တယ် ဆိုတာကိုတော့ သဘောပေါက် နားလည်ထားသင့်ပါတယ်။
ပြီးမှ မြွေကိုက်ခံရချင်လဲ ခံရပါစေ ဆိုရင်တော့လဲ မတတ်နိုင်ဘူးပေါ့လေ။

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အားလုံး လူတိုင်း လူတိုင်း သိခွင့် နားလည်ထားခွင့် ရှိပါတယ်။
ဒါမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ။

Ref: http://www.unaids.org/en/KnowledgeCentre/Resources/FeatureStories/archive/2009/20090930_access_treatment_4millions.asp
http://www.unaids.org/en/CountryResponses/UniversalAccess/default.asp
http://www.unaids.org/en/KnowledgeCentre/HIVData/GlobalReport/2008/2008_Global_report.asp
Reader's Digest Sept.2004, As Simple As ABC by John Dyson

Read More...