Thursday, January 17, 2008

Summer Institutes at Hopkins

ဂျွန်စ်ဟော့ပ်ကင်း ပြည်သူ့ကျန်းမာရေးကျောင်းမှ နွေရာသီ သင်တန်းများ

အမေရိကား၏ နွေရာသီ
အမေရိကားတွင် နွေရာသီဟု ခေါ်သော ကာလသည် ကျွန်တော်တို့ မြန်မာပြည်တွင် မိုးဦးရာသီ ကာလဖြစ်သည့် ဇွန်၊ ဇူလိုင်လများပင် ဖြစ်သည်။ ပုံမှန်ဘွဲ့လွန်သင်တန်း (မဟာဘွဲ့၊ ပါရဂူဘွဲ့) တက်နေသူများအတွက် နွေရာသီကျောင်းပိတ်ရက်ဟူ၍ ၃-၄ လခန့် ပိတ်တတ်ပေသည်။ သို့ရာတွင် စာသင်ခန်းများ နှင့် ဆရာများမှာ အနားမရကြပဲ နွေရာသီ သင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် အလုပ်များနေကြသည်။
မည်သို့သော လူများအတွက်နည်း
နိုင်ငံတကာ နှင့် အမေရိကန်ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြသော ပြည်သူ့ကျန်းမာရေး ပညာရှင်များ အနေဖြင့် အလုပ်သဘောသဘာဝအရ သော်လည်းကောင်း၊ နေရာဒေသ အကွာအဝေးအရ သော်လည်းကောင်း ပုံမှန်သင်တန်းများ လာရောက်တက်နိုင်ရန် အခက်အခဲရှိကြပေသည်။ ထို့အပြင် အလုပ်အတွေ့အကြုံရှိပြီးသားဖြစ်၍ မဟာ၊ ပါရဂူဘွဲ့များအတွက် သင်ကြားသော သင်တန်းအားလုံးကို သင်ယူရန် မလိုအပ်သော အခြေအနေမျိုးလည်း ရှိနေနိုင်သေးသည်။ အချို့မှာ ဘွဲ့လွန်သင်တန်းများကို စာပေးစာယူ အနေဖြင့် တက်ရောက်နေကြပြီး ကျောင်းတွင် လာရောက်တက်ရောက်ရန် လိုအပ်သည့် သင်တန်းများကို နွေရာသီတွင် လာရောက် တက်ကြလေသည်။ ထိုသို့သော ပုဂ္ဂိုလ်အမျိုးမျိုးအတွက် ရည်ရွယ်၍ နွေရာသီ သင်တန်းများ ဖွင့်လှစ်လာပေသည်။
မည်သည့်ဘာသာရပ်များ သင်ကြားပေးသနည်း
ဂျွန်စ်ဟော့ပ်ကင်း ပြည်သူ့ကျန်းမာရေးကျောင်း၏ ဌာနတိုင်းလိုလိုမှ ကောင်းနိုးရာရာများကို ရွေးပြီး သင်ကြားပေးသည်။ မိမိ စိတ်ဝင်စားသည့် ဌာန နှင့် သင်တန်းများကို ရွေးချယ် တက်ရောက်နိုင်သည်။ သင်တန်း တစ်ခုထက်ပို၍ တက်ရောက်ရန်မှာ အခက်အခဲရှိနိုင်သည်။ မိမိ တက်လိုသော သင်တန်းနှစ်ခုစလုံးမှာ တပြိုင်တည်း သင်ကြားနေခြင်းမျိုး ဖြစ်နိုင်သောကြောင့်ပင်။
အချိန်မည်မျှ ကြာမည်နည်း
ပုံမှန်သင်တန်းများတွင် တစ်နေ့ ၂ နာရီခန့်ဖြင့် တစ်ပတ်လျှင် ၂ ချိန်၊ ၃ ချိန်ခန့်သင်ကြားပြီး ဘာသာရပ်တစ်ခု ပြီးရန် ၂ လခန့်ကြာလေသည်။ နွေရာသီ သင်တန်းတွင်ကား သင်ခန်းစာ ပမာဏ အတူတူကို တစ်နေ့ ၃-၆ နာရီခန့်ဖြင့် တစ်ပတ်လျှင် ၅ ရက် သင်ကြား၍ စုစုပေါင်း ရက်သတ္တပတ် ၂-၃ ပတ်ခန့်ဖြင့် ပြီးစီးသည်။
မည်မျှ ကုန်ကျမည်နည်း
သင်တန်းကြေးမှာ ပါဝင်သော သင်ခန်းစာ ပမာဏအလိုက် အမေရိကန် ဒေါ်လာ ၁၃၀၀ မှ ၂၀၀၀ ခန့် ပေးရသည်။ နေထိုင်၊ စားသောက်စရိတ် နှင့် ခရီးစရိတ်များ ထည့်ပေါင်းပါ။
ပညာသင်ဆု ရနိုင်ပါသလား
အချို့သော သင်တန်းများတွင် သင်တန်းကြေး အခမဲ့ပေးခြင်းမျိုးဖြင့် ပညာသင်ဆု ပေးတတ်သည်။ နေထိုင်၊ စားသောက် နှင့် ခရီးစရိတ်များကို မိမိဖာသာ အကုန်အကျ ခံရသည်။
ပြည်ဝင်ခွင့်ဗီဇာ နှင့် အထွေထွေ
ပြည်ဝင်ခွင့်ဗီဇာအတွက် လိုအပ်သည့် စာရွက်စာတန်းများကို ကျောင်းမှ ထုတ်ပေးသည်။ အချိန်မီ ဗီဇာရရှိနိုင်ရန် ကြိုတင်စီစဉ်ရန်လိုသည်။
၂၀၀၈ ခုနှစ် နွေရာသီအတွက် ဖွင့်လှစ်မည့် သင်တန်းများ
  • Adolescent Health and Development
  • Health Policy and Management
  • Health, Behavior and Society
  • Leadership in Strategic Health Communication: Making a Difference in Infectious Diseases, HIV/AIDS and Reproductive Health
  • Injury Research and Policy
  • Reproductive Health and Development
  • Epidemiology and Biostatitics
  • Tropical Medicine and Public Health
  • Mental Health
  • American Indian Health
  • Health Emergencies in Large Populations
ပိုမိုသိရှိလိုပါက ...
www.jhsph.edu/summer


Related Posts :



1 comment:

Amara May said...

ဆရာတို့ရဲ့ ဖြန့်ဝေမှုတွေဟာ ကျွန်မတို့တွက်အများကြီး အကျိုးကျေးဇူးရပါတယ်.. further studyအတွက်ရော eBooks link တွေပါသိရတာ ကျေးဇူးအထူးတင်ပါတယ်ရှင်...