Friday, December 7, 2007

Influenza (Flu) ...

တုပ်ကွေးဖျားနာ ဖြစ်ပြီဆိုရင်


ရာသီ အကူးအပြောင်း လေးတွေနဲ့ ကြုံတဲ့အခါ အသက်အရွယ်မရွေး တုပ်ကွေးဖျားနာ ဆိုတဲ့ (Flu ) ကိုဖြစ်ဖူး တတ်ကြပါတယ်။ အေးတဲ့ရာသီဥတုမှာ သာမန်အအေးမိပြီး နှာစေးချောင်းဆိုး ဖြစ်ရာ ကနေ တုပ်ကွေးကို ဆက်ဖြစ်တတ်ကြပါတယ်။



တုပ်ကွေးဆိုတဲ့ Flu ဟာ Influenza virus & Parainfluenza virus ပိုးတွေကြောင့် ဖြစ်ပွားရခြင်း ပါ။၎င်း ဗိုင်းရပ်စ်ပိုးဟာ လူတယောက်နဲ့ တယောက်ကို အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက် စေပါတယ်။

Flu ဖြစ်ပြီဆိုရင်
• အဖျားကြီးပြီး ကိုယ်ပူမယ်။
• တကိုယ်လုံး ညောင်းညာကိုက်ခဲနေမယ်။
• သလိပ်မထွက်ဘဲ ချောင်း အခြောက်ဆိုးမယ်။
• နှာချေမယ်၊ နှာရည်ယိုမယ်။
• ချမ်းတုန်တာဖြစ်မယ်။
• လည်ပင်းနာမယ်။ အစရှိတာလေးတွေကို ခံစားရတတ်ပါတယ်။

ဘယ်လိုသက်သာ အောင်လုပ်ရမလဲ

တုပ်ကွေးဟာ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်ပွားတာဖြစ်တဲ့ အတွက် ဘက်တီးရီးယား ပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်တဲ့ ပဋိဇီဝဆေးများက တုပ်ကွေးဗိုင်းရပ်စ်ကို မနှိမ်နင်း နိုင်ပါဘူး။ သို့ပေမယ့် ခံစားရတဲ့ ဝေဒနာ သက်သာအောင် အခြားအကူဆေးများကို မှီဝဲနိုင်ပါတယ်။ အကိုက် အခဲကိုလဲ သက်သာစေပြီး အဖျားကိုပါကျစေတဲ့ analgesics အုပ်စုဝင် ဆေးများနှင့် ချောင်းဆိုး ပျောက်ဆေး အချို့ကို ဆေးညွှန်းနဲ့ အညီမှီဝဲနိုင်ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ဖို့ ကိုယ်ခံအားက အဓိကပါ။ ကိုယ်ခံအား ကောင်းမှသာ ဗိုင်းရပ်စ်ကို မြန်မြန်တိုက်ထုတ် နိုင်မှာပါ။

မြန်မြန်ပျောက်အောင် ဒါလေးတွေ လုပ်ကြည့်မယ်

(၁) အိမ်မှာ ပြည့်ပြည့်၀၀ အနားယူပါ။ Flu ဗိုင်းရပ်စ်ဟာ လူတယောက်နဲ့ တယောက် ကူးလွယ်
တာမို့ အိမ်မှာ အနားယူခြင်းက ကိုယ့်အတွက် ကိုယ်ခံအားလဲ ကောင်းစေသလို သူတပါး ကိုလဲ ထပ်မပြန့်ပွားစေတာမို့ ဖြစ်နိုင်လျင် အိမ်မှာ အနားယူပေးပါ။

(၂) အရည်များများ သောက်ပေးပါ။ ရေ၊ အသီးဖျော်ရည် နှင့် စွပ်ပြုတ်တခုခုကို မကြာခဏ သောက်ပေးပါ။ အရည်များက ချွဲကိုပျော်စေတဲ့အပြင် သင်ဖျားနေတဲ့အခါ ကိုယ်တွင်း ရေဓါတ် ခန်းခြောက်တတ် စေတာမို့ ဖြစ်နိုင်လျင် အရည်များများ သောက်ပေးဖို့ လိုပါတယ်။

(၃) လည်ပင်းနာ သက်သာအောင် ရေနွေးနွေးထဲမှာ ဆားအနည်းငယ်ထဲ့ပြီး ဆားရေငုံခြင်း ( Gargle) ကို တနေ့ ၂ ကြိမ်ထက်မနည်း လုပ်ပေးနိုင်ပါတယ်။ လည်ပင်းနာပျောက်အောင် ငုံဆေးပြားများ ( Lozenges) များကိုလဲ ငုံပေးနိုင်ပါတယ်။

(၄) တုပ်ကွေးကြောင့် ချောင်းဆိုးနေချိန်မှာ ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးလိပ်ငွေ့ရှိတဲ့ ပတ်ဝန်းကျင်ကို ကြိုးစားပြီး ရှောင်ပေးပါ။ ဗိုင်းရပ်စ်ပိုး ကြောင့် လည်ချောင်းယားယံပြီး ချောင်းဆိုးနေ ချိန်မှာ ဆေးလိပ်ငွေ့တွေက သင့်ကို ချောင်းပိုဆိုးစေပါလိမ့်မယ်။

(၅) အချမ်းပြေအောင် ဆိုပြီး အရက်သောက်ဖို့လဲ မစဉ်းစားစေချင်ပါဘူး။ ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ ကိုယ်ခံအား ကောင်းဖို့လိုနေချိန်မှာ အရက်ကြောင့် ရောဂါနောက်တမျိုး မတိုးပါစေနဲ့။

ဘယ်အချိန်မှာ အရေးကြီးပြီလဲ

တုပ်ကွေးဟာ အချိန်ကာလ သိပ်မကြာဘဲ ပြန်လည်ပျောက်ကင်း သွားတတ်ပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ အနေနဲ့ ဒါလေးတွေ ဖြစ်ပြီဆိုရင်တော့ သင့်ရဲ့ ဆရာဝန်နဲ့ ကုသမှု အသေအချာ ခံယူပါ။

• ကိုယ်အပူချိန်သည် 102 ဒီဂရီဖာရင်ဟိုက် ထက်များလာခြင်းနှင့် ၁၀ ရက်ထက် ပိုကြာပြီး အဖျား ရက်ရှည်လာခြင်း

• အသက်ရှုမ၀ခြင်း၊ အသက်ရှုကျပ်ခြင်း၊ ကလေး များတွင် အသက်ရှုမြန်လာခြင်း၊ အသက်ရှုရာတွင် တရွှီးရွှီးမြည်လာခြင်း၊

• ရင်ဘတ်အောင့်ခြင်း နှင့် အရမ်း အော့အန်ခြင်း

• ကလေး ငယ်များတွင် အစားလဲ မ၀င်တော့ဘဲ ကလေး သည် အရမ်းမှိန်းလာခြင်း

• သတိလစ်ပြီး တက် ချင်သလိုဖြစ်လာခြင်း ၊ စတာလေးတွေ ဖြစ်ပြီ ဆိုရင်တော့ ကုသမှု ခံယူဖို့ အရေးကြီးပါပြီ။

ကာကွယ်ဆေးလဲ ထိုးထားနိုင်တယ်

တုပ်ကွေးရောဂါကို တစ်နှစ်တစ်ကြိမ် ကာကွယ်ဆေးထိုးပြီးလဲ ကာကွယ်နိုင်ပါတယ်။ ပန်းနာရင်ကြပ် ရှိသူများ ၊ ဆီးချိုရောဂါ ရှိသူများ၊ အသည်းရောဂါရှိသူများ စသူတို့၊ နာတာရှည် ကျန်းမာရေး ပြသာနာ ရှိသူများနှင့် ကိုယ်ခံအားကျဆင်း နေသူများတို့မှာ တုပ်ကွေးဗိုင်းရပ်စ်ကို ကာကွယ်ရန် ကာကွယ်ဆေးကို မှန်မှန် ထိုးထားသင့်ပါတယ်။

အားလုံးဘဲ ကျန်းမာပျော်ရွှင်သော လူမှုဘ၀လေးကို ပိုင်ဆိုင်နိုင်ပြီး ဒီဇင်ဘာဆောင်းမှာ ကျန်းကျန်း မာမာနဲ့ ပျော်ရွှင်နိုင်ကျပါစေနော်။



Related Posts :



No comments: